ဝတ္ထုတိုများစုစည်းမှု့

မသာခေါင်းတစ်လုံး အသက်တစ်ချောင်း

ရွာနှင့် မနီးမဝေးတွင် ချောင်းနှစ်သွယ်သည် ပေါင်းဆုံကြ၏။ချောင်းရေက ပြာလဲ့လဲ့ ကြည်လင်လင်။ အဝေးကနေ ကြည့်လျှင် ဖဲကြိုး နှစ်ချောင်းကို ပစ်ချထားသည့်နှယ်။ မိုးတွင်းဆိုလျှင် တောင်ကျရေ ဆင်းသဖြင့် ချောင်းနှစ်သွယ်သည် ခါတိုင်းလို ကြည်လင်ခြင်း မရှိတော့။ ရေသည် နောက်ကျိ ဝါကျင်နေတတ်သည်။ တောင်ကျရေများသည် တဟုန်ထိုး စီးဆင်းလာကာ ချောင်းကမ်းဘေးက ရွာများ၊ စားကျက်များ၊ တောအုပ်များကို လွှမ်းသွားတတ်သည်။ ထိုအခါမျိုး၌ ကြည့်လေရာရာတွင် ရေတွေဖွေးလျက်။

ရွာနှစ်ရွာကြားတွင် စိမ်းလန်းသည့် စားကျက်များ ရှိသည်။ တောအုပ်များလည်း ရှိသည်။ တစ်ခါတစ်ရံတွင်

တဲစုကလေးများ ကလည်း ဟိုတစ်စု သည်တစ်စု တွေ့ရတတ်၏။

မိုးကုန်ခါနီးပြီဖြစ်သည့်တိုင် တောင်ပေါ်တွင် မိုးကောင်းနေသဖြင့် ချောင်းရေသည် အမြဲလိုလို နောက်ကျိ ဝါကျင် နေတတ်၏။ တစ်ခါတစ်ရံ တောင်ပေါ်တွင် မိုးသည်းလျှင် တောင်ကျရေသည် တဝုန်းဝုန်း မြည်သံကို ပြုကာ စီးဆင်းလာမြဲ။

တစ်ညနေတွင် ကျွန်တော်သည် ရွာမှထွက်၍ တောင်ကျရေကြည့်ရန် ချောင်းကမ်းပါးသို့ လျှောက်လာခဲ့သည်။ ခေါင်းပေါ်တွင် ငှက်တို့က လူးလာ ပျံဝဲလျက်။

ချောင်းစပ်သို့ ရောက်လျှင် ကမ်းစပ်တွင် ငူငူကြီး ထိုင်နေသည့် အဘိုးကြီး တစ်ယောက်ကို တွေ့ရ၏။ အဘိုးကြီးခေါင်းတွင် ဆောင်းစရာမပါ။ အင်္ကၤျလက်တို ကလေးက စုတ်ပြဲစ ပြုကြပြီ။ အဘိုးကြီးသည် မေးကို လက်နှစ်ဖက်ဖြင့် ထောက်ရင်း အဝေးသို့ ငေးကြည့် လျက်ရှိ၏။ တစ်ဟုန်ထိုး စီးဆင်းနေသည့် ချောင်းရေကို ကြည့်ပြီး ရေကသိုဏ်း ရှုနေသည်လော မဆိုနိုင်။ မှိုင်းပြာနေသည့် ကောင်းကင်နှင့် စိမ့်ညို့နေသည့် တောအုပ်များ နောက်ခံတွင် သူထိုင်နေပုံကို ကြည့်ရသည်မှာ ကျောက်ရုပ် တစ်ရုပ်နှင့်ပင် တူတော့သည်။ အဟုန်ပြင်းစွာ စီးဆင်းနေသည့် ချောင်းရေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် စဉ်းစားနေခြင်းလည်း ဖြစ်နိုင်သည်။

ကျွန်တော်သည် အဘိုးကြီးအနီးမှ နှစ်ကြိမ်တိုင် ဖြတ်လျှောက်ရင်း သူ့အခြေအနေကို အကဲခတ်ကြည့်သည်။

သို့ကလို ကျွန်တော် အကဲခတ်နေစဉ်တွင် အဘိုးကြီးသည် ထိုင်ရာမှ ရုတ်ခနဲထကာ သူ့အင်္ကျီကို ချွတ်လိုက်ပြီးနောက် ချောင်းထဲသို့ ခုန်ဆင်းလိုက်သည်။ ကျွန်တော်သည် သူ့ကိုကြည့်ရင်း “လာကြပါဦးဗျို့၊ လူတစ်ယောက်

ရေထဲ ခုန်ဆင်းလို့ လာကြပါ” ဟု သံကုန်အော်၍ အကူအညီ တောင်းသည်။ သို့ရာတွင် ထိုအနီးတစ်ဝိုက်တွင် လူ သူ ရှင်းလျက်ရှိသဖြင့် ကျွန်တော့် အော်သံကို မည်သူမျှ ကြားမည် မထင်ပါ။ ရေသံများက တဟဲဟဲ အော်မြည်လျက် ရှိသဖြင့် လူရှိသည့်တိုင် ကျွန်တော့် အော်သံကို ကြားဖို့ မလွယ်ကူပါ။ ခဏကြာ၍ ရေထဲသို့ လှမ်းကြည့်

လိုက်သည့် အခါတွင် ကျွန်တော့် အထင်နှင့် အမြင် ပါစင်အောင် လွဲနေသည်ကို တွေ့ရပါသည်။ အဘိုးကြီးမှာ အတော် ရေကူးသန်သူ ဖြစ်ပြီး ရေကိုဆန်၍ ကူးလျက်ရှိသည်ကို တွေ့ရ၏။ သေသေချာချာ ကြည့်လိုက်သည့် အခါ အဘိုးကြီးသည် ပျဉ်ပြား တစ်ချပ်ကို လိုက်ဆယ်နေခြင်း ဖြစ်ကြောင်း တွေ့ရသည်။ ရေကူးသန်သူ ဖြစ်သည့်အတွက် ပျဉ်ပြားကို တွယ်မိကာ ကမ်းသို့ ကူးလာသည်ကို တွေ့ရ၏။ တော်တော် လောဘကြီးသည့် လယ်သမား အဘိုးအို ပါတကား။ ပျဉ်ပြားကလေးတစ်ချပ် ရဖို့အရေး ရေထဲသို့ သက်စွန့်ဆံဖျား လိုက်ဆယ်ရ သလောဟု အပြစ်တင်မိပါသေးသည်။

အဘိုးကြီးသည် ကျွန်တော် ရပ်နေသည့် ကမ်းနဖူးသို့ တက်လာ ပါသည်။

“ဦးကြီးက ဒီနားတစ်ဝိုက်မှာ နေပါသလား” ဟု ကျွန်တော်က မေး၏။

“ဟုတ်တယ်ဗျ၊ ဟောဟိုနားက အရက်ဖိုမှာ အလုပ်လုပ်တယ်”

“ဦးကြီး ဆယ်လာတဲ့ ပျဉ်ပြားက တော်တော် ကောင်းသေးတာပဲ၊ နည်းနည်းလေး တိုနေတာ တစ်ခုပဲ”

“ဘုရားမတာလေ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ လူတွေကို ဘယ်တော့မှ ပစ်မထားဘူးဗျ၊ အမြဲတမ်း စောင်မတော်မူတယ်”

“ဒီပျဉ်ပြားက ဘာလုပ်ဖို့လဲ ဦးကြီး၊ စားပွဲခုံ လုပ်ဖို့လား၊ ထိုင်ခုံ လုပ်ဖို့လား၊ စင်ရိုက်ဖို့လား”

အဘိုးကြီးက သက်ပြင်း တစ်ချက်ကို ချလိုက်ရင်း

“အင်း ဒါတော့ … မလုပ်နိုင်ပါဘူးကွယ်၊ အသုဘခေါင်းမှာ ပျဉ်ဖုံးကလေး တစ်ချပ် လိုနေတာနဲ့ လိုက်ရှာတာပါ”

“ဗျာ”

မထင်မှတ်ဘဲ ကြားလိုက်ရသည့် အဖြေကြောင့် ကျွန်တော် အံ့အားသင့် သွားကာ တော်တော်နှင့် စကားမ ပြောနိုင်ဘဲ ဖြစ်နေသည်။

“ဦးကြီးကို ကြည့်ရတာ တော်တော် သန်သေးတာပဲ၊ ဒီလောက်သန်တဲ့ ရေစီးကို ကူးတာ တောင်တော်တော် ကူးနိုင်တာပဲ၊ ကျွန်တော်သာ ကူးရရင် တစ်ခါတည်း ပါသွားမှာ”

“အင်း မင်းထင်လို့ပါကွာ၊ ဦးကြီးက သိပ် မသန်တော့ပါဘူး၊ တော်တော်လေးကို ချည့်နေပါပြီ၊ အေးလေ … အသက်ကလဲ မနည်းတော့ဘူး၊ ခြောက်ဆယ့်ခုနစ်နှစ်တောင် ရှိပြီကပဲ၊ တစ်သက်လုံး ပင်ပင်ပန်းပန်း လုပ်လာခဲ့ရတော့ လူက တယ်ပြီး မသန်ချင်တော့ ပါဘူး ၊ ငယ်ငယ်တုန်းက လိုများ သန်ရင် မယ်ရီ တစ်ယောက် ဘယ်မှာ ဒီလို အဖြစ်မျိုးနဲ့ ကြုံရ ပါ့မလဲကွယ်”

“သြော် … ဦးကြီးမှာ ဆွေမျိုးရင်းချာ ထဲက တစ်ယောက်ယောက် ဆုံးရှုံးခဲ့သလား”

“ကျုပ်သမီးကလေးလေ … မယ်ရီတဲ့”

အဘိုးကြီးသည် ကမ်းပေါ်တွင် ထိုင်ချပြီး တဝေါဝေါ စီးဆင်းနေသည့် ချောင်းရေပြင်ကို ငေးကြည့်နေသည်။

“ဦးကြီးမှာ သားသမီးဆိုလို့ သမီးကလေး တစ်ယောက်ပဲ ရှိတာ၊ ခုတော့ မီးစာကုန် ဆီခန်း ဆိုသလို ဟုပ်ခနဲ ငြိမ်းသွားပြီလေ၊ သစ်ရွက် ကလေး တစ်ရွက်လို ကြွေကျ သွားတယ် ဆိုလဲဟုတ်ရဲ့၊ ပန်းကလေး တစ်ပွင့်လို ကြွေကျ သွားတယ်လို့လဲ ပြောလို့ရရဲ့”

သူ စိတ်မကောင်းဖြစ်နေသဖြင့် ကျွန်တော် သူ့ကို ဆက်မမေး ရက်တော့ပါ။ ထို့ကြောင့် တိတ်တိတ်သာ နေလိုက်ပါသည်။ အဘိုးကြီးက ဆက်၍

“နောက်ဥပုသ်နေ့ဆိုရင် သမီးလေး မယ်ရီ ဆယ့်ကိုးနှစ် ပြည့်တော့မယ်လေ၊ အင်း … ဒါပေမယ့် သမီးလေးသက်ဆိုး မရှည်ရှာဘူး၊ သမီးလေး ကြည့်ရတာ အရပ်အမောင်းကလဲ သွယ်သွယ်နွဲ့နွဲ့၊ ပန်းငုံကလေးလိုလဲ လှ၊ စိတ်သဘောကလဲ ကောင်း၊ ဒီလိုသမီးမျိုး လိုချင်လိုက်တာလို့ လူတကာ ကတောင် ပြောယူရတယ်၊ ခုတော့ ကျုပ်သမီး

ကလေးမယ်ရီ မရှိတော့ဘူးလေ၊ သေမင်းနှယ် ရက်စက်လိုက်တာ၊ ကျုပ်လို အိုမင်း တွင်းဆုံး ကျခါနီး အဘိုးကြီး ကျတော့ မခေါ်ဘူး၊ သူ့လို ငယ်ငယ်ရွယ်ရွယ် လှလှပပလေးကိုမှ ရွေး ခေါ် သွားတယ်လေ”

မျက်ရည်များသည် အဘိုးကြီး၏ ပါးပြင်ပေါ်သို့ စီးကျလာ၏။ အားရပါးရ အော်ဟစ် ငိုလိုက်ချင်သည့်နှယ် သူ့

နှုတ်ခမ်းများသည် တရွရွ တုန်နေကြသည်။ အဘိုးကြီ၏ သောကကို ဘယ်သူ ဖျောက်၍မျှ ပျာက်နိုင်မည်မထင်ပါ။ ထို့ကြောင့် ကျွန်တော်ကလည်း ဘာမှ မပြောတော့ဘဲ ငြိမ်နေလိုက်သည်။ ခဏကြာသော် အဘိုးကြီးသည် တစ်ယောက်တည်း နေလိုသည့်နှယ် ပျဉ်ပြားကို ထမ်းပြီး ခပ်လှမ်းလှမ်းသို့ ထွက်ခွာ သွားလေသည်။ ကျွန်တော်သည် ဘာမှမပြောတော့ဘဲ အဘိုးကြီး နောက်မှ လိုက်လာခဲ့လေသည်။

ချောင်းစပ်တစ်နေရာသို့ ရောက်လျှင် အဘိုးကြီးသည် ပျဉ်ပြားကို ထမ်းလာရာမှ အောက်သို့ ချရန်ပြင်နေသည်။ ကျွန်တော်က မနေနိုင်သဖြင့် သူ့ ပျဉ်ပြားကို ကူ၍ အောက်သို့ ချပေးသည်။

“အင်း … ကျေးဇူးပါပဲဗျာ၊ မောင်မင်းကြီးသား ဘုန်းကြီးလို့ အသက်ရှည်ပါစေ၊ အသက် ကြီးတဲ့သူကို ကူညီတယ် ဆိုတာ ကုသိုလ် ရပါတယ်ကွယ်၊ ကျုပ်သမီးကလေးဟာ အသက် ကြီးတဲ့လူကို ကူညီရင်း သေသွား ရတာကွယ့်၊ တကယ်တော့ သမီးကလေး မယ်ရီကို ကျုပ် သတ်တာ၊ သူ့ကို အလုပ်တွေ မညှာမတာ ခိုင်းလို့ ဒဏ်ပိပြီး သေရတာ၊ သမီးကလေး မယ်ရီက အရက်ဖိုမှာ အရက်ချက်ဖို့ ကောင်းညှင်း အိတ်ကြီးတွေကို မနိုင်မနင်း ရွက်လာရလို့ သမီးလေး ဒဏ်ပိပြီး သေရတာ၊ ကျုပ် ဒီအရက်ဖိုမှာ အလုပ် လုပ်လာတာ အသက် သုံးဆယ်ကျော် လောက်က

တည်းက ဆိုပါတော့၊ လုပ်သက်နဲ့ ချည်းပဲ သုံးဆယ်ကျော်လောက် ရှိနေပြီလေ၊ ကောက်ညှင်း အိတ်ကြီးတွေကို သိပ် မထမ်းနိုင် တော့ဘူး၊ ဒီတော့ အရက်ဖို ပိုင်ရှင်က ကျုပ်ကို အလုပ်က ထုတ်ပစ်ချင်တယ်၊ ကျုပ်ကို အလုပ်က ထုတ်ပစ်ရင် ကျုပ်တို့ သားအဖနှစ်ယောက် ဘာနဲ့ သွားစားမလဲကွယ်၊ ဒီတော့ သမီးကလေး မယ်ရီကို ကောက်ညှင်းအိတ် အထမ်းခိုင်း ရတယ်၊ အလုပ် ပင်ပန်းတဲ့ ဒဏ်နဲ့ သမီးလေး သေရှာပြီလေ၊ ခု သမီးလေးအတွက် ခေါင်းဖုံး မရှိလို့ ပျဉ်စကလေးတစ်ချပ် လိုက်ရှာရတာ၊ ခုတော့ … သမီးလေး ခေါင်းအတွက် အဖုံးရပါပြီ၊ သမီးလေးမယ်ရီဟာ မနေ့က ကြက်ဦးတွန်လောက်မှာ ဆုံးရှာတယ်”

“ခေါင်းစပ်ဖို့ ပျဉ်ကလေး တစ်ချပ် နှစ်ချပ်လောက်တော့ အရက်ဖို ပိုင်ရှင်ဆီ သွားတောင်းရင် ရမှာပါ ဦးကြီးရယ်၊ သွားတောင်းရောပေါ့”

ကျွန်တော်က ေုပာလိုက်သည်။ အဘိုးကြီးက ခေါင်းယမ်းရင်း

“တောင်းပါသော်ကော မောင်ရာ၊ ဒီနေ့မနက်တင်ပဲ အရက်ဖိုပိုင်ရှင် သူဌေးဆီကို ခေါင်းစပ်ဖို့ ပျဉ်ကလေး တစ်ချပ် နှစ်ချပ် သွားတောင်း ပါတယ်၊ ဒါပေမယ့် မရခဲ့ပါဘူး၊ သူတို့မှာ ပျဉ်တို ပျဉ်စ အလွယ်တကူ မရှိဘူးတဲ့၊ ဒါဖြင့်

ခေါင်းဖိုးကလေးများ လိုလို့ ငွေကလေး နည်းနည်းပါးပါး ထုတ်ချေးပါ ဆိုတော့လဲ မချေးနိုင်ဘူးတဲ့၊ အဘိုးကြီးက အိုပြီတဲ့၊ ဒီပိုက်ဆံကို ဘယ့်နှယ်လုပ်ပြီး ပြန်ဆပ်မလဲ တဲ့၊ သူတို့ဘက်က ကြည့်တော့လဲ ဟုတ်တာပေါ့လေ၊ ဒါနဲ့

ဦးကြီးလဲ အရက်ဖိုနား ရစ်ဝဲရစ်ဝဲ လုပ်ပြီး နေ့လယ် လူရှင်းချိန် ကျတော့ အရက်ဖိုနားက ပျဉ်တိုကလေး တစ်စနှစ်စကို ဝင်ဆွဲတယ်၊ ဒီတင် မိသွားလို့ ဦးကြီးရဲ့ မျက်နှာသုတ်ပဝါလေးနဲ့ ခမောက်ကလေးတောင် ယူထား လိုက်ကြတယ်၊ ဒီနားက ခြံပိုင်ရှင်များရှိလို့ အကူအညီ တောင်းမယ်ဆိုပြီး ထွက်လာ တော့လဲ ခြံပိုင်ရှင်များက မရှိကြဘူး၊ မြို့ကို တက်သွားကြ သတဲ့၊ ဒါနဲ့ ချောင်းကမ်းပါးမှာ ထိုင်နေတုန်း ချောင်းထဲမှာ ပျဉ်ပြား တစ်ချပ် မျောလာတာ မြင်တာနဲ့ လိုက်ဆယ်တာ၊ ဘုရားမတာပေါ့လေ၊ ခုတော့ တစ်ချပ်ရပြီ၊ နောက် တစ်ချပ်လောက် ရရင် လုံလောက်ပါပြီ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နောက် တစ်ချပ်လောက်တော့ ပေးတော်မူဦးမှာပါ”

စကားပြော၍ မဆုံးမီး အဘိုးကြီးသည် ထိုင်ရာမှ ထကာ ချောင်းစပ်သို့ ပြေးဆင်းသွားသည်။

“ဗျို့ … ဦးကြီး၊ မဆင်းပါနဲ့၊ ခေါင်းဖိုးကို ကျွန်တော်ပေးပါ့မယ်၊ ပြန်ခဲ့ပါ” ကျွန်တော်က အော်ခေါ်သည်။

သို့ရာတွင် အဘိုးကြီးသည် လူငယ်လေး တစ်ယောက်နှယ် ချောင်းစပ်ဆီသို့ ပြေးဆင်း သွားသည်။ အခြားကြောင့် မဟုတ်၊ ချောင်းရေထဲတွင် မျောပါလာသည့် ပျဉ်ပြားစများကို မြင်လိုက်ရသောကြောင့် ဖြစ်ပေသည်။ အလိုရှိတုန်းတွင် ဘုရားသခင်က ပေးလိုက်သည့် ပျဉ်ပြားစများ ပေတကား။

သို့ရာတွင် သည်တစ်ကြိမ်တွင်မူ ရေကူးသန်သည့် အဘိုးကြီး ကံမကောင်းရှာပါ၊ အဟုန်ပြင်းစွာဖြင့် စီးဆင်းလာသည့် တောင်ကျရေများသည် အဘိုးကြီးကို ဆွဲနှစ် လိုက်ကြလေပြီ။

သူ့သောကနှင့် အသက်သည် နိဂုံးသို့ရောက်လေပြီ။ ။

မြသန်းတင့်