စင်သီယာ၏ ကိန္နရာချောင်းခြား
အင်းလျားလိတ်မှာ မင်္ဂလာဆောင်တစ်ခု တီးစရာရှိတယ်။ ကိုးနာရီကနေ ဆယ့်တစ်နာရီအထိဆိုတော့ ပစ္စည်းသိမ်းမှာနဲ့ဘာနဲ့ ဆယ့်နှစ်နာရီလောက်မှ ရောတ်မယ် ဟု ခင်မေလွင်ကို ပြောခဲ့သည်။ ပိုကောင်းတယ်။ အဲဒီအချိန်လောက်ဆိုရင် ဧည့်သည် တော်တော်များများ ပြန်ကုန်ကြပြီ။ လူရင်းတွေ လောက်ပဲ ရှိတော့မှာ။ ဆရာ လာဖြစ်အောင် လာခဲ့နော်။ ပလာတာက စထရင်းက မှာတာ၊ကြက်သားဟင်းက မေလွင့်သူငယ်ချင်း လာချက်ပေးတာ မနှစ်က မေလွင့်မွေးနေ့ ဆွမ်းကျွေးတုန်းကလဲ ဆရာမလာဘူး။ ဒီတစ်ခါ မလာရင်တော့ စိတ်ဆိုးမှာ ဟု မေလွင်က တဖွဖွမှာ၏။
ကျွန်တော်ရောက်သွားသည့်အချိန်တွင် လူတော်တော် ရှင်းနေလေပြီ။အိမ်ရှေ့တွင် ရပ်ထားသည့် ကားသုံးလေးစီးလောက်ကိုသာ မြင်ရသည်။ အိမ်ထဲမှာ ရယ်သံလွင်လွင်၊ စကားသံသဲ့သဲ့နှင့် သီချင်းသံအေးအေးကို ကြားရသည်။ ဆူညံ ပူလောင်သော တေးသံများကို မကြားရ။ အေးလေ၊ ခင်မေလွင်က မြန်မာဆန်သူပေပဲ။ သူ့မွေးနေ့မှာ မြန်မာတေးသံကိုပဲ ကြားရမှာပေါ့။
မြန်မာတေးသံမှာပင် ကျွန်တော်တီးထားသည့် စန္ဒရားလက်သံ။ ခေတ်ဟောင်းဟု ခေါ်ကြသည့် ဒေါ်ကြည်အောင်တို့၊ လေဘာတီဒေါ်မြရင်တို့၊ ဒေါ်မေရှင်တို့ ဆိုထားသည့် သီချင်းများနှင့် အနှစ်နှစ်ဆယ်ဟု ခပ်လွယ်လွယ် ခေါ်နေကြသည့် စစ်ပြီးခေတ် နာမည်ကြီးအဆိုတော်များ သီဆိုထားသည့် တေးသီချင်းတွေအခွေ။
အေဆိုက်တွင် ခေတ်ဟောင်းသီချင်းများ၊ ဘီဆိုက်တွင် အနှစ်နှစ်ဆယ်ကို သွင်းထားပြီး မကြာမီကမှ တေးသံသွင်းဆိုင်တစ်ဆိုင်မှ ဖြန့်ချိခဲ့သည့်အခွေ ဖြစ်သည်။ သီချင်းအများစုတွင် ဂီတနောက်ခံမှာ ကျွန်တော့်စန္ဒရားနှင့်တယော ဆယ်လက်လောက်ကို သုံးထားသည်။
ပြီး စည်းကို နည်းနည်းသုတ်ထားသည်။ တချို့သီချင်းများတွင် အီလက်ထရွန်းနစ် တူရိယာများကို ကြားညှပ်ထားသည့် အပိုဒ်များလည်း ပါသင့် သလောက် ပါသည်။ အဆိုတော်များကလည်း ခေတ်စားနေသည့် အဆိုတော် သစ်ကလေးများ ဖြစ်သဖြင့် ကျွန်တော့်အခွေသည် ဈေးကွက်တွင် မျက်နှာပွင့်သည်ဟု ဆိုနိုင်သည်။
မူလဆရာကြီးများ၏ နရီကို ပြုပြင်ကာ ပြန်ပေးလိုက်ရသည့်အတွက် ကျွန်တော် စိတ်မကောင်း၊ သို့ရာတွင် မတတ်နိုင်ပါ။ ယခုခေတ်၏ ဘဝနရီသည် မြန်နေလေရာ နားထောင်သူတို့ကလည်း နရီမြန်မှ သွက်မှ သဘောကျကြသည်။
မူလဆရာကြီးများ နရီစည်းချက်ကို ကျွန်တော် ပြင်လိုက်ရသဖြင့် ညအိပ်ရာဝင် ဘုရားရှိခိုးလျှင် ဆရာကြီးများကိုလည်း ကျွန်တော် ရှိခိုး၍ တောင်းပန်သည်။
ကျွန်တော့်ဂီတဝိုင်းတွင် စတီရီယိုဝိုင်းနှင့် မြန်မာပိုင်းဟူ၍ နှစ်ဝိုင်းထားသည်။ မြန်မာပိုင်းချည်းဆိုလျှင် ကောင်းကောင်း အလုပ်မဖြစ်ချင်။ သည်ခေတ် မင်္ဂလာဆောင်များသည် ဆူဆူညံညံကိုမှ သဘောကျတတ်ကြ၏။သတို့သားနှင့် သတို့သမီး ထုတ်လာသည့်အချိန်တွင် အတိုင်းမသိမှ တစ်ပိုဒ်ကို ကောက်ဆိုပေးလိုက်လျှင် ကိစ္စပြီးသည်။ အချို့ မင်္ဂလာဆောင်များတွင်မူ အတိုင်းမသိကိုပင် တီးခြင်းမပြုတော့ စတီရီယိုနှင့်ပင် ကိစ္စပြီးသွားသည်။
ထို့ကြောင့် တီးဝိုင်းလာလျှင် စတီရီယိုလား၊ မြန်မာလားဟု မေးရသည်။ စတီရီယိုသက်သက်ချည်းဆိုလျှင် အတိုင်းမသိကိုပင် တီးစရာမလိုတော့ပြီ။
သည်ခေတ်လူငယ်တွေကလည်း စတီရီယိုကို သဘောကျကြသည်။ကျွန်တော့်တပည့်မ ခင်မေလွင်မှာ ထိုအထဲတွင် မပါ။ ခင်မေလွင်သည် ငယ်ငယ်ကတည်းက အဆိုအတီးဝါသနာပါသည်။ ကက်ဆက်တွေပေါ်ခါစက သူ့အဖေနားထောင်လေ့ရှိသော ခေတ်ဟောင်း ပြန်ဆိုသီချင်းများကို သူ သဘောကျသည်။ ဂီတသင်ချင်သည်ဟု ပူဆာသဖြင့် အဖေက ပန်တျာကျောင်းဆင်း တစ်ယောက်ကို ခေါ်၍ ပတ္တလား သင်ပေးသည်။ တစ်နှစ်လောက် သင်လိုက်သည့်အခါတွင် မြန်မာ့ဂီတ အခြေခံကို တော်တော် ခေါက်မိလေပြီ။
ခင်မေလွင့်အဖေသည် သူ့သမီးကို သာမန်လောက်မျှသာ သဘောထားကာ စိတ်ကျေနပ်ရုံ ပတ္တလားတီးသင်ပေးခြင်း ဖြစ်၏။ သို့ရာတွင် ကျကျနန တီးတတ်ပြီး ပြိုင်ပွဲတွေ ဘာတွေတွင် ပထမ ဒုတိယစသည်တို့ ရလာသည့်အခါတွင် သူ့သမီးအတွက် စန္ဒရားကောင်းကောင်း တစ်လုံး ဝယ်ပေးသည်။
ထိုအချိန်မှစ၍ ကျွန်တော်သည် ခင်မေလွင်၏ ဂီတဆရာ စန္ဒရားဆရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့အိမ်တွင် တစ်လတစ်ခေါက်၊ နှစ်လတစ်ခါလောက် ကျွန်တော်တို့ ဂီတသမားများကို ဖိတ်ကြားကာ ဂီတဝိုင်းကလေးတွေ လုပ်တတ်သည်။
ဆယ်တန်းဖြေမည့်နှစ်တွင် ခင်မေလွင်သည် ဂီတသင်ခန်းစာကို ရပ်ထားလိုက်၏။ ခင်မေလွင့်အဖေသည် ထိုနှစ်တစ်နှစ်လုံး သူ့သမီးကို စန္ဒရားနားသို့ ကပ်ခွင့်မပေး။ ဆယ်တန်းအောင်သည့်အခါမှပင် စန္ဒရားကို ပြန်တီးခွင့်ပေးသည်။ ခင်မေလွင်၏ အဖေသည် တက္ကသိုလ်မှ ပါမောက္ခကြီးတစ်ဦးဖြစ်သဖြင့် စာပေအနုပညာကိုလည်း ခံစားတတ်သည်။
တစ်ခါတစ်ရံတွင် ဆရာသည် မြန်မာသီချင်းကြီးထဲမှ စာသားများကို အရသာခံပြတတ်သည်။ အနက်ဖွင့်ပြတတ်သည်။ တချို့စာသားများကို ဆရာပြောမှပင် ကျွန်တော်တို့ စဉ်းစားမိတော့သည်။ မဟာဂီတဝင် စာသားများနှင့်ပတ်သက်၍ ပညာရှင်တို့ သဘောကွဲလွဲနေသည့် စာသားမျိုးကိုလည်း ဆရာ ပြောဖူးသည်။ ဥပမာ မြဝတီမင်းကြီး ဦးစ ရေးသည့် လွမ်းဓလေ့ပတ်ပျိုးက စာသားအချို့ ဆိုပါတော့။
ဒီးဒုတ်ဦးဘချိုကတော့ လွမ်းဓလေ့ မျှော်၍ငယ်စေပင် မိုးယံဝယ် လကိုမြင်၊ ကြယ်စင်ဟုတ်ဘူး လွမ်းသူ့နောင် စောရွယ်လူး … ဆိုတဲ့ စာသားမှာကို ဒီလို အနက်ဖွင့်တယ် ကိုစောနိုင်”
ဆရာသည် ကျွန်တော်တို့လူငယ်များကိုလည်း ကို ထည့်၍ ခေါ်တတ်သည်။
ဟုတ်ကဲ့ … ပြောပါဆရာ
သူကဒီစာပိုဒ်ကို အနက်ကောက်ရာမှာ ချစ်သူတို့ရဲ့ လွမ်းတတ်တဲ့ ဓလေ့ထုံးစံအရ ကောင်းကင်ကို လှမ်းကြည့်လိုက်တဲ့အခါမှာ ဆီးနှင်းမြူတိမ်တွေ ဖုံးနေလို့ လမင်းကြီးဟာ စင်စင်ကြယ်ကြယ်မရှိဘူးတဲ့၊ ဒီလမင်ကြီးကိုကြည့်ပြီး လွမ်းဓလေ့အခံနဲ့ လွမ်းရတဲ့သူဟာ လွမ်းသူတကာတို့က နောင်တော်လို့ ခေါ်ရလောက်အောင် အလွမ်းတွေ ပိုတယ်တဲ့။ လွမ်းတကာတို့ရဲ့ နောင်တော့နောင်တော်ကြီးပေါ့လေ။ ဒါက သူအနက်ဖွင့်တာ သူက လကိုမြင် ကြယ်စင် မဟုတ်ဘူးဆိုတဲ့ စာသားဟာ စာကူးတဲ့နေရာမှာ မှားတာဖြစ်နိုင်တယ်တဲ့။လကိုမြင်ပါလျက်နဲ့ ကြယ်စင်မဟုတ်ဘူးလို့ ပြောစရာအကြောင်းမရှိဘူးတဲ့ စင်စင်ကြယ်ကြယ် မဟုတ်ဘူးလို့ ပြောတာသာ ဖြစ်ရမယ်တဲ့ စဉ်းစားဖို့ ကောင်းတာပေါ့ဆရာ
ဒါပေမဲ့ မြန်မာညွန့်ဦးချစ်မောင်ကတော့ တစ်မျိုးအနက်ဖွင့်တယ်ဗျ။ ဦးချစ်မောင်က ကြယ်စင်လား၊ စင်ကြယ်လားဆိုတာကိုတော့ သိပ်မငြင်းပါဘူး။ ဒါပေမဲ့ လွမ်းဓလေ့ဆိုတာကိုတော့ သူကလက်မခံချင်ဘူး။ လွမ်းတာဟာ ဓလေ့လို့ ပြောလို့မရဘူးတဲ့။ လွမ်းတယ်လေ့ဆိုပြီး ညည်းတာဖြစ်နိုင်တယ်။ လွမ်းလိုက်တာလို့ ပြောပြီး ကောင်းကင်ကိုကြည့်လိုက်တော့ မှုန်မှိုင်းနေတဲ့ လမင်းကြီးကို မြင်ရတယ်လို့ မြဝတီမင်းကြီး ပြောတာပဲ ဖြစ်လိမ့်မယ်လို့ သူက ယူဆတယ်၊ ဒီစာသားကိုဆိုတော့လဲ လွမ်း… တယ်လေ့ ဆိုပြီး ဆိုရတယ်တဲ့။ အဲဒီလိုဆိုမှ စည်းဝါးလဲကိုက်တယ်လို့ ဦးချစ်မောင်ကဆိုတယ်။ သူကတော့ အတီးသမားအနေနဲ့ ပြောတာပေါ့လေ
သည်လိုခက်ခက်ခဲခဲ သိမ်သိမ်မွေ့မွေ့တွေကိုလည်း ဆရာပြောတတ်သည်။ ဆရာသည် သမီးဖြစ်သူ ခင်မေလွင်ကို မဟာဂီတတွင် နှံ့စပ်စေချင်ပုံရ၏။ ကျွန်တော့်ထံတွင် ခင်မေလွင် သီချင်းတက်နေသည်မှာ သီချင်းကြီးအပုဒ် တစ်ရာလောက် ရှိနေလေပြီ။
ဆရာ့အိမ်သို့သွားရသည်မှာ စာပေအနုပညာနှင့် ပတ်သက်သည့် ပညာလည်း ရ၏။ ဂီတနှင့်ပတ်သက်၍လည်း ကျွန်တော်တို့ မသိခဲ့ရသည့် ရှားရှားပါးပါး ဗဟုသုတတွေကို ဆည်းပူးရ၏။
ခင်မေလွင်တို့တိုက်မှာ တိတ်ဆိတ်သော ရပ်ကွက်တစ်ခုမှ ကိုယ်ပိုင်လမ်းသွယ်ကလေး တစ်ခုပေါ်တွင်ရှိသည့် တိုက်အိမ်လှလှကလေး ဖြစ်၏။ကျွန်တော် အိမ်ရှေ့ဆင်ဝင်ခန်းသို့ ဝင်လိုက်မိသည်နှင့် ခင်မေလွင်က …
လာ ဆရာ၊ လာမှလာပါ့မလားလို့ မျှော်နေတာ၊ မေလွင်တို့ သူငယ်ချင်းတွေလောက်ပဲ ကျန်တော့တယ်၊ ဧည့်သည်တွေကတော့ ပြန်ကုန်ကြပြီ
ကျွန်တော် ဝင်လာသည့်အချိန်တွင် ကော်ဇောတွေ ခင်းထားသည့် ကြမ်းပြင်ပေါ်တွင် စားပွဲဝိုင်းနည်းနည်းသာ ကျန်တော့သည်။ ကျန်သည့်စားပွဲ များကို သိမ်းပြီးကြလေပြီ။
လာ ဆရာ၊ ဒီစားပွဲမှာလာ၊ ဖေဖေတော့ အနားယူဦးမယ်ဆိုပြီး အပေါ်ထပ်တက်သွားတယ်
ခင်မေလွင်သည် ကျွန်တော့်ကို စားပွဲဝိုင်းတစ်ခုဆီသို့ ခေါ်သွား၏။စားပွဲတွင် မည်သူမျှမရှိ အခြား စားပွဲသုံးလေးငါးလုံးတွင်မူ ယောက်ျားလေး တစ်သိုက်နှင့် မိန်းကလေးတစ်သိုက် စားနေကြဆဲ ဖြစ်၏။ ခင်မေလွင့်သူငယ် ချင်းမတွေ ဖြစ်ဟန်တူသည်။
စာအုပ်ဗီရိုများပေါ်တွင် ဖုံး၍တင်ထားသော မိုက်ကရိုဖုန်းနှစ်လုံးမှ စန္ဒရားသံသည် ညင်းညင်းငြိမ့်ငြိမ့်ပေါ်လာ၏။
မေလွင့်လက်သံလေ၊ ဆရာနောက်ဆုံးတက်ပေးထားတဲ့ ကိန္နရာချောင်းခြားပတ်ပျိုးလေ …
စန္ဒရားလက်သံသည် သဖြန်ပိုဒ်များပေါ်တွင် ပြေးလွှားနေ၏။ ငယ်တိုးအတွင်းဝန်၏ ကိန္နရာချောင်းခြားပတ်ပျိုးလတ်ကို လွန်ခဲ့သည့် တစ်လလောက်က ကျွန်တော် တက်ပေးခဲ့သည်။ ခင်မေလွင်က သဖြန်ကို အကြိုက်ဆုံးဟုဆိုကာ နှစ်ကျော့ပြန်တီးနေသည်။
ပုလဲသီ
တကွဲစီ ဘယ်ကံ ဖန်လို့ ကြုံရဟန်ထူး။
သွင်းလေဆောင် စုံကျေးသည်မြိုင်ချောင်က
နီးလွယ်အောင် ကြံတော်ကြပါ့
လေးပါးနတ်မှူး။”
သဖြန်စာသားကို ကျွန်တော် တိုးတိုးရွတ်လိုက်သည်။
တော်တော်လှတဲ့ စာသားနော် ဆရာ”
မြန်မာစာ မဟာဝိဇ္ဇာတက်နေသည့် ခင်မေလွင်က လွမ်းတဟန်ဖြင့် ပြောသည်။
ဒါပေါ့၊ ဒါပေါ့၊ ကိန္နရီကိန္နရာမောင်နှံ ချောင်းခြားပြီး ကွဲနေကြတော့ နတ်မင်းကြီးလေးပါးကယ်ဖို့ တိုင်တည်တာပေါ့။ မေလွင်ကော နတ်မင်းကြီး လေးပါးကို တိုင်တည်ချင်လို့လား ဟင် … ဆရာကတော့ ပြောတော့မယ်၊ ဘာမှန်းလဲ မသိဘူး
ခင်မေလွင်က နှုတ်ခမ်းစူသည်။
မေလွင်က နတ်မင်းကြီးလေးပါးကို တိုင်တည်စရာမလိုပါဘူး။ ထိုင် တိုင်တည်စရာရှိတဲ့ သူငယ်ချင်းတစ်ယောက်အတွက် … ရှူး … လာနေပြီ၊ နောက်မှပြောမယ်
ဇာခန်းဆီးနောက်ဘက်မှ မိန်းမပျိုတစ်ယောက်၏ သဏ္ဌာန်ကို ရိပ်ခနဲ မြင်လိုက်ရသည်။ လက်ဖြူဖြူကလေး တစ်ဖက်က ဇာခန်းဆီးကို မလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးကို ကျွန်တော် သဲကွဲစွာ မြင်လိုက်ရသည်။ သွယ်သွယ်လျလျ၊ အရပ်မြင့်မြင့်၊ အသားဝါဝါ၊ မျက်လုံးညိုညိုနှင့် မိန်းမပျိုတစ်ယောက် အိမ်ရှေ့ကော်ဇောကြီးများပေါ်တွင် ခင်းထားသည့် စားပွဲဝိုင်းလေးငါးဝိုင်းမှ မျက်လုံးအစုံတို့သည် ထိုမိန်းမပျိုဆီသို့ ရောက်သွားကြသည်။
မိန်းမပျိုက စားပွဲဝိုင်းကလူအားလုံးကို မျက်လုံးညိုညိုများဖြင့် တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်။ သူ့မျက်နှာထားမှာ ရှက်ရွံ့ဟန်လည်း မပေါ်။ ရဲတင်းဟန်လည်း မပြ။ ပကတိ တည်ကြည်သော မျက်နှာထားမျိုး ဖြစ်သည်။နှုတ်ခမ်းကမူ ပြုံးရောင်သမ်းနေသည်ဟု ကျွန်တော့်စိတ်တွင် ထင်လိုက်
မိသည်။ သို့ရာတွင် ပြုံးသည်ဟုလည်း မဆိုသာ။
” လာ မဗြူ၊ ဘာမှ မစားရသေးဘူး မဟုတ်လား၊ နင်လည်း ပင်ပန်းလှရော့ပေါ့ စားလှည့်ဦးလေ”
ခင်မေလွင်က ကျွန်တော်နှင့်သူ စကားထိုင်ပြောနေသည့် စားပွဲဝိုင်းဆီသို့ လှမ်းခေါ်သည်။ သူက မျက်လုံးကလေး မသိမသာချီ၍ ခေါင်းခါပြသည်။
သို့ရာတွင် ကျွန်တော်တို့ စားပွဲနားရောက်လာပြီး ခင်မေလွင်ဘေးတွင် ဝင်ထိုင်၏။
ငါ မဆာဘူး၊ အနံ့တွေနဲ့ ဝနေပြီ
ဟု ဆိုကာ အားနာဟန်ဖြင့် ကျွန်တော့်ကိုကြည့်ပြီး ခင်မေလွင်နားနားသို့ ကပ်၍ တိုးတိုးပြော၏။
ခင်မေလွင်က ရယ်သည်။
ရပါတယ် ဆရာ ခဏကလေးနေဦးနော်၊ ကြက်သားဟင်းက သိပ်ရောင်းကောင်းလို့ ထပ်ချက်နေရတယ်တဲ့၊ ကျက်တော့မှာပါတဲ့၊ ကြက်သား
ဟင်းက မဗြူချက်တာလေ၊ မေလွင့်သူငယ်ချင်းက ဟင်းချက်သိပ်ကောင်းတာ ဆရာရဲ့၊ သူငယ်ချင်းတွေ တစ်ခုခုလုပ်ရင် သူပဲလာချက်ပေးတာပဲ
ကျွန်တော်က သူ့ကို လှမ်းကြည့်သည်။ အနီးကပ်ကြည့်သည့်အခါတွင် မိန်းမပျို၏အလှသည် ပို၍ ဝင်းနေ၏။ ဆံပင်ကို ကြည့်ကောင်းရုံဖြတ်ထားသည်မှအပ ပြင်ဆင်ထားခြင်း မရှိ။
နို့နှစ်ရောင် မှန်ပြတင်းမှ လျောကျလာသော အလင်းရောင်မှုန်မှုန်ထဲတွင် သူ့ဆံပင်များသည် သူ့မျက်လုံးများလိုပင် ညိုလဲ့မွှန်းတင့်နေသည်။
အသားဝါပါ။ မျက်လုံးရွှန်းရွှန်း ဆံပင်ညိုညိုနှင့်။ သနပ်ခါးကလေး ခပ်ပါးပါးလူးထားသည့် နဖူးပြင်ပေါ်တွင် ချွေးစက်ကလေးတွေ သီးနေသည်။
ပန်းနုရောင် ရိပ်ရိပ်ကလေးပြေးနေသည့် ပါးပြင်မှာ အဆီဝေ့လျက်။
ခင်မေလွင်သည် သူ့နာမည်ကို မည်သို့ခေါ်လိုက်ပါလိမ့်။ မဖြူလား၊မပြူးလား ကျွန်တော် သဲကွဲခြင်းမရှိ။ သို့ရာတွင် ကိစ္စမရှိပါ။ နှင်းဆီပန်းသည် ဘယ်နာမည်ကိုပဲည့်မှည့် မွှေးမြမြဲမဟုတ်လား။
မဗြူ ဟောဒါက ငါ့ဆရာ၊ စန္ဒရားဆရာ ကိုဟင်္သာ၊ ဆရာ ဒါက မေလွင့်သူငယ်ချင်း စင်သီယာထွန်းဗြူတဲ့။ မေလွင်တို့ကတော့ မဗြူလို့ပဲ ခေါ်ကြတယ်။ မေလွင့်သူငယ်ချင်းက အချက်အပြုတ်တို့၊ အိမ်အလှပြင်တာတို့၊ပန်းအလှပြင်တာတို့ကို သိပ်ဝါသနာပါတယ်။ အီကေဘန်းနား ပန်းအလှပြင်နည်း
တို့၊ သင်တန်းတို့ ဘာတို့ဆိုရင်လဲ သူသွားတက်တာပဲ။ အနောက်နိုင်ငံတို့ ဘာတို့မှာ ဆိုရင်တော့ မေလွင့်သူငယ်ချင်းက အင်တီးရီးယားဒက်ကော်ရေးတား
အိမ်အလှပြင် ဗိသုကာတို့၊ ဘာတို့ဖြစ်မှာပေါ့။ နော်ဒီမှာတော့
အို … မေလွင် ဘာတွေ လျှောက်ပြောနေတာလဲ”
ဟု စင်သီယာထွန်းဗြူက ရှက်စနိုးမျက်နှာကလေးဖြင့် ပြောရင်း ခင်မေလွင်ကို လက်သီးဖြင့် လှမ်းထုသည်။ စင်သီယာသည် ထိုစကားကို ဘာကြောင့်များ ရှက်နေရလေသနည်း။
အလကားပါ ဆရာ၊ မေလွင် သိပ်နောက်တယ်၊ ဆရာ သူ့စကားတွေကို အဟုတ်မှတ်မနေနဲ့နော်၊ ကြက်သားဟင်းကျက်ပြီလားလို့ သွားကြည့်
လိုက်ဦးမယ်။ ဆရာ ဆာလှရော့ပေါ့
ကြက်သားအိုးကို ပြင်ပေးခဲ့ပြီးမဟုတ်လား။ ဒေါ်ပုကြီး သူ့ဘာသာသူ ချက်မှာပေါ့။ မဗြူ၊ ဒီလောက်အသေးစိတ် လုပ်စရာမလိုပါဘူး၊ တို့နားလာထိုင်ပါ။
ဆရာ ကိန္နရာချောင်းခြားထဲက သဖြန်ကို အဓိပ္ပာယ်ရှင်းပြနေတယ်”
“မေလွင်နော် မေလွင် ကြပ်ကြပ်သတိထား၊ ဟင်းအိုးကျက်ပြီလားလို့ သွားကြည့်လိုက်ဦးမယ်ဆရာ
ဟုဆိုကာ ကျွန်တော်တို့အပါးမှ ထသွားသည်။
မေလွင့်သူငယ်ချင်း မချောဘူးလားဆရာ …
ချောတယ်၊ ဖလိုင်းယင်းဟိုင်ထဲက မင်းသမီး ကွန်နီဆာလီကာနဲ့တူတယ်။ ဒါပေမဲ့ ဟိုက သူ့ထက် မျက်နှာနည်းနည်း ပိုရှည်တယ်။ သူက သိပ်မျက်နှာမရှည်ဘူး။ ဟိုက ဆံပင်ကအနက် သူကဆံပင်အညိုရောင် ဟိုက မျက်လုံးက ကျယ်ပြီးနက်တယ်။ သူက မျက်လုံးဝိုင်းပြီး ညိုတယ် ကျွန်တော့်စိတ်ထဲမှာတော့ သူတောင်ပိုချောသေးတယ်လို့ ထင်တယ်
အမယ်လေး …. ဒီလိုဆိုရင် မဗြူဘယ်လောက် ဝမ်းသာမလဲမသိဘူး၊ ဒါပေမဲ့ ရုပ်ချောတာဟာ ကံဆိုးဖို့ ဖြစ်လာတာပါ ဆရာရယ်
ခင်မေလွင်၏မျက်နှာသည် ကြည်လင်ဝင်းပနေရာမှ မှိုင်းညိုသွား၏။
မေလွင့်သူငယ်ချင်းက ချောသလောက်ရိုးတယ် ဆရာ သဘောလည်း သိပ်ကောင်းလွန်းတယ်။ ရုပ်ချောသလောက် ရိုးပြီးသဘောကောင်းတဲ့
မိန်းကလေးများဟာ ကံဆိုးတတ်တယ်ထင်တယ်နော် ဆရာ
ကျွန်တော်က စီးကရက်တစ်လိပ်ကို ညှိဖွာလိုက်ရင်း …
ဘာဖြစ်လို့လဲ”
ခင်မေလွင်က ရယ်နေသည်။ ထို့နောက် မျက်နှာတည်သွား၏။
ကန်တော့ ဆရာ၊ နှလုံးကောင်းတော့ ဘာဖြစ်တယ် ဆိုလား မြန်မာစကားပုံရှိတယ် မဟုတ်လား ဆရာ၊ မေလွင်ကတော့ ဒီစကားပုံကို ပြင်ချင်တယ်ဆရာ နှလုံးကောင်းတော့ ကံဆိုးတတ်တယ်လို့
ကက်ဆက်ခွေထဲမှ ခင်မေလွင်၏ စန္ဒရားလက်သံသည် ငယ်တိုးအတွင်းဝန်၏ ကိန္နရာချောင်းခြားပတ်ပျိုးမှ သဖြန်သို့ နောက်တစ်ကျော့ပြန်ရောက်
လာသည်။
ဟုတ်တယ် ဆရာ၊ နှလုံးကောင်းတဲ့ လူများဟာ ကံဆိုးတတ်တယ်၊နှလုံးဆိုးတဲ့ လူတွေကျမှ ကံကောင်းကြတာ၊ မေလွင့်သူငယ်ချင်းအကြောင်း
ကို မေလွင်ကောင်းကောင်း သိတာပေါ့။ လူတိုင်းနဲ့ သင့်မြတ်တယ်။ သည်းခံတယ် မနာလိုဝန်တိုစိတ် မရှိဘူး၊ ကူညီတတ်တယ်။ သဘောဖြူ အူစင်းရှိ
တယ်။ ဒီလိုမိန်းကလေး တစ်ယောက်ဟာ နှလုံးကောင်းတယ်လို့ မခေါ်သင့်ဘူးလား ဆရာ
ခေါ်သင့်တာပေါ့
ဒါပေမဲ့ ကံတော့မကောင်းဘူး ဆရာ၊ စောစောက ပြောမယ်ဆိုတာ သူ့အကြောင်းကို ပြောတာ။ အကြောင်းမသိသူတွေကတော့ သူ့ကို အထင်သေးတယ်၊ လျှပ်ပေါ်တယ်လို့ ထင်ကြတယ်။ မျက်နှာများတယ်လို့ မဲ့ချင်ကြတယ်။ အုံ့ပုန်းလို့ ထင်ကြတယ်။ အမှန်ကတော့ မေလွင့်သူငယ်ချင်းဟာ အုံ့ပုန်းလဲ မဟုတ်ဘူး။ လျှပ်ပေါ်တာမျိုးလဲ မရှိဘူး။ မျက်နှာလဲ မများဘူး၊ ရိုးတာ၊ အ,တာ၊ သဘောကောင်းတာ …
ခင်မေလွင်သည် စင်သီယာ ဇာတ်လမ်းကို ပြောပြသည်။
လွန်ခဲ့သော နှစ်အစိတ်ကျော်လောက်က စင်သီယာသည် ထိုခေတ်က လခထောင်ကျော်စား ရရှိသည့် အရာရှိကြီးတစ်ယောက်၏ တစ်ဦးတည်းသော သမီးဖြစ်၏။ အဖေကရော အမေကပါ သူတို့သမီးချောကလေးကို အရိပ်တကြည့်ကြည့်နှင့် ဖြစ်ခဲ့ကြသည်။ ဒုတိယနှစ်ရောက်၍ နှစ်တစ်ဝက်
ကျောင်းပိတ်ခါနီးတွင် စင်သီယာသည် အိမ်က ကားမောင်းသည့် ဒရိုင်ဘာကလေးနှင့် လိုက်ပြေးသည်။
စင်သီယာ၏အဖေ စိတ်ဆိုးလိုက်သည်မှာ ဆိုဖွယ်မရှိတော့။ ဖေဖေသည် သူချစ်သောသမီးကို စိတ်နာလွန်းသဖြင့် အမွေပြတ်ကြော်ငြာတို့ ဘာတို့ပင် မထည့်။ သမီးကွယ်လွန်ကြောင်းကို သတင်းစာများတွင် ကြော်ငြာထည့်သည်။
မေမေက ကန့်ကွက်သည်ကိုပင် ဖေဖေလက်မခံ၊ ဖေဖေသည် အချစ်ကြီးနိုင်သလောက် အမုန်းကြီး မုန်းနိုင်သူဖြစ်သည်။ အရာရှိကြီးသမီး ကောလိပ်ကျောင်းသူ စင်သီယာသည် သတ္တိကောင်းကောင်းဖြင့် ဘဝကို ရင်ဆိုင်ခဲ့သည်။ သို့ရာတွင် စင်သီယာသည် သတ္တိကောင်းသလောက် အကျိုးမခံစားရပါ။
သူ့ယောက်ျား ဒရိုင်ဘာလေးသည် ချစ်စခင်စတွင်သာ အကြင်နာ အယုအယတွေ ပြသော်လည်း နောက်ပိုင်းတွင် ဇာတိပြကာ အရက်သောက်၊ ဖဲရိုက်စသည့် အလုပ်တွေကို လုပ်လာသည်။ ရသည့် ဒရိုင်ဘာလခကိုပင် စင်သီယာကို မအပ်တော့။
စဉ်းစားကြည့်ပါ ဆရာ၊ အရာရှိကြီးသမီး၊ ကောလိပ်ကျောင်းသူက အချစ်ကို ယုံစားပြီး ဒရိုင်ဘာနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့တယ်။
ရွှေတောင်ကြားလို ရပ်ကွက်မှာနေ၊ မော်တော်ကားစီး ကျောင်းတက်နေရတဲ့ ဘဝက ကမာရွတ်ဘူတာသံလမ်းနားက အခန်းကလေးထဲကို လိုက်သွားတာ
က နည်းတဲ့ သတ္တိလားဆရာ။ တူနှစ်ကိုယ်တဲအိုပျက်မှာ နေရဆိုတာလိုပေါ့။ဒါပေမဲ့ အဲဒီတုန်းက မေလွင် သူ့ကို သိပ်စိတ်ဆိုးတယ်။ ဒီလောက်တောင် ဖြစ်ရသလားဆိုပြီး သူ့ကို တစ်နှစ်လောက် စကားမပြောဘူး။ ငါ့ဆီလဲ မလာခဲ့နဲ့လို့ ပြောလွှတ်လိုက်တယ်။ မေလွင်က ဒရိုင်ဘာကိုယူလို့ စိတ်ဆိုးတာ မဟုတ်ပါဘူး။ အချစ်ရေးမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုတာကို မေလွင်လက်ခံပါတယ်။ လူတန်းစားတွေဘာတွေလဲ မခွဲပါဘူး။ ဒါပေမဲ့ သူ့ယောက်ျားက သားမှတ်မှတ် မယားမှတ်မှတ် မပေါင်းဘူး၊ ဒီအထဲမှာ သူ့ကို အရက်မူးပြီး ရန်ရှာတာတို့ ရိုက်တာတို့ရှိသေးတယ်။ ဒါကို ဒီလောက် သည်းခံရမလားဆိုပြီး မေလွင် စိတ်နာတာပါ …
စင်သီယာသည် ဒရိုင်ဘာကလေးနှင့် တစ်နှစ်လောက်သာ ပေါင်းလိုက်ရသည်။ ထိုအတောအတွင်းတွင် စင်သီယာ၏ ဖေဖေသည် ကွယ်လွန်သွားခဲ့၏။ ဖေဖေဆုံးသည့်အခါ မေမေက ပြန်ခေါ်၏။ စင်သီယာသည် သူ့ယောက်ျား
နှိပ်စက်သည့်ဒဏ်ကို မခံနိုင်တော့ သူ့အမှားကိုသိသည့်တိုင် ပြင်မရတော့ပြီ။ ထို့ကြောင့် ကိုယ့်အမှားဒဏ်ကို ကိုယ်ခံတော့မည်ဟုဆိုကာ သူ့ယောက်ျား
ကို အောင့်အည်းသည်းခံပေါင်းခဲ့သည်။ မိဘဆီပြန်လျှင် ဖေဖေကလည်း လက်ခံမည်မဟုတ်တော့ သူ့ကို ကွယ်လွန်အနိစ္စရောက်ပြီဟု ကြေညာခဲ့
သည်မဟုတ်လော။
ဖေဖေ့အသုဘတွင် စင်သီယာသည် အိမ်နှင့်ပြန်၍ အဆက်အသွယ် ရလာခဲ့ကာ အဝင်အထွက်လုပ်လာနိုင်ခဲ့သည်။ စင်သီယာသည် ကိုယ့်အမှား
ဖြစ်သည့်အတွက် သူ့အိမ်တွင်းရေးကို မေမေ့ကိုဘာမျှပြန်မပြောခဲ့။ သို့ရာတွင် သူနှိပ်စက်သည့်ဒဏ်ကိုမူ မခံနိုင်တော့ပြီ။ မေမေက ရိပ်မိသွားကာ သူ့သမီးကို
ပြန်ခေါ်သည်။ သူ့ယောက်ျားဒရိုင်ဘာသည် ကုန်ကူးသွားမည်ဆိုကာ ထွက်သွားရာမှ ပြန်မလာတော့။ ဤတွင် စင်သီယာသည် မေမေ့ဆီသို့ ပြန်ရောက်
လာခဲ့သည်။
ဖေဖေဆုံးသည့်အခါတွင် မေမေ့တွင် ဘာမျှထုပ်ထုပ်ထည်ထည် မကျန်ရစ်ခဲ့။ ခေတ်မီ တစ်ထပ်တိုက်ကလေးတစ်လုံးသာ ကျန်ရစ်ခဲ့သည်။ဤတွင် သူတို့အိမ်ကလေးကို သံရုံးအရာရှိတစ်ယောက်ကို ငှားပြီး သူတို့သားအမိက နောက်ဖေးက ကားရုံသာသာ အိမ်ကလေးတစ်ဆောင်တွင် နေကြသည်။ ဖေဖေရသည့် ပင်စင်ကလေးနှင့် အိမ်လခပေါင်းလျှင် သူတို့
သားအမိနှစ်ယောက် ကောင်းကောင်းနေနိုင်သည်။
စင်သီယာ ကျောင်းပြန်မတက်တော့ဘူး ဆရာ၊ သူတို့ အိမ်မှာနေတဲ့ နိုင်ငံခြားသားသံရုံးအရာရှိက သူတို့သံရုံးမှာ အလုပ်သွင်းပေးတယ်။ အဲဒီသံရုံးမှာ အလုပ်လုပ်တဲ့ တစ်နှစ်လောက်အတွင်းမှာ ပါတီတို့ ဘာတို့သွားရာကအစ သံအရာရှိနဲ့ ရင်းနှီးလာခဲ့တယ်။ တိုတိုပြောရရင် သံအရာရှိနဲ့ဖြစ်ပြီး
ကလေးလေးတစ်ယောက် ရလိုက်တယ်။ ကပြားကလေး။ ခုဆို လေးနှစ်လောက်ရှိပြီ။ အဲဒီတုန်းကလဲ မေလွင် သူ့ကို ဆူတယ်။ ခြောက်လလောက်
အဆက်ဖြတ်ထားလိုက်တယ်။ ဒါပေမဲ့ မေလွင့်သူငယ်ချင်းဟာ သိပ်သဘော ကောင်းတယ်မဟုတ်လား ဆရာ။ ကြာတော့ မေလွင် သူ့ကို သနားလာတယ်။သူ့ကို ပြောရင် ဆူရင် ဘာမှမပြောဘူး။ မျက်ရည်တွေဝဲပြီး ငါမှားတာကို ပြောပါဆိုပြီး စင်းခံတယ်။ စုံစမ်းကြည့်တော့ သူ့ကောင်က ဟိုမှာ မယားကြီးနဲ့တဲ့။ မြန်မာပြည်ရောက်တုန်း အပျော်ယူထားလိုက်တာပေါ့ ဆရာရယ်။ ဘယ်မှာ အတည်ယူမှာလဲ။ ဒီကောင်တွေက ဒီလိုပဲမဟုတ်လား။ မေလွင်ပြောတာ ရိုင်းသွားရင် ဆရာ ခွင့်လွှတ်နော်၊ သူ့ကောင်နဲ့ တစ်နှစ်ကျော်ကျော်လောက်ပေါင်းပြီး ကလေးလေး အခါလည်သားလောက်ရောက်တော့ ဟိုကောင် ပြန်သွားရတယ်။ သူ့ကိုခေါ်မယ် ဘာမယ်နဲ့ ကတိပေးသွားခဲ့တာပေါ့။”
ပြန်ရောက်ခါစတုန်းကတော့ စာတို့ ဘာတို့လဲ လာတယ်။ ပစ္စည်းတို့ဘာတို့လဲ ပို့ပေးတယ်။ ခေါ်ဖို့စီစဉ်နေတဲ့ အကြောင်းလဲ ပါတယ်။ဒါပေမဲ့ နည်းနည်း ကြာလာတော့ စာအဆက်အသွယ် နည်းသွားတယ်။
နောက်တော့ လုံးလုံးတောင် မလာတော့ဘူး။ သူကတော့ သူ့ကောင် လာခေါ်မှာပဲလို့ ထင်နေတုန်းပဲ။ ဟိုကောင်က သူ့ကို တကယ်ချစ်တာလို့ ယုံစားနေတုန်းပဲ။ သူတို့မှာ ဘယ်မှာအချစ်တွေ ဘာတွေရှိမှာလဲ ဆရာ။ခုဆိုရင် ဟိုကောင်ပြန်သွားတာ သုံးနှစ်ကျော်သွားပြီ။ သူ့မှာသာ သားတစ်ယောက် တိုးလို့တွဲလောင်းနဲ့ ကျန်ရစ်ခဲ့တာ။”
မေလွင့်သူငယ်ချင်းဟာ သဘောကောင်းတယ်။ ရိုးသားတယ်။ ကူညီချင်တယ်။ လူတိုင်းနဲ့သင့်မြတ်တယ်။ အပေါင်းအသင်းအပေါ်မှာဆိုရင်လဲ
အနစ်နာခံတယ်။ မေလွင့်သူငယ်ချင်းဟာ ယောက်ျားနှစ်ယောက်နဲ့ ကလေးတစ်ယောက်
ရခဲ့ပြီ။ ဘဝ ပျက်ခဲ့ရပြီလေ။ ဒါပေမဲ့ မေလွင့်ကို ငိုပြီး ရင်ဖွင့်ဖူးတာ တစ်ခါပဲ ရှိသေးတယ်။ သူခံစားနေရတာကို ဘယ်သူ့ကိုမှ ဖွင့်မပြောဘူး။တချို့သူငယ်ချင်းတွေကတော့ သူ့ကို အထင်သေးကြတယ်။ မေလွင်ကတော့ သူ့ကို အထင်မသေးပါဘူး။”
မှားတော့မှားခဲ့တာပေါ့လေ။ ဒါပေမဲ့ မေလွင့်သူငယ်ချင်းဟာ သဘောကောင်းလွန်းလို့ ဒီလိုဖြစ်ရတာလို့ပဲ ယူဆတယ်။ သူ့အစား ယောက်ျားတွေ
ကိုလဲ မေလွင်မုန်းတယ်။ မိဗြူး နင်က သိပ်သဘောကောင်းလွန်းတယ် ဒီလောက်မကောင်းရဘူး။ လူတွေက ကိုယ့်လိုချည်းမဟုတ်ဘူးလို့ မကြာ
မကြာ ဆူရတယ်။ ခုလဲ သူ နောက်ဖေးမှာပဲ ချက်ပြုတ်နေတယ်။ အိမ်ရှေ့ကို သိပ်မထွက်ဘူး။ လူရှင်းတော့မှ ထွက်လာတာ။ နှလုံးကောင်းတော့
ဘာဖြစ်တယ်ဆိုတဲ့ စကားအစား မိန်းကလေးများ နှလုံးကောင်းရင် ကံဆိုးတတ်တယ်လို့ မေလွင် ပြင်ချင်တယ်။ မေလွင့်သူငယ်ချင်းအကြောင်း မေလွင်သိတာပေါ့ ဆရာ
ကြက်သားဟင်းနှင့် ပလာတာရောက်လာသဖြင့် စားသောက်ပြီး အချိုပွဲတွေ ရောက်လာပြန်သည်။ အချိုပွဲက အစုံ ကျောက်ကျော၊ ဆနွင်းမကင်း၊
မုန့်ကုလားမည်း၊ လက်ဖက်သုပ် ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ်။
ဒါတွေလဲ မဗြူလုပ်တဲ့ မုန့်တွေလေ။ သားလေးကို အမေနဲ့ထားခဲ့ပြီး မနေ့ညကတည်းက လာအိပ်ပြီးလုပ်နေတာ။ မဗြူ နင့်အကြောင်းကို ငါ့ဆရာကို ပြောပြီး သီချင်းတစ်ပုဒ်လောက် အစပ်ခိုင်းချင်လိုက်တာ”
လို့ ပြောတော့ ပြောလိုက်လေတဲ့။
“အဲ့ဒါသာကြည့်တော့။ မေလွင့်သူငယ်ချင်းမှာ
ဟန်ဆောင်တာတို့ ဘာတို့လဲ မရှိဘူး။ တကယ့်ကို အရိုးခံ၊ ကိန္နရာချောင်းခြား ပတ်ပျိုးထဲက သဖြန်စာသားကို သူ သိပ်သဘောကျတယ်။ သူက
မြန်မာစာတော့ သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ မေလွင်က အဓိပ္ပာယ်ပြောပြတော့ သူ သဘောကျနေတယ်
ကျွန်တော်က သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း…
အင်း … စိတ်မကောင်းစရာပေါ့နော်”
သဘောကောင်းတဲ့ မိန်းမချောတွေဟာ ကံဆိုးမိုးမှောင်နဲ့ ကြုံရတယ်လို့ မေလွင်ပြောတာကို ကျွန်တော်တောင် ထောက်ခံချင်လာပြီ။ ဘဝဆိုတဲ့ ပုလဲသွယ်က ကြိုးကလေးပြတ်သွားတဲ့အခါ
ကျတော့ ပုလဲလုံးကလေးတွေဟာ တကွဲစီ လွင့်စဉ်သွားကြသလိုပေါ့။
အချိန်လင့်သဖြင့် ကျွန်တော်သည် ထိုင်ရာမှထ၏။ ဆရာ့ကို နှုတ်ဆက်ဖို့ မှာ၏။ ကျွန်တော် ပြန်ခါနီးတွင် မေလွင်က ခေါ်သဖြင့် စင်သီယာလည်း
ထွက်လာကာ ကျွန်တော့်ကို တံခါးပေါက်အရောက် လိုက်ပို့နှုတ်ဆက်သည်။
ကျွန်တော်သည် ကားကို စက်နှိုး၍ ခင်မေလွင်တို့ ခြံထဲမှထွက်လာခဲ့၏။
ကားမောင်းရင်း ကိန္နရာချောင်းခြားပတ်ပျိုးထဲမှ သဖြန်အဆုံးပိုဒ်သည် ကျွန်တော့်ရင်ထဲသို့ တိုးဝှေ့တိုက်ခတ်လာ၏။
သွင်းလေဆောင်၊ စုံကျေးသည်မြိုင်ချောင်က၊
နီးလွယ်အောင် ကြံတော်ကြပါ၊
လေးပါးနတ်မှူး … လေးပါး နတ်မှူး … လေးပါး နတ်မှူး –
⬛
မြသန်းတင့်
ရင်ခုန်ပွင့်၊ ဇန်နဝါရီ၊ ၁၉၈၈