မယာ သို့မဟုတ် မာယာ
ခ
ရစ်နှစ် ၉၀၀ လောက်တွင် မာယာတို့၏ နိုင်ငံတော်ကြီးသည် အဘယ်ကြောင့် ဗုန်းဗုန်းလဲ ပျက်စီးပျောက်ကွယ် သွားခဲ့ပါသနည်း။
စင်စစ် တောင်အမေရိကတိုက်က အပူပိုင်းဇုန် တောကြီးမြက်မဲထဲတွင် ယခု တွေ့နေရသည့် မာယာတို့၏ မြို့ဟောင်းသည် နဂိုရှိခဲ့သည့် မာယာတို့၏ ၁ ရာနှုန်းမျှပင် မရှိဟု ရှေးဟောင်း သုတေသန ပညာရှင်များက ဆိုကြသည်။
များလှစွာသော ရှေးဟောင်း သုတေသန ပညာရှင်များ၊ အနုပညာသမိုင်းဆရာများ၊ ကျောက်စာဗေဒ ပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များ၊ ဝံသဗေ သမိုင်းပညာရှင်များ၊ ဘာသာဗေဒ ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များသည် မာယာတို့၏ မြို့ဟောင်းသို့ နှစ်တိုင်းရောက်လာကြကာ မာယာတို့၏ ခြေရာများကို ရှာဖွေကြသည်။ တွေ့ရှိချက်အသစ်များကို ရသည့်အခါလည်း ရှိသည်။ သို့ဖြင့် မာယာဗေဒသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်းတွင် ပညာရေးဆိုင်ရာ ဘာသာရပ်တခုအဖြစ်မှ သိပ္ပံဆိုင်ရာ ပညာရပ်တခုအဖြစ်သို့ ကူးပြောင်းလာခဲ့သည်။
မာယာရောဂါသည် ယနေ့ခေတ် ရှေးဟောင်း သုတေသန ပညာရှင်များအား တော်တော် ပြင်းပြင်းထန်ထန် စွဲကပ်ခဲ့ဟန် တူသည်။ ဗင်ဒါဗစ် တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် ဒီးမားရက်စ်သည် သုတေသနအဖွဲ့တခုကို ခေါင်းဆောင်ကာ လွန်ခဲ့သည့် လေးနှစ်လုံးလုံး ဂွါတီမာလာ မြောက်ပိုင်းရှိ မာယာမြို့တော်ဖြစ်သော ဒိုးစ်ပီးလာ့စ် မြို့ဟောင်းကို သွားရောက် တူးဖော်ခဲ့သည်။ သူက ‘တောကြီးမျက်မည်းထဲမှာ ရှေးဟောင်းမြို့တွေကို သွားတွေ့တယ်ဗျာ၊ အဲဒီမှာ ဘယ်သူမှ ကောင်းကောင်း မဖတ်တတ်တဲ့ ကျောက်စာတွေကိုလည်း တွေ့တယ်။ ပြီးတော့ ဒီမြို့ကြီးနဲ့ ဒီမာယာလူမျိုးတွေ ဘာကြောင့် ပျောက်ကွယ်သွားရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကလည်း ရှိနေတယ်၊ ဒီတော့ ကျွန်တော်တို့ တတွေ စိတ်ဝင်စားကြတာပေါ့’ ဟု ပြောသည်။
သို့ဖြင့် မာယာ လူမျိုးတို့၏ အကြောင်း အစအနတွေ တွေ့လာရသည်နှင့်အမျှ သီဝရီတွေလည်း အမျိုးမျိုး ပေါ်လာခဲ့ကြသည်။ မာယာဗေဒ ပညာရှင်များထဲတွင် ပထမဆုံးပေါ်လာသည့် သီဝရီမှာ မာယာတို့၏ ယဉ်ကျေးမှုတွင် စစ်တိုက်ခြင်းသည် အဓိကအခန်းမှ ပါသည်ဆိုသည့်အချက် ဖြစ်သည်။ မာယာ အုပ်စိုးသူတို့သည် ဘာသာရေးအရ လည်းကောင်း၊ အမဲလိုက်ပွဲများတွင် လည်းကောင်း၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် လည်းကောင်း လူများကို စတေးကာ ယဇ်ပူဇော်ခဲ့ကြဟန် တူသည်။ မာယာ ယဉ်ကျေးမှုကြီး ပြိုလဲပျက်စီးသွားရ သည့် အကြောင်းရင်းများထဲတွင် စစ်တိုက်ခြင်းသည် အကြောင်းကြီးတခု ဖြစ်ဟန်တူသည်။ ခရစ် ၂၅၀ တဝိုက်သည် မာယာတို့၏ ဂန္ထဝင်ခေတ်ကြီးဟု ဆိုသင့်သည်။ မာယာ မြို့ပြနိုင်ငံအချင်းချင်း ဖြစ်ကြသည့် စစ်ပွဲများသည် အထွေထွေစစ်ပွဲကြီးတရပ် အသွင်ကို ဆောင်လာခဲ့ကာ နောက်ဆုံးတွင် ဂုဏ်ယူဖွယ် မာယာမြို့ကြီးများသည်လည်း တစ္ဆေမြို့ကြီးများအဖြစ်သို့ လျှောကျသွားခဲ့ရသည်ဟု သူတို့က ယူဆခဲ့ကြသည်။
မာယာလူမျိုးတို့နှင့် ပတ်သက်၍ ပထမဆုံး သုတေသန လုပ်ငန်များကို စတင်လုပ်ခဲ့သူမှာ အမေရိကန်ပညာရှင်တဦးဖြစ်သည့် စတီဖင်နှင့် အင်္ဂလိပ်ပန်းချီဆရာတဦးဖြစ်သည့် ဖရက်ဒရစ် ကေသာဝုဒ်တို့ ဖြစ်သည်။ ၁၉၃၉ ခုနှစ်တုန်းက သူတို့ နှစ်ယောက်သည် ချုံနွယ်ပိတ်ပေါင်းတို့ကို ခုတ်ထွင်ကာ တောကြီးမျက်မည်း ထဲသို့ ဝင်ခဲ့ကြသည်။ ထိုခရီးအကြောင်းကို ရေးခဲ့သည့် စတီဖင် စာအုပ်သည် လွန်စွာ အောင်မြင်ခဲ့ပြီး ထို့နောက်မှ စ၍ ပညာရှင်များသည် တောကြီး မျက်မည်းထဲသို့ လည်းကောင်း၊ စပိန်အစိုးရ၏ မှိုတက်နေသော မော်ကွန်းတိုက် များထဲသို့ လည်းကောင်း မွှေနှောက် ဝင်ရောက်ခဲ့ကြသည်။ ထိုရာစုနှစ် အလယ်ပိုင်းတွင် သုတေသန ပညာရှင်များသည် ကွီချီ မာယာ လူမျိုးစုများ၏ ‘ပိုပိုဗူး’ အမည်ရှိ ဘာသာရေးကျမ်းကို တွေ့ရှိခဲ့ကြပြီး ၁၆ ရာစုနှစ် စပိန်တို့ သိမ်းပိုက်ပြီး မကြာမီတွင် ပြုစုခဲ့သည့် ဗရင်ဂျီ ဘုန်းတော်ကြီး ဒိုင်ရာဂို ဒီလင်းဒါး၏ ‘ယူကာတန် လူမျိုးတို့၏ ဘာသာရေး အယူအဆများ’ ဆိုသည့် စာအုပ်ကိုလည်း တွေ့ရှိလာခဲ့ကြသည်။ ၁၈၉၀ ပြည့်လွန်နှစ်များတွင်မူ အင်္ဂလိပ်လူမျိုး ခရီးသည်တဦး ဖြစ်သည့် အဲဖရက် မော့စလေသည် ရှာဖွေတွေ့ရှိသမျှသော မာယာ လူမျိုးတို့၏ ရှေးဟောင်း အဆောက်အအုံများ၊ အထိမ်းအမှတ်ပစ္စည်းများနှင့် ကျောက်စာများ၏ ကက်တလောက် စာရင်းကို ပြုစုနိုင်ခဲ့သည်။
ထိုအချက်အလက်များ၏ အကူအညီဖြင့် ၁၉ ရာစုနှစ် ရှေးဟောင်းသုတေသန ပညာရှင်များသည် မာယာတို့၏ ကျောက်စာများကို အဓိပ္ပါယ်ပြန်ရန် ကြိုးစားခဲ့ကြသည်။ မာယာတို့၏ သမိုင်းကို တူးဆွကာ ပျက်စီးကျဆုံးရသည့် အကြောင်းများကို စေ့ငုကြသည်။ သမိုင်းအထောက်အထား မရှိသည့်အခါတွင် ထင်ကြေးများကလည်း မျိုးစုံနေတော့သည်။ အချို့က ကျန်ရစ်ခဲ့သည့် အဆောက်အအုံများသည် ပျောက်ဆုံး ကွယ်ပျောက်သွားသော အတ္တလန္တိတ် ပထဝီတိုက်ကြီး၏ အကြွင်းအကျန်များ ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ပျောက်ကွယ်သွားသော ရေဝတီ လူမျိုးစု ၁၀ စု၏ ပစ္စည်းများဟု ဆိုကြသည်။ အချို့က အီဂျစ်တို့၏ ပစ္စည်းများ၊ ခိုနီရှန်း လူမျိုးတို့၏ ပစ္စည်းများ၊ တရုတ်တို့၏ ပစ္စည်းများ၊ ဂျာဗား လူမျိုးတို့၏ ပစ္စည်းများဟု သန်ရာ သန်ရာ ပြောကြသည်။
၂၀ ရာစုနှစ် အလယ်ပိုင်းသို့ အရောက်တွင်မူ နောက်ထပ်တူးဖော်မှုများနှင့် နောက်ထပ် စာရင်းပြုစုမှုများ ပြုလုပ်ခဲ့ကြပြန်သည်။ ၁၉၅၀ ခုနှစ်တဝိုက်တွင် ဝါရှင်တန်ရှိ ကာနက်ဂျီ အင်စတီကျုးရှင်းမှ အဲရစ်သွန်မဆင်နှင့် ဆီးလဗားနတ်စ် မော်လေတို့က မာယာ လူမျိုးတို့၏ မြို့ဟောင်းများကို ထပ်မံ တူးဖော်ခဲ့ကြသည်။ သူတို့၏ အယူအဆများမှာ အောက်ပါအတိုင်းဖြစ်သည်။
ဂန္ထဝင် မာယာလူမျိုးတို့၏ မြို့လယ်အဆောက်အအုံများသည် လူနေရန်မဟုတ်ပဲ အဆောင်အယောင် အခမ်းအနားများ ကျင်းပရန် ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖြစ်သည်။
ကျောက်စာများတွင် ပါသည့် အရေးအသားများသည် အုပ်စိုးသူ ဘုရင်များ၊ သမိုင်းအဖြစ်အပျက်များကို ရေးထိုးထားခြင်း မဟုတ်ဘဲ ပြက္ခဒိန် တွက်ချက်မှုများ၊ နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုများ နှင့် ဘာသာရေး အကြောင်းအရာများကို ရေးထားသည့် စာများ ဖြစ်သည်။
မာယာလူမျိုးတို့သည် တောခုတ် မီးရှို့သည့် တောင်ယာကို စိုက်ပျိုးကြသည်။
မာယာလူမျိုးတို့သည် အခြားသော လူမျိုးများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။
ယင်းတို့မှာ သွန်မဆင်နှင့် မော်လေတို့၏ အယူအဆများ ဖြစ်သည်။ သူတို့နှစ်ဦးသည် ထက်မြက်သည့် သုတေသန ပညာရှင်များ ဖြစ်သည့်တိုင် နောက်တွေ့ရှိချက်များအရ သူတို့၏ အယူအဆများသည် မှားနေကြောင်းကို တွေ့ရသည်။ နှောင်းခေတ် သိပ္ပံပညာရှင်များမှာ ရေဒီယိုကာဗွန် ရက်စွဲဖော်နည်း (မီးသွေးကို ကြည့်၍ ရက်စွဲရှာနည်း) စသည့် နည်းပညာများကို သုံးလာခဲ့ကြသည်။ ဂွါတီမာလာနှင့် မက္ကဆီကို နယ်စပ်အနီးရှိ ဒိုးပီးလတ်စ် မာယာ မြို့ဟောင်းကို တူးဖော်ချက်များအရ မာယာလူမျိုး၏ သမိုင်းတွင် ခရစ်နှစ် ၇၆၁ မတိုင်မီ နှင့် ထို ခရစ်နှစ် နောက်ပိုင်းဟု နှစ်ပိုင်းခွဲလိုက်သည်။ ၇၆၁ ခုနှစ် မတိုင်မီတုန်းက မာယာတို့၏ စစ်ပွဲများသည် စစ်အင်္ဂါ အခင်းအကျင်း အစုံအလင်ဖြင့် တိုက်သော စစ်ပွဲများဖြစ်ပြီး၊ သုံ့ပန်းများကို ဖမ်းဆီးကာ လူအများရှေ့တွင် သတ်ဖြတ်ပစ်လေ့ ရှိကြသည်။ သို့ရာတွင် ၇၆၁ ခုနှစ် နောက်ပိုင်းတွင်မူ စစ်ပွဲများသည် စနစ်တကျ တိုက်ခိုက်သည့် စစ်ပွဲများ မဟုတ်တော့ဘဲ ပစ္စည်းများကို လုယက်ခြင်း၊ လူသတ်ခြင်း စသည့် အမှုများကို ကျူးလွန်ကြကာ (ယနေ့ ဆိုမာလီတွင် ဖြစ်ပျက်သကဲ့သို့) လူမှုအဆောက်အအုံကြီး တခုလုံး ပြိုကွဲပျက်စီးသွားစေသည့် နည်းများ ဖြစ်သည်ဟု ရှေးဟောင်းသုတေသနပညာရှင် ဒီမားရက်စ်က ဆိုသည်။ ထိုနှစ်တွင် မာယာ မျိုးနွယ်စု တခုဖြစ်သော တာမာရင်ဒီတိုးမှ ဘုရင်နှင့် စစ်သည်များသည် အခြား မာယာ မြို့ပြနိုင်ငံတခုဖြစ်သော ဒိုးစ်ပီးလာစ်မြို့ကို ဝန်းဝိုင်းတိုက်ခိုက်ပြီးနောက် ဘုရင်ကို ဖမ်းဆီးကာ သူ့ကို ယဇ်ပူဇော်ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ ဤသို့ မာယာလူမျိုးတို့၏ စစ်တိုက်ပုံ စစ်တိုက်နည်း ပြောင်းသွားခြင်းမှာ အခြားကြောင့်မဟုတ်။ မာယာ အုပ်စိုးသူများ အချင်းချင်းကြားတွင် ပြိုင်ဘက်တွေ များလာသဖြင့် ထိုသို့ တဦးကိုတဦး အပြတ်ရှင်းပစ်ကြခြင်း ဖြစ်နိုင်သည်ဟု ဒီမားရက်စ်က ဆိုသည်။ ဤသို့ဖြင့် မာယာတို့၏ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းကြီး တခုလုံးသည် ကျဆုံးပျက်ပြားသွားခြင်း ဖြစ်နိုင်သည်။
ယနေ့ ဗလိတ်နိုင်ငံ တည်ရှိရာ မာယာ ရှေးဟောင်းမြို့ ဖြစ်သည့် ကာရာကိုးမြို့ကို တူးဖော်ခဲ့ကြသည့် ဖလော်ရီဒါ တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင်နှစ်ဦးဖြစ်သည့် အာလင်းနှင့် ချစ် တို့ကလည်း မာယာ မြို့ဟောင်း ရုတ်တရက် ပျက်စီးပြိုကွဲသွားခြင်းသည် စစ်ပွဲများ အဆက်မပြတ် တိုက်ခိုက်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ သူတို့အဆိုကို ထောက်ခံသည့်အနေဖြင့် အဆောက်အအုံများပေါ်မှ မီးလောင်သည့် အမှတ်အသားများ၊ နောက်ဆောက်သည့် အဆောက်အအုံများတွင် ရေးခြယ်ထားသည့် စစ်နှင့်ပတ်သက်သော ရုပ်ပုံများ၊ လက်နက်များနှင့် စစ်နှင့် ပတ်သက်သော ကဗျာများကို ထောက်ပြကြသည်။
မာယာတို့ ပျက်စီးရသည့် နောက်အကြောင်း တကြောင်းမှာ ပတ်ဝန်းကျင် ဂေဟ စနစ်ကြီး တခုလုံးကို ပျက်စီးသွားအောင် မိုးသစ်တောများကို အသုံးချလွန် သွားသောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ တီယယ်မြို့နှင့် ကုန်းတွင်းပိုင်းရှိ အခြားသော မာယာမြို့များတွင် ရှုပ်ထွေး ယှက်လိမ်နေသော ရေလှောင်စနစ်များနှင့် ရေပေးစနစ်များကို ထောက်၍ မာယာတို့တွင် ရေအခက်အခဲ ရှိသည်ကို သိနိုင်သည်ဟုလည်း စင်စင်နတီ တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် ဗာနွန် စကာဘာရိုက ပြောသည်။
မာယာတို့ ကျဆုံးရာတွင် ဖြစ်နိုင်ဖွယ်ရှိသော နောက်အကြောင်းတကြောင်းမှာ လူဦးရေ ထူထပ်မှု ဖြစ်သည်။ တူးဖော်သော နေရာ ၂၀ တို့မှ တူးဖော်ရရှိသည့် အချက်အလက်များအရ အလယ်အမေရိကတိုက် တောင်ပိုင်းတွင် လူဦးရေသည် တစ် စတုရန်းကီလိုမီတာတွင် ၂၀၀ ခန့် နေထိုင်ကြသည်။ ယင်းမှာ အတော်များသည့် ကိန်းဂဏန်းဖြစ်ပြီး စက်မှုခေတ်အကြိုကာလတွင် လူဦးရေ အထူထပ်ဆုံးသော တိုင်းပြည်များ တွင်ရှိသည့် ကိန်းဂဏန်းများနှင့် အတူတူ ဖြစ်နေသည်။ လူဦးရေ များပြားခြင်း၊ စိုက်ပျိုးရေးစနစ် ပျက်သုဉ်းလာခြင်းတို့ကြောင့် မာယာလူမျိုးတို့တွင် အဟာရ ချို့တဲ့လာကြသည်။ တွေ့ရှိသည့် ကလေးငယ်များ၏ အရိုးစုများကို ကြည့်၍ ကလေးငယ် အတော်များများမှာ အဟာရချို့တဲ့နေကြသည်ကို တွေ့ရသည်။ ဤသို့သော အခြေအနေများတွင် မင်းဆိုးတပါး အုပ်ချုပ်ခြင်း၊ လေမုန်တိုင်း ရာသီနှစ်ခုလောက် ဆက်တိုက်ကြုံလိုက်ခြင်း စသည့် သေးငယ်သော အကြောင်းများသည် လူမျိုးတမျိုးကို ပျက်စီးစေနိုင်သော နောက်ဆုံးပိတ်အကြောင်းများ ဖြစ်လာနိုင်သည်ဟု သုတေသနပညာရှင် ကားလ်ဘတ်က ပြောသည်။
မာယာတို့၏ ပြိုကွဲမှုမှ မည်သည့် သင်ခန်းစာများကို ထုတ်ယူနိုင်ပါသနည်း။
မက္ကဆီကိုနိုင်ငံ ချီယာပါစ်ရှိ ပါလင်ကွီမြို့ဟောင်း အပျက်အစီးများကို လိုက်ပြနေသည့် ဧည့်လမ်းညွှန် သည် ထိုအဖြစ်အပျက်ကို စိတ်ပါလက်ပါ ပြောပြတတ်သည်။ မြင့်မားလှသော ပိရမစ်ကြီးများကို ငေးကြည့်ပြီး နောက် ကမ္ဘာလှည့်ခရီးသည်က ဧည့်လမ်းညွှန်ဘက်သို့ လှည့်ပြီး ‘အဆောက်အအုံကြီးတွေက သိပ်လှတာပဲနော်၊ ဒါပေမယ့် အဲဒီက လူတွေက ဘယ်ကိုရောက်သွားကြလဲဟင်’ ဟု မေးသည်။ ဧည့်လမ်းညွှန်က လှောင်ပြောင်သည့် ဟန်ဖြင့် ခေါင်းကိုယမ်းလိုက်ပြီး ‘ကျွန်တော်တို့ ဘယ်မှ ရောက်မသွားပါဘူး၊ ကျွန်တော်တို့ ဒီမှာ ရှိနေတာပဲ၊ ကျွန်တော်တို့ဟာ မာယာ လူမျိုးတွေပဲ’ ဟု ပြောသည်။
ထိုစကားသည် မာယာ လူမျိုးတို့၏ ပဟေဠိထဲက ဆန့်ကျင်ဘက် သဘောကို ဖော်ပြနေသည်။ သိပ္ပံပညာ ရှင်များက မာယာ လူမျိုးတို့၏ ရှေးဟောင်း လက်နက်နိုင်ငံတော်ကြီး ထူးဆန်းစွာ ပျောက်ကွယ်သွားပုံကို စူးစမ်း ရှာဖွေနေကြစဉ် မာယာ လူမျိုးတို့သည် သူတို့ ဘေးပတ်လည်တွင် ရှိနေကြသည်။ မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ပြည်နယ်ဖြစ်သည့် ချိယာပါ့စ် ပြည်နယ်တွင် မာယာလူမျိုး ၁.၂ သန်း ခန့် နေထိုင်လျက် ရှိပြီး၊ ငါးသန်းခန့်တို့မှာ ယူကာတန်ကျွန်းဆွယ် တလျှောက်နှင့် ဗလိဇ်၊ ဂွါတီမာလာ၊ ဟွန်းဒူးရပ်စ်နှင့် အယ်ဆာဗေးဒိုး နိုင်ငံကြီးများနှင့် ကျေးလက် ယာတောများတွင် နေထိုင်လျက် ရှိကြသည်။ လူမျိုးရေးအရ ပြောလျှင် သူတို့သည် မီဆို အမေရိကတွင် အမြင့်မားဆုံးသော ယဉ်ကျေးမှုကို ဖန်တီးခဲ့ကြသည့် လူမျိုးများမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။ သို့ရာတွင် မြင့်မားသည့် ပါလင်ကွီ ဝတ်ကျောင်းများကို နှစ်စဉ် လာရောက်ကြည့်ရှုသည့် ထောင်ပေါင်း များစွာသော ဧည့်သည်များသည် ယနေ့ခေတ် မာယာလူမျိုးများမှ ဆင်းသက်လာသည့် မျိုးနွယ်များ၏ ကံကြမ္မာကို မြင်သည့်အခါတွင် ထိတ်လန့် တုန်လှုပ်မိကြသည်။
ရာစု နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည့်အတွက် ကြောင့် တကြောင်း၊ ယဉ်ကျေးမှုအရ ဝိုင်းပယ်ခံခဲ့ ကြရသည့် အတွက်ကြောင့် တကြောင်း၊ မာယာ လူမျိုးများသည် ကိုယ့်နေရင်း ဇာတိတိုင်းပြည်တွင် ဆင်းရဲ မွဲတေသော အပယ်ခံများ ဖြစ်နေကြရသည်။ သူတို့ အများဆုံးဖြစ်လျှင် ကမ္ဘာလှည့် ဧည့်သည်တို့ လာရောက် ကြည့်ရှုစရာမျှသာ ဖြစ်နေသည်။ ရသည့်ပိုက်ဆံကလည်း မဖြစ်စလောက်မျှသာ။ ဥပမာအားဖြင့် မက္ကဆီကိုမှ လာကာဒန် အိန္ဒိယ လူမျိုးများသည် သူတို့ အစဉ်အလာ ဝတ်ဆင်ခဲ့သည့် ရှီကာခေါ် ချည်ထည် ဝတ်ရုံရှည်များနှင့် သူတို့၏ နက်မှောင်သော ဆံရှည်များကို ကမ္ဘာလှည့် ခရီးသည်တို့အား ပြသလေ့ ရှိကြသည်။ သို့ရာတွင် သူတို့ ရသည့် အဖိုးအခမှာ လူရာသွင်းခြင်း မခံရဘဲ နှိမ့်ချ ဆက်ဆံသည့် အမူအရာမျိုးမျှသာ ဖြစ်သည်။ ၁၉၉၂ ခုနှစ် အစီရင်ခံစာတခုအရ မက္ကဆီကို အစိုးရသည် ချီယာပါ့စ်ရှိ မာယာ လူမျိုးစုများကို လူမျိုးရေးအရ နှိပ်ကွပ်ခဲ့ ကြသည်။ ၁၉၉၀ ပြည့်နှစ်တုန်းက မာယာ လူမျိုး ၁၁ ယောက်တို့သည် မြေယာအငြင်းပွါးမှု တခုကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရပြီး ညှဉ်းပမ်းနှိပ်စက် ခံခဲ့ကြရသည်။ လွန်ခဲ့သည့် နှစ်နှစ်ကာလကလည်း မာယာ လူမျိုး ၁၀၀ ကျော်တို့ကို ဖမ်းဆီး၍ အစာငတ် ရေငတ်ထားခဲ့ကာ ဆေးဝါးကုသမှုမပေးပဲ ချုပ်နှောင်ထားခဲ့ကြသည်။ ဂွါတီမာလာနိုင်ငံက အနှစ်နှစ်ဆယ်ကြာ ပြည်တွင်းစစ်တွင် မာယာ လူမျိုးတို့သည် အစိုးရ၏ ပြောက်ကျား ဆန့်ကျင်ရေး စစ်ဆင်မှုများတွင် သားကောင် ဖြစ်ရသည်။ အချို့သော နေရာများတွင်ဆိုလျှင် မာယာ လူမျိုးတို့၏ ကျေးရွာများကို မီးရှို့ဖျက်ဆီး ပစ်ခဲ့ကြသည်။
မာယာ လူမျိုးများအား ထိုသို့ စနစ်တကျ နှိပ်ကွပ်ခြင်းမှာ ယခုမှ မဟုတ်ပါ။ အမေရိကတိုက်ကို စပိန်တို့ သိမ်းပိုက်ခဲ့စဉ် ၁၆ ရာစု နှစ်ကတည်းက အစပြုခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က စပိန်လူမျိုး ဘရင်ဂျီ သာသနာပြု အဖွဲ့များသည် မာယာ လူမျိုးတို့၏ ဘာသာတရားကို တရားမဝင် ကျေညာခဲ့ပြီး သစ်ခေါက်စက္ကူဖြင့် လုပ်သည့် မာယာ ဘာသာရေးကျမ်း လေးကျမ်းကို မီးရှို့ဖျက်ဆီး ပစ်ခဲ့ကြသည်။ စစ်ပွဲတွင် မသေမပျောက် ကျန်ရစ်သူ၊ ဥရောပ ရောဂါကပ်များထဲတွင် မသေမပျောက် ကျန်ရစ်သူ၊ မာယာ လူမျိုးများကို ဥရောပတိုက်သားများ၏ စိုက်ခင်း များတွင် ကျွန်များအဖြစ် အတင်းအကျပ် စေခိုင်းခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ လုံးလုံး မာယာ လူမျိုးတို့သည် ပထမ စပိန်တို့၏ အုပ်စိုးမှု၊ ထို့နောက်တွင် မက္ကဆီကိုတို့၏ အုပ်စိုးမှုကို ခုခံ တိုက်ခိုက်ခဲ့ကြသည်။
ယင်းသို့ ခုခံ တိုက်ခိုက်ခဲ့သည့်တိုင် (သို့မဟုတ် ထိုသို့ ခုခံ တိုက်ခိုက်ခဲ့သည့်အတွက်) အလယ်ပိုင်း အမေရိကတိုက် လူမျိုးများ၏ မိသားစု အတွင်းသို့ သွတ်သွင်းခံခဲ့ရပြီးသည့် နောက်မှာပင် မာယာ လူမျိုးတို့သည် အခြားသော လူမျိုးများ၏ ဝိုင်းဝန်းဖိနှိပ်ခြင်းကို ခံနေရဆဲ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့် အထိ မြို့ဈေးများသို့ လာ၍ ကြက်ငှက်နှင့် ကောက်ပဲသီးနှံတို့ကို လာရောက် ရောင်းချသည့် မာယာ လူမျိုး တောသူတောင်သားများသည် အိန္ဒိယမျိုးနွယ် မဟုတ်သော အမျိုးသမီးများက ဝိုင်းဝန်း လုယက်သည်ကို ခံနေကြရဆဲ ဖြစ်သည်။ ထိုမြို့များ၏ ကုန်သွယ်ရေးသည် အိန္ဒိယ လူနီမျိုးတို့ အပေါ်တွင် မှီခိုနေရသည့်အတိုင် ညအချိန်တွင် မြို့ထဲတွင် လမ်းလျှောက်နေသော မာယာ လူမျိုးကို တွေ့လျှင် ထောင်ဒဏ် ငွေဒဏ်တို့ကို စီရင်နေဆဲ ဖြစ်သည်။
ယခုအချိန်၌ နိုင်ငံသူ နိုင်ငံသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည်ဟု နိုင်ငံတော်က အာမခံချက် ပေးထားသည့်တိုင်၊ ဂွါတီမာလာ သမ္မတသစ် လီယွန်ကာပီယိုက လူ့အခွင့်အရေးကို တန်းတူ ပေးထားသည့်တိုင်၊ မာယာ လူမျိုးတို့သည် နိုင်ငံရေးနှင့် စီးပွါးရေး လှေကား၏ အောက်ဆုံးထစ်တွင်သာ ရှိနေကြသေးသည်။ မက္ကဆီကို တနိုင်ငံလုံးတွင် စာတတ်သူဦးရေမှာ ၈၈% ရှိသော်လည်း ပြည်နယ်တခုဖြစ်သည့် ချိယာပါ့စ်တွင် စာတတ်သူဦးရေမှာ ၅၀% မျှသာ ရှိပြီး မာယာ လူမျိုးတို့၏ ကလေးအသေအပျောက်နှုန်းမှာ ၁၀၀၀ လျှင် ၅၀၀ ရှိသည်။ ယင်းမှာ မက္ကဆီကို တနိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် ၁၀ ဆ များနေသည်။ ကျေးလက်တွင် နေထိုင်သည့် မာယာ လူမျိုး ၇၀% တို့မှာ သောက်သုံးနိုင်သော ရေ မရှိဘဲ နေကြရသည်။
ထိုသို့သော ဝမ်းနည်းဖွယ်ကောင်းသည့် အခြေအနေမျိုး၌ မာယာ လူမျိုးတို့သည် သူတို့၏ ခေတ်ပြိုင်ဘ၀ ကို အဓိပ္ပါယ် ရှိလာစေရန် ခေတ်ဟောင်းနည်းများဖြင့် နေထိုင်နေကြရသည်။ လူသူ အရောက်အပေါက်နည်းသည့် ဂွါတီမာလာနှင့် မက္ကဆီကို တောင်ပေါ်ဒေသများတွင် မာယာ လူမျိုးတို့သည် လွန်ခဲ့သော နှစ်ပေါင်း လေးထောင်က သူတို့ ဘိုးဘေးများ ကျင့်သုံးခဲ့ကြသော ရိုးရာအစဉ်အလာများကို ကျင့်သုံးကြဆဲ ဖြစ်သည်။ မာယာ ရက်ကန်းသည်များသည် အထည်များကို ရက်လုပ်ရာတွင် မာယာ ရှေးဟောင်း ဝတ်ကျောင်းများ၏ ထုတ်တန်းများ ပေါ်တွင် ရေးခြယ်ထားသည့် စကြာဝဠာ ဖန်တီးဟန် ပုံသဏ္ဍာန်များကို ရက်လုပ်ကြသည်။ ကိုလံဘတ် မရာက်မီက ရှိခဲ့သော မာယာ လူမျိုးတို့၏ နတ်ဘုရား ပုံသဏ္ဍာန်များကို ရေးခြယ်ခြင်းဖြင့် ခေတ်ပြိုင် မာယာ လူမျိုးတို့သည် သူတို့၏ ရှေးဟောင်း ယဉ်ကျေးမှု အတိတ်နှင့် စိတ်ဓာတ်အရ ဆက်သွယ်နေကြသည်။ ထို ဒီဇိုင်းများကို ရေးခြယ်ခြင်းဖြင့်လည်း သူတို့သည် ရုပ်ဝတ္ထုအရ သူတို့၏ နတ်ဘုရားများနှင့် ဆက်သွယ်မိနေ ကြသည်။
‘သူတို့ အဝတ်အစား ဒီဇိုင်းတွေကို ကြည့်လိုက်ရင် နေ့စဉ်ဘဝကို ဖော်ပြနေတဲ့ သင်္ကေတတွေကို မတွေ့ရဘူး။ သဘာဝလွန် အရာတွေ၊ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ၊ အိပ်မက်တွေထဲမှာသာ တွေ့နိုင်တဲ့ အရာတွေကိုသာ မြင်နေရတယ်’ ဟု ဆီးအက်တဲ အခြေစိုက် ‘မနုဿဗေဒ ပညာရှင်နှင့် ရှင်သန်နေသော မာယာ လူမျိုးများ’ စာအုပ်ကို ရေးသည့် ဝေါ်လတာမောရစ်က ပြောသည်။
မြသန်းတင့်