ဝတ္ထုတိုများစုစည်းမှု့

ကံ့ကော်ပွင့်ခြောက်ကို လိုက်ကောက်နေသော ကိုလွမ်းဝေ

ကံ့ကော်တွေ ပွင့်ချိန်ရောက်တိုင်း သူ့ကို တက္ကသိုလ်တစ်ဝိုက်မှာ မခိုင် အမြဲ တွေ့ရတတ်သည်။

တစ်ခါတလေ အင်းလျားကန်ပေါင်ရိုးမှာ။

တစ်ခါတစ်ရံ ဘုတ်ကလပ်နားက ဘူးသီးကြော်ဆိုင်မှာ။

တစ်ကြိမ် တစ်ကြိမ်တွင်လည်း စမိုင်းမှာ။

တစ်တုံ တစ်တုံတွင်လည်း သထုံလမ်းက အင်္ဂလိပ်ပိတောက်ပင်တွေအောက်မှာ။

တစ်ချီတစ်ချီတွင်လည်း ဦးချစ်ဆိုင် ရွက်လှပင်တွေကြားက စားပွဲတစ်လုံးမှာ။

ယုဒသန်ဘုရားရှိခိုးကျောင်းရိပ်မှာ။

ဗဟိုစာကြည့်တိုက်ဘေး စံကားပင်ရိပ်အောက်က အုတ်တံတားကလေးပေါ်မှာ။ အမရနှင့် ရာမညဆောင်ကြားထဲမှာ။

လူကြီးက ဘယ်လိုလူကြီးမှန်းလည်း မသိဘူး။ နေရာတကာရောက်တယ်ဟု မခိုင် ထင်မိသည်။အစတုန်းက သူ့ကို သတိမထားမိ၊ နှစ်ခါသုံးခါ တွေ့ဖန်များလာသည့် အခါတွင်မူ သူ့ကို မခိုင် သတိမထားမိဘဲ မနေနိုင်တော့။

မခိုင် ကျောင်းရောက်စနှစ်တုန်းက လှေလှော်ရွက်တိုက်သင်မှာ မခိုင်ပါသည်။ တနင်္ဂနွေနေ့ တစ်မနက် စောစောတွင် မခိုင်တစ်ယောက်တည်း ဘုတ်ကလပ်ဘက်သို့ ထွက်လာခဲ့သည်။ ခါတိုင်းအဖော်တွေနှင့် သွားနေကျဖြစ်သော်လည်း သူ အတတ်ဆန်းပြီး စောစောထွက်လာခဲ့ခြင်း ဖြစ်၏။

မခိုင်က ဘောင်းဘီရှည်အဖြူ၊ စပို့ရှပ်အဖြူ၊ ကင်းဘတ်အဖြူ ဘလေဇာအစိမ်းကို ဝတ်ထားပြီး ခေါင်းပေါ်မှာ ဟန်ဒါအဝတ်ဦးထုပ်ကလေးဆောင်းထားသည်။

ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် အင်းလျားဆောင်ရှေ့က ကံ့ကော်ပင်တွေအောက်မှာ လျှောက်လာခဲ့သည်။ မနက်စောစောမှာ ကံ့ကော်ပန်းနံ့တွေက သင်းထုံလျက်။ အင်းလျားလမ်းပေါ်မှာ လူရှင်းနေသည်။ မနက်စောစော လမ်းလျှောက်သည့် နိုင်ငံခြားသားစုံတွဲတစ်တွဲ၊ အပြေးကျင့်သည့် ကောင်လေးနှစ်ယောက် သုံးယောက်လောက်ကိုသာ တွေ့ရသည်။ မခိုင် ဘုတ်ကလပ်ဘက်သို့ ချိုးဝင်မည်ပြုသည်။

ဒီမှာ ကလေးမ

ခပ်တိုးတိုး အသံတစ်သံကို ကြားလိုက်ရသဖြင့် မခိုင် လန့်သွား၏။အသံက ဘယ်ကလာမှန်းမသိ။ စိတ်ကထင်သည်လား၊ တကယ် ကြားလိုက် သည်လား ဆိုသည်ကိုလည်း မခိုင် မသဲကွဲ။

ကလေးမ ကံ့ကော်ပန်းယူမလား

စိတ်က ထင်ခြင်းမဟုတ်။ ခပ်တိုးတိုး လှမ်းမေးလိုက်သည့်အသံ။ အသံလာရာ မှောင်ပျပျ ကံ့ကော်ပင်ရိပ်အောက်မှာ သူ။ လူကြီးတစ်ယောက်။

စစ်အင်္ကျီလက်ရှည် ခပ်နွမ်းနွမ်းကို လက်လိပ်၍ ဝတ်ထားပြီး လုံချည်ခပ်နွမ်းနွမ်းကို ဝတ်ထားသည်။ ခေါင်းမှာ စစ်ဦးထုပ်လိုလို ဘာလိုလို အဝတ်ဦးထုပ်

ကလေး ဆောင်းထားပြီး လွယ်အိတ်ခပ်နွမ်းနွမ်းတစ်လုံးကို လွယ်ထားသည်။

မခိုင်သည် ကြောက်ကြောက်ဖြင့် ဘာမျှမဖြေဘဲ ဘုတ်ကလပ်ထဲသို့ ဝင်မည်အပြုတွင် သူ့အနီးသို့ ရောက်လာသည်။ သူ့ကိုယ်က ဆေးပြင်းလိပ်နှံနှင့်

အရက်နံ့ထွက်နေသည်ဟု မခိုင် ထင်လိုက်သည်။

မခိုင်သည် လန့်သွားကာ သူ့ကို ကြောင်ကြည့်နေမိသည်။ ဘာဖြေရမှန်းမသိ။

ကံ့ကော်ပန်း ယူမလားဟင်”

ဟင့်အင်း မ မလိုချင်ဘူး

နှုတ်မှ ထွက်မိထွက်ရာ ထွက်သွားသည်။ မခိုင်သည် အထက်တန်း ကျောင်းမှာတုန်းက ခါးပတ်နက်ရသည်အထိ ကရာတေးသင်ဖူးသည်။ သူ

နည်းနည်းပါးပါး တတ်သည့် ကရာတေးကို သုံးရမလား၊ ထွက်ပြေးရမလား၊အော်ရမလားဟု ဝေခွဲမရ ဖြစ်နေသည်။

ရုပ်ကတော့ သန့်သန့်ပြန့်ပြန့်ပင်။ နှာတံပေါ်ပေါ်၊ မျက်လုံးမျက်ခုံး ကောင်းကောင်းနှင့် ငယ်ငယ်တုန်းကတော့ ယောက်ျားပီသသည့်ရုပ်မျိုး ရှိပုံရသည်။ ယခုတော့ ထိုရုပ်လက္ခဏာသည် မှိန်ဖျော့နေလေပြီ။ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတို့က ကျိုးတိုးကျဲတဲ။ သည်အထဲတွင် ဖြူသည့်နေရာက ဖြူနေလေပြီ။

ရုပ်ရည်နှင့်အဝတ်အစားက နွမ်းနေသည့်တိုင် မျက်လုံး၊ နှုတ်ခမ်းနှင့်အသံတို့ကမူ နူးညံ့ချိုသာနေသည်။ အသံက တကယ့်တိုးတိုးကလေး မနည်း

နားထောင်ယူရသည်။

မင်းမယူချင်ဘူးဆိုရင်လဲ သူငယ်ချင်းတစ်ယောက်ယောက်ကို ပေးလိုက်လေ”

ပလတ်စတစ်အိတ် ခပ်လတ်လတ်ဖြင့် ထည့်ထားသည့် ကံ့ကော်ပွင့်ထုပ်ကို ထိုးပေးသည်။ မခိုင် လှမ်းမယူ။

ဦးလေး ပိုက်ဆံလိုလို့လား”

ပါးစပ်က လွှတ်ခနဲ ထွက်သွား၏။ သူက အသံမထွက်အောင် ရယ်သည်။ ရယ်လိုက်သည့်အခါတွင် သူ့မျက်လုံးများ လက်ခနဲ ဖြိုးပြက်သွားသည်

ကို မြင်လိုက်ရသည်။ သူ့သွားတချို့က ဆေးချေးတက်သဖြင့် မည်းနက်စပြုလေပြီ။ သူ ခေါင်းယမ်းပြသည်။

ဦးလေးလို့ မခေါ်ပါနဲ့ကွယ်၊ ဘဘလို့ပဲ ခေါ်ပါ။ ကျုပ်က မင်းအဖေထက်တောင် အသက်ကြီးချင် ကြီးနေမှာ”

မခိုင် နည်းနည်း အကြောက်ပြေသွားသည်။ လူဆိုး သူဆိုး မဟုတ်နိုင်။မျက်လုံးကြည့်ပုံကလည်း ပုံမှန်အတိုင်းပင်း စိတ်မနှံ့သူတစ်ယောက်လည်း

မဟုတ်နိုင်။

ဪ … ဟုတ်ကဲ့ ဘဘ၊ ဘဘရောင်းတာလား …

သူ ခေါင်းယမ်းသည်။

ရောင်းတာမဟုတ်ပါဘူး၊ မင်းကို ပေးတာပါ။ ကံ့ကော်ပွင့်တွေ မြေကြီးပေါ်မှာ ကြွေကျနေတာမြင်တော့ နှမြောတာနဲ့ ဘဘလမ်းလျှောက်ရင်း

ကောက်လာခဲ့တာ။ ဒီအတိုင်းပစ်ထားရင် ခဏနေတော့ လူနင်းဖတ်ဖြစ်ပြီး ညှိုးခြောက်သွားမှာ စိုးလို့

ဘဘပဲ ယူပါ။ မခိုင် မယူပါဘူး

ဘဘအတွက်မှ မလိုတာ၊ ဘဘမယူပါဘူး၊ ကလေးမပဲ ယူသွားပါ”

ကံ့ကော်ပန်းထုပ်ကို ထိုးပေးသည်။ ကံ့ကော်ပန်းနံ့က သင်းလျက်။သူ့ လက်မှာရှိနေသည့်တိုင် ကံ့ကော်နံ့သည် မခိုင်နှာဝသို့ ရောက်လာသည်။

ကျေးဇူးပဲ ဘဘ

ကံ့ကော်ပန်းထုပ်ကို မခိုင် လှမ်းယူသည်။ ပန်းထုပ်ကလေးကို နှာဝတွင် ကပ်ကြည့်လိုက်သည်။

မွှေးလိုက်တာ

သူ ဘာမျှမပြော၊ သူ့ကို ပြုံးကြည့်နေသည်။ ထိုစဉ် သူငယ်ချင်းတွေ ရောက်လာသဖြင့် သူ နှုတ်ဆက်ထွက်သွားသည်။

မခိုင် သူ့ကိုကြည့်၍ ကျန်ရစ်ခဲ့သည်။ ဘယ်သူမှန်းမသိ။ နာမည်ကလေးမှ မမေးလိုက်မိ။ ဘယ်မှာနေမှန်းလည်း မသိ။ ဘာလုပ်ရမှန်းလည်း မသိ။

သူ့လက်ထဲက ကံ့ကော်ပန်းထုပ်ကို မြင်သည့်အခါတွင် သူငယ်ချင်းတွေက ဝိုင်းစကြသည်။ ရယ်ကြသည်။ မခိုင်ကလည်း ရယ်သည်။

ဟာတော့ ဟားရတယ်ဟေ့၊ ကိုယ့်အနားရောက်လာပြီး ကံ့ကော်ပန်းတွေ ပေးသွားတယ်၊ ကိုယ်ကလည်း ဘာရမလဲ၊ ယူထားလိုက်တာပေါ့

ထိုနေ့က မခိုင် ကံ့ကော်ပန်းတွေကို ဘုရားတင်သည်။ တချို့ အပွင့်တွေကို စာအုပ်ကြားထဲမှာ ညှပ်ထားလိုက်သည်။ပထမနှစ် တစ်နှစ် ကုန်ဆုံးသွားသည်။ မခိုင် သူ့ကို နောက်ထပ်

မတွေ့တော့။

ဒုတိယနှစ်အစမှာ မခိုင် သူ့ကို တွေ့ပြန်သည်။ မနှစ်က အတိုင်းပင် စစ်အင်္ကျီအဟောင်း၊ ချည်လုံချည်ဟောင်းနှင့် အဝတ်ဦးထုပ်ကို ဆောင်းထားပြီး

လွယ်အိတ်ဟောင်းတစ်လုံးကို လွယ်ထားသည်။

သည်နှစ်မှာ မခိုင် လှေလှော်ရွက်တိုက်အသင်း မဝင်တော့။ လှေလှော်ရွက်တိုက်ရသည်ကို ငြီးငွေ့သွားပြီ။ သထုံလမ်းဘေးနားက တင်းနစ်ကွင်းတွေ

မှာ မနက်တိုင်းသွား၍ တင်းနစ်အရိုက်သင်သည်။ ကျင့်ခါစဖြစ်၍ ကိုယ်နှင့်တွဲမည့်သူ သိပ်မရှိ။ တစ်ယောက်တည်းပင် ကျင့်ရသည်။ ကိုယ်တစ်ယောက်တည်း နံရံကြီးဆီသို့ အရိုက်ကျင့်နေရခြင်းဖြစ်သည်။

တစ်မနက် တင်းနစ်အရိုက်ကျင့်ပြီး ပြန်လာစဉ် သထုံ ဘီအိုစီ ကောလိပ်ဘေးက ကံ့ကော်ပင်တွေအောက်မှာ တကုန်းကုန်းနှင့် ပန်းကောက်နေသူကို

မြင်ရသည်။ ကြည့်လိုက်သည့်အခါတွင် သူ။

မခိုင် သေသေချာချာကြည့်သည်။ မလွဲပါ။ မနှစ်က အဝတ်အစား အတိုင်းပင်း စစ်အင်္ကျီအဟောင်း၊ ချည်လုံချည်အဟောင်း၊ အဝတ်ဦးထုပ်

အဟောင်းကို ဝတ်ထားပြီး လွယ်အိတ်အဟောင်းတစ်လုံးကို လွယ်ထားသည်။သူ့ကြည့်လိုက်လျှင် အဟောင်းအနွမ်းတွေချည်းသာ ဖြစ်သည်။ တစ်ခုမှ

သစ်သစ်လွင်လွင်မရှိ။မခိုင် သူ့ကို မမြင်ယောင်ပြုကာ လျှောက်လာသည်။

ကလေးမ၊ ဟေ့ ကလေးမ “

သူက လှမ်းခေါ်သည်။ မခိုင် မကြားချင်ယောင်ဆောင်သည်။ သူက တစ်ခွန်း နှစ်ခွန်း ထပ်ခေါ်ပြီး မခိုင်နောက်မှ ခပ်ဖြည်းဖြည်း လိုက်လာသည်။

မခိုင် ခပ်သွက်သွက်လျှောက်လာသည်။ သူလည်း နောက်က ခပ်သွက်သွက် လိုက်လာသည်။ ဒုက္ခပဲ ဒီလူကြီးနဲ့ တွေ့ပြန်ပြီ။ အရူးလား အကောင်းလား

မသိဟု တွေးကာ မခိုင် ကြောက်လာသည်။

ပထမနှစ်တုန်းက အံ့သြသလိုဖြစ်ရာက ရယ်ချင်သည်။ သူ့ကို ရယ်စရာလို သဘောထားခဲ့သည်။ ယခုတစ်ကြိမ် တွေ့သည့်အခါတွင် မခိုင် ရယ်စရာ

သဘောမထားနိုင်တော့။ သူ့ကို နည်းနည်းကြောက်လာသည်။သူက နောက်က အမီလိုက်လာသည်။ သူ့အသက်ရှူသံမှာ ပြင်းနေ၏။

မင်း … မင်း … မနှစ်က အင်းလျားလမ်းပေါ်မှာ တွေ့ခဲ့တဲ့ ကလေးမ မဟုတ်လား

မခိုင်မျက်နှာကို သူ သေသေချာချာ ကြည့်နေသည်။ ထို့နောက် ဘောင်းဘီတိုအဖြူ၊ ဖိနပ်အဖြူ၊ ခြေအိတ်အဖြူတို့ ဝတ်ထားသည့် ဝါဝင်း

သွယ်လျသည့် သူ့ပေါင်တံများနှင့် ခြေသလုံးတို့ကို ငုံ့ကြည့်သည်။မခိုင်မျက်နှာတွင် နှင်းဆီသွေးစို့သွား၏။ အသင့်ခုခံရန် လက်ထဲက တင်းနစ်ရိုက်တံကို ခပ်တင်းတင်း ဆုပ်ထားလိုက်မိသည်။သူက လက်ထဲက ကံ့ကော်ပန်းထုပ်ကို ကမ်းပေး၏။

ကံ့ကော်ပန်း ယူသွားဦးလေ

မခိုင် ဘာမျှမပြောဘဲ ငေးကြည့်နေသည်။

ယူသွားပါ ကလေးမရယ် မင်းမယူရင်လဲ တခြားတစ်ဦးကို ပေးရမှာပါ။ ပထမဆုံးတွေ့တဲ့သူကို ပေးမယ်ဆိုပြီး ဘဘ ကံ့ကော်တွေကို လိုက်ကောက်

နေတာ၊ မနှစ်တုန်းကလဲ မင်းကို ပထမဆုံးတွေ့လို့ မင်းကို ပေးလိုက်ပဲ

သူ့မျက်နှာတွင် မရိုးသားသည့် အမှုအရာမရှိ။ သည်တော့မှ မခိုင် နည်းနည်း စိတ်အေးသွားသည်။

ဘဘ မခိုင်ကို မှတ်မိလို့လား”

မင်းမျက်နှာကိုတော့ အနီးရောက်မှ မှတ်မိတာပါ။ ဒါပေမဲ့ မင်းသွားပုံ လာပုံ၊ လှုပ်ရှားပုံကိုတော့ မြင်လိုက်တည်းက မှတ်မိတာပေါ့၊ ဒါပေမဲ့

မနှစ်ကတွေ့တုန်းက ဘောင်းဘီရှည်နဲ့၊ ဘလေဇာကုတ်အစိမ်းနဲ့၊ လှေလှော်ရွက်တိုက် ကျောင်းသူလေး ဒီနှစ်တွေ့တော့ မင်းက လက်ထဲမှာ တင်းနစ်

ရိုက်တံကိုကိုင်လို့၊ တင်းနစ်ရိုက်တဲ့ ဖိနပ်နဲ့၊ ဘောင်းဘီတိုနဲ့ စပို့ရှပ်နဲ့၊ နည်းနည်း

ပြောင်းသွားတယ်””

သူ့စကားကို သဘောကျ၍ မခိုင် ရယ်သည်။ ဟုတ်တော့ အဟုတ်သား၊ လှေလှော်ရွက်တိုက်အသင်းမှာ မနှစ်က တစ်နှစ်သာ ပါလိုက်သည်။ကြာတော့ ငြီးငွေ့လာသဖြင့် သည်နှစ်တွင် သူ တင်းနစ်အရိုက်ကျင့်သည်။

ဟုတ်တယ်၊ မခိုင်က ဘာကိုမှ သိပ်စွဲစွဲလမ်းလမ်း ဝါသနာပါတာ မဟုတ်ဘူး။ ခု ဒါကို ဝါသနာပါချင်ပါနေပေမဲ့ တော်တော်ကြာ တခြားဟာကို ဝါသနာပါချင်ပါသွားတာ။ ဒါကြောင့် ဖေဖေက ခဏခဏ ဆူတယ်။ဘယ်အရာဖြစ်ဖြစ် တစ်ခုခုကို စွဲစွဲလမ်းလမ်း စိုက်လိုက်မတ်တတ် လုပ်ရမယ်တဲ့။ ခုတစ်မျိုး ခုတစ်မျိုး မလုပ်ရဘူးတဲ့

ဪ … ဪ “

ဖေဖေတို့အယူအဆတွေက သိပ်အောက်တာ ဘဘရဲ့၊ ဘဘ မခိုင်ကို ဘာဖြစ်လို့ အဝေးကြီးကနေပြီး မှတ်မိနေတာလဲ

ကလေးမရဲ့ လှုပ်ရှားပုံ၊ သွားပုံ၊ လာပုံကိုကြည့်ရင် သိတာပေါ့

အမယ်လေးဘဘရယ် …ဘယ်လိုများ နေလို့လဲ

ကလေးမ သွားပုံ လာပုံက ပေါ့ပါးတယ်၊ ဖျတ်လတ်တယ်၊ ကြည့်လို့ကောင်းတယ်၊ အို … သက်တန့်ရောင်နောက်ကို လိုက်နေတဲ့ ငှက်ပြာ

ကလေးတစ်ကောင်လိုပေါ့

ရှင် … ဘာဖြစ်တယ်၊ သက်တန့်ရောင်နောက်က ဘာဖြစ်တယ်

မျက်လုံးကလေး အဝိုင်းသားဖြင့် မခိုင် မေးသည်။

ဆောရီး၊ မင်းသိမှာ မဟုတ်ဘူး၊ ဘဘတို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ အင်္ဂလိပ်သီချင်းကလေးထဲက စာသား၊ သက်တန့်ရောင်နောက်ကို

လိုက်နေတဲ့ ငှက်ပြာကလေးတစ်ကောင်တဲ့”

သူက- စာသားများကို အင်္ဂလိပ်လို ရွတ်ပြသည်။

“ဩ…ဘဘက အင်္ဂလိပ်စာတတ်တယ်နော်

သူက ခပ်လဲ့လဲ့ပြုံးသည်။

နည်းနည်းပါးပါးပါ

ဘဘ တက္ကသိုလ်တွေ ဘာတွေကို ရောက်ခဲ့ဖူးသလားဟင်

စစ်ပြီးစ ၁၉၆၄ ခုနှစ်ကတည်းက

ဟင် … ဟုတ်လား၊ ဒီလိုဆိုရင် …”

မခိုင်သည် လက်ချောင်းကလေးများကို ချိုး၍ စဉ်းစားနေ၏။

ဒီလိုဆိုရင် မခိုင် မမွေးခင် အနှစ်လေးဆယ်ကပေါ့၊ မခိုင်က ၇ဝ ခုနှစ်ကမှ မွေးတာ ဘယ်လောက် ကြာကြာနေခဲ့သလဲ

အနှစ်လေးဆယ်

ဘာ … တက္ကသိုလ်မှာ အနှစ်လေးဆယ် နေခဲ့တယ် ဟုတ်လား ဘဘက သိပ်နောက်တာပဲ

မနောက်ပါဘူး၊ တကယ်ပါ

ဒါဖြင့် ဘယ်ဒီဂရီရခဲ့သလဲ၊ ဝိဇ္ဇာလား၊ မဟာဝိဇ္ဇာလား

သူ ခေါင်းယမ်း၍ …

ဟင့်အင်း … ဘာမှမရခဲ့ဘူး၊ ဘဘက ဘာမှမအောင်ခဲ့ဘူးလေ၊ဒါပေမဲ့ တက္ကသိုလ် ပရိဝုဏ်ထဲကိုတော့ ဘဘက အမြဲလာတယ်။ ဒီပရိဝုဏ်

မှာပဲနေတယ် ဘဘက မင်းလိုမဟုတ်ဘူးလေ၊ တခုခုကို စွဲလမ်းတတ်တယ် တက္ကသိုလ်ထဲမှာ ပွင့်တဲ့ ကံ့ကော်ပွင့်ကလေးတွေကို နှစ်တိုင်း ဒီလိုလိုက်ကောက်နေကျ

ဟယ် …

မခိုင် အော်လိုက်မိသည်။ သူသည် ရူးသွပ်နေသည့် လူကြီးတစ်ယောက်လော နောက်ပြောင်နေခြင်းလောဟု သူ မဝေခွဲနိုင်။

ကောက်ပြီး ဘယ်သူ့ကိုပေးသလဲ

ပထမဆုံး တွေ့တဲ့လူကိုပဲ ပေးလိုက်တယ်။ ကလေးလေးတွေကိုတွေ့ရင် သူတို့ကို ပေးလိုက်တယ်။ တင်းနှစ်လာရိုက်တဲ့ နိုင်ငံခြားသားတွေကို တွေ့ရင်လဲ သူတို့ကို ပေးလိုက်တယ်။ သန့်ရှင်းရေး အလုပ်သမား

တွေ့ရင်လဲ သူ့ကို ပေးလိုက်တာပဲ၊ ဘယ်သူ့ရယ်လို့ သတ်မှတ်မထားပါဘူး ပထမဆုံးတွေ့တဲ့လူကိုပဲ ပေးတာပဲ၊ မင်းကို ပထမဆုံးတွေ့တာ နှစ်ခါရှိ

ပြီ မနှစ်ကတစ်ခါ

ဟိုတုန်းကကော ဘယ်သူ့ကို ပေးသလဲဟင်

သူ့မျက်နှာသည် ညိုမှိုင်းသွားသည် ထင်ရ၏။ ထို့နောက် သူ ပြုံးသည်။

မသိချင်ပါနဲ့ကွယ်၊ ကြာလှပါပြီ

မသိချင်ပါနဲ့ဆိုမှ ပိုသိချင်တယ်

ဒဏ္ဍာရီကလေးတစ်ပုဒ် ရှိတယ်၊ မင်းသုဝဏ်ရဲ့ ဘကြီးအောင်ညာတယ် ဆိုတာ ကြားဖူးတယ်မဟုတ်လား

မခိုင် ခေါင်းယမ်းသည်။ ကြားဖူးသလိုလိုတော့ အရှိသား။ သို့ရာတွင် ဘာမှန်း ကောင်းကောင်းမသိ။

မင်းသုဝဏ်ဆိုတာ စတီရီယို အဆိုတော် အသစ်လား

သူ ခေါင်းကုတ်သည်။ ထို့နောက် ခေါင်းယမ်း၍ ရယ်သည်။

ကဗျာဆရာကြီး မင်းသုဝဏ်တဲ့။ ဘဘတို့ဆရာကြီး။ သက်ရှိထင်ရှား ရှိသေးတယ်၊ တက္ကသိုလ်နားမှာ နေတယ်

ဪ … ဟုတ်ပြီး မခိုင် ဖေဖေတို့ရဲ့ ဆရာကြီးတဲ့။ ဟုတ်တယ်။အဲဒီဝတ္ထုကလေးကို မခိုင် ကြားဖူးတယ်။ သနားစရာနော်။ ဒါပေမဲ့ ဇာတ်လမ်း

ကိုတော့ မမှတ်မိတော့ဘူး။မေ့သွားပြီ မခိုင်က ဘာမှ စွဲစွဲလမ်းလမ်း ထားတတ်တာမှ မဟုတ်ပဲကိုး

ပန်းပုဆရာကြီး ဘကြီးအောင် လုပ်တဲ့ ဆင်စွယ်ပန်းပုကလေးကို ဘုန်းကြီးကျောင်းသားကလေးက နေ့တိုင်း သွားသွားကြည့်တယ်၊ သွားကြည့်

ရင်း သဘောကျတော့ ဘကြီးအောင်က အဲဒီပန်းပုရုပ်ကလေးကို ရောင်းမယ်။ပိုက်ဆံစုထားလို့ ပြောတာနဲ့ ဘုန်းကြီးကျောင်းသားလေးက နေ့တိုင်း မုန့်ဖိုး

ထဲက ပိုက်ဆံတစ်ပြားစုသတဲ့၊ ပန်းပုရုပ်ကလေးပြီးခါနီးလို့ စုဘူးကလေးလဲဖောက်ပြီး အဲဒီပန်းပုရုပ်ကလေးကို သွားဝယ်တော့ ဘကြီးအောင်က မြို့က

အရာရှိကြီးတစ်ယောက်ကို ရောင်းလိုက်သတဲ့။ ဘုန်းကြီးကျောင်းသားကလေးဟာလဲ အဲဒီပန်းပုရုပ်ကလေးကို စွဲလမ်းတဲ့စိတ်နဲ့ စိတ္တဇဖြစ်ပြီး သေသွား

သတဲ့၊ သူ့စိတ်မှာတော့ ဘကြီးအောင်ဟာ သူ့ကို ညာတယ်လို့ ထင်သွားသတဲ့။အမှန်ကတော့ ဘကြီးအောင်က ကလေးကို ပြီးစလွယ် ပြောလွှတ်လိုက်တာ၊ကလေးက အဟုတ်မှတ်ပြီး စွဲလမ်းနေတာကိုး၊ ဒီစိတ်နဲ့ပဲ သေသွားရှာတာပေါ့

သနားပါတယ်နော် ဘဘ၊ပြီးတော့ ဘဘနဲ့ ဘာဆိုင်သလဲ

ဘဘနဲ့ ဘာမှမဆိုင်ပါဘူးကွယ်။ ဘဘကတော့ ဘုန်းကြီးကျောင်းသားကလေးလို စိတ္တဇတော့ မဖြစ်ဘူးပေါ့။ ဒါပေမဲ့ ကံ့ကော်ပွင့်တွေကို လျှောက်ကောက်နေတာပေါ့

“ဘဘဇာတ်လမ်းက ဘာမှန်းလဲ မသိဘူး

မခိုင် နှုတ်ခမ်းစူသည်။ သူက ကံ့ကော်ပွင့်ထုပ်ကလေးကို ပေး၍ထွက်သွား၏။

* * * * *

မခိုင် တတိယနှစ်တွင် သူ့ကို တက္ကသိုလ်နယ်မြေမှာ မကြာခဏ တွေ့ရပြန်သည်။ သည်နှစ်မှာတော့ ဘဘသည် သူ့ကို ကံ့ကော်ပွင့်တွေ ကောက်မပေးပါ။ သူနှင့်ဘဘတို့ တွေ့ချိန်မှာလည်း ကံ့ကော်ပွင့်တွေ ပွင့်ချိန် မဟုတ်ပါ။တွေ့သည့်အခါတွင်လည်း ဘဘနှင့်သူ နှစ်ယောက်တည်း တွေ့ခြင်း မဟုတ်ပါ။ သူ့ဘေးမှာ ကိုကိုက အမြဲပါတတ်သည်။ သူတို့နှစ်ယောက် စမိုင်း”သို့ သွားလျှင် သစ်ပင်ရိပ်တစ်ရိပ်အောက်တွင် ဆေးပြင်းလိပ်တစ်လိပ်ဖြင့် တစ်ယောက်တည်း နေသော ဘဘကို တွေ့ရသည်။ တစ်ခါတစ်ရံတွင်

လည်း ကန်ပေါင်ဘေးက သစ်ပင်ရိပ်အောက်တွင် တစ်ယောက်တည်း ထိုင်နေသော ဘဘကို တွေ့ရသည်။ သူ့လွယ်အိတ်က ခါတိုင်းလို ဟောင်းနွမ်းနေမြဲ၊သူ့ စစ်အင်္ကျီက ခါတိုင်းလို နွမ်းနေမြဲ၊ သူ့လုံချည်က ခါတိုင်းလို အရောင်လွင့်နေမြဲ၊ တစ်ခါတလေမှာ အိတ်ထဲက ပုလင်းဖြူလေးကို ထုတ်ပြီး ဘဘ မော့တတ်သည်။ စက္ကူဖြင့် ထုပ်ထားသည့် ပေါင်မုန့်တစ်လုံးကိုဖြစ်စေ၊ ဟမ်ဘာဂါ

တစ်ခုကိုဖြစ်စေ ကိုက်ဝါးနေတတ်သည်။ သူ စားပုံသောက်ပုံက ဘာမှလက်စမသတ်။ ပေါင်မုန့်ကို တစ်ကိုက်သာ ကိုက်၍ စက္ကူနှင့် ပြန်လိပ်ပြီး

အိတ်ထဲထည့်သည်။ ပုလင်းကို တစ်ကျိုက်မော့ပြီး အဖုံးပြန်ပိတ်ကာ အိတ်ထဲထဝည့်သည်။

ဘဘသည် လက်ထဲတွင် ပုံကြမ်းဆွဲသည့် စာအုပ်ကို ကိုင်ထားပြီး ခဲတံဖြင့် လျှောက်ခြစ်နေတတ်သည်။ တစ်ခါတစ်ရံ မိုးတိမ်တွေကို မော့ကြည့်ပြီစာအုပ်ထဲမှာ ခြစ်သည်။ တစ်ခါတလေ ရှုမျှော်ခင်းတွေကို ကြည့်ပြီး ခဲတံဖြင့် ခြောက်ခြစ် ဖြစ်သည်။

တစ်ခါတစ်ရံ ကောင်မလေးတွေ၊ အတွဲတွေ၊ ဘတ်စ်ကားမှတ်တိုင်မှာနေကြသည့် လူတွေ၊ ငါးမျှားတံကလေးကို ထမ်းလာသည့် ကလေးတွေ၊ လမ်းဘေး ပလက်ဖောင်းပေါ်တွင် တောင်းရမ်းနေသူတွေ နှင့် ဝဝဖိုင့်ဖိုင့် စည်းစိမ်ရှင်ကြီးတွေ၊

သူ့အင်္ကျီစ ပုဆိုးစတို့တွင် ဆေးရောင်းဝါ၊

အနီ၊အစိမ်း၊ အပြာတွေ စွန်းပေနေသည်ကို တွေ့ရတတ်သည်။

တစ်ခါတွင် သူနှင့်ကိုကို လမ်းလျှောက်ပြန်လာတုန်း ဘဘနှင့် ရင်ဆိုင်သွားတွေ့သည်။ ဘဘသည် သူ့ကို အဝေးကြီးကတည်းက ပြုံးပြလာ၏။အနားသို့ ရောက်သည့်အခါတွင်

ဘဘ ကံ့ကော်ပွင့်တွေ ကောက်မပေးတော့

ဘူးလား …”

ဟု မခိုင် လှမ်းနောက်သည်။

ကံ့ကော်တုံးပြီ ကလေးမရဲ့ ဟု ဘဘက ခပ်အေးအေး ခပ်ပြုံးပြုံး အသံတိုးတိုးဖြင့် ဖြေ၏။

ခိုင် သူ့ကိုသိလားဟု ကိုကိုက မေးသည်။

လမ်းလျှောက်ရင်းတွေ့ပြီး တို့ကို ကံ့ကော်ပွင့်တွေ ကောက်ပေးဖူးတယ်။ နာမည်တော့ မသိဘူး။ ဘယ်မှာ နေမှန်းလဲ မသိဘူး။ တက္ကသိုလ်ထဲမှာ တွေ့နေတာပဲ။ တစ်ခါတလေ လမ်းဘေးမှာ စာအုပ်ကြီးဖွင့်ပြီး ဘာတွေ ရေးနေမှန်း မသိဘူး။ ရေးနေတာပဲ

နာမည်ကျော် ပန်းချီဆရာကြီး ကိုလွမ်းဝေတဲ့၊ တလောတုန်းကတင် ယုဒသန်ရိပ်သာမှာ ပန်းချီပြပွဲတွေ လုပ်သွားသေးတယ်

ဟင် … ဟုတ်လား၊ တို့ကို ဘာမှမပြောဘူး၊ သိပ်ဆိုးတဲ့ ဘဘ၊ကိုကိုက သူ့အကြောင်း ဘယ်လိုလုပ်ပြီး သိတာလဲ

ကိုကို သူငယ်ချင်းတစ်ယောက်က ပန်းချီဝါသနာပါတယ်လေ။ ဒီတော့သူ့ဆီမှာ သွားသွားပြီး ပန်းချီသင်တယ်။ သူကတော့ သူ့ဆီလာပြီး ပန်းချီမသင်

နဲ့တဲ့ ပန်းချီဆိုတာ သင်လို့ရတာမဟုတ်ဘူးတဲ့ ခံစားမှုရှိမှ တတ်တာတဲ့။နေတော့လဲတစ်ယောက်တည်းပဲနေတယ်။ သူ့အခန်းထဲမှာ ပန်းချီကားတွေ၊စာအုပ်တွေ၊ စုတ်တံတွေ၊ ဆေးစပ်တဲ့ ပျဉ်ပြားတွေ၊ ဆေးခွက်တွေကလဲ ပွလို့တဲ့။ သူ့အခန်းမှာ အိုမာခရမ်ရဲ့ ကဗျာတစ်ပုဒ်ကိုလဲ ချိတ်ဆွဲထားသတဲ့

အိုမာခရမ်ဆိုတာက ဘယ်သူလဲ။ ရမ်ဘိုရိုက်တဲ့ မင်းသားလား…”

ကိုကိုက မခိုင်နဖူးကို ခပ်ဖွဖွထုကာ …

ကောင်မလေး ဘာမှမသိဘူး၊ ပွေဖို့ပဲ သိတယ်။ အိုမာခရမ်ဆိုတာ ပါရှန်းကဗျာဆရာကြီးပဲ၊ အဲဒီကဗျာဆရာကြီးရဲ့ စာပိုဒ်ကို သူ့အခန်းမှာ ချိတ်

ထားသတဲ့။ စာက သစ်ရိပ်လင်းပြက်၊ ဇာပန်းကွက်၌၊ ပေါင်မုန့်တစ်ယှက်၊ဝိုင်တစ်ခွက်နှင့် ချစ်ဖက်သက်လျာ ကဗျာစာအုပ် တစ်အုပ်သာပင် ရှိခဲ့လျှင်မူ

ငါ့တွင်နိဗ္ဗာန်ဘုံတကား’ လို့ ရေးထားသတဲ့”

အဓိပ်ပာယျက …

သစ်ပင်ရိပ်အောက်မှာ ချစ်သူရယ်၊ ပေါင်မုန့်တစ်ယှက်ရယ်၊ ဝိုင်တစ်ခွက်ရယ်၊ ကဗျာစာအုပ်တစ်အုပ်ရယ် ရှိရင် လူ့လောကကြီးမှာ သူ့အဖိုအားလုံး ပြည့်စုံပြီပေါ့၊ စားစရာရယ်၊ သောက်စရာရယ် ချစ်စရာရယ် အနုပညာရယ်ပေါ့။ ဒါတွေရှိရင် ပြည့်စုံတယ်ပေါ့

ကြောင်တယ်နော်”

မခိုင်က ပြော၍ ရယ်သည်။ ကိုကိုက ဘာမျှမပြော။

လောကကြီးမှာ ဒီလောက်ကလေးရှိရုံနဲ့ ဘာလုပ်မှာလဲကွာ နော်ကိုကို ဒါဖြင့် သူ့မှာ ဝိုင်တစ်ခွက်ရယ်၊ပေါင်မုန့်တစ်ယှက်ရယ်၊ ကဗျာစာအုပ် အဲ …

ပန်းချီဆွဲတဲ့စုတ်တံနဲ့ ပန်းချီပိတ်ကားရယ် ရှိပါပြီတဲ့၊ ချစ်သူကကော …

သူ ကျောင်းမှာတုန်းက ချစ်သူတစ်ယောက် ရှိခဲ့ဖူးတယ်တဲ့။ သူတို့ အတွဲဟာ သူတို့ခေတ်တုန်းက သိပ်ပြီးတော့ ပေါ်ပြူလာ ဖြစ်တယ်တဲ့၊ နောက်

တော့ သူက ပန်းချီဆရာယောင်ယောင် ဘာယောင်ယောင် လုပ်နေတာနဲ့ သူ့ချစ်သူက သူ့ကိုစွန့်ပြီး အရာရှိကြီးတစ်ယောက်နဲ့ လက်ထပ်သွားသတဲ့

သနားပါတယ်၊ ဒါပဲနော် ကိုကို ကိုကိုလဲ ကဗျာဆရာယောင်ယောင် ဘာယောင်ယောင်တော့ လုပ်မနေနဲ့၊ ဒီလိုလုပ်နေလို့ကတော့ တို့ကလဲ အရာရှိကြီးနောက် လိုက်သွားမှာ ဘာမှတ်နေသလဲ …ဟွန့် …”

ကိုကို့ကို မသနားဘူးလား …

သနားတော့ သနားတာပေါ့။ ဒါပေမဲ့ သနားတာနဲ့ ချစ်တာနဲ့တခြားစီပဲ၊ ပြီးတော့ ချစ်တာနဲ့ အိမ်ထောင်ကျတာကလဲ တခြားစီပဲ၊ မဟုတ်ဘူး

လားလို့

မခိုင်က မျက်လုံးချီချီ၊ မျက်လုံးရယ်ရယ်ဖြင့် အရွှန်းဖောက်သည်။ကိုကိုက သူ့နဖူးကို လက်သီးဖြင့် ဖွဖွလေးထုသည်။ ကိုကိုသည် သည်လိုလုပ်

နေကျပေပဲ။

* * * * *

မခိုင် နောက်ဆုံးနှစ်မှာ ဘဘနှင့် တွေ့ပြန်သည်။ ဘဘသည် စစ်အင်္ကျီဟောင်း၊ ချည်လုံချည်ဟောင်း၊ အဝတ်ဦးထုပ်ဟောင်းကို ဝတ်ဆင်မြဲဖြစ်ပြီး

လွယ်အိတ်ဟောင်းကို လွယ်မြဲလွယ်ထားသည်။ သူ့လွယ်အိတ်ထဲတွင် ပေါင်မုန့်တစ်ပိုင်းနှင့် အရက်တစ်လုံးတော့ ပါမည်ထင်သည်။ သည်တစ်ခါ ဘဘနှင့်တွေ့သည့်အခါ၌ မခိုင်နှင့် ကိုကိုမဟုတ်တော့။ မခိုင်နှင့် မောင်မောင်ဖြစ်သည်။

မခိုင်နှင့်ကိုကိုသည် လမ်းခွဲခဲ့ကြပြီ။ ဘာရယ်လို့မဟုတ်။ ကျောင်းပြန်ဖွင့်တော့ အလိုလို မတွဲဖြစ်ကြတော့ခြင်းဖြစ်သည်။ ကိုကိုနှင့် လမ်းခွဲခဲ့သည့်

အတွက် သူ့ရင်ထဲမှာ ဘာမှမဖြစ်၊ လှေလှော်သည့်ခတ်တက်ကိုချပြီး တင်းနစ်ရိုတ်တံကို ကောက်ကိုင်လိုက်သလို ဘာခံစားချက်မှမပေါ်။ မောင်မောင်နှင့်

တွဲရသည်မှာလည်း တင်းနစ်မရိုက်ချင်တော့၍ ရေကူးကန်သွား ရေကူးသည့် ကိစ္စတစ်ခုလို ခပ်ပေါ့ပေါ့ပင်။

မခိုင်နှင့် မောင်မောင်သည် ပါတီတစ်ခုမှာ တွေ့ခဲ့ကြခြင်း ဖြစ်သည်။မောင်မောင်က သူ့ကို ပါတိတ်ဝမ်းဆက် လက်ဆောင်ပေးသည်။ လေဒီရှူး

လက်ဆောင်ပေးသည်။ ကင်ဇိုရှပ်အင်္ကျီ လှလှကလေးတွေ လက်ဆောင်ပေးသည်။ အနမ်းလက်ဆောင်ပေးသည်။ တစ်ခုခုကို စွဲစွဲလမ်းလမ်းမထားဘဲ အပြောင်းအလဲတွေ တွေ့ရသည်မှာ စွန့်စားခန်းတစ်ခုနှင့် တူသည်ဟု မခိုင်

ထင်သည်။

တစ်နေ့ မခိုင်နှင့် သူငယ်ချင်းတစ်စု စာကျက်ပြန်လာစဉ် ကံ့ကော်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်၍ ပန်းချီဆွဲနေသော ဘဘနှင့် သွားတိုးနေသည်။ သူတို့ကျောင်းသူတစ်သိုက်သည် ဘဘအကြောင်းကို နားလည်နေကြလေပြီ။ ဘဘကို မကြောက်ကြတော့။ သနားစရာ၊ ရယ်စရာလောက်သာ

ထင်ကြတော့သည်။

မခိုင်က သူငယ်ချင်းတွေကို တိတ်တိတ်နေရန် လက်ပြကာ ဘဘနောက်နားသို့ ကပ်လာခဲ့သည်။

ဘဘ ဘာပုံတွေ ဆွဲနေသလဲ

ဟု မေးသည်။ သူသည်ဖြည်းညင်းစွာ မော့ကြည့်လိုက်ကာ ပြုံးရင်း …

ဪ … ကလေးမလား၊ ဘာရယ်လို့ မဟုတ်ပါဘူးကွယ်၊ စိတ်ကူးပေါ်တာကို ရေးနေတာပါ

သူ့ပုံကြမ်းစာအုပ်ထဲတွင် ဆွဲထားသည့် ရုပ်ပုံကို မခိုင် ကြည့်သည်။ထဘီတိုတို ကင်ဇိုရှပ်အင်္ကျီကလေးကို ဝတ်ထားသည့် မိန်းမပျိုကလေးတစ်

ယောက်၊ ခေါင်းကို သမင်လည်ပြန်လှည့်ပြီး ကံ့ကော်ပွင့်တစ်ပွင့်ကို ခေါင်းတွင် ထိုးစိုက်နေသည့်ဟန်။ မျက်လုံးက သူနှင့်တူသလိုလို သို့ရာတွင် နှုတ်ခမ်းနှင့် မေးကျပုံက မတူ။

ဒါ မခိုင်ရဲ့ပုံလားဟင် …

ဟုတ်တယ်လို့လဲ ပြောလို့ရတယ်၊ မဟုတ်ဘူးလို့လဲ ပြောလို့ရတယ်

ဟင် ..

” ဘဘက ဘာမှန်းလဲမသိဘူး၊ မခိုင်ရဲ့ ပုံဆို မခိုင်ရဲ့ပုံပေါ့။တခြားတစ်ယောက်ဆိုရင်လဲ တခြားတစ်ယောက်ရဲ့ ပုံပေါ့

ကလေးမနဲ့ ဘာတွေတူပြီး ဘာတွေမတူသလဲ ကြည့်လေ…”

မျက်လုံးနဲ့ နှာတံကတော့ မခိုင်နဲ့တူတယ်ထင်တာပဲ။ ဒါပေမဲ့ ပါးနဲ့မေးကျတော့ မခိုင်ခဲ့သိပ်မတူဘူး မခိုင် သူငယ်ချင်း ဥမ္မာနဲ့တူတယ်

သူ ပြုံးသည်။

ဟုတ်မှာပေါ့ ကလေးမတို့ခေတ်က မိန်းကလေးတွေအားလုံးရဲ့ ပုံသဏ္ဌာန်ပေါ်အောင် ဆွဲကြည့်တာလေ မျက်လုံးက ကလေးမနဲ့တူမယ် ၊နှာတံက တခြားတစ်ယောက်နဲ့တူမယ်၊ နှုတ်ခမ်းက ဒီ့ပြင်တစ်ယောက်နဲ့ တူချင် တူဦးမယ်၊ မေးပါးကျပုံက တခြားတစ်ယောက်နဲ့ တူမယ် ကလေးမတို့လို မိန်းမလေးတွေ အားလုံးရဲ့ ပုံပါအောင် ဆွဲကြည့်တာ၊ ဒီပုံထွက်လာတာပဲ

ခေါင်းမှာ သူပန်နေတာက ကံ့ကော်ပန်းနော်

သူ ခေါင်းညိတ်ပြ၏။

ဟင် … ဘဘကလဲ ကံ့ကော်တွေ တုံးနေပြီလေ ကံ့ကော်မရှိတဲ့အချိန်မှာ ဘာဖြစ်လို့ ဒီကံ့ကော်ပန်းကြီး ပန်နေတဲ့ပုံကို ဆွဲတာလဲ၊ တခြားပန်း တစ်ခုခုထည့်ပေါ့

သူကပြုံး၍ ခေါင်းယမ်းသည်။

မတတ်နိုင်ဘူးလေ၊ ဘဘက ကံ့ကော်ကို စွဲလမ်းတာကို ကံ့ကော်ဟာ မွှေးတယ်၊ ဖြူစင်သန့်ရှင်းတယ်၊ ဝတ်ဆံဝါဝါကလေးတွေနဲ့ ရွက်လွှာ

ဖြူကလေးတွေနဲ့ဆိုတော့ ကြည့်လို့လဲ လှတယ်၊ ကလေးမကလေးတွေကလဲ သဘောကျကြတယ်မဟုတ်လား

မခိုင်ကတော့ ကံ့ကော်ရယ်၊ ဘာရယ်မဟုတ်ပါဘူး၊ တွေ့ရာကို ပန်လိုက်တာပါပဲ

စိတ်မကောင်းဟန်ဖြင့် သူ့မျက်နှာ မှုန်မှိုင်းသွားသည်။

ဘဘတို့ခေတ်တုန်းကတော့ ဒီလိုမဟုတ်ဘူးလေ မိန်းကလေးတွေဟာ သူတို့နှစ်သက်တဲ့ပန်းကိုပဲ စွဲစွဲလမ်းလမ်းပဲ ပန်ကြတာ

မခိုင် အသံလွင်လွင်ဖြင့် ရယ်လိုက်သည်။

အနှစ်လေးဆယ်ရှိသွားပြီလေ ဘဘ၊ ဟိုခေတ်နဲ့မတူတော့ဘူး၊ ဘဘရဲ့ပုံကို နာမည်ပေးပြီးပြီလား၊ မပေးရသေးရင် မခိုင် နာမည်ပေးမယ်လေ

ကောင်းသားပဲ ဟုဆိုကာ ဆေးပြင်းလိပ်ကို မီးညှိသည်။

ဘဘက ပန်းချီဆရာ ဦးလွမ်းဝေနော်၊ ဘဘရဲ့ ပန်းချီကားတွေမှာ ပန်းချီဆရာကိုလွမ်းဝေလို့ပဲ အမြဲလက်မှတ်ထိုးတယ်မဟုတ်လား

သူ ခေါင်းညိတ်ပြသည်။

ဒီတော့ ဘဘရဲ့ကားကို မခိုင်နာမည်ပေးမယ်၊ ကံ့ကော် ခြောက်ကိုလိုက်ကောက်နေသော ကိုလွမ်းဝေလို့ …

မခိုင် သူ့ အပါးမှ ထွက်လာသည်။ ကံ့ကော်ပင်အောက်တွင်မူ ဘဘသည် သူတို့ဘက်သို့ ကြည့်ကျန်ရစ်ခဲ့သည်။

သစ်ရိပ်လင်းပြက်၊ ဇာပန်းကွက်၌၊ ပေါင်မုန့်တစ်ယှက်၊ ဝိုင်တစ်ခွက်နှင့်၊ ချစ်ဖက်သက်လျာ ကဗျာ

စာအုပ် တစ်အုပ်သာပင်၊ ရှိခဲ့လျှင်မှု ငါ့တွင်နိဗ္ဗာန်ဘုံတကား” ဟူသောအိုမာခရမ်၏ ကဗျာကို ရွတ်နေမည်လားမသိ။

မြသန်းတင့်

ရင်ခုန်ပွင့်၊စက်တင်ဘာ၊ ၁၉၈ရ