ကုန်သည်နိုင်ပန်း
နိုင်ပန်းသည် သူတို့အရပ်ထဲတွင် နာမည်ကြီးသူတစ်ဦး ဖြစ်၏။ အဆိုအကတွင် ကောင်းခြင်းကြောင့် မဟုတ်၊ စာပေလင်္ကာတို့ကို ကျွမ်းကျင်၍မဟုတ်။ သူနာမည်ကြီးခြင်းမှာ သူ့ဆိုင်မှ ထမင်းကြော်ကောင်းခြင်းကြောင့်ဖြစ်သည်။ ထမင်းကြော်မကောင်းလျှင်လည်း အကြောင်းမဟုတ်သေးပါ။ ဆိုင်သို့လာနေကျ ဖောက်သည်များကို အကြွေးအကန့်အသတ်မရှိ ပေးလေ့ရှိသည့်အတွက်လည်း နာမည် ကြီးမြဲ ကြီးဦးမည်သာ ဖြစ်ပါသည်။
တစ်ခါတစ်ရံတွင် နိုင်ပန်းသည် ကလေးများသို့ သကြားလုံးကလေးတွေလည်း အလကား ပေးတတ်သေးသည်။ ဤသို့ ကလေးများကို ပေးလျှင် သူ့မိန်းမက မြည်တွန်စမြဲ။ ထိုအခါမျိုးတွင် နိုင်ပန်းက
“သကြားလုံးလေး တစ်မတ်ဖိုး ငါးမူးဖိုး ကလေးတွေကို ပေးရုံနဲ့တော့ တို့တစ်တွေ မွဲမသွားပါဘူးကွာ၊ လမ်းထဲမှာနေတဲ့ ဝန်ထောက်မင်း သန်ခွမ်း ပြောတာကို မင်းမကြားဘူးလား၊ ကော်ဖီလေး ဘာလေး သောက်ချင်လို့ သူ့တပည့်ကို အဝယ်ခိုင်းပြီဆိုရင် ‘ဟဲ့ကောင်လေး၊ ကော်ဖီဝယ်ရင် နိုင်ပန်းဆိုင်က ဝယ်ခဲ့နော်၊ သူ့ဆိုင်က ကော်ဖီကမှ နို့တို့ ဘာတို့ များတာ၊ သူ့ဆိုင်မှာ နွားမတွေ ဘာတွေများ မွေးထားသလား မပြောတတ်ဘူး’ ဆိုတာ မင်းမကြားဖူးဘူးလား”
သူတို့လမ်းထဲတွင် သူတို့ထမင်းဆိုင်သို့လာ၍ ထမင်းစားတတ်သည့် အရက်သမားတစ်ယောက်လည်း ရှိ၏။ သူ အရက်မှုးလာပြီဆိုလျှင် ခွန်ဆန်နှင့် ခွန်ဖန် ဇာတ်ထုပ်ထဲမှ ငိုချင်းများကို ဆိုတတ်သည်။ ထိုအခါမျိုးတွင် နိုင်ပန်းသည် သူဆိုပြသည့် ငိုချင်းများကို နားထောင်၍ ပီတိဖြစ်နေတတ်၏။ အရက်သမားသည် ငိုချင်းတစ်ပုဒ်လောက် ဆိုပြီးလျှင် ရေခဲထည့်ထားသည့် လက်ဖက်ရည်အေးအေးတစ်ခွက်ကို တောင်းသောက်တတ်၏။ ထိုအခါမျိုးတွင် နိုင်ပန်းကလည်း လက်ဖက်ရည်ကိုသာမက မုန့်လက်ကောက်ကလေး တစ်ခုတလေကိုပင် အဆစ်ထည့်၍ ကျွေးလိုက်သေးသည်။
မိုးတွင်းသို့ ရောက်လျှင် နိုင်ပန်းက ကျောင်းတက်လာသည့် ကျောင်းသူလေးများအား “ဟဲ့ ကောင်မလေးတွေ၊ နင်တို့ကို ကြည့်ရတာ ရွံတွေ ဗွက်တွေထဲမှာ တစွတ်စွတ်နဲ့ လာရတာ မကောင်းပါဘူးဟယ်၊ ငါ့ဆိုင်ကိုလာပြီး ခြေဆေးလှည့်ကြ” ဟု ပြောတတ်သည်။ နိုင်ပန်းသည် သူတိုတစ်တွေ ခြေဆေးဖို့ ရေသန့်သန့်တစ်အိုးကို သတ်သတ်လုပ်ပေးထားတတ်၏။
သို့ရာတွင် ညရှစ်နာရီ ဒေါင်ခနဲထိုးသည်နှင့် နိုင်ပန်းတို့ဆိုင် ပိတ်လေပြီ။
“ခင်ဗျားကလဲဗျာ၊ အစောကြီး ဘာဖြစ်လို့ပိတ်ရတာလဲ။ ခုမှ ရောင်းလို့ကောင်းတုန်းပဲ ရှိသေးတယ်၊ ဆိုင်မပိတ်ဘဲ ဆက်ရောင်းရင် မကြာခင် သူဌေးတောင်ဖြစ်မှာ” ဟု မိတ်ဆွေများက ပြောတတ်ကြ၏။ နိုင်ပန်းက “အမယ်လေးဗျာ တော်ပါပြီ၊ မြန်မြန် ချမ်းသာတာထက် မြန်မြန်အိပ်ရတာ ပိုပြီးကောင်းပါတတ်”ဟု ရယ်ရယ်မောမောဖြင့် ပြောတတ်သည်။
သူ့ဆိုင်သို့လာ၍ လက်ဖက်ရည်သောက်သူများထဲတွင် သူ့ထက်ချမ်းသာသူတွေ တစ်ပုံတစ်ပင်။ သို့ရာတွင် သူတို့တစ်တွေမှာ ယခုတိုင် မရောင့်ရဲနိုင်ကြသေး။ ပိုပြီးချမ်းသာအောင် ပို၍ ပိုက်ဆံရှိအောင် ကြိုးပမ်းနေကြဆဲ။ နိုင်ပန်း၏စကားကို သူတို့တစ်တွေ ကြားလျှင် စိတ်ထဲတွင် တစ်မျိုးဖြစ်၍သွားတတ်ကြသည်။
သူတို့လမ်းထဲက အရောင်းအဝယ်သမားများ အလုပ်သိမ်းပြီး မိုးချုပ်မှ အိမ်ပြန်လာကြသည့်အခါ ဆိုင်ကိုပိတ်ပြီး ဆိုင်ရှေ့ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် ဇိမ်ဖြင့် လဲလျောင်းကာ သူ့မိန်းမနှင့် အေးအေးလူလူ စကားပြောနေသော နိုင်ပန်းကို တွေ ရတတ်သည်။ ထိုအခါတွင် သူတို့သည် “အင်း နိုင်ပန်းတို့လင်မယားကြည့်ရတာ တယ်ပြီး အေးချမ်းတာပဲ၊ လောဘလဲ မတက်ဘူး၊ သူတို့လင်မယားကိုကြည့်ရတာ တို့ထက်တောင် စည်းစိမ်ရှိသေးတယ်” ဟု အောက်မေ့တတ်ကြသည်။
တစ်ညတွင်မူ သူ့မိန်းမက ရုပ်ရှင်သွားကြည့်သဖြင့် ဆိုင်တွင် နိုင်ပန်းတစ်ယောက်တည်း ကျန်ခဲ့၏။ မိုးချုပ်စပြုသဖြင့် နိုင်ပန်းလည်း ဆိုင်ကိုပိတ်ရန် ပြင်ဆင်နေလေပြီ။ ထိုစဉ် ဆိုင်ထဲသို့ လူရွယ်တစ်ယောက် ပြေးဝင်လာလည်။
“ဘာသောက်မလဲ သူငယ်” ဟု နိုင်ပန်းက မေးသည်။
လူရွယ်လည် သူမေးသည့်မေးခွန်းကိုမဖြေဘဲ အိတ်ထဲမှသေနတ်ကိုထုတ်ကာ သူ့ရင်ဝတည့်တည့်ဆီသို့ ချိန်ထားလိုက်သည်။ သူ့အား အဘယ်ကြောင့် သေနတ်ဖြင့်ထုတ်ချိန်သည်ကို နိုင်ပန်း နားမလည်။ သို့ရာတွင် အခြေအနေ မကောင်းဟူ၍ နိုင်ပန်း သိလိုက်ပြီ။ လူရွယ်က
“ရှိတာ အကုန်ပေး၊ ယီးတီးယားတားတော့မလုပ်နဲ့၊ ဒီခေတ်မှာ လူသတ်တယ်ဆိုတာ လွယ်လွယ်ကလေးရယ်၊ ဘာမှတ်နေသလဲ။ ကိုယ်က သတ်ရင်သတ်၊ မသတ်ရင် သူကသတ်မှာပဲ၊ ဘာမှ မဆန်းဘူး။ ကဲ မြန်မြန်လုပ်ဗျာ၊ အချိန်မရှိဘူး၊ ဘာလဲ ကျည်ဆန်အရသာကလေး မြည်းချင်လို့လား”
နိုင်ပန်းသည် တုန်လှုပ်ခြင်းမရှိ၊ တည်ငြိမ်စွာရပ်ကာ ခပ်အေးအေးပင် ပြန်ပြောသည်။
“ရပါတယ် မောင်ရာ၊ လိုချင်ရင် ရပါတယ်၊ ဒါပေမယ့် မောင်ရင့်သေနတ်ကိုကြောက်လို့တော့ မထင်ပါနဲ့၊ မောင်ရင့်မှာ အရေးတကြီး အသုံးလိုနေတယ်ထင်လို့ ထုတ်ပေးလိုက်တာပါ။ အေးလေ မောင့်ရင့်အတွက် သေရေးရှင်ရေးလောက် အရေးကြီးချင်ရင်လဲ ကြီးနေပေမပေါ့ မဟုတ်ဘူးလား။ အမေ နေထိုင် မကောင်းလို့လား၊ ဒါမှမဟုတ် အမေ လူမမာကြီး အစာအာဟာရ ငတ်ပြတ်နေလို့လား၊ ကဲ ကဲ ယူပြီး မြန်မြန်ပြန်တော့၊ အိမ်မှာ မောင်ရင် ထွက်ပြီး ပိုက်ဆံရှာတာကို တမျှော်မျှော်ဖြစ်တဲ့သူ ဖြစ်လှရော့မယ်။ ရဲကိုလဲ မတိုင်ပါဘူးကွယ်၊ ရော့ ဟောဒီ မှာ ငွေကိုးရာလောက်ရှိလိမ့်မယ်၊ နည်းနည်းပိုချင်လဲ ပိုမလား မသိဘူး၊ ကဲ ယူလေ”
နိုင်ပန်းသည် ငွေများကို စားပွဲပေါ်သို့ ပို့ပေးလိုက်သည်။ ဘိုရာတွင် လူရွယ်သည် ထိုင်ရာမှ မထနိုင်။ ငွေစက္ကူများကို ထိရဲဟန်မတူ။ နိုင်ပန်းက
“ယူလေ၊ ဘာဖြစ်လို့ မယူတာလဲ၊ မင်းကို ငါဘာဖြစ်လို့ လိမ်ညာရမှာလဲ၊ မင်းမှာ သိပ်အခက်အခဲ တွေ့နေတယ်ဆို တာ ငါသိပါတယ်။ အေးကွာ ခုခေတ်မှာတော့ မင်းတင်မဟုတ်ပါဘူး၊ အားလုံးကျပ်တည်းကြတာပါပဲ၊ မင်းကို လူဆိုးတစ်ယောက်လို့လဲ ငါမထင်ပါဘူး၊ တတ်နိုင်ရင် ဘယ်သူ ခိုး ဆိုး တိုက်ခိုက်စားချင်မလဲကွာ။ မင့်အဖေဟာ ကိုယ်တစ်ပိုင်းသေတဲ့ ရောဂါနဲ့ အိပ်ရာထဲလဲနေလို့လား၊ သူ့ကို စောင့်ရှောက်ကြည့်ရှုဖိုများလား။ ယူပါကွ၊ ဒါပေမယ့် အကုန်လုံး ဆေးတွေချည်း ဝယ်မပစ်နဲ့နော်၊ ဆရာဝန်ဆိုတာ ကိုယ်ခန္ဓာကိုသာ ကုနိုင်တာပါကွာ၊ ဒါပေမယ့် ခက်တာက လူဆိုတာ ကိုယ်ခန္ဓာကြီးကိုသာ ကုသပေးရုံနဲ့ မပြီးဘူးကွ၊ စိတ်နဲ့ စေတသိက်တွေကိုလဲ ကုသပေးဖို့ လိုတယ်၊ အဲဒီပိုက်ဆံထဲက တချို့ကို ပန်းမွှေးမွှေးကလေးတွေဝယ်ပြီး အမေ့ဖို့ ဘုရားတင်၊ တိုများတော့ ညအိပ်ရာဝင်တိုင်း ဘုရားမှာ ပန်းရေချမ်းကပ်တယ်၊ ညအိပ်ရာဝင်မှာ ဘုရားရှိခိုးတော့ ကိုယ်စိတ်ချမ်းသာတာပေါ့ကွာ၊ တကယ့်ကို စိတ် ချမ်းသာတာ၊ မင်းသေနတ်ကြီးကို မကိုင်ပါနဲ့တော့ကွာ၊ သေနတ်ကို ချလိုက်တာနဲ့တစ်ပြိုင်နက် မင်းစိတ်ချမ်းသာမှုရသွားမှာပဲ၊ သေနတ်ကိုင်ထားတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ စိတ်မချမ်းသာရဘူးကွ၊ အမြဲတမ်း ကြောက်လန့် စိုးရိမ်နေရတတ်တယ်၊ ကိုယ့်လက်ထဲမှာ လက်နက်ရှိနေသမျှ ကာလပတ်လုံး ဘယ်တော့မှ မပျော်နိုင်ဘူး”
လူရွယ်သည် ကလေးတစ်ယောက်သဖွယ် နားထောင်ကာ သေနတ်ကို အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် ထမင်းကြော်နာမည်ကြီးလှသော၊ ကော်ဖီကောင်းသည်ဟု နာမည်ကြီးလှသော၊ ရက်ရောသည်ဟု နာမည်ကြီးလှသော နိုင်ပန်းကို ဦးညွှတ် အရိုအသေပေးလိုက်သည်။
“အင်း ခင်ဗျားကို ပစ်သတ်မယ့်အစား ကျွန်တော့ကိုယ်ကျွန်တော် ပစ်သတ်တာပဲ ကောင်းပါတော့တယ်”
နိုင်ပန်းက ပိုက်ဆံများကို လူရွယ်လက်သို့ လှမ်းပေးလိုက်ရင်း
“အရူးလိုလဲ စကားမပြောနဲ့လေ၊ ရော့ ဟောဒီမှာ ပိုက်ဆံ၊ မင်းပိုက်ဆံဖြစ်သွားပြီ၊ ဘယာကြောင့် ဒေါသကြောင့် ပေးတဲ့ပိုက်ဆံမဟုတ်ဘူးနော်။ အမှန်ကတော့ မင်းလဲမွေးကတည်းက ဆိုးလာတဲ့လူတစ်ယောက် မဟုတ်ပါဘူးကွာ၊ သူလိုကိုယ်လိုလူတစ်ယောက်ပါပဲ၊ မင်းအခြေအနေမျိုးမှာ ရောက်နေရင် ငါလဲ ဒီလိုပဲဖြစ်မှာပဲ”
လူရွယ်သည် ပြန်ထိုင်၏။
“ကျွန်တော် ခင်ဗျားကို တစ်ခါမှ မတွေ့ဖူးဘူးဗျာ၊ ခင်ဗျားလိုလူလဲ တစ်ခါမှ မတွေဖူးသေးဘူး၊ ခင်ဗျားပိုက်ဆံကို မယူတော့ပါဘူးဗျာ၊ ပြီးတော့ ကျွန်တော့်သေနတ်ကြီးကိုလဲ လွှင့်ပစ်ပါတော့မယ်၊ ခင်ဗျားပြောသလို ကျွန်တော် အိမ်မှာ စောင့်နေတဲ့ အမေ့ဆီကို ပြန်ပါတော့မယ်”
လူရွယ်သည် အတန်ကြာမျှ ချောင်းဆိုးလျက်ရှိပြီးနောက်
“ဟုတ်တယ်ဗျာ၊ ကျွန်တော်ဟာ သားဆိုး သားမိုက်တစ်ယောက်ပဲ၊ မိဘပိုက်ဆံတွေကို ဖြုန်းပစ်ခဲ့တယ်၊ မြင်းလောင်းခဲ့တယ်၊ အရက်သောက်တယ်”
“အေးလေ လူတိုင်းမှားကြတာချည်းပဲပေါ့၊ လူ့ဘဝဆိုတာ စမ်းတဝါးဝါး လုပ်ရတာ၊ အမှားတွေ တွေတော့ ဆုံးရှုံးမှုတွေ တွေ့ရတာပဲ မဟုတ်ဘူးလား”
“ကျွန်တော်က သိပ်လဲ မကျန်းမာဘူးဗျာ၊ ခင်ဗျား ကျွန်တော်ချောင်းဆိုးတာကို ကြားတယ်မဟုတ်လား၊ ကျွန်တော့်မှာ အဆုတ်ရောဂါရှိတယ် ထင်တာပဲ၊ အင်း ရှိမယ်ဆိုရင်လဲ ရှိသင့်ပါတယ်လေ၊ ကျွန်တော်ဟာ ကောင်းကောင်းမွန်မွန်နေခဲ့တာမှ မဟုတ်တာ၊ အမှန်ကတော့ ကျွန်တော် မြန်မြန်သေသွားရင်လဲ ကောင်းတာပါပဲ၊ ကျွန်တော် အသက်ရှင်နေလို့လဲ ဘာထူးဦးမှာမှာလဲ၊ ဆန်ကုန်မြေလေးပဲ ဖြစ်မှာပေါ့၊ ကဲ ပြန်မယ်ဗျာ၊ ကျေးဇူးတင်တယ်”
“နေပါဦးလေ၊ မသွားပါနဲ့ဦး၊ ငါနဲ့ စကားလေး ဘာလေး ပြောကြသေးတာပေါ့၊ မင်းနာမည် ဘယ်သူတဲ့တုံး၊ နေကော ဘယ်မှာနေသလဲ၊ ဘာတွေကို ဝါသနာပါသလဲ”
လူရွယ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ယမ်းလိုက်သည်။
“ကျွန်တော် ဘယ်ကို သွားရမယ်တောင် မသိဘူးဗျာ၊ ကျွန်တော် သွားစရာလဲ မရှိ၊ တွယ်တာစရာလဲ မရှိ၊ ကျွန်တော် ဘာကို ဝါသနာပါလို့ ပါမှန်းလဲ ကျွန်တော် မသိဘူး၊ လောကကြီးမှာ စိတ်ဝင်စားစရာဆိုလို့လဲ ဘာမှမရှိတော့ဘူး ထင်ပါရဲ့၊ ကျွန်တော်ဟာ မွေးကတည်းက ဆင်းရဲငတ်ပြတ်လာတဲ့ကောင် ဆိုတော့ လူတွေကို မုန်းတီးတာကိုလဲ ဘာမှ အံ့ဩစရာမရှိပါဘူး၊ တစ်ခါတလေကျတော့ ကျွန်တော် တွေးမိပါတယ်၊ ကျွန်တော် ခုလို ကံဆိုးပြီး မွဲတေငတ်ပြတ်နေတာဟာ တစ်ယောက်ယောက်များ တမင်လုပ်လိုက်လို့လားလို့ အောက်မေ့မိတယ်၊ ကျွန်တော်ဟာ လူတွေထဲမှာ မနေချင်ဘူး၊ ဘယ်သူ့ကိုမှလဲ မယုံဘူး၊ လူတွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောတာကို ကျွန်တော်မုန်းတယ်၊ လူတွေ ပျော်ရွှင်ကြည်နူးနေကြာတွေကို ကျွန်တော် မမြင်ချင်ဘူး၊ လူတွေ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ပြီး တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းနေကြတာတွေကို ကျွန်တော် မကြည့်ချင်ဘူး၊ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပြုံးရယ်နေကြတာကို ကျွန်တော်မမြင်ချင်ဘူး”
နိုင်ပန်းက ခေါင်းကို ညိတ်လိုက်ရင်း “အင်း တစ်ခါတလေတော့လဲ ဖြစ်တတ်ကြပါတယ်ကွာ”
“ခင်ဗျားကို ပြောရင်တော့ ယုံမှ ယုံပမလား မသိဘူး၊ လောကကြီးမှာ ကျွန်တော် ဘာကိုမှ စိတ်မဝင်စားဘူး၊ အားလုံးကို ကျွန်တော် ငြီးငွေ့နေတယ်၊ ကမ္ဘာလောကကြီးကို ကြည့်ရတာကလဲ ခြောက်ခန်းပြီး ဟာလာဟင်းလင်းဖြစ်နေတယ်။ ဘာမှ အနှစ်သာရ မရှိဘူး၊ ဘာမှ ကြည်ညိုလေးစားစရာ မရှိဘူး၊ အမှန်ကတော့ ကျွန်တော်လဲ အလုပ်တစ်ခုကို ရှာဖွေလုပ်ရင် ရမှာပါဗျာ၊ ဒါပေမယ့် ခက်တာက ကျွန်တော်ဟာ လူတွေကို မြင်ရာကို မုန်းတီးစက်ဆုပ်နေတယ်၊ ကျွန်တော် သူတို့ဆီက ဘာမှလဲ မလိုချင်ဘူး၊ အခွင့်အရေးပေးတာလဲ မလိုချင်ဘူး၊ အလုပ်တစ်ခုဆိုရင်လဲ အများဆုံးလုပ်ရင် တစ်ပတ် နှစ်ပတ်လောက်ပဲ လုပ်ပြီး ထွက်လာခဲ့တာပဲ၊ ဘယ်နေရာမှလဲ ကြာကြာမနေဘူး”
“စာတို့ ဘာတို့ကော မဖတ်ဘူးလား”
“အလျင်တုန်းကတော့ ဖတ်ခဲ့ပါတယ်၊ ခုတော့ မဖတ်တော့ဘူးဗျ၊ ခုတော့ သတင်းစာတောင် မဖတ်တော့ဘူး၊ ဘာဖတ်ဖို့ လိုသေးသလဲဗျာ၊ ဘာတွေ ပါမယ်ဆိုတာ သိပြီးသား ဖြစ်နေပြီပဲ။ သေနတ်ပစ်မှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှု ဒါတွေပဲမဟုတ်လား၊ နေရာနဲ့ လူအမည်သာ ပြောင်းချင် ပြောင်းမယ်၊ အဖြစ်အပျက်ကတော့ အတူတူပဲ မဟုတ်လား”
လူရွယ်သည် မေးကိုပွတ်ရင်း နိုင်ပန်းကို စွေကြည့်နေသည်။
“အင်း ခင်ဗျားကတော့ တော်တော်ကံကောင်းတဲ့လူပဲဗျာ၊ ခင်ဗျားကို သေနတ်ကြီးနဲ့ထောက်ပြီး ခြိမ်းခြောက်တာတောင် ဒေါသလဲမထွက်ဘူး၊ ကြောက်ရွံတဲ့ပုံလဲမပေါ်ဘူး၊ စောစောကတော့ ကျွန်တော် ခင်ဗျားကို သတ်မလို့ပဲ၊ ဒီကမ္ဘာ လောကကြီးက ဒေါသကြီးတဲ့လူတွေ၊ ယဉ်ကျေးမှုကြီးနဲ့ လူကျင့်ဝတ်တရားတွေ ပျက်ကုန်ပါပြီလို့ ကြွေးကြော်နေကြတဲ့ စိတ်ထားခပ်ညံ့ညံ့လူတွေနဲ့ ပြည့်နှက်နေတယ်၊ ကျွန်တော်ကတော့ ဒီလိုမယုံကြည်ဘူးဗျ၊ လူတစ်ရာ လူတစ်ထောင် ဆိုးသွားရုံနဲ့ ကမ္ဘာကြီးတစ်ခုလုံး ရှိသမျှလူတွေ ဆိုးသွားပြီလို့ ကျွန်တော် မယုံတော့ဘူး၊ ခု ခင်ဗျားနဲ့ တွေလိုက်တော့ ကျွန်တော့်စိတ်ထဲမှာ ပိုပြီးသေချာသွားပြီဗျ၊ ကျွန်တော့်ယုံကြည်ချက် မှန်တယ်ဆိုတာကို တွေ့လိုက်ရပြီ၊ ဟို တုန်းက ကျွန်တော် တွေးခဲ့ဖူးတယ်၊ ကမ္ဘာကြီးဟာ မျှော်လင့်ချက်ကုန်ခန်းနေပြီ၊ ကမ္ဘာကြီးဟာ ချောက်ကမ်းပါးကြီးထဲမှာ စုန်းစုန်းမြုပ်နေပြီး လူတွေရဲ့ မကောင်းမှုတွေနဲ့ ညစ်နွမ်းနေပြီ၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လောကကြီးမှာ တကယ့်လူသားတစ်ယောက် တကယ့်လူတစ်ယောက်တော့ ရှိရမယ်လို့ ကျွန်တော် ယူဆခဲ့ဖူးတယ်၊ အဲဒီလူဟာ တစ်ဖက်သားတွေ လေးစားကြည်ညိုအောင် ဘယ်လိုနေရ ထိုင်ရတယ်ဆိုတာကို ကောင်းကောင်းသိတယ်။ ဒီလိုလူမျိုးတစ်ယောက်တော့ ရှိရမယ်လို့ ကျွန်တော့်စိတ်ထဲမှာ ထင်ခဲ့ဖူးတယ်၊ ဒါပေမယ့် ကျွန်တော် မျှော်မှန်းထားတဲ့လူမျိုးကို တစ်ယောက်မှ မတွေ့ဖူးသေးတော့ ရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့မိတယ်၊ လောကကြီးရဲမကောင်းမှုတွေနဲ့အတူ မျောပါမှုမရှိတဲ့လူတစ်ယောက်၊ ကောင်းမြတ်တဲ့ မနသီစိတ်ထားရှိတဲ့ လူတစ်ယောက်ကို တွေချင်မြင်ချင်လိုက်တာလို့ ကျွန်တော် တောင့်တခဲ့မိဖူးတယ်၊ ခုတော့ ကျွန်တော်တွေ့ချင်တဲ့လူမျိုးကို တွေ့လိုက်ရပြီ၊ ဒီတော့ ကျွန်တော် နောက်ထပ် ဘာမှမလိုတော့ပါဘူး၊ ကျွန်တော် အိမ်ကိုပြန်တော့မယ်၊ ကျွန်တော်ဟာ ကမ္ဘာလောကကြီးကို နောက်တစ်ခါ မုန်းမိတော့မှာ မဟုတ်တော့ဘူးလို့ ယုံကြည်သွားပြီ၊ ကျွန်တော်နေချင်တဲ့ ဘဝမျိုးကို ကျွန်တော်တွေ့ခဲ့ရပြီ”
လူရွယ်သည် ပို၍ကြည်လင်လန်းဆန်းလာသည်ဟု ထင်ရ၏။ ပြန်ရန် ထိုင်ရာမှထလိုက်သည်။ ထိုစဉ် တစ်စုံတစ်ခုကို သတိရကာ အိတ်ထဲမှသေနတ်ကို ထုတ်ပြီး ဆိုင်ရှင် နိုင်ပန်းကို လှမ်းပေးလိုက်၏။
“ဒီ သေနတ်ကို ယူထားလိုက်ပါတော့ဗျာ၊ ကျွန်တော်အတွက် မလိုတော့ပါဘူး၊ လက်နက်ဆိုတာ ရိုင်းစိုင်းမှုရဲ့ တံဆိပ်အမှတ်အသားဗျ။ လူဆိုးဓားပြတွေဟာ သေနတ်နဲ့ အသက်ရှင်နေကြရတယ်၊ ဒါပေမယ့် သူတို့လဲ တစ်နေ့ကျတော့ သူတို့ရန်သူက အမှတ်မဲ့ရောက်လာပြီး လက်နက်နဲ့ပဲ သေရတာပဲ၊ သူတို့မှာ ဆည်းဆာအလှအပကိုကြည့်ဖို့ အချိန်မရှိတော့ဘူး၊ သီချင်းဆိုဖို့ အချိန်မရှိတော့ဘူး၊ လူတစ်ယောက်ဟာ သီချင်းဆိုဖို့အချိန်မရှိဘူးဆိုရင် အဲဒီလူမျိုးဖြစ်ရတာထက် ပုရစ်ကလေးတစ်ကောင် ငှက်ကလေးတစ်ကောင် ဖြစ်ရတာကမှ တော်ဦးမယ်”
သေနတ်သမားသည် ပြုံးရယ်ပြီးနောက် လက်ပြနှုတ်ဆက်လိုက်ရင်း
“ကျွန်တော် ခင်ဗျားကို နောက်တစ်ခါ လာတွေ့ဦးမယ်ဗျာ၊ ဒါပေမယ့် သေနတ်ကြီးကိုတော့ မတွေ့ပါရစေနဲ့တော့၊ ကဲ သွားပြီ”
လူရွယ်သည် အမှောင်ထဲတွင်ဝင် ရောက်ပျောက်ကွယ်သွား၏။ ဆိုင်ပိုင်ရှင် နိုင်ပန်းသည် သူ့ပစ္စည်းအသစ်ကို ငုံ့ကြည့်လိုက်၏။ မနက်ဖြန်ကျလျှင် ထိုသေနတ်ကို တစ်ယောက်ယောက်ထံ ရောင်းရဦးမည်။ မိမိဆိုင်တွင် ကော်ဖီစစ်အိုးကောင်းကောင်း လိုနေသည် မဟုတ်လော။
⬛
မြသန်းတင့်
ထိုင်းအမျိုးသား စာရေးဆရာ Vilas Maniviyat ၏ Who Needs It ကို ပြန်ဆိုသည်။