လက်ဘက်ရည်ဆိုင်ထဲမှာ ဖြတ်သန်းစီးဆင်းသွားသော ရေအလျဉ်
(၁)
ကျွန်တော်သည် ၄၅ လမ်းထဲသို့ ချိုးဝင်လိုက်သည်။
ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းမကြီးများပေါ်တွင် မော်တော်ကားသံတွေ၊ ဟွန်းသံ တွေ ဆူညံနေသလောက် လမ်းထဲမှာ တိတ်ဆိတ်နေသည်။ အချို့နေရာများတွင် တိုက်သစ် အိမ်သစ်တွေကို မြင်ရသော်လည်း အချို့နေရာများတွင်မူ တိုက်ဟောင်း ကျန်နေသေးသည်။ တခအိမ်ဟောင်းတျွေို့အိမ်တွေမှာ စက္ကူပန်းရုံလေးတွေ၊ ဗာဒံပင်ဝိုင်းဝိုင်းကလေးတွေ စိမ်းစိုအေးမြနေသည်။
ကျယ်ဝန်း၍ လေကောင်းလေသန့်ရသည့် မဟေသီမဂ္ဂဇင်းတိုက် အပေါ်ထပ်သို့ ရောက်သွားသည့်အခါတွင် ရန်ကုန်မြို့ကြီးမှ အိမ်တအိမ်သို့ ရောက်သွားသည်နှင့်မတူ။ မြို့ပြသဲ ကန္တာရကြီးထဲက အိုအေစစ်ကလေးတခုကို ရောက်သွားသလို ခံစားလိုက်ရသည်။
မဟေသီအယ်ဒီတာချုပ်နှင့် အယ်ဒီတာအဖွဲ့ဝင်များက ကြုံလျှင် သူတို့မဂ္ဂဇင်းတိုက်ကို ဝင်ပါဟု မကြာခဏ ဖိတ်တတ်သည်။ သို့ရာတွင် မရောက်ဖြစ်ခဲ့ပါ။ တလောကမှ လမ်းကြုံ သဖြင့် မဟေသီမဂ္ဂဇင်းတိုက် ရှိရာကို ရောက်သွားခြင်းဖြစ်သည်။
မဟေသီမဂ္ဂဇင်းတိုက်ကိုသာမဟုတ်။ မဂ္ဂဇင်းတိုက်တည်ရာ ၄၅ လမ်းကို မရောက်ဖြစ် သည်မှာလည်း တော်တော်ကြာပါပြီ။
ဟိုတုန်းက ၄၅ လမ်းကို မကြာခဏ ရောက်ဖြစ်သည်။ မကြာခဏပင် မဟုတ်ပါ။ နေ့တိုင်းလောက်ပင် ရောက်ဖြစ်ပါသည်။
ဟိုတုန်းက ဆိုသည်မှာ စစ်ပြီးစ ၁၉၄၇-၄၈ ခုနှစ်တဝိုက်။ ကြာတော့ ကြာခဲ့ပြီကော။
(၂)
ထိုစဉ်က နေ့တိုင်းလိုလို ၄၅ လမ်းထဲသို့ ရောက်ရသည်မှာ အခြားကြောင့် မဟုတ်ချေ။ သွေးသောက်မဂ္ဂဇင်း တိုက်ရှိသောကြောင့် ဖြစ်သည်။
ကျွန်တော်တို့ တသိုက်က ၅၁ လမ်း ရန်ကျော်ဂျာနယ်တိုက်မှာ စတည်းချတတ်သည်။ ရန်ကျော်ဂျာနယ်တိုက်မှာ ကျော်လင်းစာပေ ‘ကိုအုန်းမြင့်’ နှင့် ကွယ်လွန်သူ စာရေးဆရာ ‘စောဦး’ တို့ တည်ထောင် တည်းဖြတ်သည့် အပတ်စဉ်ဂျာနယ် ဖြစ်သည်။ နောင် ကျွန်တော်တို့ တတွေ စာပေသစ်မဂ္ဂဇင်းကို ထုတ်ဝေကြသည့် အခါတွင်လည်း ထိုနေရာမှာပင် စတည်း ချကြသည်။
ထိုစဉ်က ရန်ကုန်အရှေ့ပိုင်းသည် စာရေးဆရာတွေ တော်တော်များများအား တွေ့နိုင်သော နေရာဖြစ်သည်။ မဂ္ဂဇင်းတိုက်များ၊ ပုံနှိပ်တိုက် များကလည်း အရှေ့ပိုင်းမှာပင် ရှိတတ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကျောင်းမှမြို့ထဲသို့လာလျှင် ရေကျော်ဘက်ကို တော့ ရောက်အောင် သွားတတ်သည်။
စစ်မဖြစ်မီက ကျွန်တော်တို့ ငယ်ငယ်က စာရေးဆရာကြီးများက အစ ကျွန်တော်တို့နှင့် ခေတ်ပြိုင် စာရေးဆရာငယ်အထိ လူစုံတက်စုံတွေ့ ရတတ်သည်။ ထို့ကြောင့် ရေကျော်သို့ရောက် နေကြခြင်းဖြစ်သည်။
မြန်မာဝတ္ထုခေတ်ဦးဟု ခေါ်နိုင်သော နှစ်ပဲတန်ဝတ္ထုခေတ်နှင့် လေးပဲတန်ဝတ္ထုခေတ် တုန်းက ဝတ္ထုတွေကို လှိုင်လှိုင်ရေးခဲ့ကြသော ‘သင်္ခါ’ သည် ရေကျော်ထဲမှာ နေသည်။ ပျော့ပျောင်းသည့် ဆံပင်ထူထူ, အသားဖြူဖြူ, နွဲ့နွဲ့နှောင်းနှောင်း, မျက်နှာထားက အစဉ်ချိုနေ တတ်သည်။ စကားပြောလျှင် တိုးတိုးပြောတတ်သည်။
ကျွန်တော်သည် ‘သင်္ခါ’ ကို မြင်ရသည့်အခါတွင် နှစ်ပဲတန်လား, လေးပဲတန်လားမသိ။ ဝတ္ထုခေတ်ဦးက ပေါ်ခဲ့သည့် ‘ရှက်လွန်းလို့’ ဝတ္ထုထဲက ဇာတ်လိုက်ကို ပြေး၍ သတိရနေသည်။
‘သင်္ခါ’ သည် စာရေးဆရာပြဇာတ်က,လျှင် ဘုရင်ခန်းက ပါတတ်သည်။ ညီလာခံတွင် သန်လျက်ကို ဝင့်၍ဝင့်၍ တိုင်းရေးပြည်ရာကို ဆွေးနွေးနေသော ‘သင်္ခါ’ ၏ အသံသည် ဇာတ်ရုံထဲတွင် ဟိန်းနေတတ်သည်။
တခါတွင် ‘သင်္ခါ’သည် ဘယ်သူ့ကို စိတ်ဆိုးနေသည်မသိ။ “ဟေ့… သင်္ခါတဲ့ကွ… ဘယ်သူ့ကိုမှ မကြောက်လို့ ပုလိပ်ကထွက်ပြီး စာရေးဆရာ လုပ်တာ…” ဟုကြိမ်းနေသည်။ သူ့လက်ထဲတွင် ဇာတ်စင်ပေါ်တွင် ကိုင်သည့် သန်လျက်သည် ပြောင်လက်နေသည်။
ဘုရင် အဝတ်အစားတွေဝတ်၍ မျက်နှာချေတွေ အဖွေးသားဖြင့် ကန့်လန့်ကာကြားတွင် သန်လျက်ကြိမ်းကြိမ်းနေသော ‘သင်္ခါ’ ကိုကြည့်၍ ဇာတ်စင်နောက်မှ လူများသည် ပြုံးနေ ကြသည်။
ရေကျော်တွင် ‘သင်္ခါ’ သာမဟုတ်။ ငယ်ငယ်က ဝတ္ထုတွေရေးခဲ့သည့် ‘မြို့မအုန်း’ လည်းရှိသည်။ ငယ်ငယ်တုန်းက ‘မြို့မအုန်း’ ၏ ‘အုံ့ပုန်းချစ်’ ကို ဖတ်ခဲ့ရဖူးသည်။ နှစ်ပဲတန်လား၊ လေးပဲတန်လား မမှတ်မိ။ သည်တုန်းက ကျွန်တော့်အသက် (၁ဝ) နှစ်လောက်သာ ရှိသေးသဖြင့် လူကြီးတွေမသိအောင် တိတ်တိတ်ပုန်း ဖတ်ခဲ့ရသည်။
ကျွန်တော်တို့ ခေတ်တုန်းက အပျိုပေါက်,လူပျိုပေါက်တွေမှ ဝတ္ထုဖတ်သင့်သည် ဟူသော အစွဲရှိသောကြောင့်ဖြစ်သည်။ ထို့မတိုင်ခင်တုန်းကမူ အပျိုပေါက်, လူပျိုပေါက် ပင်လျှင် ဝတ္ထုမဖတ်ရ။
မန္တလေး ‘မောင်ခင်မောင်’ ခါ် ‘လယ်တီပဏ္ဍိတဦးမောင်ကြီး’ ရေးသည့် ‘သန်းသန်း’ ဝတ္ထုတို့၊ ‘ခင်မြင့်ကြီး’ ဝတ္ထုတို့၊ ‘ပီမိုးနင်း’၏ ‘ပွဲစားကြီး ဂရာရွတ်ကို မြာချွတ်ခန်း’ ဝတ္ထုတို့ဆိုလျှင် အပျိုပေါက်, လူပျိုပေါက်တွေပင် ဖတ်ခွင့်မရ။ အလဇ္ဇီစာပေဟု သတ်မှတ်ကြသည်။
ကျွန်တော်သည်…
ကျွန်တော်တို့နှင့် လက်ဖက်ရည်ဆိုင်လာ၍ ထိုင်တတ်သော ‘မြို့မအုန်း’ ကို ငေးကြည့် နေမိသည်။ သူကတော့ ‘သင်္ခါ’ လို ဖြူဖြူသွယ်သွယ် မဟုတ်။ အသားမည်းမည်း, ခပ်ဝဝ, အရပ်ပျပ်ပျပ်, ကော်ကိုင်းတပ် မျက်မှန်ထူထူထဲမှ သူ့မျက်လုံးများသည် ရယ်နေတတ်သည်။
တခါတရံတွင် လူငယ်တွေကြားထဲလာ၍ လက်ဖက်ရည်ဆိုင်လာ၍ ထိုင်တတ်သောသူ များမှာ ဆရာကြီး ‘မွန်းဓာတု’ နှင့် ‘ရွှေစကြာ’ တို့ ဖြစ်သည်။
ဆရာကြီး ‘မွန်းဓာတု’ မှာ ဝတ္ထုရေးဆရာမဟုတ်ပါ။ တခါတရံတွင်သာ မြန်မာစာပေနှင့် ပတ်သက်သည့် ဆောင်းပါးများ၊ လောကဓာတ် ပညာ(သိပ္ပံပညာ)နှင့် ပတ်သက်သည့် ဆောင်းပါးများကို ရေးတတ်သူ ဖြစ်သည်။ အရပ်ပျပ်ပျပ် ကျွန်တော်တို့နှင့်စ, တွေ့စဉ်ကတည်း ကပင်လျှင် ‘မွန်းဓာတု’သည် အသက်တော်တော်ကြီးနေလေပြီ။
‘ရွှေစကြာ’ ကား အမြဲတမ်းလိုလို အပေါ်အင်္ကျီ, မောင့်ကျက်သရေ ခေါင်းပေါင်းနှင့် ဆက်စုံရှူးဖိနပ်ကို ဝတ်ဆင်ထားသည်။ သူသည် လက်ဖက်ရည်ဆိုင်သို့ လာသည့်အခါမှာပင် ခေါင်းပေါင်းနှင့် အပေါ်အင်္ကျီကို ဝတ်ဆင်ထားတတ်သည်။ ကျွန်တော်တို့ ငယ်ငယ်ကလေး ကတည်းက ရာဇဝင် အချစ်ဝတ္ထုများကို ရေးဖွဲ့ခဲ့သော ဆရာကြီးဖြစ်သည်။
လယ်တီပဏ္ဍိတဦးမောင်ကြီးနှင့် ရွှေစကြာသည် ရာဇဝင်အချစ်ဝတ္ထုများကို အများဆုံး ရေးခဲ့သူများဖြစ်သည်။ ကျွန်တော်ဖတ်ဖူးသော သူ့ရာဇဝင် အချစ်ဝတ္ထုများပင်လျှင် ဆယ်ဂဏန်း လောက် ရှိမည်ထင်သည်။ ‘နာခံတော်’၊ ‘အထောက်တော်’၊ ‘ကုန်းဘောင်ပြင်သစ်’၊ ‘စောဥမ္မာ’၊ ‘ဝန်ကြီးယောက်ဖ’ စသည်…။
‘ရွှေစကြာ’ သည် သူ့ရာဇဝင် အချစ်ဝတ္ထုများကို တောင်ငူခေတ်၊ ပင်းယခေတ် နှင့် ကုန်းဘောင်ခေတ်တို့ကို နောက်ခံထားရေးလေ့ရှိသည်။ အချစ်၊ နိုင်ငံရေး၊ လျှို့ဝှက်ကြံစည်မှု စသည်တို့ကို ယှက်လိမ်ရက်ဖောက်ထားသည့် ဇာတ်လမ်းဖြစ်သဖြင့် ဖတ်၍ကောင်းသည်။
ကျွန်တော်တို့ဝိုင်းသို့ လာတတ်သည့် နောက်စာရေးဆရာတယောက်မှာ ‘ရဲသမိန်’ ဖြစ်သည်။ စစ်မဖြစ်ခင်တုန်းက သူ့ဝတ္ထုလေးတပုဒ်ကို ကျွန်တော်ဖတ်ပြီး စွဲလမ်းခဲ့ဖူးသည်။ သူက စာများများမရေး။ စစ်မဖြစ်မီတွင် နာမည်ကြီးသည့် စာအုပ်တိုက်ကြီးတတိုက်ကို တည်ထောင်ခဲ့ပြီး အောင်မြင်သောဝတ္ထုများ၊ ကျမ်းစာအုပ်များကို ထုတ်ဝေခဲ့သည်။ သူ့စာအုပ် တိုက်အမည်မှာ ‘ဘီကေ’ စာအုပ်တိုက်ဖြစ်သည်။ သူ့အမည်အရင်းက ‘ဦးဘကြိုင်’ ဖြစ်၍ သူ့စာအုပ်တိုက်ကို ‘ဘီကေ’ စာအုပ်တိုက် ဟု အမည်ပေးခြင်းဖြစ်သည်။
ကျွန်တော် ငယ်ငယ်တုန်းက သူ့စာအုပ်တိုက်မှ ထုတ်ဝေသော စာအုပ်တအုပ်ကို စာတိုက်မှတဆင့် မှာ၍ဖတ်ဖူးခဲ့သည်။ စာအုပ်မှာ ‘မဟာဆွေ’ ၏ ‘အချစ်ပြဿနာ’ ဆိုသည့်စာအုပ်ဖြစ်သည်။
ထိုစာအုပ်မှာ နောင်တွင် ညစ်ညမ်းသည်ဟုဆိုကာ အစိုးရကတရားစွဲပြီး ရုံးတင် စစ်သည်။ စာရေးသူနှင့် ထုတ်ဝေသူကို တရားရုံးက ရုံးမင်းတထိုင် ထောင်ဒဏ်အပြစ်ပေး သည်ဟု ကျွန်တော် မှတ်မိနေသည်။ ရုံးမင်းတထိုင်ဆိုသည်မှာ တရားသူကြီး ဤအမှုစစ်ဆေး သည့် ရုံးတက်ချိန်တချိန်ကို ဆိုလိုခြင်းဖြစ်သည်။
စစ်ပြီးသည့်နောက်တွင် ‘ရဲသမိန်’ သည် စာသိပ်မရေးတော့။ ရေကျော်သမဝါယမတွင် မန်နေဂျာလုပ်နေသည်။ ကျွန်တော်တို့သည် လက်ဖက်ရည် သောက်ချင်လျှင် ‘ရဲသမိန်’ ဆီသွားပြီး လက်ဖက်ရည် အတိုက်ခိုင်းတတ်သည်။
ရေကျော်တွင် ကျွန်တော်တို့ အမြဲတမ်းလိုလို လက်ဖက်ရည် အတိုက်ခိုင်းသည့် စာရေးဆရာတယောက်မှာ ‘ဒေဝ’ (ခေါ်) ကိုစောခိုင် ဖြစ်သည်။ ‘ကိုစောခိုင်’ ကတော့ ဝတ္ထုခေတ်ဦးက ဝတ္ထုရေးဆရာမဟုတ်။ ကျွန်တော်တို့နှင့် ခေတ်ပြိုင် စာရေးဆရာဖြစ်သည်။ ‘မစိမ်းပင်’ ဆိုသည့် လုံးချင်းဝတ္ထုဖြင့် နာမည်ကြီးလာသူ ဖြစ်သည်။
သို့ရာတွင် သူသည် စာကို အပျော်တမ်းရေးခြင်းဖြစ်ပြီး သူ့အလုပ်မှာ ဆေးတိုက်ဖွင့်ထားသည်။ ကျွန်တော်တို့သည် နေထိုင်မကောင်းလျှင် သူ့ဆေးတိုက်ဝင်ပြီး ဆေးအလကားထိုးကြသည်။
‘ကိုဒေဝ’ သည် လာသမျှ စာရေးဆရာကို လက်ဖက်ရည်တိုက်ပြီး ဆေးအလကား ထိုးပေးတတ်သည်။ သူ၏ အမှန်ဆုံးဖောက်သည်မှာ ဗန်းမော်တင်အောင်ဖြစ်သည်။
‘မဟာဆွေ’ နှင့် ‘ဇဝန’ တို့မှာ ရှစ်ပဲတန်နှင့် ဆယ့်နှစ်ပဲတန်ဝတ္ထုခေတ်တွင် ထင်ရှားသော စာရေးဆရာကြီးများ ဖြစ်ကြသည်။ သူတို့နှစ် ဦးစလုံးမှာ ၅၁ လမ်းထဲတွင် နေသဖြင့် ကျွန်တော်တို့နှင့် နေ့တိုင်းလိုလို တွေ့တတ်သည်။
‘မဟာဆွေ’ မှာ ညနေ (၄)နာရီထိုးပြီးသည်နှင့် အောက်သို့ဆင်းလာကာ လမ်းထိပ်သို့ ထွက်သွားသည်ကို မြင်ရတတ်သည်။ ‘မဟာဆွေ’ သည် မနက်ပိုင်းတွင် ကျွန်တော်တို့နှင့်အတူ ကရိလမ်းနှင့် မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်လမ်း) ထောင့်ရှိ မက်သဒစ်ကဖီးတွင် လာထိုင်တတ် ပြီး နေ့လယ်ပိုင်းတွင် သိပ်မထွက်တော့ဘဲ အိမ်မှာတနေကုန် စာရေးသည်။
‘မဟာဆွေ’ သည် သူ့အချိန်နှင့်သူ စာရေးပြီး သူ့အချိန်နှင့်သူနားသည်။ ကိစ္စဝိစ္စ အရေးမကြီးလျှင် ‘မဟာဆွေ’ သည် သူ စာရေးနေချိန်တွင် ဘယ်ဧည့်သည်ကိုမျှ အတွေ့မခံ။ နေ့တိုင်း ညနေ (၄)နာရီထိုးသည်နှင့် ‘မဟာဆွေ’ သည် အလုပ်သိမ်းပြီး ကျွန်တော်တို့ စခန်းချသည့် ရန်ကျော်ဂျာနယ်တိုက်ကို ရှေ့ကဖြတ်ပြီး လမ်းထိပ်သို့ ထွက်သွားတတ်သည်။ အရပ်ထောင်ထောင်မောင်းမောင်း, ဝဝဖိုင့်ဖိုင့်, အသားကကြေးနီရောင်, ဆံပင်ကနောက်မြင့် ခပ်တိုတို၊ စွပ်ကျယ် လက်ပြတ်အင်္ကျီနှင့် နှစ်တရာချည် လုံချည် အကွက်တုံးကြီးကို ဝတ်ထား တတ်သည်။
ခဏနေလျှင် ‘မဟာဆွေ’ သည် လမ်းထဲသို့ပြန်ဝင်လာကာ ကျွန်တော်တို့စခန်းချရာ ရန်ကျော်ဂျာနယ်တိုက်သို့ လာရောက်ပြီး စကားပြောတတ်သည်။ သူ့မျက်နှာသည် ပို၍ ကြေးနီရောင်သန်းလာကာ သူ့အသံသည် ပို၍ကျယ်လာသည်။ စူးဝါးသည့် ချက်အရက်နံ့သည် မျက်နှာပေါ် မှ ဝေ့ဝိုက်ဖြတ်သန်း သွားတတ်သည်။
သူသည် စာရေးဆရာဘဝကို မကြာခဏ ဂုဏ်ယူ၍ ပြောလေ့ရှိသည်။ စာရေးဆရာ ဘဝတွင် တခါတရံ ချာပါတီကို စားခဲ့ရကြောင်း၊ သို့ရာတွင် သူကိုယ်တိုင် ရွေးချယ်ခဲ့သော အလုပ်ဖြစ်၍ စာရေးဆရာဘဝကို သူဂုဏ်ယူကြောင်း၊ စာရေးဆရာတယောက် အနေဖြင့် ဆင်းရဲမွဲတေရခြင်းသည် ဂုဏ်သိက္ခာရှိသော ဆင်းရဲမွဲတေခြင်းဖြစ်ကြောင်း၊ တချို့သော လူချမ်းသာတို့၏ သိက္ခာမဲ့သောဘဝမျိုးနှင့် မလဲနိုင်ကြောင်းဖြင့် မကြာခဏ ပြောတတ်သည်။
‘မဟာဆွေ’ သည် စကားတွေကို တသွင်သွင်ပြောပြီးနောက် ထပြန် သွားတတ်သည်။ ကျွန်တော်တို့က တားလျှင်
“ငါက အချိန်နဲ့ အလုပ်လုပ်တဲ့ကောင်ကွ၊ သောက်ပြီးရင် စောစောအိပ်ရမယ်။ (၇) နာရီဆိုရင် ငါအိပ်ရာထဲ ရောက်နေပြီ” ဟုပြောပြီး ပြန်သွားတတ်သည်။ လမ်းတွင် တွေ့သမျှလူကို အော်ဟစ်နှုတ်ဆက်သွားသံကို တလျှောက်လုံး ကြားနေရသည်။
‘ဇဝန’ မှာ ကျွန်တော်တို့ စတည်းချသည့် ရန်ကျော်ဂျာနယ် အပေါ် ထပ်တွင် နေသူဖြစ်၍ အမြဲလိုလို တွေ့နေရသည်။ သူသည် ပျင်းလျှင် အောက်ထပ်သို့လာပြီး ကျွန်တော်တို့နှင့် စကားပြောနေတတ်သည်။ တခါတလေ လက်ဖက်ရည်ဆိုင် လိုက်ထိုင်တတ်သည်။ သူကတော့ ‘မဟာဆွေ’ လိုမဟုတ် ဝိုင်းကောင်းလျှင် ကောင်းသလို အကြာကြီးနေသည်။
(သူဆုံးမည့်နှစ်က သူ့အိမ်တွင် မွေးနေ့ဖိတ်သဖြင့် ကျွန်တော်ရောက်သွားသည်။ ဝီစကီနှင့် ဧည့်ခံသည်။ နောက်တလ နှစ်လအကြာတွင် နောက်တခါ မွေးနေ့လုပ်ပြန်သည်။ ဝီစကီနှင့်ပင် ဧည့်ခံပြန်သည်။
ကျွန်တော်က “တလောကတွင် ဆရာမွေးနေ့လုပ်ပြီးပြီ၊ ခုတခါလည်း မွေးနေ့ပဲလား” ဟုမေးသည်။ သူက မျက်မှန်ထဲက ပြုံးရယ်ရင်း… “ဟဲ… ဟဲ… အရင်တခါတုန်းက အင်္ဂလိပ်ရက်နဲ့တွက်ပြီး လုပ်တဲ့မွေးနေ့ဗျ၊ ခုမွေးနေ့က မြန်မာရက်နဲ့တွက်ပြီး လုပ်တာ” ဟုပြောသည်။
နောင် နှစ်လလောက်အကြာတွင် သူဆုံးပြီဟု ကြားလိုက်ရသည့်အခါ၌ ကျွန်တော် သည် အံ့အားသင့်နေသည်။)
ထိုစဉ်က ‘ဇဝန’ မှာ ပိန်ပိန်ကလေး။ ဆံပင်ကလည်း ကျီးကန်းသိုက်လို ဆံပင်အရှည်။ နောက်တွင် လည်ဂုတ်အထိရောက်သည်။ ရှေ့မှာလည်း နဖူးပေါ်ဝဲကျနေသည်။ လမ်းထွက်လျှင် အပေါ်အင်္ကျီ၊ ဗန်ကောက်လုံချည် ပေတင့်ရှူးဖိနပ်တို့ဖြင့် ကျကျနန ဝတ်တတ်သည်။ ညနေမိုးချုပ်လျှင် ‘ဇဝန’ သည် လန်ချားပေါ်မှ ယိုင်တီးယိုင်တိုင်ဖြင့် ဆင်းလာပြီး ကျွန်တော် တို့နှင့် စကားတွေ ဖောင်လောက်အောင် ပြောနေသည်။
သူသည် ထိုစဉ်က ဇဝနဂျာနယ်။ နောက်တော့ ဇဝနသတင်းစာ။ နောက် အိုးဝေသတင်းစာသို့ ရောက်သွားသည်။ အိုးဝေသတင်းစာသို့ ရောက်သည့်အခါတွင် ကျွန်တော်တို့နှင့် သိပ်မတွေ့ဖြစ်တော့။ ‘ကောလိပ်ကျောင်းသား’၊ ‘ကောလိပ်ဂျင်’၊ ‘ကောလိပ်ကြမ်းပိုး’ တို့ကိုဖတ်ပြီး သူ့ကို ဟာသဝတ္ထုရေးဆရာ သက်သက်ဟု သဘောထားခဲ့ သည်။
သို့ရာတွင် စစ်မဖြစ်မီ သူရိယမဂ္ဂဇင်းထဲတွင်ပါသည့် သူ့အလွမ်း ဝတ္ထုလေးကို ဖတ်ခဲ့ရဖူးသည်။ အလွမ်းဝတ္ထုကျတော့လည်း အရေးကောင်းသည်ပင်။ ဝတ္ထုအမည်က ‘လွမ်းငွေ့ဝေဝေ’ လား၊ ဘာလားမသိ။
ကျွန်တော်တို့တတွေ စာရေးဆရာအသင်းမှာ အမှုဆောင်ဖြစ်ပြီး မြဝတီပြဇာတ်က, သည့်နှစ်က ‘သုခ’ နှင့် ‘ဇဝန’ တို့နှစ်ယောက် မပါ။ သူတို့နှစ်ယောက်မှာ စာရေးဆရာ ပြဇာတ်တွင် အခရာဖြစ်သည်။ ဇာတ်ခုံ၏သဘောကိုလည်း နားလည်ကြသည်။ ပရိသတ်အထာ ကိုလည်း သိကြသည်။ သူတို့နှစ်ယောက်မှာ အများအားဖြင့် ဇာတ်လိုက်၏ သူငယ်ချင်း များဖြစ်ကြသည်။
စာရေးဆရာပြဇာတ်များတွင် ဇာတ်လိုက်မှာ အမြဲတမ်းလိုလို ‘ရွှေညာမောင်’ဖြစ်သည်။ ‘နတ်သျှင်နောင်’ ပြဇာတ်ကလျှင် ‘ရွှေညာမောင်’ က ‘နတ်သျှင်နောင်’။ ‘မြဝတီ’ ပြဇာတ်ကလျှင် သူပင် ‘မြဝတီမင်းကြီး’။ ‘ဝန်းဇင်းမင်းရာဇာ’ ကဇာတ်ကလျှင် သူပင် ‘ဝန်ဇင်းမင်းရာဇာ’။ ‘လှိုင် ထိပ်ခေါင်တင်’ ပြဇာတ်ကလျှင် သူပင် ‘ကနောင်မင်းသား’။ ထိုအခါတွင် ‘သုခ’ နှင့် ‘ဇဝန’ တို့က ဇာတ်လိုက်၏ သူငယ်ချင်းတွေ။ သူတို့သုံးယောက်မှာ အပေးအယူညီသည်။ ‘ဇဝန’ နှင့် ‘သုခ’ ထွက်လာလျှင် ပရိသတ်များ ပါးစပ်စေ့၍ မနေရတော့ တဝါးဝါး ပွဲကျနေတော့သည်။
ထိုနှစ်ကမူ ‘ဇဝန’ နှင့် ‘သုခ’ တို့ ကျွန်တော်တို့လူငယ်ထဲက တယောက် နှစ်ယောက်ကို စိတ်ခုသွားကာ ပွဲလာမကကြ။ ပထမဆုံးရက် နေ့ပွဲနှင့်ညပွဲကို ကကြသည့်အခါတွင် သူတို့နှစ်ယောက်အစား တခြားလူကို လူစားထိုးရသည်။ သို့ရာတွင် သူတို့နှစ်ယောက်ကို မမီနိုင်။ သူတို့ နှစ်ယောက်မှာ အရှိန်အဝါကြီးသည့် စာရေးဆရာကြီးတွေလည်း ဖြစ်နေသည်။ ထို့ပြင် ဇာတ်သဘောကိုလည်း ကောင်းကောင်းနားလည် ကျွမ်းကျင်သူများဖြစ်သည်။ သူတို့ မပါသော ကျွန်တော်တို့ပြဇာတ်သည် ခြောက်ကပ်ကပ် ဖြစ်နေသည်။ ပရိသတ်မပြောနှင့် ကျွန်တော်တို့ကိုယ်တိုင်ပင် မကြိုက်ဘဲ ဖြစ်နေသည်။
ကျွန်တော်နှင့် ‘ဒေါ်မမလေး’ လိုက်သွားပြီး သူတို့နှစ်ယောက်ကို ဝင်ကပေးဖို့ တောင်းပန်ရသည်။ ‘ဇဝန’ အိမ်သို့ ရောက်သည့်အခါတွင် သူက “ကျွန်တော်ကလည်း ဖိုးက,ချင် ဖြစ်နေတာ အတော်ပဲ” ဟုရယ်မော ပြောပြီး ထ,လိုက်လာသည်။
၅၁ လမ်းထဲမှာပင် ‘မဟာဆွေ’ နှင့် မနီးမဝေးတွင် ‘မေမြို့မောင်’ ရှိသည်။ ‘မေမြို့မောင်’ မှာ အချစ်ဝတ္ထုတွေကို ရေးတတ်သည်။ သို့ရာတွင် ‘ရွှေအ’ ဆိုသည့် သူ့ဟာသ ကလောင်က ပို၍စူးရှသည်။ စစ်မဖြစ်မီတုန်း က ‘ရန်ကုန်ဆိုတာ’ ဆိုသည့် ဟာသဝတ္ထုတပုဒ်ရေးသည်။ ဂျပန်ခေတ်မှာ လားမသိ။ ‘ခေတ်သစ်ရန်ကုန်ဆိုတာ’ ဆိုသည့် စာအုပ်တအုပ် ထွက် သေးသည်။ ကွမ်းယာဆိုင်ရှေ့က ဆေးလိပ်မီးညှိရန်ထားသည့် ကြိုးစကို မီးလောင်နေသည် ဆိုပြီး မီးသွားညှိမ်းသည့် ရန်ကုန်ရောက်တောသား ခပ်အအဖြစ်ပုံများမှာ သူ့ကလောင်ဖျား မှထွက်လာသည့် ပျက်လုံးများ ဖြစ်သည်။
နောက်ပိုင်းတွင်လည်း သူသည် ‘ရွှေစာပြောင်’ ဆိုသည့် ဟာသ စာစောင်လေး တခုကို ထုတ်ဝေခဲ့သေးသည်။ သူသည် ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်းကို တခါတလေ လာတတ်သည်။
‘သာဓု’ မှာ ၄၈ လမ်းမှနေ၍ သစ္စာမဂ္ဂဇင်း ထုတ်နေသည်။ စပယ်ယာ တွေလွယ်သည့် လွယ်အိတ်သေးသေးလေးကိုလွယ်ပြီး ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်းသို့ ရောက်လာတတ် သည်။ သူလာလျှင် ကျွန်တော်တို့ကို လက်သီးနှင့် ထုတော့မလို ရွယ်ပြီးမှ ဆလံပေးတတ် သည်။
၅၁ လမ်းတွင်နေသော စာရေးဆရာတယောက် ကျန်သေးသည်။ ‘လင်းယုန်နီ’ ဖြစ်သည်။ ‘လင်းယုန်နီ’ သည် ကျွန်တော်တို့နှင့် ခေတ်ပြိုင် ဖြစ်ပြီး သူက နည်းနည်းစောသည်။ သူ၏ ‘ချစ်မမ’၊ ‘မမမြင့်’၊ ‘ချစ်သောမမ’၊ ‘ချစ်မမမြင့်’ စသည်တို့မှာ ထိုစဉ်က လူငယ်တွေ အသည်းစွဲခဲ့ကြ သည့် အချစ်ဝတ္ထုများဖြစ်သည်။
သူ့ဇာတ်လိုက် ‘မောင်စောလွင်’ က ခပ်ပေပေ ခပ်တေတေ ကောင်း လေး။ ‘မမမြင့်’ နှင့် ခွဲ၍ပြန်ခါနီးတိုင်း ဓာတ်တိုင်ကို ခဲဖြင့်ပေါက်၍ ထွက်သွားတတ်သည်။ ဖိလစ်မောရစ် စီးကရက်ကို သောက်သည်။ ‘မမမြင့်’ က သူ့ကိုစွန့်ခွါသွားသည့်အခါ၌-
“မမမြင့်ရယ်….မမမြင့်အတွက် မောင်စောလွင်တယောက် ငရဲကို သွားတယ်ဆိုရင် ဘယ်အထပ်ကို သွားမှာလဲဆိုတာကိုလောက်တော့ မေးလိုက်ဖို့ ကောင်းပါတယ်” ဆိုသည့် စကားများဖြင့် သူ့ဝတ္ထုကို အဆုံးသတ် ထားသည်။
‘လင်းယုန်နီ’ သည်လည်း မက်သဒစ်ကဖေးက ကျွန်တော်တို့ စားပွဲသို့ လာ၍ထိုင်လေ့ ရှိသည်။
(၃)
၄၅ လမ်းမှာ ထိုစဉ်က တိုက်တာတွေ သိပ်မရှိ။ တဲတွေ၊ တိုက်ဟောင်းတွေ၊ တိုက်ပြိုတိုက်ပျက်တွေသာရှိသည်။ သွေးသောက်မဂ္ဂဇင်းတိုက်မှာ ၄၅ လမ်းထိပ်က လမ်းကြားလေးထဲက တဲကလေးတလုံးတွင်ဖြစ်သည်။
‘ပြည့်စုံ’ (ကိုကျော်ရိုး) သည် တကယ့် ပိန်လှပ်လှပ်ကလေး။ သူ၏ ဖြူဖွေးသော အသားပေါ်တွင် ဖြူဖွေးသည့် စွပ်ကျယ်အင်္ကျီလေးကို ဝတ်ထားပြီး ပလေကပ်လုံချည်လေးကို ဝတ်ထားတတ်သည်။ ရွှေကိုင်းတပ်ထားသော မျက်မှန်ထဲမှာ အမြဲလိုလိုပြုံးနေတတ်သည်။ သူက ကောင်းကောင်းကျန်းမာသည်ရယ်လို့မရှိ။ တခါတခါတွင် ဖျားနေတတ်သည်။ တခါ တခါတွင် မူးခနဲမိုက်ခနဲဖြစ်သွား၍ မကြာခဏ ဆေးရုံတက်ရသည်။
ကျွန်တော်တို့က သူ့မဂ္ဂဇင်းတိုက်ကို ကော်ပီသွားပေးရင်း နောက်တော့ခင်သွားကြ သည်။ သူ့မဂ္ဂဇင်းတိုက်မှာ လူများလျှင် ထိုင်စရာမရှိတော့။ ဧည့်သည်များ၍ ထိုင်စရာမရှိလျှင် ကျွန်တော်တို့သည် ဗိုလ်ချုပ်လမ်းပေါ်ရှိ နှစ်ထပ်သစ်သားတန်းလျားကြီး အောက်ထပ်ရှိ ကာကာလက်ဖက်ရည်ဆိုင်တွင် သွားထိုင်တတ်သည်။
အပေါ်ထပ်အခန်းတခန်းတွင် ‘မင်းဆွေ’ နေသည်။ ‘မင်းဆွေ’ ကိုကား ကျွန်တော်ကောင်းကောင်း အသိအကျွမ်း မဖြစ်လိုက်ရပါ။ တခါနှစ်ခါလောက်သာ ခပ်လှမ်းလှမ်းက တွေ့လိုက်ရသည်။
ကျွန်တော်တို့ ငယ်ငယ်က သူ့ဝတ္ထုတွေကို သဘောကျခဲ့သည်။ ‘ဖြေလည်းမပြေ’၊ ‘မယ့်တကိုယ်’၊ ‘စနေမ’၊ ‘မ,နိုင်ငံ’၊ ‘လင်’၊ ‘သွေး’၊ ‘ဓား’၊ ‘စစ်ပြေးမ’၊ စသည်…..။
သွေးသောက်တိုက်သို့ လာလေ့ရှိသူတယောက်မှာ ‘ဗန်းမော်တင်အောင်’ ဖြစ်သည်။ သည်တုန်းက ‘ဗန်းမော်တင်အောင်’ သည် ရန်ကုန်သို့ မရောက်သေး။ ပြည်တွင် သစ်ကုန်သည် လုပ်နေသည်။ သူကတကယ့် ဇာတ်လိုက်။ အရပ်ထောင်ထောင်မောင်းမောင်း, ရုပ်ဖြောင့် ဖြောင့်, စပို့ ရှပ်လက်တို, နက်ပြာရောင်သက္ကလပ်ဘောင်းဘီတို, စတော့ကင်းခြေအိပ်ရှည်, ဖော့ဦးထုပ်, ရိုးအင်ကိုရှူးဖိနပ်တို့ကို ဝတ်ဆင်ထားကာ ဒန်ဟီးလ် ဆေးတံကိုခဲလျက်။
သူက ‘ဘုန်းမောင်တယောက်ထည်းရယ်’ နှင့် ‘လွမ်းရစ်တော့သက်လှယ်ရယ်’ တို့ကို ရေးပြီးပြီ။ သူရောက်လာလျှင် လမ်းထိပ်က ကာကာဆိုင်သို့ခေါ်သွားကာ ကျွန်တော်တို့ကို လက်ဖက်ရည်တိုက်တတ်သည်။ အင်္ဂလိပ် ဒဿနဆရာ စီအီးအမ်ဂျပ်နှင့် ဘးနတ်ရှောတို့၏ စာများအကြောင်းကို ပြောတတ်သည်။ သူသည် ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့ သူဖြစ်ပြီး အင်္ဂလိပ်စကားကို လှပသွက်လက်စွာ ပြောတတ်သူဖြစ်သည်။
အများအားဖြင့် ကျွန်တော်တို့ ထိုင်လေ့ရှိသည်မှာ ဗိုလ်ချုပ်လမ်းနှင့် ကရိလမ်းထောင့်ရှိ မက်သဒစ်ဘ၏ မက်သဒစ်ကဖီးဖြစ်သည်။ မက်သဒစ်ကဖီးက ‘အဘဦးခင်’မှာ ကျွန်တော်တို့ကို အလိုလိုက်သည်။ အကြွေးလည်းရသည်။ အလကားတိုက်သည့်အခါလည်း တိုက်သည်။ လက်ဖက်ရည်ဆိုင်ဘေးတွင် ထမင်းကြော်ဆိုင်ရှိသည်။ ငါးသေတ္တာကြော်နှင့် ပဲပြုတ် ထမင်းကြော်တပွဲမှ တမူးလား၊ သုံးပဲလားမသိ။ ငါးမူး (ပြားငါးဆယ်) လောက်ရှိလျှင် ထမင်း ကြော်၊ လက်ဖက်ရည်၊ စီးကရက် ဝမ်းဆက်အပြည့်ရသည်။
တခါတရံ နှင်းပန်းလမ်းတွင်နေသည့် ‘ဒဂုန်ဦးလှဘေ’ ရောက်လာတတ်သည်။ ဒဂုန်ဦးလှဘေမှာ ကျွန်တော်တို့ထက် အသက်အများကြီး ကြီးသည်။ သို့ရာတွင် သူလည်း သည်လက်ဖက်ရည်ဆိုင် မထိုင်ဘဲ မနေနိုင်ပါ။ မက်သဒစ်ကဖီးတွင် စာရေးဆရာတွေအပြင် ပန်းချီဆရာတွေလည်း လာကြသည်။ ဇီဇဝါလမ်းတွင်နေသည့် ‘ကိုစန်းလွင်’ မှာကျွန်တော်တို့ မရောက်မီကတည်းက မက်သဒစ်ကဖီးမှာ ထိုင်လေ့ရှိသည်။ သူရှိလျှင် ‘ဗဂျီအောင်စိုး’၊ ‘ပန်းချီလှစိုး’ တို့လည်း နေ့တိုင်းလိုလို ရောက်လာတတ်သည်။
ကရိလမ်းသည် နွေဆိုလျှင် တော်တော်လှသည်။ ပိတောက်ရွက်တွေ ကြွေပြီး ပိတောက်ပင်များတွင် ရွက်နုသစ်လေးတွေ ဝေလာစပြုပြီ။
ကျွန်တော်သည် ၄၅ လမ်းထဲက မဟေသီမဂ္ဂဇင်းတိုက်မှ ဆင်းလာရင်း လွန်ခဲ့သည့် ၄၅ နှစ်လောက်က ရှုခင်းကို မြင်ယောင်နေသည်။
နှစ်ပဲတန်၊ လေးပဲတန် ဝတ္ထုခေတ်ကို ရှေ့ဆောင်ခဲ့သူများ။ ရှစ်ပဲတန် ဆယ့်နှစ်ပဲတန် ဝတ္ထုခေတ်ကို ရှေ့ဆောင်ခဲ့သူများ။ နှစ်ကျပ်တန်မဂ္ဂဇင်း ခေတ်ကို ရှေ့ဆောင်ခဲ့သူများသည် သည်နေရာတဝိုက်မှာ လာ၍စုစည်း မိနေကြသည်။
ကျွန်တော်သည် ၄၅ လမ်းထိပ်မှထွက်ပြီး တခါက မင်းဆွေနေခဲ့သည့် နေရာကို ကြည့်သည်။ ထိုနှစ်ထပ်တန်းလျားကြီး မရှိတော့ပါ။ မြို့မအုန်းနေခဲ့သည့်နေရာကို ကြည့်သည်။ ဒေဝ ဆိုင်ဖွင့်ခဲ့သည့်နေရာကို ကြည့်သည်။ ကျွန်တော်တို့ ထိုင်ခဲ့သည့် မက်သဒစ်ကဖီး နေရာလေးကို ကြည့်သည်။
ဘာတခုကိုမျှ မတွေ့ရတော့။ ၄၅ နှစ်အတွင်းတွင် တံတားအောက်မှာ ရေတွေ ဘယ်လောက်များ စီးဆင်းသွားကြလေပြီ မသိ။
သို့ရာတွင်…
ရေအလျဉ်သည် အစဉ်မပြတ် စီးဆင်းနေမည်သာ။
မြသန်းတင့်
မဟေသီမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊၁၉၉၃