ဝတ္ထုတိုများစုစည်းမှု့

လွတ်လပ်ရေး၏ရှေ့နေ ကားလ်မတ်

[၂၀၁၀ ခု၊ မေလ ၅ ရက်တွင် ကျရောက်သည့် ကားလ်မတ်၏ (၁၉၂) နှစ် မွေးနေ့ အထိမ်းအမှတ်အတွက် မာယာက ဒီဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။]

အင်္ဂလိပ်တို့သည် ကျူးကျော်ရေး စစ်ပွဲသုံးပွဲ တိုက်ပြီးနောက် မြန်မာနိုင်ငံကို သိမ်းယူခဲ့သည်။

ပထမစစ်ပွဲမှာ ဘကြီးတော်လက်ထက်တွင် ဖြစ်ပွါးသည်။ ထိုစစ်ပွဲသည် ၁၈၂၄ ခုနှစ်မှ ၁၈၂၆ ခုနှစ်အထိ နှစ်နှစ်ကြာခဲ့သည်။ ထို ပထမကျူးကျော်ရေးစစ်ပွဲတွင် အင်္ဂလိပ် တို့သည် မြန်မာပိုင် ရှင်မဖြူကျွန်းကို ဝင်ရောက် သိမ်းပိုက်ကာ အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် ကျွန်းအဖြစ် ကြေညာခဲ့သည်။ ထိုအချိန်တွင် အာသံနှင့် မဏိပူရ နယ်စပ်များတွင် အခြေအနေ ဆိုးနေသည်။ ထိုသို့ ရှိနေစဉ်တွင် အင်္ဂလိပ်တို့သည် ကြိုတင် စီစဉ်ထားသည့်အတိုင်း မြန်မာနိုင်ငံကို စစ်ကြေညာ တိုက်ခိုက်ခဲ့သည်။ ၁၈၂၆ ခု၊ မတ်လ ၂၆ ရက်နေ့တွင် ချုပ်ဆိုသည့် ရန္တပိုစာချုပ်ဖြင့် ထို စစ်ပွဲသည် အဆုံးသတ်ခဲ့သည်။ ထိုစာချုပ်အရ မြန်မာတို့က တနင်္သာရီနှင့် ရခိုင်ပြည်နယ် တို့ကို ပေးအပ်လိုက် ရသည်။

၁၈၅၂-၅၃ ခုနှစ် ပုဂံမင်းလက်ထက်တွင် အင်္ဂလိပ်တို့က ဒုတိယ ကျူးကျော်စစ်ကို ထပ်၍ တိုက်သည်။ ချမှတ်ထားသည့် စည်းကမ်း ဥပဒေများကို ဖောက်ဖျက်သဖြင့် ရန်ကုန်မြို့က ကိုမိုဒိုလင်းဗတ်၏ အရာရှိများကို အပြစ်ပေးသည်။ ဤတွင် ကိုမိုဒိုလင်းဗတ်က ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် မြန်မာပိုင် ရေနန်းယဉ်သာ သင်္ဘောကို သိမ်းယူ လိုက်သည်။ ထိုအပြုအမူသည် ပင်လယ်ဓားပြတို့၏ အပြုအမူ ဖြစ်သည်။ သင်္ဘောသိမ်းပိုက်ပြီးနောက် သူတို့ လိုချင်သော အရာကို တောင်းဆိုသည်။ သူတို့ တောင်းဆိုချက်များသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်အတွက်ကြောင့် လည်းကောင်း၊ မြန်မာတို့၏ အချုပ်အချာ အာဏာကို ထိပါးစေသည့်အတွက်ကြောင့် လည်းကောင်း၊ ပြည်တွင်းရေးကို စွက်ဖက်ရာ ရောက်သည့် တဖက်သတ် တောင်းဆိုချက်များ ဖြစ်သည့် အတွက်ကြောင့် လည်းကောင်း၊ မြန်မာတို့က ထိုတောင်းဆိုချက်များကို အကြောင်းပြန်ကြားခြင်း မပြုဘဲ နေခဲ့သည်။

ဤတွင် အင်္ဂလိပ်တို့သည် ကြိုတင်စီစဉ် ခားသည့် အတိုင်း ဒုတိယကျူးကျော်စစ်ပွဲကို တိုက်ကာ မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းယူခဲ့ကြသည်။

၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တို့သည် တတိယ ကျူးကျော်စစ်ကို တိုက်၍ မြန်မာနိုင်ငံ တဝှမ်းလုံးကို သိမ်းပိုက်ကာ မြန်မာဘုရင်ကို ဖမ်းယူသွားခဲ့ကြပြီး ပြည်နှင်ဒဏ် ပေးခဲ့သည်။

ရန်ကုန်တွင်ရှိသည့် အင်္ဂလိပ် ကုန်သည်ကြီးများ အသင်းသည် မြန်မာနိုင်ငံကို သိမ်းယူရန် အိန္ဒိယ ဘုရင်ခံချုပ်ကို မကြာခဏ တိုက်တွန်း ခဲ့ကြသည်။ ပဲခူးကြိုးဝိုင်းတွင် လိုင်စင်ခံ၍ သစ်လုပ်ငန်းလုပ်နေသည့် ဘုံဘေဘားမား သစ်ကုမ္ပဏီသည် မြန်မာတို့၏ သစ်များကို ခိုး၍ ခုတ်ခဲ့သည်။ မြန်မာတို့က ကုမ္ပဏီကို ဒဏ်ရိုက်သည်။ ဤတွင် အိန္ဒိယ ဘုရင်ခံချုပ်က မြန်မာဘုရင်အစိုးရထံ ပြင်းထန်သော ရာဇသံကို ပေးခဲ့သည်။

ရာဇသံ အတိုမှာ-

သစ်မှုကို အိန္ဒိယဘုရင်ခံချုပ်၏ ကိုယ်စားလှယ်က ဆုံးဖြတ်မည်။ ထို ကိုယ်စားလှယ်ကို စစ်တပ် အစောင့် အရှောက်ဖြင့် နေခွင့်ပြုရမည်။

မြန်မာဘုရင်ရှေ့တော်သို့ အင်္ဂလိပ် ကိုယ်စားလှယ် ဝင်ရောက်သည့် အခါတွင် ဖိနပ်စီးခွင့်၊ ထီးဆောင်းခွင့် ပြုရမည်။

အင်္ဂလိပ်တို့က ခွင့်ပြုချက်မရဘဲ မြန်မာတို့က မည်သည့်နိုင်ငံနှင့်မျှ ဆက်ဆံခြင်း မပြုရဆိုသည့် အချက်များ ပါဝင်သည်။

မြန်မာတို့က ဒဏ်ငွေများကို လျော်ပစ်မည် ဖြစ်ကြောင်း၊ သို့ရာတွင် နောက်ဆုံး အချက်မှာမူ မြန်မာတို့၏ ကိစ္စဖြစ်သဖြင့် အခြားနိုင်ငံတခုက ဆုံးဖြတ်ပေးသည်ကို လက်မခံနိုင်ကြောင်း သဘောပါရှိသော ပြန်ကြားချက်ကို ပေးပို့လိုက်သည်။

ဤတွင် အင်္ဂလိပ်တို့သည် တင်ကူး စီစဉ်ထားသည့်အတိုင်း မြန်မာနိုင်ငံ တဝှမ်းလုံးကို အပြီးအပိုင် သိမ်းပိုက်ကာ မြန်မာဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နယ်နှင်ဒဏ် ပေးခဲ့သည်။

ဤအချက်မှာ သမိုင်း သုတေသီကအစ စတုတ္ထတန်း ကျောင်းသားအဆုံး မြန်မာ အားလုံး သိကြသော အချက်များ ဖြစ်သည်။

ထိုအချိန်၌ အင်္ဂလိပ် အရင်းရှင်စနစ်သည် ကုန်သွယ်ရေး အရင်းရှင်စနစ်မှ နယ်ချဲ့စနစ်သို့ ကူးပြောင်းနေချိန် ဖြစ်သည်။

ထိုအချိန်၌ ဆိုရှယ်လစ်ဝါဒကို ထူထောင်ကြသော ကားလ်မတ်နှင့် အိန်ဂျယ်တို့သည် အရင်းရှင်စနစ်ကို ဘက်ပေါင်းစုံမှ လေ့လာကာ သူတို့၏ ကျော်ကြားသော ‘အရင်းကျမ်း’ နှင့် ‘ကွန်မြူနစ်ပါတီ ကြေညာစာတမ်း’ ကို ရေးနေကြချိန် ဖြစ်သည်။

ကားလ်မတ်နှင့် အိန်ဂျယ်တို့သည် အင်္ဂလိပ်အရင်းရှင်စနစ် ဖြစ်ပေါ်တိုးတက်မှု၊ အင်္ဂလိပ် အလုပ်သမား လူတန်းစား၏ အခြေအနေတို့ကိုသာမက ဥရောပနှင့် အာရှတို့တွင် ပေါ်ပေါက်လျက်ရှိသော အရေးအခင်းများကို လည်း မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာကာ အရင်းရှင်စနစ်နှင့် နယ်ချဲ့စနစ်ကို တိုက်ခိုက်ခဲ့ကြသည်။

၁၈၅၃ ခု၊ ဇူလိုင်လ ၁၅ ရက်၊ သောကြာနေ့တွင် ကားလ်မတ်သည် လန်ဒန်တွင် ရှိနေသည်။ လန်ဒန်တွင် ရှိနေစဉ် ကားလ်မတ်သည် အိန္ဒိယတွင် အင်္ဂလိပ်တို့ စိုးမိုးဗိုလ်ကျနေကြပုံကို အနီးကပ် တွေ့မြင်နေရသည်။ ထိုအချိန်တွင် မင်းကြီးမဟာမင်းလှမင်းခေါင် ခေါင်းဆောင်သည့် မြန်မာသံအဖွဲ့ ကာလကတ္တားသို့ ရောက်ရှိနေပြီး အင်္ဂလိပ်တို့နှင့် ဆွေးနွေးနေချိန် ဖြစ်သည်။ သံအဖွဲ့၏ ဆွေးနွေးပွဲသည် ပျက်ပြား သွားခဲ့သည်။

ဤတွင် ကားလ်မတ်သည် ‘မြန်မာပြည် စစ်ပွဲ၊ ရုရှားပြသနာ၊ ထူးဆန်းသော သံတမန်ဆိုင်ရာ စာချွန်များ’ ဟူသော ခေါင်းစဉ်ဖြင့် နယူးယောက် ထရီဗြွန်းသတင်းစာသို့ ဆောင်းပါးတစောင် ရေးပို့လိုက်သည်။ ထိုဆောင်းပါးသည် ၁၈၅၃ ခု၊ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် သတင်းစာတွင် ပါရှိပြီး မော်စကို နိုင်ငံခြားဘာသာ ထုတ်ဝေရေးဌာနမှ ထုတ်ဝေသော ကားလ်မတ်နှင့်အိန်ဂျယ် စုပေါင်းရေးသားချက်များကို စုစည်း ထားသည့် ‘ကိုလိုနီဝါဒပြသနာများ’ ကျမ်းတွင် ‘မြန်မာပြည်စစ်ပွဲ’ ခေါင်းစဉ်ဖြင့် ပါရှိရာ ယခု ထိုဆောင်းပါးကို ဘာသာပြန် ဖော်ပြပါသည်။

“မြန်မာသံအဖွဲ့ဝင်များသည် ဗိုလ်ချုပ်ကြီး ဂေါ်ဒွင် ကမ်းလှမ်းသော စာချုပ်ကို ပယ်ချ လိုက်ကြောင်းဖြင့် အိန္ဒိယပြည်မှ နောက်ဆုံး ရောက်လာသော သတင်းများအရ သိရသည်။ ဗိုလ်ချုပ်ကြီးဂေါ်ဒွင်က စဉ်းစားရန် ၂၄ နာရီ အချိန်ပေးသော်လည်း မြန်မာသံအဖွဲ့ဝင်များသည် ၁၀ နာရီ အတွင်းမှာပင် ပြန်လည်ထွက်ခွါ သွားကြလေပြီ။ မဆုံးနိုင်သော မြန်မာပြည်စစ်ပွဲ တတိယအကြိမ် ဖြစ်ပွါးမှုသည် ရှောင်လွှဲရဖွယ် မမြင်တော့ချေ။

အရှေ့ပိုင်းတွင် တိုက်ခိုက်ခဲ့သော ဗြိတိသျှတို့၏ စစ်ပွဲများအနက် မြန်မာပြည်ကို ဝင်တိုက်ခဲ့သော စစ်ပွဲလောက် အခြေအမြစ်ကင်းမဲ့သော စစ်ပွဲဟူ၍ တပွဲမျှ မရှိဖူးသေးချေ။ (အိန္ဒိယပြည် စစ်ပွဲတွင်မူ အနောက်မြောက်ဘက်မှ အန္တရာယ်ရှိမည်ဟု အကြောင်းပြနိုင်သေးသော်လည်း) မြန်မာပြည်စစ်ပွဲတွင်မူ မြန်မာတို့ဘက်မှ ကျူးကျော်ဝင်ရောက် တိုက်နိုင်သော အန္တရာယ်ဟူ၍ လုံး၀ မရှိချေ။ ဘင်္ဂလားနယ်နှင့် မြန်မာပြည်သည် တောင်တန်းကြီးများ ဆီးကာ ခြားလျက်ရှိရာ ထိုတောင်တန်းကြီးများကို မည်သည့် စစ်တပ်မျှ ကျော်ဖြတ်ချီတက်နိုင်မည် မဟုတ်ချေ။ မြန်မာပြည်ကို တိုက်ခိုက်လိုလျှင် အိန္ဒိယအစိုးရသည် ပင်လယ်ဘက်မှ ဝင်ရောက်မှ သာလျှင် ဖြစ်နိုင်ပေလိမ့်မည်။ မြန်မာတို့ လှေတပ်များသည် အရှေ့အိန္ဒိယ ကုမ္ပဏီ၏ စစ်သင်္ဘောများကို ရင်ဆိုင်တိုက်ခိုက်လိမ့်မည်ဟူသော စကားသည် ယုတ္တိကင်းမဲ့သကဲ့သို့ မြန်မာတို့သည် ရေကြောင်းမှ ဝင်ရောက်တိုက်ခိုက်နိုင်သည်ဟု ပြောလာလျှင်လည်း ထိုစကားသည် ရယ်ဖွယ်သက်သက်မျှ ဖြစ်ပေလိမ့်မည်။ ပဲခူးနယ်တဝိုက်နှင့် ပတ်သက်၍ ယန်းကီး (အမေရိကန်) တို့တွင် သိမ်းပိုက်လိုသော ဆန္ဒ ပြင်းပြလျက်ရှိသည် ဆိုသော စကား သည်လည်း ဘာမျှ အထောက်အထား မရှိလှချေ။ သို့ဖြစ်ရကား မြန်မာပြည်ကို ဝင်တိုက်ခြင်းသည် အလိုမပြည့်ဖြစ်နေသော အင်္ဂလိပ် မင်းစိုးရာဇာ လူတန်းစားကို အလုပ်အကိုင်ပေးရန် အင်္ဂလိပ် စာရေးဆရာ တဦး ပြောသကဲ့သို့ ထို လူတန်းစားအတွက် အရှေ့တိုင်းတွင် သီးသန့်အလုပ်ရုံတခု သို့မဟုတ် ဟမ်ပတန်နန်းရင်ပြင်တခု ဖန်တီးပေးရန်သာ ဖြစ်သည်ဟု ပြောဆိုရန် မှတပါး အခြားအကြောင်းပြချက် မရှိတော့ချေ။ ပထမမြန်မာစစ်ပွဲ (၁၈၂၄-၂၆) သည် လော့ဒ်အဲမ်းဟာစ်၏ ရယ်ဖွယ်ကောင်းလှသော အုပ်ချုပ်မှုအောက်တွင် ဖြစ်ပွါးခဲ့ခြင်း ဖြစ်ပြီး နှစ်နှစ်သာသာကလေးမျှသာ ကြာသည့်တိုင် အိန္ဒိယကြွေးစာရင်းတွင် ပေါင် ဆယ့်သုံးသန်းမျှ ပိုလာခဲ့သည်။ စင်္ကာပူ၊ ပီနန်နှင့် မလက္ကာကျွန်းဆွယ်တို့တွင် ရှိသည့် ဌာနများကို ထောက်ပံ့ရသည့် စရိတ်သည် ထိုဌာနများမှ ရသည့်ဝင်ငွေထက် တနှစ်လျှင် ပေါင် တသိန်း ပိုနေသည်။ ထိုအထဲတွင် စစ်တပ်များ၏ စရိတ်မပါသေးချေ။ ၁၈၂၆ ခုနှစ်တွင် မြန်မာတို့ထံမှ သိမ်းပိုက်သည့် နယ်မြေများကို ထိန်းသိမ်းရသည့် စရိတ်မှာကား ထိုထက်ပင် ပိုချေသေးသည်။ ပဲခူးနယ်ကို သိမ်းပိုက်ရခြင်းမှာကား သာ၍ပင် ဆိုးသေးသည်။ အင်္ဂလန်ပြည်သည် ယခု ရုရှဇာစနစ်ကို တိုက်နေသကဲ့သို့ အလားတူ လိုအပ်သော ဥရောပစစ်ပွဲများမှ အဘယ်ကြောင့် နောက်ဆုတ်လာခဲ့သနည်း။ အဘယ်ကြောင့် ကျိုးကြောင်းကင်းမဲ့သော အာရှစစ်ပွဲများကို တိုက်နေသနည်း။ အင်္ဂလန်သည် ဥရောပ စစ်ပွဲများကို တိုက်ခိုက်ရသဖြင့် ကြွေးတွေ ပတ်လည်ဝိုင်းလျက်ရှိရာ အာရှစစ်ပွဲများ၏ စရိတ်ကို အိန္ဒိယတိုင်းရင်းသားတို့၏ ပခုံးပေါ်သို့ ပြောင်းပေးနေလေပြီ။ ယခုမူ င်္ဘဂလား ပြည်နယ်တွင် ဘိန်းစိုက်ပျိုးရေးမှ အခွန်တော်လည်းမရ။ ထိုအထဲတွင် မြန်မာပြည်စစ်ပွဲကိုလည်း တိုက်ရတော့မည်ဆိုလျှင် အိန္ဒိယအစိုးရ ငွေတိုက်တွင် အကျပ်အတည်း တွေ့ရတော့မည် ဖြစ်သည်။ ထိုအကျပ်အတည်းမှ လွတ်မြောက်ရန်မှာ အိန္ဒိယအင်ပိုင်ယာကြီးကို အင်္ဂလန်ပါလီမန် ပြုပြင်ရေးသမားများ၊ မိန့်ခွန်းများ၊ စာများ ထဲတွင် ပါသည်ထက် ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက် လာရတော့မည်သာ ဖြစ်ပေသည်။”

xxxxxxxxxxxx

ဖော်ပြပါ ဆောင်ပါးမှ ၁၈၅၃ ခု ဇူလိုင်လ ၃၀ ရက်နေ့ထုတ် နယူးယောက်ထရီဗြွန်းသတင်းစာတွင် ကားလ်မတ်ရေးခဲ့သော ဆောင်းပါး ဖြစ်သည်။

ထိုဆောင်ပါးတွင် ကားလ်မတ်သည် မြန်မာပြည်စစ်ပွဲနှင့် ပတ်သက်သော အင်္ဂလိပ်ခေါင်းဆောင်တို့၏ အကြောင်းပြချက်များကို တချက်ပြီးတချက် ထုချေ ရှင်းလင်းထားသည်ကို တွေ့နိုင်သည်။ မြန်မာတို့က ကျူးကျော်တိုက်ခိုက်မည် ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း၊ မြန်မာတို့အနေဖြင့် ရိုးမတောင်တန်းကြီးများကို ကျော်ဖြတ် တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း၊ ပင်လယ်မှ ဝင်ရောက် တိုက်ခိုက်ဖို့ဆိုသည်မှာလည်း အရှေ့အိန္ဒိယကုမ္ပဏီ၏ စစ်သင်္ဘောများကို ရင်ဆိုင်တိုက်ခိုက်ရန် မလွယ်ကြောင်း။ ယန်းကီးတို့က ပဲခူးနယ်ကို ဝင်သိမ်းမည်စိုးသဖြင့် တိုက်ရသည်ဆိုသော အကြောင်းပြချက်သည်လည်း အခြေအမြစ်မရှိကြောင်း၊ အာရှတွင် ကိုလိုနီ နယ်ချဲ့စစ်ပွဲများကို တိုက်ခိုက်ရခြင်းသည် စရိတ်ကုန်လှကြောင်း၊ ထို့ထက် ဥရောပ ပဒေသရာဇ်နိုင်ငံများကို တိုက်သင့်ကြောင်း၊ ထိုအတိုင်းသာဆိုလျှင် အိန္ဒိယ အင်ပိုင်ယာကြီးထဲတွင် အုံကြွမှုများ ပေါ်ပေါက်လိမ့်မည် ဖြစ်ကြောင်းဖြင့် မြန်မာ့လွတ်လပ်ရေးဘက်မှ ရှေ့နေလိုက်ခဲ့သည်ကို အထင်းသားတွေ့နိုင်လေသည်။

ရနံ့သစ်မဂ္ဂဇင်း

၁၉၉၅၊ ဇန်နဝါရီ