ဝတ္ထုတိုများစုစည်းမှု့

မငိုပါရစေနဲ့

(၁)

နက်ခင်းမှာ နှင်းငွေ့တို့သည် ရစ်သန်းနေကြလေ၏။ သစ်ပင်တို့မှာ စိမ်းမြနေကာ နှင်းရည်မိုးကို ချိုးထားကြ၏။ မြေဝါကျင့်တို့သည် နှင်းရည်ကြောင့် နူး၍ပွနေကာ စိုစွတ်စွတ် ဖြစ်နေလေ၏။

ပြည်လမ်းမပေါ်မှ ကားသံများသည် ဦးဝိစာရ ကွက်သစ်ဆီသို့ လွင့်၍ လာကြ၏။ တစ်ခါတစ်ခါ စပယ်ယာတို့၏ အော်သံကိုလည်း ကြားရ၏။ တစ်ခါတစ်ခါ ကားဟွန်းသံများကိုလည်း ကြားရလေသည်။ ဦးဝိစာရကွက်သစ်ကား မနက်ခင်းဝယ် အိပ်ရာမှလူးလွန့်လာပေပြီ။ ပဲပြုတ်သည်၊ ဆိုက္ကားသမားတို့ နေသည့်အပိုင်းမှာကား မနက်စောစော ကတည်းကပင် လှုပ်လှုပ်ရှားရှား ဖြစ်နေကြ၏။

‘ညီပုရေ ဟဲ့ ညီပု ထတော့ဟယ်၊ နေမြင့်လှပြီ’ ဟု မီးဖိုထဲတွင် ထမင်းချက်နေသည့် အမေက လှမ်း၍နှိုးသည်။ အမေမှာ မနက်စောစောတည်းက ထပြီး ရေနွေးတစ်အိုးတည်၍ပင် သောက်ပြီးပေပြီ။ အမေမှာ မုဆိုးမဖြစ်သည်။ တောမှ သူပုန်အထတွင် ရောက်လာကာ ဦးဝိစာရကွက်သစ်ထဲတွင် တဲလေးတစ်လုံးထိုး၍နေသည်။ အဖေမှာ ဂျပန်ခေတ်တုန်းက လှေလိုက်ရာတွင် စက်သေနတ်မိ၍ ဆုံးခဲ့ပြီဖြစ်၏။ အမေသည် သမီးတစ်ယောက် သားတစ်ယောက်နှင့် လောကအလယ်မှာ ယောင်ချာချာဖြစ်ကာ ကျန်ရစ်ခဲ့လေသည်။ သို့သော်သည်တုန်းက အမေ့သမီး အေးရှင်မှာ အိမ်ထောင်ရက်သား ကျနေပြီဖြစ်၍ သမီးအတွက် ဘာမှမပူရ၊ သမီးမှာ သူ့အိုးသူ့အိမ်နှင့် စားနိုင်သောက်နိုင်ရုံတော့ ရှိသည်။ အမေ့မှာ သားလေး ညီပုအတွက်သာ ပူစရာရှိသည်။ သားလေးညီပုမှာ အသက် ၁၃ နှစ်လောက် ရှိပြီဖြစ်၏ ။ သားလေးညီပုကို ဂျပန်ခေတ်က ဘုန်းကြီးကျောင်းမှာ ထားခဲ့သည်။ ဂျပန်ခေတ်တုန်းက သားလေးညီပုမှာ ကကြီးရေကပြီး၊ သင်ပုန်းကြီးနှင့် မင်္ဂလသုတ်အကုန်မှာ အင်္ဂလိပ်တွေ ပြန်တက်၍ ဘုန်းကြီးကျောင်းမှာ ဆက်မသင်နိုင်တော့ပေ။

အင်္ဂလိပ်တွေ သူတို့ရွာကို ရောက်လာတော့ ညီပုက ကြက်ဥတို့ ကြက်တို့ရှာကာ စစ်သားတွေဆီက ငါးသေတ္တာတို့၊ စီးကရက်ဘူးတို့ ချိ(စ်)ဘူးတို့နှင့် လဲတတ်သည်။ အမေကမူ သားလေး ညီပု စစ်တပ်တွေထဲ သွားတာကို မကြိုက်။ မတော်တဆ သူတို့က သေနတ်နဲ့များ ရမ်းပစ်လိုက်မှဖြင့် ရင်ကျိုးလှချည့်၊ စစ်သားတွေမှာ လက်နက်ကို ပစ်စလက်ခတ်ထားတတ်သည်ဟု ကြားဖူးသည်။ စစ်သားတွေဆီက ရိက္ခာကိုလည်း မလိုချင်လှ။ စီးကရက်ဆိုတာ သူတို့သောက်ရသည့် ဆေးလိပ်မဟုတ်၊ သူတို့မှာ ပြောင်းဖူးဖက်ဆေးလိပ်နှင့်သာ သောက်လို့ အရသာ တွေ့သည်။ ချိ(စ်)ဆိုတာကလည်း မောမောပန်းပန်းနေတုန်း မျက်နှာက ချွေးများ ပါးစပ်ထဲ စီးကျလာသလို၊ အရသာက ငန်ငြိငြိနဲ့ သည်ပစ္စည်းတွေကို ရောင်းရအောင်ကလည်း ဘယ်လိုမှ ရောင်း၍မရ။ စစ်တပ်ထဲသွာလဲလျှင် သူလိုကိုယ်လို ရသင့်သလောက်တော့ ရကြသည်ချည်း ဖြစ်လေသည်။

သားကလေးညီပုမှာ သည်ကတည်းက ကျောင်းမှ နှုတ်ပြီး စာနှင့် ဝေးလိုက်သည်မှာ ခုထိတိုင်ပါရော။ ပထမတော့ သူတို့ရွာကို သူပုန်တွေက မီးရှို့၍ ရန်ကုန်ကို ပြေးကြရသည်။ သည်တုန်းက အမေရယ် သားလေးညီပုရယ်၊ သမီးသမက်နဲ့ သူတို့နို့ညှာ ကလေးတစ်ယောက်ရယ် ပြေးလာကြသည်။ လက်ထဲမှာ ငွေစဆိုလို့ တစ်ပြားမှမရှိ၊ မြေးလေးလည်ပင်းမှာ ခမည်းပေး၍ဝတ်ထားသည့် မိုးကြိုးနှင့် ရွှေစပ်ထားသည့် ဘယက်တစ်ပြား၊ သမီးနားက မိုးကြိုးဥဿဖရား နားကပ်တစ်ရန်၊ အမေတို့ မင်္ဂလာဆောင်တုန်းက သူကြီးက လက်ဖွဲ့သည့် အချိန် တစ်ဆယ်သားလောက်ရှိမည့် ငွေထုံးဘူးတို့သာ ရှိသည်။ ရှိသမျှကို ပေါင်နှံပြီး ရန်ကုန်ကို ပြေးလာကြလေသည်။ သမက်က တော်ပေလို့ ရန်ကုန်ကို အမေတို့ သားအမိနှစ်ယောက် ပါလာကြသည်။ သမီးကမူ “အမေတို့ သားအမိ ဘာမှမပူပါနဲ့ အမေရယ်၊ အမေတို့ ကြပ်တည်းတာလည်း ကျုပ်တို့သိပါတယ်။ ကိုဘလွန်းဆိုတာကလည်း ကျုပ်တစ်ခုပါ၊ ကျုပ်တို့ စားရသလောက်တော့ အမေတို့လည်း စားရမှာပါပဲ”ဟု အမေကို ချော့ကာ ပြောရှာသည်။

ရန်ကုန်ရောက်တော့ ကိုဘလွန်းက သူနှင့် တစ်ခါက အလုပ်လုပ်ခဲ့ဖူးသည့် လက်သမားတစ်ယောက်နှင့် တွေ့၍ သူတို့ အိမ်နားမှာပဲ တဲထိုးကာ နေကြသည်။ ရောက်ခါစ ကိုဘလွန်းက လက်သမား အငှါးလိုက်သည်။ လက်သမား အငှါးလိုက်သည်ဆိုပေမယ့် တိုက်ကြီးတာကြီးတွေ ဆောက်သည့် လက်သမားမဟုတ်၊ သူလိုကိုယ်လို ဦးဝိစာရ ကွက်သစ်ထဲမှာ ပြေးလာကြသည့် တောကလူများ၏ အိမ်ကိုသာဆောက် ပေးရုံ ဖြစ်သည်။ တစ်ခါတလေ အိမ်ဆောက်ခ ပိုက်ဆံရ၏။ တစ်ခါတလေ သက်ကယ်လေးငါးပျစ်လောက် ကျူထရံ နှစ်ချပ်လောက်ကို အိမ်ဆောက်ခ အဖြစ်ရသည်။

ကိုဘလွန်းမိန်းမက ကွမ်းယာဆိုင်လေး ချောက်ချီးချောက်ချက် ဖွင့်ကာ ဦးဝိစာရနှင့် ဗားကရာလမ်းထိပ်မှာ ဖွင့်ထားသည်။ သို့ပေသည့် ရန်ကုန်မှာ အခြေမပျက်အောင် အလုပ်ကလေး အကိုင်ကလေး ရှိအောင်လို့သာ ဖွင့်ထားရသည်။ အမြတ်မပေါ်။ တစ်ခါတလေ စီးကရက်ဘူး ဝယ်သလိုလိုနှင့် လူသုံးလေးယောက်လာကြကာ စီးကရက်ဘူးကို ဈေးမေးပြီး မဝယ်ဘဲ ပြန်ချကာ သွားကြသည်။ ပြီးမှ ဝယ်သူလာ၍ ရောင်းမည်အလုပ်မှာ၊ အထဲမှာ အဝတ်စုတ်တွေ ထည့်ထားသည့် စီးကရက်ဘူးနှင့် လဲပစ်ခဲ့၍ ဟစ်လို့သာ ငိုလိုက်ချင် ဆိုသည့် အဖြစ်မျိုးနှင့် ကြုံရသေးသည်။

(၂)

”ဟဲ့ ညီပု ထဆို၊ သေနာကောင်လေး စားဖို့၊အိပ်ဖို့လောက်သိတာပဲ” ဟုအမေကမာန်မဲသည်။ အင်း.. အဲ ဟု ညည်းကာ ဟိုလှိမ့် ဒီလှိမ့်လိုက်ရင်း ညီပုက အိပ်မြဲ အိပ်ပြန်သည်။

”ဟဲ့ကောင်လေးထတော့ ၈ နာရီတောင်ထိုးပြီ” ဟု နောက်တစ်ခါနှိုးမှ ညီပုက အိပ်မှုန်စုံမွှားနှင့် ထာလာ လေသည်။ နောက်မျက်လုံးတွေကို လက်ဖြင့်ပွတ်ရင်း အမေကလည်းဗျာ အစောကြီးရှိသေးတယ်ဟု ပြောနေ၏။

”မစောဘူးဟဲ့၊ ဘလွန်းတောင် အလုပ်သွားပြီ။ နင်သာ အလုပ်မရှိ ဒါလောက်ကလေးလုပ်ရတာများ ပျင်းနေသေးတယ်။ လူများလိုများ နေကုန်နေခန်းလုပ်ရရင် ဘယ်လိုနေမယ်မသိဘူး”

အမေက ဆေးပေါ့လိပ်ကို ဖွာရင်းလှမ်းပြောနေ၏ အိပ်ရာပေါ်မှာထိုင်နေရင်း ညီပုက တစ်ခါပြန်လှဲချလိုက် ပြန်သည်။

”အိပ်ချင်တယ် အမေရ”

”ညီပုနော် ထဆိုထ၊ မထသေးဘူးလား၊ ငါပြောမရရင် ရိုက်မိလိမ့်မယ်”

ညီပုအိပ်နေသည့် အိပ်ရာမှာ အောက်ကသင်ဖျာညစ်စုတ်စုတ်တဖွယ်ကို ခင်းထားသည့်ခေါင်းအုံးမှာ အဖုံးမရှိ၍ ဆီချေးကြောင့် မည်းညစ်နေကာ၊ အကွက်အကွက်ထနေသည့် စောင်များမှာ ဝါကြမ်းလျက် အကွက်အစင်းအရောင်သွေးတို့ လွင့်ပြယ်နေပြီဖြစ်၏။

”ကဲ သားက ထနော်၊ တော်တော်ကြာ မင်းမလာလို့ မောင်မြတို့က ဒီပြင်လူကို ဖောက်သည်ပေးလိုက် လိမ့်ဦးမယ်။ သွား သွား ဒီအချိန်ဆို ကားဆိပ်မှာရော ကျောင်းမှာရော ရေခဲချောင်း ရောင်းရသေးတယ်။ သွာေးလ ညီပု မင်းဖို့ ထမင်းနဲ့ ပဲပြုတ်ရှိတယ်။ သွား သွား ကိုစံဝါးဆီက မြေပဲဆားလှော်လည်း ဆယ်ထုပ်လောက်ယူသွားဦး”

သည်တော့မှ ညီပု အိပ်ရာကထလေသည်။ မျက်နှာသစ်ကာ ပုဆိုးနှင့် သုတ်ပြီး ထမင်းစားလေသည်။ ထမင်းစားပြီးလျှင် လွယ်အိတ်စုတ်စုတ် တစ်လုံးကိုလွယ်ကာ ထွက်သွားလေသည်။

အမေသည် သားလေးညီပုကို ကြည့်ရင်း ကျန်ရစ်၏။ သားလေးညီပုမှာ အသက် ၁၃ နှစ်ထဲ ရောက်လာပြီ ဖြစ်သော်လည်း၊ ရှင်တောင်မပြုရသေးပါလား။ ညီပုတို့ အဖေရှိတုန်းကတော့ ညီပုကို ရှင်ပြုမည် စိတ်ကူးပါ သေး၏။ ကိုဘွန်းကလည်း တတ်နိုင်သလောက် ကူညီမည်ပြော၏။ သို့သော်ညီပုမှာ ယခုအသက် ၁၃ နှစ် ကျော်လာပြီ။ ရှင်မပြုရသေး။ အမေ့သဘောအရဆိုလျှင် ညီပုကို ရှင်ပြုပြီး ရတနာရွှေချိုင့်၊ နမက္ကာယ၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းတို့လောက် ကုန်ရုံတော့ သင်စေချင်သေး၏။ သည်တော့မှ အမေ့သားမှာ ရှင်လိင်ပြန်ကာ လူပျိုဖားဖားကြီး ဖြစ်လာပေတော့မည်။ ရှင်လိင်မပြန်ရသေးတော့ အသက် ၁၃ နှစ်လောက်ထဲ ရောက်လာပေမယ့် အမေ့သားမှာ နို့ညှာသာသာလေးသာ ထင်မိသေးသည်။

သို့သော်အမေ့စိတ်ကူးမှာ အရိပ်မျှသာဖြစ်လေသည်။ အမေ့စိတ်ကူးမှာ အမေ့သားရှင်လိင်ပြန်မှာ လူပျိုဖား ဖားကြီး ဖြစ်လာပြီး အိမ်ထောင်ကျစေချင်ပြီ။ သူ့အိုး၊ သူ့အိမ်နှင့် ရှိလာလျှင် အမေမှာ သံယောဇဉ်နှောင်ကြိုး မရှိတော့။ သမီးမှာလည်း သူ့အိုး၊ သူ့အိမ်နှင့်၊ သားမှာလည်း သူ့အိုးသူ့အိမ်နှင့် ဆိုလျှင် အမေ့အဖို့ သေပျော်လေပြီ။ အမေစိတ်ချလက်ချနေနိုင်လေပြီ။ ခုတော့သမီးမှာ အိမ်ထောင်နှင့်ဖြစ်၍ သမီးအတွက် စိတ်မပူရ မပင်ရသော်လည်း သားလေးညီပုအတွက် စိတ်မအေးဖြစ်ရပြန်သည်။

သားလေးညီပုမှာ အင်္ဂလိပ်တက်ခါစကတည်းကခုထိ ဘာအလုပ်မှမယ်မယ်ရရမရှိ။ အင်္ဂလိပ်တက်လာပြီး တော့လည်း တောမှာ ဘာမှအလုပ်မရှိ၊ ရန်ကုန်ရောက်မှ မတတ်သာသည့်အဆုံးတွင် သားလေးညီပုကို မြေပဲဆားလှော်ရောင်းခိုင်၊ ရေခဲချောင်းရောင်းခိုင်းနှင့် ကျပန်းအလုပ်ကိုအလုပ်ခိုင်းရသည်။

ရန်ကုန်မှာဆိုလျှင် တောမှာလိုအလုပ်မလုပ်ဘဲနေ၍မဖြစ်၊ တောမှာတုန်းက ညီပုအဖို့ အလုပ်မလုပ်သည့် ပြဿနာများသည် အရေးမကြီးလှဟု အောက်မေ့လှသည်။ သို့သော်ရန်ကုန်ရောက်သည့်အခါတွင် ညီပု တစ်ယောက်အတွက် အစားအသောက်ပြဿနာသည် ခက်ခဲသည့် ပြဿနာဖြစ်လာ၏။ ရန်ကုန်မှာ လူတစ်ယောက်အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးသည် ငွေကြေးရှိသူ ကြေးရတတ်တို့အတွက် မထောင်းသာလှ။ သို့သော် အမေတို့လို ရန်ကုန်မှာအားကိုးစရာဆိုလို့ သမက်ကိုဘလွန်းတစ်ယောက်က လွဲ၍ သည့်ပြင်တစ်ယောက်မှမရှိသည့် အိမ်ထောင်အဖို့ အားလုံးအလုပ်လုပ်မှ မနက်၊ ည မှန်မှန် စားနိုင်ပေလိမ့်မည်။

ရန်ကုန်မှာ အလုပ်မရှိလျှင် စိတ်လေစရာတွေကိုချည်းသာ တွေ့ရသည့် မြို့ဖြစ်သည်။ မွဲတာ ငတ်တာတောင်မှ အေးအေးမငတ်ရ၊ မမွဲရသည့်မြို့ ဖြစ်သည်။ မှန်ကားကြီးတွေကြည့်ကာ အဘိဇ္ဇာတရား တွေပွားရသည်။ တိုက်တာအိမ်ကြီးတွေမြင်ကာ၊ သမာဓိပျက်ပြယ်ရသည်။ တောလိုအေးမြသည့် ငြိမ်းချမ်းသာယာမှုကို မတွေ့။

မနက်လင်းလာလျှင် မှန်ကားကြီးမှအစ၊ လမ်းဘေးမှ သူတောင်းစားအထိကို မြင်ရ၏။ လူတွေ လူတွေ ဝမ်းတစ်ထွာအတွက် ပြေးလွှားလှုပ်ရှားနေသည့် လူတွေကို မြင်ရပါ၏။ တစ်ခါတလေကျတော့လည်း တရားကျစရာ၊ ရန်ကုန်မှာ အထက်ဆုံးအလွှာနှင့် အောက်ဆုံးအလွှာကို မြင်တွေ့ရ၏။ ဘယ်မှာမှ ရန်ကုန်လို အမြင့်ဆုံးနှင့် အနိမ့်ဆုံးကို မမြင်ရ။

အမေသည် သားလေးညီပုကို ချော့ကာ ဈေးရောင်းလွှတ်ရသည်။ သည်တော့မှ ညီပုမှာ လွယ်အိတ်ကိုလွယ်ကာ ထွက်သွားလေသည်။

(၃)

အရှေ့ဘက်မှ ရွှေတိဂုံသည် အပေါ်မှမိုးကာ၊ ဝပ်နေကြသည့် ဦးဝိစာရကွက်သစ်မှ တဲကုတ်ကလေးများကို ငုံ့၍ ရှု့စားနေသည်ဟု ထင်မှတ်ရလေသည်။ ဘုရားခြေရင်းမှ မီးခိုးတို့သည့် ဝေ့ကာဝိုက်ကာ၊ တွန့်ကာလိမ်ကာနှင့် အထက်သို့ လွင့်ပါးနေကြလေသည်။

မိုးအဏ္ဏဝါဗွေမှာ တိမ်လှေတစ်စင်း။

ညီပုသည် ကျောင်းဘေးစိန်ပန်းပင်အောက်မှာ ရပ်နေလေသည်။ ပခုံးတွင် လွယ်အိတ်တစ်လုံးပါလာသည်။ လွယ်အိတ်ထဲမှာတော့ စာအုပ်တွေ မဟုတ်ပါ။ မြေပဲဆားလှော်ထုပ်နှင့် ရေခဲချောင်းတို့ ဖြစ်သည်။

ပြည်လမ်းပေါ်မှ ရန်ကုန်- အင်းစိန်ကားသံများသည် ကျောင်းဘက်သို့ လွင့်ပါးလာကြလေသည်။ တစ်ခါတစ်ခါ မဟာမြိုင်လမ်းဘက်မှ ကိုယ်ပိုင်ကားသံတို့ကိုလည်း ကြားရ၏။ လေသင့်သည့်အခါတွင် အေဝမ်းခြံမှတီးလုံးတိုက်သံသည် လွင့်၍လွင့်၍ လာတတ်သေးသည်။

မနက် ၉ နာရီ။

ကျောင်းသူ ကျောင်းသားများမှာ ကားကြီး ကားငယ်တွေနှင့် ရောက်လာကြ၏။ အင်္ကျ ီ ီအဖြူမှာ အပေါ်က ဂါဝန်ပြာကို ဝတ်ထားကြသည်။ ကားများမှာ ပြောင်လက်နေသည်။ မှန်ကားတွေလည်းပါသည်။ တစ်စင်း၊ နှစ်စင်း၊ သုံးစင်း။

ညီပုသည် ကားတွေကိုကြည့်ပြီး ရေတွက်နေလေ၏။ စိတ်ထဲမှာ ဘာရည်ရွယ်ချက်မှမရှိ၊ ခါတိုင်းလို ရေခဲချောင်းတစ်ချောင်း တစ်ပဲဟူ၍လည်း မရွတ်ပါ။ မြေပဲဆားလှော်တစ်ထုပ် တစ်မူးဟူ၍လည်း ရွတ်နေကြ မန္တာန်ကို မဆို၊ ကားတွေကိုသာ ငေးကြည့်နေလေသည်။ နောက်ကားဘီးရာတွေကို ကြည့်နေသည်။ ကားဘီးရာများမှာ ရှုပ်ယှက်ခတ်နေ၏။ စိန်ပွင့်ပုံထောင့်လေးတွေ၊ အဝိုင်းလေးတွေ၊ လှိုင်းတွန့်လေးတွေ၊ အကွက်ကလေးတွေ၊ နောက်ရှုပ်သွားတော့ ဘာကိုမှ မသဲကွဲအောင် ရှုပ်ထွေးသွားသည်။

”ဟေ့၊ ရေခဲချောင်း လာပါဦး”

အော်သံကြားမှ လှည့်ကြည့်လိုက်ရာ ကျောင်းသူလေး သုံးယောက်ကျောင်းအောက်မှ ခေါ်နေကြသည်။ ညီပုသည် သူတို့သုံးယောက်ဆီကို ပြေးသွားလေသည်။

”တစ်ချောင်းဘယ်လောက်လဲ”

”တစ်မူး”

”ရေခဲချောင်းသုံးချောင်းဝယ်ရင် တစ်ချောင်းအလကား မရဘူးလား” ဟု အသားဖြူဖြူ၊ မျက်လုံးလှလှ၊ အရပ်ခပ်မြင့်မြင့်ကျောင်းသူကမေး၏။ ညီပုက ဘာမှပြန်မပြောဘဲ ကျောင်းသူလေးကိုမော့ကြည့်လိုက်ကာ ပြုံး၍ကြည့်လိုက်သည်။

”ဟေ့ကောင်လေး တစ်ချောင်းအလကားပေးနော်”

ညီပုမှာ ”ကောင်လေး” ဟူသောစကားကို သုံးလိုက်သဖြင့် ရှက်သလိုလိုဖြစ်သွား၏။ ကျောင်းသူလေးများမှာ သူနှင့်ရွယ်တူလောက်ပင်ရှိမည်ထင်၏။ ကျန်သည့်ကျောင်းသူနှစ်ဦးမှာ အရပ်နည်းနည်းနိမ့်၍လားတော့မပြောတတ်၊ ညီပုထက်တောင် ငယ်ပုံရသေးသည်။

”မပေးချင်လို့ထင်ပါရဲ့ ဒေါ်လီသွားကြစို့” ဟု အဖော်က ခေါ်နေသည်။ ဒေါ်လီကမူပြုံးကာ –

”တို့က နေ့တိုင်းဝယ်နေတာပဲကွဲ့” ဟု ပြောနေသည်။ ညီပုမှာ ရှက်လာသည်။ ရွယ်တူကောင်မလေးတွေ ရှေ့မှာ မပေးရကောင်းမလား၊ ပေးရကောင်းမလား။ မဟုတ်ပါဘူးလေ နောက်နေတာပါ။

ညီပုကပြုံးကာ ”တစ်မူးပေးရင် ပေးမှာပေါ့ဗျ” ဟု ပြောသည်။ဒေါ်လီတို့တစ်သိုက်ကမူ ”ကွာသိပ်နှမြော တတ်တာပဲ၊ နောက်မဝယ်စားတော့ဘူး” ဟုပြောကာ နောက်၍သွားကြသည်။ ညီပုသည် သူတို့ကို ကြည့်ရင်း ကျန်ရစ်လေသည်။ ဖဲပြားနီနီလေးမှာ ဒေါ်လီပုခုံးပေါ်မှာ တွဲလဲကျနေသည်။ ဂါဝန်အပြာ နှင့် ဖိနပ်အဖြူကြားမှ တံကောက်ကွေးလေးမှာ အကြောစိမ်းစိမ်းလေးတွေ သန်းနေသည်ကို မြင်ရလောက်အောင် ဖြူဝင်းနေသည်။

ညီပုမှာ သွက်လက်လာကာ ”ရေခဲချောင်း မြိနို့အေးချောင်း တစ်ချောင်း တစ်မူး” အော်ကာ ကျောင်းကို လှည့်ရောင်းသည်။ ကျောင်းတက်ခေါင်းလောင်းထိုးမှ မြေနီကုန်းကားဆိပ်သို့ ပြန်လာခဲ့လေသည်။

သို့သော်ဒေါ်လီမှာ သူ့မျက်စိမှာ ပြုံးလျက်ပါလာ၏။ ဒေါ်လီ၏ ဂါဝန်စပြာပြာကလေးမှာ လေလွင့်နေ၏။ ဒေါ်လီ၏ ဆည်းလည်းလိုအသံကို နားထဲမှာ ကြားနေရသေး၏။ ညီပုမှာ ကျောင်းသူလေးက သူ့ကို နောက်လိုက်၍ စိတ်ထဲမှာ ဝမ်းသာသလိုလို၊ ရှက်သလိုလို ဖြစ်နေရသေးသည်။ ငါအစကပေးလိုက်ရင် ကောင်းမှာပဲနော်ဟု ကိုယ့်ဘာသာကိုယ် တွေးလာမိသည်။ ဒါပေမဲ ညီပုမှာ ပေးစရာမရှိ၊ သည်ရေခဲချောင်း တွေမှာ သူမပိုင်။ မြေနီကုန်းကားဆိပ်မှ ကိုမြဆီက ဖောက်သည်အဖြစ် အရောင်းခိုင်း၍ နေ့တွက် တစ်မတ်၊ တစ်မူးရသည်။ အများဆုံးရသည့်အခါမှာ သုံးမူးထက်တော့ ပို၍မရပေ။

ဒေါ်လီတို့ကို အလကားပေးလိုက်ရလျှင် သူ့အဖို့ဘာကျန်ပါဦးမလဲ၊ တစ်နေ့ မူးစ တစ်မတ်စ ရသည့်အထဲတွင် ဒေါ်လီတို့နောက်သည့်အတိုင်းပေးလိုက်ရလျှင် အမေ၏ ဆူသံညံသံတို့ကို ကြားရပေဦးမည်။ ညီပုမှာ အားနာသလိုလို ဖြစ်နေ၏။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။

ညီပုသည် အိမ်သို့ပြန်လာ၏ ။ ခါတိုင်းစိတ်နှင့်မတူ ရင်ထဲမှာ တစ်မျိုးလှုပ်ရှားနေ၏။ လူပျိုပေါက်တို့မှာ ပေါ်တတ်သည့်စိတ်ရူးသည် နွေဦးလေလို ရမ်းဝှေ့လာ၏။ ဒေါ်လီ-ဒေါ်လီ အသားဖြူဖြူ ဂါဝန်ပြာပြာလေးနဲ့ ဒေါ်လီမှာ ယမင်းရုပ်ကလေးလို လှသည်ဟု ညီပုသည် ဝမ်းတွင်းပါဉာဏ်နှင့် သိလေသည်။

(၄)

ယနေ့ညီပုမှာ ခါတိုင်းလိုမဟုတ်၊ မနေ့ကလို အိပ်ရာမှာ အပျင်းမထူ၊ မနက်အစောကြီးကတည်းက အိပ်ရာမှနိုးနေသည်။ အိပ်ရာမှထ၍ ၇ လမ်းထိပ်က ရေဘုံပိုင်မှာသွား၍ ရေချိုးသည်။ ပြီးလျှင် အဝတ်အစားလဲကာ

”အမေ၊ သွားတော့မယ်ဗျာ” ဟုပြောသည်။

”ဟဲ့ ညီပု ဒီနေ့တော့လည်း ဝိရိယကောင်းနေလိုက်တာ၊ စောသေးတယ်။ ညွန့်မောင်တို့တောင် ဆိုက္ကားမထွက်သေးဘူး။ ထမင်းစားသွားဦး” ဟု အမေက တားထားရသည်။ အမေမှာ ညီပုဝိရိယကောင်းနေသည်ကို ကြည့်ကာ အံ့သြရသည်။ အင်မတန်အပျင်းထူသည့် ညီပု ဒီနေ့ဝိရိယကောင်းနေသည်ကို ကြည့်၍ တအံ့တသြဖြစ်ရသည်မှာ အပြစ်ဆိုစရာမဟုတ်။

ခါတိုင်း ၇ နာရီ၊ ၈ နာရီထိုးမှအိပ်ရာထလေ့ရှိသည့် ညီပုမှာ ဒီနေ့ ၆ နာရီလောက်ကပင် အိပ်ရာမှ ထနေကာ အိတ်တပြင်ပြင်နှင့် ဖြစ်နေသည်။

”အမေသွားတော့မယ်ဗျ”

”နေဦးညီပု၊ နေဦး ဟိုမှာ ဘလွန်းတို့တောင် မနိုးသေးဘူး၊ အစောကြီးထပြီး လှုပ်လှုပ်ရွရွလုပ်မနေနဲ့။ ထဆဲနေလိမ့်မယ်” ဟု အမေက ကြိမ်းသည်။

ညီပုမှာ မနက်လင်းလာကတည်းက တလှုပ်လှုပ်တရွရွဖြစ်ပြီး ဒေါ်လီကိုတွေ့ချင်လှပြီ။ ဒါပေမဲ့ ယနေ့ဒေါ်လီကို တွေ့ဖို့ စိတ်စောရခြင်းမှာ ဆုံးဖြတ်ချက်ပါ၏။ ဒီနေ့ဒေါ်လီကို ရေခဲချောင်းတွေပေးလိုက်မည်ဟု စေတနာတွေ စိတ်စောနေ၏။ ဒေါ်လီလို ကြေးရတတ်ကျောင်းသူတစ်ဦးအဖို့ ရေခဲချောင်းတစ်ချောင်း၏ တန်ဖိုးသည် မပြောပလောက်။ ညီပုအဖို့မှာသာ ရက်ရက်ရောရောနှင့် ဒေါ်လီကတောင်းသမျှကို ပေးလိုက်ရလျှင် တကယ့်စေတနာ၊ တကယ့်ရက်ရောမှုဖြစ်သည်။ သူ့ရက်ရောမှုဟူသမျှကို ဒေါ်လီသာလျှင် ခံယူစေမည်။ ဒေါ်လီ၏ မျက်လုံးပြာလဲ့လဲ့၊ ဆံပင်တွန့်တွန့်၊ အသားဖြူဖြူ၊ ဒါတွေကလမ်းပေါ်မှာ လျှောက်နေရသည့် လူဆင်းရဲ ညီပုလို သတ္တဝါလေးကို ချော့ငင် မြှူခေါ်သည်။ ဒီမျက်လုံးတွေ ဒီလို လူပျိုပေါက်ကလေးတစ်ယောက်ကို ဆွဲငင်နိုင်တဲ့ရုပ်ရည်မျိုးကို လူပျိုပေါက်ဖြစ်သည့် မြေပဲဆားလှော်သည် ညီပုက ချစ်သလိုလို၊ စိတ်တွေ ဝေ့လည်လာခြင်းမှာ ဘာမျှအံ့သြစရာလည်းမဟုတ်၊ ရယ်စရာလည်းမဟုတ်၊ ”သူလည်းလောကီသားပေမို့” ဟူ၍သာ ပြောစရာရှိသည်။

သို့သော် ညီပု၏ အချစ်မှာ ရွက်အုပ်သီးသီးကာ ငုံးဆူလူမသိဆိုသည့်အစားထဲကဖြစ်လေရာ သည်အတိုင်းသာဆိုပါက ညီပုလို လူပျိုပေါက်ကလေး၏အချစ်သည် အသည်းနှလုံးမြှုပ်နှံရင်း တရားသို့ကူးတို့ခထည့်လိုက်ဖို့သာ ရှိလေသည်။

ထိုနေ့ညီပုသည် ဘယ်ကိုမှမသွား၊ ခါတိုင်းလို မြေနီကုန်းကားဆိပ်ကိုလည်းမသွား၊ ခါတိုင်းလို ဗားကရာမြင်းလှည်းဆိပ် နားကိုလည်း မရောက်၊ အိမ်မှထွက်ကာ ကိုမြဆီကရေခဲချောင်းကိုယူပြီး ကျောင်းသို့ ထွက်လာလေသည်။

ကျောင်းမှာစောနေသေး၍ ကျောင်းသားသိပ်မရောက်သေး။ ဟိုအနောက်ဘက်ကျောင်းဆီမှ ခရစ်ယာန်ဘုရားရှိခိုးသံ ကိုသဲ့သဲ့ကြားရလေသည်။ ကျောင်းမှာအသက်မရှိသလို ဆိတ်သုန်း၍နေ၏။

အတန်ကြာမှ ကျောင်းသားတွေ ရောက်လာလေသည်။ ညီပုသည်သူတို့တစ်တွေကိုကြည့်ကာ စိတ်ထဲတွင် စာမသင်ချင်စဖူး သင်ချင်လာ၏။ သူတို့တစ်တွေမှာ ပစ္စည်းအရရော ဘာမှပူပင်ကြသူမဟုတ်၊ သူတို့မှာ စိတ်လွတ်လပ်၏။ သူတို့မှာ လိုအပ်သည့်အရာတွေမှန်သမျှကို ပြည့်စုံ၏။ အပိုအသုံးအဆောင်တွေလည်း ပြည့်စုံ၏။ ညီပုမှာ ပိုသည့်အသုံးအဆောင် မပြောနှင့် လိုအပ်သည့် အသုံးအဆောင်ပင် မပြည့်စုံ၊ သူ့မှာ အစားအသောက် ၀၀လင်လင်စားရဖို့လိုသည်။ ကျောင်းနေဖို့ စရိတ်လိုသည်။ ဝတ်ဖို့အဝတ်လိုသည်။ သို့သော် ညီပုမှာ လိုသည့်ပစ္စည်းမှန်သမျှ ဘာမှမရှိ။

သူတို့ကိုကြည့်၍ ညီပုမှာ စာသင်ချင်သလိုလိုဖြစ်လာ၏။ ဘုန်းကြီးကျောင်းတုန်းက သင်ပုန်းကြီးတို့၊ မင်္ဂလသုတ်တို့ကို သာသင်ခဲ့ရ၏။ ယခုဒေါ်လီတို့မှာ သည်စာအတွက်မသင်ရ။ အင်္ဂလိပ်စကားကို နှုတ်ခမ်းမှာ ဝဲနေအောင်ပြောကာ အင်္ဂလိပ်စာကို သင်ရ၏။ ရွယ်တူလေးတွေ အင်္ကျ ီပြာကိုယ်စီ၊ ဘောင်းဘီပြာကိုယ်စီနှင့် ကျောင်းတက်ကြ၏။ ဒါတွေက စ၍ အားကျကာ ညီပုမှာ ပညာသင်ချင်လာ၏။ သို့သော်အမေ မုဆိုးမနှင့် ပဲပြုတ်ရောစားကာ ရေခဲချောင်းရောင်းနေ ရသည့် ညီပုအဖို့ ဤ ကျောင်းပညာအဝတ်အားနှင့် မနီးနိုင်။ သည်ကြားထဲမှာ ကျယ်ပြောသည့်ကွေ့ခြားလျက်ရှိသည်။

”ဟေ့ရေခဲ့ချောင်း”

ခါတိုင်းကြားနေကျ ဒေါ်လီ၏အသံကို ကြားရသည်။ ဒေါ်လီမှာနေ့တိုင်းဂါဝန်ပြာလေးနှင့် ဖြစ်သည်။ ဖဲပြားကလေး ကတော့ အရောင်အသွေးအမျိုးမျိုး ပြောင်းသည်။ တစ်ခါတလေ အစိမ်း၊ အနီ၊ အဝါ၊ အပြာ ဖဲပြားအရောင်စုံကို မြင်ရ၏။

”ရေခဲချောင်းပေးစမ်းပါ” ဟုပြောကာ ပိုက်ဆံထုတ်ပေး၏။ ရေခဲချောင်းလှမ်းအပေးမှာ ဒေါ်လီ၏ လက်ချောင်းသွယ် နုနုတို့နှင့် တိုက်မိသွားကြ၏။ ဒေါ်လီ၏ လက်သည်းလေးများမှာ ဆေးမဆိုးဘဲ နီရဲနေ၏။ လက်ဖဝါးလေးများမှာ နီပြေပြေ၊ လက်ခုံမှာ ဝင်းဖြူကာ အကြောစိမ်းလေးတွေကို မြင်ရ၏။ ဒေါ်လီအဖို့တော့ မပြောတတ်။ သူလို ကျောင်းသူလှလှလေးနှင့် လက်ချင်းထိလိုက်ရတော့ မိန်းကလေးဆိုလို့ တောမှာထုပ်တိုးတမ်းကစားကြရင်း မိအေးတို့၊ ဒွာကြီးတို့နှင့်သာတွေ့ဖူးသည့် ညီပုအဖို့မှာ တွေးရင်းတွေးရင်းမျက်နှာမှာ လျှံတက်လာ၏။ အရေတွေထူပူသွားသည်ဟု မှတ်ထင်လိုက်ရလေသည်။

အလကားတောင်းပါစေဟု ညီပုက ဆုတောင်းနေမိသည်။ ဒီနေ့ဒေါ်လီကို ရက်ရက်ရောရော ပေးလိုက်မည်ဟု စိတ်ထဲမှာဆုံးဖြတ်ထား၏။ သည်ဆုံးဖြတ်ချက်ကို ဒေါ်လီတစ်ယောက်သာ ပြီးမြောက်အောင်ပြုလုပ်လာ နိုင်ပေသည်။

ဒေါ်လီကမူ ”အလကားမပေးဘူးလား” ဟုနေ့တိုင်းပြောနေကျစကားကို နောက်သလိုလိုနှင့်ပြော၏။ ညီပုမှာ သူ့စိတ်ထဲက တောင့်တနေသည့် စကားကိုကြားရ၍ပြုံးလိုက်ကာ ဘာကိုမှ မပြောနိုင်ဘဲ ရေခဲချောင်းတစ်ချောင်းကို ယူ၍ ပေးလိုက်သည်။ ဒေါ်လီ့အဖော်တွေကမူ

”ဒေါ်လီကလည်း မင်းသူ့ဆီကဟာတွေကို ဘာလို့အလကားလိုချင် ရတာလဲ၊ ပြန်ပေးလိုက်ပါ။ ပိုက်ဆံတစ်မူးပေးရင် ပေါပါတယ်” ဟုပြော၏။

”ဟေ့ ဒိုရာ အလကားစားရတာပေါ့ကွယ်။ ယူကောမစားချင်ဘူးလား တောင်းပေးမယ်လေ”

”ယူသာစားပါဆရာ၊ အိုင်တို့ကတော့ သူတို့လိုကောင်တွေဆီကဟာမျိုး အလကားစားရတာ မသတီပါဘူး” ဟု အင်္ဂလိပ်လို ပြောသွားသေး၏။ ညီပုအဖို့မှာ ဒီနေ့အဖို့ စိတ်ထဲမှာ ကျေနပ်ပေပြီ။ စေတနာကို သူအတတ်နိုင်ဆုံး သောအရာဖြင့် ဖော်ထုတ်လိုက်ရပြီဖြစ်၏။ ကိုယ့်စေတနာကို ပြီးမြောက်သည့်အခါတွင် ပျော်ရွှင်ရမှုထက် ဘယ်သူ ပိုပျော်နိုင်ပါ့မလဲ။

ညီပုသည် ထိုနေ့တစ်နေ့လုံး စိတ်ရော၊ကိုယ်ရော ရွှင်လန်းကြည်နူးနေလေသည်။ နေ့တိုင်းထက်ရောင်းကောင်းသည်ဟု စိတ်ထဲထင်မိလေသည်။ ရေခဲချောင်း ၁၅ ချောင်းလောက်ကို ကားဆိပ်မှာရော၊ မြင်းလှည်းဆိပ်မှာရော ကျောင်းမှာ ရော ပတ်ချာလှည့်ရောင်းမှ အနိုင်နိုင်ကုန်သည်။

ယနေ့ ပါးစပ်ကလည်း ရေထဲချောင်း တစ်ချောင်း တစ်မူးအော်ရသည်မှာ ခါတိုင်းထက်သွက်လက်သည်။ ဒေါ်လီကို ပေးလိုက်ရသည့် ရေခဲချောင်းတစ်ချောင်းအဖို့ သူမနှမြောတော့။ ဒေါ်လီကို ပေးလိုက်ရသည့် ရေခဲချောင်းဖိုးကို သူ့ရောင်းခထဲက နှုတ်၍အယူခိုင်းမည်။ အမေ့ကိုတော့ သူပြောလျှင်ပြီးသည်။ ညာ၍ပြောလျှင်လည်း ဖြစ်သည်။ တကယ်အမှန်ပြောရမှာလည်း သူမကြောက်၊ ရိုက်ချင်ရိုက်ပစေ၊ ဆိုချင်ဆိုပေ့စေ။ ဒေါ်လီကိုပေးရလျှင် ကျေနပ်ပြီ။

ဒေါ်လီကနောက်ပြောသည် အောက်မေ့၍ မပေးခဲ့ရဘဲ ကုန်ခဲ့ရသည့် ရက်တွေကိုပင် နှမြောနေမိသေးသည်။ စောစောကသိခဲ့၍ပေးခဲ့လျှင် ဒေါ်လီ့အပေါ်ထားရှိသည့် စေတနာသည် တကယ့်အကောင်အထည်အဖြစ်တည်၍ လာပေတော့မည်။ အစတုန်းကတော့ ဒေါ်လီက သူပေးတာကို ယူမှယူပါ့မလားဟု စိုးရိမ်သည်။ နောက်ဒေါ်လီက တကယ်ယူတော့မှ သူ့စိုးရိမ်စိတ်တွေ ပျက်သွားလေသည်။

သည်လိုနှင့် ညီပုအဖို့ ဒေါ်လီကို တစ်နေ့တစ်နေ့ ရေခဲချောင်းတစ်ချောင်းအလကားပေးဖို့ အလုပ်ဖြစ်လာ၏။ အလျော့တွက်နှုတ်ယူသည့် ပိုက်ဆံတစ်မူးအတွက် အမေ့ကိုညာရသည်မှာ ဝတ္တရားတစ်ခုဖြစ်လာ၏။ ဒါပေမဲ့ ညီပုအဖို့ ဘာကိုမှ မစဉ်းစားနိုင်။

တစ်နေ့မှာ ဒေါ်လီက သူ့ကိုလက်ယပ်ခေါ်၏။ ညီပုသည် စင်္ကြ ံအုတ်ခုံမှာ ထိုင်ရင်းဒေါ်လီ့ဆီကို ပြေးသွားမိသည်။ ဒေါ်လီကမူ ပိုက်ဆံတစ်မူးကို ထုတ်ပေးကာ ရေခဲချောင်းတစ်ချောင်းဝယ်၏။ ညီပုသည် ဒေါ်လီပေးသည့် ပိုက်ဆံကို မယူဘဲ ရေခဲချောင်းတစ်ချောင်းကိုသာ ထုတ်ပေး၏။ ဒေါ်လီက ပိုက်ဆံပေးပြီး ဝယ်စားနေသည့်အတွက် ဝမ်းနည်း၍ ပင်လာရသေးသည်။

”ဟေ့ ပိုက်ဆံယူလေ”

”ဟင့်အင်း ကျွန်တော်မယူချင်ဘူး”

”ဘာပြုလို့လဲ၊ နင်ငါ့ကို နေ့တိုင်းပေးနေတာ သနားလို့ပေးတာ။ ရော့နည်းသေးလို့လား၊ ယူဦးမလား” ဟု အိတ်ထဲမှ ကျပ်တန်တစ်ရွက်ကို ထုတ်၏။

”ကျွန်တော်မလိုချင်ပါဘူးခင်ဗျ။ ခင်ဗျားကိုပဲ အလကားပေးနေချင်တယ်။ ခင်ဗျားကို အလကားပေးနေရတာ ကျွန်တော့်စိတ်ထဲမှာ အလိုလိုပျော်နေတယ်” ဟု ညီပုက ဒေါ်လီကို ကြည့်ရင်း ပြော၏။

”နင်အလကားပေးတော့ မရှုံးဘူးလား”

”ကျွန်တော်ရောင်းတဲ့ထဲက စိုက်ပေးတာပေါ့”

”ကျောင်းနေဖူးရဲ့လား” ဟုဒေါ်လီက ရေခဲချောင်းကို စုတ်ရင်းမေးသည်။

”နေဖူးသားပဲ”

”ဘယ်မှာလဲ”

”ရွာက ဘုန်းကြီးကျောင်းမှာ”

”ဘုန်းကြီးကျောင်းမှာ ဟုတ်လား၊ နင်တို့ဘာတွေ သင်ရသလဲ” ဟု ဒေါ်လီက မျက်ခုံးတစ်ဖက်ကို ပင့်ကာမေးသည်။

”ယံမင်္ဂလံဒွါဒသဟိရယ် နောက်ပြီး”

”အဲယံမင်္ဂလံဆိုတာ ဘာလဲ” ဟု ဒေါ်လီက ကြားဖြတ်မေးလိုက်သည်။

ညီပုက အဝေးသို့ငေးစိုက်ကာ

”မင်္ဂလသုတ်က တရားစာပဲ ဘုန်းကြီးက စာချတယ်။ ဒီမှာလို အင်္ဂလိပ်စာတွေ မသင်ရဘူး” ဟု ညီပုက ပြောသည်။ မကြာမီ ကျောင်းတက်ခေါင်းလောင်းသံကို ကြားရသည်။ ဒေါ်လီက ဆံပင်ဖွားရရားလေတွေ ဝှေ့ရမ်းသွားအောင် နောက်သို့လှည့်ကြည့်လိုက်ကာ ”ဟော ကျောင်းတက်ပြီ” ဟုလှည့်ကာ ပြေးထွက်သွားလေသည်။

(၅)

ညီပုအဖို့မူ ဒေါ်လီသာ သူ့စေတနာတွေကို ဖော်ထုတ်ရာ၊ ဒေါ်လီသာလျှင် သူမြတ်နိုးခြင်း၏ တည်ရာ ဖြစ်လာသည်။ ဒေါ်လီကို မမြင်ရမနေနိုင်အောင်ဖြစ်လာရသည်။ ဒေါ်လီကျောင်းသို့ မလာသည့်အခါများတွင် ညီပုသည် ဂါဝန်စပြာပြာ ဖိနပ်ဖြူဖြူနှင့်ကျောင်းသူတွေကြားမှာ ဒေါ်လီကိုရှာကြည့်သည်။ ဘယ်သူ့ကိုမှ မေးရမည့်သူမရှိ။ ရှိသည်ထားဦး၊ ဒေါ်လီ့နာမည်ကို သူမသိ၊ ဘယ်သူ့ကို ဘယ်နှယ့်လုပ်၍မေးရပါ့။ ဒေါ်လီမပေါ်လာသည်နှင့် ပြန်လာခဲ့ရသည်။ ရေခဲချောင်း သိပ်မရောင်းခဲ့ရ။ ရေခဲချောင်းရောင်းချင်သည့်စိတ် ခပ်ကုန်ကုန်ဖြစ်နေသည်မို့ စိန်ပန်းပင်အောက်မှာ ထိုင်ရင်းသာ အချိန်ကုန်သွားသည်။ အနားကို လာဝယ်မှရောင်းဖြစ်တော့သည်။ ခါတိုင်းလို ရေခဲချောင်းအော်၍ သွက်လက်သည့် ပါးစပ်မှာ မဟချင်သလိုလေးနေသည်။ ကျောင်းကြီးမှာလည်း ဒေါ်လီတစ်ယောက်မရှိသည်နှင့် ပင် အစစအရာရာ ချို့ယွင်းနေသည်ဟု မှတ်ထင်မိလေသည်။

တစ်ခါတလေ အမေက ဒီနေ့ရေခဲချောင်းမရောင်းနဲ့ မင်းအစ်မနဲ့လမ်းထိပ်ကွမ်းယာဆိုင်လိုက်သွားဟု ပြော၍ ရေခဲချောင်းမရောင်းရသည့်အခါနှင့်လည်း ကြုံရသေး၏။ သည်လိုနေ့မှာ ညီပုသည် ကွမ်းယာဆိုင်မှ တိတ်တိတ်ကလေးထွက်ကာ ကျောင်းနားကိုတော့ ရောက်ဖြစ်အောင် ရောက်သေးသည်။ ကွမ်းယာဆိုင်က အစ်မ၏ ပိုက်ဆံသေတ္တာထဲမှ ပိုက်ဆံတစ်မူးကိုယူကာ ရေခဲချောင်းဝယ်ပြီး ဒေါ်လီကို သွားပေးသည်။ ဒေါ်လီမျက်နှာကို အားရပါးရကြည့်ပြီးမှ ဆိုင်မှာအခြေမပျက် ပြန်လာတတ်သည်။

ယနေ့အဖို့ ညီပုသည် ရင်တထိတ်ထိတ်နှင့်လာ၏။ သည်နေ့သည်ဒေါ်လီနှင့်တွေ့၍ ၃ လနှင့် ၅ ရက်မြောက်နေ့ဖြစ်၏။ ညီပုစိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုကို ချထား၏။ ဒေါ်လီအဖို့ထားရှိသည့် စေတနာတွေကို ဒေါ်လီသိအောင် ဖွင့်ပြောတော့မည် စိတ်ကူး၏။ သို့သော်ဒေါ်လီကို ပြောလို့ဟန်ပါ့မလား။ ခေါင်းကိုလက်သီးနှင့် ဆော်လိုက်မှဖြင့် ကောင်မလေးက ဖျတ်ဖျတ်လတ်လတ်နဲ့ဟု တွေးမိသေး၏။

မနက်အစောကြီးကတည်းက အိပ်ရာမှထ၏။ ဒေါ်လီနှင့်တွေ့ပြီးစကတည်းက ညီပုမှာ မနက်စောစောအိပ်ရာမှ ထလေ့ရှိ၏။ သို့သော်သူ့အမေနှင့် အတူတူလောက်သာကျလေသည်။ ယနေ့မှာ အမေ့ထက်အိပ်ရာထစော၏။

ကွမ်းယာဆိုင်ကပြန်ပြီး ထမင်းကတိုက်ကရိုက်စားကာ ထွက်သွားလေသည်။ ညီပုအိတ်ထဲမှာ စာရွက်ဝါကျင့်ကျင့် ကလေးတစ်ခုပါ၏။ ညီပုသည် ထိုင်နေကျ စိန်ပန်းပင်လေးအောက်တွင် ထိုင်နေ၏။ ခါတိုင်းလို လူသံ၊ ဘတ်စ်ကားသံ၊ ဆိုက္ကားဟွန်းသံတို့ကို ကြားရ၏။ ဟော ဒေါ်လီလာပြီ။ ဒေါ်လီမှာ မီးခိုးရောင်မှန်ကားကြီးပေါ်မှ လွယ်အိတ်ကို ကိုင်ကာ ဆင်းလာ၏။ ကားပေါ်မှာ ဒေါ်လီနဲ့ရွယ်တူ ကောင်လေး ကောင်မလေးတွေကား ချဲရီးယို ဟု အော်ကာ လက်ပြနှုတ်ဆက်သွားကြသေး၏။

”ဟေးရေခဲချောင်း” ဟု ဒေါ်လီ၏ ကြားနေကျအသံကို ကြားရ၏။ ညီပုသည် ဒေါ်လီတို့ဆီကို ပြေးကာရေခဲချောင်းကို သွားပေး၏။ ဒေါ်လီမှာ အဖော် ၃-၄ ယောက်။ ကပြားမလေးတွေနှင့်တူ၏။ ပိုက်ဆံပေးသောအခါ ဒေါ်လီအတွက် မယူဘဲ ပြန်ပေးလိုက်၏။

ဒေါ်လီက ချစ်စဖွယ်ပြုံးလိုက်ကာ ”ဒါအလကားပေးတာနော်” ဟုမျက်ခုံးကိုပင့်ပြီး ရေခဲချောင်းစုပ်ရင်းက မေး၏။ နောက်သူတို့တစ်တွေမှာ ရေခဲချောင်းစုပ်ရင်း အင်္ဂလိပ်လိုပြောနေကြ၏။

ညီပုအမှတ်ရလာသဖြင့် အိတ်ထဲက ဝါကျင့်ကျင့်စာရွက်ကလေးကိုထုတ်ကာ ”ခင်ဗျားဖို့” ဟု ပြော၍ထုတ်ပေးလိုက်၏ ။ ဒေါ်လီကမူ စူးစမ်းသည့်မျက်လုံးများဖြင့်ကြည့်ကာ စာကိုဖတ်၏။ စာရွက်မှာ လက်တစ်ဝါးခန့် လောက်သာရှိ၏။ ဖြတ်ရာမှာမညီ၊ ဘေးသို့ပဲ့၍ စုတ်နေသည့်အပိုင်းက စုတ်နေ၏။

ညီပုမှာ ဒေါ်လီကိုငေးကြည့်နေ၏။ ဒေါ်လီမှာ ပထမကြည့်သည့်ဘက်တွင်ဘာမှမတွေ့ရ၊ နောက်ကျောဘက်လှန်၍ ကြည့်လိုက်မှ ခဲတံလက်ရေးသေးသေးမှုန်မှုန် အနိုင်နိုင်ဖတ်ယူရသည့်လက်ရေးဖြင့် ချစ်ပါတယ် ဆိုသည့်ရည်းစားစာ ကိုတွေ့ရသည်။ ဒေါ်လီက သူ့ကိုလှည့်ကြည့်လိုက်ပြီးမှ ဝါလုံးကွဲရယ်လိုက်ကာ လာ၊ ဒိုရာတို့ မာဂရက်တို့ လာကြပါဦး သူက ကိုယ့်ကို ရည်းစားစာပေးသတဲ့ကွ ဟုအော်၏။ ဒိုရာကပြေးလာကာ စာရွက်ကိုစမ်းစမ်း စမ်းစမ်းနှင့်ဖတ်ပြီး၊ ယူက သိပ်အရောဝင်တာကိုးဟု ပြော၏။ မာဂရက်ကမူ မျက်စောင်းထိုးကြည့်နေ၏။ နောက်ဒေါ်လီက လာကြဟေ့ ရည်းစား စာဖတ်ကြရအောင်ဟု အော်၍ သူငယ်ချင်းတို့ကိုခေါ်လိုက်၏။ အတန်းထဲမှ ဂါဝန်ပြာမလေးတွေ လေးငါးယောက်လောက်ထွက်လာကြကာ ညီပု၏ ရည်းစားစာကို ဖတ်ပြီးတဝါးဝါးလုပ်ကြ၏။ အသံသေးကြောင်ကြောင် နှင့်ကောင်လေးက စာတွေသိပ်တတ်နေပါလား။ အမယ်လေးဟဲ့ လက်ရေးကလည်း ကြောင်ခြစ်သလိုပဲ၊ သတ်ပုံကလည်း ဘာရေးမှန်းမသိဘူး။ ဒါနဲ့များ ချစ်ချင်ကြိုက်ချင်ရသေးတဲ့ ရေခဲချောင်းမရောင်းနဲ့ ဒီကျောင်းလာသင် ပြီးမှ ရည်းစားစာလေးဘာလေးရေးဟု ညီပုကို ပြောင်ရာ သူ့ကိုကြည့်၍ဝါးခနဲ ရယ်ကြ၏။

ဒေါ်လီကမူ ဟုတ်ပါတယ်ကွာ သနားပါတယ်။ နောက် ငါ့ကိုလိုချင်ရင် သတ်ပုံမှန်အောင်ရေးဟု ပြောကာ စာရွက်ကလေးကို သူ့နားသို့လွှင့်ပစ်လိုက်ရင်း ဝါးခနဲ သံသေးသံကြောင်ရီကြပြန်၏။ စာရွက်ကလေးမှာ လေပင့်လိုက်သဖြင့် ကျောင်းသူတစ်ဦးဖိနပ်နားသို့ ရောက်သွားရာ ကျောင်းသူကဖိနပ်ဖြင့်နင်းလိုက်ရင်း နောက်သတ်ပုံမှန်အောင်ရေးဟု ပြောကာ ဝါးလုံးကွဲရယ်ပစ်လိုက်ကြ၏။

ညီပုသည် သူတို့ကိုမှ မကြည့်တော့ဘဲ လှည့်၍ပြေးလေသည်။ သူ့ရင်ထဲမှာ ဝမ်းလည်းနည်း၊ ရှက်လည်းရှက် ဖြစ်နေပါ၏။ စင်္ကြ ံအောက်မှ ကျောင်းသူများ၏ရယ်သံကိုကား ကြားရတုန်းပင်ဖြစ်သည်။ ဒါနဲ့ ကျောင်းဝင်းပြင်ဘက် ပြည်လမ်းအတိုင်း ပြေးလာကာ မြေနီကုန်းအဝိုင်းပေါ်သို့ ရောက်လတ်သော်ညီပုသည် မြတ်ခင်းပေါ်ကို ထိုင်ချလိုက်ရင်း ကလေးသည် ကစားစရာ ယမင်းရုပ်ကလေးပျောက်သည့်အခါ ငိုသကဲ့သို့ ရှိုက်ငင်သည်းထန်စွာ ငိုလေသတည်း။

မြသန်းတင့်

ဇူလိုင်၊ ၁၉၅၀