ဝတ္ထုတိုများစုစည်းမှု့

စာပေလေ့လာမှု

စာပေ လေ့လာခြင်းသည် စိတ်နှလုံးကို ကြည်နူးစေ၏။ အဆင်အယင်ကို ဖြစ်စေ၏။ အရည်အချင်းကို တိုးစေ၏။ စာပေကို လေ့လာ ဖတ်ရှုခြင်းဖြင့် အထီးတည်း နေထိုင်စဉ်နှင့် အနား ယူစဉ်တွင် စိတ်နှလုံးကို ကြည်နူး စေနိုင်ပါသည်။ စာပေကို ဖတ်ရှုခြင်းဖြင့် စကား ပြောရာတွင် အဆင်အယင် ဖြစ်စေပါသည်။ စာပေကို ဖတ်ရှုခြင်းဖြင့် ဆုံးဖြတ် ချင့်ချိန်ခြင်းနှင့် အလုပ်တို့ကို စီမံ ခန့်ခွဲခြင်း ပြုရာတွင် အရည်အချင်းတို့ကို တိုးတက် စေနိုင်ပါသည်။ တတ်ပွန် ကြေညက်သည့် ပုဂ္ဂိုလ်များမှာမူ စီမံ ခန့်ခွဲ နိုင်ကြပါသည်။ အသေးစိတ် အချက်အလက်တို့ ကိုလည်း တစ်ခုချင်း နှိုင်းချိန် စဉ်းစား တတ်ကြပါသည်။

သို့ရာတွင် သာမန် လူများမှာမူကား တိုင်ပင် နှီးနှောရပါသည်။ အကြံအစည်များ၊ အရာကိစ္စတို့ကို စီမံပုံများသည် ပညာရှိတို့ထံမှသာ အကောင်းဆုံး ရရှိတတ်ပါသည်။ စာပေ လေ့လာမှုတွင် အချိန်ကို များစွာ အသုံးချခြင်းသည် လေးလံ ထိုင်းမှိုင်းစေပါသည်။ ထိုအဆင် အယင်အတွက် စာပေ လေ့လာမှုကို အလွန်အမင်း ပြုလုပ်ခြင်းသည် ပလွှား ဟန်ဆောင်ခြင်း ဖြစ်ပါသည်။ စာပေ လေ့လာမှုတို့ကို ချည်းအားကိုး၍ ဆုံးဖြတ်နှိုင်းချိန် စဉ်းစားခြင်းသည် ပညာရှိတို့ကို ရယ်ဖွယ် ဖြစ်တတ်ပါသည်။ စာပေ လေ့လာမှုသည် သဘာဝကို ပြည့်စုံအောင် လုပ်ပေးပြီး အတွေ့အကြုံက တစ်ဖန်ပြန်၍ စာပေ လေ့လာမှုကို ပြည့်စုံအောင် လုပ်ပေးပါသည်။ သဘာ၀ အရည်အချင်းတို့သည် သဘာ၀ ပေါက်သော သစ်ပင်များနှင့် တူပါသည်။

အပင်တို့မှ အကိုင်းအခက်တို့ကို ခုတ်ထွင် ရှင်းလင်းရန် လိုသကဲ့သို့ သဘာ၀ အရည်အချင်းတို့ ကိုလည်း လေ့လာမှုဖြင့် ခုတ်ထွင် ရှင်းလင်းပစ်ရန် လိုပါသည်။ လေ့လာမှုသည် သူ့ပင်ကိုယ် သက်သက်အတိုင်း ဆိုလျှင် ထွေပြားလှသည့် အတွက် ထို လေ့လာမှုကို အတွေ့အကြုံဖြင့် ထိန်းကွပ် ပေးရန် လိုပါသည်။ ကောက်ကျစ်စဉ်းလဲ သူတို့သည် လေ့လာမှုကို ရှုတ်ချ ပြစ်တင် ကြပါသည်။ ရိုးသားသူတို့ကား လေ့လာမှုကို နှစ်သက် သဘောကျကြပါသည်။ ပညာ ရှိသူတို့ကား လေ့လာမှုကို အသုံး ချကြပါသည်။ လေ့လာမှုများသည် သူတို့ကို အသုံးပြုရန် သင်ကြားခြင်း မပြုပါ။

သို့ရာတွင် လေ့လာမှု မရှိဘဲ စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်ပြီဆိုလျှင်ကား ထိုအရာသည် ဉာဏ်ပညာ မည်ပါသည်။ ငြင်းခုံရန်နှင့် ငြင်းပယ်ရန် စာဖတ်ခြင်း မပြုပါလေနှင့်။ ယုံကြည်ရန်နှင့် သူများ ပြောသမျှကို လက်ခံရန်လည်း စာဖတ်ခြင်း မပြုပါ လေနှင့်။ စကားကြီး စကားကျယ် ပြောရန်နှင့် ဆွေးနွေးရန်လည်း စာဖတ်ခြင်း မပြုပါလေနှင့်။ နှိုင်းချိန်ရန်နှင့် တွေးတောရန် အတွက်သာ စာဖတ်ခြင်း ပြုပါလေ။

အချို့စာအုပ်တို့သည် မြည်းစမ်းကြည့်ရန် ဖြစ်၏။ အချို့ကား မျိုချရန် ဖြစ်၏။ အနည်းငယ်သော စာအုပ်တို့မှာ သာလျှင် ကြေညက်အောင် ဝါး၍ အစာချေရန် ဖြစ်၏။ တစ်နည်း ပြောရလျှင် အချို့သော စာအုပ်တို့သည် တစ်စိတ် တစ်ပိုင်းမျှသာ ဖတ်ရန် ဖြစ်၏။ အချို့စာအုပ်များကား သာမန် ဖတ်ရုံသာ ဖြစ်၏။ အနည်းငယ်သော စာအုပ်တို့ သာလျှင် လုံ့လ၊ ဝီရိယ၊ သတိ အာရုံစိုက်မှု တို့ဖြင့် အပြည့်အစုံ ဖတ်ရန် ဖြစ်ပေ၏။ အချို့စာအုပ်များကား ကိုယ်စားဖြင့်သာ ဖတ်အပ်သော စာအုပ်များ ဖြစ်၏။ အခြား သူများ ထုတ်နုတ်ပေးသော အချက်များကိုသာ ဖတ်အပ်၏။ သို့ရာတွင် ထိုစာမျိုးမှာ အရေးမကြီးသော အကြောင်းများနှင့် ညံ့ဖျင်းသော စာအုပ်များသာ ဖြစ်သင့်၏။ ပေါင်းခံ စာအုပ်များသည် ပေါင်းခံရေ ကဲ့သို့ပင် ဟိတ်ဟန်များသော အရာ ဖြစ်သော ကြောင့် ဖြစ်၏။

စာဖတ်ခြင်းသည် ပြည့်ဝသော လူတစ်ယောက် ဖြစ်စေ၏။ တိုင်ပင်နှီးနှော ခြင်းသည် ကျယ်ပြန့်သော လူတစ်ယောက် ဖြစ်စေ၏။ စာရေးခြင်းသည် တိကျသော လူတစ်ယောက် ဖြစ်စေ၏။ ထို့ကြောင့် စာရေးနည်းသူ တစ်ယောက်ဖြစ်လျှင် ကြီးသော မှတ်ဉာဏ်ရှိဖို့ လိုပါသည်။ ဆွေးနွေး တိုင်ပင်မှု နည်းလျှင် ဇဝနဉာဏ်ရှိ ဖို့ လိုပါသည်။ စာဖတ်ခြင်း နည်းလျှင် ပါးနပ်မှု ရှိဖို့ လိုပါသည်။ ရာဇဝင်များသည် လူများကို ပညာ ရှိစေပါသည်။ ကဗျာဆရာ များကား လူများကို ဇဝနဉာဏ် ထက်သန် စေပါသည်။ သင်္ချာ ဆရာများသည် လူများကို နူးညံ့ သိမ်မွေ့စေပါသည်။ ဒဿန ပညာသည် လူကို လေးနက်စေပါသည်။ နီတိ ပညာသည် လူကို တည်ကြည်စေ ပါသည်။ ယုတ္တိဗေဒနှင့် နှုတ်မှု ပညာသည် လူကို ယှဉ်ပြိုင် နိုင်စေပါသည်။

ဇဝနဉာဏ်တွင် အတားအဆီး အရပ်အတန့် ဟူ၍ မရှိပါ။ လေ့လာမှုကြောင့်သာ ပျက်စီး သွားနိုင်ပါသည်။ ကိုယ်ခန္ဓာတွင် ဖြစ်သော ရောဂါတို့ အတွက် သင့်လျော်သော လေ့ကျင့်ခန်းများ ရှိသည့် နည်းတူ ဖြစ်ပါသည်။ ဘောလုံး လှိမ့်ကစား ခြင်းသည် ကျောက်တည်ခြင်းနှင့် အကြောများ အတွက် ကောင်းပါသည်။ သေနတ် ပစ်ခြင်းသည် အဆုတ်နှင့် ရင်ဘတ်အတွက် ကောင်းပါသည်။ ဖြည်းညင်းစွာ လမ်းလျှောက်ခြင်းသည် ဝမ်းဗိုက်အတွက် ကောင်းပါသည်။

မြင်းစီးခြင်းသည် ခေါင်းစသည်တို့ အတွက် ကောင်းပါသည်။ ထို့ကြောင့် လူတစ်ယောက်၏ စိတ်သည် အတည်မနေ ထွေပြားလျက် ရှိပါက သင်္ချာကို လေ့လာ သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် သင်္ချာကို တွက်ရာတွင် စိတ်အာရုံကို စုစည်းခြင်း မပြုနိုင်ပါက အစမှ ပြန်တွက်ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ သူ့စိတ်သည် ခြားနားချက်ကို မခွဲခြား နိုင်ပါက သို့မဟုတ် မတွေ့ပါက ကျောင်းဆရာကို အတုယူ သင့်ပါသည်။

ပြဿနာများကို မဖြေရှင်းနိုင်လျှင် အရာဝတ္ထု တစ်ခုကို သက်သေ မထုတ်နိုင်လျှင် ရှေ့နေ၏ အမှုတွဲများကို လေ့လာသင့်ပါသည်။ ထို့ကြောင့် စိတ်၏ချွတ်ယွင်း ချက်အတိုင်း အတွက် အထူးဖြေဆေး တစ်ခုစီ ရှိတတ်ကြသည်သာ ဖြစ်ပါသည်။

မြသန်းတင့်