ဝတ္ထုတိုများစုစည်းမှု့

လူတစ်ယောက်၊ မြင်းတစ်စီးနဲ့ ခွေးတစ်ကောင်

နွေဦးပေါက်စ ကောင်းကင်မှာ မြူဝေ့ဝဲချိန် တစ်ခါတစ်ခါမှာ ငယ်ငယ်က အဖြစ်အပျက်တွေကို ပြန်စဉ်းစားတယ်။

တချို့ အဖြစ်အပျက်တွေ ငယ်ငယ်တုန်းက နားမလည်ခဲ့။ ကြီးမှ နားလည်လာတယ်။ တချို့ အဖြစ်အပျက်တွေ ကိုတော့ ငယ်ငယ်တုန်းကလည်း နားမလည်ခဲ့ဘူး။ ကြီးလာလည်း နားမလည်နိုင်သေးဘူး။

ကျွန်တော် ငယ်ငယ်တုန်းက တွေ့ခဲ့ရတဲ့ လူတစ်ယောက်၊ မြင်းတစ်စီးရယ်၊ ခွေးတစ်ကောင်ရယ် အကြောင်းကို ပြန်စဉ်းစားကြည့်တယ်၊ ခုထိ နားမလည်နိုင်ဘူး။

ဟိုတုန်းက ကျွန်တော် ငယ်ငယ် ရှိသေးတယ်။ ငယ်ဆို ၈ နှစ်၊ ၉ နှစ်လောက်ပဲ ရှိဦးမယ်။

တစ်နေ့မှာ အဖေက ရုံးဆင်းပြီး ပြန်အလာမှာ သူ့နောက်မှာ သူ့အမှုတွဲ ခြင်းနဲ့ လက်ဖက်ရည် ခြင်းကို ထမ်းလိုက်လာတဲ့ လူတစ်ယောက် ပါလာတယ်။ အဝေးတုန်းကတော့ ခါတိုင်း အမှုတွဲ ခြင်းနဲ့ လက်ဖက်ရည် ခြင်းကို ထမ်းနေကျ သူ့ရှေ့နေစာရေး ကိုလှမြိုင်လို့ပဲ ကျွန်တော် ထင်တာပေါ့။ ဒါပေမယ့် အနားရောက်တော့ ကိုလှမြိုင် မဟုတ်ဘူး။

ကိုလှမြိုင်က အသက် ၂၀ ကျော်လောက်ပဲ ရှိသေးတယ်။ အဖေနဲ့ အတူ ရုံးကိုသွားရင် စတစ်ကော်လာ ရှပ်အင်္ကျီနဲ့ တိုက်ပုံအင်္ကျီကို ဝတ်လေ့ရှိတယ်။ ခု အဖေ့နောက်က အမှုတွဲခြင်းကို ထမ်းလိုက်လာတဲ့ လူကတော့ ဒီလို မဟုတ်ဘူး။ အသက်လည်း ၄၀ နီးပါး၊ အဖေနဲ့ မတိမ်းမယိမ်း၊ ငယ်ရင် ၂ နှစ် ၃ နှစ်လောက်ပဲ ငယ်မယ်။ အင်္ကျီကတော့ စတစ်ကော်လာ လက်ရှည်အင်္ကျီပါပဲ။ ဒါပေမယ့် ပင်ဖြူချည်ကြမ်း အင်္ကျီကြီး။ အရောင်အဆင်းလည်း သိပ်မပေါ်တော့ဘူး။ တော်တော်မည်းနေပြီ။ လုံချည်ကလည်း အိမ်မှာရက်တဲ့ ချည်ကြမ်းလုံချည်။ ခေါင်းမှာ မျက်နှာသုတ်ပုဝါကြီး တစ်ထည်ကို ပေါင်းထားတယ်။ ကိုယ်လုံးကိုယ်ပေါက်က ရှေ့ကလာတဲ့ ပိန်ပိန်ပါးပါး၊ အသားဖြူဖြူ အဖေနဲ့ ဆန့်ကျင်ဘက်၊ တစ်ကိုယ်လုံး မည်းပြီး တုတ်ခိုင်ခိုင်ကြီး။

အဖေ့အရပ်က ငါးပေရှစ်လက်မလောက် ရှိတယ်။ သူက အဖေ့ထက်တောင် အရပ်မြင့်ချင်သေးတယ်။ ငါးပေ ဆယ်လက်မလောက်တော့ အနည်းကလေး ရှိမယ်ထင်တယ်။ နည်းတဲ့ ဗလကြီး မဟုတ်ဘူး။

အထူးခြားဆုံးကတော့ သူ့မျက်နှာပဲ။ လူက ရုပ်တော့ ဒီလောက် မဆိုးပါဘူး။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာ ဘယ်ဘက် နဖူးထောင့်က စပြီး ညဘက် မေးရိုးအထိ ဓားခုတ်ရာကြီးက ကန့်လန့်ဖြတ်ကြီး ထင်နေတယ်။ လူ့မျက်နှာပုံကို ရေးထားတဲ့ အရုပ်ကားတစ်ခုကို ဆုတ်ဖြဲပြီး ပြန်ဆက်ကပ် ထားသလိုပဲ။ အဆက်အစပ် မညီဘူး။ မျက်နှာတစ်ခြမ်းနဲ့ မျက်နှာတစ်ခြမ်းဟာ အထက်အောက် နည်းနည်းလွဲ နေတယ်။

ကျွန်တော်ဟာ ခါတိုင်း အဖေ ရုံးဆင်းလာရင် သူ ချွတ်ပေးလိုက်တဲ့ ခေါင်းပေါင်းကို ဆီးယူနေကျ။ သူချွတ်ပေးတဲ့ အပေါ်အင်္ကျီ အနက်ကို ဆီးယူနေကျ။ အဖေ့ပုဆိုးကို ဆွဲပြီး အဖေ ရုံးကအပြန် ဝယ်ဝယ်လာ တတ်တဲ့ ကိုစမန်အင်ဆိုင်က စမူဆာထုပ်ကို ဆီးယူနေကျ။

ကျွန်တော် ထုံးစံအတိုင်း အဖေ့ခေါင်းပေါင်းနဲ့ အပေါ်အင်္ကျီရယ်၊ စမူဆာရယ်ကို ဆီးယူမလို့ အိမ်ထဲက ပြေးထွက်လိုက်တော့ အဖေ့နောက်က ပါလာတဲ့ စာခြင်းကို ထမ်းလာတဲ့လူကို မြင်လိုက်တယ်။ သူက ခေါင်းကို ငုံ့ထားတော့ ကျွန်တော် သူ့မျက်နှာကို မမြင်ရသေးဘူး။

သူက ခေါင်းမော့ ကြည့်လိုက်လို့ သူ့မျက်နှာ နှစ်ခြမ်းကြီးကိုလည်း ကျွန်တော် မြင်လိုက်ရော ကျွန်တော်ဟာ ရှေ့ကို မတိုးနိုင်တော့ဘဲ အံ့အားသင့်ပြီး ရပ်ကြည့်နေရာက အိမ်ထဲကို ပြေးဝင်လာခဲ့ပြီး အမေနဲ့ အိမ်စေမလေး ရှိနေရာ မီးဖိုချောင်ထဲကို ပြေးဝင်လာခဲ့တယ်။

“အမေ၊ အမေ” လို့ ကျွန်တော်က အမောတကောနဲ့ ခေါ်တော့ အမေက အာလူးခွံ သင်နေရာက ကျွန်တော့်ကို လှမ်းကြည့်ပြီး …

“ဟဲ့ ကောင်လေး … ဘာဖြစ်လာတာလဲ”

“ဟို … ဟို … အဖေရယ်”

ကျွန်တော် စကားမဆက်နိုင်ဘူး၊ လန့်နေတယ်။

“လှိုင်ရေ … အေးခင်ကို လွှတ်လိုက်စမ်း” လို့ အိမ်ရှေ့က ပြောသံ ကြားတာနဲ့ အမေက အိမ်စေမလေး အေးခင်ကို လွှတ်လိုက်တယ်။ အဖေက အေးခင်ကို ဘာတွေ ပြောနေမှန်း မသိဘူး။ ခဏနေတော့ အေးခင် မျက်စိမျက်နှာ ပျက်ပျက်နဲ့ ပြန်လာတယ်။

“မမ … အစ်ကိုကြီးက သေတ္တာထဲက စောင်တစ်ထည်ရယ်၊ ခေါင်းအုံးရယ်၊ သင်ဖြူးတစ်ချပ်ရယ် မြင်းဇောင်းဘေးက အဖီထဲကို ချပေးလိုက်တဲ့။ ဟိုလူကြီး အိပ်ဖို့တဲ့ မမရယ်၊ လူကြီးက ကြောက်စရာကြီး၊ မျက်နှာမှာလည်း ဓားခုတ်ရာကြီးနဲ့၊ ကျွန်မတော့ တစ်ခါမှ မမြင်ဖူးဘူး”

အမေက ခေါင်းအုံး၊ စောင်နဲ့ သင်ဖြူးကို အထုတ်ခိုင်းလိုက်ပြီး အိမ်ရှေ့ ထွက်လာတယ်။ ကျွန်တော်လည်း အမေ့နောက် ကပ်လိုက်လာတယ်။ လူကြီးက အဖေ ထိုင်နေတဲ့ ပက်လက်ကုလားထိုင်နဲ့ မျက်နှာချင်းဆိုင် တန်းလျားပေါ်မှာ ထိုင်နေတယ်။ မျက်နှာကို ငုံ့ထားတယ်။ အမေထွက်လာတာ မြင်တော့ တစ်ချက် လှမ်းကြည့်လိုက်တယ်။ အမေလည်း သူ့ကို မြင်ပြီး လန့်သွားပုံ ရတယ်။ သူ့လက်ကို ဆွဲထားတဲ့ ကျွန်တော့်လက်ကို ဖျစ်ညှစ်ကိုင်လိုက်တာကို ကျွန်တော် သတိထားလိုက်မိတယ်။

အဖေကတော့ အဲဒီလူကြီးနဲ့ စကားပြောနေတယ်။

“မင်း ငါ့အိမ်နေရင် ကောင်းကောင်းမွန်မွန်တော့ နေရမယ်နော်၊ ရမ်းရမ်းကားကား နေလို့တော့ မဖြစ်ဘူး။ ငါ့စည်းကမ်းနဲ့ မနေနိုင်ရင် ခုထဲက ပြန်၊ ငါစရိတ် ပေးလိုက်မယ်။ ငါ့စည်းကမ်းနဲ့ နေမယ်ဆိုရင် မင်း ကြိုက်သလောက် နေ၊ အိမ်မှာလည်း နေသေးတယ်၊ မင်း ထင်တိုင်းလည်း နေတယ်ဆိုရင် ငါနဲ့ အတွေ့ပဲ။ မင်းလည်း ငါ့အကြောင်း သိသားပဲ။ ငါပြောတာ နားလည်တယ် မဟုတ်လား ဘတုတ်”

“နားလည်ပါတယ် ကိုကြီးတင့်”

“ဟောဟို မြင်းဇောင်းဘေးက အဖီကလေးထဲမှာ နေ၊ မင်းအလုပ်က မြင်းစာ ကျွေးရမယ်၊ မြင်း ရေချိုးပေးရမယ်၊ အမွေး တိုက်ပေးရမယ်၊ ပြီးတော့ ဟောဒီက မင်းအစ်မ ခိုင်းတာကို လုပ်ရမယ် ဟုတ်လား”

“ဟုတ်ကဲ့ ကိုကြီးတင့်”

“အေး … ဒါဖြင့် သွားတော့၊ ဖောင်းဝတ်ကြီးကို အရမ်းလည်း မကိုင်နဲ့၊ မြင်းက ဆတ်တယ်၊ ဗွေလည်း ဆိုးတယ်”

လူကြီးက ကျွန်တော်တို့ကို တစ်ချက်ကြည့်ပြီး ထသွားတယ်။ သူ့မှာ လွယ်အိတ်စုတ်ကလေး တစ်လုံးပဲ ပါတယ်။ တခြား ဘာမှ မပါဘူး။

ဒီလောက် ကြောက်စရာကောင်းတဲ့ လူကြီးဟာ အဖေ့ကို ဘာကြောင့်များ ဒီလောက် ကြောက်ရွံ့နေရတာလဲ။ ဘာဖြစ်လို့ ဒီလောက် တရိုတသေဖြစ်နေရတာလဲ။ ပြီးတော့ အဖေနဲ့ ဒီလူကြီးဟာ ဘယ်လို ပတ်သက်နေသလဲ။ အဖေဟာ ဒီလူကြီးကို ဘာဖြစ်လို့ အိမ်ကို ခေါ်လာတာလဲ။ ဒီမေးခွန်းတွေကို ကျွန်တော့်ဘာသာ မေးနေမိတယ်။

အမေ့ကို လှမ်းကြည့်လိုက်တော့ အမေ့မျက်နှာက သိပ်မကောင်းဘူး။

“ဘယ်ကလူကို ခေါ်လာပြန်တာလဲ၊ မျက်နှာမှာလည်း ဓားခုတ်ရာကြီးနဲ့”

“ငါ လူပျိုတုန်းက ငါ့တပည့် ဘတုတ်ပါကွာ”

အဖေက အရေးမကြီးတဲ့ပုံနဲ့ ပြုံးပြီး ပြောတယ်။ ဒါပေမယ့် အဖေ့ရဲ့မျက်နှာဟာ ချက်ချင်း ပြန်ပြီးတည်သွားတယ်။

“ရှင့်တပည့်ပေမယ့် ခေါ်လာလို့ ဖြစ်မလားရှင့်၊ ရှင် ရုံးသွားရင် အိမ်မှာ ကျွန်မရယ်၊ ကောင်မလေးရယ်၊ သားနဲ့ သမီးရယ် လေးယောက်ပဲ ရှိတာ၊ ကျွန်မတို့ မနေရဲဘူး၊ ဘာဖြစ်လို့ ခေါ်လာတာပဲ”

“မြင်းထိန်းခိုင်းဖို့ ခေါ်လာတာ၊ ဒီဖောင်းဝတ်ကြီးက တော်တော်ဆိုးတယ်။ ငါတောင် ကောင်းကောင်း မစီးရဲသေးဘူး။ ပြန်ရောင်းမလို့ လုပ်တော့လည်း ဘယ်သူမှ မဝယ်ဘူး။ အမိန့်တော်ရမင်းရဲ့ မြင်းက နာမည်ကြီးမြင်းတဲ့၊ လူနှစ်ယောက်တောင် သတ်ပစ်ခဲ့ပြီတဲ့၊ ဘတုတ်က မြင်းစီးကျွမ်းတယ်၊ ဒါကြောင့် သူ့ကို မြင်းအကျင့်ခိုင်းမလို့”

“မြင်းအကျင့် ခိုင်းချင်ရင်လည်း တခြားလူ ရှာပါလားရှင်၊ သူ့ကိုမှ ရှာလာရသလား”

“ဒီပြင်လူ ရှာလို့ မရလို့ပေါ့ကွ”

အဖေ့အသံက နည်းနည်း ပြတ်လာတယ်။

“ဒါဖြင့်ရင်လည်း မြင်းကို ရတဲ့ဈေးနဲ့ ရောင်းလိုက်ပေါ့”

“ဒီမြင်းကို အလကားပေးတောင် ယူမယ့်သူ ရှိမှာ မဟုတ်ဘူး”

အဖေ့မျက်နှာဟာ တည်နေတယ်၊ တစ်ခုခုကို စဉ်းစားရင် အဖေ့မျက်နှာဟာ ဒီလိုပဲ တည်သွားပြီး မျက်မှောင်နှစ်ခု တွန့်သွားတတ်တယ်။ ခဏနေတော့ အဖေ့မျက်နှာဟာ ကြည်လင်သွားပြီး ပြုံးလာတယ်။ ပြီးတော့မှ ကျွန်တော့်ဘက် လှည့်ပြီး “လူလေး ညီမလေးနဲ့ သွားကစားချည်။ အဖေတို့ စကားပြောစရာရှိလို့” ဆိုပြီး ကျွန်တော့်ကို တခြားလွှတ်တယ်။ ဘယ်ရမလဲ။ ကျွန်တော်ကလည်း ချောင်းနားထောင်တာပေါ့။

“ကလေးရှေ့မို့လို့ ငါ မပြောသေးတာ၊ ခု မင်းက အကြောက်အကန် ဖြစ်နေတော့ မင်း နားလည်အောင် ငါ ဖွင့်ပြောမယ်။ သူက ဘတုတ်တဲ့။ တို့ ရွာက၊ ငါငယ်ငယ်တုန်းက ငါ့တပည့်။ ငါ့အပေါ်မှာ အလွန်သစ္စာရှိတဲ့ ကောင်။ ဒါပေမယ့် ဒီကောင်က နည်းနည်း ပေချင် တေချင်တယ်။ ရွာမှာ ရန်ဖြစ်ရင် သူက ဦးအောင် ရိုက်ရင်ရိုက်၊ မရိုက်ရင်လည်း ဓားနဲ့ ခုတ်ပစ်ခဲ့တာပဲ။ ဓားနဲ့ ခုတ်တာက များပါတယ်။ အလွန် လက်ယဉ်တဲ့ကောင်၊ ဒီကောင် ကြောက်တာဆိုလို့ ရွာမှာ ငါ့တစ်ယောက်ပဲ ရှိတယ်။ ငါ့ကိုတော့ ကြောက်လည်း ကြောက်တယ်၊ လေးလည်း လေးစားတယ်။ ဒီကောင် မူးပြီး ရမ်းနေရင် ဘယ်သူသွားဆွဲလို့မှ မရဘူး။ ဟေ့ ဘတုတ်လို့ ငါ တစ်ချက် ငေါက်လိုက်တာနဲ့ ဒီကောင် တစ်ခါတည်း လစ်တော့တာပဲ”

“နို့ … နေစမ်းပါဦး၊ သူက ရှင့်ကို ဘာဖြစ်လို့ ဒီလောက်ကြောက်ရတာလဲ၊ ရှင်က ပိန်ပိန်သေးသေးကလေးရယ်၊ ဟိုက နည်းတဲ့ဗလကြီး မဟုတ်ဘူး။ ပြီးတော့ ဟိုက လူမိုက်ကြီး”

အဖေက ပြုံးရင်း …

“သိပါဘူးကွာ၊ ငါ့အမေက ပြောတော့ ငါက သူ့အဘိုး ဝင်စားတာတဲ့။ ဒါကြောင့် ငါ့ကို ကြောက်တာတဲ့”

အမေကတော့ အဖေ ပြောတာကို ဇဝေဇဝါ ဖြစ်နေပုံရတယ်။

“ဒါဖြင့် သူ့မျက်နှာက ဓားခုတ်ရာကြီးကကော ရန်ဖြစ်တုန်း ဓားနဲ့ ခုတ်လိုက်လို့ပေါ့”

အဖေက ရယ်နေတယ်။ ပြီးတော့မှ မျက်နှာထား ပြန်တည်သွားတယ်။

“ဓားခုတ်ခံရတာက ငါ့ကြောင့် အခုတ်ခံရတာ”

“ရှင့်ကြောင့် ဟုတ်လား”

“ဟုတ်တယ်”

“ဘာဖြစ်လို့ ရှင့်ကြောင့် ဓားခုတ်ခံရတာလဲ၊ ရှင်က ရန်ဖြစ်လို့လား”

“မဟုတ်ပါဘူးကွာ၊ မင်းကလည်း သိပ် အမေးအမြန်းထူတာပဲ”

“သိချင်တာကိုး”

“ငါ ငယ်ငယ်တုန်းက တို့ရွာနားက ကောင်မလေးတစ်ယောက်ဆီကို ငါ သွားလည်နေတယ်၊ တစ်ညကျတော့ ကောင်မလေးနဲ့ ငါနဲ့ အိမ်ပေါ်မှာ ချိန်းတွေ့နေတုန်းမှာ သူက စောင့်နေတယ်။ သူ့မောင်တွေ၊ ဆွေမျိုးတွေနဲ့ သူတို့ရွာက ကာလသားတွေကလည်း အိမ်ကို ဝိုင်းထားပြီး တက်ဖမ်းကြတယ်။ သူတို့ ဝိုင်းလည်း ဝိုင်းရော ‘ကိုကြီးတင့်ရေ၊ လွတ်အောင်ပြေး’ ဆိုပြီး အပြေးခိုင်းတယ်။ ငါလည်း ပြတင်းပေါက်က ခုန်ချပြီး ပြေးခဲ့ရတာပေါ့။ သူကတော့ အိမ်အောက်မှာ ကျန်ရစ်ခဲ့တယ် ထင်တယ်၊ သူ့ကို ဝိုင်းဝိုင်းပြီး တုတ်တွေ၊ ဓားတွေနဲ့ ခုတ်ကြတယ်၊ အဲဒီကြားထဲက သူ့ဓားရှည်နဲ့ ခုတ်ပြီး ဖောက်ထွက်လာခဲ့ရတယ်၊ ဘယ်သူက ခုတ်ခိုင်းမှန်းတော့ မသိဘူး၊ မျက်နှာတစ်ခြမ်းမှာ ကန့်လန့်ကြီး ဓားခုတ်ခံလိုက်ရတယ်”

“ဆရာတပည့် လိုက်လည်း လိုက်ပါပေတယ်နော်”

အမေဟာ မျက်နှာနှစ်ခြမ်းဖြစ်နေတဲ့ လူကြီးကို နည်းနည်း အကြောက်ပြေသွားပုံ ရတယ်။ ခုမှ ပြုံးနိုင်ရယ်နိုင် ဖြစ်လာတယ်။

“ခု သူက ဘယ်က ပေါ်လာတာလဲ”

“ဒီကောင် လူသတ်မှုနဲ့ ထောင် တစ်သက်တစ်ကျွန်း ကျသွားတယ်။ တခြားနယ်မှာ ဖြစ်တာ၊ ခု ထောင်က ရက်စေ့လို့ လွတ်ပြီး ပြန်လာတာ”

“ဘုရားရေ၊ လူသတ်မှုနဲ့ ဟုတ်လား”

စောစောက အကြောက်ပြေသွားတဲ့ အမေဟာ လူသတ်မှုနဲ့ ထောင်က လွတ်လာတယ်ဆိုတဲ့ စကားကို ကြားလိုက်တော့ ပြန်ပြီး လန့်သွားတယ် ထင်တယ်။

“အင်း၊ လူသတ်မှုနဲ့ ကျတာ၊ ထောင်တစ်သက် ကျပြီး ပြန်လွတ်လာတာ”

“ဘယ်သူ့ကို သတ်လို့ လဲ”

“မင်းကလည်းကွာ … သိပ်အပေါက်အစ များတာပဲ၊ သူ့မိန်းမကို သတ်လို့ တဲ့၊ သူ့မိန်းမကို သတ်လို့၊ သိပြီလား”

အဖေက စိတ်မရှည်နိုင်တဲ့ပုံနဲ့ ပြောလိုက်တယ်။

“ဘာ သူ့မိန်းမကို သတ်လို့ ဟုတ်လား၊ အမယ်လေး မဖြစ်ဘူး မဖြစ်ဘူး။ ရှင့်နှယ်ရှင်၊ ရှင်မို့ ဒီလူဆိုးကြီးကို အိမ်ကို ခေါ်လာတယ်။ အိမ်မှာ မိန်းမတွေနဲ့ ကလေးတွေပဲ ရှိတာ၊ ဒီလိုအိမ်ကို ထောင်ထွက်၊ ကိုယ့်မိန်းမကို ပြန်သတ်တဲ့ လူသတ်သမားကြီးကို ခေါ်လာတယ် ဆိုတော့ ရှင်ပဲ စဉ်းစားကြည့်ပါဦး၊ ပြီးတော့ လူပုံကလည်း ကြည့်ရုံနဲ့ ကြောက်စရာကြီး”

“ဒီကောင် ပေချင် တေချင်တာတော့ မှန်ပါတယ်ကွာ၊ လူသတ်တာလည်း မကောင်းဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူ့မိန်းမက မျောက်မ ထားတာကိုးကွ၊ သူ့မိန်းမက တခြားယောက်ျားတစ်ယောက်နဲ့ အိပ်နေတာကို ပက်ပင်းမိတော့ မူးလည်းမူး ဒေါသလည်း ဖြစ်တော့ စိတ်ကို မထိန်းနိုင်ဘဲ သတ်လိုက်မိတာ ဖြစ်မှာပေါ့။ ဒီလောက်လည်း မစိုးရိမ်ပါနဲ့၊ ဒီကောင် ငါ့ဆိုရင် ကြောက်ပါတယ်။ ကောင်းကောင်းမွန်မွန်နေမှာပါ”

“ငါ့မှာ သူ့ကို စောင့်ရှောက်ရမယ့်ဝတ္တရား ရှိတယ်၊ ငါ့အပေါ်မှာ သစ္စာရှိတဲ့တပည့်ရင်း။ သူ ဒီလို ဒုက္ခရောက်နေတုန်းမှာ ငါ မစောင့်ရှောက်ရင် ငါ တာဝန်မကျေရာ ရောက်မှာပေါ့။ ကောင်းကောင်းမွန်မွန် နေတယ်ဆိုရင် နေပါစေ။ စောင့်ကြည့်သေးတာပေါ့၊ ကောင်းကောင်းမွန်မွန် မနေဘူးဆိုရင် မထားပါဘူး။ ငါ ကတိပေးပါတယ်”

အမေဟာ နောက်ထပ် ဘာမှ မပြောတော့ဘူး။ ဒါပေမယ့် ဒီ ကိုဘတုတ်ဆိုတဲ့ လူကြီးကို အိမ်မှာ ထားရတာ တော်တော်တော့ စိတ်မသက်မသာ ဖြစ်နေပုံရတယ်။

ကိုဘတုတ်က စကားနည်းတယ်၊ အဖေနဲ့တောင် အဖေက မေးမှပဲ စကားပြောတယ်။ အများအားဖြင့် သူတစ်ယောက်တည်း မြင်းဇောင်းဘေးက အဖီကလေးမှာ နေပြီး ဆေးပြင်းလိပ် သောက်လိုက်၊ လုပ်စရာရှိတဲ့ အလုပ်ကလေးကို လုပ်လိုက်နဲ့ အချိန်ကုန်တာပဲ။

လုပ်စရာရှိတဲ့ အလုပ်ဆိုတာက ဒီလိုလေ၊ ကျွန်တော်တို့ အိမ်မှာ မြင်းနှစ်ကောင် ရှိတယ်။ ကျွန်တော်တို့ နယ်ထဲက ဘုန်းကြီးကန်တို့၊ ကျောင်းရပ်တို့၊ ကျောက်တိုင်တို့ ဆိုတဲ့ ရွာတွေဟာ မြင်းကောင်းမြင်းချောထွက်တဲ့ အရပ်တွေ။ ဘုန်းကြီးကန်မြင်း ဆိုရင် နာမည်ကြီးတယ်၊ နည်းနည်းပါးပါး တတ်နိုင်ရင် အိမ်မှာ မြင်းမွေးလေ့ရှိကြတယ်။ ထသွားထလာ သုံးနိုင်အောင် ယာဉ်တစ်ခုအနေနဲ့ မွေးကြတာ။

ကျွန်တော့်အဖေက တောတက်ရတယ်။ တောတက်ရတယ် ဆိုတာ တောမှာ အမှုတို့ ဘာတို့ သွားပြီးစစ်ဆေးရတဲ့ အခါတွေ ရှိတယ်။ အဲဒီလိုအခါမျိုးကျရင် မြင်းနဲ့ သွားလေ့ရှိတယ်။ ဒါကြောင့် အိမ်မှာ မြင်းဝယ်ထားတယ်။

ကျွန်တော်တို့အိမ်မှာ မန်ကျည်းစေ့ရောင် မြင်းမကြီးတစ်ကောင် ရှိပြီးသား။ ဒါပေမယ့် တလောကတော့ အဖေက ရွာတစ်ရွာမှာ ဖောင်းဝတ်ရောင်မြင်းကြီးတစ်ကောင် တွေ့တာနဲ့ သဘောကျပြီး ဝယ်လာခဲ့တယ်။

ဒါပေမယ့် မြင်းကြီးက တော်တော်ဆတ်တယ်။ ဗွေကလည်း ဆိုးတယ်။ တော်တော့်လူ မစီးရဲဘူး။ အဖေစီးတာ တစ်ခါ မြင်းပေါ်က လိမ့်ကျပြီးပြီ။ ချောင်းထဲက သဲပြင်ပေါ်မှာ ကျပေလို့ ဘာမှ မဖြစ်တာပေါ့။

မြင်းက လူတက်စီးရင် ပတတ်ရပ်ပြီး ခါချနေတာပဲ။ တစ်ခါတလေ လူကို သစ်ပင်နဲ့ ညှပ်လား ညှပ်ရဲ့။ တော်တော်ကပ်တဲ့ မြင်း။

တစ်ခါလည်း အဖေ့စာရေး ကိုလှမြိုင် ထန်းလျက်သွားကျွေးတာ လက်ကို ကိုက်လိုက်တာ မြန်မြန်ရုပ်လိုက်လို့ပေါ့။ နောက် စုံစမ်းကြည့်တော့ ဒီမြင်းဟာ လူနှစ်ယောက်ကို သတ်ခဲ့ပြီဆိုတာ သိရတယ်။

ဒီမြင်းကို ရောင်းလို့လည်း မထွက်၊ သုံးလို့လည်း မရလို့ အဖေလည်း ဘာလုပ်ရမှန်း မသိဘူး။ စိတ်ညစ်နေတာ၊ အသင်းမြို့အုပ် ဦးကြင်ဆွေကတော့ “အိုင်ဆေး … ခင်ဗျားမြင်းကြီးက အန္တရာယ်များတယ်ဗျာ၊ ဘာမှလည်း သုံးလို့မရဘူး။ ပစ်သတ်လိုက်” တဲ့။ “ခင်ဗျား မသတ်ရင် ကျွန်တော် ပစ်သတ်မယ်” လို့ တစ်ခါမှာ မူးမူးနဲ့ ပြောဖူးတယ်။

ဒီလိုကျတော့လည်း အဖေ မလုပ်ရက်ပြန်ဘူး၊ ကျန်းမာနေတဲ့ မြင်းချော မြင်းလှကြီးတစ်ကောင်ကို သွေးအေးအေးနဲ့ ပစ်သတ်ရမယ် ဆိုတော့ ဘယ်လိုလုပ်ရက်ပါ့မလဲ။ ပြီးတော့ နှမြောလည်း နှမြောစရာကြီး။

ကိုဘတုတ်က မြင်းစီးလည်း ကျွမ်းတယ်။ ကျွမ်းဆို ငယ်ငယ်ကလေးတည်းက မြင်းစီးလာတဲ့လူပဲ။ ကိုဘတုတ်ကို ကူညီစောင့်ရှောက်ရမယ့် ဝတ္တရားလည်း ရှိ၊ မြင်းထိန်းတဲ့လူ လိုနေတာနဲ့ ကိုဘတုတ်ကို ခေါ်လာတာတဲ့။

ကိုဘတုတ်ဟာ မနက်လင်းတာနဲ့ တစ်ပြိုင်နက် မြင်းတွေကို အစာကျွေးတယ်။ ကုလားပဲတို့၊ ပြောင်းရိုးတို့ကို မြင်းစာခွက်ထဲမှာ ဖျော်ကျွေးတယ်။ မြင်းချေးကျုံးတယ်။ ပြီးရင် မြင်းတွေကို ရေချိုး၊ ဝက်မှင်ဘီးနဲ့ တိုက်ပေးတယ်။ မြင်းတွေပေါ်မှာ စီးတဲ့ အင်္ဂလိပ်ကုန်းနှီးနဲ့ မြန်မာကုန်းနှီးတွေ နေလှန်း၊ ဖုန်ခါပွတ်တိုက် စတဲ့ အလုပ်တွေကို လုပ်တယ်။ မနက် ထမင်းစားပြီးတာနဲ့တစ်ပြိုင်နက် ဆေးပြင်းလိပ် တစ်လိပ်နဲ့ မှိန်းပြီး အိပ်တော့တာပဲ။ ညနေခင်းရောက်တော့ မြင်းတွေကို အညောင်းပြေ သဲချောင်းထဲမှာ အစီးကျင့်တယ်။ ညပိုင်းကျတော့ မြင်းတွေစားဖို့ ပြောင်းရိုးစင်းတယ်၊ မြက်ချဉ်ဖတ် စိမ်တယ်။ မြက်ပေါ်တဲ့အခါ မြက်ရိတ်တယ်။ ဒါတွေကတော့ ကိုဘတုတ်ရဲ့ နေ့စဉ် အဓိကအလုပ်တွေပဲ။

ကျွန်တော်တို့အိမ်ကို ရောက်ပြီး နှစ်ရက် သုံးရက်အကြာမှာ ကိုဘတုတ်နဲ့ ပြေကျော်ကြီး ပြဿနာစဖြစ်တာပဲ။ ပြေကျော်ကြီး ဆိုတာ ကျွန်တော် စောစောကပြောတဲ့ ဖောင်းဝတ်ရောင်မြင်းကြီးကို ပြောတာ။

ရောက်စမှာ ကိုဘတုတ် ပြေကျော်ကြီးကို မကိုင်သေးဘူး။ အဖေက ဒီကောင်ကြီးကို ရုတ်တရက် သွားမကိုင်နဲ့လို့ သတိပေးထားလို့ မကိုင်တာ။ မန်ကျည်းစေ့ရောင် မြင်းမကြီးကိုပဲ သူ ကိုင်တယ်။ မန်ကျည်းစေ့ရောင် မြင်းမကြီးကတော့ သဘောလည်း ကောင်းတယ်။ ယဉ်လည်း ယဉ်တယ်။ ဒါကြောင့် သူ့ကိုတော့ ဘယ်သူကိုင်ကိုင် အကြောင်းမဟုတ်ဘူး။

ကျွန်တော်တောင် ညနေကျရင် မန်ကျည်းစေ့ရောင် မြင်းမကြီး ထုတ်ပြီး သဲချောင်းထဲမှာ စီးတတ်သေးတယ်။ အဲ … ပြေကျော်ကြီးကိုတော့ ကျွန်တော် အနားမကပ်ရဲဘူး။ အဖေ တစ်ခါ တက်စီးတာလည်း ပတတ်ရပ်ပြီး ခါချလို့ လိမ့်ကျပြီးပြီ။

သုံးလေးရက်လောက် ရှိတော့ ကိုဘတုတ် အဲဒီမြင်းကြီးကို ထန်းလျက် စကျွေးတယ်။ မြင်းက ကိုဘတုတ် ကျွေးတာကို မစားဘူး။ ဒီလူဟာ သူ့အဖို့ အန္တရာယ်ရှိတယ်ဆိုတာကို ပကတိစိတ်နဲ့ အလိုလို သိပုံရတယ်။ အနားကို အကပ်မခံဘူး။ ကပ်လိုက်တာနဲ့ ခေါင်းကြီး တယမ်းယမ်းလုပ်ပြီး လှမ်းကန်လိုက်တာပဲ။

ကိုဘတုတ်ကလည်း လက်ထဲက ထန်းလျက်ခဲ တစ်ဆုပ်ကို ကိုင်ပြီး “ရို့ ရို့” ဆိုပြီး အနားကပ် ကြည့်တယ်။ မရဘူး။ တစ်ချီမှာ လှမ်းကန်လိုက်တာ ကိုဘတုတ် ဘိုင်းခနဲ လဲသွားတယ်။ တော်တော်နဲ့ မထနိုင်ဘူး။ ပေါင်လယ်လောက်မှာ ညိုမည်းနေတယ်။

ကိုဘတုတ် ဘာမှ မပြောဘူး။ အသာထ လာပြီး မြင်းရိုက်တဲ့ ကျာပွတ်အရှည်ကြီး ယူ၊ ဇောင်းထဲကိုဝင်ပြီး မြင်းကြီးကို လှည့်ရိုက်နေတယ်။ ကြောက်စရာအသံကြီးဗျာ။ တရွှမ်းရွှမ်းနဲ့ ။ မြင်းကြီးကလည်း လှည့်ပတ်ပြီး ကန်နေတယ်။ ကိုဘတုတ်ကလည်း တရွှမ်းရွှမ်း ရိုက်တယ်။ ကျွန်တော့်အထင်တော့ အချက်ပေါင်း ရာချီရှိလိမ့်မယ် ထင်တယ်။

နောက်ဆုံးတော့ ကိုဘတုတ်လည်း လက်ပန်းကျ၊ မောလည်း မော၊ အားလည်း ကုန်တော့မှ ရပ်လိုက်တယ်။ အဲဒီတော့ မြင်းလည်း တော်တော်လေး နာနေပြီ။ ဒါပေမယ့် ကန်နေတုန်းပဲ။

မြင်းကြီးကို အဲဒီလို ရိုက်နေတုန်းက အဖေက မြို့ကြီးတစ်မြို့က စက်ရှင်ရုံးမှာ လူသတ်မှု ရှိနေလို့ အမှုသွားလိုက်နေတယ်။ ကိုဘတုတ်က မြင်းကို သဲကြီးမဲကြီး ဖိရိုက်နေတော့ အမေ မကြည့်ရက်ဘူး။

မြင်းဇောင်းထဲမှာ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ဆူညံနေတာပဲ။ ဒါနဲ့ အမေက မြင်းကို သိပ်မရိုက်ဖို့ ကိုဘတုတ်ကို ပြောတယ်။ ကိုဘတုတ်က အမေ့ကို လှည့်တောင် မကြည့်ဘူး။

“အစ်မနဲ့ မဆိုင်ပါဘူးဗျာ၊ ကျွန်တော့်အလုပ်ကို ကျွန်တော် နားလည်ပါတယ်” လို့ တစ်ခွန်းပဲ ပြောတယ်။

ကိုဘတုတ်ဟာ ကျွန်တော်တို့အိမ်မှာ အဖေတစ်ယောက်က လွဲလို့ ဘယ်သူပြောတာကိုမှ သိပ်အလေးထားတာ မဟုတ်ဘူး။ အထူးသဖြင့် ကိုဘတုတ်ဟာ မိန်းမတွေကို အထင်သေးနေပုံ ရတယ်။ စကားပြောရင်လည်း ခပ်ပြတ်ပြတ်ပဲ။

မြင်းဇောင်းထဲမှာ မြင်းကြီးကို တရွှမ်းရွှမ်း ရိုက်နေတာကို မကြည့်ရက်လို့ အမေက တခြားအိမ်ကို သွားနေတယ်။

အဖေ ပြန်လာတော့ အဖေက …

“ဘတုတ်၊ မင်း ငါ့မြင်းကို သတ်နေတာလား” လို့ မေးတယ်။

ဒီတော့ ကိုဘတုတ်က …

“ကိုကြီးတင့်မြင်းကို ကျွန်တော် ယဉ်ပါးအောင် ဆုံးမနေတာ၊ မြင်းဟာ သုံးလို့ မရရင် ဘာလုပ်တော့မှာလဲ ကိုကြီးတင့်၊ သူ ပေကတ်ကတ် လုပ်လို့ ရိုက်ရင်း သေသွားရင်လည်း ပြီးတာပဲ၊ မသေရင် ဒီမြင်းဟာ လူသတ်မယ့်မြင်း”

အဖေဟာ ဘာမှ မပြောတော့ဘူး။ မြင်းဆိုးနဲ့ လူဆိုး၊ မြင်းရိုင်းနဲ့ လူရိုင်းကို အသာပဲ ကြည့်နေလိုက်တယ်။

ကိုဘတုတ်ဟာ ပြေကျော်ကြီးကို ရိုက်ပြီး တစ်ပတ်လောက် အစာမကျွေးဘဲ ထားလိုက်တယ်။ ရေလည်း မတိုက်ဘူး။ သုံးရက်လောက်အထိတော့ ပြေကျော်ကြီး သောင်းကျန်းတုန်းပဲ။ ကိုဘတုတ်က ဘာမှ မလုပ်ဘူး။ အသာပဲ ကြည့်နေတယ်။ သုံးရက်က ကျော်လာတော့ ပြေကျော်ကြီး နည်းနည်း ငြိမ်သွားတယ်။ တစ်ခါတလေမှာ လှဲပြီး အိပ်နေတယ်။ တစ်ခါတလေမှာ လမ်းထလျှောက်တယ်။

တစ်ပတ်လောက် ရောက်တော့ ကိုဘတုတ် ပြေကျော်ကြီးအနားကို ကပ်သွားတယ်။ ပြေကျော်ကြီး ဘာမှ မလုပ်ဘူး။ လှဲအိပ်နေရာက နေပြီး ကိုဘတုတ်ကို ကြည့်နေတယ်။ ကိုဘတုတ်က ထန်းလျက်တစ်ဆုပ်ကို ကျွေးကြည့်တယ်။

အသာပဲ စားတယ်။ နောက်တော့ ကိုဘတုတ်က ကုလားပဲနဲ့ ပြောင်းကို စိမ်ထားတဲ့ မြင်းစာခွက်ထဲကို လက်နှိုက်မွှေပြီး သူ့လက်မောင်းကို မြင်းနှာခေါင်းနားကို ထိုးပေးတယ်။ ပြေကျော်ကြီး နှာခေါင်းဟာ ပွစိပွစိ ဖြစ်လာတယ်။ ဒီတုန်းမှာ ခါးကြားမှာ သံတုတ်တို တစ်ချောင်းကို အဆင်သင့် ထိုးထားတယ်။ တဖြည်းဖြည်း ငြိမ်ပြီး အနံ့ကို ခံနေတယ် ဆိုတော့မှ သူ့လက်မောင်းကို ပါးစပ်နားကို ထိုးပေးတယ်။

ပြေကျော်ကြီးက သူ့ကို မျက်လုံး လှန်ကြည့်ပြီး လျှာလေးထုတ် လျက်တယ်။ နောက်တစ်ခါမှာလည်း ဒီလိုပဲ။ ချဉ်ဖတ်စိမ်ထားတဲ့ ပြောင်းရိုး၊ မြက်နဲ့ ကုလားပဲရည်ကို လက်နှိုက်မွှေပြီး လက်ကို ပါးစပ်နား ထိုးပေးတယ်။ ဒီတစ်ခါမှာလည်း ပြေကျော်ကြီးက အသာကလေး လျက်တယ်။

တတိယအကြိမ်ကျတော့ မြင်းစာခွက်ကို သူ့အနား ယူလာပြီး ချကျွေးတယ်။ ပြေကျော်ကြီးဟာ အသာထလာပြီး မြင်းစာခွက်ထဲက ကုလားပဲတွေ စားနေတယ်။

ဒီတုန်းမှာ ကိုဘတုတ်က ပြေကျော်ကြီးရဲ့ နှာယောင်ကို အသာလေး လက်ကလေးနဲ့ ပွတ်ပြီး တတွတ်တွတ်နဲ့ စကားတွေ ပြောနေတယ်။ ဘာတွေပြောနေမှန်းတော့ မသိဘူး။ ချော့မော့တဲ့စကားတွေပဲ ဖြစ်မှာပေါ့။

အဲဒီနေ့ တစ်နေ့လုံး ကိုဘတုတ်ဟာ ပြေကျော်ကြီးအနားမှာပဲ နေတယ်။ မပျောက်သေးတဲ့ ဒဏ်ရာတွေကို ဆေးလိမ်းပေးတယ်။ မြင်းအနာကို ဘာလိမ်းရမယ် ဆိုတာလဲ သူပဲ ကောင်းကောင်းသိတယ်။ အနာကို ဆေးလိမ်းပေးရင်လည်း ပါးစပ်က စကားတွေပြော၊ စုတ်တသပ်သပ်နဲ့ လုပ်နေတယ်။ ပြေကျော်ကြီးနဲ့ သူ တည့်သွားပြီလေ။

နောက်တစ်နေ့မှာ ကိုဘတုတ်ဟာ ပြေကျော်ကြီးကို အပြင်ထုတ်ပြီး ကုန်းမပါဘဲ စီးတယ်။ တစ်နာရီလောက် စီးပြီး ပြန်လာတော့ အားလုံး ချောမောလို့။

“ဘတုတ်၊ မင်း ဒီကောင့်ကို သိပ်အတင့်မရဲနဲ့ဦးနော်၊ သတိထားစီး” လို့ အဖေက သတိပေးတယ်။

“ဒီကောင် ယဉ်ပါးသွားပါပြီ ကိုကြီးတင့်၊ ဒါပေမယ့် ကိုကြီးတင့်တော့ မစီးနဲ့၊ ကျွန်တော် စီးမှ ဖြစ်မှာ”

သူပြောတာလည်း ဟုတ်တယ်။ အဖေက ဒီမြင်းနားကို ကပ်တော့ မြင်းက ခါတိုင်းလို ဟိုကန် သည်ကန် ပေကတ်ကတ် လုပ်နေတယ်။ ကိုဘတုတ်က စုတ်သပ်ပြီး အနားကပ်သွားတော့လည်း ငြိမ်လို့။

“အေးကွာ … လူကြမ်းတော့ မြင်းကြမ်း မခံနိုင်ဘူးပေါ့။ သူ နာမယ်ဆိုတာ အလိုလို သိဟန်တူတယ်” လို့ အဖေက ပြောတယ်။

ကိုဘတုတ်ဟာ မြင်းဇောင်းမှာပဲ အချိန်ကုန်တယ်။ တခြား အိမ်ကအလုပ် ဆိုလို့ ဘာမှ မလုပ်ဘူး။ သူ့တာဝန်က မြင်းထိန်းဖို့လောက်ပဲ ဖြစ်တယ်လို့ ထင်ပုံရတယ်။

အမေက တစ်ခုခု ခိုင်းရင်လည်း မလုပ်ဘူး။ မကြားချင်ယောင် ဆောင်နေတယ်။ ဒါမှ မဟုတ်ရင်လည်း မသိသလိုလို ဘာလိုလို လုပ်ပြီး တခြားကို ရှောင်ထွက်သွားတတ်တယ်။ အင်မတန်ကို မလွဲမရှောင်သာတော့မှ ဝင်လုပ်ပေးတယ်။ အဖေ ခိုင်းရင်တော့ ချက်ချင်း ထလုပ်ပေးတယ်။ တစ်ခါမှ မငြင်းဘူး။ ကောက်ကာငင်ကာ လုပ်ပေးသွားတယ်။ “ရှင့်လူက တစ်လက်ကိုင်ပဲ” လို့ အမေက အဖေ့ကို မကြာခဏ ပြောတတ်တယ်။

ကိုဘတုတ်နဲ့ မြင်းအကြောင်း ပြောတော့ ကျွန်တော်တို့ အိမ်မှာရှိတဲ့ ခွေးကြီးနဲ့ ကိုဘတုတ်အကြောင်းကို ပြောရဦးမယ်။

ကျွန်တော်တို့ အိမ်မှာ လေးလုံးဆိုတဲ့ ခွေးကြီးတစ်ကောင် ရှိတယ်။ ခွေးက တဲကြီးခွေး၊ တဲကြီးခွေး ဆိုတာကလည်း ဘုန်းကြီးကန်မြင်းလိုပဲ နာမည်ကြီးတယ်။ ကျွန်တော်တို့ နယ်က တဲကြီးဆိုတဲ့ ရွာက ထွက်တဲ့ ခွေး။ ဒါကြောင့် သူ့ကို တဲကြီးခွေးလို့ ခေါ်တာ။

အလုံးအဖန်လည်း ထွားတယ်။ အမွေးလည် လှတယ်။ နှုတ်မြဲတယ်။ ခဲမိပြီ ဆိုရင်တော့ မလွှတ်တော့ဘူး။ အနံ့ခံလည်း ကောင်းတယ်။ မိုင်လေးငါးဆယ် ခရီးမှာ ထားပစ်ခဲ့၊ အိမ်ရောက်အောင်တော့ ပြန်လာတာပဲ။

ဒီခွေးကို အဖေ တောထွက်သွားရင်း ငယ်ငယ်ကလေး ကတည်းက ဝယ်လာတာ။ မျက်ခွံပေါ်မှာ အပြောက်ကလေးတွေ ပါလို့ သူ့ကို လေးလုံးလို့ နာမည်ပေးထားတယ်။

ခွေးက ကိုက်သလား မမေးနဲ့၊ သူ့ကို အမြဲ သံကြိုးနဲ့ ချည်ထားရတယ်။ ကိုက်ရင်လည်း ဒီပြင်နေရာကို မကိုက်ဘူး၊ ခုန်ပြီး မျက်နှာကို တန်းဟပ်တာပဲ။ အိမ်သူ အိမ်သားနဲ့ အိမ်ကို အမြဲတမ်း ဝင်ထွက်နေသူက လွဲလို့ ကျန်တဲ့လူဆိုရင် ချမ်းသာမပေးဘူး။

တစ်ခါ အဖေ့ရှေ့နေစာရေး ကိုလှမြိုင် အလုပ်ဝင်ခါစက မျက်နှာကို တက်အဟပ်မှာ အဖေ လှမ်းအော် လိုက်လို့ပေါ့။ နို့မို့ရင် ကိုလှမြိုင်မျက်နှာ အစုတ်ပဲ။ နောက်တော့ ကိုလှမြိုင်လည်း အိမ်သူ အိမ်သားလို ဖြစ်သွားတော့ လေးလုံးကလည်း အလိုလို သိသွားပြီး ဘာမှ မလုပ်တော့ပါဘူး။

ကိုဘတုတ် ရောက်ခါစက လေးလုံးကို လွှတ်မပေးရဲဘူး။ သံကြိုးနဲ့ ချည်ထားရတယ်။ တစ်နေ့တော့ ကျွန်တော် ကျောင်းက အပြန်၊ အဖေကလည်း ရုံးက အပြန်မှာ လေးလုံး သံကြိုးလွတ်ပြီး ကိုဘတုတ် အနားမှာ ထိုင်နေတာ တွေ့ရတယ်။ ကိုဘတုတ်က မြင်းဇောင်းထဲက သူအိပ်တဲ့ ခြောက်တိုင်ခုတင်ကြီးပေါ်မှာ ထိုင်လို့၊ ခွေးက သူအိပ်တဲ့ အိပ်ရာဘေးမှာ ဝပ်လို့။

“ဟေ့ ဘတုတ်၊ ဘာဖြစ်လို့ ခွေးကို လွှတ်နေတာလဲ။ အကုန်လျှောက် ကိုက်ကုန်လိမ့်မယ်”

“ကိစ္စမရှိပါဘူး ကိုကြီးတင့်”

“ဘယ့်နှယ် ကိစ္စမရှိရမှာလဲကွ၊ ကိုက်လွန်းလို့ ချည်ထားတဲ့ ခွေး။ မင်းက ဘာဖြစ်လို့ လွှတ်ထားတာလဲ၊ မင်းကိုကော မကိုက်ဘူးလား”

“မကိုက်ပါဘူး၊ ကျွန်တော် သူ့ကို ကျားရိုး သွေးတိုက်ထားလိုက် ကတည်းက ကျွန်တော့်ကို ယဉ်သွားတာ”

“သေပါတော့ကွာ၊ အင်မတန် ဆိုးတဲ့ ခွေးကို ကျားရိုး သွေးတိုက်တယ် ဆိုတော့ ဒုက္ခတော့ ရောက်တော့မှာပဲ။ မင်းကိုကော မကိုက်ဘူးလား”

“အစတုန်းကတော့ ကျွန်တော့်ကို မာန်ဖီနေတယ် ခင်ဗျ။ နောက်တော့ ကျွန်တော် နေ့တိုင်း သူ့အနားကို ကပ်ကပ်ပြီး စကားတွေပြော၊ ထန်းလျက်ကွေး၊ ဘာကျွေးနဲ့ လုပ်တော့ ကျွန်တော့်ကို ယဉ်သွားတယ်၊ ဒီနေ့တော့ ကျားရိုး ရလာတာနဲ့ သူ့ကို ကျားရိုး အကိုက်ခိုင်းလိုက်တယ်”

အမေကတော့ သူ လုပ်ပုံတွေ မြင်ပြီး အသည်းတုန် အူတုန် ဖြစ်နေပြီ။

“ဒုက္ခပါပဲ၊ အိမ်မှာ လူဆိုးရယ်၊ မြင်းဆိုးရယ်၊ ခွေးဆိုးရယ်တော့ မွေးမိလျက်သား ဖြစ်နေပြီ။ ကျွန်မတော့ သေသာ သေလိုက်ချင်တယ်” လို့ ညည်းတယ်။

လေးလုံးဟာ သူအိပ်တဲ့ ခြောက်တိုင်ခုတင်ကြီး ပေါ်မှာ ဝပ်နေတယ်။ ကိုဘတုတ်က လေးလုံးကိုလည်း တော်တော် သံယောဇဉ်ကြီးပုံ ရတယ်။ အိပ်တော့လည်း သူအိပ်တဲ့ ခြောက်တိုင်ခုတင်ကြီး ပေါ်မှာ လေးလုံးကို သိပ်တယ်။

သူက ခေါင်းရင်းက။ လေးလုံးက သူ့ခြေရင်းမှာ ဝပ်လို့။ ထမင်းစားတော့ သည့်ထက်တောင် ဆိုးသေးတယ်။ သူက ထမင်းစားရင်လည်း အိပ်တဲ့ ခြောက်တိုင်ခုတင်ကြီး ပေါ်မှာ စားတာကိုး။ လေးလုံးကလည်း သူ့ခုတင်ဘေးမှာ သူ့ခွက်နဲ့သူ စားနေတယ်။ အတူမစားရုံတစ်မည်ပဲ ကျန်တော့တယ်။

ကိုဘတုတ်ဟာ မိန်းမတွေကိုလည်း အထင်သေးပုံ ရတယ်။ ကျွန်တော့်အမေက အဲဒီတုန်းက အသက် သုံးဆယ်ကျော်လောက်ပဲ ရှိဦးမယ် ထင်တယ်။ မိန်းမရွယ် ဆိုပါတော့။ အဲဒီလို မိန်းမ ငယ်ငယ်ရွယ်ရွယ်တွေကို မြင်ရင် အထင်သေးတဲ့ အကြည့်နဲ့ ကြည့်တတ်တယ်။ သူတို့နဲ့ သိပ်လည်း စကားပြောလေ့ မရှိဘူး။ စိတ်လည်း မဝင်စားဘူး။

သူ့အတိတ်မှာ ရှိခဲ့ဖူးတဲ့ မိန်းမကို စိတ်နာရာကနေပြီး မိန်းမတွေကို စိတ်နာသွားလို့လား။ ဒါမှမဟုတ် မိန်းမဆိုတာ ယုတ်ညံ့တယ်ဆိုတဲ့ မဟာဖိုစိတ်ဓာတ် သူ့မှာ စွဲကပ်နေလို့လားတော့ ကျွန်တော် မပြောတတ်ဘူး။

အဲ ကျွန်တော့်ညီမလေး တင်တင်ကိုတော့ သူ ချစ်တယ်။ တင်တင်ကိုတင် မဟုတ်ဘူး ကျွန်တော့်ကိုလည်း သူ ချစ်တယ်။ ကလေးကို ချစ်တတ်ဟန် တူပါရဲ့။

တစ်ခါတလေမှာ ကျွန်တော်တို့မောင်နှမ ကစားနေတာ မြင်ရင် သူ ဝင်ကစားတတ်တယ်။ အဖေက ကိစ္စရှိလို့ တောတို့ ဘာတို့ကို မြင်းနဲ့ လွှတ်လိုက်လို့ ပြန်လာရင် ဆီးသီးတို့၊ ဆီးခလောက်သီးတို့၊ မာလကာသီးတို့၊ အင်ကြင်းပန်းတို့၊ ကံ့ကော်ပန်းတို့ကို ခူးလာတတ်တယ်။ ဒီလိုကျတော့လည်း သူ့အရိုင်းစိတ်ဟာ ပျောက်ပြီး အယဉ်စိတ်တွေ ဝင်လာတတ်တယ်။

ကိုဘတုတ်ဟာ ကျွန်တော်တို့ အိမ်ကို ရောက်ကတည်းက အရက် မသောက်တော့ဘူး။ သူ့ အလုပ်ကိုပဲ လုပ်နေတာပဲ။ အဖေခိုင်းတာ ရှိရင် သွားတယ်။ မြင်းစာကျွေးတယ်။ ပြောင်းရိုးစင်းတယ်။ မြင်းတွေကို ထိန်းတယ်။ မြင်းဇောင်းကို သန့်ရှင်းတယ်။ လေးလုံးကိုလည်း အစာကျွေးတယ်။ လေးလုံးကို အချိန်မှန် ကြိုးဖြေလွှတ်ပေးပြီး အချိန်မှန် သိမ်းတယ်။

တစ်နေ့တော့ ကိုဘတုတ် ဖောက်လာတယ်။ ကိုဘတုတ်ဟာ အရက်တွေ မူးလာတယ်။ ကျွန်တော်က ကျောင်းက အပြန်မှာ ကိုဘစံရဲ့ဆိုင်ရှေ့က ဖြတ်ရတော့ ဘုံဆိုင်ထဲမှာ အရက်မူးတဲ့ လူတွေ ရန်တွေ ဖြစ်နေတာနဲ့ ကျွန်တော်လည်း တခြား သူငယ်ချင်းတွေနဲ့အတူ ခပ်လှမ်းလှမ်းက ကြည့်နေတယ်။

ဘယ်သူတွေနဲ့ ဘယ်သူတွေ ရန်ဖြစ်နေမှန်းတော့ မသိဘူး။ ထွက်ပြေးတဲ့လူကလည်း ထွက်ပြေး။ အထဲမှာ ရိုက်တဲ့လူကလည်း ရိုက်နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်။

“ဟေ့ … ဟေ့ …၊ ဟိုမှာ မင်းတို့ အိမ်က ကိုဘတုတ်ဆိုတဲ့လူကြီး”

သူငယ်ချင်းတစ်ယောက်က ပြလို့ ကြည့်လိုက်တော့ ကိုဘတုတ်ကို မြင်လိုက်ရတယ်။ သူ့လက်ထဲမှာလည်း တုတ်ကြီးနဲ့။ သူက ရိုက်၊ တချို့ကလည်း သူ့ကိုရိုက်နဲ့ ရှုပ်ယှက်ခတ်နေတယ်။ ပါးစပ်ကလည်း မကြားဝံ့ မနာသာတွေ ဆဲဆိုနေတယ်။

ကျွန်တော်က အိမ်ကို ပြန်ပြေးပြီး အဖေ့ကို တိုင်တယ်။

အဖေကလည်း စိတ်တွေဆိုးပြီး ဘုံဆိုင်ကို လိုက်သွားမယ် လုပ်တယ်။ အဖေ အိမ်ထဲက မထွက်ခင်မှာ ကိုဘတုတ်ဟာ တုတ်ကြီးကိုင်၊ ပါးစပ်က ဆဲဆိုရေရွတ်ပြီး အိမ်ဘက်ကို ပြန်လာနေတာကို လှမ်းမြင်နေရတယ်။ သူ့ခေါင်းမှာလည်း သွေးတွေနဲ့။

“ဟေ့ကောင်တွေ၊ မင်းတို့ထက် မိုက်တယ်ကွ သိရဲ့လား၊ ဘတုတ်တဲ့၊ အများနဲ့ တစ်ယောက်မို့ စော်ကားမယ် မကြံနဲ့၊ ဆယ်သက် သေရဲတယ်။ လာ … သတ္တိရှိတဲ့ကောင် လိုက်ခဲ့” လို့ ရပ်ပြီး နောက်ကိုလှည့်ပြီး ကြိမ်းနေတယ်။

နောက် လူတစ်သိုက်ကတော့ လိုက်မလာကြတော့ဘူး။ နေရစ်ခဲ့ကြတယ်။

အဖေက ထွက်ပြီး …

“ဟေ့ ဘတုတ်” လို့ ခပ်ထန်ထန် လှမ်းအော်လိုက်တယ်။

အဖေ့အသံကို ကြားတော့ ကိုဘတုတ်ဟာ အံ့သားသင့်သွားဟန်တူတယ်။ နောက်ကို လှည့်ကြည့်လိုက်ပြီး …

“ဒီကောင်တွေ ကျွန်တော့်ကို စော်ကားတာနဲ့ သူတို့အထဲက တစ်ယောက်ကို ကျွန်တော် ရိုက်ပစ်ခဲ့တာ ကိုကြီးတင့်၊ ကိုကြီးတင့် မလာပါနဲ့၊ ပြန်ပါ”

“ဟေ့ကောင်၊ မင်း ငါ့စကားကို နားမထောင်ဘူးလား၊ အိမ်ကို ပြန်မလား မပြန်ဘူးလား”

ကိုဘတုတ်ဟာ ဘာမှမပြောတော့ဘူး။ တက်တစ်ချက် ခေါက်၊ အဝေးမှာ ရပ်နေတဲ့ သူ့ရန်သူတွေကို တစ်ချက် လှမ်းဆဲပြီး အိမ်ဘက်ကို လှည့်လာတယ်။

“လာ … ပြန်လာခဲ့”

အဖေက ခေါ်တော့မှ ဘတုတ်ဟာ ခွေးလေးတစ်ကောင်လို ဘာမှ မပြောတော့ဘဲ နောက်က ခပ်ကုပ်ကုပ်နဲ့ လိုက်လာတယ်။ အိမ်ရောက်တော့ အဖေက ပြောတယ်။

“ဘတုတ်၊ မင်းအပြစ်ကို မင်း သိရဲ့လား”

“သိပါတယ်”

“ဘာအပြစ်လဲ”

“မူးပြီး ရန်ဖြစ်တာပါ”

“ငါ့အိမ်မှာ နေရင် ငါ့စည်းကမ်းကို လိုက်နာရမယ်လို့ မင်းကို အစကတည်းက ငါ ပြောထားခဲ့တယ်၊ ခု မင်း ငါ့စည်းကမ်းကို ဖောက်တယ်၊ ငါ့ကိုလည်း သိက္ခာကျအောင် လုပ်တယ်၊ ဒီတော့ မင်း ငါ့အိမ်မှာ မနေနဲ့တော့၊ မင်းအထုပ် မင်းယူပြီး ပြန် … ”

“ကျွန်တော် မပြန်ဘူး ကိုကြီးတင့်၊ ကိုကြီးတင့်တို့နဲ့ အတူနေမယ်”

ကိုဘတုတ်က ဒီနေရာမှာတော့ မကြောက်ဘူး။ ရဲရဲပဲ ပြန်ပြောတယ်။

“မင်း မပြန်ရင် မင်းကို ပုလိပ်နဲ့ ခေါ်ပြီး ဆွဲထုတ်မယ်”

“ကိုကြီးတင့်တောင် နှင်ထုတ်လို့ မရရင် ကျွန်တော့်ကို ဘယ်သူမှ နှင်ထုတ်လို့ မရဘူး၊ ကိုကြီးတင့်တို့ကို စောင့်ရှောက်ဖို့ ကျွန်တော့်မှာ ဝတ္တရား ရှိတယ်။ ကျွန်တော် ဒီမှာပဲ နေမယ်”

“တော်တော်ခက်တဲ့ ကောင်ပဲ၊ ကောင်းပြီ၊ ဒီတစ်ခါတော့ ငါ သည်းခံလိုက်မယ်၊ နောက်တစ်ခါ ဆိုရင်တော့ မင်း ငါ့အိမ်မှာ မနေနဲ့တော့”

ကိုဘတုတ်ဟာ ဘာမှ မပြောတော့ဘူး။ နောက်လည်း အရက်သောက်တာ မတွေ့ရတော့ဘူး။

ဒီလိုနဲ့ ကိုဘတုတ် ကျွန်တော်တို့အိမ် ရောက်တာ သုံးလေးနှစ်တောင် ကြာသွားတယ်။ ညနေဆိုရင် ပြေကျော်ကြီးကို ထုတ်ပြီး မြင်းစီးကျင့်တယ်။ အရင်ကလောက်တော့ စကားမနည်းတော့ဘူး။ အမေ့ကိုလည်း သူ ခါတိုင်းလောက် အထင်သေးတဲ့ဟန် မပြတော့ဘူး။

ဒါပေမယ့် ခိုင်းတာတော့ မလုပ်ဘူး။ သူ့ကိုခိုင်းရင် အမေ့မှာ သူ့မျက်နှာ ကြည့်ပြီးမှ ခိုင်းရတယ်။ အိမ်နားနီးချင်းတွေနဲ့လည်း အထိုက်အလျောက်တော့ ဆက်ဆံပါတယ်၊ ဒါပေမယ့် အများအားဖြင့်တော့ သူ့ဘာသာ သူ တစ်ယောက်တည်း နေတာပဲ များတယ်။

တစ်ညနေတော့ ကျွန်တော်တို့ သားအမိ သားအဖတစ်တွေ ထမင်းစားပြီးလို့ ဓာတ်စက်ဖွင့်ပြီး သီချင်းနားထောင်နေကြတယ်။ အချိန်က ခုနစ်နာရီလောက် ရှိတော့မယ် ထင်တယ်။ တော်တော်လေး မှောင်နေပြီ။

“ရှင့်တပည့်ကျော် ကိုဘတုတ်လည်း ညနေ ညနေ မြင်းစီးကျင့်တာ ခုတလော မှောင်မှချည်းပဲ အိမ်ပြန်လာတယ်။ ဒီနေ့လည်း ပြန်မလာသေးဘူး” လို့ အမေက အမှတ်တမဲ့ ပြောလိုက်တယ်။

“ဟိုနား သည်နား လျှောက်လည်မှာပေါ့ကွာ”

“ဟိုနား သည်နား မဟုတ်ဘူးရှင့်၊ ထန်းငယ်တောကို သွားနေသတဲ့၊ ထန်းငယ်တောမှာ မိန်းမတစ်ယောက်နဲ့ ကြိုက်နေသတဲ့၊ အဲဒီမိန်းမက မုဆိုးမတဲ့၊ ကျွန်မ သတင်းကြားတယ်”

“ဟုတ်လား၊ မိန်းမ ရသွားရင်လည်း ကောင်းတာပေါ့ကွာ၊ ဒီကောင် ပိုပြီး ယဉ်ကျေးလာမှာပေါ့”

“လူက စိတ်ထားကြမ်းတာတစ်ခုကလွဲလို့ စိတ်ရင်းတော့ မဆိုးပါဘူး”

“လူကောင်းပါ၊ ပြီးတော့ အင်မတန် သစ္စာရှိတဲ့ ကောင်၊ သေဆိုရင် အခုသေမယ့် ကောင်မျိုး၊ သူ့မှာ စဉ်းစား ဆင်ခြင်ဉာဏ်ရယ်လို့ ရှိမှ ရှိရဲ့လားလို့လည်း မပြောတတ်ဘူး”

ကျွန်တော်တို့ သားအမိ သားအဖတွေ စကားပြောနေတုန်းမှာ –

“အမိန့်တော်ရမင်း … အမိန့်တော်ရမင်း” လို့ အိမ်ရှေ့က ခေါ်သံကြားရလို့ အမေက ထွက်ကြိုတယ်။

“ကျွန်တော်တို့ ထန်းငယ်တော ရွာကပါ၊ အမိန့်တော်ရမင်း အိမ်က ကိုဘတုတ် ဆိုတဲ့လူ ဆေးရုံမှာ တင်ထားခဲ့ရတယ်”

အဖေက သူတို့ကို နေရာထိုင်ခင်း ပေးပြီး အကျိုးအကြောင်းကို မေးတယ်။

“ကျွန်တော်တို့ ရွာက မိန်းမတစ်ယောက်ကို လာလည်နေတာ ကြာပြီ ခင်ဗျ၊ ဒါပေမယ့် ဟိုမိန်းမက သူ့ကို မကြိုက်ဘူး၊ သူ့မျက်နှာက အမာရွတ်ကြီးကို ကြောက်လို့တဲ့။ ဒီနေ့တော့ ဟိုမိန်းမက သူ့ကို ယူပါ့မယ်လို့ ကတိပေးလိုက်သတဲ့။ ဒီတင် ကိုဘတုတ် ဝမ်းသာအားရနဲ့ အပြန်ကျတော့ ကျွန်တော်တို့ ထန်းတဲမှာ ဝင်ပြီး အရက်သောက်တယ်”

“နည်းနည်း မူးလာတော့ သူ ဝမ်းသာလွန်းလို့ သောက်တာတဲ့။ မသောက်တာ ကြာပြီတဲ့။ ခု သူ့ကိုချစ်မယ့် မိန်းမကို တွေ့ပြီတဲ့။ ဒါကြောင့် ဝမ်းသာလို့ သောက်တာတဲ့”

“ကျွန်တော်တို့က ပြန်ဖို့ ပြောတော့ မပြန်ဘူး၊ ထပ်သောက်နေပြန်တယ်။ တော်တော်ကြီး မူးလာတော့ မဖြစ်တော့ဘူး၊ ပြန်လွှတ်မှပဲ ဆိုပြီး ကျွန်တော်တို့ကပဲ မြင်းပေါ် ဆွဲတင်ပေးလိုက်တယ်။ ပြန်ရင် ကောင်းကောင်း ပြန်၊ မြင်းကို အရမ်းမစီးနဲ့လို့ မှာလိုက်တယ်”

“စိတ်ချပါဗျာလို့ အာလေး လျှာလေးကြီးနဲ့ ပြောပြီး ပြန်သွားတာပဲ၊ မြင်းပေါ်ရောက်တော့ မြင်းကို ကြိမ်ရိုက်ပြီး အတင်းစီးတယ်။ မြင်းကလည်း ရိုက်တော့ ပြေးတာပေါ့။ ခဏနေတော့ ရိုးကလေးကို မြင်းက ခုန်ကူးလိုက်ဟန် တူပါရဲ့၊ အုန်းခနဲ အသံကြီး ကြားလိုက်တာနဲ့ ကျွန်တော်တို့လည်း လိုက်သွားကြတယ်။ ဟိုရောက်တော့ သူ့ကို ကြောက်ကြောက်နဲ့ မြင်းက ရိုးကလေးကို ခုန်အကူးလိုက်မှာ တစ်ဖက်ရောက်တော့ ရှားငုတ်ကြီးပေါ် တည့်တည့်ကျလို့ မြင်းဗိုက်ကြီး ပေါက်သွားပြီး ကိုဘတုတ်လည်း ဘေးကို လွင့်ကျသွားတယ်”

“ကျွန်တော်တို့ ရောက်တော့ မြင်းကြီးက ဗိုက်ပေါက်လို့ ဗိုက်ထဲက လေတွေ တရှူးရှူး ထွက်ပြီး သေသွားတယ်”

“ကိုဘတုတ်ကတော့ ပစ်အကျမှာ ခေါင်းနဲ့ သစ်မြစ်နဲ့ သွားဆောင့်မိတော့ ခေါင်းပေါက်သွားတယ်။ ကျွန်တော်တို့ ရောက်တော့ သတိမေ့နေတယ်။ ဒါနဲ့ သူ့ကို ဆေးရုံကို လာပို့တာ”

အဖေလည်း အဝတ်အစား လဲပြီး ဆေးရုံကို လိုက်သွားတယ်၊ မြင်းသေကြီး အဲဒီနားတစ်ဝိုက်မှာပဲ မြှုပ်ပစ်ဖို့ သူတို့ကို ခိုင်းလိုက်တယ်။

ကိုဘတုတ် သတိပြန်လည်မလာတော့ဘဲ အဲဒီညမှာပဲ ဆုံးသွားလို့ အဖေကပဲ အသုဘကို စီစဉ်ပြီး ချပေးလိုက်တယ်။

တော်တော်လေးတော့ အံ့ဩဖို့ ကောင်းတယ်။ ကိုဘတုတ် ဆုံးပြီးတဲ့ နောက်တစ်နေ့ကစပြီး ကျွန်တော်တို့ ခွေးကြီး လေးလုံးဟာ ထမင်းလည်း မစားတော့ဘူး။ ခွေအိပ်ပြီး တစ်ခါတစ်ခါမှာ သံရှည်ရှည်ဆွဲပြီး အူနေတတ်တယ်။

အမေကတော့ စိတ်မသန့်ဘူးပေါ့။ လူစိမ်းတို့ ဘာတို့ သူ့အနားက ဖြတ်သွားရင်လည်း ခါတိုင်းလို မာန်ဖီတာတွေ မရှိတော့ဘူး။ မျက်လုံးကြီးနဲ့ လှမ်းကြည့်နေတာပဲ။

တစ်နေ့တော့ အိမ်က အိမ်ဖော် မအေးခင်က လေးလုံးကို သံကြိုး လျော့တိလျော့ရဲ့ ချည်ပစ်ခဲ့တယ် ထင်ပါရဲ့။ မနက်လင်းတော့ လေးလုံးကို ရှာမတွေ့တော့ဘူး။ လိုက်ရှာတော့ မြို့ပြင်ဘက် သချုႋင်းက ကိုဘတုတ်ရဲ့မြေပုံနားမှာ မြေပုံကို နမ်းလိုက်၊ ခေါင်းကို မော့ပြီး သံရှည်ဆွဲပြီး အူလိုက်လုပ်နေတဲ့ လေးလုံးကို တွေ့ရတယ်။

ကျွန်တော်တို့လာတာမြင်တော့ လေးလုံးဟာ ခပ်လှမ်းလှမ်းကို ထွက်ပြေးပြီး ရပ်ကြည့်နေတယ်။ သူ့ကို ခေါ်လို့လည်း မလာတော့ဘူး။

“ဘတုတ်ကို လွမ်းလို့ လာနေတာ၊ လာ … လာ၊ သူ့ဘာသာသူ ပြန်လာလိမ့်မယ်” လို့ ဖေဖေက ပြောတယ်။

ဒါပေမယ့် လေးလုံးဟာ အိမ်ကို ပြန်မလာတော့ဘူး။ နောက်လည်း ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ တစ်ခါတည်း စုပ်စမြုပ်စ ပျောက်သွားတော့တာပဲ။

သူတို့အကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း ကျွန်တော် နားမလည်ဘူး။

ကိုဘတုတ်ကလည်း လူကြမ်း လူဆိုး၊ ပြေကျော်ကြီးကလည်း မြင်းကြမ်း မြင်းဆိုး၊ လေးလုံးကြီးကလည်း ခွေးကြမ်း ခွေးဆိုး။

ဒီသတ္တဝါ သုံးခုဟာ ဘယ့်နှယ်လုပ်ပြီး တစ်ဦးအကြောင်း တစ်ဦး နားလည်သွားကြသလဲ။ အင်မတန်ဆိုးတဲ့ မြင်းဆိုးနဲ့ ခွေးဆိုးဟာ လူအဆိုးအပေါ်ကျတော့ ဘာကြောင့်များ သံယောဇဉ်တွယ်သွားကြသလဲ။ ဘာဖြစ်လို့ တစ်ဦးနဲ့ တစ်ဦး ဒီလောက် တွယ်တာသွားကြရတာလဲ။

ဒီအကြောင်းကို ငယ်ငယ်တုန်းက ကျွန်တော် နားမလည်လို့ အဖေ့ကို မေးတော့ ‘ငါလည်း မသိဘူး’ တဲ့၊ ခု ကျွန်တော် ကြီးလာလို့ ပြန်စဉ်းစားကြည့်တော့ ကျွန်တော်လည်း မစဉ်းစားတတ်ဘူး။

အလားတူပဲ စိတ်ထားကြမ်းပေမဲ့ ကလေးတွေအပေါ် တိရစ္ဆာန်တွေအပေါ်မှာ ကြင်နာသိမ်မွေ့တတ်တဲ့၊ သစ္စာရှိတဲ့၊ ရိုးသားဖြူစင်တဲ့၊ ဆန့်ကျင်ဘက်တွေ ပြည့်စုံနေတဲ့ ကိုဘတုတ်ကိုလည်း ကျွန်တော် ခုထိ နားမလည်နိုင်သေးဘူး။

မြသန်းတင့်

သာရ မဂ္ဂဇင်း၊ ဇွန်၊ ၁၉၈၈

#ကြေးနီရောင်အချစ်နှင့် အခြားဝတ္ထုတိုများ