ဝတ္ထုတိုများစုစည်းမှု့

တစ်နာရီတည်း အချစ်

မာလာတွင် နှလုံးရောဂါရှိသဖြင့် သူ့ယောကျ်ား ဘန်တလေသေသည့် သတင်းကို ဗြုန်းစားကြီး ပြော၍မဖြစ်၊ တဖြည်းဖြည်းချင်း မသိမသာပြောမှ ဖြစ်မည်ဟု အားလုံးကပင် သတိကြီးစွာ ထားနေကြသည်။ ထိုသတင်းကို ပထမဦးဆုံး ပြောသူမှာ မာလာ၏ညီမ ဂျိုးဆက်ဖင်း ဖြစ်သည်။ ဂျိုးဆက်ဖင်းက ထိုသတင်းကို အရိပ်အမြွတ် ပြောသည်။

တစ်စကိုဖေါ်ပြီး တစ်စကို ဖုံးသည်။ ထိုစဉ်က သူ့ယောကျ်ား၏ သူငယ်ချင်း ရစ်ချတ်လည်း အနီးတွင် ရှိနေသည်။ မီးရထား မှောက်သည့်သတင်း ရောက်လာစဉ်က ရစ်ချတ်သည် သတင်းစာတိုက်တွင် ရောက်နေရာ အသေ အပျောက် စာရင်းကို ကြည့်လိုက်သည့်အခါတွင် သူ့ သူငယ်ချင်း ဘတ်တလေ၏ အမည်ကို ထိပ်ဆုံးမှ တွေ့ခဲ့ရသည်။

ရစ်ချတ်သည် ထိုသတင်းကို မယုံနိုင်သေး။ နောက်ထပ် ကြေးနန်းသတင်း တစ်စောင် ဝင်လာသည့်အခါတွင်မှ ထိုသတင်းကို အတည်ပြု တော့သည်။ သတင်းကို ရသည်နှင့် ရစ်ချတ်သည် အလိုက်ကမ်းဆိုး မသိသူများ ကြိုတင် သတင်း မပေးမိအောင် စောစောသွားမှ ဖြစ်မည်ဟု ယူဆ၍ မာလာတို့အိမ်သို့ သုတ်ခြေတင် လာခဲ့သည်။

မာလာသည် ထိုသတင်းကို ကြားလျှင် အခြားသော မိန်းမများ နည်းတူ ကြက်သေသေပြီး ကြောင်တောင်တောင်ကြီး ဖြစ်မနေ။ ထိုသတင်းဆိုးကြီး၏ အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်ကာ သူ့ညီမ ဂျိုးဆက်ဖင်း၏ ရင်ခွင်မှာ

မျက်နှာအပ်၍ ချက်ချင်း ရှိုက်ကြီးတငင် ငိုသည်။

ထိုသို့ အားရပါးရ ငိုပြီးနောက်တွင် မာလာသည် သူ့ အခန်းထဲသို့ တစ်ယောက်တည်း ဝင်သွားလေသည်။ သူ့နောက်သို့ တစ်ယောက်မျှ လိုက်ခွင့်မပြု။

အခန်းထဲတွင် ဖွင့်ထားသော ပြတင်းပေါက်အနီးတွင်မူ သက်သောင့် သက်သာရှိ၍ ကြီးမားသည့် ကုလားထိုင်ကြီး တစ်လုံးရှိသည်။ မာလာသည် ကုလားထိုင်ကြီးပေါ်သို့ ထိုင်ချလိုက်၏။

ကိုယ်လက် ပင်ပန်း နွမ်းနယ်မှုသည် ခန္ဓာကိုယ် ထဲတွင်သာ မကတော့ဘဲ ဝိညာဉ် တစ်ခုလုံးထဲသို့ ပျံ့နှံ့စိမ့်ဝင်

သွားသည်ဟု ထင်ရသည်။ ပြတင်းမှ လှမ်းကြည့်လိုက်သည့်အခါတွင် နွေဦးသစ်၏ သက်ဝင်လှုပ်ရှားမှုဖြင့် တုန်ယင်နေကြသော သစ်ပင် ထိပ်ဖျားများကို မြင်ရသည်။ မိုးသက်နံ့က လေထဲတွင် ချိုမွှေးလျက်။ အောက် လမ်းမပေါ်

မှ ဈေးသည်တစ်ယောက်၏ အော်သံကို ကြားရသည်။ အဝေးမှ သီချင်းဆိုသံက ခပ်သဲ့သဲ့။ တံစက်မြိတ်တွင် ထောင်ပေါင်းများစွာသော စာကလေးတို့က ကျိူ.းကျိူ.းကျည်ကျည် အော်မြည်လျက်။

ပြတင်းပေါက်မှ မျက်နှာချင်းဆိုင် အနောက်ဘက် ကောင်းကင်တွင် တိမ်ဖြူ.တို့က တစ်လိပ်ပြီးတစ်လိပ် ထပ်နေသည်။ ထိုကြားထဲမှ ကောင်းကင်ပြာပြာကို ဟိုတစ်ကွက် သည်တစ်ကွက် မြင်ရသည်။ မာလာသည် ကုလားထိုင်

နောက်တွင် တပ်ထားသည့် ကူရှင်ပေါ်သို့ ခေါင်းကိုမှီ၍ လှန်ထားလိုက်သည်။

တစ်ကိုယ်လုံးလည်း မလှုပ်မယှက်။ တစ်ချီ တစ်ချီတွင် ရှိုက်သံက လည်ချောင်းထဲသို့ ရောက်လာပြီး ရှိုက်လိုက်မိသည့် အခါတွင်မှ သူ့ တစ်ကိုယ်လုံးသည် ဆတ်ခနဲ လှုပ်သွားတတ်၏။ ငိုရှိုက်ပြီး အိပ်ပျော်သွားသော ကလေးငယ်တစ်ယောက် အိပ်မက်ထဲတွင် တစ်ချက် တစ်ချက် ရှိုက်လိုက်ပုံနှင့် တူ၏။ မာလာသည် ခပ်ငယ်ငယ်ပင် ရှိသေး၏။ မျက်နှာက နုနယ် တည်ငြိမ်သည်။ မျက်နှာပေါ်တွင် ပေါ်နေသည့် အရေးအကြောင်းတို့က မြိုသိပ်ထားရခြင်းနှင့် ခွန်အားရှိခြင်းကို ဖေါ်ပြနေသည်။

ယခုမူ သူ့မျက်နှာက ငေးကြောင်လျှက်။ ကွက်ခနဲ မြင်နေရသော ကောင်းကင်ပြာကြီး ကိုသာ ငေးစိုက်ကြည့်နေသည်။

ထိုအကြည့်သည် စဉ်းစားနေသော အကြည့် မဟုတ်။ ထက်မြက် အတွေးတစ်ခုကို မျိုသိပ် ထားရသော အကြည့်မျိုးဖြစ်သည်။ ထိုအတွေးသည် မည်သည့် အတွေးမျိုးနည်း သူ မသိ။ ထိုအတွေးသည် နူးညံ့သိမ်မွေ့ပြီး အမည်နာမ တပ်ဖို့ခက်သော အတွေးမျိုး ဖြစ်သည်။ သို့ရာတွင် ထိုအတွေးကို သူ့ရင်မှာ ခံစားနေရ၏။ ထိုအတွေးသည် ကောင်းကင်ပြာကြီးထဲမှ သူ့ဆီကို လာနေလေပြီ။ လေထဲက အသံတွေ၊ ရနံ့တွေ၊ အသွေးအရောင်ကို ဖြတ်သန်းပြီး သူ့ဆီသို့ လာနေလေပြီ။

မာလာ၏ရင်သည် နိမ့်လိုက် မြင့်လိုက်ဖြင့် ပြင်းထန်စွာ ခုန်နေသည်။ ယခု ထိုအတွေးသည် မည်သည့်အတွေးမျိုး ဖြစ်ကြောင်းကို သူ သိစ ပြုလာလေပြီ။ ထို့ကြောင့် ထိုအတွေးကို သူ ကြိုးစား၍ မောင်းနှင်ထုတ်သည်။ သို့ရာတွင် သူ့ စိတ်သည်လည်း ဖြူဖွေး ပျော့ပျောင်းသော သူ့ လက်နှစ်ဖက် ကဲ့သို့ ခွန်အားမရှိတော့။

နောက်ဆုံး သူ လက်လျှော့ လိုက်သည်။ တစ်နေသော သူ့နှုတ်ခမ်း အစုံမှ စကားလုံး ကလေးများ ခပ်တိုးတိုး ထွက် လာကြသည်။ လွတ်လပ်ပြီ၊ လွတ်လပ်သွားပြီ ဆိုသည့် စကားလုံးများဖြစ်သည်။ သူသည် ထိုစကားလုံးလေးများကို ခပ်တိုးတိုး ရွတ်သည်။

စောစောကလို ငေးကြောင်နေသော အကြည့်၊ ထို့နောက်မှ လိုက်လာသော ကြောက်လန့်အားငယ်နေသော

အကြည့်တို့သည် မရှိကြတော့။ မျက်လုံးအစုံသည် တည်ငြိမ် တောက်ပ၍ လာခဲ့သည်။

သူ့နှလုံးသည် အခုန်မြန်လာကာ သွေးကြောထဲတွင် စီးဆင်းနေသော သွေးတို့သည် သူ့တစ်ကိုယ်လုံးကို ပူနွေးစေပြီး ပြေလျော့ သွားစေသည်။

ထိုအတွေးသည် ကြောက်ဖွယ် ကောင်းသော ပျော်ရွှင်မှုလား ဆိုသည်ကို သူ မေးမြန်းခြင်း ပြုမနေတော့။ သူ့အမြင် သူ့အတွေး တို့သည် ကြည်လင်သွားကာ ထိုကိစ္စသည် အသေးအဖွဲ့လေး မျှသာ မြင်နေလေပြီ။

စန့်စန့်ကြီးဖြစ်နေသော ကိုယ်ပေါ်တွင် ယှက်တင်ထားသည့် နုနယ်၍ ကြင်နာတတ်သော ဘင်တလေ၏ လက်များ၊ သူ့အပေါ်တွင် ထားရှိသည့် အချစ်ဖြင့် ရွှန်းစိုတောက်ပနေသော ဘင်တလေ၏ ပြာမွဲ ဖြူ.ရော်သော မျက်နှာတို့ကို မြင်ရသည့်အခါတွင်မူ နောက်တစ်ကြိမ် ငိုမိပေလိမ့်မည်။ သို့ရာတွင် ထိုပူဆွေးသောက ရောက်ပြီးသည့် အခါတွင်မူကား ရှေ့ဘဝသက်တမ်း တစ်လျှောက်လုံးတွင် တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ကြီး နေရတော့မည်ဟု တွေးမိလိုက်တိုင်း သူ ပျော်သွားသည်။

မာလာသည် လက်နှစ်ဖက်ကို ဆန့်တန်း၍ပင် ထိုကာလများကို ရောက်လိုက်ချင်သေးတော့သည်။ နောင်လာမည့် နှစ်များတွင် မည်သူ့ အတွက်မျှ အချိန်ပေးစရာ မလိုတော့။ သူ့အတွက်သာ သူ အသက်ရှင် ရတော့မည်။ လင်

နှင့် မယား ဆိုသည်မှာ တစ်ယောက်၏ ဆန္ဒကို တစ်ယောက် အပေါ်တွင် အတင်းအကျပ် လိုက်နာခိုင်း ပိုင်ခွင့် ရှိသည် ဆိုသည့် အစွဲရှိတတ်ရာ ယခု ထိုအစွဲကို ဘေးချိတ်နိုင်ပြီ ဖြစ်သည်။ သူ့အပေါ်တွင် အတင်းအကျပ် လိုက်နာ ခိုင်းမည့်သူ မရှိတော့ပြီ။

လင်နှင့် မယားကြားတွင် ထိုသို့ အတင်းအကျပ် လိုက်နာ ခိုင်းခြင်းသည် ကြင်နာမှုလား ရက်စက်မှုလား ဆိုသည်ကို မပြောတတ်သည့်တိုင် ထိုသို့ လုပ်ခိုင်းခြင်းသည် ရာဇဝတ်မှု တစ်ခုနှင့် တူသည်ဟု တိုတောင်းသော ထိုခဏလေး အတွင်းတွင် သူ သဘောပေါက် လာသည်။

“အင်း ခုမှ စိတ်ရော ကိုယ်ရော လွတ်လပ်တော့တယ်”

သူ ခပ်တိုးတိုး ပြောသည်။

အပြင်ဘက်တွင် ဂျိုးဆက်ဖင်းသည် တံခါးပေါက်တွင် ဒူးထောက်ပြီး သော့ပေါက်တွင် ပါးစပ်ကပ်ပြီး သူ့ကို တံခါး ဖွင့်ခိုင်းသည်။

“မမ တံခါးဖွင့်ပါဦး၊ သိပ်ငိုနေရင် နေထိုင်မကောင်း ဖြစ်လိမ့်မယ်။ မမ ဘာတွေလုပ်နေတာလဲ၊ တံခါးဖွင့်ပါဦး၊ ရှိကြီးခိုးပါရဲ့”

“ဘာလုပ်မလို့လဲ၊ ဘာမှ မဖြစ်ပါဘူး၊ သွားကြစမ်းပါ”

မာလာသည် နေမကောင်း ထိုင်မသာ ဖြစ်နေခြင်းမဟုတ်။ ပြတင်းပေါက်မှ ဝင်လာသော ဘဝ နတ်သုဓာရည်ကို သောက်သုံးနေခြင်း ဖြစ်ပါသည်။

သူ့စိတ်ကူးများသည် ရှေ့လာမည့် ကာလအကြောင်း တွေးရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ နွေဦးရယ်၊

နွေရယ်၊ အို..အခြားသော ရာသီများ သည်လည်း သူ့ တစ်ယောက်တည်း အတွက်သာ ဖြစ်ပေတော့မည်။ သည်လို တစ်ယောက်တည်း ဘဝဖြင့် အသက်ရှည်ရှည် နေရပါလို၏ ဟု ခပ်မြန်မြန် ဆုတောင်းမိသည်။

မနေ့တုန်းကတော့ လူ့ဘဝမှာ နေရတာ သက်တမ်း ရှည်လှချည့် ဟုပင် အောက်မေ့မိခဲ့သေးသည်။

နောက်ဆုံးတွင် မာလာသည် သူ့ညီမ တောင်းပန်သည့်အတွက် တံခါးကို ထဖွင့်ပေးလိုက်၏။ သူ့မျက်လုံးများသည် အောင်မြင်မှုဖြင့် တဖျပ်ဖျပ် တောက်ပလျက်။ မာလာသည် အောင်ခြင်းနတ်သမီးကဲ့သို့ ကိုယ်ကို မတ်၍ ထား၏။ ထို့နောက် သူ့ညီမ ခါးကို ဖက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။ လှေခါး အောက်ဆုံးထစ်တွင် ရစ်ချတ်က သူ့ကို ရပ်၍ စောင့်နေသည်။

ထိုစဉ် အပြင်ဘက်မှ တံခါး သော့ဖွင့်သံ ကြားရကာ လူတစ်ယောက် ဝင်လာသည်။ ထိုသူမှာ အခြားသူမဟုတ်။

သူ့ယောကျ်ား ဘင်တလေ ဖြစ်သည်။

လက်ဆွဲအိတ်နှင့်ထီးကို လက်မှာ ကိုင်လျက်။ သူ့ကိုယ်မှာ ခရီးမှ ပြန်လာသဖြင့် တစ်ကိုယ်လုံး ညစ်ပတ် ပေရေလျက်။ ဘင်တလေသည် မှောက်သည့် ရထားတွင် မဟုတ်။ ထိုနေရာတွင်မရှိ။ ရထားမှောက်သည့် သတင်းကိုပင်

မကြား။ သူသည် စူးစူးဝါးဝါး အော်လိုက်သော ဂျိုးဆက်ဖင်းကို ကြက်သေသေ၍ ကြည့်နေသည်။

သူ့မယား မြင်မည်စိုးသဖြင့် သူ့ကို ကွယ်၍ ရပ်ပေးလိုက်သော ရစ်ချတ် ကိုလည်း ငေး၍ ကြည့်နေမိသည်။ သို့ရာတွင် ရစ်ချတ်သည် နောက်ကျသွားခဲ့လေပြီ။

ဆရာဝန်များ ရောက်လာသည့် အခါတွင် မာလာသည် နှလုံးရောဂါကြောင့် ဆုံးသည်ဟု ဆိုကြသည်။ ဝမ်းသာလုံးဆို့၍ သေသွားခြင်း ဖြစ်သည်ဟု ပြောကြလေသည်။ ။

မြသန်းတင့်

မူရင်း – Kate Chopin ရဲ့ The story of an hour