ဝတ္ထုတိုများစုစည်းမှု့

စင်ဒရယ်လားသည် စင်ဒရယ်လား ဖြစ်မြဲပါ

ကျွန်တော်သည် ပတ္တမြားခင်၏ ပေးစာဖိုင်ကြီးကို ထုတ်လိုက်သည်။

၁၉၉၁ ခုနှစ် ကတည်းက ပတ္တမြားခင်သည် ကျွန်တော့်ထံ စာမှန်မှန်ရေးခဲ့သည်။ တလလျှင်တစောင်။ တခါတလေတွင် တလအတွင်းမှာပင် နှစ်စောင်ရောက်ချင် ရောက်လာတတ်သေးသည်။ ရေးသည့်အကြောင်း အရာများက အမေရိကန်တွင် နေထိုင်ရသည့် လူမှုဘဝ၊ နောက် အင်္ဂလန်၊ ဥရောပ စသည့်နိုင်ငံများသို့ သွားသည့် အတွေ့အကြုံတွေ။ တခါတရံတွင် ပတ္တမြားခင်သည် ဆွစ်ဇာလန်မှ စာရေးသည်။ တခါတရံတွင် ပြင်သစ်မှ လှမ်း စာရေးသည်။ တခါတရံတွင် အင်္ဂလန်မှ လှမ်းစာရေးသည်။ ကျွန်တော်သည် သူ့ပေးစာများကို ဖတ်၍ သူ့ကို အားကျကာ ကုလားထိုင်ပေါ်တွင် ထိုင်ရင်းသာ ခရီးသွားရတော့သည်။

ပတ္တမြားခင်သည် တော်တော် စာရေးနိုင်သူ ဖြစ်သည်။ ‘သန္တာစမ်းမှ အလွမ်းစာ’ ဆိုသည့် ခေါင်းစဉ်ဖြင့် အနောက်နိုင်ငံမှ အတွေ့အကြုံတွေ ရေးထားသည့် သူ့ဆောင်းပါးများတွင် မှတ်သားစရာတွေလည်း ပါသည်။ တွေးတော ဆင်ခြင်စရာတွေလည်း ပါသည်။ အောက်မေ့သတိရစရာတွေလည်း ပါသည်။ ထိုစာများသည် သူ၏ အိမ်လွမ်း ဝေဒနာကို ဖော်ပြနေကြသည်။ နိုင်ငံခြားတွင် အနေကြာလာသည်နှင့်အမျှ သူသည် မြန်မာပြည်ကို ပို၍ တမ်းတ လွမ်းဆွတ် လာဟန်တူသည်။ သူ၏ စာတစောင်ထဲတွင်……

“လန်ဒန်မှာ အဆောက်အဦ၊ အခေါ်အဝေါ်၊ အသုံးအဆောင် တွေကအစ မြန်မာပြည်မှာ သုံးနေကျ၊ ကြားနေကျ၊ တွေ့နေကျ ပစ္စည်းတွေမို့ မြန်မာပြည်ကို အောက်မေ့လိုက်တာ ဆရာရယ်။ ပုဂံကို မမခင် သုံးခေါက် ရောက်ဖူးပါတယ်။ ပထမဆုံး ရောက်ဖူးတာ ယုဝတီအဖွဲ့နဲ့။ မမခင် (ဒဂုန်ခင်ခင်လေး) တို့အဖွဲ့နဲ့ သွားဖြစ်ခဲ့တာပါ။ တခေါက်နဲ့ တခေါက် မတူဘူး။ ပုဂံဟာ တခေါက်ထက်တခေါက် ပိုလှနေတာ တွေ့ရပါတယ်။ ပုဂံရှုခင်းတွေကို မျက်စေ့ထဲမှာ ပြန်ပြီး မြင်ယောင်နေပါတယ်။ ပုပ္ပါးက ထွက်တဲ့ သြဇာသီး အယ်အယ်ကြီးတွေကိုလည်း စားချင်လိုက်တာ။ ဒီမှာ သြဇာသီး ရှိတဲ့အခါ ရှိပါရဲ့။ ပိစိကွေးလေးတွေကို တလုံး ၃ ဒေါ်လာလောက် ပေးရတာမို့ မတတ်နိုင်လို့ များများစားစား ဝယ်မစား ဖြစ်ပါဘူး။ ညောင်ဦးမှာ မီးလင်းဖိုထဲ ထည့်ပြီး ဖုတ်စားရတဲ့ ထန်းပင်မြစ်ဖုတ်ကိုလည်း လွမ်းတယ်ဆရာရယ်။ ထန်းတောထဲက ထန်းလျက်ဖိုမှာ ပူပူနွေးနွေး ကော်စားရတဲ့ ထန်းလျက်ပူကိုလည်း သတိရတယ်။

မမခင်က ဆရာရဲ့ ဇာတိဖြစ်တဲ့ ပခုက္ကူရဲ့ ဟိုဘက်က ကျည်းကန်ရှင်ကြီးရဲ့ ကျည်းကန်ရွာကိုလည်း ငယ်ငယ်တုန်းက ကျောင်းပိတ်ချိန်တိုင်း ရောက်တယ်။ မမခင်ရဲ့ ဘိုးလေးက ကျည်းကန်ရွာသား ကျောင်းအုပ် ဆရာကြီးလေ။ ငယ်ငယ်က ကျွမ်းဝင်ခဲ့ရတဲ့ တောဓလေ့တွေကို မမေ့နိုင်သေးဘူး ဆရာရယ်”

ပတ္တမြားခင်သည် ကယ်လီဖိုးနီးယားက ပန်းသီးခြံတွေကြားက နေပြီး ပုပ္ပါးသြဇာသီးကို လွမ်းနေသည်။ ကုန်ပဒေသာတိုက်ကြီးတွေထဲ ကက်ဘာရီ ချော့ကလက်တွေကို ကျော်ပြီး အညာက ထန်းလျက်ပူကို လွမ်းနေသည်။ နောက်စာတစောင်ထဲတွင်………

“ဘာလိုလိုနဲ့ သင်္ကြန်တောင် နီးလာပြီနော်။ ပိတောက်တွေ ပွင့်ကြတော့မယ်။ ဒီမှာ ငုတွေတော့ ရှိတယ်ဆရာ။ ပိတောက်ကိုင်း ယူလာပြီး စိုက်တာ၊ ရက်ကြာသွားလို့လား မသိဘူး၊ မဖြစ်ဘူး။ ငုဖြစ်ရင် ပိတောက်လည်း ဖြစ်နိုင်မယ်လို့ ထင်တာပဲ။ သရက်တွေ ဖူးနေတာ ခဲနေတာပဲ။ သရက် လှိုင်လှိုင်ပွင့်တော့လည်း မြန်မာပြည်ကို သတိရပြန်တာပဲ” ဟုဆိုကာ ပိတောက်နဲ့ သရက်ကို သူ လွမ်းသည်။

နောက်စာတစောင်တွင်မူ မြန်မာပြည်ကို ပြန်ချင်ကြောင်း ပါလာသည်။

“ဒီမှာနေတဲ့ ‘ဦး…’ ဆိုတာ မြန်မာပြည်ကို ပြန်သွားပြီ။ ဒီမှာ သား ၄ ယောက်နဲ့ လာနေတာ။ အသက်ရ လာတော့ ကိုယ့်တိုင်းပြည်မှာပဲ ပြန်ပြီး အေးအေးဆေးဆေး နေတော့မယ်ဆိုပြီး အပြီးပြန်သွားပါတယ်။ ကလောမှာပဲ အခြေချတော့မယ်တဲ့။ သူများတကာတွေက အမေရိကန်ကို လာရတာ အားကျနေကြပေမယ့် မမခင်ကတော့ အဲဒီလို ပြန်သွားတဲ့ လူတွေကို အားကျမိတာ အမှန်ပဲ ဆရာရယ်။ ကလောလို နေရာမှာ ခြံသေးသေးကလေး၊ အိမ်ပုကလေးနဲ့ ဒေလီယာတွေ၊ နှင်းဆီတွေ ရောင်စုံစိုက်ပြီး နေချင်လိုက်တာ။ ရွှေစက်တော်ကို မမခင် တခေါက်မှ မရောက်ဖူးသေးဘူး။ သိပ်လှပြီး သိပ်သာယာတာပဲလို့ သွားတဲ့လူတိုင်းက ပြောတယ်။ ဓာတ်ပုံတွေမှာပဲ မြင်ရ ကြည့်ရတော့တယ်။ မြန်မာပြည်အနှံ့ ခရီးလျှောက်သွားနေရတဲ့ ဆရာတို့ကို အားကျလိုက်တာ။ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လည်ရတာလည်း အခွင့်ရေးကောင်းကြီး တခုပါပဲ။ ဆရာ ပခုက္ကူ ပြန်တဲ့အခါ ဘယ်လို ခံစားရလဲ မသိဘူး။ မမခင်တော့ မန္တလေးကို တခေါက် ပြန်လာတိုင်း အသက်ပိုငယ်သွားသလို ခံစားရတယ်။ ငယ်ပေါင်းကြီးဖော်တွေနဲ့ နင်တလုံး၊ ငါတလုံးပြော၊ ကျောက်မဲခုံဖိနပ် တဂေါက်ဂေါက် မြည်အောင်စီးပြီး ဘာမှ ဟန်လုပ်ဆက်ဆံတာမျိုး မရှိဘဲ နေရတာ သိပ်ပြီး အရသာတွေ့တာပဲ” ဟု ရေးသည်။

နောက်စာတစောင်တွင်မူ…….

“တနေ့နေ့တော့ မြန်မာပြည်ကို ပြန်ရောက်ကောင်းပါရဲ့။ ဆရာနဲ့လည်း တဝကြီး စကားတွေ ပြောခွင့်ရချင်ပါရဲ့။ အဲဒီတနေ့ဟာ တကယ်မှ ရောက်ပါ့မလားတော့ မပြောတတ်ပါဘူး ဆရာရယ်။ အသက်ရှင်နေသေးရင်ပေါ့လေ” ဟု စိုးရိမ်စိတ်ဖြင့် သူတမ်းတသည်။

++++ ++++ ++++ ++++

၁၉၉၁ ခုနှစ်လောက်မှစ၍ ပတ္တမြားခင်သည် တလတစောင် သို့မဟုတ် နှစ်လတစောင် ရေးတတ်ပါသည်။ ပတ္တမြားခင်သည် မဂ္ဂဇင်းများတွင် ဆောင်းပါးတွေ ရေးရုံမျှမက မိတ်ဆွေများထံလည်း တာဝန်ကျေစွာဖြင့် စာတွေ မှန်မှန် ရေးနိုင်သူ ဖြစ်သဖြင့် ချီးကျူးရသည်။ ကျွန်တော်ကမူ စာမှန်မှန် မပြန်ဖြစ်ပါ။ တခါတလေ ကျွန်တော်ထံမှ စာအပြန်ကျဲသွားလျှင် ပတ္တမြားခင်သည် ဘာဖြစ်လို့လဲ၊ နေထိုင်မကောင်းလို့လား၊ ကျန်းမာရေး မကောင်းလို့လား စသဖြင့် စာတွေ တစောင်ပြီးတစောင် ရေးပြီး မေးတတ်ပါသည်။ ကျွန်တော်မှာ စာရေးပျင်းသူ ဖြစ်သည်။ ဆောင်းပါး၊ ဝတ္ထု စသည်များကို ရေးသည်မှ လွဲလျှင် ကိုယ်ရေးကိုယ်တာ ပေးစာကို ကျွန်တော် ရေးဖြစ်ခဲသည်။ မိဘများ ရှိစဉ်ကလည်း မိဘတွေက ရေးသည့်တိုင် ကျွန်တော် မရေးဖြစ်ပါ။ သူတို့ ၄၊ ၅၊ ၁၀ စောင်ရေးမှ တစောင်တလေသာ ပြန်ဖြစ်ပါသည်။ နောက် သားချင်းဆွေမျိုးများ ထံသို့လည်း ကျွန်တော် မရေးဖြစ်ပါ။ ပတ္တမြားခင်ထံသို့မူ မကြာခဏ ရေးဖြစ်နေပါသည်။ ကျွန်တော်က စာမပြန်လျှင် နေထိုင်မကောင်းဟု အထင်ရှိကာ စာတွေ တစောင်ပြီးတစောင် လှမ်းရေးနေတတ်သဖြင့် သူ့ကို အားနာကာ စာတွေ ရေးဖြစ်အောင် ကြိုးစား၍ ရေးရပါသည်။

[တလောက နယ်သို့ ရောက်သွားရာတွင် အသက် ၄၀ ကျော် ၅၀ အတွင်း မိတ်ဆွေတယောက်က မှန်ပေါင်သွင်းထားသည့် စာတစောင်ကို ပြပါသည်။ သူ့ အသက် ၁၂ နှစ်သားတုန်းက သူ့ထံ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ရေးသောစာ ဖြစ်ပါသည်။ သူက မြန်မာစာ တော်ရန် မည်သည့်စာမျိုးကို ဖတ်သင့်သနည်းဟု ဆရာကြီးထံ စာရေးမေးမြန်းရာတွင် ဆရာကြီးက ပြန်ကြားသော စာ ဖြစ်ပါသည်။ ဆရာကြီးက မြန်မာစာတော်ချင်လျှင် ရှင်မဟာသီလဝံသ၏ ‘ရာဇဝင်ကျော်’ ‘မှန်နန်းရာဇဝင်တော်ကြီး’ နှင့် ‘ဇိနတ္ထပကာသနီ’ စသောကျမ်းများကို ဖတ်ရန် ရေးထားပါသည်။ ထို့ပြင် လူငယ်တွေ ကြိုးစားဖို့ လိုကြောင်း စသည်တို့ကိုလည်း ရေးထားပါသည်။ ၁၂ နှစ်သားလေးထံ လေးလေးစားစား စာပြန်သော ဆရာကြီး၏ မေတ္တာ၊ ဆရာကြီး၏ စေတနာ၊ ဆရာကြီး၏ အလေးဂရုပြုပုံမျိုးကို ကြည့်၍ အံ့သြအားကျမိပါသည်]

ပတ္တမြားခင်က သူ့စာရေးဟန်နှင့် ပတ်သက်၍လည်း သူ့ကိုယ်သူ ဝေဖန်ထားသည်။

“မမခင် ဒီက အတွေ့အကြုံတွေကို မျှဝေပေးချင်တယ်။ ဆောင်းပါးပုံစံ ရေးရမှာကလည်း ရေးစ မရှိတော့ မရေးတတ်ဘူး။ ဒါနဲ့ ပေးစာ ပုံသဏ္ဍာန်နဲ့ဆိုရင် စကားပြောသလို ရေးလို့ရတော့ ရေးရတာ လွယ်မှာပဲဆိုပြီး ရေးလိုက်တာ။ နောက်ပြီး ‘ကိုဦး’ (ဝင်းဦး) ဆီကလာတဲ့ စာတွေကလည်း ပေးစာပုံသဏ္ဍာန်နဲ့ ဆိုတော့ ဒီလိုရေးရင် ကောင်းမှာပဲ ဆိုပြီး စန္ဒာထဲမှာ ‘သန္တာစမ်းက အလွမ်းစာ’ ဆိုပြီး ရေးလိုက်တာပါ။ ဒီလိုရေးမိရာကနေပြီး ကံကောင်းတော့ ဟုတ်သလိုလို ဖြစ်သွားတာ။ အမျိုးသမီး ဓာတ်ပုံဆရာမ ဖြစ်သွားတာလည်း ဒီအတိုင်းပါပဲ။ တော်လို့ တတ်လို့ ဆိုင်ဖွင့်ဖြစ်တာ မဟုတ်ပါဘူး။ ဓာတ်ပုံရိုက်တာ ပိုက်ဆံဖြုန်းတယ်ဆိုပြီး ယောက်ျား အဆဲခံရလို့ ကိုယ့်ဘာကိုယ် တ၀ ရိုက်ရအောင် ဆိုပြီး ဆိုင်ဖွင့်ဖြစ်သွားတာ။ လူတွေက အားပေးလာတော့မှ ပြူးပြူးပြဲပြဲဖြစ်ပြီး မနည်းလိုက် လေ့လာရတာနဲ့ ‘ခန့်ခန့်ကြီးဓာတ်ပုံ’ ဆိုပြီး ဖြစ်သွားရတာ ဆရာရေ့ ။

မမခင်မှာ ရေးစရာ Life Story တွေ တပုံကြီးပဲ။ ဆရာပြောသလို အချိန်က နည်းလာပြီမို့ ရေးခွင့်ရတုန်းမှာ ကြိုးစားပြီး ရေးထားရဦးမယ်။ မမခင် အခု ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ရေးနေတယ်။ အဲဒါ တနှစ်နဲ့ ပြီးရင်တော့ ကံကောင်းပေါ့ ဆရာရယ်။ အဲဒါ ဆရာ့ကိုပဲ အားကိုးရမှာ။ ဆရာကပဲ ကြည့်ပြီး တည်းဖြတ်ပြင်ဆင်ပေးပါ။ အရှိကို အရှိအတိုင်း ရေးမှာဆိုတော့ တည်းဖြတ်တာတို့ ဘာတို့ လုပ်မှ ဖြစ်မှာ။ ‘သန္တာစမ်းက အလွမ်းစာ’ ကိုလည်း မမခင်ရဲ့ အနှစ် ၇၀ ပြည့်မှာ ရုပ်လုံးပေါ်ချင်ပါတယ်။ နောင် ၃ နှစ်နီးပါးဆိုရင် ၇၀ ပြည့်တော့မှာ မဟုတ်လား။ ဖိုးသားကိုတော့ မှာထားတယ်။ အကယ်၍များ မမခင် မရှိတော့ဘူး ဆိုရင်တောင် သူ တာဝန်ယူပြီး ထုတ်ပေးပါလို့။ အဲဒီအခါကျရင် ဆရာ့ကို အကူအညီ တောင်းဖို့လည်း ပြောထားပါတယ်။ မမခင် ရှိရှိ မရှိရှိ မမခင်ရဲ့ စာအုပ်ကို ဆရာ အမှာစာ ရေးပေးရမယ်နော်”

သူ့စာမှာ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလကတည်းက ရေးလိုက်သည့်စာ ဖြစ်သည်။ ယခုလောက်ဆိုရင် ပတ္တမြားခင်သည် အသက် ၇၀ ပြည့်လောက်ပြီ။ သူ့အသက် ၇၀ ပြည့်တွင် ပတ္တမြားခင်သည် သူထုတ်ချင်သည့် စာအုပ်ကို မထုတ်ဖြစ်သေးသော်လည်း သူ့အတ္ထုပ္ပတ္တိကိုမူ ရေးဖြစ်လေပြီ။

ပတ္တမြားခင်သည် မြန်မာပြည်နှင့် နှစ်ပေါင်းများစွာ ကွဲကွာနေပြီးနောက် မနှစ်တုန်းက မြန်မာပြည်သို့ ရောက်လာသည်။ မိတ်ဟောင်း ဆွေဟောင်း၊ မိတ်သစ် ဆွေသစ်တွေဆီ သွားလာရနှင့် အချိန်ကို လုနေရသည်။ သည်ကြားထဲ မန္တလေး၊ စစ်ကိုင်း၊ ပုဂံတို့ကို ရောက်အောင် သွားလိုက်သေးသည်။ သူပြန်သွားပြီး မကြာခင်မှာပင် စာရေးနိုင်သည့် ပတ္တမြားခင်ထံမှ စာတွေ ရောက်လာသည်။ သူ့ စာတစောင်ထဲတွင်………

“အမေရိကန်မှာ အချိန်ကို လုပြီး အလုပ်လုပ်ကြတယ်။ သူတို့ အဖို့တော့ Time is money ပဲ။ မမခင်တို့ မြန်မာတွေကတော့ နေရာတိုင်းမှာ အေးဆေးလွန်းတာကို ကြည့်ပြီး စိတ်ထဲမှာ အားကိုမရပဲ ဖြစ်ဖြစ်နေတယ်။ ကိုယ်ကလည်း ဘာမှ လုပ်နိုင်စွမ်း မရှိတော့ သည်းခံနိုင်အောင် ကိုယ့်ကိုယ်ကို ပြန်ပြီး ဆုံးမရတယ်။ စိတ်တိုင်းမကျတဲ့ အဖြစ်ကလေးတွေ ကြုံရပေမယ့် Home Sweet Home ဆိုတာ အမှန်ပါပဲ။ သုံးပတ်ဆိုတဲ့ အချိန်လေးဟာ မမခင်ဘဝမှာ မေ့မရနိုင်တဲ့ တကယ့်ကို ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အချိန်ပိုင်းကလေးအဖြစ် သေရာပါသွားမယ့် ခံစားချက်ကလေးပါပဲ ဆရာ။ အိပ်မက် မက်လိုက်ရသလိုပါဘဲ။ အိပ်မက်က လန့်နိုးတော့ ဝိုးတဝါးဖြစ်နေသလို ခုလည်း နိုးတဝက်နဲ့ စိတ်က မြန်မာပြည် ပြန်ရောက်လိုက်၊ လက်ရှိဘဝကို မေ့သွားတဲ့ အခါတွေဟာလည်း အကြိမ်များစွာပဲ။ တကယ့် Reality ကို သတိရတဲ့အခါမှာ မျက်ရည်တောင် ဝိုင်းမိပါတယ် ဆရာ။

ဆရာ့အိမ်ကအပြန် ကားထွက်ခါနီးမှာ ဆရာက ‘မတူးရယ် ညည်းအမေကို ၂ နှစ်တခါလောက်တော့ ပြန်ပို့ပါ’ လို့ တမ်းတမ်းတတမှာတဲ့ အမှာစကားကိုလည်း နားထဲက မထွက်တော့ဘူး။ တကယ် အဲဒီလို ပြန်လာခွင့် ကြုံကြိုက်နိုင်ရင်တော့ ကောင်းမှာပဲ ဆရာရယ်။ မတူးလေးလည်း ခုထိ Home Sick ဖြစ်နေတုန်းပဲ။ စင်ဒရယ်လား ပုံပြင်ထဲကလို ၁၂ နာရီထိုးတာနဲ့ ကိုယ့်နေရာကို ပြေးပြန်လာခဲ့ရတာ အဆောင်အယောင်တွေ၊ မေတ္တာ စေတနာ တွေလည်း တခါတည်း ကွယ်ပျောက်။ ဖန်ဖိနပ်ကလေး တဖက် ပြန်ပါလာသလို လက်ဆောင်ပစ္စည်းကလေးတွေ မြင်ရမှ ငါတကယ် မြန်မာပြည်ကို ရောက်ခဲ့တာပါလားလို့ သိရသလို ခံစားရတယ် ဆရာရယ်”

ကျွန်တော်သည် အိမ်လွမ်းဝေဒနာသည် တဦး၏ စာများကို ဖတ်ရင်း သူ့အဖြစ်ကို စာနာမိသည်။

စင်ဒရယ်လားပုံပြင်တွင် စင်ဒရယ်လားသည် မင်းသားလေး၏ ကပွဲကို တက်ရောက်ခဲ့သူ ဖြစ်ကြောင်း အထောက်အထားမပြနိုင်အောင် ဆိုးယုတ်သည့် မိထွေးက ဖန်ဖိနပ်ကလေးတဖက်ကို ရိုက်ခွဲပစ်လိုက်သည်။ သို့ရာတွင် စင်ဒရယ်လားတွင် ဖိနပ်ကလေးတဖက် ကျန်နေသေးသဖြင့် မနေ့ညက ကပွဲသို့ ရောက်ခဲ့ကြောင်းကို သက်သေပြနိုင်ခဲ့သည်။

ပတ္တမြားခင်သည် အချိန်မီ အပြေးအလွှား ပြန်ခဲ့ရသဖြင့် ဖိနပ်တဖက် ပျောက်ခဲ့သည့် စင်ဒရယ်လားနှင့် တူသည်ဟု သူ့ကိုယ်သူ ပုံခိုင်းသွားသည်။ သို့ရာတွင် စင်ဒရယ်လားတွင် သက်သေပြစရာ ဖိနပ်ကလေးတဖက် ကျန်သလို ပတ္တမြားခင်တွင်လည်း ဖိနပ်တဖက် ကျန်ပါသေးသည်။

ထို ဖန်ဖိနပ်တဖက်မှာ မြန်မာဆိုသည့် ဇာတိစိတ် ဖြစ်သည်။ ဇာတိစိတ်ကို ဘယ်သူမှ ဖျောက်၍ မရပါ။ ဘယ်သူတွေ ဘာပဲ ပြောပြော စင်ဒရယ်လားသည် စင်ဒရယ်လားပင် ဖြစ်ပါသည်။

မြသန်းတင့်

မဟေသီမဂ္ဂဇင်း ၁၉၉၄ ဇွန်

[နေရီရီစာအုပ်တိုက်မှ ထုတ်ဝေတဲ့ မြသန်းတင့်ရဲ့ အပြာရောင်ညနေဆည်းဆာများ၊၂၀၁၀ စက်တင်ဘာ၊ ပထမအကြိမ်၊ မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။]