သူ့နယ်လား ကိုယ့်နယ်လား
ဇာတ်ဆောင်စုံထောက် – အဲလဗတ်ကင်ပီယန်
စတင်ပေါ်ပေါက်သည့်နှစ် – ၁၉၂၈ ခုနှစ်
(အင်္ဂလိပ် စာရေးဆရာ မာဂျရီ အယ်လင်ဟမ်၏ ဝတ္ထုတိုတစ်ပုဒ် ဖြစ်၍ ဇာတ်ဆောင် စုံထောက်မှာ အဲလဗတ် ကင်ပီရန် ဖြစ်သည်။ စုံထောက် ဝတ္ထုတိုကောင်း တစ်ပုဒ် ဖြစ်သည်ဟု ဆိုကြသည်။)
==========================
ထိုနေ့ညက လန်ဒန်တွင် အလွန်ပူအိုက်သည်။ မြို့ထဲရှိ ကျွန်တော်တို့ ပန်းချီစတူဒီယို အမိုးမှ ကောင်းကင်ပေါက်ကြီးကို ဖွင့်အိပ်ရ၏။ ကြပ်ခိုးတွေအောက်သို့ လွင့်ကျလာသည့်တိုင် လေရလျှင် တော်ပြီဟု သဘောထားကာ အမိုးကောင်းကင်ပေါက်ကို ဖွင့်ရခြင်း ဖြစ်သည်။ လန်ဒန်မြို့ တစ်မြို့လုံး အိုက်စပ်စပ်ကြီး ဖြစ်လျှက် ရှိသဖြင့် တော်တော်နှင့် မအိပ်နိုင်ကြ။
အစောထုတ် ညနေပိုင်း သတင်းစာများတွင် လူသတ်မှုအကြောင်း ပါပြီးပြီ။ ညနေသုံးနာရီ သတင်းစာ ရောက်လာကတည်းက ထိုအကြောင်းကို ကျွန်တော် ဖတ်ပြီးပြီ။ ကျွန်တော်သည် သတင်းစာကို ပျင်းပျင်းရိရိ ဖတ်နေ၏။ မျက်ခွံတွေလေးပြီး အိပ်ချင်နေသဖြင့် ပုံနှိပ်စာလုံး များသည် ဝိုးတိုးဝါးတား ဖြစ်နေကြ၏။
အဖြစ်အပျက်က ထူးထူးဆန်းဆန်း မဟုတ်။ ခပ်ရိုးရိုးဟု ကျွန်တော် ထင်သည်။ တစ်ဝက်လောက် ဖတ်ပြီးသည့်အခါတွင် ကျွန်တော်သည် သတင်းစာကို အဲလဗတ် ကင်ပီရန် ထံသို့ ပစ်ပေးလိုက်သည်။
အဲလဗတ် ကင်ပီရန်သည် နေ့လည်စာစားရန် ပြန်လာရင်း အပူရှိန် ပြင်းသဖြင့် ချောင်ထဲတွင် ငြိမ်၍ထိုင်နေ၏။ မျက်မှန်နောက်မှ သူ့ မျက်လုံးများက မျက်တောင် တဖျတ်ဖျတ် ခတ်နေကြသည်။
သတင်းစာများက ထိုလူသတ်မှုကို (ကိုးကုတ် သေနတ်ပစ်မှု) ဟု ခေါင်းတပ်ကြသည်။
အချက်အလက်များ ကလည်း ရှင်းသည်။
ထိုနေ့ နံနက်စောစော တစ်နာရီလောက်တွင် လန်ဒန်မြို့ အရှေ့မြောက်ပိုင်း ဗက်ကေးရှင်းလမ်း တစ်လျှောက်တွင် တာဝန်ကျနေသည့် ပုလိပ် တစ်ယောက်သည် လူတစ်ယောက် ဒယီးဒယိုင်ဖြင့် လျှောက်လာကာ လမ်းပေါ်တွင် လဲကျသွားသည်ကို မြင်လိုက်ရ၏။ ထိုညမှာ ပူအိုက်သည့်အတွက် အပူရှိန်ကြောင့် မူးမေ့ လဲကျသွားခြင်း ဖြစ်သည်ဟု ထင်သဖြင့် တာဝန်ကျ ပုလိပ်သားသည် ထိုလူ၏ လည်စည်းကို ဖြုတ်ပေးပြီးနောက် သူနာတင် ကားတစ်စီးကို လှမ်းခေါ်လိုက်သည်။
သို့ရာတွင် သူနာတင်ကား ရောက်လာသည့် အခါတွင်မူ ထိုလူမှာ အသက်မရှိ တော့သည့် အတွက် အလောင်းကို ရင်ခွဲရုံသို့ ယူသွား၏။ ပခုံး ညှပ်ရိုးနှစ်ဖက်ကြားတွင် သေနတ်မှန်၍ သေဆုံးသွားခြင်းဖြစ်၏။
ကျည်ဆံသည် ကိုယ်တွင်းသို့ ဝင်သွားကာ လက်ဝဲဘက် အဆုတ်ကို ဖောက်ထွက်သွား၏။ ထို့နောက် နှလုံးကို ဖြတ်သွားကာ ခန္ဓာကိုယ် ရင်ရိုးကြားထဲတွင် ညပ်နေ၏။
သို့ရာတွင် ပုလိပ်မှာ ဘာသံမျှ မကြားရသဖြင့် အသံတိတ် ကိရိယာတပ်ထားသော သေနတ်ဖြင့် ခပ်လှမ်းလှမ်းမှနေ၍ ပစ်ခြင်း ဖြစ်သည်ဟု ယူဆစရာ ဖြစ်နေ၏။
အဲလဗတ် ကင်ပီရန်သည် ထိုသတင်းကို ဖတ်နေသည့်တိုင် စိတ်ဝင်စားခြင်း မရှိလှ။ ပူလောင် အိုက်စပ် နေရသည့် အထဲတွင် အဖြစ်အပျက် ကလည်း ဘာမျှ ထူးထူးခြားခြားမရှိ။ ကင်ပီရန်သည် ကြမ်းပေါ်တွင် ခြေဆင်းထိုင်ရင်း သတင်းစာကို စိတ်မပါ့တပါနှင့် ဖတ်နေသည်။
“ဒီလိုပဲ သေနေကြတာပါဗျာ၊ သိပ်မဆန်းတော့ပါဘူး”
ဟု ပြောကာ အတန်ကြာ တိတ်ဆိတ်နေ၏။ ထို့နောက်မှ
“အလို နေရာကတော့ တကယ့် နေရာပဲဗျို့၊ ဗက်ကေးရှင်းလမ်း ဆိုပါကလား၊ မာဂျရီ၊ ခင်ဗျားကော အဲဒီလမ်းကို ရောက်ဖူးသလား”
ကျွန်တော်က သူ့အမေးကို မဖြေ။ လူတစ်ယောက် သေသွားသည့် အတွက် စိတ်မကောင်း ဖြစ်နေသည်။
ခဏကြာလျှင် စတန်စလော အုတ် ရောက်လာကာ ထိုအမှုနှင့် ပတ်သက်၍ အသေးစိတ် ပြောပြသည်။ အုတ်သည် ညနေ လေးနာရီ လောက်တွင် ကင်ပီယန်ကို လာရှာခြင်းဖြစ်၏။ ထိုစဉ်က အုတ်မှာ စုံထောက် အင်စပက်တော် ဖြစ်ပြီး အရေးအကြောင်း ရှိလျှင် ကင်ပီယန် ဆီသို့ လာ၍ တိုင်ပင်လေ့ ရှိသည်။ သူတို့နှစ်ယောက် ဆက်ဆံရေးမှာ တော်တော် ထူးဆန်းသည့် ဆက်ဆံရေး ဖြစ်၏။ ကင်ပီယန်သည် အပျော်တမ်း အလွတ်စုံထောက် ဖြစ်ပြီး အုတ်မှာ ဝါရင့် စုံထောက် အင်စပက်တော်ကြီး ဖြစ်သည့်တိုင် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် လေးစားစွာ ဆက်ဆံလေ့ ရှိကြ၏။
အုတ်သည် အရေးတကြီးဖြင့် ပေါက်လာ၏။
“ခင်ဗျား အနားတင် ဖြစ်တဲ့ အမှုပဲဗျ၊ အမှုကတော့ တော်တော် ထူးဆန်းတဲ့ အမှု”
ဟု ဆိုကာ အုတ်သည် ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။
သူတို့ နှစ်ယောက်သည် အပူရှိန်ကြောင့် စကားမပြောနိုင် ကြသေးဘဲ အတန်ကြာမျှ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ အုတ်က
“အမှုက အောက်တန်းစား ရာဇဝတ်မှုပါဗျာ၊ လူဆိုးဂိုဏ်းချင်း ပစ်ကြခတ်ကြတာ၊ ခင်ဗျားတို့ ကတော့ စိတ်ဝင်စားချင်မှ ဝင်စားမှာပဲ၊ ဒါပေမယ့် ကျွန်တော့အဖို့တော့ စိတ်မဝင်စားလို့ မဖြစ်ဘူးဗျ။ ပထမအကြောင်းက လူသတ်သွားတယ်လို့ အစွဲခံရတဲ့သူဟာ ဒီလို လုပ်မယ့် လူစားမျိုး မဟုတ်ဘူး။ ဒုတိယ အကြောင်းကတော့ ကောင်မလေးနဲ့ ပတ်သက်လို့ ကျွန်တော် တွက်တာ မှားသွားတယ်။ ဒီနှစ်ချက်ကြောင့် ဒီအမှုကို ကျွန်တော် စိတ်ဝင်စားတာ”
“ဟောဒီ ကောင်မလေးတွေဟာ ဒီအတိုင်းချည်းပဲဗျာ။ ဘယ်တော့မှ စိတ်မချရဘူး”
အုတ်က ဂျိုးဆက်ဖင်း ဆိုသည့် မိန်းကလေး တစ်ယောက် အကြောင်းကို ပြောပြ၏။
ကျွန်တော် ကိုယ်တိုင်မှာမူ သူပြောသည့် မိန်းကလေးကို တစ်ခါမှ မမြင်ဘူးပါ။ ကျွန်တော်တို့ နှစ်ယောက်သည် အင်စပက်တော် အုတ် ပြောသည့် စကားများကိုသာ နားထောင်နေကြသည်။
အုတ်၏ အပြောအရ ဂျိုးဆက်ဖင်းဆိုသည့် မိန်းကလေးမှာ ဒိုနိုဗန်ဆိုသည့် ခေါင်းတစ်ယောက်၏ အိမ်မှ မိန်းကလေးတစ်ယောက် ဖြစ်ကြောင်းသိရ၏။ ခပ်ပိန်ပိန်၊ ရင်ပြားပြား၊ ဆံပင်နက်နက် ၊ မျက်နှာ ရှည်ရှည်နှင့် ဖြစ်သည်။ အဝတ်အစားဝတ်လျှင် ဇာအင်္ကျီ များကို ဝတ်တတ်ပြီး ရွှေကြိုး၊ ရွှေလက်ဝါးကပ်တိုင်၊ ရွှေရင်ထိုး စသည်တို့ကို ဝတ်လေ့ရှိ၏။ အသက်မှာ နှစ်ဆယ်ခန့် ရှိလေပြီ။
ဒိုနိုဗန်မှာ အသက် သုံးဆယ့်ငါးနှစ်ခန့် ရှိပြီး ထောင်လည်း ဆယ်နှစ်ကျခဲ့ဖူးသည်။
“လုယက်မှုနဲ့ ထောင်ဆယ်နှစ် ကျဖူးတယ်ဗျာ။ သူလွတ်လာလို့ ကောင်မလေးနဲ့ တွေ့တော့ ကောင်မလေးက ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်။ အဲဒီကတည်းက ကောင်မလေးကို အပိုင် သိမ်းထားလိုက်တာပဲ”
ကျွန်တော်တို့သည် သူ့စကားများကို စိတ်ဝင်စားစွာ နားထောင် နေကြသည်။
ထိုစဉ်က အုတ်က ဂျွန်နီ ဂီးလ်ချစ် အကြောင်းကို ဆက်ပြော၏။ ဂျွန်နီမှာ သေသူ၏ အမည် ဖြစ်၏။ သူ့အဆိုအရ ဂျွန်နီနှင့် ဂျိုးဆက်ဖင်းတို့ နှစ်ယောက် ချစ်နေကြကြောင်းဖြင့် ပြောပြသည်။
“ကျွန်တော်လည်း ဒီလောက် စိတ်ကူးယဉ် တတ်တဲ့လူ တစ်ယောက် မဟုတ်ပါဘူးဗျာ။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ကို ကြည့်ပြီး အချစ်ဆိုတာ တော်တော် တန်ခိုး စွမ်းပကားကြီးတဲ့ အရာပါလား ဆိုတာ သဘောပေါက်သွားတယ်”
အင်စပက်တော် အုတ်သည် စကားကို ဖြတ်၍ ပြုံးလိုက်ရင်း
“မိန်းမစိတ်များ ဘယ်လောက် ဆန်းကျယ်သလဲဆိုရင် သူနဲ့ ကြိုက်နေတဲ့ ဂျွန်နီ သေသွားတာကိုတော့ ရင်ခွဲရုံအထိ အလောင်းကို လာကြည့်တယ်။ ဒါပေမဲ့ ဂျွန်နီကို သတ်တဲ့ လူသတ်သမားကျတော့ အဲဒီအချိန်တုန်းက လူသတ်သမားဟာ ဒီမှာ မရှိပါဘူးလို့ ပြောပြီး လူသတ်သမားကို အကာအကွယ် ပေးပြန်သဗျ၊ ထားပါလေ၊ သူ့သက်သေ ထွက်ချက်က ဒီလောက် အရေးမကြီးဘူးပဲ ထားပါ၊ ကျွန်တော် ပြောချင်တာက မိန်းမတွေ စိတ်ဆန်းကျယ်ပုံကို ပြောတာပါ”
ကင်ပီယန်က စိတ်ဝင်စားစ ပြုလာကာ
“အသေးစိတ် ကလေးတွေ ပြောပြစမ်းပါဦး၊ ကျွန်တော်တို့က ညနေ သတင်းစာကိုပဲ ဖတ်ရသေးတယ်၊ ညနေထုတ်ထဲမှာ သိပ်စုံစုံလင်လင် မပါဘူး”
အင်စပက်တော် အုတ်က သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် လှမ်းကြည့်လိုက်ရင်း
“ဒီအကြောင်းကို ပြောရတာ တော်တော် စိတ်ပျက်စရာ ကောင်းတယ်ဗျာ၊ အဖြစ်အပျက်က ဘာမှ မဆန်းပါဘူး၊ ဒါပေမယ့် မဆန်းပဲနဲ့ ခက်နေတာ။ ဒါကြောင့် ခင်ဗျားဆီကို ကျွန်တော် လာခဲ့တာ၊ ကျွန်တော်နဲ့ အတူလိုက်ပြီး အခင်းဖြစ်တဲ့ နေရာကို ကြည့်နိုင်မလား”
အပူရှိန် ပြင်းလွန်းသည့်အတွက် အားလုံးငြိမ်သက် နေကြသည်။ အင်စပက်တော် အုတ်သည် မြေဖြူတစ်ချောင်းကို ကောက်ကိုင်ကာ ကိုယ်ဟန်ပြမယ် ထိုင်လေ့ရှိသည့် ကုလားထိုင်ပေါ်တွင် ကောက်ခြစ်ပြ လိုက်သည်။
“ဟောဒါက ဗက်ကေးရှင်းလမ်းဗျ။ အလျားကတော့ တစ်မိုင်နီးပါး လောက် ရှိမယ်။ အဲဒီလမ်းမ တစ်ဝိုက်မှာ ကုန်လှောင်ရုံကြီးတွေပဲ ရှိတယ်။ ခု ကျွန်တော်ဆွဲပြတဲ့ နေရာက သဲတွေ ထည့်ထားတဲ့ ပုံးကြီး၊ အဲဒီ သဲပုံးကြီးဟာ ပုလိပ်နှစ်ယောက် တာဝန်ကျတဲ့ ရပ်ကွက်နှစ်ခုကို ပိုင်းထားတဲ့ နေရာဗျ။ သဲပုံးရဲ့ ဒီဘက်မှာ ပုလိပ်တစ်ယောက်၊ ဟိုဘက်မှာ ပုလိပ်တစ်ယောက်၊ အဲဒီ သဲပုံးကနေပြီး လက်ဝဲဘက်ကို ဆယ်ကိုက်လောက် သွားလိုက်ရင် မီးသွေးကျင်းလမ်းကို ရောက်တယ်၊ မီးသွေးကျင်းလမ်း ဆိုတာက တစ်ဘက်ပိတ် လမ်းကြားကလေး၊ လမ်းဘေး တစ်ဘက်တစ်ချက်မှာ ကုန်လှောင်ရုံကြီးတွေရဲ့ နောက်ကျော ရှိတယ်။ အဲဒီ လမ်းထိပ်အဆုံးမှာ လက်ဖက်ရည် ဆိုင်ကလေး တစ်ဆိုင်ရှိတယ်၊ လက်ဖက်ရည်ဆိုင်က အလင်းဆိုင်ဗျ၊ အဲဒီနားမှာ စာပုံနှိပ်တိုက်ကြီး နှစ်တိုက်လောက် ရှိတယ်ဗျ။ အဲဒီက အလုပ်သမားတွေ လာလာပြီး လက်ဖက်ရည် သောက်ကြတယ်။ လက်ဖက်ရည် ဆိုင်ကတော့ တရားဝင် ဗန်းပြထားတဲ့ အလုပ်ပေါ့လေ၊ အမှန်ကတော့ လက်ဖက်ရည်ဆိုင်ဟာ ဒိုနိုဗန်ရဲ့ ဌာနချုပ်ဗျ၊ သူ့ဒုစရိုက် ဌာနချုပ်၊ ဂျိုးဇက်ဖင်းက အဲဒီဆိုင်မှာ ဆိုင်ထိုင်ရတာဗျ၊ ကောင်မလေး ခမျာမှာ တစ်နေ့လုံး ဆိုင်ထိုင်ရတာဗျ၊ သူ့ကို ကြည့်လိုက်ရင် အဲဒီမှာချည်းပဲ အမြဲတမ်း ငုတ်တုတ် တွေ့ရတယ်”
အုတ်က စကားရပ်လိုက်၏။ ကျွန်တော်သည် သူပြောသည့် စကားများကို နားထောင်ရင်း ပူလောင် အိုက်စပ်သည့် ညဉ့်ကိုပင် မေ့လျော့သွားကာ သူပြောသည့် ဆိုင်ထိုင်ကောင်မလေး ဂျိုးဇက်ဖင်းကို မြင်ယောင်နေသည်။ ခဏကြာလျှင် အင်စပက်တော် အုတ်သည် စကားကို ဆက်ပြောနေသည်။
“အဲဒီ လက်ဖက်ရည်ဆိုင်မှာ အပေါ်ထပ် ထပ်ခိုးကလေး တစ်ခုရှိတယ်ဗျ၊ ဒုတိယထပ်မှာ ဆိုပါတော့၊ အဲဒီ ကျွန်တော်တို့ မိတ်ဆွေကြီး ဒိုနိုဗန်က ညနေဆိုရင် အဲဒီမှာ စခန်းချတယ်။ သူ့မှာလည်း သူ့အပေါင်းအသင်းနဲ့ သူဆိုပါတော့လေ၊ ဒီတော့ သူ့ကို ကျွန်တော်တို့ အလစ် ဝင်ဖမ်းရမှာပဲ”
အင်စပက်တော် အုတ်သည် သူဆွဲထားသည့် ပုံကြမ်းကို ငုံ့ကြည့် နေ၏။ ထို့နောက် သဲပုံးလုပ်ထားသည့် ခုံနှင့် တစ်ပေအကွာတွင် ရပ်လိုက်ပြီးလျှင် မြေဖြူနှင့် ဝိုင်းပြလိုက်ကာ
“ဂျွန်နီ သေနေတဲ့နေရာက ဒီနားတစ်ဝိုက်မှာဗျ။ ပုလိပ်က ဒီနေရာ တည့်တည့်မှာ ရှိနေတယ်။ အဲဒီကနေပြီး ဂျွန်နီဟာ လမ်းဓာတ်မီးတိုင်နား ရောက်တော့ ယိုင်တီးယိုင်တိုင် ဖြစ်ပြီး လဲကျသွားတာကို မြင်လိုက်ရတယ်။ ဒါနဲ့ သူက ဟိုဘက်ရပ်ကွက်ထဲမှာ ရပ်နေတဲ့ ပုလိပ်ကို လှမ်းခေါ်ပြီး သူနာပြုကား တစ်စီးကို ခေါ်လိုက်တယ်။ ဒီအထိတော့ ပြဿနာ ဘာမှ မရှိသေးပါဘူး။ လွယ်ပါတယ်။ ဒါပေမဲ့ စဉ်းစားစရာ တစ်ချက်ရှိတယ်။ ပထမတစ်ချက် စပစ်လိုက်တုန်းက ဒိုနိုဗန်ဟာ ဘယ်ရောက်နေသလဲ။ ဘယ်နားကနေပြီး ပစ်တာလဲ ဆိုတဲ့ အချက်ပဲ။ အဲဒီအချိန်တုန်းက လမ်းထဲမှာ ပုလိပ်နှစ်ယောက် ရှိနေတယ်နော်။ ဒါကို ခင်ဗျား သတိထားပါ။ သေနတ်ပစ်မှု စဖြစ်တဲ့ အချိန်တုန်းက နဲဗားစထရိလမ်းက ပုလိပ်တစ်ယောက်က ကုန်လှောင်ရုံ ကိုပတ်ပြီး ပတ်တရောင် လှည့်နေတယ်။ ဒါပေမဲ့ ဖိလစ်ကုတ်လမ်းက ပုလိပ်ကတော့ အနားတစ်ဝိုက်မှာ ရှိနေတယ်။ အချင်းဖြစ်တဲ့ နေရာနဲ့ ကိုက်လေးဆယ် လောက်ပဲ ဝေးတယ်။ ဂျွန်နီ လဲကျသွားတာကို သူပဲ မြင်လိုက်တာပဲ။ ဒါပေမယ့် သေနတ်သံတို့ ဘာတို့တော့ မကြားလိုက် ရဘူးတဲ့၊ ကဲ ဒီတော့ ကျွန်တော်သိချင်တာက သေနတ်ကို ဘယ်က ပစ်လိုက်တာလဲ၊ လမ်းတစ်ခုလုံးမှာလဲ ပုန်းကွယ်ရာဆိုလို့ တစ်နေရာမှ မရှိဘူး”
“ဒိုနိုဗန်ဟာ လက်ဖက်ရည်ဆိုင်ထဲက ဘယ်တုန်းက ထွက်လာတာလဲ။ ဘယ်လို ထွက်လာခဲ့သလဲ။ ပြီးတော့ ဘယ်လိုလုပ်ပြီး လက်ဖက်ရည်ဆိုင်ထဲကို ပြန်ရောက်သွားတာလဲ၊ လမ်းဘေး တစ်ဖက်တစ်ချက်မှာ ရှိတဲ့ ကုန်လှောင်ရုံ နံရံကြီးတွေက ကွန်ကရစ်နံရံ အထူကြီးတွေဗျ၊ ဘေးကနေ တွယ်ပြီး တက်လာလို့လဲ မရဘူး။ အမိုးပေါ်က တက်လာဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူး။ ကုန်လှောင်ရုံ အမိုးကြီးတွေက အမြင့်ကြီးတွေ။ လက်ဖက်ရည်ဆိုင်က အသက်ကယ် လှေကလေးလို ဖြစ်နေပြီး ကုန်လှောင်ရုံကြီးတွေက ပင်လယ်ကူး သင်္ဘောကြီးတွေလို ဆိုတော့ ဘယ့်နှယ်လုပ်ပြီး ဂျွန်နီကို သေနတ်နဲ့ ပစ်သလဲဆိုတဲ့ အချက်ပဲ။ ဒါကို ကျွန်တော် စဉ်းစားလို့ မရဘူး”
“ဒါကတော့ သူပစ်တာ မဟုတ်ဘူးလို့ပဲ တွေးစရာ ရှိတော့တာပေါ့ဗျ”
ဟု ကျွန်တော်က ပြောလိုက်၏။ အုတ်သည် ကျွန်တော့်ကို သနားသလို လှမ်းကြည့်လိုက်ကာ
“ဒိုနိုဗန်ကို ကျွန်တော် ကောင်းကောင်း သိတာပေါ့၊ အင်္ဂလိပ် လူမျိုးထဲမှာ သေနတ် ကိုင်တာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။ ဒိုနိုဗန်ဟာ နယူးယောက်မှာ သူ့ ဂိုဏ်းသားတွေနဲ့ အတူ ထောင်ငါးနှစ် ကျခဲ့ဘူးတယ်။ အဲဒီလို အမှုတစ်ခု ကျူးလွန်ခဲ့တယ် ဆိုရင် ဒိုနိုဗန်ဟာ တော်တော်လေး ငြိမ်ကျသွားပြီး ဘာမှလည်း ကောင်းကောင်းမွန်မွန် မလုပ်တော့ဘူးတဲ့၊ ဂျွန်နီက သူ့ဂိုဏ်းသားတွေ ထဲက တစ်ယောက်လေ။ ဒီတုန်းမှာ ဂျွန်နီက ကောင်မလေးနဲ့ ဖြစ်နေရော၊ ဖြစ်ရုံတင် မကဘူး၊ ဂိုဏ်းကိုလည်း ကလန်ကဆန် လုပ်လာတာကိုး၊ ဒီတော့ ဒိုနိုဗန် ဘက်က နေပြီးကြည့်ရင် သူ့မှာ နှစ်ထပ်ကွမ်း အစော်ကားခံရသလို ဖြစ်နေတာပေါ့၊ ကောင်မလေးကိုလည်း အလုခံ လိုက်ရသေးတယ်၊ သစ္စာဖောက်တာ ကိုလည်း ခံလိုက်ရ သေးတယ်ဆိုတော့ နာမယ် ဆိုလည်း နာစရာပေါ့”
အုတ်က ခဏရပ်၍ ပြုံးလိုက်သည်။
“ဒီတော့ ဒိုနိုဗန်ဘက်က နေပြီး ကြည့်မယ်ဆိုရင် ဂျွန်နီကို အပြတ်ရှင်းရမှာပဲ။ မရှင်းဘဲ နေလို့မဖြစ်ဘူး။ ခုရှင်းမလား နောင် ရှင်းမလား၊ အချိန်ကိုပဲ ရွေးရမှာပဲ။ သူ့ဂိုဏ်းသားတွေ အားလုံး ကလည်း ဂျွန်နီကို ရှင်းမယ်လို့ မျှော်လင့် နေကြတယ်။ ဒီ့ပြင်ဂိုဏ်းတွေ ကလည်း ဂျွန်နီ့ ကိစ္စကို သူဘယ်လို ဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့် နေကြတယ်။ ဒိုနိုဗန်ကလည်း ဂျွန်နီဆိုတဲ့ကောင် နောက်တစ်ခါ ဆိုင်ထဲကို လာရဲ လာကြည့်၊ အဲဒီအခေါက်ဟာ ဆိုင်ကို သူနောက်ဆုံး လာတာ ဖြစ်စေရမယ်လို့ ကြိမ်းထားတယ်။ ဒါနဲ့ မနေ့ညဉ့် တုန်းကတော့ ဂျွန်နီကလည်း ရောက်လာတယ်။ ဂျွန်နီကို မြင်တော့ ကောင်မလေးက မြန်မြန် ထွက်သွားဖို့ ပြောတယ်။ ဒီတင် ဂျွန်နီလည်း လမ်းကြားလေး ထဲက ပြန်ထွက်လာခဲ့တယ်။ လမ်းချိုးရောက်တော့ ကွေ့ပြီး လမ်းမအတိုင်း လျှောက်လာခဲ့တယ်။ အဲဒီလို လျှောက်လာတုန်းမှာ ဒိုနိုဗန်က ပစ်သတ်လိုက်တာပဲ။ ဒီမှာ ကင်ပီယန် တခြားနည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ ဒီနည်းပဲ ဖြစ်ရမယ်။ ဆရာဝန်ကတော့ ပွဲခြင်းပြီး သေတာ ဖြစ်ရမယ်တဲ့။ သေသူဟာ ကျည်ဆံမှန်ပြီး သုံးလေးလှမ်း အပြင် မလျှောက်နိုင်တော့ပဲ လဲကျ သွားတာတဲ့၊ နောက်ကျော တည့်တည့်ကို ကျည်ဆံ မှန်သွားတာတဲ့၊ သေနတ်ကျည်ဆံကို ကြည့်လိုက်တော့ ဒိုနိုဗန်ရဲ့ သေနတ်ကျည်ဆံပဲ၊ ခုထက်ထိတော့ သေနတ်ကို ရှာလို့ မတွေ့သေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ လိုချင်နေတဲ့ သေနတ်မျိုး သူ့ဆီမှာ တစ်လက်ရှိမှာ သေချာပါတယ်။ ခု ကျွန်တော်တို့မှာ အရေးအကြီးဆုံး သက်သေ အထောက်အထား လိုနေတယ်။ ဒိုနိုဗန်ဟာ ဘယ်နေရာမှာ ရပ်နေပြီး ဘယ်လို ပစ်လိုက်သလဲ ဆိုတာကို ကျွန်တော်တို့ သက်သေ ခိုင်ခိုင်လုံလုံ ရပြီ ဆိုရင် ဒိုနိုဗန်ကို ကျွန်တော်တို့ ကောက်ဖမ်းလိုက်ရုံပဲ ရှိတော့တယ်”
ကင်ပီယန်သည် သူ့ကို လှမ်းကြည့်လိုက်၏။ မျက်မှန်နောက်မှ မျက်လုံးများသည် တစ်စုံတစ်ရာကို လေးနက်စွာ တွေးတောသည့်ဟန် ပေါ်နေသည်။
“ဒီအချိန်မှာ ဒိုနိုဗန် မရှိဘူး၊ တခြားကို သွားနေတယ်လို့ ထွက်သလား”
အုတ်က ပုခုံးကို တွန့်လိုက်ရင်း
“ဟင့်အင်း၊ ဒိုနိုဗန်ဟာ တစ်ချိန်လုံး အပေါ်ထပ်က အခန်းလေးထဲမှာ ရှိနေတယ်။ ဘယ်ကိုမှ မသွားဘူးလို့ ထွက်ထားတယ်။ ဒီအတိုင်းပဲ တစ်လျှောက်လုံး ထွက်နေတယ်၊ သူ့ကို သတ်ဦး၊ ကောင်မလေးကတော့ ပြောင်းထွက်မှာ မဟုတ်ဘူး။ ဒီအတိုင်း ထွက်မှာပဲ၊ သေကာနီး သွားစစ်ရင်လည်း ဒီအတိုင်းပဲ ထွက်မှာပဲ၊ သူနဲ့ ကြိုက်တဲ့ ငနဲက အသတ်ခံရလို့ ပူပူနွေးနွေးပဲ ရှိသေးတယ်၊ ကောင်မလေးက ဒီလို ထွက်ရက်တာတော့ အံ့ဩလို့ မဆုံးဘူးဗျာ၊ တကယ်ပဲ၊ အေးလေ၊ သူလည်း သူတို့ဂိုဏ်းရဲ့ သစ္စာကို စောင့်ရတာ ဖြစ်ချင်ဖြစ်မှာပေါ့။ အကြောင်းရှိလို့ ဖြစ်မှာပေါ့။ တစ်ခုတော့ ရှိတယ်ပေါ့ဗျာ၊ သူ့ကို ဘာမှ မမေးရသေးခင်မှာ သူက ဒိုနိုဗန်ဟာ တစ်ချိန်လုံး အပေါ်ထပ် အခန်းကလေးထဲက ဘယ်မှ မသွားပါဘူးလို့ ပြောတာကတော့ နည်းနည်း လွန်တာပေါ့”
“ဟုတ်လား၊ ခင်ဗျားတို့က မစစ်ဆေးသေးဘဲနဲ့ သူကိုယ်တိုင်က စပြီး ပြောတာလား”
ဟု ကင်ပီယန်က မေးလိုက်သည်။ အုတ်က ခေါင်းညိတ်ပြ လိုက်၏။ သေးငယ် ပြာလဲ့သည့် သူ့မျက်လုံးများသည် တောက်ပ လာကြသည်။
“အစစ်ခံတာမှ ဂတ်ထဲကို အပြေးအလွှား ရောက်လာပြီး အစစ်ခံတာ ခင်ဗျ။ ပြောတာမှ ဒီလိုဟာမျိုး ကျွန်တော်လည်း တွေ့ဖူးပါတယ်။ ဒီတစ်ခါတော့ တော်တော် နှလုံးနာတယ်ဗျာ။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို အော်ငေါက်ပြီး သွား … ရင်ခွဲရုံမှာရှိတဲ့ နင့်အကောင် အလောင်းကို သွားကြည့်ချည်ဦး၊ ကြည့်ပြီးမှ နင့်ထွက်ချက်ကို ပြန်အစစ်ခံလို့ ပြောလွှတ်လိုက်တယ်”
“ခင်ဗျားကလည်း ရက်စက်လိုက်တာဗျာ၊ ဒီတော့ ကောင်မလေးက ဘာပြန်ပြောသလဲ”
“အို … ထုံးစံအတိုင်းပေါ့ဗျာ။ ငိုယိုနေတာပေါ့၊ ထားပါလေ၊ ဒါက ဒီလောက် စိတ်ဝင်စားစရာ မကောင်းပါဘူး။ ဂျိုးဇက်ဖင်းလို ကောင်မလေးတွေ ဘာလုပ်လုပ် မလုပ်လုပ် အရေးမကြီးပါဘူး။ သူလည်း သူတို့ကို ကာကွယ်ရမှာပေါ့။ သူက ဒီလောက် ပြောနေလို့လည်း ကျွန်တော်တို့ သူ့ကို စကားထဲ ထည့်ပြောနေရတာ။ နို့မို့ရင် ပြောစရာတောင် လိုမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဖို့ အရေးကြီးတာက ဒိုနိုဗန်ပါ။ ခု ကျွန်တော် သိချင်တာက ဒိုနိုဗန်ဟာ ဘယ်ကနေပြီး ဘယ်လိုလုပ် ပစ်လိုက်သလဲ ဆိုတာပဲ သိချင်တယ်”
တယ်လီဖုန်း မြည်လာသဖြင့် အုတ်က ကျွန်တော့ကို လှမ်းကြည့် လိုက်သည်။
“ကျွန်တော့်ဆီကို လာတာ ထင်တယ်၊ ခဏနေဦးဗျာ။ ကျွန်တော် နားထောင် ကြည့်လိုက်ဦးမယ်။ ဂတ်စာသင်ကြီးကို ခင်ဗျား ဖုန်းနံပါတ် ပေးခဲ့တယ်”
အုတ်သည် တယ်လီဖုန်းကို ကောက်၍ နားထောင်လိုက်သည်။
တယ်လီဖုန်းကို နားထောင်ရင်း သူ့မျက်နှာသည် ပြောင်းသွား၏။ ကျွန်တော်တို့ နှစ်ယောက်သည် သူ့ကို စောင့်ကြည့် နေကြ၏။ အတန်ကြာ နားထောင်နေပြီးနောက် အုတ်က
“အင်း ဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကိစ္စရှိပါဘူးလေ။ ရပါတယ်။ ဟုတ်လား။ ဟင် ဘာဖြစ် လို့ဒီလို လုပ်တာလဲ၊ ဘာ၊ ဟုတ်လား၊ အင်း ငါထင်သားပဲ၊ ဟုတ်ပြီ၊ ဟုတ်ပြီ”
အုတ်၏ မျက်နှာသည် အကြီးအကျယ် အံ့အားသင့်ဟန်ကို ပြနေ၏။
ခပ်စောစောက သတင်းတစ်ခုကိုရ၍ တအံ့တဩ ဖြစ်နေစဉ် နောက်ထပ် သတင်းတစ်ခုကို ကြားလိုက်ရသည့် အတွက် ပို၍ အံ့ဩ ထိတ်လန့် သွားဟန်ရှိ၏။
“ဘာရယ်၊ ဟုတ်မှလည်း လုပ်ပါကွာ၊ မသေချာဘဲ မပြောပါနဲ့”
တစ်ဖက်လူက ဆက်ပြောနေသည်။ နားခွက်ထဲမှ လာနေသည့် သူ့အသံကို သဲ့သဲ့ကလေး ကြားနေရ၏။ အင်စပက်တော် အုတ်မှာကား စိတ်တိုသည်ထက် တိုလာခဲ့လေပြီ။
“ဟုတ်ပြီ။ ဟုတ်ပြီ။ နားလည်ပြီ။ ရူးနေလို့ ဖြစ်မှာပေါ့ကွာ။ အေးလေ ဟုတ်မှာပေါ့။ ပုထုဇဉ်ဆိုတာ အရူးချည်းပဲ မဟုတ်လား”
အုတ်သည် ပါးစပ်မှ တစ်ချက် ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲလိုက် ပြီးနောက် တယ်လီဖုန်းကို ချိတ်လိုက်သည်။
“ဘာလဲဗျ။ ခုထက်ထိ ဒိုနိုဗန်ဟာ ထပ်ခိုး အခန်းလေးထဲမှာ ရှိနေတယ်လို့ ထွက်နေတုန်းပဲ တဲ့လား” ဟု ကင်ပီယန်က မေးလိုက်၏။
“ဟုတ်တယ်ဗျ၊ အောက်ထပ်မှာရှိတဲ့ ပုံနှိပ်တိုက် အလုပ်သမား နှစ်ယောက်ကလည်း ဒိုနိုဗန်ဟာ အဲဒီနေ့ညက တစ်ညနေလုံး အပြင်မထွက်ဘူးလို့ ကျမ်းကျိန် ထွက်ထားကြတယ်။ ပုံနှိပ်တိုက် အလုပ်သမားတွေကတော့ စိတ်ဓာတ်အရ ကျန်းကျန်းမာမာ လူတွေပါ။ သူတို့ ထွက်ချက်တွေက အားကိုးရမှာပါ။ ဒါပေမယ့် သူတို့တစ်တွေ ဘယ်လိုပဲ ထွက်ထွက် ဂျွန်နီကို သတ်တာကတော့ ဒိုနိုဗန် သတ်တာပါဗျာ။ ဒါတော့ သေချာတယ်။ ကျွန်တော် စဉ်းစားလို့ ရသလောက် ဆိုရင် ဒိုနိုဗန်ဟာ ကုန်လှောင်ရုံကြီး တစ်ခုရဲ့ ထောင့်ချိုးက နေပြီး လှမ်းပစ်တာဗျ။ ဗျို့ ကင်ပီယန်၊ ဘယ်လိုလုပ် ပစ်နိုင်မလဲ ဆိုတာ စဉ်းစားကြည့်စမ်းဗျာ”
ဟု လှမ်းပြောလိုက်လေ၏။ အဖြေမပေါ်နိုင်သဖြင့် ရှက်နေပုံ ရသည်။
“ကျွန်တော် စဉ်းစားလို့ ရသလောက်တော့ နှစ်မျိုး ဖြစ်နိုင်တယ်ဗျ”
“ဒါဖြင့်လည်း မြန်မြန်ပြောစမ်းဗျာ၊ နိဒါန်းတွေ ဘာတွေ လုပ်မနေနဲ့၊ ကဲ ဆိုစမ်း”
ဟုပြောရင်း မျက်နှာကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်၏။ ကင်ပီယန်က ချောင်းတစ်ချက် ဆိုးလိုက်ပြီး
“တစ်ချက်က အပူရှိန်ဗျာ၊ နောက်တစ်ချက်က ခင်ဗျားတို့ ကွန်ကရစ် ကုန်လှောင်ရုံနံရံကြီး တွေဗျာ”
အင်စပက်တော် အုတ်က ပါးစပ်မှ ဆဲလုံးတစ်လုံး ထွက်လာသည်၊ ထို့နောက် ကင်ပီယန်ကို တောင်းပန်၏။
“ကဲပါဗျာ၊ အပူရှိန်တွေ ဘာတွေ ပြောမနေပါနဲ့၊ ပြောမယ့်ကိစ္စကို မြန်မြန်ပြောစမ်းပါ၊ ကွန်ကရစ် နံရံတွေက ဘာဖြစ်သလဲ”
ကင်ပီယန်သည် ထိုင်ခုံပေါ်တွင်ရေးထားသည့် မြေပုံဇယားကွက်ကို ငုံ့ကြည့်နေသည်။
“ဟောဒီမှာ ကုန်လှောင်ရုံထောင့်ဗျ။ လက်ဝဲဘက်ကတော့ ဂျွန်နီ လဲကျသေဆုံး သွားတယ် ဆိုတဲ့ လမ်းမီးတိုင်ရယ်၊ အဲဒီအတိုင်း လက်ဝဲလက်ကို ဆက်လျှောက်သွားလို့ ရှိရင် ပုလိပ်တစ်ယောက်၊ နဲဗားစထရိ လမ်းကြားထဲကို ဝင်ပြီး ကွက်လပ်တစ်ခုကို သွားကြည့်နေတယ်။ သူ့ကို လမ်းမကနေ ကြည့်ရင် မမြင်ရဘူး။ သူကလည်း မမြင်နိုင်ဘူး။ မီးသွေးကျင်းရဲ့ လက်ယာဘက်မှာလည်း ပုလိပ်တစ်ယောက် ရှိတယ်။ ဒီတော့ တွေးကြည့်ရင် လူသတ်သမားဟာ ကွန်ကရိ နံရံကြီး နှစ်ဖက်နဲ့ ပုလိပ်နှစ်ယောက်ရဲ့ ကြားမှာ ရောက်နေတယ်။ ဒါကြောင့် အဲဒီကြားထဲမှာ ရှိရမယ်လို့ တွက်နိုင်တယ်”
ကင်ပီယန်သည် အင်စပက်တော် အုတ်ကို မရဲတရဲဖြင့် လှမ်း ကြည့်လိုက်၏။
“ဒီတော့ ပုလိပ်တစ်ယောက်ဟာ နံရံကြီးတစ်ချပ်လို စိတ်ချ ရတယ်ဗျ။ အဲ ပုလိပ် တစ်ယောက်ဟာ နံရံကြီးတစ်ချပ်လို စိတ်မချ ရတဲ့ အခါလည်း ရှိတတ်တယ်။ အပူရှိန် သိပ်ပြင်းတဲ့ အချိန်မျိုးကျတော့ ကျွန်တော်တို့ လန်ဒန်ပုလိပ်ဟာလဲ နံရံကြီးတစ်ချပ် မဟုတ်တော့ဘူးဗျ။ မဟုတ်ဘူးလား”
အုတ်သည် သူ့ကို စူးစိုက်ကြည့်နေ၏။ သူ့မျက်လုံးများသည် မှေးသွားကြ၏။
“ဟုတ်တယ် ကင်ပီယန်၊ ခင်ဗျား ပြောတာ မှန်နိုင်တယ်၊ ဟုတ်တယ်”
သူတို့ နှစ်ယောက်သည် ခုံပေါ်တွင် မြေဖြူနှင့် ဆွဲထားသည့် ဇယားကို ကြည့်နေကြသည်။ အုတ်က ကိုယ်ကို ကိုင်းကာ လမ်းကျဉ်းကလေးထဲ အဝင်တစ်နေရာကို ကြက်ခြေခတ် ပြလိုက်၏။
“အဲဒီနေရာဟာ လမ်းမီးတိုင်ပဲဗျ၊ ကဲ ကျွန်တော့်ကို တယ်လီဖုန်း လှမ်းပေးလိုက်စမ်းပါဗျာ။ ကျွန်တော် ဆက်ပြီးသည် အထိ ခဏစောင့်ပါဦး”
အုတ်က စိတ်အားထက်သန်စွာ စကားပြောလျှက်ရှိစဉ် ကျွန်တော်တို့က ကင်ပီယန်အား အကျိုးအကြောင်း မေးမြန်း ကြည့်ကြသည်။ ကင်ပီယန်က ခါတိုင်းကဲ့သို့ပင် ချိုသာနူးညံ့စွာဖြင့်
“ဟောဒီမှာ သဲပုံးကို တွေ့တယ်မဟုတ်လား။ အဲဒီသဲပုံးဟာ ပုလိပ်နှစ်ယောက် တာဝန်ကျတဲ့ နယ်နှစ်ခုကြားမှာ နယ်နမိတ်ပဲဗျ။ အဲဒီညက ပူလည်း ပူအိုက်လေတော့ ပုလိပ်မောင်က တော်တော်လေး ပင်ပန်းနေပြီ။ ဒီတုန်းမှာ သူ့နယ်ထဲက လမ်းမီးတိုင် အောက်မှာ လူတစ်ယောက် မူးမေ့ပြီး လဲကျသွားတာကို မြင်လိုက်ရတယ်။ ပုလိပ်မောင်က စိတ်ထဲမှာ သူ့နယ်ထဲမှာ ဖြစ်တာ မဟုတ်လို့ သိပ်ပြီး တာဝန် မယူချင်ဘူး။ ဒီတင် လူကလည်း သေးသေးညှက်ညှက် ဆိုတော့ မောင်က ဟာ လဲကျသွားတဲ့လူကို သဲပုံးရဲ့တစ်ဖက် လမ်းဓာတ်မီးတိုင် အောက်ကို ရွှေ့မယ်လို့ စိတ်ကူးရတယ်။
“ဒါမှ သူ့တာဝန် ကင်းမှာကိုး။ ဟိုဘက်နယ်ထဲမှာ လဲကျနေတော့ သူ့တာဝန် မဟုတ်တော့ဘူးပေါ့။ ပုလိပ် မောင်ခရဲ့ တာဝန် ဖြစ်သွားပြီ။ ဒီတင် အလောင်းကိုရွှေ့ပြီး တစ်ဖက်ကို သွားထားပြီး ပြန်တော့မလို့ ကုန်းကြည့်နေတုန်းမှာ ပုလိပ်မောင်ခ သူ့ဆီကို ရောက်လာတယ်။ မောင်ခကတော့ ဟိုလူသေနတ်မှန်ပြီး သေတယ်ဆိုတာ မသိသေးတော့ သူ့စိတ်ထဲမှာလည်း ဘာမှ ထွေထွေထူးထူး မဖြစ်သေးဘူးပေါ့။ အမှန်ကတော့ လမ်းကျဉ်းကလေး အဝကို လက်ဖက်ရည်ဆိုင် အပေါ်ထပ်က ကြည့်ရင် တည့်တည့်ကြီး မြင်နေရတယ်ဗျ။ နောက်တစ်နေ့ကျမှ လူသတ်မှု ဆိုတာလည်း သိရော ပုလိပ်မောင်က ဟာ သူ အလောင်း သွားရွှေ့တာကို ဘာမှမပြောတော့ဘဲ အသာကလေး ငြိမ်နေလိုက်တယ်။ သူ့တာဝန် ဖြစ်နေပြီကိုး”
အုတ်က တယ်လီဖုန်းကို ချလိုက်ပြီးနောက် ဝမ်းသာအားရဖြင့်
“ပုလိပ်မောင်က ကတော့ ဒီနေ့မနက်ပဲ ခွင့်ယူသွားတယ်ဗျ။ လူကတော့ လူကောင်းပါပဲ။ ဒါပေမယ့် အလောင်းကို သူပဲ ပထမဆုံး တွေ့တာပဲ ဖြစ်ရမယ်။ ဒါပေမယ့် သေနတ်ပစ် ခံရတယ်လို့ မထင်ဘဲ အပူမိပြီး သေသွားတာလို့ ထင်ပုံရတယ်။ သူ့ကို မေးတာ စစ်တာတွေ အလုပ်ခံချင်ပုံ မရဘူး။ အစတုန်းက ဒီလို မမြင်ခဲ့ဘူးဗျာ၊ တကယ်ပဲ”
ကျွန်တော်တို့ အားလုံးသည် အတန်ကြာမျှ ငြိမ်သက်နေကြသည်။ ကျွန်တော်က
“ဒါဖြင့် ကောင်မလေးကကော ဘယ်ရောက်သွားသလဲ”
အင်စပက်တော် အုတ်က မျက်မှောင်ကုတ် လိုက်ပြီးနောက် မကျေမချမ်းဖြင့် မဲ့လိုက်သည်။
“ကောင်မလေး အဖြစ်ကတော့ သနားစရာပဲ၊ မတော်တဆ ဖြစ်တာလားတော့ မသိဘူး၊ မြင်လိုက်ရတဲ့ လူရဲ့ အဆိုအရကတော့ တမင်ဖြစ်တာလား မတော်တဆ ဖြစ်တာလားဆိုတာ ခွဲလို့ မရဘူးတဲ့”
ကျွန်တော်တို့သည် သူ့ကို စိုက်ကြည့်လိုက်၏။ အုတ်က အကျိုး အကြောင်းကို ရှင်းပြသည်။
“ကျွန်တော် ပြောတယ်မဟုတ်လား၊ ကောင်မလေးက တရားခံကို အလီဘိုင် ထွက်ချက် ပေးတုန်းမှာ ကျွန်တော့်စာသင်က ကျွန်တော့်ကို လှမ်းအကြောင်းကြား လိုက်တယ်လေ၊ ကောင်မလေးဟာ ဒီနေ့မနက် ရင်ခွဲရုံကို သွားကြည့်ပြီး ပြန်အလာမှာ မော်တော်ကားတစ်စီး အောက်ကို ထိုးလှဲချလိုက်တယ်ဗျ။ ပွဲချင်းပြီးပဲတဲ့”
အုတ်သည် ခေါင်းကို ယမ်းလိုက်၏။ သူ့ကို ကြည့်ရသည်မှာ စိတ်မချမ်းမသာ ဖြစ်နေပုံ ရသည်။ “ဂတ်တဲကို လာတုန်းကတော့ အမှန်အတိုင်း အစစ်ခံဖို့ လာတာဖြစ်မယ်ဗျ၊ ဒါပေမယ့် သူတို့ ဂိုဏ်းသားတွေက အပေါ်ထပ်မှာ ဘယ်သူမှ မရှိဘူးလို့ အထွက်ခိုင်း ထားလိမ့်မယ်၊ ကံအားလျှော်စွာ အလောင်းက နေရာရွှေ့သွားပြီး အခြားတစ်နေရာကို ရောက်သွားတဲ့ အခါကျတော့ ထွက်ချက်ကို အပြင်ခိုင်းလိုက်တယ်။ သူတို့လူ ဒိုနိုဗန်ဟာ အပေါ်ထပ်မှာပဲ ရှိတယ်လို့ အထွက်ခိုင်းလိုက်တယ်၊ ဒီတင် ကောင်မလေးလဲ နေရာပြောင်းပြီး ထွက်ရတာပဲ၊ ကံတရားက တော်တော် ရယ်စရာ ကောင်းတယ်နော်၊ အလောင်းက လမ်းကျဉ်းလေး ထိပ်မှာ ရှိတုန်းက သူတို့လူကို အပေါ်ထပ်မှာ မရှိဘူးလို့ ဘူးခံဖို့ အထွက်ခိုင်းတယ်၊ ပုလိပ်က အလောင်းကို တစ်နေရာမှာ ရွှေ့ထားလိုက်တဲ့ အခါကျတော့ သူတို့လူဟာ ဘယ်ကိုမှ မသွားပါဘူးလို့ အထပ်ခိုး အပေါ်ထပ်မှာ ရှိပါတယ်လို့ ပြင်ပြီး အထွက်ခိုင်းရတယ်။ ဖြစ်ချင်တိုင်းလဲ မဖြစ်ရ ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့”
အုတ်က ကင်ပီယန်ကို လှမ်းကြည့်လိုက်သည်။
“အင်း၊ ဒီတစ်ချီမှာတော့ ခင်ဗျားတွက်နည်းက လူ့သဘာဝတွေကို ထည့်မတွက်ဘဲ ပုလိပ် မောင်ကနဲ့ မောင်ခကို ကြည့်ပြီး တွက်တာ မှန်သွားပြီဗျာ။ တကယ်လို့သာ သူတို့နှစ်ယောက် ကိုယ့်နယ်ကို တာဝန်သိသိ စောင့်ကြတယ်ဆိုရင် ဒီအမှုကို စဉ်းစားရတာ တော်တော် လွယ်မှာပဲ”
ကင်ပီယန်သည် မည်သို့မျှ ဝေဖန်ခြင်း မပြုဘဲ ခပ်မဆိတ် နေလေ၏။
(အင်္ဂလိပ် စာရေးဆရာမ Magery Allinghan ၏ The Border Line ကို ဘာသာပြန်သည်။)