‘သစ္စာဖောက်’ တဲ့
ထုံးစံအတိုင်းပင် မနက်ခြောက်နာရီတိတိ ထိုးသည်နှင့် ဗိုးလ်မဲင်း၏ ဖောသွပ်နေသောမျက်နှာကြီးသည် တန်းလျားအမှတ် ၉ ရှိ နံပတ်ပိတ်ကားချပ်ကြီးပေါ်တွင် ပေါ်လာပြီး လူ ၂၅ ယောက်တို့ကို အော်ဟစ်အမိန့်ပေးတတ်သည်။ ယင်းတို့မှာ အက်စရန်ဂိုးဒေသ တောင်ရိုးများကြားထဲတွင်ရှိသည့် ကတ်စဗိုးသတ္တုတွင်းတွင် နေထိုင်အလုပ်လုပ်သူများ ဖြစ်ကြသည်။
” ဟေ့… ခွေးမသားတွေ၊ မင်းတို့ကို ဇိမ်ခံဖို့ ဒီကိုခေါ်လာတာ မဟုတ်ဘူးကွ၊ ဒီမှာ တစ်ပတ်ကို ပီပါနှစ်ဆယ်ထွက်ရမယ်လို့ လျာထားတယ်၊ ခု စံနှုန်းတွေလျော့နေလို့ ဌာနချုပ်က ကြိမ်းနေတယ်၊ နောင်ဆိုရင် သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း အပြည့်ထွက်အောင်လုပ်ပါ၊ မင်းတို့ဘာသာ ဘယ်နှနာရီပဲလုပ်လုပ်၊ ဘယ်လောက်ပင်ပန်းပင်ပန်း ငါ နားမလည်ဘူး “
ရုပ်သံပိတ်ကားကြီးပေါ်မှ ဗိုးလ်မဲင်း၏ မျက်နှာကြီးသည် ဒေါသကြောင့် ရှုံ့မဲ့လျက်ရှိကာ အသံကြီးကလည်း အဆိပ်တွေလွှတ်ထားသည့်နှယ် ကြောက်စရာကောင်းနေသည်။ ထို့နောက် ဗိုးလ်မဲင်းသည် ထိုနေ့လုပ်ရမည့်လုပ်ငန်းစဉ်ကို ပြောသည်။ အချို့သူများကို သီးခြားတာဝန်ပေးသည်။ ညွှန်ကြားချက်များ၊ အမိန့်များကို အသံကွဲကြီးဖြင့် ပြောသည်။
အလုပ်သမားများသည် သူတို့အလုပ်ရုံမှူးကို မုန်းတီးကြသည့်တိုင် ထိုအသံကြီးကို ကြားသည်နှင့် အိပ်ရာမှ လူးလဲထကြရသည်။ နောက်ထပ် နာရီပိုလုပ်ရမည်ဆိုသည့်အတွက် ဒေါသလည်း ထွက်နေကြသည်။ လူကိုယ်တိုင်မမြင်ရသော သူတို့အလုပ်ရုံမှူးကြီး၏အမိန့်ကို မည်သူမျှ မငြင်းဆန်ရဲ။
ဇေဗီဟာဂါရင်သည် ကိုယ်လုံးကိုယ်ပေါက်ကြံ့ခိုင်၍ ထိုဒေသတွင် သတ္တုတွင်းစဖွင့်စဉ်ကတည်းက အလုပ်လုပ်လာခဲ့သည့် သက်လတ်ပိုင်းအလုပ်သမားတစ်ယောက်ဖြစ်သည်။ ဟာဂါရင်သည် သတ္တုတွင်းကြီးထဲသို့ ဆင်းလာရင်း
” ဒီကျင်းကြီးထဲ ဆင်းရတာကို ငါ စက်ဆုပ်လှပြီကွာ၊ ဒီကျင်းထဲက ထွက်ရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်ပါတယ်၊ ခွေးသားဗိုးလ်မဲင်းဆိုတဲ့ ကောင်ကြီးကို လည်ပင်းညှစ်သတ်ပြီး စက်တိုင်တက်ရမယ်ဆိုရင်လည်း တက်ပါတယ် ” ဟု တစ်ယောက်တည်း ရေရွတ်နေသည်။
ဟာဂါရင်တို့ အလုပ်အဖွဲ့ခေါင်းဆောင်မှာ အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးသည့် ပီထရန်ဆိုသူဖြစ်၏။ ပီထရန်သည် ခပ်မှိန်မှိန်လင်းနေသော လှိုဏ်ခေါင်းကျဉ်းကျဉ်းကလေး၏နံရံကို ပေါက်တူးဖြင့် ပေါက်လိုက်ရင်း ပဲ့ကျလာသော သတ္တုခဲလေးတစ်ခဲကို ကောက်ယူလိုက်ရာမှ
” ဒါတွေ တွေးနေလို့လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး၊ ကျုပ်တို့မှာ ကယ်မယ့်သူလည်း မရှိဘူး၊ ဒီတော့ မတရားခိုင်းတာတွေ ဘာတွေကို စဉ်းစားမနေနဲ့၊ မေ့ထားလိုက်၊ ဒါတွေ ဘာဖြစ်လို့တွေးနေမှာလဲ၊ အဆိုးထဲက အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားရတော့မှာပေါ့ “
ပီထရန်သည် ခေါင်းကို ဖြည်းလေးစွာ ယမ်းနေသည်။
” တို့ဘဝက အကျဉ်းစခန်းထဲက အကျဉ်းသမားတွေနဲ့ ဘာခြားသေးလို့လဲကွ ” ဟု ဟာဂါရင်သည် ညည်းသည်။ အခြားသူများက အကြံပေးနေကြသည်ကို သူ ဂရုမစိုက်နိုင်။ ဟာဂါရင်သည် ဥမင်နံရံကို ပေါက်တူးဖြင့် တူးနေသည်။ သူ့ရင်ထဲတွင် ဒေါသတွေ ဆူပွက်လျက်ရှိသဖြင့် တစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲစိုနေသည်။
” ငါ ဒီသတ္တုတွင်းမှာ အလုပ်လုပ်လာတာ နှစ်ဆယ့်ငါးနှစ်ရှိပြီကွ၊ တစ်ခါမှလည်း အနားမရဖူးဘူး၊ တခြားထွက်လုပ်မယ်ဆိုတော့လည်း ခွင့်မပြုဘူး၊ ခွေးမသားတွေ…၊ ဒီဥမင်နံရံကြီးသာ ဗိုးလ်မဲင်းရဲ့မျက်နှာကြီးဖြစ်ရင်လည်း အကောင်းသား “
ခါတိုင်းထက် အချိန်ပို၍အလုပ်လုပ်ရပြီးသည့်နောက် ညနေမိုးချုပ်သို့ ရောက်သည့်အခါတွင် ထိုနေ့အတွက် တူးဖော်ရရှိသော သတ္တုခဲများကို သတ္တုတွင်းစခန်းအလယ်ရှိ ကုန်လှောင်ရုံသို့ ပို့ပေးရသည်။ ကြီးမားသော ရဟတ်ယာဉ်ကြီးတစ်စင်းသည် သူတို့စခန်းသို့ တစ်ပတ်လျှင် တစ်ကြိမ်ကျ ရောက်လာလေ့ရှိရာ ထိုအခါတွင် အလုပ်သမားများသည် သတ္တုခဲများကို ထည့်ထားသည့် စည်ကြီးများကို ယာဉ်ပေါ်သို့ တင်ပေးကြရသည်။ ရဟတ်ယာဉ်မောင်းသမားများသည် သူတို့စခန်းထဲမှနေ၍ အလုပ်သမားများ ပင်ပန်းစွာ အလုပ်လုပ်နေကြသည်ကို မဆိုင်သည့်နှယ် ကြည့်နေကြသည်။ စကားလည်းမပြောကြ။ ပီပါများကို တင်ပြီးသည်နှင့် လေးလံသောရဟတ်ယာဉ်ကြီးသည် ကောင်းကင်သို့ ပျံတက်သွားတတ်သည်။
” ဒီရဟတ်ယာဉ်ကြီးပေါ်ကို ခိုးလိုက်သွားရရင် ကောင်းမှာကွ၊ ဒီတော့မှပဲ တို့လည်း ဒီသတ္တုတွင်းစခန်းကြီးထဲ နေရတဲ့ဝဋ်က ကျွတ်တော့မှာ… “
ု
လုပ်သက်ရင့်နေပြီဖြစ်သည့် အလုပ်သမားတစ်ယောက်က ညည်းသည်။
`ဟေ့ကောင်… ဒါတွေပြောမနေနဲ့၊ ရဟတ်ယာဉ်မောင်းသမားတွေက မင်းကိုမတွေ့ရင်လည်း ဗိုးလ်မဲင်းကတော့ တွေ့မှာပဲ၊ ဒီငနဲကြီးက သူ့မျက်လုံးတွေနဲ့ တို့ကို အမြဲလိုက်ကြည့်နေတာ ´
ဟာဂါရင်က ပြောသည်။ သူတို့၏မျက်လုံးများသည် စခန်းအလယ်ကောင်တွင်ရှိသည့် တစ်ခုတည်းသော အုတ်တိုက်အဆောက်အအုံကြီးဆီသို့ ရောက်သွားကြ၏။ ထိုအုတ်တိုက်မှာ စခန်းအပြင်ဘက် စည်းရိုးနားတွင်ရှိပြီး မည်သည့်အလုပ်သမားကိုမျှ သွားခွင့်မပြုသည့်နေရာဖြစ်သည်။ ထိုနေရာမှာ ဗိုးလ်မဲင်းနေသည့် နေရာဖြစ်သည်။ ထိုနေရာမှနေ၍ ဗိုးလ်မဲင်းသည် သူတို့ကို ရုပ်မြင်သံကြားစက်ဖြင့် စောင့်ကြည့်ကာ အသံချဲ့စက်ဖြင့် အမိန့်ပေးလေ့ရှိသည်။ အုတ်တိုက်၏တစ်ပေါက်တည်းသော ပြတင်းပေါက်မှနေ၍ ဗိုးလ်မဲင်း၏မျက်လုံးများသည် သူတို့ကိုယ်ထဲသို့ ဖောက်ထွင်းကြည့်နေသည်ဟု ထင်မှတ်မိကြသည်။
ထိုစဉ် အသံချဲ့စက်မှနေ၍ ဗိုးမဲင်း၏အသံကြီး ပေါ်လာသည်။
“ဟေ့ကောင်တွေ… ဒီနားမှာ စာခြောက်ရုပ်တွေလို ဘာလို့ ရပ်ကြည့်နေရတာလဲ၊ ကိုယ့်တန်းလျား ကိုယ်ပြန် “
နောက်တစ်နေ့မနက်တွင် သတ္တုတွင်းအလုပ်သမားများသည် အထိတ်တလန့်ဖြစ်နေကြသည်။ သူတို့တန်းလျား ရုပ်မြင်သံကြားပိတ်ကားပေါ်တွင် ဗိုးလ်မဲင်း၏မျက်နှာကြီးသည် ပထမဆုံးအကြိမ် ပေါ်မလာဘဲ ပျောက်ကွယ်နေသောကြောင့်ဖြစ်၏။
အလုပ်သမားများသည် ဘာလုပ်ရမည်မသိဘဲ တထိတ်တလန့်ဖြစ်နေကြသည်။ ဗိုးလ်မဲင်း၏ အမိန့်ပေးသံကို မကြားရဘဲ ဘာလုပ်၍ဘာကိုင်ရမည်ကို သူတို့မသိကြ။ သူတို့ကို အလုပ်တာဝန်ခွဲပေးသူမှာ ဗိုးလ်မဲင်းဖြစ်ရာ ဗိုးလ်မဲင်းမရှိလျှင် အလုပ်ခွင်သို့ မည်သို့မည်ပုံ လူစုခွဲ၍ ဝင်ရမည်ကိုလည်းမသိ။
“ဘာဖြစ်လဲ မသိဘူး၊ ဗိုးလ်မဲင်းမျက်နှာလည်း ပိတ်ကားပေါ်မှာ ပေါ်မလာပါကလား၊ တစ်ခုခုတော့ တစ်ခုခုပဲ…”
သို့ဖြင့် အချိန်တွေကုန်သွားသည်။
ဟာဂါရင်သည် သူ့အိပ်စင်မှ ထကာ အနီးဆုံးတွင်ရှိသည့် ရုပ်မြင်သံကြားပိတ်ကားပေါ်သို့ လှမ်းကြည့်၏။ ပိတ်ကားက ဟာလာဟင်းလင်း။
” တစ်ခုခုတော့ ဖြစ်ပြီထင်တယ်၊ ဗိုးလ်မဲင်းဟာ မတော်တဆထိခိုက်မှု ဖြစ်သလား၊ နေထိုင်မကောင်းလို့လား၊ သေများ သေပြီလား၊ တစ်ခုခုတော့ ဖြစ်ပြီထင်တယ် “
ဟာဂါရင်သည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ပြောနေသည်။ တခြားသူများက မဖြစ်နိုင်ကြောင်း ပြောကြသည်။ ဟာဂါရင်က တုန်လှုပ်ချောက်ချားလျက်ရှိရာမှ
” ဘယ့်နှယ့်လဲ… ကျုပ်တို့ ထွက်ပြေးကြမလား၊ ဒါဟာ ကျုပ်တို့အတွက် အခွင့်ကောင်းပဲ၊ သူသေပြီဆိုရင် သံဆူးကြိုးတွေကိုလည်း လျှပ်စစ်ဓာတ် လွှတ်နိုင်တော့မှာ မဟုတ်ဘူး၊ ဒီစခန်းက ထွက်သွားပြီး ဟိုတောင်ရိုးက တောတွေထဲရောက်ရင် ပျောက်သွားမှာပဲ၊ ဘယ်လိုလုပ်မှ ရှာလို့တွေ့မှာ မဟုတ်ဘူး “
“အရမ်းတွေ လျှောက်လုပ်မနေနဲ့၊ တို့ကို စမ်းကြည့်တာလားမှ မသိတာ၊ တို့ ဘာလုပ်မလဲ သိချင်လို့ ထောင်ထားတာထင်တယ်၊ တို့လှုပ်ရှားမှုကို ရုပ်မြင်သံကြားထဲက ထိုင်ကြည့်နေရင် ဒုက္ခရောက်ကုန်လိမ့်မယ် ” ဟု အလုပ်သမားတစ်ယောက်က ပြောသည်။
အလုပ်သမားများမှာ ကြောက်ရွံ့ကာ ဘာမှ မလုပ်ရဲမကိုင်ရဲ ဖြစ်နေကြသည်။ အားလုံးကပင် တောထဲသို့ ထွက်ပြေးချင်ကြသည်။ သို့ရာတွင် ဗိုးလ်မဲင်းသေပြီဟု သေသေချာချာမသိသေးဘဲနှင့် မည်သူမျှ ထွက်မပြေးရဲကြ။
ပီထရန်သည် အိပ်စင်မှ ဟာလာဟင်းလင်းဖြစ်နေသော ရုပ်သံပိတ်ကားကြီးနားသို့ ကပ်လာခဲ့သည်။ ကျန်လူများသည် သူ့ကို ကြောက်လန့်တကြားဖြင့် ကြည့်နေကြ၏။
” ဗျို့ ပီထရန်၊ ဘာလုပ်မလို့လဲ…”
” ဗိုးလ်မဲင်း ရှိမရှိ ကြည့်ရအောင်လို့ “
အလုပ်သမားများသို့ ပြုံး၍ပြောလိုက်ပြီး ရုပ်မြင်သံကြားပိတ်ကားကြီးဘက်သို့ လှည့်လိုက်လျက်
” ဟေ့… ဗိုးလ်မဲင်း၊ မင်းဟာ အလကားကောင်၊ မင်းကို တို့ သောက်မြင်ကပ်နေတာ ကြာပြီကွ သိရဲ့လား၊ တို့အားလုံးက မင်းကို သောက်မြင်ကပ်နေကြတာ၊ မင်းဟာ အညစ်အကြေးမြောင်းထဲက တက်လာတဲ့ကောင် သိရဲ့လား…´
ပီထရန်သည် စိတ်ဆိုးဆိုးဖြင့် သူ့ကို ဆဲရေးတိုင်းထွာလျက်ရှိ၏။ အားလုံးမှာ ထိတ်လန့်လျက် ရှိနေလေပြီ။ အချို့မှာ ကြောက်ကြောက်ဖြင့် ညည်းနေကြသည်။ ဗိုးလ်မဲင်း၏မျက်နှာကြီးသည် ရုပ်ပိတ်ကားပေါ် ချက်ချင်းပေါ်လာကာ သူတို့အား အော်ဟစ်ကြိမ်းမောင်းပြီး ပြစ်ဒဏ်ပေးလေမည်လောဟု ထင်နေကြသည်။ ပီထရန်ကိုယ်တိုင်မှာလည်း ကြောက်လန့်လျက်ရှိလေပြီ။ သို့ရာတွင် ဘာမှမဖြစ်။ ပီထရန်သည် အနည်းငယ် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်၏။
“ဒီမှာ ကိုယ့်လူတို့ ဗိုးလ်မဲင်းသာ အဲဒီအထဲမှာ တကယ်ရှိရင် ခု ကျုပ်တို့ ဒီလောက်စော်ကားမော်ကား ပြောနေတာကို ဘယ်နည်းနဲ့မှ သည်းခံမှာ မဟုတ်ဘူး၊ ဒီငနဲကြီး သေပြီဗျ၊ လောင်းကြေးစားကြေးတောင် လုပ်ချင်သေးတယ်၊ ကျုပ်တို့ကို သတ္တုတွေ တိုးထုတ်ဖို့ ပြောထားတယ်မဟုတ်လား၊ ခု ကျုပ်တို့ ဘာမှမလုပ်သေးဘဲနဲ့နေတာကို စောင့်ကြည့်နေတာ မဖြစ်နိုင်ဘူး၊ ဒီလိုကြည့်နေရင် ထုတ်လုပ်မှုစံချိန်မမီလို့ သူလည်း သက်သာမှာ မဟုတ်ဘူး၊ ကဲ ပြောနေကြာတယ် စခန်းအပြင်ဘက်ကို ထွက်ကြစို့ “
အလုပ်သမားများမှာ ဝမ်းသာအားရဖြစ်ကာ ခုန်ပေါက်နေကြပြီ။ ထိုသို့ ဝမ်းသာအားရဖြစ်နေကြပုံကို တန်းလျားအမှတ် ၉ တွင် ယခင်က တစ်ခါမျှ မတွေ့ဖူးခဲ့။ အလုပ်သမားများသည် မိမိတို့၏ အဝတ်အစားများ၊ ရိက္ခာများကို ထုပ်ပိုးပြင်ဆင်ကြသည်။
ဟာဂါရင်က ဝမ်းမြောက်ဝမ်းသာဖြင့်
” တောထဲမှာ ကျုပ်တို့ဘာသာ ကျုပ်တို့ ကမ္ဘာလေးတစ်ခု ထူထောင်ကြမယ်၊ အစတော့ နည်းနည်းခက်ခဲမှာပေါ့ဗျာ၊ နောင်ကျရင်တော့ ကိုယ့်ဘာသာကိုယ် ဘယ်လိုအသက်ရှင်အောင် နေထိုင်ရမယ်ဆိုတာ နားလည်သွားမှာပေါ့၊ ရဲဘော်တို့ …..
တို့ လွတ်လပ်ပြီ၊ ဒီလူဆိုးရဲ့ လက်ထဲက လွတ်မြောက်ပြီ၊ ဒီအမှိုက်ပုံကြီးထဲက လွတ်မြောက်ပြီ၊ ငါတို့ဘဝကို ငါတို့ဘာသာ ဖန်တီးနိုင်တော့မယ်၊ ကဲ… သွားကြစို့၊ ထွက်ကြစို့ ´
နှစ်နာရီအတွင်းတွင် သူတို့တစ်သိုက်သည် ထွက်ခွာရန် အဆင်သင့်ဖြစ်နေကြလေပြီ။ အလုပ်သမားများသည် ဆူညံစွာအော်ဟစ်ကာ စခန်းရှိ တစ်ခုတည်းသော ထွက်ပေါက်ကြီးဆီသို့ လာခဲ့ကြသည်။ ညအချိန်တွင် အလုပ်သမားများ ထွက်ပြေးမည်စိုးသဖြင့် လျှပ်စစ်ဓာတ်အားလွှတ်ထားသည့်တိုင် ကိုယ်လုံးတောင့်တင်းသည့် ဟာဂါရင်က ဝင်းတံခါးကြီးကို တစ်ချက်ဆောင့်ကန်လိုက်သည်တွင် တံခါးသော့သည် ပြုတ်ထွက်သွား၏။
ဟာဂါရင်သည် လက်နှစ်ဖက်ကိုမြှောက်ကာ အားလုံးတိတ်တိတ်နေရန် အချက်ပြလိုက်၏။
” ကိုယ့်လူတို့… ကျုပ်တို့ထွက်မသွားခင် ဗိုးလ်မဲင်းရဲ့ရုံးခန်းကို ဝင်ကြည့်လိုက်ကြရအောင်၊ ဒီငနဲကြီးကို နောက်ဆုံးကြည့်ခြင်းအနေနဲ့ ကြည့်ပြီး သေနေတာကို မျက်စိစားပွဲ ထိုင်သွားကြဦးစို့ ´
အားလုံးက ထောက်ခံကြသည်။
ကန့်ကွက်သူဟူ၍ ပီထရန်တစ်ယောက်သာ ရှိ၏။
`ဗိုးလ်မဲင်းနဲ့ ဒီစခန်းကြီးအကြောင်းကို မေ့ထားလိုက်ကြစမ်းပါ၊ ကျုပ်တို့အဖို့ အရေးအကြီးဆုံးက အချိန်ရှိတုန်း အပြင်ကို မြန်မြန်ရောက်ဖို့လိုတယ်၊ ကျုပ်တို့မှာ လွတ်မြောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်၊ ဘာဖြစ်လို့ အလဟဿ စွန့်ပြီး သွားကြည့်နေဦးမှာလဲ ´
ပီထရန်၏အသံသည် စိုးရိမ်ကြောင့်ကြသံ ပါနေ၏။ သို့ရာတွင် အနားသို့ကပ်ခွင့်ပင်မရသော ထိုနေရာကို သွားကြည့်ချင်ကြသည်။ ပီထရန်မှာ အများဆန္ဒကို လိုက်လျောလိုက်ရ၏။ သို့ဖြင့် ထိတ်လန့်အံ့ဩလျက်ရှိသော အလုပ်သမားတစ်သိုက်သည် အမိုးပြားကြီးမိုးထားသည့် ခပ်နိမ့်နိမ့်အုတ်တိုက်ကလေးဆီသို့ လာခဲ့ကြသည်။ အုတ်တိုက်နောက်ဖေး ခြံစည်းရိုးနှင့် မီတာအနည်းငယ်ခန့်အကွာတွင် တိုက်ထဲသို့ဝင်သည့် တံခါးပေါက်ကို တွေ့သည်။
” ဖွင့်ဗျာ၊ အထဲကို ကြည့်ရအောင် ” ဟု အလုပ်သမားတစ်ယောက်က ဟာဂါရင်ကို ခပ်တိုးတိုးပြော၏။
ဟာဂါရင်သည် တံခါးကို ဖွင့်ကြည့်ချင်သော်လည်း ကြောက်နေသည်။ ထို့ကြောင့် ကြောက်စိတ်ကို မနည်းမျိုသိပ်ထားရသည်။ တစ်လျှောက်လုံး ဗိုးလ်မဲင်းအား ကြောက်လာရသဖြင့် ထိုအကြောက်သည် သူ့အသည်းတွင် စွဲနေလေပြီ။ ဟာဂါရင်သည် အားတင်းလိုက်ကာ တံခါးလက်ကိုင်ကို လှည့်၍ ဆွဲဖွင့်လိုက်သည်။
သူတို့အားလုံး အံ့အားသင့်ကာ မယုံကြည်နိုင်အောင်ဖြစ်နေကြသည်။ အခန်းကြီးတစ်ခုလုံးမှာ ဟာလာဟင်းလင်းဖြစ်လျက်ရှိပြီး နံရံတစ်လျှောက်တွင် ရှုပ်ထွေးဆန်းကြယ်သော အီလက်ထရွန်းနစ်ကိရိယာများ၊ ခုံများ တပ်ဆင်ထားသည်ကို တွေ့ရသည်။ အလုပ်သမားများသည် မရဲတရဲဖြင့် ဝင်လာကြကာ အသက်ကင်း၍ ရှုပ်ထွေးသောစက်ယန္တရားကြီးများကို ကြည့်နေကြသည်။
” ဟင်… ဗိုးလ်မဲင်းကော၊ ဒါတွေက ဘာတွေလဲ ” ဟု အလုပ်သမားတစ်ယောက်က ခပ်တိုးတိုး မေး၏။
ကြမ်းပေါ်တွင် ငွေဖြင့်ပြုလုပ်ထားသော ပစ္စည်းတစ်ခု ကျနေသည်ကို တွေ့ရသည်။ ထိုပစ္စည်းမှာ စက်ခုံများပေါ်တွင် တပ်ထားသော အခြားသောပစ္စည်းများနှင့် အတူတူပင်ဖြစ်သည်။ ဟာဂါရင်သည် ထိုပစ္စည်းကို ကောက်ကိုင်ကာ ဝေခွဲမရဟန်ဖြင့် ကြည့်နေသည်။ စက်ခုံတစ်နေရာတွင် ပလပ်ပေါက်တစ်ခု လွတ်နေသည်ကို တွေ့သဖြင့် သူ့စိတ်ထဲတွင် ခပ်ဆန်းဆန်းဖြစ်နေသည်။ ဟာဂါရင်သည် စက်ခုံအနီးသို့ ကပ်လာကာ ထိုပစ္စည်းနှင့် ပလပ်ပေါက်တို့ ကိုက် မကိုက် ကြည့်နေသည်။
ပီထရန်မှာ အခြေအနေကို နားလည်လိုက်သဖြင့်
” ဗျို့ ဟာဂါရင်၊ ပလပ်ပေါက်ထဲကို သွားပြီး မထိုးလိုက်နဲ့နော်၊ မလုပ်နဲ့ ဒီအတိုင်း ထားလိုက် ´ ဟု လှမ်းအော်၏။
သို့ရာတွင် နောက်ကျသွားခဲ့လေပြီ။ စက်ယန္တရားကြီးတစ်ခုလုံးသည် မြည်ဟည်းစပြုလာကာ မီးရောင်များသည် ထိန်လင်းလာကြသည်။ နံရံရှိ ရုပ်သံပိတ်ကားကြီးပေါ်တွင် ဗိုးလ်မဲင်း၏မျက်နှာကြီး ပေါ်လာသဖြင့် အလုပ်သမားများမှာ အလန့်တကြား အော်ဟစ်မိကြသည်။ သူ့မျက်နှာကြီးမှာ ဒေါသကြောင့် ရှုံ့မဲ့လျက်။
” ဟေ့… ခွေးမသားတွေ၊ သွား ဒီနေရာက ထွက်သွားကြ၊ အလုပ်ခွင်ကို ပြန်ဝင်ကြ၊ မင်းတို့ကို အချိန်ပိုခိုင်းရမယ်၊ ရိက္ခာကိုလည်း တစ်ဝက်ဖြတ်မယ်၊ သွား အခုထွက်သွားကြ… “
အလုပ်သမားများသည် ကြောက်ကြောက်လန့်လန့်ဖြင့် စက်ခန်းထဲမှ ထွက်ပြေးကာ တန်းလျားဆီသို့ ပြေးလာကြသည်။ ပီထရန် တစ်ယောက်သာလျှင် အခြေအနေကို နားလည်သည်။ ပီထရန်က သူ့လုပ်ဖော်ကိုင်ဖက်များကို လှမ်းအော်နေသည်။
`ဟေ့လူတွေ ဒီလောက်မှ နားမလည်ကြဘူးလား၊ ဗိုးလ်မဲင်းဆိုတာ မရှိဘူး၊ ဒီနေရာကို ကွန်ပျူတာနဲ့ အုပ်ချုပ်နေတာ၊ ဗိုးလ်မဲင်းဟာ တကယ့်လူမဟုတ်ဘူး၊ ခင်ဗျားတို့ကို ဘာမှမလုပ်နိုင်ဘူး၊ ကျုပ်တို့ကို ညာပြီးခိုင်းနေတာ၊ လာ ဒီနေရာက ထွက်ကြမယ်၊ ဘာဖြစ်လို့ မသွားရမှာလဲ…´
သို့ရာတွင် သူ့စကားများကို မည်သူမျှ နားမဝင်ကြတော့ပြီ။
ဗိုးလ်မဲင်း၏ ဖောသွပ်သွပ်မျက်နှာကြီးသည် ရုံးခန်းအပြင်ဘက်ရှိ ရုပ်သံပိတ်ကားပေါ်တွင် ပေါ်လာသည်။ ကြောက်ရွံ့ထိတ်လန့်နေသော အလုပ်သမားများကို အော်ဟစ်အမိန့်ပေးလျက်
“ဟေ့ အလုပ်သမားတွေ၊ ပီထရန်ဟာ သစ္စာဖောက်၊ ဒီကောင်ကို ဖမ်းချုပ်ပြီး အကျဉ်းခန်းထဲထည့်ထား၊ ပြီးတော့ ကြိမ်ဒဏ်ပေး၊ ဟာဂါရင် မင်းကိုယ်တိုင် ဒီကောင်ကို ကြိမ်ဒဏ်ပေး… “
ခဏအကြာတွင် အလုပ်သမားများသည် ပီထရန်ကို ဖမ်းသွားကြသည်။ ရုန်းကန်အော်ဟစ်ကာ အကျိုးအကြောင်းကို ရှင်းပြသော်လည်း မည်သူမျှ နားမထောင်တော့ပြီ။ မိမိတို့၏ လွတ်မြောက်ရေးအိပ်မက်သည်လည်း အဆုံးသတ်လေပြီ။
နောင်တွင် ဘယ်တော့မှ လွတ်မြောက်နိုင်မည် မဟုတ်တော့။ ။
(အင်္ဂလိပ်သိပ္ပံဝတ္ထုရေးဆရာ Philip Dunn ၏ The Day Volman Died ကို ပြန်ဆိုသည်)
⬛
မြသန်းတင့်
ရှုမဝမဂ္ဂဇင်း၊ အတွဲ ၄၀၊ အမှတ် ၄၇၅
၁၉၈၆၊ ဒီဇင်ဘာလ