ဝတ္ထုတိုများစုစည်းမှု့

မမဈေးကြို

(၁)

ကျွန်တော် အိပ်ရာက ထတော့ ကျီးတွေ တအာအာဖြင့် အော်မြည်၍ နေကြပါပြီ။ တစိုးစိုး တစီစီ မြည်သော ကျေးငှက်တို့၏ သံစုံတူရိယာ ဝိုင်းကြီးမှ တေးသံများ ကိုလည်း ကြားရပါပြီ။ နေလုံးကြီးကတော့ သစ်ပင်များ နောက်ကွယ်တွင် ပုန်းကွယ် နေတုန်းပင် ဖြစ်ပါသည်။ သို့ရာတွင် ဝါလဲ့လဲ့ အရောင်များ၊ ပန်းဖျော့ဖျော့ အရောင်များကို လွှတ်လိုက်သော အခါ၌ကား အောက်က မီးမောင်းကြီး မော့၍ ထိုးပေးလိုက်သလို ဖြစ်ကာ အသွေးစုံ၊ အရောင်စုံ ဝင်းလျက် ရှိပါသည်။

ကျွန်တော်သည် ခပ်သုတ်သုတ် မျက်နှာသစ်ကာ လမ်းထိပ် လက်ဖက်ရည် ဆိုင်သို့ ထွက်လာခဲ့သည်။ လက်ဖက်ရည် ဆိုင်ရှေ့တွင် ထမင်းကြော်ဆိုင် ရှိသည်။ ထမင်းနှင့် ပဲပြုတ်ကြော် တစ်ပန်းကန်ကို တစ်မတ် ပေးရသည်။ ငါးသေတ္တာပါ ထည့်လျှင် တစ်ပန်းကန်ကို ပြားလေးဆယ် ပေးရသည်။

ကျွန်တော်သည် ငါးသေတ္တာ ပါသော ပြားလေးဆယ်တန် တစ်ခွက်ကို ခပ်သုတ်သုတ် စားကာ ဘိုင်စကယ်ကို ခပ်သုတ်သုတ် နင်းထွက်လာခဲ့သည်။ မသုတ်၍ မဖြစ်ပါ။ ၆ နာရီ ခွဲသည်နှင့် စက်ဘီးပေါ်မှ ဆင်းကာ မော်တော်ကားပေါ် တက်ထိုင်ပြီး ဒရိုင်ဘာ ဘဝကို တစ်ဖြစ်လဲရဦးမည် ဖြစ်ပါသည်။ ကျွန်တော့်လက်က အိုဂျီဗဲလ် လက်ပတ်နာရီအို ကလေးမှာ ၆ နာရီ ခွဲလုပါပြီ။

သမ္မတအိမ်တော် မြောက်ဘက်က ဝင်ဆာလမ်းထဲသို့ ချိုးဝင် လိုက်သောအခါ ၆ နာရီ ခွဲပေပြီ။ ဘုရားကို တက်၍ လမ်းလျှောက်သူများပင် ပြန်လာကြပြီ ဖြစ်၏။ ခါတိုင်းဆိုလျှင် ကျွန်တော်သည် ဝင်ဆာလမ်း ကုန်းကို တက်ရင်း စက်ဘီးကို ဖြည်းဖြည်းနင်းကာ နံနက်ခင်း၏ အရသာကို ခံစားလေ့ ရှိ၏။ အိမ်တော် ဝင်းထဲက စိမ်းစို မှိုင်းညို့သော သစ်တိုပင်၊ မရမ်းပင်ကြီးများကို ဇာပုဝါပါး ခြုံသလို ဖြစ်အောင် တဝေဝေ ကျနေတတ်သော နှင်းမှုန်များကို လည်းကောင်း၊ လမ်းဘေး မြက်ရှည်ပင်၊ ထိကရုန်းပင်၊ အိမ်လုံးချမ်းသာပင်များ ပေါ်တွင် ပုလဲပွင့်၊ စိန်ပွင့်တို့ သီသလို ဖြစ်အောင် တွဲလွဲခိုနေကြသော နှင်းဥ နှင်းစက်ကလေးများကို လည်းကောင်း၊ လမ်းဘေးက ခြုံများထဲတွင် ဖူးပွင့်ငုံအာ နေကြသော ပန်းပွင့်များကို လည်းကောင်း၊ ငေးမော ကြည့်ရှု၍ သွားလေ့ရှိ၏။ နံနက်ခင်း၊ လေပြည်ကလည်း လတ်ဆတ်လှ၏။ နှင်းနံ့၊ မြေနံ့၊ ရွက်ကြွေနံ့ကလေး တွေပင် တသင်းသင်း ပျံ့လာသည်ဟု ထင်ရ၏။ သို့ကလို လှသော၊ မွှေးသော နံနက်ခင်းကို မြင်လိုက် ရလျှင်ပင် စိတ်ရော ကိုယ်ပါ လန်းဆန်း လာတတ်၏။

ယနေ့လည်း ဆောာင်းကျွတ်လု နံနက်ခင်းသည် ခါတိုင်းလို လှနေပါသည်။ ဝင်ဆာလမ်းထဲသို့ ဝင်လိုက်သည်၌ ကားသံတွေ၊ ဝေးသွားကာ၊ ငြိမ်သက် တိတ်ဆိတ်သော အရသာကို ခံစားရပေ၏။ နွေဦး၏ ကိုယ်ရံတော် မြူတန်းများနှင့် ဆောင်းနတ်မယ်၏ အထိန်းတော် နှင်းကြွင်းတို့သည် အတိုင် အဖောက်ဝင်ကာ တိမ်ခိုးမျှင် အကွက်ဆင် ဝတ်ရုံလွှာကို ရက်နေကြသယောင် ထင်ရ၏။ အိမ်တော်ဝင်းထဲရှိ သစ်ပင်များပေါ်မှ သစ်ရွက် ဝါဝါရွှေရွှေ၊ နီနီမောင်းမောင်းတို့လည်း တဖြုတ်ဖြုတ် ကြွေကျကြပြီ။ လေနှင်လွှင့်မှုတ်၍ အညှာမှ ပြုတ်ကြွေကျသော ရွက်ကျင် ရွက်ဟောင်းတို့ လေဟုန်စီးကြသော အခါ ဧယင် ကျူးပေးသော ဥဩသံကလည်း ထွေးထွေးအေးအေး ရှိလှပေ၏။ သို့ကလို စိမ်းစိမ်းညိုညို နံနက်ခင်းတွင် နေရောင်ခြည်များက သစ်ပင်တွေ ကြားထဲသို့ လျှောဆင်းလာသော အခါ အမှိုင်း အရိပ် အချိပ် အမှောင် ဆေးသားထဲတွင် အရောင်လွင်လွင်ကို ဖော်ပေးလိုက်သလို ရွှန်းစိုတောက်ပ လာစေသည်။ ခြံစည်းရိုးဘေးတွင် ပေါက်နေကြသော ငုရွှေဝါ၊ ငုနီလာတို့ကလည်း ပို၍ အရောင်စိုအောင် စုတ်ချက် ကစားထားကြသည်။ ယနေ့ နံနက်ခင်းသည် ခါတိုင်းကဲ့သို့ပင် အရောင်စိုပါသည်။ ခါတိုင်းကဲ့သို့ပင် လှပါသည်။ ခါတိုင်း ကဲ့သို့ပင် မွှေးပါသည်။

သို့ရာတွင် ကျွန်တော့်စိတ်မှာ ခါတိုင်းကဲ့သို့ လန်းဆန်းခြင်း မရှိ။ နောက်ကျိ ရီဝေလျက် ရှိသည်။ ကျွန်တော့် ကိုယ်ခန္ဓာကြီးကလည်း ပေါ့ပါးခြင်း မရှိ။ လေးလံ ထိုင်းမှိုင်းနေသည်။ ကျွန်တော့် အသက်သည် ၄၈ နှစ်ထဲ ရောက်လာပြီ ဖြစ်သော်လည်း ခါတိုင်းဆိုလျှင် ဝင်ဆာလမ်း ကုန်းအတက်ကို ခပ်သွက်သွက် နင်းနိုင်သည်။ ယနေ့တော့ ကျွန်တော့် ခြေများသည် တယ် မသွက်ကြတော့ဘဲ၊ ဝင်ဆာကုန်း အတက်ကို ဒူးတွေညောင်းအောင် နင်းရသည်။ ဒူးဆစ်များကလည်း ခိုင်ချင်ဟန် မတူတော့ပါ။ ဇရာ၏ လက္ခဏာများသည် ဒူးဆစ်တွေထဲမှာ ဝင်ရောက်စ ပြုဟန် တူပါပြီ။

ကျွန်တော်သည် နုံနဲ့စပြုလာပြီ ဖြစ်သော ဒူးဆစ်တွေကို စိတ်ကူးလာတုန်း ကျွန်တော်နှင့် မျက်နှာချင်း ဆိုင်မှ လမ်းလျှောက်လာသော လူတစ်ယောက်ကို မြင်လိုက်မိသည်။ ထိုလူမှာ အသက် ၂၅ နှစ် ကျော်ကျော် ကလေးမျှ ရှိပါဦးမည်။ အစိမ်းကွက်၊ စပို့ရှပ်ကို ဝတ်ထားပြီ။ ဘောင်းဘီတို အဖြူကို ဝတ်ထားသည်။ ရွက်ဖျင်ဖိနပ် အဖြူကို စီးထားသော ခြေထောက်များ၊ မြေကြီးပေါ်ကို ကျသွားပုံတို့မှာ ကြည့်၍ပင် ကောင်းသေးတော့သည်။ လက်နှစ်ဖက်ကို လွှဲ၍ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာပုံမှာ အားကျစရာ ဖြစ်သည်။ ဘောင်းဘီတို အောက်မှ ဒူးဆစ်များနှင့် ခြေသလုံးများကလည်း သစ်မြစ်ဆုံကြီးများလို သန်မာ တုတ်ခိုင်ကြသည်။ သူ့ကို နံနက်တိုင်း ကျွန်တော် တွေ့နေကျ ဖြစ်၏။ တွေ့တိုင်းလည်း ကျွန်တော် သူ့ကို သတိထားမိပါသည်။ ရင်အုပ်ကျယ်ကျယ်။ အရပ်ထောင်ထောင် မောင်းမောင်း၊ ရုပ်ခပ်ချောချော ဖြစ်၍ ကြည့်ကောင်းသူ ဖြစ်ပါသည်။ ယောက်ျားပီသခြင်း၏ အနက်အဓိပ္ပါယ်ကို ဖော်ပြသော ရုပ်လက္ခဏာမျိုး ဖြစ်ပါသည်။ တွေ့တိုင်း သူ၏ တောင့်တင်း၍ အချိုးအစား ကျသော ခန္ဓာကိုယ်နှင့် ပြေပြစ်သော မျက်နှာကို ကျွန်တော် မကြည့်ဘဲ မနေနိုင်ပါ။

ကျွန်တော်သည် သူ့ဒူးဆစ်များကို ကြည့်ရာက ကျွန်တော့် ဒူးဆစ်များကိုကြည့်မိသည်။ ကျွန်တော့် ဒူးဆစ်များကား ဝါးဆစ်ရိုးလို သေးငယ်လှ၏။ အရိုးတွေလည်း ကွေးလိုက် စန့်လိုက်သော အခါမျိုးတွင် တဂျွတ်ဂျွတ် မြည်တတ်သေး၏။ မိုးအေးလျှင် ဒူးဆစ်များက စစ်ခနဲ … စစ်ခနဲ ကိုက်တတ်သေးသည်။ ချူချာတော့မှာပေါ့၊ လူ့ဘဝ အလေးကြီးကို ထမ်းခဲ့ရတာ ၄၈ နှစ် ရှိပြီကိုးဟု ကျွန်တော့်ဖာသာ ကျွန်တော် တွေးမိပါသည်။ လူ့ဘဝ ရောက်လာသည့် ၄၈ နှစ်အတွင်း အသက် ၂၃ နှစ်လောက်က ဒရိုင်ဘာ လုပ်သည်ဖြစ်ရာ ၂၅ နှစ်လောက်မှာ မော်တော်ကားပေါ်မှ ဆင်းရသည် မရှိ။ အလုပ် လုပ်လေ့လုပ်ထ မရှိသော ဒူးဆစ်များသည် ယခုလည်း ကောင်းကောင်း မလုပ်ချင်တော့ပါ။ အကွေးအဆန့် များများ လုပ်သောအခါ တစစ်စစ် နာကျင် လာကြပါသည်။

ကိုယ်ခန္ဓာကြီးက ဇရာ၏ အဖြစ်ကို သတိပေးတော့မှ ကျွန်တော့် ဘဝကို ကျွန်တော် စဉ်းစားမိပါသည်။ ကျွန်တော် ကားဒရိုင်ဘာ၊ စလုပ်သည်မှာ ၁၉၃၇ ခုနှစ်လောက်က ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော့် အသက် ၂၃ နှစ် ရှိပါပြီ။ ပထမသော် မိတ္ထီလာနှင့် သာစည် ပြေးသည့်ကားကို မောင်းပါသည်။ နောက်တွင် တရုတ်-မြန်မာ လမ်းမကြီး ပေါက်၍ တရုတ်ပြည်သို့ ဓာတ်ဆီများ ပို့သောအခါ နဝလီ ကိုက်၍ မောင်းပေးပါသည်။ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်တို့ကို ဖြတ်၍ တရုတ်ပြည်၊ ကွန်မင်းမြို့ အထိ ရောက်ဖူးပါသည်။ ဤဘဝသည် ကျွန်တော့်ကို ပညာမျိုးစုံ သင်ပေးလိုက်ပါသည်။ ဓာတ်ဆီ ခိုးရောင်းသည့် အတတ်၊ မိန်းမ လိုက်စားသည့် အတတ်၊ ဖဲရိုက်သည့် အတတ်၊ ဘိန်းရှူသည့် အတတ်၊ အရက်သောက်သည့် အတတ် စသဖြင့် အဋ္ဌရသ တစ်ဆယ့်ရှစ်ရပ် စုံလိမ့်မည် ထင်ပါသည်။ ကွန်မင်းက အပြန်တွင် လားရှိုးဘက်က ရှမ်းမ တစ်ယောက်နှင့် အိမ်ထောင် ကျပါသည်။ ရှမ်းမနှင့် သမီးလေး တစ်ယောက်ရပြီး၊ သမီး အပျိုပေါက်တွင်မှ ကျွန်တော့်မိန်းမ၊ မျောက်မထား၍ ကျွန်တော်တို့ အကြင်လင်မယား အဖြစ် ပြတ်စဲခဲ့ ကြပါသည်။ သမီးပျိုကို ကျွန်တော်က ထိန်းသိမ်း၍ ထားလိုက်ရသည်။ သည်အတောအတွင်း ကျွန်တော် အိမ်ထောင် မပြုဘဲ မနေနိုင်သေးပါ။ ထို့ကြောင့် ရိုးရိုးသားသား မိန်းမ တစ်ယောက်နှင့် လက်ထပ်ခဲ့ ကြပါသည်။ ယခု နောက်မိန်းမနှင့် ရသည့် အကြီးဆုံး ကလေးပင် ၇ နှစ်လောက် ရှိပါပြီ။

သို့ဖြင့် အနှစ် ၂၅ နှစ်လောက် ဒရိုင်ဘာ ဘဝတွင် ကျင်လည် ခဲ့ပြီးနောက် ယခု ကျွန်တော့်ကိုယ်ကို ကျွန်တော် ပြန်ကြည့် လိုက်သောအခါ ဒရိုင်ဘာ ထိုင်ခုံ ပေါ်မှာပင် ရှိသေးသည်ကို တွေ့ရပါသည်။ ရှေ့လျှောက် သည်ထိုင်ခုံပေါ်က ဆင်းရဖို့ လမ်းမမြင်တော့ပါ။

* * *

(J)

မင်းကြီးအိမ်တွင် ကျွန်တော် ဒရိုင်ဘာ လုပ်သည်မှာ ၆ လလောက် ရှိပါပြီ။ တစ်နေ့ တစ်နေ့ ကားပေါ်မှ ဆင်းရသည်ဟု မရှိ။ နေကုန်နေခန်း ကားမောင်း၍ ပို့ရ၏။ နံနက် ၆ နာရီ ခွဲသည်နှင့် ကားဂိုဒေါင်ထဲသို့ အဆင်သင့် ရောက်ရလျက် ခေတ္တနားပြီး မင်းကြီးကတော် မမလေးကို ဈေးသို့ ပို့ရ၏။ သူ ဈေးဝယ်နေတုန်း မင်းကြီးကတော် တူမလေးကို ကွန်ဗင့်ကျောင်းသို့ ပို့ရသေး၏။ ပြန်လျှင် မင်းကြီးကို ရုံးပို့၊ ရုံးမှာ မင်းကြီး ခိုင်းသည့်ဆီ သွား၊ နေ့လည်တွင် ကွန်ဗင့် ကျောင်းသူကို အိမ်ပြန်ကြို၊ မင်းကြီး လက်ဖက်ရည် သောက်ရန်အတွက် အိမ်ပြန်ပို့၊ မင်းကြီး၊ တရေးတမော အိပ်ပြီး ရုံးပြန်ပို့၊ ရုံးက အိမ်ပြန်လာ၊ မင်းကြီးကတော် နေ့လည် နေ့ခင်း၊ ဈေးဝယ်သွားလျှင်၊ သို့မဟုတ် အိမ်လည်လျှင် သို့မဟုတ် ပိုကာဒေါင်း သွားလျှင် လိုက်ပို့၊ ညနေ မင်းကြီးရုံး သွားကြို၊ အစည်းအဝေး တက်စရာ ရှိလျှင် အစည်းအဝေးပို့။ မရှိလျှင် အိမ်ပြန်ပို့၊ ညဦးပိုင်း၌ ရုပ်ရှင်၊ သို့မဟုတ် ပြပွဲ၊ သို့မဟုတ် ဧည့်ခံပွဲ တစ်ခုခု လိုက်ပို့၊ ပြန်ခေါ်။ ဤကား ကျွန်တော်၏ တစ်နေ့တာ အလုပ်ဇယားများ ဖြစ်ပေ၏။ ကိစ္စအားလုံး ပြီးလျှင် ကားကို ဂိုဒေါင်ထဲ သွင်းကာ စက်ဘီးချောက်ချက် ချောက်ချက် နင်း၍ ဟုန်းလမ်း (ပန်းလှိုင်လမ်း) ကွက်သစ်ရှိ ကျွန်တော့်အိမ်ကို ပြန်ရပါသည်။

စနေနေ့ ညများသည် ကျွန်တော့်အတွက် အလုပ် အများဆုံးသော ညများ ဖြစ်၏။ ကျွန်တော့် ဆရာသည် စနေနေ့ ညဆိုလျှင် ယူနီယံ ကလပ်သို့ စောစောသွား၍ သောက်ပြီး ၉ နာရီခွဲ ၁၀ နာရီလောက်တွင် ပြန်လေ့ရှိသည်။ သို့ရာတွင် အိမ်သို့ တိုက်ရိုက်ပြန်ခြင်း မဟုတ်ပါ။ ကျောက်မြောင်းက မယားငယ် အိမ်သို့ ပြန်ခြင်း ဖြစ်ပါသည်။ ကျောက်မြောင်းအိမ်က မယားငယ်မှာ ကုမ္ပဏီပိုင်ရှင် တစ်ဦ ဖြစ်သည်။ အသားဖြူဖြူ၊ ကိုယ်လုံး ကိုယ်ပေါက် ကောင်းကောင်း အသက် ၃၀ ပတ်ဝန်းကျင်လောက်တွင်သာ ရှိဦးမည်။ ရုပ်အချောကြီး ထဲက မဟုတ်သော်လည်း ယောက်ျားတကာတို့၏ တဏှာစိတ်ကို ယိုဖိတ်အောင် ညှို့အားကောင်းသူတည်း။

ကျွန်တော့် ဆရာတွင် နောက် မယားငယ် တစ်ယောက် ရှိသေး၏။ နောက် မယားငယ်အိမ်မှာ ကြည့်မြင်တိုင်တွင် ဖြစ်သည်။ အသက် ၂၀ ပင် ရှိဟန် မတူသေးပါ။ ကေလေးမမှာ နုနယ်ပျိုမျစ်တုန်းပင် ရှိပါသေးသည်။ မယ်ဗမာ ကိုယ်လုံး ကိုယ်ပေါက်မျိုး ဖြစ်၍ ရုပ်ရှင်မင်းသမီးဟု ဆိုပါသည်။ သို့ရာတွင် သူပါသည့် ရုပ်ရှင်ကိုတော့ ကျွန်တော် တစ်ခါမျှ မကြည့်ဘူးသေးပါ။ သို့ဖြင့် ကျွန်ုတော့် ဆရာသည် စနေနေ့ ညများတွင် ယူနီယံ ကလပ်မှ ကျောက်မြောင်းသို့ ဖြစ်စေ၊ ကြည့်မြင်တိုင်သို့ ဖြစ်စေ သွားလေ့ရှိသည်။ မယားငယ်များ အိမ်တွင် တော်တော်ကြာကြာ နေပြီး နံနက် ၂ နာရီကျော် ၃ နာရီလောက်မှ အိမ်သို့ ပြန်တတ်သည်။ ကျွန်တော့်ကိုကား အိုဗာတိုင်းအတွက် ဆိုကာ တစ်ဆယ့်ငါးကျပ် ပေးလေ့ ရှိပါသည်။ ထို့ကြောင့် ကျွန်တော်ကလည်း မညည်းမညူ လိုက်ရပါသည်။ သူ့ဆန်စားရဲမှဟု ဆိုကြသည် မဟုတ်လား။

သို့ရာတွင် ကျွန်တော် နားမလည်နိုင်သော အချက်တစ်ချက် ရှိပါသည်။ ယင်းမှာ ကျွန်တော့်ဆရာ မယားငယ်တွေ အလျှိုအလျှို ထားခြင်း ဖြစ်သည်။ ကျွန်ုတော့် ဆရာသည် အသက် ၄၀ ကျော်၍ ၅၀ နား ကပ်နေပါပြီ။ ကျွန်တော့်ထက် ၁ နှစ်၊ ၂ နှစ်လောက်သာ ငယ်ပါလိမ့်မည်။ မယားကြီး ကွယ်လွန်၍ မယားကြီးဘက်က တူမဖြစ်သူ လက်ရှိ ကျွန်တော့် ဆရာကတော်နှင့် လက်ဆက်ခဲ့ပါသည်။ ဆရာကတော်သည် အသက် ၂၅ နှစ်လောက်သာ ရှိပါသေးသည်။ ကျွန်တော့် သမီးကြီး မြအေးနှင့်မှ ရွယ်တူလောက် ရှိပါသေးသည်။ ရုပ်လည်း ချောပါသည်။ သို့ကလို ‘နုလည်းနုနယ်၊ ငယ်လည်းငယ်၊ ချစ်လည်း ချစ်စရာ’ ကောင်းသော ဆရာကတော် ရှိလျက်နှင့် မယားငယ်တွေ မှိုလိုပေါက်အောင် ထားခြင်းကို ကျွန်တော် နားမလည်ပါ။ အိမ်က ဟာမကြီးက အရွယ်လွန်ကာ အမယ်အို ရွတ်တွကြီး ဖြစ်နေ၍ အငယ်အနှောင်း ယူသည်ဆိုလျှင် ထားပါစေတော့။ ထို့ထက်ပို၍ ကျွန်တော် နားမလည် နိုင်သည့် အချက်မှာ ဆရာကတော်က ကျွန်တော့်ဆရာ အငယ်အနှောင်း ထားသည်ကို သိလျက်နှင့် ခွင့်လွှတ် ထားခြင်းပင် ဖြစ်ပါသည်။ ကျွန်တော့်မိန်းမ အေးပုမှာ ကျွန်တော် အငယ်အနှောင်း ထားဖို့ မပြောနှင့် မိန်းမ ပျိုပျိုရွယ်ရွယ်များကို တစ်ခါတလေ စူးစိုက် ကြည့်မိသည် ဆိုလျှင်ပင် ပေါင်တွင်းကြောကို လိမ်ဆွဲတတ်ပါသည်။ ကျွန်ုတော့် ဆရာကတော် မမလေးကား ထိုသို့ မဟုတ်၊ မသိလိုက် မသိဖာသာပင် နေလိုက်သည်။ မမြင်ရရင် ပြီးရောဟု သဘောထားဟန် ရှိပေ၏။

သို့ကလို တွေးရင်း စက်ဘီး နင်းလာသည်နှင့် ၆ နာရီခွဲ ကျော်ကျော်တွင် ခြံဝသို့ ရောက်လေ၏။ သတင်းစာပို့သည့် သူငယ်ပင်လျှင် သတင်းစာ ပုံးထဲတွင် သတင်းစာတွေ ထည့်သွား ပြီးပေပြီ။ ကျွန်တော် ရောက်သွားသော အခါ၌ နောက်ဖေး မီးဖိုချောင်က ထမင်းချက်များပင် အင်းခွေးကြီး နှစ်ကောင်ကို အစာကျွေး နေကြပြီ ဖြစ်၏။ အင်းခွေးကြီး နှစ်ကောင်သည် ဒန်ခွက်ကြီးတွေ ထဲက နွားနို့ကို တပြတ်ပြတ် သောက်နေကြ၏။ နွားနို့ကုန်သော် ဇလုံကြီးတွေနှင့် အမဲသား စင်းကောတွေ ရောက်လာပြန်သည်။ ကျွန်တော်တို့ အိမ်ထောင် တစ်အိမ်ထောင် တစ်နေ့စာလောက် ရှိမည် ထင်ရ၏။ ကျွန်တော်ကား အိပ်ရာထ၊ ထမင်းကြော် ပန်းကန်နှင့် လက်ဖက်ရည် တစ်ခွက်သာ သောက်ရသေး၏။ ဤအိမ်ကြီးတွင် အင်းခွေးကြီး ဖြစ်ရတာကမှ ဇိမ်ကျ သေးတယ်ဟု ကျွန်တော့်ဖာသာ ကျွန်တော် တွေးကာ ကားဂိုဒေါင်ဆီသို့ လျှောက်လာပြီး ကားကို ထုတ်လာခဲ့သည်။ ခဏကြာလျှင် “ကိုဝက် … ကိုဝက်” ဟု ခေါ်သံ ကြားရပါသည်။

ကျွန်တော်က ကားပေါ်မှ ဆင်းကာ အိမ်နောက်ဖေးသို့ ပြေးရသည်။ မမလေး ဈေးသွားချိန် ပေတည်း။ မမလေး ဈေးသွားခါနီးတွင် ဆွဲခြင်း၊ လက်ဆွဲအိတ် စသည်တို့ကို ကားပေါ်သို့ တင်ထားပြီး အဆင်သင့် စောင့်နေရသည်။

ခဏကြာတော့ မမလေး ဆင်းလာပါသည်။ ကျွန်တော်က ခပ်သုတ်သုတ် ဆင်းကာ ကားတံခါးကို ဖွင့်ပေးရ၏။ ဤမျှ နုနယ် လှပသော ဆရာကတော် ရှိလျက်နှင့် ဘာကြောင့် အငယ်အနှောင်း ထားပါလိမ့် ဟူသော မေးခွန်းသည် ကျွန်တော့် ဦးနှောက်ကို လာ၍ တီးခေါက်ပြန်၏။ ဆရာကတော်သည် နိုင်လွန်အင်္ကျီ အဖြူ လက်ပြတ်ကို ဝတ်ထားပြီး၊ စတော်ဘယ်ရီရောင် နိုင်လွန်ဆွယ်တာကို ပုခုံးဝိုင်းဝိုင်းပေါ်မှာ တင်မိသည် ဆိုရုံကလေး ခြုံထား၏။ လုံချည်က အထက်ရှူး၍ အောာက်တွင် ဂါဝန်လို ဝိုက်ကား ကျလာသော ပိုးပျော့လုံချည် နက်ပြာရောင် ဖြစ်သည်။ လုံးဝန်းသော ရင်မို့မို့၊ အိစက်သော တင်စို့စို့တို့သည် ကောက်ကြောင်း ထင်ရှားစွာ ပေါ်နေကြ၏။ ခေါင်းတွင် ပန်ထားသော နှင်းဆီပန်းကြီးက ဆရာကတော်၏ အလှကို သရဖူ ဆောာင်းပေး လိုက်လေသည်။

ဆရာကတော် ကိုယ်မှ ရေမွှေးနံ့သည် တသင်းသင်း ပျံ့လျက် ရှိ၏။ တံခါးပိတ် လိုက်သော အခါတွင်ကား ရေမွှေးနံ့သည် ကားထဲတွင် ကြိုင်လှောက် နေလေသည်။ ကျွန်တော်သည် ကားကို ဈေးဘက်သို့ မောင်းလာခဲ့သည်။ ဆရာကတော်သည် ပေါင်တစ်လုံးပေါ် တစ်လုံး ထပ်၍ထိုင်ရင်း ကူရှင်ကို နောက်မှီ၍ ခါးများကို ကော့ထားကာ လက်နှစ်ဖက်ကို ခေါင်းနောက်သို့ ပစ်ကာ လိုက်ပါလားသည်။ ဆရာကတော်သည် တစ်စုံတစ်ရာကို လေးနက်စွာ စဉ်းစားလာဟန် တူပါသည်။

ဝိဇယရုံနား ရောက်ခါနီးတွင် ဆရာကတော်က နာရီကို ငုံ့ကြည့်ပြီး …

“ကိုဝက် … ဈေးကို မမောင်းနဲ့ဦး၊ ဘုရားကို အရင် သွားမယ်”

ဆရာကတော် အမိန့်အတိုင်း ကားကို ဦးဝိစာရလမ်း ဘက်သို့ ချိုးကွေ့ကာ အနောက်မုတ်ဘက်သို့ မောင်းလာခဲ့သည်။ ဆရာကတော်သည် ဓမ္မစေတီလမ်း တစ်လျှောက်တုန်းကလို ငြိမ်သက်စွာ လိုက်မလာတော့ပါ။ လမ်းဘေး ဝဲယာကို လှမ်းမျှော်ကြည့်ရှု လိုက်ပါလာသည်။ ဦးဝိစာရ လမ်းမကြီး ပလက်ဖောင်း ပေါ်တွင် နံနက်ခင်း လမ်းေလျှောက် လေ့ကျင့်ခန်း ယူသူများကို တွေ့လျှင် ဂရုတစိုက် ကြည့်တတ်သည်ကို ကျွန်တော် သတိထားမိ ပါသည်။ သို့ရာတွင် ဘာမျှတော့ မပြောပါ။ အနောက်မုတ်ပေါက်ဝသို့ အဝင်ခိုင်းသဖြင့် မုတ်ဝရှေ့သို့ မောင်းလာခဲ့ပါသည်။ ကျွန်တော်က ဘုရားပေါ် တက်မည် ထင်သဖြင့် ရပ်ပေးလိုက်ပါသည်။ သို့ရာတွင် ဆရာကတော်သည် ဘုရားပေါ် မတက်ပါ။ ကားထဲမှာ ထိုင်ပြီး ဟိုဟိုသည်သည်ကို လှမ်းမျှော် ကြည့်နေလေသည်။ ၁၀ မိနစ်လောက် ရှိမှ … “ကျွန်မ သူငယ်ချင်းနဲ့ ဘုရားတက်ဖို့ ချိန်းထားတာ၊ မလာတော့ဘူး ထင်ပါရဲ့။ ကဲ … ကဲ … ဈေးဘက်ကိုပဲ မောင်းတော့” ဟု ဆိုသဖြင့် မုတ်ဝရှေ့က လှည့်ထွက်ခဲ့ပြီး၊ ဦးဝိစာရလမ်း အတိုင်း မြေနီကုန်း ဈေးဘက်သို့ မောင်းလာခဲ့သည်။ မြေနီကုန်းဈေး ရောက်တော့ ဆရာကတော် ဆင်း၍ ဈေးဝယ်ပါသည်။ ခါတိုင်း ဆွဲခြင်းကိုင်သည့် ကောင်မလေးကို ခေါ်ခဲ့သော်လည်း၊ မခေါ်ဘဲ သူ့ဖာသာသူ ဝယ်သည်မှာ တစ်လလောက် ရှိပါပြီ။

ဆရာကတော် ဈေးဝယ်နေတုန်း ကျွန်တော် ကားပေါ်မှာ ထိုင်ကျန်ရစ်ခဲ့ပါသည်။ မြေနီကုန်းဈေးသည် ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် စည်ကား နေလေသည်။ ကျွန်တော်သည် ကားပေါ်မှာ ထိုင်လျက် ဈေးဝယ်များကို ငေးကြည့်ရင်း အချိန်ကုန်ရသည်။ သို့မဟုတ်လျှင်လည်း ဒရိုင်ဘာ အချင်းချင်း စကားစမြည် ပြောကြသည်။ ကျွန်တော်တို့ ဒရိုင်ဘာများ၏ စကားထဲတွင် ဇာတ်လမ်းတွေ စုံလှပေ၏။

ကျွန်တော် သို့ကလို ထိုင်၍ ငေးမောနေတုန်း မမလေး ပြန်လာပါသည်။ ဆွဲခြင်းထဲတွင် သားငါး၊ ဟင်းသီးဟင်းရွက်တွေ ပြည့်သိပ်နေသည်။ ငှက်ပျောဖီး နှစ်ဖီးတွဲနှင့် ပန်းစည်း တစ်စည်းကိုလည်း တစ်ဖက်က ကိုင်ထား၏။ ကျွန်တော်က အပြေးကလေး ဆင်းသွားကာ ကူညီယူပြီး မမလေး တက်ရန် ကားတံခါးကို ဖွင့်ပေးလိုက်သည်။

“ဈေးသွားတာ နေမြင့်တာနဲ့ ဝယ်လို့ မကောင်းတော့ဘူး”

မမလေးက ကားနောက်ပိုင်းတွင် ကိုယ်ကိုပျော့မှီ၍ ထိုင်ရင်း ပြောလေသည်။ ကျွန်တော်ကမူ ဘာမျှ ပြန်မပြောတော့ပါ။ အပြန်လမ်းဘက်သို့ ကွေ့၍ မောင်းလာခဲ့သည်။ ကားကိုသာ မောင်းခဲ့ရသော်လည်း ခေါင်းထဲမှာ မကြည်လင်၊ မနေ့ညက အိမ်ပြန် နောက်ကျ၍ နံနက် အစောကြီး ထရပေရာ ဘယ်မှာလျှင် အိပ်ရေး ဝမည်နည်း။

“မနေ့ညက ရှင့်ဆရာ ဘယ်အချိန်မှ ပြန်လာသလဲ ကိုဝက် …”

ဘောင်ဒရီဘက်သို့ ကွေ့အဝင် မမလေးက မေးခြင်းဖြစ်၏။

“တော်တော် နောက်ကျတယ် ခင်ဗျ”

“ပြန်လာတော့ ဘယ်နှစ်နာရီ ရှိပြီလဲ”

ကျွန်တော်က ခေတ္တ စဉ်းစားကာ …

“၃ နာရီလောက် ရှိပြီ ထင်တယ်”

မမလေးသည် ကားနောက်မှီကို ပစ်၍ မှီလိုက်ရင်း သက်ပြင်း ချလိုက်၏။ သူ့သက်ပြင်းမှာ ပါးစပ်ကပါ မှုတ်ထုတ်လိုက်ခြင်း ဖြစ်ပေရာ ဖူးခနဲ မြည်သံကို ကြားလိုက်ရသည်။

“ဘယ်သွားသလဲ၊ ကြည့်မြင်တိုင်လား … ကျောက်မြောင်းလား”

သည်မေးခွန်းမှာ ကျွန်တော် အဖြေရခက်သော မေးခွန်း ဖြစ်သည်။ မနေ့ညက ကျွန်တော့် ဆရာသည် နှစ်အိမ်စလုံး သွားသည်။ ပထမ ကြည့်မြင်တိုင်က အိမ်ကို သွား၏။ မယ်ဗမာ ကိုယ်လုံး ကိုယ်ပေါက် ရှိသော အငယ်မက ပလက်တီနံ လက်ကောက် အဝယ်ခိုင်းတာ ဝယ်မပေးသေး၍ စိတ်ကောက် နေသဖြင့် ကျွန်တော့်ဆရာ တပ်ခေါက် ပြန်ခဲ့ရသည်။ ထို့ကြောင့် ဒေါပွပွဖြင့် စီးကရက်စက်ရုံ တစ်ခုတွင် အလုပ်လုပ်သော ကောင်မလေးဆီသို့ သွားသည်။ ကျွန်တော့် ဆရာ၏ စာရင်းဝင် အငယ်အနှောင်း မဟုတ်ပါ။ ကြားပေါက်ခေါ်ခြင်း ဖြစ်ပါ၏။ သို့ရာတွင် သူများ လက်ဦးသွား၍ မတွေ့ခဲ့ဘဲ နောက်ဆုံးတွင် ကျောက်မြောင်းက တစ်ခုလပ်မ အိမ်သို့ ရောက်လေသည်။ ကျောက်မြောင်း အိမ်တွင် အရက် ထပ်သောက်ပြီး ကလိုက် ခုန်လိုက် မြူးလိုက်ဖြင့် နံနက် ၃ နာရီ ထိုးမှ အိမ်ပြန်ရောက် လေတော့သည်။

“ကျောက်မြောင်းရော … ကြည့်မြင်တိုင်ရော ခင်ဗျ …”

ကျွန်တော့် ပါးစပ်က အလိုလို ထွက်သွားပါသည်။ ပါးစပ်က ထွက်ပြီးသည်နှင့် တစ်ပြိုင်နက် ကျွန်တော် မှားသွားပြီဟု ရိပ်မိလိုက်၏။ သို့ရာတွင် ပြင်ချိန် မရတော့ပါ။

“ဘယ်နှယ့် နှစ်နေရာစလုံးတောင် သွားတယ်၊ ဟုတ်လား”

”ဟုတ်တယ် ခင်ဗျ”

“ဟင်း … အိမ်ကျတော့ ခေါင်းကိုက်သလေး ဖင်နာသလေးနဲ့ မယားငယ်အိမ် သွားရရင်တော့ ဟင်း … မပြောလိုက်ချင်ဘူး”

မမလေး ဤမျှသာ ပြောာပါသည်။ နောက်တော့ ဘာမှ မပြောတော့ပေ။ မမလေးသည် မင်းကြီး မယားငယ် နှစ်ယောက် ယူသည်ကို အပြစ်ဆိုခြင်း ဟုတ်ဟန်မတူ၊ တစ်ညထဲမှာ မယားငယ် နှစ်ယောက်စလုံး အိမ်ကို သွားခြင်းကိုသာ အပြစ်ဆိုပါသည်။ ဤနေရာတွင် ကျွန်တောာ့်မိန်းမ အေးပုနှင့် အကွာကြီး ကွာပါသည်။ ကျွန်တော့်မိန်းမ အေးပုမှာ ကျွန်တော် မိန်းမချောချော၊ လှလှကလေးများကို မတော်တဆ မျက်လုံး ကစားမိရုံမျှဖြင့် မခံမရပ်နိုင်သူ ဖြစ်လေရာ၊ သဝန်ကြောင်လွန်း သည်ဟု ကျွန်တော် ထင်ပါသည်။ ခေတ်မမီဟု ကျွန်တော် ထင်ပါသည်။ မင်းကြီးလို မယားငယ် ထားလျှင်ကား ဆိုဘွယ်ရာ မရှိတော့ပါ။ ကျွန်တော်က တစ်ခါတစ်ရံ နောက်ပြောင်မိလျှင်ပင် “တော် မကျွေးရင် ကျုပ် ဒီကလေးတွေ ဘယ်လိုလုပ် ကျွေးမလဲ ကိုဝက်ရယ် … ကလေးတွေ မျက်နှာကိုမှ ရှင် မထောက်ဘူး ဆိုရင်လဲ ဘယ် တတ်နိုင်မလဲ၊ ကျုပ် ဖာသာကျုပ် ဈေးရောင်းပြီး ကျွေးရတော့မှာပေါ့” ဟု မျက်ရည် စမ်းစမ်းဖြင့် ပြောလေ့ရှိသည်။ အေးပုအဖို့ ကျွန်တော်သည် အသက်သခင် ကျေးဇူးရှင် ဖြစ်ပါသည်။ ကျွန်တော် မယားငယ် ယူသွားလျှင် ကလေးတွေ တစ်ပြုံကြီးနှင့် ကသီလင်တ ဖြစ်မည်ကို စိုးရိမ်ပါသည်။ ထို့ကြောင့် အိမ်ထောင် ပြုကြခြင်းမှာ ကိုယ့်နေထိုင်မှု၊ ဘဝလုံခြုံရေးနှင့် မျိုးဆက်ပြန့်ပွားရေးတို့ အတွက် ဖြစ်သည်ဟု ကျွန်တော် ထင်ခဲ့မိပါသည်။

သို့ရာတွင် ကျွန်တော့် ဆရာနှင့် ဆရာကတော်တို့၏ အိမ်ထောင်ရေးမှာ ကျွန်တော့် အတွေးအထင်နှင့် အံမကိုက်လှပေ။ မမလေးသည် ချမ်းသာ ကြွယ်ဝသော ထိပ်တန်း အရာရှိဟောင်းကြီး တစ်ဦး၏ သမီး ဖြစ်၏။ မင်းကြီး၏ တစ်လတွက် လစာသည် မမလေး၏ တစ်လစာ ထမီဖိုး၊ ဘော်လီဖိုး လောက်သာ ရှိ၏။ မင်းကြီးနှင့် မညားလျှင်လည်း မမလေးသည် သူ့ဘဝ လုံခြုံရေးတွက် ဘာမျှ စိုးရိမ်ပူပင်စရာ မရှိပေ။ မျိုးဆက်ပြန့်ပွားရေး အတွက် ဆိုလျှင်လည်း သူတို့ အိမ်ထောင်တွင် သားသမီး တစ်ယောက်မျှ မထွန်းကား သေးပေ။ သို့ဖြစ်ရာ အိမ်ထောင် ပြုခြင်း၏ ရည်ရွယ်ချက်များ မပြည့်စုံသော အိမ်ထောင်ရေးသည် ဘယ်မှာလျှင် အဆင်ပြေမည်နည်း။

သို့ကလို ကျွန်တော် တွေးမိဖါသည်။ သို့ရာတွင် ကျွန်တော့်လို ဒရိုင်ဘာ တစ်ယောက်၏ အတွေး မှန်မည် မမှန်မည်ကိုမူ ကျွန်တော် မပြောတတ်ပါ။

“ကိုဝက် မနက်ဖြန် ဘုရားကို တက်မယ်နော်၊ စောစော လာခဲ့”

မမလေးသည် ကျွန်တော့်ကို အမိန့်ပေးပြီး ဆင်းသွားလေသည်။

* * *

(၃)

ယနေ့ နံနက်တော့ ၆ နာရီ မထိုးခင် ကျွန်တော် ကားပေါ်သို့ ရောက်နေသည်။ နှင်းများများ မကွဲတတ်သေးပေ။ ခဏကြာလျှင် မမလေး ဆင်းလာပါသည်။ မမလေးသည် အစွမ်းကုန် ခြယ်သ ထားပါသည်။ နဖူးပေါ်တွင် ဆံပင် အတွန့်အကောက်တွေ ဖွာကျနေစေပြီး ဘေးက ဆံပင်ကို နားရွက်နှစ်ဖက် တစ်ဝက်ဖုံးအောင် ပြုပြင်ထားသည်။ ဖြူနုနေသော ပါးပြင်ကို နီပြေပြေကလေး ဖြစ်ရုံ ဆိုးကာ၊ နှုတ်ခမ်းကိုလည်း ပုံကျအောင် ဆိုးထားသည်။ မျက်ခွံကိုလည်း အရိပ်ပေါ်အောင် ဆိုးထားပေရာ၊ ပန်းနုသွေး မျက်နှာ နုနုကလေး ပေါ်တွင် မျက်လုံး၊ မျက်တောင်တို့၏ အနက်ရောင်မှာ ထင်ရှားစွာ ပေါ်နေကြသည်။ မမလေး ပြင်ဆင်ထားပုံမှာ ဘုရား သွားပုံမျိုးနှင့် မတူ ပွဲနေ ပွဲထိုင် သွားပုံမျိုးနှင့်သာ တူနေပါသည်။

ကျွန်တော်သည် နောက်ဖက်ထိုင်ခုံက ဝေ့လာသော မွှေးပျံ့ပျံ့ ရနံ့တို့ကို ရှူရှိက်ရင်း ကားကို အနောက်ဖက်မုတ်သို့ မောင်းလာကာ ထိုးဆိုက် လိုက်ပါသည်။ အနောက်ဖက်မုတ်ဝတွင် စောင့်ကြိုနေသော လူရွယ် တစ်ယောက်နှင့် စကားပြော နေကြပါသည်။ လူရွယ်မှာ ကျွန်တော်နှင့် မကြာခဏ ဝင်ဆာာလမ်း (ရှင်စောပုလမ်း) ပေါ်တွင် တွေ့နေကျ ဖြစ်သော ရုပ်ချောချော၊ အရပ် ထောင်ထောင်မောင်းမောင်း ကာယဗလ ကောင်းကောင်းနှင့် လူငယ် ဖြစ်သည်။ လူရွယ်သည် အောင်းဘီရှည်နှင့် စပို့ရှပ်ကို ဝတ်ကာ၊ ရွက်ဖျင်ဖိနပ် အဖြူကို စီးထား၏။ သူတို့နှစ်ယောက် ဘာတွေ ပြောနေသည်ကိုမူ ကျွန်တော် မကြားရပေ။ သို့ရာတွင် ပြောဆို ဆက်ဆံပုံမှာကား များစွာ ရင်းနှီးလှပေ၏။

သူတို့ နှစ်ယောက်သည် အနောက်မုတ် စောင်းတန်းမှ ဘုရားသို့ တက်သွားကြသည်။ တစ်ယောက်ခါးကို တစ်ယောက် ဖက်သွားကြ ပါသည်။

ကျွန်တော်သည် ကားထဲမှာ ငေးကာ ကျန်ရစ်ရင်း မမလေးနှင့် လူရွယ်တို့၏ ဆက်ဆံရေးကို တွေးမိသည်။ မောင်နှမတော့ မဟုတ်နိုင်၊ မမလေးသည် မင်းကြီး ရှိလျက်နှင့် ရည်းစားထား လေသလား။ အေးပုမှာ ကျွန်တော် အငယ်အနှောင်း ယူမည်ကို စိုးရိမ်သဖြင့် ကျွန်တော့်ကို မျက်ခြေမပြတ် အကဲခတ်နေသူ ဖြစ်၏။ မမလေးမှာကား မင်းကြီး အငယ်အနှောင်း နှစ်ယောက်တိတိ ထားသည်ကို သိလျက်နှင့် ခွင့်ပြုထား၏။ အေးပုသည် ကျွန်တော် ပစ်သွားလျှင် သူ့ဘဝ လုံခြုံရေးနှင့် ကလေးတွေ၏ နောင်ရေးကို တွေး၍ ပူပင်နတ်၏။ မမလေးကား မင်းကြီး ပစ်သွားလျှင်လည်း ပူစရာ မရှိပါ။ ထို့ကြောင့် သူတို့ အိမ်ထောင်ရေးသည် တစ်ယောက် အမှားကို တစ်ယောက် မျက်နှာလွှဲကာာ ကိုယ်လုပ်ချင်ရာ လုပ်နေကြသည့် အိမ်ထောင်ရေးမျိုးလားဟု တွေးမိပါသည်။ သည်သို့ဆိုလျှင် သူတို့ အိမ်ထောင်ရေးသည် ဘာအဓိပ္ပါယ် ရှိမည်နည်း။ မော်တော်ကားပေါ် ထိုင်ရင်း ကျွန်တော် ဖတ်ဖူးသော ဝတ္ထုတွေ ထဲတွင် မကြာခဏ ပါတတ်သည့် ‘တရားဝင် ပြည့်တန်ဆာ စနစ်’ ဆိုသည်မှာ မမလေးတို့ အိမ်ထောင်ရေးမျိုး ပေလော …။

နာရီဝက်လောက် ကြာတော့ မမလေးတို့ နှစ်ယောက် ပြန်ဆင်းလာ ကြပါသည်။ နှစ်ယောက်စလုံး ပြုံးနေကြ ပါသည်။ အတက်တုန်းကလိုပင် တစ်ယောက်ခါးကို တစ်ယောက် ဖက်လာကြ ပါသည်။ သူတို့ နှစ်ယောက်မှာ တကယ်တော့ ရှေ့သွားနောက်လိုက် ညီပါ၏။ မသိသူများကမူ ညားကာစ ဇနီးမောင်နှံဟု ထင်ကြမည်လား မပြောတတ်ပေ။

ဘုရားစောင်းတန်း အဝသို့ ရောက်တော့မှ တစ်ယောက်ခါး တစ်ယောက် ဖက်ထားရာမှ ဖြုတ်လိုက်ကြပြီး၊ ကားဆီသို့ လျှောက်လာ ကြပါသည်။ သူတို့ကို ကြည့်ရသည်မှာ ဘာမျှ မထူးခြားပါ။

ကျွန်တော်က ကားတံခါးကို ဖွင့်ပေးလိုက်၏။ နှစ်ယောက်စလုံးတက်လိုက်ကြ၏။

“မြေနီကုန်းဈေးကို မောင်း ကိုဝက်၊ ဈေးတောင် နောက်ကျ သွားပြီလား မသိဘူး …”

မမလေးက လက်ပတ်နာရီကို ငုံ့ကြည့်ရင်း ပြောလေသည်။ ကျွန်တော်သည် ဦးဝိစာရလမ်း ဘက်သို့ ထွက်ကာ မြေနီကုန်းဈေး ဘက်သို့ မောင်းလာသည်။ ကားပေါ်တွင် မမလေးနှင့် သူ့မင်းသားလေးသည် စကားလက်ဆုံ ကျလာကြသည်။ သူတို့သည် တစ်ခါ တစ်ခါတွင် အင်္ဂလိပ်လို ပြော၍ တစ်ခါ တစ်ခါတွင် မြန်မာလို ပြောလာကြလေသည်။ ကျွန်တော့်ကိုကား သက်ရှိသတ္တဝါ တစ်ကောင်ဟုပင် သဘောထားကြဟန် မတူပါ။

ကျွန်တော်သည် အစတွင်သာ အံ့ဩသလိုလို ဖြစ်နေသော်လည်း ယခုတော့ မအံ့ဩတော့ပါ။ ကျွန်တော်နှင့် ကျွန်တော့် မော်တော်ကားသည် မင်းကြီးနှင့် သူ့မယားငယ်လေးများ၏ ဇာတ်လမ်းများကိုလည်း တွေ့ခဲ့ ကြားခဲ့ဖူးပါပြီ။ ယခုလည်း မမလေးနှင့် သူ့လင်ငယ်၏ ဇာတ်လမ်းကို တွေ့ရ ကြားရ ပြန်ပါပြီ။

မမလေးနှင့် သူ့မင်းသားသည် တစ်နေ့ညက ကပွဲ အကြောင်းကို ပြန်ပြောင်း ပြောလာကြပါသည်။ သူတို့ စကားတွေမှာ အချိတ်ကလေးဘွေ အစောင်းကလေးတွေနှင့်မို့ နားထောာင် ကောင်းသလိုလိုပင် ရှိပါသည်။ တစ်ခါ တစ်ခါတွင် မမလေးက စိတ်ဆိုးဟန်ဖြင့် နှုတ်ခမ်းကလေးစူ၍ မူလိုက်ဟန်ကို ကားရှေ့က မှန်ထဲတွင် ရိပ်ခနဲ မြင်လိုက်ရပါသည်။ တစ်ခါ တစ်ခါတွင် မင်းသား၏ လက်ချောင်းများက မမလေး၏ ပေါင်ကို ဆုပ်နယ် နေသည်ကို မြင်လိုက်ရပြီး၊ မမလေးက လက်ဖြင့် ပုတ်ထုတ် လိုက်သည်ကိုလည်း အတိုင်းသား မြင်နေရပါသည်။ မှန်ထဲက ဇာတ်လမ်းကို ကြည့်နေသဖြင့် ဦးဝိစာရ အဝိုင်းတွင် ကံကောင်း၍ ကားချင်း မတိုက်မိခြင်း ဖြစ်ပါသည်။

“ကိုဝက်ရေ … အဝိုင်း ဟိုဘက်ထိပ်ကျရင် ကားရပ်ပေးလိုက်၊ ဒီက ဆင်းလိမ့်မယ်”

ကျွန်တော်သည် ကားကို အဝိုင်းထိပ်မှာ ရပ်ပေးလိုက်၏။ မင်းသားသည် မြူးထူး ပေါ့ပါးစွာ အောက်သို့ ဆင်းသွားသည်။

“မနက်ဖြန် ၆ နာရီ’’

မင်းသားက အင်္ဂလိပ်လို ပြောပါသည်။ သည်လောက်တော့ ကျွန်တော် နားလည်ပါသည်။ နောက် နှုတ်ဆက်၍ ထွက်သွားပါသည်။ ဈေးရောက်လျှင် မမလေး ဆင်း၍ ဈေးဝယ်ပြီး အိမ်သို့ မောင်းလာခဲ့ ပါသည်။

ကျွန်တော်က ဆွဲခြင်းဆွဲ၍ မီးဖိုထဲ သွားပို့နေတုန်း ထမင်းစားခန်း ထဲက ဆူဆူညံညံ အသံတွေကို ကြားရပါသည်။ တဖြည်းဖြည်း ကျယ်လာသော အခါ အသံများကို ကွဲကွဲပြားပြား ကြားရပါသည်။

“ဒီစာက ရည်းစားနဲ့ ချိန်းတဲ့စာ မဟုတ်လို့ ဘာလဲ”

မင်းကြီး၏ ဟိန်းသံ ဖြစ်သည်။

“အို … ဒါက တင့်တင့်ရဲ့ မိတ်ဆွေပဲ၊ ဘုရား သွားမယ်လို့ ချိန်းနာ၊

ဒါက ဘာဖြစ်သလဲ …”

“ပာင်း … ဟင်း … စာထဲမှာ အချစ်များစွာလို့ ရေးထားတာ မိတ်ဆွေတဲ့လား ဟင်၊ မင်း တော်တော် ပလီနိုင်တဲ့ မိန်းမ …”

“ဘာ … ပလီတယ် မပြောပါနဲ့၊ မိတ်ဆွေမို့လို့ မိတ်ဆွေ ပြောတာ၊ မယုံရင် တင့်တင့် ဘာမှ မတတ်နိုင်ဘူး၊ ထင်ချင်သလိုထင်၊ ရည်းစားလို့ ထင်ထင်၊ လင်ငယ်လို့ပဲ ထင်ထင်”

“ဟုတ်တယ်၊ ရည်းစားတောင် မဟုတ်ဘူး၊ လင်ငယ် … လင်ငယ်နဲ့ ချိန်းတွေ့တာ”

သူတို့မျက်နှာ အမူအရာများကို ကျွန်တော် မမြင်ရပေ။ ကျွန်တော်သည် နားရွက်ပင် မခတ်ဝံ့ဘဲ နောက်ဖေး မီးဖိုချောင်နားက တန်းလျားပေါ်တွင် ထိုင်နေမိသည်။

“ချိန်းတွေ့တော့ ဘာဖြစ်သလဲ … ကိုကိုတောင် မယားငယ် ထားသေးတာ၊ မယားငယ်မှ တစ်ယောက်တောင် မဟုတ်ဘူး၊ မှိုလိုပေါက်လို့ ကြည့်မြင်တိုင်မှာကော၊ ကျောက်မြောင်းမှာကော၊ ကမာရွတ်မှာကော၊ ကိုယ်က မယားငယ်တွေကို အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ လက်ညှိုးထိုးမလွဲ ထားတာတောင် ဘာမှ မပြောဘူး၊ သူများကျတော့ မိတ်ဆွေတွေနဲ့ ဘုရား သွားတာကို ရေးကြီးခွင်ကျယ် လုပ်တယ်”

မမလေး၏ ငိုသံကို ကြားရပါသည်။

“ဘယ်က မိတ်ဆွေ ရမှာလဲ၊ ငါမသိဘူး မှတ်လို့လား၊ ကောလိပ် လှေသင်းက တင်မောင်ဝင်းနဲ့ ဖြစ်နေတာ၊ ငါမသိဘူး မှတ်လို့လားပာင်၊ မင်း ဘူးကွယ် မနေနဲ့၊ ငါ အကုန် သိတယ်၊ ငါတင် မဟုတ်ဘူး၊ လူတိုင်း သိတယ်၊ ဟေ့ … မောင်ဝက် … မောင်ဝက် …”

အကျိုးနဲပြီဟု ထင်ပါသည်။ မင်းကြီး ကျွန်တော့်ကို ခေါ်နေပေပြီ။ ကျွန်တော်သည် ဖိနပ်ချွတ်ကာ ကပျာကယာ ထမင်းစားခန်းထဲ ဝင်သွားပါသည်။ မင်းကြီး၏ မျက်လုံးများမှာ မီးဝင်းဝင်း တောက်နေသည်။

“ဒီနေ့မနက် မင်းမမလေးကို ဘယ်လိုက်ပို့ ရသလဲ”

သူတို့ အမှုတွင် ကျွန်တော် ပါချေပြီ။ ကျွန်တော် ဘယ်လို ဖြေရမည်နည်း။ အမှန်အတိုင်း ပြောရမည်လား၊ လိမ်ပြော ရမည်လား၊ ဆောာင်းတွင်းကြီးမှာပင် ကျွန်တော့် နဖူး၌ ချွေးတွေ စို့လာပေသည်။

“ပြောလေက္ဗာ … ဘယ်ကို ပို့ရသလဲ”

“ရွှေတိဂုံကို ပို့ရပါတယ် …”

မမလေးသည် ဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကျွန်တော့်ကို ကြည့်လိုက်သည်။ မမလေး၏ ဒေါသသည် မင်းကြီးထံမှ ကျွန်တော့်ဆီသို့ ရောက်ပါသည်။

“ဟိုနေ့ ညကကော ရှင့် ဆရာကို ဘယ်လိုက်ပို့ ရသလဲ ပြောလိုက်လေ ဘာလို့ ချန်ထားသလဲ”

ကျွန်တော်သည် မင်းကြီးကို တစ်လှည့်၊ မမလေးကို တစ်လှည့် အူကြောင်ကြောင်ဖြင့် ငေးကြည့် နေမိသည်။

“ပြောလေ … တစ်ညထဲနဲ့ ကြည့်မြင်တိုင်ရော၊ ကျောက်မြောင်းကိုရော၊ ပို့ရတယ်လို့ ရှင်ပဲ ပြောတယ် မဟုတ်လား ဟင် …”

”ဟုတ်ပါတယ် ခင်ဗျ”

“ဘာရယ်ကွ … ဘယ်လို ပို့ရတယ်”

မင်းကြီး၏ ဝင်းဝင်းတောက်သော မျက်လုံးများသည် ကျွန်တော့်ဆီသို့ ရောက်လာကြ ပြန်သည်။ မင်းကြီး၏ ဒေါသသည် မမလေးထံမှ ကျွန်တော့်ဆီသို့ ရောက်လာ ပြန်ပါပြီ။

“ခွေးမသား … သွား … သွား … လင်မယား ကြားမှာ ဟိုဝင်ရှုပ်၊ ဒီဝင်ရှုပ် လူကြည့်တော့ ရိုးပုံရိုးလက်နဲ့ သွား … တောစကား တောင်ရောက်၊ တောင်စကား တောရောက် လုပ်တာမျိုး ငါမကြိုက်ဘူး၊ မင်းလို သစ္စာမရှိတဲ့ ဒရိုင်ဘာမျိုးလဲ ငါ့အိမ် မထားဘူး၊ ခုအချိန်က စပြီး မင်း ငါ့ဆီမှာ မလုပ်နဲ့တော့ ထွက်သွား … ခွေးမသား …”

ကျွန်တော် ဝမ်းနည်းကာ မျက်ရည်တွေ လည်လာပါသည်။ ထို့ကြောင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းငုံ့၍ ရပ်နေပါသည်။ လင်မယား နှစ်ယောက်၏ဒေါသသည် ကျွန်တော့် အပေါ်သို့ ပုံကျ လာပါသည်။

“ဟေ့ကောင် … သွားဆိုတာ မကြားဘူးလား၊ မင်းကို အလုပ်က ထုတ်လိုက်ပြီ၊ သွား … ဒီလခ မင်းကို တစ်လလုံး ပေးမယ်၊ လကုန်တော့ လာယူလှည့် …သွား …”

ကျွန်တော် ကြာကြာ မနေရဲတော့ပါ။ ထို့ကြောင့် ကားသော့ကို စားပွဲပေါ်တွင် တရိုတသေ သွားထားပြီး ခြံဝသို့ ထွက်လာခဲ့ ပါသည်။ နက်ဖြန်က စ၍ ဈေးကြိုရသော အလုပ်ကို ကျွန်တော် လုပ်ရတော့မည် မဟုတ်ပါ။

ကျွန်တော်သည် လမ်းမကြီးပေါ်တွင် လျှောက်လာရင်း သူတို့ အိမ်ထောင်ရေးနှင့် ကျွန်တော်တို့ အိမ်ထောင်ရေးကို တွေးမိပါသည်။ ကျွန်တော်နှင့် အေးပုတို့ အိမ်ထောင် ပြုကြခြင်းမှာ ဘဝလုံခြုံရေးနှင့် မျိုးဆက်ပြန့်ပွားရေး အတွက် ဖြစ်ပါသည်။ ကျွန်တော် မရှိလျှင် အေပုဘဝ မလုံခြုံသလို၊ အေးပု မရှိလျှင် ကျွန်ုတော့်ဘဝ လုံခြုံမည် မဟုတ်ပါ။ ထိုကြောင့် ကျွန်တော်တို့ နှစ်ယောက်သည် တစ်ယောက်က တစ်ယောက်ကို သစ္စာဖောက်မှာ စိုးရိမ်ကြပါသည်။ ကျွန်တော်တို့အဖို့ နှစ်ယောက်ပေါင်းမှ ဘဝသည် ပြည့်စုံဖူလုံကာ တစ်ဘဝ ဖြစ်လာပါသည်။

မင်းကြီးနှင့် မင်းကြီးကာတော်တို့ အဖို့မှာ ဘဝလုံခြုံရေး အတွက် ပူစရာ မရှိပါ။ ကိုယ့်ဖာသာကိုယ် နေကြပါသည်။ မျိုးဆက်ပြန့်ပွားရေး အတွက်လည်း ဘာမျှ တတ်နိုင်ကြတော့ဟန် မတူပါ။ သူတို့အဖို့ တစ်ယောက်က သစ္စာဖောက် သွားလျှင်လည်း အရေးကြီးဟန် မတူပါ။ နောက်တစ်ယောက်ကို ငွေဖြင့် ပေါက်၍သော် လည်းကောင်း၊ ရာထူးဖြင့် ပေါက်၍သော် လည်းကောင်း အလွယ်တကူ ရနိုင်ကြပါသည်။ ထို့ကြောင့် သူတို့ လင်မယားသည် မယားငယ် လင်ငယ် အပြန်အလှန် ထားနေကြခြင်း ဖြစ်ဟန် တူပါသည်။ သည်လိုဆိုလျှင် ဝတ္ထုထဲတွင် တွေ့ရဖူးသော “တရားဝင် ပြည့်တန်ဆာ အိမ်ထောင်ရေး စနစ်” ဆိုသည်များလားဟု ကျွန်တော် တွေးမိပါသည်။ သို့သော် ကျွန်တော် ပြက်ပြက်ထင်ထင် မတွေးတတ်ပါ။

မည်သို့ပင် ဖြစ်စေ သူတို့နှစ်ယောက် လင်ငယ် မယားငယ် အပြိုင် ထားကြသည့် ကိစ္စအတွက် ကျွန်တော်ငဝက် တစ်ယောက်တော့ ကြားထဲက ဒဏ်ခံလိုက်ရ ပါပကော။

မြသန်းတင့်

ရှုမဝ၊ ဖေဖော်ဝါရီ၊ ၁၉၆၃