စားပွဲထိုးတစ်ယောက် ကွယ်လွန်အနိစ္စရောက်ခြင်း
ဦးထွန်းဖေ ဗိုလ်တဲစောင့် လုပ်လာသည် မှာ အနှစ် ၃၀ ရှိလေပြီ။ သူ့အသက် ၂၀ ကျော် လောက်ကတည်းက သည်ဗိုလ်တဲတွင် ဗိုလ်တဲစောင့် လုပ်ခဲ့ခြင်း ဖြစ်၏။ သူ့အဖေ ဦးဘကျင်လည်း သည်ဗိုလ်တဲမှာ ဗိုလ်တဲစောင့် လုပ်ခဲ့၏။ သူသည်လည်း သည်ဗိုလ်တဲက အစေခံ တန်းလျားကလေး ထဲမှာ မွေးပြီး သည်ဗိုလ်တဲက အစေခံ တန်းလျားကလေး ထဲမှာ ကြီးပြင်းခဲ့သည်။ သူ့အသက် ၂၀ ကျော်တွင် အဖေ ဦးဘကျင် ဆုံးသည့်အခါ သူတို့ အမေသည် ကလေး ငါးယောက်ဖြင့် မုဆိုးမ ဖြစ်၍ ကျန်ရစ်ခဲ့သည်။ ဘယ်ကိုမျှ ပြောင်းစရာ မရှိ။ ဤတွင် လူကြီးများက သားအကြီးဆုံး ဖြစ်သည့် သူ့ကို အဖေ့နေရာတွင် ဆက်ခန့်ထား လိုက်ကြ၏။ အစိုးရအလုပ် ဖြစ်၍ ချက်ချင်း မခန့်။ ပထမ အစမ်းခန့် လုပ်နေရသေးသည်။ အစမ်းခန့် ဆိုသည်မှာ လခ မရသေးဘဲ ဗိုလ်တဲ နောက်ဖေး တန်းလျားတွင် နေခွင့်ရရုံသာ ဖြစ်သည်။ အစိုးရရုံးများ ထုံးစံအတိုင်း အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှ ဗိုလ်တဲစောင့် ရာထူး ရ၏။ ရာထူး သေးသေးကလေး ဖြစ်သဖြင့် အဆင့်များစွာ ကိုတော့ ကျော်ဖြတ်ခြင်း မပြုရ။ နှစ်ဆင့် သုံးဆင့် လောက်မျှသာ ဖြစ်သဖြင့် မကြာလိုက်ပါ။ ခြောက်လလောက်သာ ကြာလိုက်ပါသည်။
ဗိုလ်တဲစောင့် အလုပ်သည် ထူးထူးထွေတွေ မရှိ။ မြင်မကောင်း ရှုမကောင်းဖြစ်လျှင် ဗိုလ်တဲ ဝင်းထဲတွင် တံမြက်စည်း လှည်းရခြင်း၊ မိုးတွင်းတွင် ချုံနွယ်တို့ကို ရှင်းလင်းရခြင်း၊ နေ့စဉ် ရေမလောင်း ရသည့် ပန်းပင်များ စိုက်ခြင်း၊ ဗိုလ်တဲရှိ အခန်းများကို သန့်ရှင်းရခြင်း၊ လိုအပ်လျှင် ရေအိမ်ကို ဆေးကြောရခြင်း၊ ဗိုလ်တဲသို့ ဧည့်သည်များ လာလျှင် ဗီရိုထဲတွင် သိမ်းထားသည့် ဌာနပိုင် စောင်၊ ခေါင်းအုံး၊ ခြင်ထောင်တို့ကို ထုတ်၍ ပြင်ဆင်ပေးရခြင်း၊ ဧည့်သည်များကို ချက်ပြုတ် ကျွေးမွေးရခြင်း စသည်တို့ ဖြစ်သည်။
ထိုအလုပ်များ သည် ဘာမျှ ပင်ပန်းလှသော အလုပ်များ မဟုတ်။ ကျယ်ဝန်းလှသော ဗိုလ်တဲဝင်းကြီး တစ်ခုလုံးကို ပြောင်ရှင်းနေအောင် သူတစ်ယောက်တည်း တံမြက်စည်း မလှည်းနိုင်။ လှည်းဖို့လည်း မလို။ မော်တော်ကား ဝင်လမ်း ထွက်လမ်းနှင့် ပေါ်တီကို တစ်ဝိုက်တွင် အမှိုက်သရိုက်တို့ မရှိလျှင် တော်ပြီ။ ချုံနွယ်တို့ကို ရှင်းလင်း၍ ပေါင်းသင်၊ မြက်ခုတ်ရသည့် ကိစ္စမှာလည်း နေ့တိုင်း လုပ်စရာ မလို။ မိုးတွင်းမှ တစ်လလျှင် တစ်ကြိမ် နှစ်ကြိမ်လောက်သာ လုပ်ရသည့် ကိစ္စမျိုး ဖြစ်သည်။ အညာတွင် မိုးခေါင်သည့် နှစ်မျိုးနှင့် ကြုံလျှင် တစ်မိုးတွင်းလုံးပင် ချုံရှင်းစရာ မလိုတော့။ သူ အများဆုံး လုပ်ရသည့် အလုပ်မှာ လာသည့် ဧည့်သည်များကို ထမင်း ချက်ကျွေးရသည့် အလုပ် ဖြစ်သည်။
သည်အလုပ်ကို သူကလည်း ဝါသနာ ပါသည်။ ဦးထွန်းဖေသည် အစားကောင်း အသောက်ကောင်း စားတတ်သူပီပီ သူကိုယ်တိုင်လည်း ကောင်းစွာ ချက်တတ် ပြုတ်တတ်သည်။ ဧည့်သည်တွေ လာ၍ ထမင်းချက်ရလျှင် သူတို့ မိသားစုသည် ဝဝလင်လင် စားရသည်။ ဧည့်သည်များ ကလည်း ဘောက်ဆူးကလေး ဘာလေး ပေးသွား တတ်ကြသည်။
ဧည့်သည် ကလည်း သူတို့ ဗိုလ်တဲသို့ မကြာခဏ ရောက်လာတတ်၏။ သူတို့ ဗိုလ်တဲသည် ထိုမြို့တွင် အကောင်းဆုံး ဗိုလ်တဲ ဖြစ်သဖြင့် ဘယ်ဌာနက ဧည့်သည်ပဲ လာလာ သူတို့ ဗိုလ်တဲသို့ ရောက်လာတတ်၏။ ထိုအခါမျိုးတွင် ဦးထွန်းဖေ ဝမ်းသာ၍ မဆုံးပြီ။
ဦးထွန်းဖေသည် ဧည့်သည်တွေ လာလျှင် သူတို့ ဒေသထွက် အသားငါးများကို အမျိုးမျိုး ချက်ပြုတ် ကျွေးတတ်သည်။ သူတို့ ဒေသထွက် ဟင်းသီး ဟင်းရွက်များ ကိုလည်း တစ်မျိုးနှင့် တစ်မျိုး မထပ်ရအောင် ချက်ပြုတ် ကျွေးတတ်၏။ သူတို့ ဗိုလ်တဲတွင် ရေခဲသေတ္တာ ရှိသည်။ ပန်းကန် ခွက်ယောက်တွေ ရှိသည်။ ဇွန်း၊ ခက်ရင်း၊ ဓား စသည့် အသုံးအဆောင်တွေ ရှိသည်။ လက်သုတ်ပဝါ၊ စားပွဲခင်း၊ ဖန်ခွက် စသည့် လိုအပ်သည့် အသုံးအဆောင်တွေ အကုန်ရှိသည်။
သို့ဖြင့် ဦးထွန်းဖေသည် ထိုဗိုလ်တဲတွင် ညစောင့်လုပ်ရင်း လာသမျှ ဧည့်သည်တို့ကို ထမင်း ချက်ကျွေး လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်လေပြီ။
လုပ်သက်ပင်စင် ယူမည်ဆိုလျှင် ယူနိုင်ပြီ။ သို့ရာတွင် သူ မယူသေးပါ။ ဗိုလ်တဲအစောင့် အလုပ်က ထွက်သွားလျှင် သူ့မှာ နေစရာ မရှိ။ ဗိုလ်တဲမှ နောက်ဖေးတန်းလျား ကျယ်ကျယ်မျိုးကို သူ့ပင်စင် လခမျိုးဖြင့် အဘယ်မှာ သွားငှါး နေနိုင်မည်နည်း။ နောက်တစ်ကြောင်းမှာ ဧည့်သည်တွေ လာလျှင် သူတို့ မိသားစု မြိုးမြိုးမြက်မြက်ကလေး စားရသည်။ ထိုစားကောင်း သောက်ဖွယ်တို့လည်း သူ့လခဖြင့် အဘယ်မှာ စားနိုင် သောက်နိုင်မည်နည်း။
ဦးထွန်းဖေသည် အသက်ငါးဆယ် ကျော်လေပြီ။ အသက် ငါးဆယ်ကျော်တို့ ထုံးစံ သူ့တွင် သွေးတိုးရောဂါ ရှိသည်။ တစ်ခါတစ်ရံတွင် သွေးတိုး ထသဖြင့် အိပ်ရာထဲမှ ကောင်းကောင်း မထနိုင်။ နေ့စဉ် ရုံးတက်ရသည့် အလုပ် မဟုတ်၍သာ တော်တော့သည်။ သို့မဟုတ်လျှင် မကြာခဏ ရုံးပျက်သဖြင့် ပြဿနာ ဖြစ်ရဦးမည်။
ဗိုလ်တဲကို ပိုင်သည့် ဌာနကလည်း ဦးထွန်းဖေကို လက်မလွှတ်ချင်။ ပင်စင် မယူစေချင်။ သူတို့ ဌာနမှ လာသည့် အရာရှိကြီးများသည် ဦးထွန်းဖေ၏ လက်ရာကို သဘောကျကြသည်။ ဦးထွန်းဖေသည် ထမင်းဟင်းကိုသာ ကောင်းစွာ ချက်ပြုတ်တတ်သည် မဟုတ်၊ စားပွဲထိုးတို့ တတ်မြောက်အပ်သော ပညာရပ်တို့ ကိုလည်း အတွေ့အကြုံ အရ တတ်မြောက်သည်။
ဧည့်သည် ရောက်လာတော့မည် ဆိုသည်နှင့် မျက်နှာသုတ် ပဝါကလေးတွေကို ရေနွေးနှင့် ဆွတ်ပြီး ရေခဲသေတ္တာထဲတွင် ထည့်ထားသည်။ လီမွန်၊ ဘာလီတို့ ဘာတို့ကို အသင့် လုပ်ထားသည်။ သစ်သီးတို့ကို အသင့် လုပ်ထားသည်။ ညစာ မစားမီ အရက်ပွဲကလေး ကိုလည်း ကောင်းစွာ ပြင်တတ်သည်။ အရက်နှင့် မြည်းလို့ ကောင်းသည့် အမြည်းတို့ကို သူ စိတ်ကူးတတ်သည်။ မိမိလည်း စီမံတတ်သည်။ သူကိုယ်တိုင် ကလည်း အရက်ကလေး ဘာလေး ကြိုက်သည် ဆိုတော့ အရက်ကြိုက်တတ် သူတို့၏ သဘောကို သူ နားလည်သည်။
ညစာစားချိန် ဆိုလျှင်လည်း သူ့စားပွဲခင်းသည် ဒိုဘီ ပေးပြီးသား ဖြူဖွေးနေသည်။ လက်သုတ် ပဝါများ ကလည်း ဒိုဘီ ပေးပြီးသား ဖြူဖွေးနေသည်။ ရှက်ဖီးမှ လုပ်သည့် သံမဏိဇွန်းများ၊ ခက်ရင်းများ၊ ဓားများကလည်း ပြောင်လက်လျက်။ နေရာတကျ ပြင်ဆင်တတ်သည်။
ထမင်း စားပြီးလျှင်လည်း ရာသီလိုက် ပေါ်သည့် သစ်သီးတို့ကို လှပစွာ ပြင်ဆင် ထားတတ်သည်။ အချိုပွဲ၊ လက်ဖက်ပွဲ စသည်တို့လည်း ရနိုင်သည်။
ထိုနေ့ ညနေက သူတို့ ဗိုလ်တဲသို့ အရာရှိကြီး တစ်ဦး ရောက်သဖြင့် ထမင်းစားပွဲကြီး ကျင်းပသည်။ ထိုအရာရှိကြီးမှာ နိုင်ငံခြားတွင် အတန်ကြာမျှ နေထိုင်ခဲ့သူ ဖြစ်သည့်အတွက် ထမင်းစားပွဲတွင် အထားအသိုက အစ မမှားရန် ဌာနဆိုင်ရာ လူကြီးက သူ့ကို ကြိုတင် မှာထားသည်။
အရာရှိကြီးသည် ပူပြင်းသော နွေရာသီ ညနေစောင်းတွင် သူ့ဗိုလ်တဲသို့ ကားနှစ်စီးဖြင့် ရောက်လာသည်။ ဌာနဆိုင်ရာတို့ကို စစ်ဆေးရန် အတွက် လက်အောက် အရာရှိများလည်း ပါသည်။ သူ့ဇနီးနှင့် မိသားစုများလည်း ပါသည်။
နေပူထဲတွင် ခရီးပန်း လာသည့် ဧည့်သည်များ အတွက် ရေခဲသေတ္တာ ထဲတွင် ရေမွှေးနံ့ သတ်ထားသည့် မျက်နှာသုတ် ပဝါများ အဆင်သင့်၊ အမောပြေ သောက်ရန် သစ်သီးရည်နှင့် လီမွန် ဘာလီတို့က အဆင်သင့်၊ နားပြီးလျှင် ရေချိုးရန် ရေချိုးခန်းများ တွင်လည်း ရေ အဆင်သင့်။
ဧည့်သည်များသည် အေးမြ မွှေးကြိုင်သော မျက်နှာသုတ် ပဝါကလေးများဖြင့် မျက်နှာကို သုတ်ပြီး ခဏ နားကြ၏။ ထို့နောက် ရေမိုးချိုးကြ၏။ အားလုံး အဆင်ပြေလျက်။
ညနေပိုင်းတွင် ထမင်းမစားမီ အရက်ဝိုင်း ဖွဲ့ကြသည်။ အရက်ဝိုင်းတွင်လည်း လိုလေသေး မရှိ။ ရေခဲ၊ ဆော်ဒါ၊ အရက်၊ စားသောက်ဖွယ် အမြည်းပေါင်းစုံ၊ ချဉ်ငန်စပ် ပန်းကန်တွေ အလုံအလောက်။
ပြဿနာ ဖြစ်သည်မှာ ညစာစားပွဲတွင် ဖြစ်သည်။
ညစာစားပွဲတွင် ဟင်းများကလည်း ဒေသထွက် အသားငါးများ၊ ဟင်းသီး ဟင်းရွက်များနှင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ကြော်လှော်ထားသည်။ ဘာမျှ လိုလေသေး မရှိ။ ပန်းကန်များ ကလည်း တရုတ်ပန်းကန် ကိုပင် မသုံး၊ အင်္ဂလန်မှ လာသည့် ဂျွန်ဆင်ဘရားသားလုပ် ပန်းကန်များ ဖြစ်သည်။ ဇွန်း၊ ခက်ရင်း၊ ဓား စသည်တို့ ကလည်း ရှက်ဖီးမှ လာသည့် ပြောင်လက်နေသော သံမဏိ ပစ္စည်းများ ဖြစ်သည်။ ထိုပစ္စည်းများကို ဗွီအိုင်ပီတွေ လာမှ ထုတ်သုံးရခြင်း ဖြစ်သည်။
သို့ရာတွင် လက်သုတ် ပဝါများကမူ အညံ့စားတွေ။ ဒေသတွင် ယက်သည့် လက်သုတ် ပဝါများ ဖြစ်သည်။ အရောင်တွေကလည်း ကိုးရိုးကားရား၊ အသားကလည်း ခပ်ကြမ်းကြမ်းနှင့်။
ထုံးစံအတိုင်း ဆိုလျှင် စားပွဲခင်းသည် ဖြူဖွေးနေသော ဒိုဘီချ စားပွဲခင်း ဖြစ်ရမည်။ လက်သုတ် ပဝါကလည်း ဖြူဖွေးနေသော ဒိုဘီချ လက်သုတ်ပဝါ ဖြစ်ရမည်။ အနီးတွင် ကတော့ပုံ လုပ်၍ ချထားပြီး ပေါင်ပေါ်တွင် ဖြန့်ခင်းရန် အဆင်သင့် ဖြစ်နေရမည်။
ယခုမူ လက်သုတ် ပဝါကြမ်းကြီးတွေ။ တံဆိပ်ပင် မခွါရသေး။ ကော်တွေ တောင့်နေပြီး ကော်နံ့နှင့် ဆေးနံ့တို့ ပေါင်းထားသော ချဉ်စူးစူး အနံ့ကြီး ထွက်နေသေးသည်။
အရာရှိကြီးသည် ထမင်းစားခါနီးတွင် သူ့ပေါင်ပေါ်တွင် ခင်းရန် လက်သုတ်ပဝါကို လိုက်ကြည့်သည်။ မည်သူမျှ သတိမထားမိ။
ဦးထွန်းဖေ ကလည်း နောက်ခန်းထဲတွင် ဟင်းတွေ ပြင်ပေး နေရသဖြင့် ထိုအချက်ကို သတိမထားမိ။
ခဏကြာလျှင် ထမင်းစားခန်း ဘက်ဆီမှ ဆူပူကြိမ်းမောင်း နေသံကို ကြားရသည်။
“လုံချည် အင်္ကျီတွေ ပေကုန်မှာပေါ့ကွ၊ ပေါင်ပေါ်မှာ ဘာနဲ့ ခင်းရမှာလဲ၊ လက်သုတ် ပဝါကလည်း တံဆိပ်တောင် မခွါရသေးဘူး။ ဒီလောက်မှ နားမလည်ကြ ဘူးလား”
“ဟုတ်ကဲ့၊ ရပါတယ် အစ်ကိုကြီး၊ စားပွဲထိုးက မှားသွားလို့ ပါ”
အိမ်သည် လက်အောက် အရာရှိကလေးများသည် နောက်ဖေးခန်းသို့ မျက်စိမျက်နှာ ပျက်၍ ပြေးဝင် လာကြသည်။
“ဗျို့ ဦးထွန်းဖေ၊ ပေါင်ပေါ်ခင်းဖို့ လက်သုတ်ပဝါ ဘယ်မှာလဲဗျ၊ ချပေးတော့လည်း လက်သုတ်ပဝါ အသစ်ကြီးတွေ၊ တံဆိပ်တောင် မခွါရသေးဘူး၊ သွား … ဗီရိုထဲမှာ ဒိုဘီပေးပြီး လက်သုတ်ပဝါ အဖြူတွေ ယူခဲ့။ ဒီလောက်တောင် ပေါ့တီးပေါ့ဆ လုပ်တဲ့လူ၊ ခင်ဗျားကို ဖြုတ်ပစ်မယ်၊ ဘာမှ သောက်သုံးမကျဘူး”
ဦးထွန်းဖေသည် ထိုအခါကျမှ လက်သုတ်ပဝါများ ဒိုဘီပေးထားရာမှ မရွေးရသေးကြောင်း ကို သတိရတော့သည်။ အမှန်အားဖြင့် သူ ကြိုကြိုတင်တင် ဒိုဘီပေးထား၏။ သို့ရာတွင် အလုပ်များ သဖြင့် သတိမေ့သွားကာ သာမန်ဧည့်များ လာလျှင် သုံးရန်ဖြစ်သည့် လက်သုတ်ပဝါ အကြမ်းစားများ ကို ထုတ်ပေးလိုက်မိသည်။
“ဗျို့ အဘိုးကြီး၊ လက်သုတ်ပဝါ ဒိုဘီပေးထားတဲ့ လက်သုတ်ပဝါ အဖြူတွေ ဘယ်မှာလဲ”
“ခင် … ခင်ဗျာ၊ ခု … ခုမှ သတိရတယ် ခင်ဗျ၊ ဒိုဘီဆီမှာ ရောက်နေတာ မရွေးရသေးဘူး”
အရာရှိ အားလုံးက သူ့ကို တစ်ယောက် တစ်ပေါက် ဝိုင်းဆူကြသည်။
“သွား … သွား၊ အောက်မှာ ကားရှိတယ်၊ ကားနဲ့ မြန်မြန် သွားယူချည်စမ်း”
ဟု တစ်ယောက်က ခိုင်းသည်။
ဦးထွန်းဖေသည် ပြင်လက်စ ဟင်းပန်းကန်များကို ချထားခဲ့ကာ အောက်တွင် ရှိသည့် အရာရှိ တစ်ဦး၏ မော်တော်ကားဖြင့် ဒိုဘီဆိုင်သို့ ပြေးသည်။ ပင်းမင်းပေးပြီး လက်သုတ်ပဝါ ဖြူဖြူများကို ယူ၍ ဗိုလ်တဲသို့ ပြန်ရောက်လာသည့် အခါတွင် အားလုံး ထမင်းစားပြီး နေလေပြီ။
“ခုမှ ယူလာလို့ ဘာသောက်သုံး ကျတော့မှာ လဲဗျ၊ ဟိုမှာ စားပြီးနေပြီ။ ခင်ဗျားတော့ မလွယ်ဘူး မှတ်ပါ။ ဒီလောက် အရေးကြီးတဲ့ ထမင်းစားပွဲမှာ လက်သုတ်ပဝါ အညံ့စားကြီးတွေနဲ့ ပေးရသလား ဆိုပြီး ကျုပ်တို့ကို မာန်မဲပြီးပြီ။ တော်ပြီ ခင်ဗျား မနက်ဖြန် အလုပ်ကထွက်”
မြို့တွင်ရှိသည့် အိမ်သည် အရာရှိက သူ့ကို မာန်သည်။
ဦးထွန်းဖေသည် သန်းခေါင်ကျော်သည် အထိ ပစ္စည်းများကို သိမ်းပြီးနောက် နောက်ဖေး တန်းလျားရှိ သူ့အိမ်သို့ ပြန်လာခဲ့သည်။ ခေါင်းကလည်း မူးသည်။ စိတ်ကလည်း ညစ်သည်။ ဟင်းကြွင်း ဟင်းကျန်များကို သူ့ဇနီးသည်နှင့် သူ့သားသမီးတွေ မြိန်ရေရှက်ရေ စားနေကြ သော်လည်း သူ မစားနိုင်။
ထိုညက သူသည် တစ်ညလုံး အိပ်မပျော်။ သူ့ကို အလုပ်ဖြုတ် ပစ်မည်ဟု ပြောလိုက်ပြီ။ သူ့တစ်သက်တွင် တစ်ခါမျှ ထိုသို့ လစ်ဟင်းဖူးသည် မရှိ။ အထက်လူကြီးများ စိတ်တိုင်း အကျဆုံး ဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက် ခဲ့သည်ချည်း။ သို့ရာတွင် ယခုမူ အရေးကြီးသည့် ဧည့်သည် လာချိန်တွင် လစ်ဟင်းမှုကြီး တစ်ခု ဖြစ်သွားပြီ။ လစ်ဟင်းမှု ဖြစ်သည်က အရေးမကြီးသေး။ သူ့ကို အလုပ်က ဖြုတ်ပစ်မည်ဟု အထက်အရာရှိက ပြောလိုက်ပြီ။ အလုပ်မှ ထုတ်လိုက်လျှင် ပင်စင်လည်း ရတော့မည် မဟုတ်တော့။
အရေးကြီးသည်မှာ နေစရာ အိမ်မရှိခြင်း ဖြစ်သည်။ သူ့တွင် နေစရာအိမ် မရှိ၊ မြေ မရှိ၊ သူ့အဖေသည် သည်တန်းလျားတွင် ကြီးပြင်းခဲ့ပြီး ဗိုလ်တဲဝင်းထဲမှာ အလုပ်လုပ်ခဲ့သော သည်တန်းလျား မှာပင် ခေါင်းချ သွားခဲ့၏။
သူလည်း သည် တန်းလျားမှာပင် မွေးပြီး သည်ဗိုလ်တဲ တန်းလျားမှာပင် ကြီးပြင်းခဲ့ကာ သည်ဗိုလ်တဲဝင်းထဲတွင် အလုပ်လုပ်ခဲ့သည်။ ခေါင်းချတော့လည်း သည်တန်းလျား ကလေးမှာ ပင် ခေါင်းချမည်ဟု သူ စိတ်ကူးခဲ့သည်။
သည်တန်းလျား ကလေးသည် သူ့ဘဝ၊ သူ့လောက။
အလုပ်မှ ဖြုတ်တော့မည် ဆိုလျှင် သည်တန်းလျား ကလေးမှ ဖယ်ပေး ရတော့မည်။
မည်သည့် နေရာကို သွားနေရ မည်နည်း။
ထိုအကြောင်းများကို စဉ်းစားရင်း မိုးစင်စင် လင်းသွားသည်။ တစ်ရေးမျှ မပျော်။
နောက်တစ်နေ့မနက် လက်ဖက်ရည် သောက်ချိန်တွင် မြို့ခံ အရာရှိသည် ဧည့်ခံ ကျွေးမွေးရန် အတွက် မြို့ထဲမှ မိန်းကလေး တစ်သိုက်ကို ခေါ်လာခဲ့သည်။ ဦးထွန်းဖေမှာ ဗိုလ်တဲပေါ်သို့ တက်ခွင့် မရတော့ဘဲ နောက်ဖေး တန်းလျားတွင် ရေနွေးအိုး ကျိုပေးခြင်း၊ ပန်းကန် ဆေးခြင်း စသည့် ကိစ္စလောက်ကိုသာ လုပ်ရတော့သည်။ အရာရှိ ကလည်း သူ့ကို စကား တစ်လုံးမျှ မပြောတော့။ မျက်နှာထား ကလည်း ခပ်ထန်ထန်။
ဦးထွန်းဖေသည် မနက် လက်ဖက်ရည်ပွဲမှ ပန်းကန်များကို ဆေးကြောပြီးနောက် မြို့ခံ အရာရှိ နားတွင် ရစ်ဝဲရစ်ဝဲ လုပ်နေသည်။ မြို့ခံ အရာရှိက သူ့ကို တစ်ချက်မျှ လှည့်မကြည့်။ ဧည့်သည် အရာရှိကြီး အနားတွင် အလုပ်များ နေသည်။
တစ်ချိန်တွင်မူ လူလစ်သဖြင့် ဦးထွန်းဖေသည် မြို့ခံ အရာရှိ အနားသို့ မရဲတရဲဖြင့် ကပ်သွားသည်။ မြို့ခံ အရာရှိက သူ့ကို တစ်ချက် စိုက်ကြည့်လိုက်၏။ သူ့မျက်နှာထားသည် ပို၍ တင်းမာ သွားသည်ဟု ထင်လိုက်ရ၏။
သူ့ကို စကား တစ်လုံးမျှ မပြော။
“ခင်ဗျား ဒီနား ဘာလာ ရှုပ်ပြ နေတာလဲ”
မြို့ခံ အရာရှိက ကြောက်မက်ဖွယ် အသံဖြင့် ဟိန်းလိုက်သည်။
“မနေ့က လက်သုတ်ပဝါ ကိစ္စကလေး ပြော … ပြောချင်လို့ပါ ဆရာ”
“သွား … သွား၊ ဒါတွေ ဘာမှ ပြောမနေနဲ့၊ အလုပ်များ နေတယ်”
ဦးထွန်းဖေသည် နောက်ထပ် ဘာမျှ မပြောတော့ဘဲ အရိုက်ခံရသည့် ခွေးငယ် တစ်ကောင်လို ခပ်ကုပ်ကုပ် ပြန်လှည့် လာခဲ့သည်။ ပန်းကန်များကို ဆေးနေရသည့်တိုင် သူ့စိတ်သည် ကြည်လင်ခြင်း မရှိ။ အလုပ် ဖြုတ်တော့မည့် အရေးကိုသာ တွေး၍ ပူနေသည်။ သူ့မိန်းမကို ဖွင့်ပြောသည့် အခါတွင် သူ့မိန်းမက …
“အမယ်လေးတော်၊ ဒီလောက်လည်း ပူမနေစမ်းပါနဲ့၊ လက်သုတ် ပဝါလေး မှားချမိတာနဲ့တော့ အလုပ်ဖြုတ်ပစ်မှာ မဟုတ်ပါဘူး၊ ပြုတ်တော့ကော ကျုပ် အကြော် ရောင်းကျွေးပါ့မယ်”
ဟု နှစ်သိမ့်သည်။ သို့ရာတွင် လခစား ဘဝတွင် အကျင့်ပါနေသော ဦးထွန်းဖေသည် လခစား မဟုတ်သည့် အခြားအလုပ်များကို အလုပ်ဟု မထင်တော့ပေ။
“မင်း မသိဘူး၊ မင်း နားမလည်ဘူး၊ ဒါ သိပ် အရေးကြီးတယ်၊ ငါ စိတ်ညစ်တယ်ကွာ၊ သေပစ်လိုက်ချင်တယ်”
ဟု ညည်းသည်။
အားပေး၍ မရသည့် အဆုံးတွင် သူ့မိန်းမသည် ဘာမျှ မပြောတော့။
ဦးထွန်းဖေသည် မြို့ခံ အရာရှိ၏ အခြေအနေ ကိုသာ ကြည့်နေသည်။ ထိုအရာရှိ အားသည်နှင့် မိမိအပြစ်ကို ခွင့်လွှတ်ရန် တောင်းပန်ကာ အလုပ်မှ မဖြုတ်ရန် အသနား ခံမည်ဟု စိတ်ကူးထားသည်။ ကိုယ့်ထက် အသက် ငယ်သည့်တိုင် ထိုင်၍ ရှိခိုးဆိုလျှင် ရှိခိုးရန် အဆင်သင့်။ ကိုယ့်ထက် ဂုဏ်အားဖြင့် ကြီးသောသူ ပေပဲ။ ဘာ ရှိမခိုးနိုင်စရာ ရှိသလဲဟု တစ်ဖက်မှ လှည့်၍ တွေးသည်။
နေ့လယ်တွင် မြို့ခံ အရာရှိသည် အောက်ထပ်သို့ ဆင်းလာ၏။ အလစ်ကို စောင့်နေသည့် ဦးထွန်းဖေသည် သူ့အပါးသို့ ချဉ်းကပ် လာခဲ့ပြန်သည်။
“ခင်ဗျား ဘာကိစ္စ လာပြန်တာလဲ”
“မနေ့ညက လက်သုတ်ပဝါ မှားချမိတဲ့ ကိစ္စနဲ့ ပတ်သက်လို့ …”
မြို့ခံ အရာရှိသည် သူ့စကား ဆုံးအောင် နားထောင်ခြင်း မပြု။ အရာရှိကြီး သမီးက မြို့တွင် နာမည်ကြီးသည့် ရေမုန့်ကို စားချင်သည် ဆိုသဖြင့် သွားဝယ် ရဦးမည် မဟုတ်လော။
“သွားဗျာ … ကျုပ် အလုပ်များ နေတယ်”
မြို့ခံ အရာရှိသည် သူ့ကား ဒရိုင်ဘာကို လှမ်းခေါ်ကာ ရေမုန့်ဝယ်ရန် အသေးစိတ် ညွှန်ကြားချက် ပေးနေပြီးနောက် အပေါ်ထပ်သို့ ခပ်သုတ်သုတ် ပြန်တက်သွားသည်။
ဦးထွန်းဖေသည် စိတ်ပျက် လက်ပျက်ဖြင့် သူ့တန်းလျားဆီသို့ ပြန်လာခဲ့၏။
တန်းလျားတွင် သူ့မိန်းမသည် ဆေးပေါ့လိပ်ကြီး တဖွားဖွားဖြင့် မန်ကျည်းသီးမှည့် များကို ထုနေသည်။ ထိုမန်ကျည်းပင်မှ မန်ကျည်းသီးမှည့် များကို ကောက်ထု၍ ရောင်းခဲ့ကြသည်။ သည်ဗိုလ်တဲမှ ထွက်ရတော့မည် ဆိုလျှင် မန်ကျည်းသီးမှည့် တွေလည်း ကောက်ခွင့် ရတော့မည် မဟုတ်။ နေစရာလည်း ရှိတော့မည် မဟုတ်။ အကြွင်းအကျန် ကလေးများကိုလည်း စားရတော့မည် မဟုတ်။ ပင်စင် လစာလည်း ရတော့မည် မဟုတ်။ မိမိအား အလုပ်မှ ဖြုတ်ပစ်မည်ဟု ယတိပြတ် ပြောလိုက်ပြီ မဟုတ်လော။
ဦးထွန်းဖေသည် မြို့ခံ အရာရှိ၏ အောက်မှ အရာရှိကလေး တစ်ယောက်ထံ ချဉ်းကပ်၍ သူ့ကိစ္စကို တင်ပြပြန်သည်။ ထိုအရာရှိအား သူ့ကို မဖြုတ်အောင် ပြောပေးရန် ဖြစ်၏။ ထို အရာရှိကလေးမှာ လူငယ်ဖြစ်၍ သဘောလည်း ကောင်းပုံရသည်။
“ခက်တယ်ဗျာ၊ ကျွန်တော်တို့ ဆရာကလည်း သူ့မြို့မှာ လာတုန်း အစစအရာရာ ဧည့်ဝတ် ကျေချင်တာ၊ ခင်ဗျားက လစ်ဟင်းသွားတော့ ပြောစရာ ဖြစ်တာပေါ့။ ခင်ဗျားကိုယ်တိုင် သူ့ကို ပြောကြည့် ပါဦးလေ။ ကျွန်တော်တို့ ဝင်ပြောရင် ကျွန်တော်တို့ ကိုပါ ဆူနေဦးမယ်။ ခင်ဗျား ပြောပြီးမှ ကျွန်တော်တို့က သူ့အခြေအနေ ကြည့်ပြီး ပြောရတာပေါ့”
ဦးထွန်းဖေသည် မျှော်လင့်ချက် ကြီးစွာဖြင့် မြို့ခံ အရာရှိ၏ အလစ်ကို စောင့်သည်။ မြို့ခံ အရာရှိက အထက်လူကြီး လာသဖြင့် လွန်စွာ အလုပ်များ နေသဖြင့် သူ့ကို တွေ့ဖို့ မလွယ်။
ညနေပိုင်းတွင် မြို့ခံ အရာရှိသည် အောက်ထပ်သို့ ဆင်းလာပြန်သည်။
ဦးထွန်းဖေသည် သူ့အနားကို မယောင်မလည် ကပ်လာခဲ့ ပြန်ကာ သူ့ကိစ္စကို စကားစ ပြန်သည်။
“ဆရာရယ်၊ လက်သုတ်ပဝါ မှားချမိတာ ကျွန်တော့်အပြစ်ပါ၊ နောင် ဒါမျိုး …”
“သွား … သွား … ကျုပ် အလုပ်များ နေတယ်”
မြို့ခံ အရာရှိသည် သူ့ဒရိုင်ဘာကို လှမ်းခေါ်ပြီး တစ်စုံတစ်ရာကို ခေါ်ခိုင်း နေပြန်သည်။ ဧည့်သည် အရာရှိကြီး ကတော်က ထိုမြို့တွင် နာမည်ကြီးသည့် သနပ်ခါးတုံး လိုချင်သည် ဆိုသဖြင့် အဝယ်ခိုင်းနေခြင်း ဖြစ်သည်။
မြို့ခံ အရာရှိသည် ဦးထွန်းဖေကို တစ်ချက်မျှ လှည့်မကြည့်ဘဲ လှေကားပေါ်သို့ ပြန်တက်၏။ လှေကားပေါ်သို့ တက်ခါနီးတွင် သူ့ဒရိုင်ဘာကို လှမ်း၍ …
“ဟေ့ကောင် မြန်မြန်လာခဲ့နော်၊ ဆယ်မိနစ် အတွင်း ရောက်အောင် လာခဲ့၊ အကောင်းဆုံး ဆိုတဲ့ ဆိုင်က အကောင်းဆုံး သနပ်ခါးကို ရွေးဝယ်ခဲ့၊ ကလေးတွေ ကရော မမကရော ဒီမှာ သိပ်ပူလွန်းလို့တဲ့၊ ခုည ပြန်ကြတော့မယ်၊ အချိန်မီ ရောက်အောင် လာခဲ့”
မြို့ခံ အရာရှိသည် အပေါ်ထပ်သို့ ခပ်သုတ်သုတ် တက်သွား၏။ ဦးထွန်းဖေသည် ညှိုးငယ်သော မျက်နှာဖြင့် အရာရှိကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
ထိုနေ့ ညစာ စားပြီးသည့် အချိန်တွင် ဧည့်သည် အရာရှိကြီးနှင့် အဖွဲ့သည် ဗိုလ်တဲမှ ပြန်လည် ထွက်ခွါသွားသည်။
ထိုည သန်းခေါင်ကျော် လောက်တွင် ဦးထွန်းဖေသည် သွေးတိုး ရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်လေသည်။
⬛
မြသန်းတင့်
သာရ မဂ္ဂဇင်း၊ ဧပြီ၊ ၁၉၈၈
(ကြေးနီရောင် အချစ်နှင့် ဝတ္ထုတိုများ)