ဝတ္ထုတိုများစုစည်းမှု့

ဘုရားသခင်သို့ပေးစာ

တောင်ကြားထဲတွင် တစ်လုံးတည်းသာရှိသော အိမ်သည် ခပ်နိမ့်နိမ့်တောင်ကြောကလေးတစ်ခုထိပ်တွင် ရှိသည်။ တောင်ပေါ်မှ စီးကြည့်လိုက်လျှင် မြစ်၊ ထို့နောက် နွားခြံ၊ ထို့နာက် ပြောင်းပွင့်တွေ ဖွေးဖွေးလှုပ်အောင် ပွင့်နေသည့် ပြောင်းခင်းကို မြင်ရသည်။ ကြည့်လိုက်လျှင် အမြဲလိုလိုပင် အထွက် ကောင်းမည့်ပုံပေါ်နေသည်။

မြေကြီးက လိုနေသည့် အရာမှာ မိုးရေသာလျှင်ဖြစ်သည်။ အနည်းဆုံး တစ်ပြိုက်နှစ်ပြိုက်ကျလိုက်လျှင် လုံလောက်ပြီ။ သူ့ ယာတောအကြောင်းကို ကောင်းကောင်းသိသည့် လင်းချိုသည် ဘာမျှမလုပ်။ အရှေ့မြောက်ဘက် မိုးကောင်းကင်ကိုသာ မျှော်ကြည့်နေသည်။

“မိန်းမရေ မိုးကတော့ တစ်မကြီး ရွာတော့မယ်ထင်တယ်ကွ”

ညစာစားရန် ခူးခပ်ပြင်ဆင်နေသော သူ့မိန်းမက

“ဟုတ်ပါ့ တော်၊ ဘုရားမ,တာပေါ့”

သားကြီးများမှာ ယာထဲတွင် အလုပ်လုပ်နေကြပြီး သားငယ်များမှာ အိမ်အနီးတွင် ကစားနေကြသည်။

“ကဲ လာကြဟေ့၊ ထမင်းစားမယ်”

သူတို့ ထမင်းစားနေစဉ်တွင် လင်းချိုပြောသည့် အတိုင်း မိုးသီးမိုးပေါက်ကြီးများသည် တဖြုန်းဖြုန်းကျလာကြသည်။ အရှေ့မြောက်ထောင့်ကောင်းကင်တွင်မူ တိမ်တောင်တိမ်လိပ်ကြီးများသည် တရွေ့ရွေ့လာနေကြလေပြီ။ လေသည် လန်းဆန်း၍ ချိုမွှေးနေသည်။

အိမ်ရှင်ယောက်ျားသည် နွားခြံဆီသို့ ကိစ္စတစ်ခုရှိပုံမျိုးဖြင့် ထွက်သွားသည်။ သို့ရာတွင် ဘာမျှ ကိစ္စမရှိပါ။ ကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်တို့ ကျသည့် အရသာကို ခံရန်ဖြစ်ပါသည်။ ပြန်လာသည့်အခါတွင် သူက …

“မိုးပေါ်က ကျတာတွေက မိုးသီးမိုးပေါက်တွေ မဟုတ်ဘူးကွ၊ ရွှေမိုး ငွေမိုးတွေ၊ မိုးစက်ကြီးကြီးတွေက ဆယ်ပြားစေ့လောက်ရှိပြီး မိုးစက်သေးသေးတွေက ငါးပြားစေ့လောက်ရှိတယ်”

သူသည် မိုးစက်ကန့်လန့်ကာကြီးထဲတွင် ပန်းတွေ တဝေဝေဖြစ်နေသော ပြောင်းခင်းများကို ကြည်နူးစွာ လှမ်းကြည့်နေသည်။ ထိုစဉ် လေခပ်ပြင်းပြင်းကျလာပြီး လေပြင်းနှင့်အတူ ကြီးမားသော မိုးသီးကြီးများ ကျလာသည်။ ထိုမိုးသီးကြီးများကမှ တကယ့် ရွှေစငွေစနှင့် တူခြင်းဖြစ်သည်။ ကလေးများသည် မိုးရေထဲတွင် ပြေးလွှားကာ မိုးသီးများကို ကောက်ကြသည်။

“မိုးသီးတွေက သိပ်များရင် မကောင်းဘူးပေါ့၊ တော်ဖို့ ကောင်းပြီထင်တယ်”

ဟု ယောက်ျားက မိုးသီးများကို ကြည့် ရင်း အလန့်တကြား ပြောသည်။

သို့ရာတွင် မိုးသီးများသည် ရပ်မသွားပါ။ အိမ်ခေါင်မိုးပေါ်၊ သစ်ပင်များပေါ်၊ ယာတောပေါ်၊ တောင်ကြောပေါ်၊ တောင်ကြားပေါ်သို့ တစ်နာရီခန့်မျှ ဆက်တိုက်ကျနေကြသည်။ ယာတောတစ်ခုလုံးသည် ဆားတွေ ပက်ထားသည့်နှယ် ဖွေးနေတော့သည်။

သစ်ပင်ပေါ်တွင် သစ်ရွက်တွေ မရှိတော့။ ပြောင်းနှံတွေ ပျက်ကုန်ပြီ။ ပြောင်းပွင့်တွေ ကြွေကျကုန်ကြပြီ။ လင်းချိုသည် ဝမ်းနည်း၍မဆုံး ဖြစ်နေသည်။ မိုးသီးမုန်တိုင်း စဲသွားသည့်အခါ၌ လင်းချိုသည် ယာတောလယ်တွင်ရပ်ရင်း သူ့သားများကို ပြောနေသည်။

“ကျိုင်းကောင် အုပ်ကျတာကမှ သက်သာဦးမယ် ၊

မိုးသီးကျလိုက်တာ ဘာမှ မကျန်တော့ဘူး၊ ဒီနှစ်တော့ တို့များ ပြောင်းလည်းရမှာမဟုတ်ဘူး၊ ပဲလည်း ရမှာမဟုတ်တော့ဘူး”

ထိုညသည် စိတ်မကောင်းစရာညဖြစ်သည်။

“တစ်နှစ်လုံး လုပ်လိုက်ရတာကွာ၊ ဘာမှ မရလိုက်ဘူး”

“ဘယ်သူမှ မကယ်နိုင်တော့ဘူး ထင်ပါရဲ့”

“ဒီနှစ်တော့ ဝမ်းစာတောင် ရှိမှာမဟုတ်တော့ဘူး”

သို့ရာတွင် တောင်ကြားထဲရှိ တစ်လုံးတည်းသောအိမ်တွင် နေကြသူတို့၏ စိတ်ထဲ၌ကား မျှော်လင့် ချက်တစ်ခု ရှိနေသည်။ ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှုဖြစ်သည်။

“ပျက်တာပျက်တာပေါ့လေ၊ ဒါပေမယ့် ဒီလောက်လည်း စိတ်ဓာတ်မကျကြပါနဲ့၊ ငတ်သေတဲ့ မသာရယ်လို့ မရှိပါဘူး”

“အင်း၊ ငတ်သေတဲ့မသာမရှိဘူးလို့တော့ ပြောကြတာပဲလေ”

ထိုနေ့ညတစ်ညလုံး လင်းချိုသည် မျှော်လင့်ချက်တစ်ခုကိုသာ တွေးမိ၏။ ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှုဖြစ်သည်။ ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ စိတ်ထဲတွင်ရှိသည့် ဆန္ဒကို သိမြင်တော်မူသည် မဟုတ်လား။

လင်းချိုသည် ယာတောတွင် နွားလို ရုန်းဖို့လောက်ကို သာ သိသူဖြစ်၏။ မည်သို့ စာရေးရမည်ကို မသိ။ နောက်တစ်နေ့ မနက်လင်းသည်နှင့် လင်းချိုသည် စာတစ်စောင်ကို ကြိုးစား၍ရေးနေသည်။ သူ့ကို ဘုရားသခင်က မှိုင်းမတော်မူမည်ဟုလည်း သူ ယုံကြည်၏။

ထိုစာမှာ အခြားစာမဟုတ်ပါ။

ဘုရားသခင်ထံ ပေးစာဖြစ်ပါသည်။

“လျှောက်ထားအပ်ပါသည်ဘုရား၊ ယခုနှစ်တွင် မိသားစု ငတ်ကြရတော့မည်သာ ဖြစ်ပါသည်။ လယ်ယာတောမှာ မိုးသီးကြောင့် ပျက်သွားသဖြင့်နောက်ထပ် ပြန်စိုက်ရန်နှင့် ကောက်သစ်မပေါ်မီ စားသောက်ရန်အတွက် ငွေတစ်ရာလောက် လိုပါသည်။”

သူသည် စာကို စာအိတ်ထဲတွင် ထည့် ၊ စာအိတ်ပေါ်တွင်” ဘုရားသခင်ထံပေးရန်” ဟု ရေးပြီး စာထည့်ရန် မြို့သို့ လာခဲ့သည်။ စာတိုက်မှ တံဆိပ်ခေါင်းတစ်လုံးဝယ်၍ ကပ်ပြီးနောက် စာကို စာတိုက်ပုံးထဲသို့ ထည့် ထားခဲ့သည်။

စာပို့သမားသည် ထိုစာကို တွေ့သည့် အခါတွင် ရယ်မောကာ စာတိုက်ဗိုလ်ကို သွားပြသည်။ သူ့တစ်သက်တွင် ဘုရားသခင်ထံ လိပ်စာတမ်းထားသော စာတစ်စောင်ကို တစ်ခါမျှ မတွေ့ဘူးခဲ့။ သဘောကောင်းသည့် ခပ်ဝဝစာတိုက်ဗိုလ်သည်လည်း ထိုလိပ်စာကို မြင်သည့်အခါတွင် ခွက်ထိုးခွက်လန်ရယ်မိသည်။ ထို့နောက် ချက်ချင်းလေးနက်သွားကာ စာကို စားပွဲပေါ်တွင်တဖျတ်ဖျတ်ရိုက်ရင်း…

“သူ့ခမျာ သနားပါတယ်ကွာ၊ ဘုရားတရားကို တော်တော်ယုံကြည်တာပဲ၊ သူ့လို ယုံကြည်နိုင်တဲ့သူဖြစ်ရင် ဘယ်လောက်ကောင်းမလဲ မသိဘူး၊သူ့လို ယုံကြည်ချင်လိုက်တာ၊ သူ့လို မျှော်လင့်ချက်မျိုး ရှိချင်လိုက်တာ၊ ကြည့်စမ်းပါဦး၊ ဘုရားသခင်ဆီကို အားကိုးတကြီးနဲ့ စာနဲ့ပေနဲ့တောင် ဆက်သွယ်တယ်”

ဝေငှ၍မဖြစ်သည့် စာတစ်စောင်ကို ဖတ်ရင်း ဘာသာတရားကိုင်းရှိုင်းပုံကို ကြည့်၍ စိတ်ပျက်အားငယ်ခြင်းမဖြစ်စေရန် တစ်ခုခု ကူညီသင့်သည်ဟု စာတိုက်ဗိုလ်ကြီး သဘောရသည်။ သို့ရာတွင် စာကိုဖွင့်၍ ဖတ်လိုက်သည့်အခါ၌ သူ့စာကို ပြန်လျှင် စိတ်စေတနာကောင်းရုံ၊ မင်ရှိရုံ၊ စာရွက်ရှိရုံဖြင့် မလုံလောက်ကြောင်းကို သူ သဘောပေါက်လာသည်။

သို့ရာတွင် သူ့ဆုံးဖြတ်ချက်ကို မပြောင်းပါ။ စာတိုက်ဗိုလ်ကြီးသည် စာတိုက်အမှုထမ်းများထံမှ ငွေ ကောက်သည်။ သူကိုယ်တိုင်လည်း သူ့ လစာတစ်စိတ်တစ်ပိုင်းကို ထည့်သည်။ သူ့ မိတ်ဆွေများကလည်း အလှူဒါန အဖြစ်တတ်နိုင်သလောက် ထည့်ဝင်ကြသည်။

သို့ရာတွင် တစ်ချီတည်းဖြင့် ငွေတစ်ရာရဖို့ မလွယ်ပါ။ ထို့ကြောင့် စာတိုက်ဗိုလ်ကြီးသည် တစ်ဝက်ကျော်ကျော်ရှိသည့် ငွေစက္ကူများကို စာအိတ်တစ်အိတ်တွင် ထည့်ပြီး လင်းချိုထံ ပို့လိုက်သည်။ စာအိတ်ထဲတွင် “ဘုရားသခင်” ဆိုသည့် စာလုံးတစ်လုံးကိုသာ ရေးထားသည့် စာတစ်ရွက်ကိုလည်း ထည့်ပေးလိုက်၏။

နောက်တစ်နေ့ တနင်္ဂနွေနေ့မနက်စောစောတွင် လင်းချိုသည် သူကိုယ်တိုင် စာတိုက်သို့ ပေါက်လာကာ သူ့အတွက် စာရောက်ခြင်းရှိမရှိကို လာ၍ စုံစမ်းသည်။ စာပို့သမားကိုယ်တိုင် ထိုစာကို လင်းချိုလက်သို့ ပေးလိုက်၏။ စာတိုက်ဗိုလ်ကြီးမှာကား ကုသိုလ်ကောင်းမှုတစ်ခုကို ပြုလိုက်ရသဖြင့်ပီတိဖြစ်နေသူတစ်ဦးအနေဖြင့် အတွင်းဘက်မှနေ၍ လင်းချိုကို လှမ်းကြည့်နေသည်။

လင်းချိုသည် စာအိတ်ကိုဖွင့် ၍ ငွေစက္ကူများကို မြင်သည့်အခါတွင်နည်းနည်းမျှ အံ့အားသင့်ဟန်မပြပါ။ ထို အရာများကို ရလိမ့်မည်ဟု သူ ယုံကြည်ပြီးသားဖြစ်ဟန်တူပါသည်။ သို့ရာတွင် ပိုက်ဆံကို ရေတွက်ပြီးသည့်အခါတွင် လင်းချိုသည် ဒေါပွ၍မဆုံးဖြစ်နေသည်။ ဘုရားသခင်သည် ငွေအရေမမှားနိုင်။ သူ တောင်းသည့် ငွေ အရေအတွက်ကိုလည်း ငြင်းဆန်ခြင်းပြုမည်မဟုတ်။

လင်းချိုသည် စာတိုက်ပြတင်းဝနားသို့ ရောက်လာကာ စာရွက်တစ်ရွက်နှင့် မင်ကို တောင်းသည်။ ထို့နောက် စာတိုက်ကောင်တာတွင် ထိုင်ကာ သူရေးမည့် အကြောင်းအရာကို မျက်မှောင်ကြီးကုပ်၍ စဉ်းစားရင်း စာတစ်စောင်ကို ရေးနေသည်။ စာရေးပြီးသည့်အခါတွင် အပေါက်ဝသို့ သွားကာတံဆိပ်ခေါင်းတစ်လုံးဝယ်၍ တံတွေးဖြင့်ကပ်ပြီးသော် လက်ဖြင့် တဒုန်းဒုန်းမြည်အောင် ထုသည်။

စာတိုက်ပုံးထဲသို့ စာရောက်သွားသည်နှင့် စာတိုက်ဗိုလ်ကြီးသည်စာတိုက်ပုံးထဲမှ စာကိုယူ၍ ဖတ်၏။

စာထဲတွင် အောက်ပါအတိုင်းပါရှိ၏။

“လျှောက်ထားတောင်းဆိုသည့် ပိုက်ဆံတို့ အနက် ငွေ ၇၀ သာလက်ထဲသို့ ရောက်လာပါသည်။ ကျန် ငွေများကို ဆက်လက်ပို့ပါဘုရား။ များစွာ အသုံးလိုနေပါသည်။ သို့ရာတွင် ယခုတစ်ခေါက်ပို့လျှင် စာတိုက်မှမပို့ပါနှင့် ဘုရား။ စာတိုက်အမှုထမ်းများသည် လူလိမ်လူကောက်များဖြစ်ပါသည်ဘုရား လင်းချို ဟူ၍ ဖြစ်သည်။

မြသန်းတင့်

ပင်လယ် တွဲ – ၁၊ အမှတ် – ၁၉၉၆ ဒီဇင်ဘာလေ။

#မက္ကစီကိုစာရေးဆရာ Gregoria Lopezy ၏ A letter to God ကိုပြန်သည်။