ဝတ္ထုတိုများစုစည်းမှု့

မြေပဲ

ကျွန်တော်တို့ အိမ်နောက်ဖေးတွင် မြေကွက်လပ်တစ်ခု ရှိပါသည်။ ‘ဒီမြေကွက်လပ်လေးကို အလကားပစ်ထားရတာ နှမြောပါတယ် ကွယ်။ ငါ့သားတွေကမြေပဲကြိုက်ကြတယ် မဟုတ်လား။ ဒီတော့ ဒီမြေကွက်လပ်လေးပေါ်မှာနည်းနည်းစိုက်ရရင်မကောင်းဘူးလား’ ဟု အမေက ပြောပါသည်။

ကျွန်တော်တို့ကလေးတစ်သိုက်နှင့် အိမ်ဖော်မကလေးများမှာ ဝမ်းသာနေကြပါသည်။

အချို့က မျိုးစေ့များကို ယူလာခဲ့ကြပါသည်။ အချို့က မြေကို တူးဆွ၍ရေလောင်းကြပါသည်။ လအနည်းငယ်အတွင်းတွင် ကျွန်တော်တို့ အသီးအပွင့်ရခဲ့ပါသည်။

‘တို့များ ဒီညနေ ကောက်သိမ်းပွဲအထိမ်းအမှတ် လုပ်ကြရအောင်၊ တို့စိုက်ထားတဲ့ မြေပဲလတ်လတ် ဆတ်ဆတ် ကလေးတွေ မြည်းကြည့်ရအောင်၊ မင်းတို့ အဖေကိုလည်း ဖိတ်ရမယ်’

ကျွန်တော်တို့အားလုံး သဘောတူကြပါသည်။ အမေက မြေပဲပါသည့်စားသောက်ဖွယ်မျိုးစုံကို လုပ်ပါသည်။ အထိမ်းအမှတ်ပွဲကို ခြံထဲကသက်ငယ်တဲကလေးထဲတွင် လုပ်ဖို့လည်း ပြောပါသည်။

ထိုနေ့ညပိုင်းက ရာသီဥတုမှာ များစွာမကောင်းလှပါ။ သို့ရာတွင်

အဖေကိုယ်တိုင်ပင် ရောက်လာပါသည်။ အဖေသည် လာခဲလှပါသည်။

‘မြေပဲကို ကြိုက်ကြသလား’ ဟု အဖေက မေးပါသည်။

‘ကြိုက်ပါတယ်အဖေ’ ဟု ကျွန်တော်တို့ အားလုံးက ဖြေကြပါသည်။

‘ဒါဖြင့် မြေပဲက ဘာကောင်းသလဲကွာ’

‘စားလို့ကောင်းပါတယ်အဖေ’ ဟု အစ်မကြီးက ပြောပါသည်။

‘ဆီကြိတ်လို့လည်း ရတယ်အဖေ’ ဟု အစ်ကိုကြီးက ပြောပါသည်။

‘ဘယ်သူဖြစ်ဖြစ် လူတိုင်းဝယ်နိုင်တယ်၊ လူတိုင်းလည်း ကြိုက်တယ်၊ ဒါကြောင့်မြေပဲက ကောင်းတယ်’ ဟု ကျွန်တော်က ပြောပါသည်။

အဖေက ပြောပါသည်။

‘အမှန်ကတော့ မြေပဲကို အမျိုးမျိုးအသုံးချလို့ရတယ်။ ဒါပေမယ့် မြေပဲမှာအဖိုးတန်ဆုံးကတော့ ဒီလိုကွ။ မြေပဲဟာ ပန်းသီးနဲ့လည်း မတူဘူး။ မက်မုံသီးနဲ့လည်း မတူဘူး။ သလဲသီးနဲ့လည်း မတူဘူး။ အဲဒီသစ်သီးတွေက

သစ်ကိုင်းတွေပေါ်မှာ ကြွားကြွားဝင့်ဝင့် လှလှပပသစ်သီးတွေ၊ မြင်ရသူအဖို့ကြည့်လို့လှတယ်၊ နှစ်သက်စရာ ကောင်းတယ်။ မြေပဲကတော့မြေကြီးထဲမှာမြှပ်နေပြီး အောင်လို့ လူတွေက ဖော်ကြည့်တော့မှ မြင်ရတာ။မြေပဲပင် လှီလှီကလေးတစ်ပင် မြင်လိုက်ရင် မြေပဲဥတယ် မဥဘူး ဆိုတာကိုသေသေချာချာ ပြောလို့ မရဘူး။ ဖော်ကြည့်လိုက်တော့မှ ဥတွေကို တွေ့ရတာ’

ကျွန်တော်တို့အားလုံး ထိုအချက်ကို သဘောတူကြပါသည်။ အမေကလည်းခေါင်းညိမ့်ပါသည်။ အဖေက ဆက်၍ပြောပါသည်။

‘ဒီတော့ မင်းတို့အားလုံးလည်း မြေပဲနဲ့တူအောင် ကြိုးစားကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေပဲဟာ ကြွားကြွားရားရား၊ လှလှပပ မရှိပေမယ့်အသုံးကျလို့ပဲ’

‘ဒါဖြင့် လူတွေဟာ နာမည်ကြီးဖို့၊ ကြီးကျယ်ဖို့ မကြိုးစားဘဲ အသုံးကျဖို့ကြိုးစားသင့်တယ်လို့ အဖေ ပြောချင်တာလား’ ဟု ကျွန်တော်က မေးပါသည်။

‘ဟုတ်တယ်၊ ငါ့သားသမီးတွေကို အဲဒီလို ဖြစ်စေချင်တယ်’ ဟု အဖေက ပြောပါသည်။

ကျွန်တော်တို့သည် ညဉ့်နက်သည့်တိုင်အောင် စကားပြောနေကြပြီးမှလူစုခွဲလိုက်ကြပါသည်။ ကျွန်တော်တို့သည် ထိုနေ့ညနေက မြေပဲများ အားလုံးကို

ကုန်အောင် စားပစ်ခဲ့ကြသော်လည်း အဖေ၏ စကားများသည်

ကျွန်တော့်နှလုံးသားထဲတွင် စွဲနေပါသည်။

မြသန်းတင့်