စနေနေ့ညအဖျား
(၁)
သည်စနေနေ့ညတွင်လည်း ကျွန်တော်ဖျားသည်။
နေ့လယ်တုန်းက အကောင်း ပကတိ။ ဘာမျှမဖြစ်။ လူတစ် ကိုယ်လုံး ပေါ့ပေါ့ပါးပါး၊ ဖျတ် ဖျတ်လတ်လတ်။ ချွေးသံအရွှဲ သား။ မနက်က ရေမိုးချိုးပြီး မြို့ ထဲသို့ ထွက်ခဲ့သည်။ မဂ္ဂဇင်းတိုက် တွေ၊ စာအုပ်တိုက်တွေ၊ စာအုပ် ဆိုင်တွေကို လျှောက်သွားသည်။ ပန်းဆိုးတန်းနှင့် ဗိုလ်ချုပ်လမ်း စာအုပ်အဟောင်းဆိုင်များသို့ လည်း ရောက်သည်။ ကော်ပိုရေး ရှင်း (၉)က စာအုပ်ဆိုင်သုံးဆိုင် စလုံးသို့လည်း ရောက်သည်။ ၃၃ လမ်းက စာအုပ်ဆိုင်များသို့လည်း ရောက်သည်။ ရွှေကြည်အေး၊ ပွင့်ဦး၊ ဝါဇီ စသည့်စာရေးဆရာ တွေ ထိုင်နေကျ လက်ဖက်ရည် ဆိုင်များတွင် တစ်လှည့်စီဝင်ပြီး လက်ဖက်ရည်တစ်ခွက်ပြီး တစ် ခွက်သောက်ခဲ့သေးသည်။ ဘာမျှ မဖြစ်။ အပူချိန်ပုံမှန်။ သွေးခုန်နှုန်း ပုံမှန်။ တိုင်းကြည့်၍ သိခြင်း မဟုတ်။ နေကောင်း၊ မကောင်း ခန္ဓာကိုယ်ကြီး ပုံမှန်အလုပ် လုပ်၊ မလုပ် အလိုလိုသိခြင်းဖြစ်သည်။
အိမ်ပြန်ရောက်၍ ညစာစား ပြီး စာရေးရန်ပြင်သည်။ လက်နှိပ် စက်ကို သေတ္တာထဲမှထုတ်ကာ စားပွဲတွင် တင်သည်။ အရေး တကြီး စာရေးစရာမရှိသည့်အခါ မျိုးတွင် ကျွန်တော်သည် တစ်နေ့ ကို စာ လေးငါးဆယ်မျက်နှာ လောက်ကိုတော့ ရေးဖြစ်အောင် အကျင့်လုပ်ထားသည်။
လက်နှိပ်စက်ကို စားပွဲတွင် တင်ပြီးနောက် စာရေးရန် စာရွက် ကို ထည့်သည်။ စောစောက လောက် ခေါင်းကြည်လင်ခြင်း မရှိ။ ကုပ်ကြောက တောင့်သလို လို၊ ခန္ဓာကိုယ်က ဖိန်းတိန်းတိန်း ဖြစ်သလိုလို ခံစားရ၏။ မျက်လုံး က လေးလာသည်။ ပေါင်တွေက ကိုက်ခဲစပြုလာသည်။
တကယ်ပင် ဖျားသလော။ စိတ်က ထင်ခြင်းလော။ ကျွန် တော် ဝေခွဲမရ။ တစ်နေကုန် နေပူ မိုးရွာထဲတွင် လျှောက်သွားခဲ့ သဖြင့် ပင်ပန်းသွားခြင်း ဖြစ် ကောင်းဖြစ်နိုင်သည်။ နေ့လယ်က မိုးဖွဲကလေး နည်းနည်းမိခဲ့သည်။ ဆူးလေဘုရားလမ်း ဟိုဘက်ကမ်း နှင့် သည်ဘက်ကမ်းကို ဖြတ်ကူး စဉ် မိခြင်းဖြစ်၍ ခိုစရာမရှိ။ ကျွန် တော့်တွင်လည်း ထီးမပါလာ။ ပြည်သူ့ မုန့်တိုက်အောက်ရောက် တော့ ခဏမိုးခိုသည်။ မိုးတိတ်၍ နေပျပျပွင့်လာတော့မှ လိုရာခရီး သို့ ဆက်ခဲ့သည်။ မစို့တစိုဖြစ်နေ သည့် အဝတ်အစားကို ကိုယ်ပေါ် မှာပင် ခြောက်စေရင်း သွားစရာ ရှိသည်တို့ကို ဆက်သွားရသည်။ လုပ်စရာအလုပ်တို့ကို ဆက်လုပ် ရသည်။ ခဏကြာတော့ မိုးဖွဲက လေးတွေ ကျလာပြန်သည်။ မတတ်နိုင်။ ရန်ကုန်တွင် မိုးကို ရှောင်၍ အလုပ်လုပ်နေရလျှင် ဘာကိုမျှ လုပ်နိုင်တော့မည် မဟုတ်။
သို့ဖြင့် မိုးတဖွဲဖွဲတွင် စိုလိုက် ခြောက်လိုက်ဖြင့် တစ်နေကုန်ခဲ့ရ သည်။ ထိုစဉ်က ဘာမျှမဖြစ်။ အိမ်ရောက်၍ နွေးနွေးထွေးထွေးနေ လိုက်တော့သည့်အခါကျမှ ဖျား ချင်သလို ဖြစ်လာသည်။
ခြံဝင်းထဲသို့ ကျွန်တော် ဆင်း ခဲ့သည်။ လေကို အားရပါးရရှူ ၏။ လေက မွှေးနေသည်။ ခြံထဲ တွင် စိုက်ထားသည့် ဘလူးဗင်ဒါ သစ်ခွများက ပွင့်စပြုကြပြီ။ စံပယ်နံ့က သင်းနေသည်။
ကျွန်တော်သည် ခြံထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။ ခါတိုင်း လေးလံထိုင်းမှိုင်း နေလျှင် လေရှူ၍ လမ်းလျှောက် လိုက်သည်နှင့် လန်းဆန်းလာ သည်။ ယခု ခြံထဲတွင် ကျွန်တော် လမ်းလျှောက်နေသည်မှာ နာရီ ဝက်လောက်ရှိပြီ။ သို့ရာတွင် ခန္ဓာ ကိုယ်က လေးလံမြဲ။ ခေါင်းက နောက်ကျိမြဲ။
ခေါင်းကိုက်လာသဖြင့် အိမ် ပေါ်သို့ တက်ခဲ့သည်။ ပြဒါးတိုင် ကိုယူ၍ တိုင်းကြည့်၏။ အပူချိန် တစ်ရာနီးပါး။ ဖျားသည်ကမူ သေ ချာပြီ။ ကျွန်တော့်စိတ်က ထင် ခြင်းမဟုတ်။
(၂)
ကျွန်တော်ဖျားသည်မှာ တာ ရှည်လှပြီ။
ထူးတော့ ထူးဆန်းသည်။ စနေနေ့ညဆိုလျှင် ကျွန်တော်ဖျား တတ်သည်။ မိုးဦးကျစကတည်း က အပတ်တိုင်း ဖျားသည်။ မဖျား သည့်အပတ်ဆို၍ တစ်ပတ်မျှမရှိ သေး။ တစ်မိုးတွင်းလုံး စနေနေ့ ညဆိုလျှင် ဖျားတတ်သည်။ တနင်္ဂနွေနေ့ဆိုလျှင် ကျွန်တော် အစား မစား။ ကော်ဖီခါးခါးကိုသာ သောက်သည်။
အေပီစီ၊ ဘတ်စပရို၊ ကိုရီစီ ဒင် စသည့်အကိုက်အခဲပျောက် ဆေး၊ အပူကျဆေးတို့ကို စား သည်။ နည်းနည်းတာရှည်လျှင် အိမ်ဘေးက ဒေါက်တာညီညီလွင် ဆီ သွားပြသည်။ ဒေါက်တာညီညီ လွင်က အလွန်စေ့စပ်သေချာ သည့် ဆရာဝန်။ စိတ်ရှည်သည့် ဆရာဝန်။ အတွေ့အကြုံရှိသည့် ဆရာဝန်။ ရောဂါတစ်ခုကို အ လွယ်တကူ နာမည်မတပ်။ သေ ချာလောက်မှ ရောဂါအမျိုးအ မည်ကိုညွှန်းကာ သင့်နိုးရာရာ ဆေးကို ပေးတတ်သည်။
သည်နှစ် မိုးတွင်းတစ်တွင်း လုံး ကျွန်တော်ဖျားတိုင်း ဒေါက်တာညီညီလွင်ကို သွားပြမြဲ။ ဒေါက်တာသည် ကျွန်တော့်ကို သေချာစွာ စစ်ဆေးသည်။ အားလုံးကောင်း သည်။ အဆုတ်မှ ထူးထူးထွေထွေ အသံမကြားရ။ နှလုံးခုန်ချက် မှန် သည်။ နှလုံးအရွယ်အစားလည်း နဂိုအတိုင်း။
‘‘ဘာမှ မဖြစ်ပါဘူး။ သာမန် အအေးမိတာပါ’’
ဒေါက်တာက ကျွန်တော့်ကို ဆေးထိုးပေးသည်။ စားရန်လည်း ဆေးပေးလိုက်သည်။ သူပြော သည့်အတိုင်း တနင်္ဂနွေနေ့ တစ် ရက်ဖျားပြီးနောက် တနင်္လာနေ့ ကျတော့ အဖျားကျသွားသည်။ အပူချိန်မရှိတော့။ အင်္ဂါနေ့တစ် ရက်ခြားပြီး ဗုဒ္ဓဟူးနေ့တွင် ရေချိုး သည်။ ဘာမျှမဖြစ်။ စား၍လည်း ကောင်းသည်။ နေ၍ ထိုင်၍လည်းကောင်းသည်။ အိုကေ။
ထုံးစံအတိုင်း ကျွန်တော်မြို့ ထဲသွားသည်။ လည်စရာရှိသည် တို့ကိုလည်သည်။ သွားစရာရှိ သည်တို့ကို သွားသည်။ စကား လျှောက်ပြောမြဲ ပြောသည်။ လက်ဖက်ရည်တစ်ခွက်ပြီးတစ်ခွက် သောက်သည်။ ဘာမျှမဖြစ်။
စနေနေ့သို့ ရောက်လာ သည်။ သွားနေကျ ဗိုလ်ချုပ်ဈေး က အသိတစ်ယောက်ဆိုင်သွား ထိုင်သည်။ စနေနေ့ ဗိုလ်ချုပ်ဈေး ရှုခင်းကိုကြည့်ရသည်မှာ ဝတ္ထုတို များစွာကို တစ်ထိုင်တည်း ဖတ်ရ သည်နှင့် တူသည်။
အသိဆိုင်တွင် မထိုင်မီ ဗိုလ်ချုပ်ဈေးကို လက်ယာရစ်၍ တစ်ပတ်လျှောက်ကြည့်သည်။ မိန်း ကလေးလှလှကလေးတွေ။ မျက် ဝန်းက ပြာပြာ။ အသားဖြူဖြူ နုနုပေါ်တွင် ပန်ကရိုမိတ်ကပ်မှ ပန်းရောင်က လဲ့လဲ့ပြေးလျက်။ မက္ကစဖက်တာ နှုတ်ခမ်းဆိုးဆေးတောင့် ပတ်ချာလှည့်ပြေးသည့် ခြေရာ သည် နှုတ်ခမ်းပေါ်တွင် တင်ကျန် ရစ်ခဲ့သည်။ ရှေနယ်နံပါတ် (၅) ရေမွှေးနံ့နှင့် ကိုယ်သင်းနံ့က မွှေးနေသည်။ နက်မှောင်သည့် ဆံပင်တို့ က ပခုံးပေါ်၊ နားရွက်ပေါ်၊ လည်ကုပ်ပေါ်၊ ကျောပေါ်၊ ပါးပြင်ပေါ်၊ ရင်ညွန့်ပေါ်သို့ ဝဲကျလျက်။ ခြေတံလှလှတို့က လှုပ်လဲ့လှုပ်လီ။ သူတို့ စီးထားသည့် သုံးရာကျော်တန် ရွှေအိုရောင် မနီလာဖိနပ်က သူတို့ခြေထောက်လှလှများနှင့် အလှချင်းပြိုင်နေကြသည်။ သူတို့ကိုယ်ပေါ် တွင် ကျွန်တော် မခေါ်တတ်သော နိုင်ငံခြားဖြစ် အင်္ကျီ၊ ထဘီတို့ကို ဝတ်လျက်။
အစတုန်းကတော့ ကျွန် တော်သည် စာရေးဆရာပီပီ အ သုံးဝင်လိုဝင်ငြား သူတို့ဝတ်သည့် အဝတ်အစားများကို လိုက်မှတ် သည်။ ခရစ်တဲ့။ ခရစ်ဇာတဲ့။ လှိုင်းကြီးတဲ့။ လှိုင်းလတ်တဲ့။ အဏ္ဏဝါ လှိုင်းတဲ့။ ဖော့တဲ့။ ဖော့ရှန်တဲ့။ ကီမိုနိုတဲ့။ ဆဲဗင်းဒေးစ်တဲ့။ အလဲ ဗင်းဒေးစ်တဲ့။ မောင့်တလစာတဲ့။
နောက်တော့ ကျွန်တော် မမှတ်နိုင်တော့။ သူတို့ ပစ္စည်းတွေက မော်လမြိုင်ရထားဆိုက်တိုင်း တစ်နေ့တစ်မျိုး အသစ်ပေါ်နေ သည်။
ကျွန်တော်သည် ဗိုလ်ချုပ် ဈေး အနောက်ဘက်တန်းတွင် လျှောက်လာရင်း အမျိုးမျိုးသော နိုင်ငံခြားဖြစ် အဝတ်အထည်တို့ ကို ဝတ်ဆင်လာကြပြီး အမျိုးမျိုး သော နိုင်ငံခြားဖြစ်အလှပစ္စည်းတို့ ကို ခြယ်သလာကြသည့် မိန်းမပျို၊ မိန်းမလတ်၊ မိန်းမအိုတို့ကို ငေး ကြည့်ရင်း လျှောက်လာသည်။ အမေရိကန်ပြည်တွင် အမျိုးသမီး တို့၏ အလှပစ္စည်း စက်မှုလုပ်ငန်း များသည် နှစ်စဉ် သန်းထောင် ပေါင်းများစွာသော အမြတ်များ ကို ရကြသည်။ အမေရိကန်အမျိုး သမီးတို့ အသုံးပြုသော အလှ ပစ္စည်းတန်ဖိုးသည် တစ်နှစ်တစ် နှစ်လျှင် နိုင်ငံတစ်နိုင်ငံ၏ လက် နက်တပ်ဆင်စရိတ်လောက် ကြီး နေသည်ဟု တိုင်းမဂ္ဂဇင်းက ညည်းတွားသည်ကို ဖတ်လိုက်ရဖူး သည်။
တိုင်းမဂ္ဂဇင်း၏အဆိုကို ဘာ မျှ သံသယဖြစ်နေဖွယ်မရှိ။ စနေ နေ့ နေ့လယ် ဗိုလ်ချုပ်ဈေးကို တစ်ပတ်လျှောက်ကြည့်လိုက်လျှင်ပင် ထိုအဆို မှန်၊ မမှန်ကို အလွယ်ခန့် မှန်းနိုင်သည်။
မိန်းမငယ်များသာမကပါ။ လူငယ်များကလည်း ထို့အတူ။ သူတို့ကိုယ်ပေါ်တွင် နိုင်ငံခြားဖြစ် တွေ ဝတ်ထားကြသည်။ သူတို့က လည်း အုပ်လိုက်လျှောက်လိုက်၊ တစ်ယောက်တည်းလျှောက်သူ၊ အတွဲလိုက်လျှောက်သူ စသည် ဖြင့် ရှောင်၍မလွတ်။
တစ်နေရာတွင် အတွဲသုံး၊ လေးတွဲကို ကျွန်တော် လှမ်းမြင် လိုက်ရသည်။ ဘာမျှ အသက် မကြီးကြသေး။ နှစ်ယောက်စလုံး အသက် (၁၆)နှစ်၊ (၁၇)နှစ်အ ရွယ်လောက်မျှသာရှိကြဦးမည်။ ကောင်လေးက ဆိုင်တစ်ဆိုင်မှ ဆီးငန်ပြားထုပ်ကလေးသုံးလေး ထုပ်ကို ဝယ်ပေးပြီး ကောင်မလေး လက်ထဲသို့ ထည့်လိုက်သည်။
ကောင်မလေးက နှုတ်ခမ်း ဆိုးဆေးမပျက်အောင် ဆီးပြား ထုပ်ကို ခပ်ဖွဖွဝါးရင်း သီချင်းတစ် ပုဒ်ကို ညည်းသည်။
‘‘ရည်းစားကလေး ထားရ တာလဲ ဆီးပြားကလေး စားရ သလိုပဲ’’
ဆီးပြားကလေး စားရတာ လဲ ရည်းစားကလေး ထားရသလို ပဲ’’
သူတို့နှစ်ယောက် တစ် ယောက်မျက်နှာ တစ်ယောက် ကြည့်၍ ရယ်ကြသည်။ ထို့နောက် တစ်ယောက်ခါးကို တစ်ယောက် ဖက်၍ ထွက်သွားကြသည်။
ကျွန်တော်သည် သူတို့ကို ကြည့်၍ မောနေလေသည်။
(၃)
အနောက်ဘက်တန်းမှနေ၍ အလယ်ရုံထဲသို့ ဝင်ခဲ့သည်။
ရုံနှစ်ရုံကြားတွင် လေယာဉ် အိတ်တွေ ကိုယ်စီလွယ်ထားသည့် လူတွေက တရုန်းရုန်းဖြစ်နေကြ သည်။ သူတို့ကို ကြည့်ရသည်က ဈေးဝယ်သူများ ဟုတ်ဟန်မတူ။ ဈေးရောင်းသူဆိုလျှင်လည်း ဆိုင် နှင့် ကနားနှင့် ရှိရမည်။ သို့ရာတွင် ဆိုင်ကနားမရှိ။ လမ်းဘေးပလက် ဖောင်းတွင် ထိုင်နေကြသည်။ အချို့က မတ်တတ်ရပ်လျက် တစ်ဘက်နှင့်တစ်ဘက် လှမ်း၍ စကားပြောနေကြသည်။
‘‘ဟေ့.. ဟိုနေ့က ကျောက် စွံသွားပလား’’
‘‘မစွံသေးဘူး။ နှစ်ခုပဲပေး တယ်။ နှစ်ခုနဲ့တော့ မစားသာဘူး’’
‘‘ငါ့ဟာကတော့ လွှတ်လိုက် ပြီ’’
‘‘ဒါဖြင့် အဆင်ချောနေတယ် ပေါ့’’
‘‘မချောဘူး။ ဒီကောင်ကြီးက သိပ်ဖျံကျတာပဲ’’
‘‘မင်းဟာက ရောင်းချင်ရင် လည်း အသည်းအသန်ကြီး’’
‘‘တို့ကတော့ ပြောင်ပဲ။ အိုင် တင်တွေ ဘာတွေ သိပ်လုပ်နေ တာ မဟုတ်ဘူး’’
ကျွန်တော်သည် ဈေးရုံနှစ်ရုံ ကြားက ကျောက်သမားတို့အနီးမှ ဖြတ်လာခဲ့သည်။ ရှေ့နားအ ရောက်တွင် နောက်ဆုံးပေါ်ကား သစ်ကြီးပေါ်က ဆင်းလာသည့် မိန်းမရွယ်ရွယ်တစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ အသက် သိပ်မကြီးသေး။ (၃၀)ကျော် လောက်မျှသာ ရှိဦးမည်။ အသား ဖြူဖြူ၊ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်။ လှည်းဘီးမျက် မှန်အနက်ကို တပ်ထားသည်။ ပြင်ဆင်ဝတ်စားထားလိုက်သည်က လည်း အပျံစား။
အိမ်ဖော်နှင့်တူသူ သူငယ်မ လေးတစ်ယောက်က ပလတ် စတစ်ခြင်း လှလှကလေးကိုကိုင် ၍ နောက်က လိုက်လာသည်။ ခြင်းထဲတွင် ရွှေရောင်ဘူးကြီးများ ဖြင့် ထည့်ထားသည့် ရက်လေ ဘယ်လ် ဝီစကီအရက်နှစ်လုံး၊ ငါး သုံးလုံးအင်တာနေရှင်နယ် စီးက ရက် သုံးလေး ကာတွန်းနှင့် နိုင်ငံ ခြားအဝတ်အထည်များကို မြင် လိုက်ရသည်။
သံရုံးက လက်ဆောင်ရ သည့် ပစ္စည်းလော။ ယောကျ်ား နိုင်ငံခြားသွားစဉ် ဝယ်လာသည့် ပစ္စည်းတွေလော။
‘‘ဒီတစ်ခါတော့ တစ်လုံးကို တစ်ရာပေးကွယ်’’
အမျိုးသမီးက ဈေးတောင်း သည်။
‘‘အရင်ဈေးပဲလုပ်ပါ မမ ရယ်။ တစ်လုံး တစ်လုံး ရောင်းရ ဖို့ အကြာကြီးစောင့်ရတော့ ငွေ အိပ်လို့ပါ’’
‘‘အရင်ဈေးတော့ မလုပ်နဲ့ ကွယ်။ ဒီတစ်ခေါက် ညည်းတို့ အစ်ကို နိုင်ငံခြားသွားတာ ခဏ လေးရယ်။ ဘာမှ မဝယ်နိုင်ခဲ့ဘူး။ အခု ဝီစကီကလည်း နိုင်ငံခြားက ပါတာမဟုတ်ဘူး။ သံရုံးက လက် ဆောင်ရလို့။ ဒီတစ်ခါတော့ တစ် ရာပေးကွယ်။ မမ သိပ်အသုံးလို နေတယ်’’
နောက်ဆက်တွဲစကားများ ကို ကျွန်တော် မကြားရတော့။
အလယ်ပေါက်မှနေ၍ အ လယ်ရုံကြီးထဲသို့ ဝင်ခဲ့သည်။ အူ ကြောင်းလမ်းမတစ်လျှောက်တွင် လူတွေ ကြိတ်ကြိတ်တိုးနေသည်။ မိန်းမငယ်တွေ၊ မိန်းမလတ်တွေ၊ လူငယ်တွေ၊ အတွဲတွေ။
ကျွန်တော် ထိုင်နေကျ အသိ ဆိုင်တွင် ဝင်ထိုင်သည်။ ကျွန် တော်ရောက်လာသည်ကို မြင်ဟန်မတူ။ တစ်ဘက်သို့ လှည့်၍ ငေး နေ၏။
‘‘ဘာတွေ ငေးနေတာလဲဗျ’’
ကျွန်တော်က လှမ်းမေး သည်။ သည်တော့မှ ဆိုင်ရှင်အသိ သည် ကျွန်တော့်ဘက်ကို လှည့် ကြည့်လိုက်ရင်း..
‘‘ဟဲ.. ဟဲ.. ။ ဘိုင်စကုတ် ကြည့်နေတာ ဆရာရေ့။ လာ.. လာ.. ကြည့်ချင်ရင်’’
သူလှမ်းပြရာသို့ ကြည့်လိုက် သည့်အခါတွင် အတွဲတစ်တွဲ။ မျက်နှာချင်းဆိုင်ထိုင်၍ စကား ပြောနေကြသည်။ ဘာမျှထူးခြား ဟန်မရှိ။ စောစောက ကျွန်တော် တွေ့ခဲ့သည့် အတွဲကမှ ဆီးပြား စားနေကြသေးသည်။ သူတို့အတွဲ က ဆီးပြားပင်မစား။
ကောင်လေးက အသက် (၂၀)လောက်။ ကောင်မလေးက တော့ တော်တော်ငယ်သည်။ ရှစ် တန်းကျောင်းသူလေးလောက် သာ ရှိဦးမည်။ လွယ်အိတ်က လေးကို လွယ်ထားသည်။ အင်္ကျီ က တက်ထရွန်လက်စက။ လုံ ချည်က လေယာဉ်မောင် အစိမ်း။ ဂျပန်ဖိနပ်ခုံမြင့်အဖြူကို စီးထား သည်။ သဲကြိုးက စိမ်းစိမ်းပြာပြာ ကလေး။ ဆံပင်တို့က ကုပ်၊ ပခုံး ပေါ်တွင် ခပ်ရိုင်းရိုင်းဖွာကျနေ သည်။
ရုပ်အချောကြီးမဟုတ်သည့် တိုင် အရွယ်ကြောင့် ရွှန်းစိုလှပ နေသည်။ မျက်လုံးက ရီရီ။ မျက် နှာက ကြည်ကြည်။
‘‘အတွဲလေးတစ်တွဲလားဗျ’’ကျွန်တော်က မေး၏။
‘‘အတွဲကလေး မဖြစ်သေး ဘူး။ အတွဲကလေးဖြစ်တော့မလို့’’
သူ့စကားက ခပ်ဆန်းဆန်း။ ထို့ကြောင့် ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက ပြုံးယောင်သမ်းလျက်။
‘‘ဖြစ်တော့မလို့လို့ ဘာ ကြောင့် ပြောနိုင်ရတာလဲ’’
‘‘ဆရာ သူ့လက်ကောက် ဝတ်ကို သေသေချာချာကြည့်စမ်း။ ဘာမြင်ရသလဲ’’
ကျွန်တော် သေသေချာချာ ကြည့်သည်။ ဘာကိုမျှ သဲကွဲစွာ မမြင်ရ။ လက်ကောက်မပါ။ လက်ပတ်နာရီမရှိ။ လက်မောင်း ဖြူဖြူကလေးက ဟာလာဟင်း လင်း။
‘‘ဟင့်အင်း။ ဘာမှမမြင်ရ ဘူး’’
‘‘စာရေးဆရာလုပ်နေပြီး တယ်ညံ့တာကိုး။ ဘယ်ဘက် လက်ကောက်ဝတ်မှာ သားရေ ကွင်းကလေး နှစ်ကွင်းပတ်ထား တယ်’’
ဟုတ်ပါ၏။ သူပြောတော့မှ သေသေချာချာကြည့်မိသည်။ ဘယ်ဘက်လက်ကောက်ဝတ် တွင် သားရေကွင်းနှစ်ကွင်းကို ခပ်ချောင်ချောင်ဝတ်ထားသည်။
‘‘အဲဒါ ဘာဖြစ်သလဲ’’
ကျွန်တော့် မိတ်ဆွေက တဟားဟားရယ်သည်။
‘‘စနေနေ့တိုင်း ဗိုလ်ချုပ်ဈေး ကို ရောက်တယ်လည်း ဆိုသေး ရဲ့။ ဗိုလ်ချုပ်ဈေးအကြောင်းကို လည်း ဆရာကောင်းကောင်းမသိ သေးဘူးထင်တယ်’’
‘‘ပြောသမျှ ခံရတော့မှာပဲဗျ’’‘‘စနေနေ့ နေ့လယ်ဆိုရင် ကောင်မလေးတွေ တော်တော် များများ ဗိုလ်ချုပ်ဈေးကို လာကြ တယ်။ ကောင်လေးတွေ တော် တော်များများလည်း ဗိုလ်ချုပ်ဈေး ကို လာကြတယ်။ သူတို့အားလုံး ဟာ ဈေးဝယ်လာကြတာမဟုတ် ဘူး ဆရာရဲ့။ တချို့လည်း အပျင်းပြေလာကြတာ။ တချို့လည်း အ လုပ်ကလေး ဘာလေးဖြစ်မလား လို့ လာကြတာ’’
‘‘အလုပ်’’
‘‘ဟုတ်တယ်။ အခုခေတ်မှာ အဝတ်အစား အသစ်အဆန်းတွေ က သိပ်ပေါ။ အလှပစ္စည်းတွေက သိပ်များ။ ဒီတော့ လှချင်ပချင်တဲ့ ကောင်မလေးတွေဟာ မတတ်နိုင် ရှာကြဘူး။ ဒီတော့ အလုပ်ကလေး ဘာလေး လာရှာကြတယ်။ အကြံ အဖန်ကလေး ဘာလေး လာလုပ် ကြတယ်’’
‘‘အင်း’’
‘‘အများအားဖြင့် မိန်းမငယ် လေးတွေဆိုပါတော့။ ဒီထက်ကြီး တာလည်း နည်းနည်းပါးပါးတော့ ရှိသပေါ့လေ။ ဒါပေမဲ့ အများအား ဖြင့်တော့ (၂၀)အောက်တွေများ တယ်။ ဆရာလျှောက်ကြည့်ရင် တချို့ကောင်မလေးတွေရဲ့ လက် ကောက်ဝတ်မှာ သားရေကြိုး က လေးတွေ ပတ်ထားတာ တွေ့ရ လိမ့်မယ်’’
‘‘အဲဒါ ဘာဖြစ်သလဲ’’
ကျွန်တော့်မိတ်ဆွေ ကျွန် တော့်ကိုကြည့်၍ ရယ်ပြန်သည်။
‘‘ဘာဖြစ်ရမလဲ ဆရာရဲ့။ အထိမ်းအမှတ်ပေါ့။ အဲဒီသားရေ ကွင်းကလေးပတ်ထားရင်’’
ဘုရား ဘုရား။ ကျွန်တော့် စိတ်ထဲမှ ရွတ်ဆိုမိသည်။ မဖြစ် နိုင်။ အသက် (၁၆)နှစ်၊ (၁၇)နှစ်အရွယ်၊ အရွယ်ကောင်းကလေးတွေ။ သူတို့ကိုကြည့်တော့ တကယ့် ကျောင်းသူကလေးတွေအသွင်။ အသွင်အပြင်က တကယ့်ရိုးသား အပြစ်ကင်းသူကလေးတွေ။ ကျွန် တော့်သမီးအရွယ်၊ တူမအရွယ်။
မဖြစ်နိုင်။ ဤအရွယ်ကလေးတွေက ဒီလိုဖြစ်သည်ဆိုခြင်းမှာ မဖြစ်နိုင်။ ကျွန်တော်မယုံနိုင်။ ကျွန်တော်တို့ ပြောနေကြစဉ် သူတို့နှစ် ယောက် ပြုံးပြုံးရွှင်ရွှင်ဖြင့် လက် တွဲ၍ ထွက်သွားကြသည်။
‘‘အခု သူတို့ ဗိုလ်ချုပ်ဈေးကို လက်ချင်းတွဲပြီး တစ်ပတ်လျှောက်လိမ့်မယ်။ လက်တွဲပြီး တစ်ပတ် လျှောက်ရင် ဘယ်လောက်ဆိုပြီး ဈေးရှိတယ်။ တချို့လည်း ဒီ လောက်နဲ့ ပြီးသွားကြတယ်။ အဲဒီ တုန်းမှာတော့ သမီးရည်းစားတွေ ပေါ့။ ပြီးတော့ လမ်းခွဲကြရော။ ကိုယ့်လမ်းကိုယ်သွားပေါ့။ တကယ်လို့ အဲဒီမှာ စကားပြောလို့ အဆင် ပြေသွားရင် (ဈေးတည့်သွားရင် ဆိုပါစို့) အလုပ်ဖြစ်သွားကြတာ ပဲ’’
ကျွန်တော့်ရင်သည် မော သွား၏။
ခါတိုင်းဆိုလျှင် သူ့ဆိုင်တွင် ထိုင်ပြီး ဗိုလ်ချုပ်ဈေး အရှေ့ဘက် တန်းကို လျှောက်သည်။ ထို့ နောက် မျက်နှာစာတန်းကို လျှောက်သည်။ မျက်နှာစာတန်း တက္ကစီစတင်းတွင်လည်း ရှုခင်း တွေ တစ်ပုံကြီး။ ကားတွေက နံပါတ်အနက်တပ်ထားသည့် ကားသစ်ကားကောင်းကြီးတွေ။ သို့ရာ တွင် အများအားဖြင့် တိတ်တိတ် ပုန်းလိုက်သည့် တက္ကစီများဖြစ် ကြ၏။ အတွဲကလေးတွေလာ လျှင် နေရာလည်း ရှာပေးကြသည် ဟု အဆိုရှိသည်။
ကျွန်တော်သည် ထိုနေ့က ခါတိုင်းလို မျက်နှာစာတန်းသို့ပင် မလျှောက်တော့။
စိတ်မောလူမောဖြင့် ရှုမဝ တိုက်သို့ လာခဲ့သည်။ တိုက်တွင် မိတ်ဆွေတွေနှင့် စကားပြော သည့်တိုင် သူတို့ပြောသည့် စကားများကို စိတ်မဝင်စားနိုင်။ ကျွန် တော့်သမီးအရွယ်၊ တူမအရွယ် အစိမ်းရောင်လုံချည်ကလေးနှင့် သူငယ်မကလေးကို မြင်ယောင် နေသည်။
သူ့ကို မြင်ယောင်ရင်း စိတ် မောလူမောဖြစ်နေသည်။
(၄)
ကျွန်တော့် အဖျားသည် တနင်္လာနေ့တွင် ပျောက်သွား သည်။ အင်္ဂါနေ့တွင် ရေမိုးချိုးပြီး မြို့ထဲသို့ ထွက်ခဲ့သည်။
သည်အဖျားကို အမြစ်ပြတ် အောင်လုပ်မှ ဖြစ်မယ်။ သမား တော်ကြီး ဒေါက်တာလှမြင့်၊ သမားတော်ကြီး ဒေါက်တာရယ်ဂျီ ဘဖေ၊ သမားတော်ကြီး ဒေါက် တာညွန့်တင် စသည့် သူတို့ကိုပြ သည်။ သူတို့သည် ကျွန်တော့်ကို စစ်ဆေးကြသည်။ သွေးကို ဖောက်ကြည့်သည်။ ဆီးစစ်သည်။ ဝမ်း စစ်သည်။ သလိပ်ကို စစ်သည်။ ဓာတ်မှန်ပါရဂူ ဒေါက်တာကျော် အောင်က ဓာတ်မှန်ရိုက်ကြည့် သည်။ ရောဂါဗေဒပါရဂူ ဒေါက် တာ ဒေါ်ခင်မာမာက သွေးကို ဖောက်၍ ရောဂါရှာကြည့်သည်။ ဆေးရုံသို့တင်ပြီး နှစ်ရက်၊ သုံး ရက်ခန့် စောင့်ကြည့်ကြသည်။ သို့ရာတွင် ရောဂါရှာမတွေ့။
ဆေးရုံကြီးတွင် ရောဂါရှာ မတွေ့သည့်အခါ သူတို့သည် ကျွန်တော့်ကို မျက်စိ၊ နား၊ နှာခေါင်း နှင့် လည်ချောင်း ဆေးရုံကြီးသို့ ပို့လိုက်ကြသည်။ ဒေါက်တာသာ လှိုင်နှင့် သူ့ဆရာဝန်များသည် ကျွန်တော့်လည်ချောင်းနှင့် နှာ ခေါင်းတွင် ရောဂါရှာကြည့်ကြ၏။ သို့ရာတွင် ဘာမျှရှာမတွေ့။ အား လုံးကောင်းနေသည်။
သို့ဖြင့် နောက်ဆုံးတွင် သမားတော်ကြီးများသည် ကျွန် တော့်ရောဂါကို ရှာမတွေ့ဘဲ ဆေး ရုံမှ ပြန်လွှတ်လိုက်ကြသည်။
ဘာကြောင့် မကြာခဏ ဖျား နေရသည်ကို သူတို့ကိုယ်တိုင် လည်း အကြောင်းရှာမရကြ။ ဆေးစာရွက်ထဲတွင် ပီ၊ ယူ၊ အို (ပိုက် ရက်ဇီးယားအော့ဖ်အန်ဒုန်းအော် ရီဂျင်း) ‘‘အမည်မသိအဖျားရောဂါ တစ်မျိုး’’ဟုရေးပေးလိုက်ကြသည်။
‘‘အစားအသောက်ကောင်း ကောင်းစားပါ။ အားဆေးစားပါ။ အနားယူပါ’’ဟု ပြောလိုက်ကြ သည်။
ကျွန်တော် တတ်နိုင်သမျှ ဖွယ်ဖွယ်ရာရာကလေးတွေ စား သည်။ တစ်ဘူးလျှင် မှောင်ခိုဈေး တွင် လေးငါးဆယ်ပေး၍ ဝယ်ရ သော နို့မှုန့်ကိုဝယ်၍ သောက် သည်။ သို့ရာတွင် ဘာမျှမထူး။
ကျွန်တော့်အဖျားသည် စနေနေ့ညတွင် စပြီး တနင်္ဂနွေတွင် တစ်နေ့လုံးဖျားသည်။ တနင်္လာနေ့အ ရောက်တွင် ကောင်းသွားသည်။
သည်စနေနေ့တွင် ထုံးစံအ တိုင်း ရေမိုးချိုးပြီးနောက် ဗိုလ် ချုပ်ဈေးသို့ ထွက်ခဲ့သည်။ အချိန် သိပ်မရသဖြင့် ခါတိုင်းလို အသိ ဆိုင်တွင် ဝင်မထိုင်တော့။ ဗိုလ် ချုပ်ဈေးကို တစ်ပတ်ပတ်မည်။ အိမ်က သမီးနှစ်ကောင်က သူတို့ စုဘူးကလေးတွေကိုဖောက်ပြီး နောက်ဆုံးပေါ်သည့် အလဲဗင်း ဒေးစ် နှစ်ဝတ်စာဝယ်ပေးရန် မှာ လိုက်သည်။ ထို့ကြောင့် သူတို့အ တွက်လည်း ဝယ်ရဦးမယ်။ ရှုမဝ သို့လည်း ဝင်ရဦးမည်။ စနေနေ့ ဆိုလျှင် ရှုမဝသို့ဝင်၍ မောင်မြင့် မြတ်တို့အသိုက်နှင့် စကားပြော နေကျ။ သူတို့နှင့်အတူ ‘‘ဇေ’’သို့ သွား၍ လက်ဖက်ရည်သောက်နေ ကျ။
ကျွန်တော်သည် အလယ် ပေါက်ကြီးမှနေ၍ ရုံကြီးထဲသို့ ဝင်ခဲ့သည်။
စနေနေ့ နေ့လယ် ထုံးစံအ တိုင်း လူတွေ၊ မိန်းမငယ်တွေ၊ လူ ငယ်တွေ၊ ရောင်းကြ၊ ဝယ်ကြ၊ သွားကြ၊ လာကြ၊ ကြည့်ကြ၊ ငေး ကြ။
လှမ်းကြည့်လိုက်သည်။ အ တွဲအတွဲကလေးတွေ။ တစ်တွဲ၊ နှစ်တွဲ၊ သုံးတွဲ၊ လေးတွဲ၊ ငါးတွဲ။ အမလေးလေး။ လက်ဆယ်ချောင်းကုန်သွားပြီ။ ကျွန်တော် မရေနိုင်တော့။
တစ်တွဲတစ်တွဲကို မြင်သည် ၌ ကျွန်တော့်မျက်လုံးများသည် ပြူးကျယ်သွားကြသည်။ မျက်မှန် ကိုပွတ်၍ သေချာစွာကြည့်သည်။ ကျွန်တော့်မျက်စိမမှား။
ကျွန်တော့်မိတ်ဆွေရင်းတစ် ယောက်၏ သမီးငယ်တစ်ယောက်။ ကျွန်တော့် သမီးရင်းနှင့် မခြား။ ကျွန်တော့်တူမရင်းနှင့် မခြား။ ကျွန်တော်ချစ်သည့်ကလေးမလေး။ ကောင်လေးတစ်ယောက်နှင့် တစ် ယောက်ခါးကို တစ်ယောက်ဖက် လျက်။
ကျွန်တော့် မျက်လုံးများ သည် အလိုလို သူ့လက်ကောက် ဝတ်ဆီသို့ ရောက်သွားကြသည်။ ဖြူဝင်းသည့် ဘယ်လက်ကောက် ဝတ်တွင် သားရေကွင်းကလေးနှစ် ကွင်း။
ကျွန်တော့် မျက်လုံးများ သည် ပြာဝေသွားသည်။ သမီး တွေအတွက် အလဲဗင်းဒေးစ်လည်း မဝယ်ချင်တော့။ ရှုမဝသို့သွားကာ မောင်မြင့်မြတ်တို့နှင့်လည်း စကားမပြောချင်တော့။
အိမ်သို့ တန်း၍ ပြန်ခဲ့သည်။
(၅)
ထိုစနေနေ့ညကလည်း ကျွန်တော် အကြီးအကျယ်ဖျားပြန် သည်။
သူတို့ဆီတွင် နာမည်ကြီးနေ သည့် ဂျွန်ထရာဗိုလ်တာ၏ ‘စနေ နေ့ညအဖျား’ဆိုသည့် ရုပ်ရှင်ကို လည်း ကျွန်တော် မကြည့်ဖူးသေး။သူတို့ဆီတွင် ခေတ်စားနေသည့် ‘စနေနေ့ညအဖျား’ဆိုသည့် ဒစ် စကိုဂီတကိုလည်း ကျွန်တော် နားမထောင်ဖူးသေး။
သမားတော်ကြီးများကို သွား၍ပြလျှင် သူတို့သည် ဆေးလက် မှတ်ပေါ်တွင် ပီ၊ ယူ၊ အို (ပိုင်ရက် ဇီးယား အော့ဖ်အန်ဒုန်းအော်ရီဂျင်း) ‘အမည်မသိအဖျားရောဂါ တစ်မျိုး’ဟု ရေးပေးကြလိမ့်ဦးမည်။
မြသန်းတင့်