သုခမြို့တော်
“လူမဆန်တဲ့မြို့”
ကာလကတ္တားဟာ ကမ္ဘာပေါ်မှာ သယံဇာတအပေါများဆုံးနေရာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ ၁၉၆၀ နှစ်တွေမှာဆိုရင် အာရှတိုက်မှာ အစည်ကားဆုံးနဲ့ အချမ်းသာဆုံးမြို့တော်တစ်ခုလည်းဖြစ်ပါတယ်။
ပင်လယ်ကူးသင်္ဘောဆိပ်တွေ၊ သတ္တုအရည်ကျိုစက်ရုံတွေ၊ ဓာတုဗေဒနဲ့ဆေးဝါးထုတ်လုပ်တဲ့စက်ရုံ၊ ဂျုံစက်ရုံ၊ အထည်စက်ရုံ စတဲ့ နိုင်ငံအတွက် ဝင်ငွေအများဆုံးရှာပေးတဲ့ စက်ရုံတွေတည်ရှိခဲ့တာပါ။
ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးမြို့တော်တစ်ခုအဖြစ်ပါဝင်နေခြင်းဟာ ကာလကတ္တားဟာ ဆိုင်ကလုန်းမုန်တိုင်းကြီးတွေနဲ့ ကြီးမားတဲ့ငလျင်ကြီးတွေ လှုပ်ခတ်ရာ၊ နိုင်ငံရေးသမားတွေနဲ့ ဘာသာရေးအဓိကရုဏ်းတွေ အမြဲဖြစ်ပွားလေ့ရှိတဲ့ဒေသတစ်ခုဖြစ်တဲ့အတွက်ကြောင့်ရယ်ပါ။
ကာလကတ္တားမြို့ကို ၁၆၉၀ ခုနှစ်က ဗြိတိသျှကုန်သည်တစ်စုက စတင်ထူထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၅၀ မျှ ဗြိတိသျှ-အိန္ဒိယ အင်ပါယာမြို့တော်ကြီးလည်းဖြစ်ပါတယ်။ အိန္ဒိယဘုရင်ခံချုပ်တွေဟာ ၁၉၁၅ ခုနှစ်အထိ ဒီနေ့ အမေရိကန်ပြည်ထောင်စုထက် လူဦးရေပိုမိုများပြားတဲ့ အိန္ဒိယပြည်ကို အဲဒီကာလကတ္တားကနေ လွှမ်းမိုးအုပ်ချုပ်ခဲ့ကြပါတယ်။
ဗြိတိသျှအင်ပါယာကြီးရဲ့ ဧကရာဇ်ဖြစ်တဲ့ ဂျော့ဘုရင်နဲ့ မေရီမိဖုရားကြီးတို့ဟာ ၁၉၁၁ ခုနှစ်က ရွှေပိန်းချရထားကြီးနဲ့ အဲဒီကာလကတ္တားမြို့မှာ ဒေသစာရီကြွချီခဲ့တယ်လို့လည်း သိရပါတယ်။
ကာလကတ္တားမြို့ကြီးမှာ အတိတ်က ကြီးကျယ်ခမ်းနားခဲ့တဲ့ အမွေအနှစ်တွေရှိရာ မြို့တော်တစ်ခုဆိုရင်လည်း မမှားပါဘူး။
ကာလကတ္တားမြို့ ကြီးကျယ်ခမ်းနားသလောက် ကမ္ဘာပေါ်မှာ ဆင်းရဲစုတ်ချာဆုံးလို့ပြောလို့ရနိုင်တဲ့ ဆင်းရဲသားလူသန်းပေါင်းများစွာတို့ ရှိခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
အဲဒီကာလကတ္တားမြို့မှာ ကျောတခင်းစာနေရာရရှိရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြရပါတယ်။ ကျေးလက်ဒေသတွေမှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပေါ်လာပြီး ထမင်းတစ်လုတ်အတွက်ရှာဖွေစားသောက်ဖို့ မဖြစ်နိုင်တော့တဲ့အခါ ကျေးလက်နေပြည်သူတွေဟာ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မြို့ပေါ်ကို တဖြည်းဖြည်း ရောက်ရှိလာကြတာဖြစ်ပါတယ်။
မြို့ပေါ်ကိုရောက်ရှိလာကြတဲ့ ကျေးလက်နေပြည်သူတွေရဲ့ အဓိကရည်မှန်းချက်ဟာ မြို့ပေါ်မှာ စုမိဆောင်းမိရှိလာရင် ရွာပြီးပြန်လည်အခြေချမယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ယောက်စနှစ်ယောက်စလောက်သာ သူတို့ရဲ့ ရည်မှန်းချက်အောင်မြင်ခဲ့ပါတယ်။ အားလုံဟာ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားကြရင် ကာလကတ္တားရဲ့ လမ်းမတွေပေါ်မှာပဲ ဦးေ်ခါင်းမြေချခဲ့ကြရပါတယ်။
ကျေးလက်ဒေသတွေကနေ ရောက်ရှိလာတဲ့ ဆင်းရဲသားတွေဟာ လူ့ဂုဏ်သိက္ခာနဲ့မလျော်ညီတဲ့ လန်ချားတစ်ခုကို ဆွဲခွင့်ရဖို့အရေးကိုလပေါင်းများစွာကြာအောင် ကြိုးပမ်းခဲ့ကြရပါတယ်။ တဖြည်းဖြည်းလူနေ ထူထပ်လာတာကြောင့် ကျောတခင်းစာနေရာရဖို့အရေးတောင် မလွယ်ကူတဲ့အဖြစ်ရယ်ပါ။
ဝမ်းရေးအတွက် သွေးတွေကို ထုတ်ယူရောင်းချရတာတွေရှိသလို မသေမီကပင် မိမိတို့ရဲ့ အရိုးကို ကြိုတင်ရောင်းချလို့ရနိုင်တဲ့ ဈေးကွက်တွေလည်း တွင်ကျယ်ပါတယ်။
မြို့ပေါ်မှာ အုပ်ချုပ်ရေးအဖွဲ့တွေ ရှိနေပေမယ့်လည်း ဆင်းရဲသားတွေနေထိုင်တဲ့ရပ်ကွက်တွေမှာတော့ လူမိုက်ဂိုဏ်းတွေသာ ကြီးစိုးအုပ်ချုပ်ရပါတယ်။ ဆင်းရဲသားတွေဟာ အစိုးရထက် လူမိုက်တွေကို ပိုပြီး ကြောက်ရပါတယ်။
အဲသည်အချိန်က ကာလကတ္တားမှာကျင့်သုံးနေတဲ့ ဗျိုရိုကရက်တစ် အုပ်ချုပ်ရေးယန္တရားဟာ အလွန်နှေးကွေးပြီး အခွန်ဌာနမှာ ဆောင်ရွက်ရတဲ့ သာမန်ကိစ္စလေးတစ်ခုအတွက် လပေါင်းများစွာကြာတတ်ပြီး ငွေကြေးတစ်စုံတစ်ရာ လာဘ်ထိုးမှုတွေပြုလုပ်မှ အဆင်ပြေတာပါ။
ကာလကတ္တားရဲ့ လမ်းမတွေပေါ်မှာ လိုင်စင်မရှိတဲ့ လန်ချားပေါင်းမြောက်မြားစွာ ပြေးဆွဲသွားလာနေကြပါတယ်။ အစိုးရက လန်ချားတိုင်းကို မှတ်ပုံတင်ပြုလုပ်ရမယ်လို့ ပြဌာန်းထားပေမယ့် လိုင်စင်မရှိတဲ့ လန်းချားသမားတွေဟာ ယာဉ်ထိန်းရဲတွေကို ငွေကြေးနဲ့လာဘ်ထိုးပြီး ဆောင်ရွက်လို့ရပါတယ်။
တစ်စုံတစ်ယောက်က ဆင်းရဲသားတွေအတွက် ကျန်းမာရေးအကူအညီတွေပေးမယ်ဆိုရင် အာဏာပိုင်တွေနဲ့ လူမိုက်ဂိုဏ်းတွေက လွယ်လွယ်နဲ့ခွင့်မပြုကြပါဘူး။ အဲသည်အချိန်က ထင်ရှားခဲ့တဲ့ ကမ္ဘာ့မဟာကရုဏာရှင်လို့ သတ်မှတ်ခံထားရသူ သူတော်စင်ကြီး မာသာထရီဇာကိုတောင် အကူအညီတွေအတွက် ကြန့်ကြာအောင် အာဏာပိုင်တွေဘက်က လုပ်ဆောင်ခဲ့ကြတာပါ။
ဒီအချက်တွေကြောင့် ကာလကတ္တားကို လူမဆန်တဲ့မြို့အဖြစ် ဆင်းရဲသူဆင်းရဲသားတွေက သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာလည်း ကာလကတ္တားမှာဖြစ်ပျက်ခဲ့တဲ့ အနေအထားတွေနဲ့ တူညီတဲ့အချက်တွေ ရှိနေဆဲပါ။
ကာလကတ္တားအနေနဲ့ ဒီနေ့အချိန်မှာ အဲဒီအခြေအနေအရပ်ရပ်ကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။
⬛
မြသန်းတင့်
Ref- The City of Joy