ဝတ္ထုတိုများစုစည်းမှု့

ပဲဆွတ်ချိန် ဇာတ်လမ်း

(၁)

သီတင်းကျွတ်၍ တန်ဆောင်မုန်းလထဲသို့ ဝင်လာသည်၌ ကျွန်တော်တို့ အညာတွင် အချမ်းဓာတ်သည် တစိမ့်စိမ့် ဝင်စ ပြုလာသည်။ နှင်းနံ့ကလေးကလည်း မွှေး၍ လာပါသည်။ နှင်းစိုသောကြောင့် ကုန်းမိုးခင်တန်းတစ်လျှောက် ရှုခင်းသည် နုပျို လာကြပြန်ကာ ယာမြေနံ့ကလေးကလည်း သင်းပျံ့စ ပြု၍ လာပါသည်။

ကိုတင်ခွေး၊ ကိုပုကြီးနှင့် ကျွန်တော် သုံးယောက်သားသည် မြို့အုပ်ကုန်းသို့ တက်သော ပေါက်-မြိုင် ပေတရာလမ်းမကြီးအတိုင်း လျှောက်လာခဲ့ကြသည်။ ကိုတင်ခွေးက လက်ထဲတွင် မင်ဒိုလင်ကို ခပ်ဖွဖွ ကိုင်၍ တီးလာရင်း သီချင်းတစ်ပုဒ်ကိုလည်း ဆိုနေသည်။ ကျွန်တော်နှင့် ကိုပုကြီးတို့ကလည်း စည်းလိုက်ပေးကြသည်။

မြို့အုပ်အိမ်ကို ကျော်၍ ကုန်းထိပ်တွင်ရှိသော မင်းကျောင်းနားသို့ ရောက်လျှင် ကျွန်တော်တို့သည် တမာပင်အောက်က သစ်သားကွပ်ပျစ်ကြီးပေါ်သို့ ထိုင်လိုက်ကြသည်။

“စန်းယုန်ပွင့်ရယ်က လမ်းကြုံလျှင် ညာညာမယ်သို့၊ ချာချာလယ် မင်းမောင်ဖြင့် ရူးပေါ့လို့၊ တိမ်ဦးဝေယံစွန်းဆီက၊ တစ်ခွန်းသူ့ကို ပြောလိုက်ပါ့ (စန္ဒာရယ်) မော … မောလှပြီလို့”

ကိုတင်ခွေးသည် ပုလဲပေါက်ကို ဆိုကာ မင်ဒိုလင်ကို တီးနေသည်။ ကိုပုကြီးသည် စည်းကို အချက်မှန်မှန် လိုက်လေသည်။ ကျွန်တော်ကား သီချင်းကိုလည်း မကြားမိတော့ပါ။ စည်းချက်လည်း မလိုက်မိတော့ပါ။ လရောင်ဆမ်းထားသော လောကကြီးကို ငေးစိုက် ကြည့်နေမိပါသည်။

ပေတရာလမ်း၏ အရှေ့ဘက်တွင် ကုန်းယာကြီးများ အကွက်လိုက် ရှိနေပါသည်။ မြို့အုပ်အိမ်နှင့် မြို့အုပ်ရုံးရှေ့တွင် ရှိသောကြောင့် မြို့အုပ်ကုန်းယာဟု ခေါ်ကြပါသည်။ မြို့အုပ်ကုန်းယာ၏ အရှေ့ဘက်တွင် ပခုက္ကူသို့ သွားသော ပေတရာလမ်း ရှိပါသည်။ မြို့အုပ်ကုန်းယာ၏ တောင်ဘက်တွင် ခံကုန်း ရှိသည်။ ခံပင်များ အများအပြား ပေါက်သောကြောင့် ခံကုန်းဟု ခေါ်ခြင်း ဖြစ်သည်။ နေ့လယ်ဘက်က ခံကုန်းသို့ သွား၍ ခံသီး ခူးစားကြပုံ၊ ခံပင်တွေကြားထဲတွင် ဗွတ်ဖင်နီသိုက် နှိုက်ကြပုံတို့ကို မြင်ယောင် နေလေသည်။

ကျွန်တော်သည် လရောင်ဖျန်းထားသော မြို့အုပ်ကုန်းယာဘက်သို့ ငေး၍ ကြည့်နေမိသည်။ မြို့အုပ်ကုန်းယာမှာ မြေပဲခင်းများ ဖြစ်၍ ပဲဖော်သူ၊ ပဲဆွတ်သူတို့၏ သီချင်းဆိုသံများကို ကြားရလေသည်။

“ဟေ့ကောင်လေး … လာဟေ့၊ မြို့အုပ်ကုန်းယာထဲ သွားပြီး မြေပဲ ဆွတ်စားချေရအောင်”

ကိုတင်ခွေး ခေါ်သဖြင့် ကျွန်တော်တို့သုံးယောက်သား မြက်တောအလယ်က လူသွားလမ်းကလေးအတိုင်း လျှောက်လာခဲ့ကြပြီး စည်းရိုးများကို ကျော်၍ ယာခင်းထဲသို့ ဝင်ခဲ့ကြသည်။

မြေပဲပင်များမှာ ဒူးဆစ်ခန့်အထိ ရှည်တက်ကာ ဖားဖားလျားလျား ညွှတ်ကျနေကြသည်။ ကျွန်တော်တို့သည် မြေပဲပင်တန်းများကြားမှ ယာတောအလယ်သို့ လျှောက်လာခဲ့ကြသည်။

“ဟေ့ … မြေပဲ လာခိုးတာ ဘယ်သူတွေတုံးဟေ့ ဝေ …”

မြေပဲခင်းထဲသို့ တိတ်တဆိတ် ဝင်လာစဉ် မိန်းမအသံတစ်သံ ထွက်လာသဖြင့် ကျွန်တော်တို့အားလုံး တန့်သွားကြသည်။ ကျွန်တော်တို့သုံးယောက်သည် လသာသောညများ၌ မြေပဲခိုးလေ့ ရှိကြသည်။ လသာသာတွင် မြေပဲခိုးရသည်မှာ ပျော်စရာကြီး ဖြစ်ပေသည်။

“ဟေ့ … မြေပဲခိုးတာ ဘယ်သူတွေလဲ ဝေ … မေးနေတာ မကြားဘူးလား”

နောက်တစ်ကြိမ် ထပ်မေးသံ ပေါ်လာပြန်သည်။ မအေးဘုံကြီး၏အသံ ဖြစ်သည်ဟု ကျွန်တော် ထင်လိုက်သည်။

“ကျုပ်တို့ပါဗျ၊ မြေပဲခိုးဖို့ လာတာ မဟုတ်ပါဘူး။ ပျင်းလို့ လျှောက်လည်တာပါ”

ကိုတင်ခွေးက မင်ဒိုလင်ကို နောက်သို့ ဝှက်၍ ကိုင်ထားရင်း အော်ပြောလိုက်သည်။

“တင်ခွေးတို့လား၊ အေပေးလေးတွေ လာကြ၊ လာကြ၊ တို့ကိုကူပြီး မြေပဲ ဖော်ပေးလှဲ့စမ်း”

မအေးဘုံကြီးက လှမ်းခေါ်သဖြင့် ကျွန်တော်တို့သုံးယောက်သား သူတို့ဘက်သို့ လျှောက်ခဲ့ကြသည်။ မအေးဘုံကြီးမှာ အရပ်ထဲတွင် အာကြမ်းလျှာကြမ်း မိန်းမကြီး ဖြစ်သည်။ သူတို့မိန်းမသိုက်မှာ ၁၀ ယောက်လောက် ရှိမည်ဟု ထင်ရသည်။

ကျွန်တော်ကား မိန်းမသိုက်ကို မြင်သောအခါ ရင်တထိတ်ထိတ် ဖြစ်နေသည်။ သည်မိန်းမသိုက်ထဲတွင် ကျွန်တော် တစ်ဖက်သတ်ကြိုက်နေသော မြညွန့် ပါလေမလားဟု လှမ်းကြည့်နေမိသည်။ မြို့အုပ်ကုန်း မြေပဲခင်းမှာ မြညွန့်တို့အဖေ ဦးတိုင်းကျော်၏ မြေပဲခင်း ဖြစ်သည်။ ကျွန်တော်သာမက ကိုတင်ခွေးကလည်း မြညွန့် ပါမလားဟု လှမ်းကြည့်နေသည်ကို သတိထားလိုက်မိသည်။ ကျွန်တော်နှင့်ကိုတင်ခွေးသည် မြညွန့်ကို တစ်ပြိုင်တည်း ပိုးနေကြသူများ ဖြစ်သည်။ သို့ရာတွင် ကိုတင်ခွေးနှင့်ကျွန်တော် မြညွန့်ကို ကြိုက်ပုံချင်းမှာ မတူကြပါ။

မြညွန့်မှာ ၁၈ နှစ်လောက် ရှိ၍ အုပ်လုံးသိမ်းပြီးခါစ ဖြစ်သည်။ အသားအရေ ဝါဝင်း စိုပြေလျက် ကျစ်ကျစ်လျစ်လျစ် ငါးရံ့ကိုယ်ကလေးနှင့်ဖြစ်၍ ကိုယ်ဟန် ကြော့ရှင်းသည်။ ပင်ဖြူလက်ရှည်အင်္ကျီနှင့် သီတင်းရောင် ချည်လုံချည်ကလေးကို အမြဲဝတ်တတ်သည်။

ကိုတင်ခွေး ကြိုက်ပုံမှာ မြညွန့်၏ တောင့်တင်း ဖြောင့်စင်းသော ကိုယ်ကလေးကို ကြည့်၍ တောက်တခေါက်ခေါက်ဖြင့် အံကြီးကြိတ်ကာ ကြည့်ရာမှ ပေါ်လာသော အကြိုက်မျိုး ဖြစ်၍ ကျွန်တော်ကြိုက်ပုံမှာ မြညွန့်၏နှုတ်ခမ်းပေါ်မှ နှမ်းစေ့လောက်ရှိသော မှဲ့ကလေးအစ ကြည်လင်သော မျက်လုံးများ၊ နီထွေးသော နှုတ်ခမ်းများ၊ လုပ်လီလုပ်လဲ့ ဆော့ကစားကြသော နားသံသီးကလေးများအဆုံး အဆင်တန်ဆာတို့ စုရုံးပါဝင်သည့် မျက်နှာအလှကို ကြည့်ရာမှ ပေါက်ဖွားလာသော အကြိုက်မျိုး ဖြစ်သည်။

ကျွန်တော်နှင့် ကိုတင်ခွေးတို့ ကြိုက်ပုံချင်း မတူကြသလို အကြိုက်ကို ဖော်ပြပုံခြင်းလည်း မတူကြပါ။ ကိုတင်ခွေးမှာ အသက် ၂၀ ကျော် လူပျိုကြီးဖားဖား ဖြစ်၍ ကျွန်တော်ကာ ၁၆ နှစ် ဝင်စ လူပျိုပေါက်ကလေး ဖြစ်ပါသည်။ ထို့ကြောင့် ကိုတင်ခွေးမှာ သည်လိုဖက်က အတွေ့အကြုံတွေ ကြွယ်ဝပြီးဖြစ်ကာ ပြောစရာရှိလျှင် ဒိုးခနဲ ဒေါက်ခနဲ ပြောချလိုက်၍ လက်မြန်စရာ ရှိလျှင်လည်း ဖြိုးခနဲ ဖြတ်ခနဲ လက်မြန်သူ ဖြစ်ပါသည်။ ကျွန်တော်ကား ပြောစရာ ရှိသည်ကို မပြောရဲဘဲ ကြိတ်မှတ်ထား၍ လက်မြန်စရာ ရှိလျှင်လည်း များစွာ နှေးကွေးလှသူ ဖြစ်ပါသည်။ ကိုတင်ခွေးနှင့်ကျွန်တော် ယှဉ်လိုက်လျှင် ကျွန်တော့်မှာ နောက်က ကျန်ရစ်မည်မှာ သေချာပါသည်။

ထိုမျှမက မြညွန့်က တုံ့ပြန်ရာတွင်လည်း ကျွန်တော်နှင့် ကိုတင်ခွေးကို တစ်မျိုးစီ တုံ့ပြန်တတ်ပါသည်။ ကိုတင်ခွေးလိုအရွယ်မျိုးသည် ပိုးထိုက်ပန်းထိုက်သော အရွယ်ဟု အသိအမှတ်ပြုဟန်ရှိ၍ ကျွန်တော့်ကိုမူ ချာတိတ်ဟု သဘောထားပုံရပါသည်။ ကိုတင်ခွေး လာလျှင် မြညွန့်သည် ရှက်စနိုးဟန်ဖြင့် မျက်လွှာကို အောက်သို့ ချထားကာ စကားကို မပွင့်တပွင့် ပြောတတ်သည်။ ကိုတင်ခွေးက နောက်ပြောင်လျှင် နှုတ်ခမ်းစူတတ်သည်။ ကျွန်တော်နှင့်တွေ့လျှင် မြညွန့်မှာ ဘာမျှ ထူးခြားဟန်မရှိဘဲ ကျွန်တော့်မှာသာလျှင် ရှက်စနိုးဖြင့် မနေတတ် မထိုင်တတ် ဖြစ်ရသည်။ မပြောရဲ မဆိုရဲ ဖြစ်ရသည်။ မြညွန့်က နောက်လျှင် ကျွန်တော်သာ မျက်နှာကြီး နီရဲသွားကာ မလုံမလဲ ဖြစ်ရသည်။ တကယ်တော့ မြညွန့်သည် ကျွန်တော့်ကို မလောက်လေး မလောက်စားအရွယ် ဟုသာ သဘောထားဟန် တူပါသည်။

* * * * *

(၂)

ကျွန်တော်သည် သစ်ကိုင်းခြောက်များကို ကောက်ကာ စုပုံ၍ မီးရှို့လိုက်သည်။ ကိုတင်ခွေးနှင့် ကိုပုကြီးက မြေပဲပင်များကို တစ်ပြုံလိုက် ဆွဲနုတ်လိုက်ပြီး မီးပုံထဲသို့ ပစ်ချလိုက်သည်။ လတ်လတ်ဆတ်ဆတ် ဖော်လာသော မြေပဲမီးဖုတ်နံ့မှာ သင်း၍ လာပါသည်။

“ဟဲ့ … အေပေးလေးတွေ အလုပ်တော့ အရင် မလုပ်ဘူး၊ အစားသာ အရင်ဆို့ဖော် ရတယ်”

မအေးဘုံကြီးက ကျွန်တော်တို့ကို လှမ်း၍ အော်လိုက်ပါသည်။ မအေးဘုံတို့ တစ်သိုက်သည် လေဘာတီမမြရင် ဆိုသော ချစ်ကဝေသီချင်းကို ဆိုနေကြပါသည်။ ကိုတင်ခွေးက ဘာမျှမပြောဘဲ ရယ်နေပါသည်။ ကိုပုကြီး ကမူ စကားထစ်အထစ်အဖြင့် ပြန်ပြောနေသည်။ ကျွန်တော်သာ သူတို့ကို စိတ်မဝင်စားဘဲ မြညွန့်ကို လိုက်လံရှာဖွေနေမိသည်။

ယာခင်း အလယ်နားလောက်တွင် မြေပဲဖော်ပြီး၍ မြေပဲပင်ပေါက်များကို ပုံထားပါသည်။ မြေပဲပင်တွေ ပုံထားသော အပုံကြီးမှာ သဘက်ကြီးတစ်ကောင် ထိုင်နေသလို လရောင်အောက်တွင် မားမားကြီး ရပ်နေပါသည်။

“ဗျို့ မအေးဘုံ၊ ဒီအခင်းကို ဘယ်တော့လောက် အပြီး ဖော်မလဲ”

“မနက်ဖြန်ည ဆိုရင် ဖော်လို့ ပြီးမှာပေါ့ဟဲ့၊ ခုတောင် သိပ်ကျန်တော့တာ မဟုတ်ဘူး၊ ဒီအခင်း ပြီးရင် ဦးကင်းဘုရား အနောက်ဘက်က အခင်းတွေ ဖော်မလို့ နင်တို့ပါ လိုက်ပြီး ဖော်ပေးကြစမ်းပါဟဲ့”

မအေးဘုံက ကျွန်တော်တို့ကို အကူအညီတောင်းသည်။ မြေပဲဖော်ချိန်တွင် မအေးဘုံတို့အသိုက်သည် ညပိုင်း ယာခင်းထဲတွင် အလုပ်များကြသည်။ ဖော်ပြီးသား မြေပဲပင်များကို ယာခင်းအလယ်တွင် အစုလိုက် ပုံထားကာ ပဲဆွတ်ကြရပြန်သည်။ ပဲဆွတ်ပြီးပြန်လျှင်လည်း မအားရသေးဘဲ မြေထဲတွင် ကျန်သည့် မြေပဲတောင့်များကို သစ်သားလက်ခွကလေးဖြင့် ယက်၍ ကောက်ရသေးသည်။ ပဲဖော်၊ ပဲဆွတ်၊ ပဲကောက် ကိစ္စအားလုံး ပြီးခါမှ ယာလုပ်ငန်း အပြီးတိုင်ရောက်ခြင်း မည်ပေသည်။

“ကျုပ်တို့က ပဲ မဖော်ချင်ဘူးဗျ”

ကိုတင်ခွေးက ရယ်ကျဲကျဲ လုပ်၍ ပြောလိုက်ပါသည်။

“ပဲ မဖော်ချင်လို့ နင်က ဘာများ လုပ်ချင်သေးလို့လဲ၊ နင်တို့တတွေဟာ အရပ်ထဲ ဘင်ဂျိုလေး တဂေါင်ဂေါင် ခေါက်ပြီး မိန်းမပိုးဖို့လောက် သိတာပဲ”

“ပဲကောက်ပေးချင်လို့ဗျ။ ဟီး … ဟီး …”

ကိုတင်ခွေးက စောစောကထက် စပ်ဖြဲဖြဲ လုပ်နေပါသည်။

“အသေကောင် ဒီကဖြင့် အကောင်းမှတ်လို့ နားထောင်နေတာ”

မအေးဘုံ၏ဆဲသံနှင့်အတူ မြေပဲပင်ဖုတ်တစ်ခုဖြင့် ကောက်ပစ်လိုက်သဖြင့် ကျွန်တော်တို့ မနည်း ရှောင်လိုက်ရပါသည်။ ကိုတင်ခွေးနှင့် ကိုပုကြီးမှာ တဟဲဟဲ ရယ်နေကြပါသည်။

“မြေပဲ ကောက်ပေးချင်ရင် ပေတရာနားက စည်းရိုးနားမှာ မြညွန့်တို့အသိုက် ပဲကောက်နေကြတယ်၊ သွားကောက်ပေးချေကြ”

“ဟေ့ကောင်လေး … သွားမလား”

ကိုတင်ခွေးက ကျွန်တော့်ကို မျက်စပစ်၍ မေးလိုက်သည်။ ကျွန်တော်က ရှက်ရှက်ဖြင့် …

“ဟာဗျာ … ခင်ဗျားကြီးကလဲ”

“ဘာဖြစ်လဲကွ၊ ကိုယ်ကြိုက်လို့ ကိုယ်ကောက်ပေးတာပဲ၊ ရှက်စရာလား”

ကျွန်တော့် နားရွက်တွေ ထူပူသွားသည်ဟု ထင်လိုက်ပါသည်။ ပဲကောက်ပေးသည့်အလုပ်သည် ကျွန်တော့်အသိတွင် အနက်အဓိပ္ပါယ်တစ်မျိုး ထွက်ပါသည်။ ထို့ကြောင့် ကျွန်တော် မျက်နှာတွေ ထူပူကာ ရှက်ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့အရပ်ထဲတွင် ပဲကောက်သောမိန်းကလေးများသည် ပုဆိုးစတစ်စကို ခါးနှစ်ဖက်ကြားသို့ ညှပ်ထားပြီး ရှေ့သို့ဖြန့်ချထားကြပါသည်။ ခေတ်ဆန်သော အိမ်ရှင်မတို့ခါးတွင် ပဝါစည်း၍ မီးဖိုချောင်သို့ ဝင်ပုံအတိုင်းပင် ဖြစ်ပါသည်။ သို့ရာတွင် သည်မျှနှင့် မရပ်ပဲ ဒူးနှစ်ဖက်ပေါ်တွင် ဝဲကျနေသည့် အောက်ပိုင်းပုဆိုးစ အစွန်းနှစ်ဖက်ကို သိမ်းယူလိုက်ပြီး တဖန် ခါးကြားထဲတွင် ပြန်၍ ညှပ်ထားလိုက်ပြန်ပါသည်။ သို့ဖြင့် အိတ်ကလေးလို ဖြစ်ကာ ကောက်ပြီး မြေပဲများကို သည်အိတ်ထဲတွင် ထည့်လေ့ ရှိပါသည်။ ပဲကူ၍ ကောက်ပြီး သည်အိတ်ထဲသို့ ထည့်ပေးကာ လက်ကမြင်းကြခြင်းဖြင့် ညားသွားသူတွေ ဒုနဲ့ဒေး ရှိပါသည်။ ယောက်ျားလေးတစ်ယောက်က ပဲကူ၍ ကောက်ပေးသည်ကို မိန်းကလေးက ကြည်ဖြူစွာ လက်ခံခြင်းသည် အချစ်ကို လက်ခံခြင်း မည်ပါသည်။ ပဲကောက်ပေးရင်းလည်း ချစ်စကား ကြိုက်စကားကို နိဒါန်းပျိုးနိုင်ပါသေးသည်။ မအေးဘုံကြီးတို့သည် သည်လိုနှင့် ပျိုရာမှ အိုလာခဲ့ကြသူများ ဖြစ်၏။ ပဲဖော်ချိန်၊ ပဲဆွတ်ချိန်သည် ကျွန်တော်တို့အညာကျေးက အပျို လူပျိုတွေအဖို့ အခါကောင်း အခွင့်ကောင်း ဖြစ်ပေသည်။

ထို့ကြောင့် မအေးဘုံကြီးက ကျွန်တော်တို့ကို တိုင်းထွာခြင်းဖြစ်၍ ကျွန်တော့်မျက်နှာတွေ ထူပူသွားရခြင်း ဖြစ်ပါသည်။

“ဘယ့်နှယ်လဲ ဟေ့ကောင်လေး၊ သွားမလား”

“ဟာဗျာ …”

ကျွန်တော်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်ပါသည်။ ကိုတင်ခွေးနှင့် မအေးဘုံတို့ တစ်သိုက်သည် ကျွန်တော်ရှက်ပုံကို ကြည့်၍ ပွဲကျနေကြသည်။ နောက်တစ်ခဏကြာလျှင် ဘယ်သူ့က မျက်စပစ်လိုက်သည် မသိ၊ ကိုပုကြီးနှင့်မအေးဘုံတို့ တစ်သိုက်၊ ကျွန်တော့်လက်တွေကို ဖမ်းချုပ်ကာ ပေတရာလမ်းနားက စည်းရိုးထောင့်နားသို့ ဒရွတ်တိုက်၍ ဆွဲခေါ်သွားကြသည်။ ကျွန်တော်က ရှက်စိတ် ကြောက်စိတ်မွှန်ကာ အတင်းရုန်းထွက်သည်။ သို့ရာတွင် မရတော့ပါ။

ပေတရာနားက စည်းရိုးထောင့်တွင် မြေပဲကောက်နေကြသော မြညွန့်တို့အသိုက်သည် ကျွန်တော့်ကို ငေးကြည့်နေကြသည်။

“ဘာဖြစ်လာကြတာလဲတော် …”

မြညွန့်တို့အသိုက်ထဲမှ ခပ်စွာစွာတစ်ယောက်က မေးလိုက်သည်။ မအေးဘုံနှင့် ကိုပုကြီးတို့တစ်သိုက်သည် တဝါးဝါး ရယ်ကာ ကျွန်တော့်ကို မြညွန့်ရှေ့သို့ အရောက်ဆွဲခေါ်လာပြီး ဇွတ်အထိုင်ခိုင်း ချလိုက်သည်။

“ဟောဒီမှာ မြညွန့်၊ ညည်းကို ပဲကောက်ပေးချင်လို့တဲ့”

“တကယ်လားဟဲ့၊ မြညွန့်တို့တော့ ပွတာပဲ၊ တို့ဖြင့် ဘယ် မအေပေးကမှ လာပြီး ကောက်ပေးဖော်မရဘူး”

တစ်ယောက်က ထ၍ ပြက်လိုက်ပါသည်။ မြညွန့်က ဘာမျှမပြောဘဲ ရယ်နေပါသည်။ မအေးဘုံတို့ ကိုပုကြီးတို့အသိုက်သည် ကျွန်တော့်ကို ထားပစ်ခဲ့ကာ ပဲဖော်နေရာသို့ ပြန်ထွက်သွားကြပါသည်။ ကျွန်တော်သည် ရှက်ရှက်ဖြင့် ခေါင်းမဖော်ဘဲ မြညွန့်၏ ကိုယ်အောက်ပိုင်းကို ငုံ့ကြည့်နေမိသည်။ မြညွန့်သည် မြေကြီးပေါ်တွင် ပုဆစ်တုပ် ထိုင်ကာ မြေကြီးကို လက်ခွကလေးဖြင့် ယက်ပြီး ပေါ်လာသော မြေပဲတောင့်များကို ခါးတွင် စည်းထားသည့် ပုဆိုးအိတ်ထဲသို့ ထည့်နေသည်။

“ဟဲ့ လှဆောင် … ကောက်ပေးမယ်ဆို ပေးဟယ်”

မြညွန့်က နောက်သလို ပြောင်သလိုဖြင့် ပြောလိုက်သည်။ ကျွန်တော်သည် ရင်တဒိတ်ဒိတ် ခုန်ရင်းက မြေကြီးများကို လက်ဖြင့် ဖွနေမိသည်။ မြေကြီးထဲတွင် မြေပဲတောင့် ၄၊ ၅ တောင့်ကို စမ်းမိ၍ ကောက်ယူလိုက်ပြီး မြညွန့်ဘက်သို့ လှမ်းပေးလိုက်သည်။ မြေညွန့်က လှမ်းမယူဘဲ ကျွန်တော့်ကို မျက်လုံးကြီးများ လှန်၍ ကြည့်လိုက်ပြီး …

“ဒီအထဲ ထည့်ပါလားဟဲ့၊ နင့်မှာ လက်မပါဘူးလား”

မြညွန့်က သူ့ပေါင်ပေါ်တွင် ပုံကျနေသည့် လုံချည်စ အိတ်ကြီးကို လက်ဖြင့်ဖြဲ၍ ပြောလိုက်သည်။ ကျွန်တော်က အဝေးမှနေ၍ မြေပဲတောင့်များကို ပစ်ချလိုက်သည်။

“အမလေး … ဖြစ်နေလိုက်တာ၊ အိတ်နဲ့ထိရင် နူသွားတော့မယ့်အတိုင်းပဲ”

မြညွန့်က ကျွန်တော့်ကို မျက်စောင်းထိုး၍ ပြောလိုက်သည်။ ကျွန်ုတော်ကား စကားတစ်ခွန်းမျှ မပြောဓိပါ။ သို့ရာတွင် ရင်တဒိတ်ဒိတ် ခုန်နေပါသည်။ မြညွန့်ကို ကျွန်တော် ချစ်နေသည်မှာ ကြာပါပြီ။ တကယ် တေ့တေ့ဆိုင်ဆိုင် တွေ့တော့ ကျွန်တော် ဘာမျှ မပြောရဲပါ။ အာစေး ထည့်ထားသလို ဖြစ်နေပါသည်။

ကျွန်တော်သည် လရောင် ထိုးရိုက်နေသော မြညွန့်၏မျက်နှာကိုသာ ငေးစိုက် ကြည့်နေမိသည်။ နှင်းကျမည် စိုးသဖြင့် မြညွန့်သည် ခေါင်းကို ပဝါ ပေါင်းထားပါသည်။ ဆံလျဉ်စကလေးများသည် ပုဝါအောက်မှ ထိုးထွက်ကာ နဖူးပြင်ပေါ်သို့ ဝဲကျနေပါသည်။ မျက်ခုံးအောက်က မျက်လွှာတွင် လည်းကောင်း၊ နှာတံအောက်က အပေါ်နှုတ်ခမ်းပေါ်တွင် လည်းကောင်း အရိပ်ထိုး၍ ကျနေပါသည်။ ကျွန်တော်သည် လရောင်အောက်တွင် ပန်းရိုင်းလို လှနေသော မြညွန့်၏အလှကို ငေးမောကာ ကြည်နူးနေမိပါသည်။ ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည်။ မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိုပါ။ သန့်သန့်ရှင်းရှင်းသာ ချစ်နေလိုပါသည်။

“ပေးစမ်းပါ ပဲတောင့်တွေ၊ လက်ထဲကိုင်ထားပြီး ဘာငေးနေရတာလဲ”

မြညွန့်က ကျွန်တော့်လက်ထဲက မြေပဲတောင့်တွေကို လုယူပြီး အိတ်ထဲသို့ ထည့်လိုက်တော့မှ ကျွန်တော်သည် အသက်ဝင် လှုပ်ရှားသူလို ဖြစ်လာပါသည်။

“ခင်ဗျား လှတာကို ငေးကြည့်နေတာပါ။ လရောင်အောက်မှာ ခင်ဗျားမျက်လုံးတွေက ရွှန်းရွှန်းတောက်နေတာကို ထိုင်ပြီး ကြည့်ချင်လို့ပါ”

သည်စကားလုံးများမှာ ပါးစပ်မှ ထွက်မလာပါ။ စိတ်ထဲက ပြောနေခြင်းသာ ဖြစ်ပါသည်။ တကယ် ပါးစပ်က ထွက်လာသည်မှာ ခြောက်ကပ်၍ အဓိပ္ပါယ်မရှိသော ရယ်သံသာ ဖြစ်ပါသည်။

“နေကောင်းရဲ့လား”

“နေကောင်းလို့ ပဲကောက်နေတာပေါ့ဟဲ့၊ မမြင်ဘူးလား”

မြညွန့်က ပြန်ပြောလိုက်ပါသည်။ ကျွန်တော်သည် အမြီးအမောက်မတည့်သော စကားလုံးများ ထွက်လာသည့် ကိုယ့်နှုတ်သီးကို ရိုက်ချိုးပစ်လိုက်ချင်ပါသည်။ အမှန်ကတော့ ကျွန်တော် သူ့ကို ချစ်နေကြောင်း ဘယ်ကစ၍ ပြောရမည် မသိသဖြင့် တွေ့ရာကို ကောက်ပြောလိုက်မိခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ဘာမျှမပြောတော့ဘဲ ကောက်ပြီးသား မြေပဲတောင့်များကို မြညွန့်ပေါင်ပေါ်က အိတ်ထဲသို့ ပစ်ထည့်နေပါသည်။ ခပ်လှမ်းလှမ်းမှ ကိုတင်ခွေး၏ မင်ဒိုလင်သံနှင့် သီချင်းသံကို ကြားလိုက်ရပါသည်။

“ကဝေဆရာကြီး ချစ်သောနည်းနာတွေ၊ အံ့ဩစေလောက်ဖွယ် များရှာကြပေ၊ သူ့မျက်နှာ မြင်ပြန်ရင်လေ၊ အရာရာတွေ တစ်နေ့လုံးပြောလို့မပြီး၊ အရာရာတွေ တစ်ညလုံး ပြောလို့မပြီး၊ ဆရာကြီး ကိုကဝေ၊ စကား အရပ်ရပ် ကိုယ်စောင့်နတ်၊ ရှက်စရာတွေ”

လေဘာတီမမြရင်၏ ချစ်ကဝေသီချင်း ဖြစ်ပါသည်။ ကျွန်တော်တို့နှစ်ယောက် ဟန်ကျနေပြီ အထင်ဖြင့် စောင်းမြောင်း ဆိုလိုက်ဟန် တူပါသည်။

“ဒီနှစ် မမြညွန့်တို့ ပဲခင်းတွေက ပဲတော်တော် ရရဲ့လား”

ကျွန်တော်က နှစ်ယောက်သား စကားမပြောဘဲ ငြိမ်နေကြသည်ကို မလုံမလဲကြီး ဖြစ်လာသဖြင့် ဒုတိယမေးခွန်းကို မေးလိုက်ပါသည်။

“မဆိုးပါဘူး”

မြညွန့်က ပြန်ဖြေပါသည်။ နောက် ကျွန်တော် ဘာဆက်ပြောရမှန်း မသိတော့ပါ။ ကျွန်တော်သည် မြညွန့်ကို ချစ်ရုံသာ ချစ်တတ်၍ မြညွန့် ပြန်ချစ်အောင် ဘယ်လိုလုပ်ရမည်ကို မသိပါ။

ကျွန်တော်သည် ဘာမျှ မပြောတော့ဘဲ မြေပဲတောင့်များကိုသာ ကောက်ယူပြီး မြညွန့်အိတ်ထဲသို့ အဝေးကလှမ်း၍ ပစ်ထည့်နေပါသည်။ မြညွန့်ကလည်း ဘာမျှ မပြောတော့ဘဲ သူ ကောက်ရသော ပဲတောင့်များကို အိတ်ထဲသို့ ထည့်၍နေပါသည်။

“ကိုတင်ခွေးတို့လဲ ပါတယ်။ ဘာမှာလိုက်အုံးမလဲ”

“မမှာတော့ပါဘူး”

မြညွန့်က ပြန်ဖြေလိုက်သည်။ ကျွန်တော်လည်း နောက်ထပ် ဘာဆက်ပြောရမှန်း မသိတော့ပါ။ ထို့ကြောင့် မြညွန့်ကို နှုတ်ဆက်၍ ကိုတင်ခွေးတို့ ထိုင်နေရာ ပဲပင်ပုံကြီးနားသို့ လျှောက်လာခဲ့ပါသည်။

* * * * *

(၃)

ကိုတင်ခွေးသည် သူတီးနေကျ ချစ်ကဝေ သီချင်းကို အဆုံးထိအောင် ဆိုကာ တီး၍ ချလိုက်ပြီး မြို့အုပ်ကုန်း ယာဘက်သို့ လှမ်းကြည့်လိုက်ပါသည်။ မြို့အုပ်အိမ်မှ ရေဒီယိုသံကို ပြတ်သားစွာ ကြားရပါသည်။ ကိုပုကြီးမှာ တမာပင်အောက်က သစ်သားကွပ်ပျစ်တွင် အိပ်ပျော်နေပါသည်။

“ဟေ့ကောင်လေး … မင်း မနေ့ညက မြညွန့်ကို သွားပြီး ပဲကောက်ပေးတာ စွံရဲ့လား”

ကိုတင်ခွေးက မင်ဒိုလင်ကို ကွပ်ပျစ်ပေါ်တွင် ချထားကာ ဆေးလိပ်ကို မီးညှိရင်း မေးလိုက်သည်။ သူ့မေးခွန်းကြောင့် ကျွန်တော့်မှာ မျက်နှာတွေ ထူပူသွားသည် ထင်လိုက်ရသည်။

“ဟာဗျာ … ကျွန်တော် ရိုးရိုး ကောက်ပေးတာပါ”

“မင်း တော်တော် ခွကျအုံးမယ့်ကောင်ပဲ။ မိန်းမနဲ့တွေ့ရင် လက်မြန်ခြေမြန် ရှိရတယ်ကွ၊ သေသေချာချာ မှတ်ထား၊ ကောင်မလေးတွေကို ပဲကောက်ပေးရင်း နှူးရတာလောက် လွယ်တာ မရှိတော့ဘူး၊ သူတို့ပေါင်ပေါ်က အိတ်ထဲကို ပဲတောင့် ထည့်ပေးသလိုလို လုပ်ပြီး ပွတ်သီးပွတ်သပ် လုပ်နိုင်ရင် သေချာပြီလို့သာ အောက်မေ့ပေတော့”

ကိုတင်ခွေး၏စကားများမှာ ရင့်သီးလှသည်ဟု ထင်မိသည်။ မြညွန့်လို မိန်းကလေးတစ်ယောက်ကို ကျွန်တော် သည်လို ရင့်ရင့်သီးသီး မတွေးရက်ပါ။ ထို့ကြောင့် ကျွန်တော်သည် ဘာမျှ မပြောတော့ဘဲ ကိုပုကြီး ဘေးတွင် ဝင်၍ လှဲလိုက်ပြီး ဆေးလိပ်ကို ဖွာနေမိသည်။

“ဟေ့ကောင်တွေ အိပ်ကုန်ကြပြီလား၊ ငါတော့ ပျင်းတယ်ကွာ၊ မြို့အုပ်ကုန်း ယာခင်းထဲ သွားအုံးမယ်၊ ကောင်မတွေ ဒီနေ့ည ပဲဖော်လို့ ပြီးမှာ မဟုတ်သေးဘူး ထင်တယ်”

ကိုတင်ခွေးသည် မင်ဒိုလင်ကို ကောက်၍ ပေါက်-မြိုင် ပေတရာလမ်းကို ကျော်ပြီး မြို့အုပ်ကုန်း ယာခင်းထဲသို့ ဆင်းသွားပါသည်။ ကျွန်တော်သည် မင်ဒိုလင် တဒေါင်ဒေါင်ဖြင့် ယာထဲသို့ ဆင်းသွားသော ကိုတင်ခွေးကို ခေါင်းထောင်၍ ကြည့်လိုက်မိပါသည်။

“ကဝေဆရာကြီး ချစ်သော နည်းနာတွေ၊ အံ့ဩလောက်ဖွယ် များရှာကြပေ”

ကိုတင်ခွေး၏သီချင်းသံသည် ခပ်သဲ့သဲ့ လွင့်လာသည်။ ကျွန်တော်သည် ဘေးတွင် ကိုပုကြီး အိပ်ပျော်နေသည်ကို ကြည့်ပြီး ရုတ်တရက် ထထိုင်ကာ အိတ်ထဲမှ ကရုကမာလုံး ပုတီးကလေးတစ်ကုံးကို ဆွဲထုတ်လိုက်မိသည်။ ကျွန်တော့်အကြံမှာ ယနေ့ည ကိုတင်ခွေးတို့နှင့်အတူ ခပ်စောစော အိမ်ပြန်ကာ နောက်တစ်ခေါက် ယာခင်းထဲသို့ ပြန်လာပြီး မြညွန့်ကို ပုတီးတစ်ကုံး လက်ဆောင်ပေးရင်း ချစ်ရေးဆိုရန် ဖြစ်ပေသည်။ အမှန်ကတော့ ကျွန်တော် မရဲပါ။ သို့ရာတွင် အားတင်းကာ ချစ်ရေးဆိုတော့မည် ဟူသော စိတ်ကူးဖြင့် ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

မြို့အုပ်အိမ်မှ ရေဒီယိုသံ တိတ်သွားသည်။ ကိုပုကြီးမှာ ဟောက်၍ အိပ်ပျော်နေပါသည်။ ကုန်းအောက် ယာခင်းထဲမှ စကားပြောသံ၊ ရယ်သံ၊ သီချင်းသံများကို ကြားရပါသည်။

ကျွန်တော်သည် ကိုပုကြီးကို မနှိုးတော့ဘဲ တစ်ယောက်တည်း ထားပစ်ခဲ့ကာ အောက်ချိုင့်ထဲက မြေပဲခင်းဆီသို့ ဆင်းလာခဲ့သည်။ မြို့အုပ်ကုန်းထိပ်သို့ ရောက်လျှင် ကျွန်တော်သည် ခေတ္တရပ်ကာ ပဲခင်းဘက်ဆီသို့ လှမ်းကြည့်လိုက်မိသည်။ မြေပဲခင်းများသည် လရောင်အောက်၌ မှိုင်းညို့နေလေသည်။ စီတန်း စိုက်ထားသော မြေပဲပင်ဖုတ်များကြောင့် အဝတ်စတစ်စကို ဖြန့်ခင်းထားသည်နှင့် တူနေသည်။ မြို့ဘက်မှ ခွေးဟောင်သံ၊ ချောင်းဆိုးသံ၊ စကားပြောသံများကို တစ်ချက်တစ်ချက်တွင် ကြားရပေသည်။

ကျွန်တော်သည် ယာခင်းတွင် ပေါက်နေသော တန်ဆောင်းပင်များ ကြားက စည်းရိုးပေါက်ကလေးအတိုင်း ယာထဲသို့ ဝင်လာခဲ့သည်။ သို့ရာတွင် မြညွန့်တို့အသိုက်သည် ယာခင်းအလယ်တွင် မဟုတ်ဘဲ မနေ့ညက ကျန်နေသော မြေပဲများကို ကောက်သင်းကောက် ကောက်ကြဦးမည်ဟု သတိရသဖြင့် ယာထဲက မဖြတ်တော့ဘဲ ယာစည်းရိုးအတိုင်း ခံကုန်းဘက်သို့ ထွက်လာခဲ့သည်။ ခံကုန်းဘက်မှ နေ၍ ပခုက္ကူ-မြိုင် ပေတရာလမ်းဘက်မှ ဝင်ပြီး မြညွန့်တို့ရှိရာ ယာထောင့်သို့ သွားရန် ဖြစ်သည်။ ယာထဲက ဖြတ်သွားလျှင် မအေးဘုံကြီးတို့တစ်တွေက နောက်ပြောင်မှာကို စိုးရသေးသည်။ ကိုတင်ခွေး သိမှာကိုလည်း စိုးရသေးသည်။ မြညွန့်တို့ယာသည် ပေတရာ နှစ်ခုအလယ်ကို ခွ၍ တည်ရှိနေသည်။

ကျွန်တော်သည် ခံကုန်းဘက်သို့ တက်ကာ ယာစည်းရိုးအတိုင်း လျှောက်လာပြီးမှ ပခုက္ကူ ပေတရာလမ်းဘက်သို့ ချိုးလိုက်ပြီး ခနော်နီခနော်နဲ့ဖြစ်နေသော ယာစည်းရိုးကို ကျော်နင်းကာ ယာခင်းထဲသို့ ဝင်လာခဲ့သည်။ ယာခင်းထောင့်တွင် မြေပဲကောက်ရင်း စကားပြောနေကြသူများကို လရောင်ဖွေးဖွေးအောက်တွင် မြင်နေရသည်။ ကျွန်တော်သည် ယာအစပ်က ဘုရားငုတ်တိုကို ကွယ်ကာ မြညွန့်ကို လှမ်းမျှော်ကြည့်မိသည်။ ယာထောင့်က လူသိုက်ထဲတွင် မြညွန့်ကို မတွေ့ရပေ။

ကျွန်တော်သည် ဘုရားငုတ်တိုကို တဖြည်းဖြည်းပတ်ကာ ယာခင်းဘက်သို့ ထွက်လာသည်။ ဘုရားငုတ်တိုနှင့် မလှမ်းမကမ်းတွင် ဆွတ်ပြီး မြေပဲရိုးပုံကြီးတစ်ပုံ ရှိသည်။ ကျွန်တော်သည် ပဲရိုးပုံအနီးသို့ ကပ်လိုက်ပြီး မြညွန့်ကို လှမ်းကြည့်သော်လည်း အရိပ်အရောင်မျှ မမြင်ရပါ။ တစ်ယောက်ချင်းတွေ့ရန် စဉ်းစား၍ လာတော့မှ မတွေ့သောအခါ ကျွန်တော် စိတ်အပျက်ကြီး ပျက်သွားပါသည်။

ကျွန်တော်သည် စိတ်ပျက်လက်ပျက်ဖြင့် ပဲရိုးပုံကြီးမှ ခွာထွက်ကာ ပြန်ရန် လှည့်လိုက်သည်။ သို့ရာတွင် ပဲရိုးပုံတစ်ဘက်ဆီမှ စကားပြောသံလိုလို မသဲမကွဲ ကြားရသဖြင့် ရပ်တန့်ကာ နားစွင့်ထောင်လိုက်ပြီး ပဲရိုးပုံတစ်ဘက်သို့ ချောင်းကြည့်လိုက်သည်။

ပဲရိုးပုံနှင့် မလှမ်းမကမ်းတွင် မြညွန့်သည် မြေကြီးပေါ်တွင် ကျုံ့ကျုံ့ထိုင်ကာ ပဲကောက်နေသည်။ ကိုတင်ခွေးက သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သဲထဲသို့ လက်ဖြင့် ယက်နေ၏။ သူလည်း ပဲကောက်နေပုံ ရပေသည်။ ခဏကြာလျှင် ကိုတင်ခွေး၏ တဟဲဟဲ ရယ်သံကို ကြားရသည်။ ကျွန်တော်သည် မျက်လုံး ပိုကျယ်လာကာ လှမ်းကြည့်လိုက်သည်။

ကိုတင်ခွေးက သူကောက်ထားသော မြေပဲတောင့်များကို မြညွန့် ရင်ခွင်ထက်တွင်ရှိနေသော ပုဆိုးအိတ်ထဲသို့ ထည့်နေသည်။ သူ့လက်သည် မြညွန့်ပေါင်ပေါ်က ပဲအိတ်ထဲမှ ရုတ်တရက် ပြန်ထွက်မလာပါ။ အကြာကြီးနေပြီးမှ ပြန်ထွက်လာပါသည်။ တဟဲဟဲ ရယ်သံကိုလည်း ကြားနေရပါသည်။ မြညွန့်က ဘာမျှမပြောဘဲ ခေါင်းကို ငုံ့ထားပါသည်။ သူ့မျက်နှာကလေးသည် ရှက်သွေးဖျန်းနေသည်ဟု ထင်ရပါသည်။ ကိုတင်ခွေးက သူကောက်ထားသော ပဲတောင့်များကို အိတ်ထဲသို့ လှမ်းထည့်ပြန်သည်။

“ပေးပါ၊ ကျုပ်ဖာသာ ကျုပ် ထည့်ပါ့မယ်”

မြညွန့်က အသံတုန်တုန်ကလေးဖြင့် ပြောပါသည်။ ကိုတင်ခွေးက ဘာမျှပြန်မပြောဘဲ တဟဲဟဲရယ်ကာ အိတ်ထဲသို့ လက်နှိုက်မြဲ နှိုက်ပါသည်။ သည်တစ်ခါတွင်လည်း ကိုတင်ခွေး၏လက်သည် ပဲအိတ်ထဲမှ တော်တော်နှင့် ပြန်ထွက်မလာပါ။ ကိုတင်ခွေး၏ လက်ထဲတွင် ပဲတောင့် ၄၊ ၅၊ ၁၀ တောင့်ထက် ပိုမည် မဟုတ်ပါ။ ပဲတောင့် ၁၀ တောင့်လောက်ကို ထည့်နေသော ကိုတင်ခွေး၏လက်သည် ၁၅ မိနစ်လောက် ကြာသော်လည်း အိတ်ထဲက ပြန်မထွက်လာသေးပါ။

“ဟိုကောင်မတွေ မြင်ကုန်လိမ့်မယ်တော်”

မြညွန့်က အသံလေး တုန်တုန်နှင့် ဆိုပါသည်။ မြညွန့်မှာ ခေါင်းကို လုံးဝ မဖော်တော့ပါ။ မျက်နှာကိုလည်း တစ်ဖက်သို့ လွှဲထားပါသည်။

“ချစ်လို့ပါဟာ နင်ကလဲ၊ ဟဲ … ဟဲ …”

ကိုတင်ခွေး၏ရယ်သံ ဖြစ်ပါသည်။ ကျွန်တော်သည် ကိုတင်ခွေး မြေပဲကောက်ပေးပုံကို ကြာရှည် မကြည့်ရဲတော့ပါ။ ကျွန်တော့်နှလုံးသားများသည် နာကျင်လာသည်ဟု ထင်ရပါသည်။ ရင်ထဲတွင် တလှိုက်လှိုက်ဖြစ်၍ ငိုချင်လာပါသည်။ ကျွန်တော် သန့်ရှင်းစွာ ချစ်ခဲ့သော မြညွန့်ကို သည်ပုံသည်နည်း မြင်လိုက်ရသောအခါ ရင်နာလာပါသည်။ ထို့ကြောင့် ကျွန်တော်သည် မြေပဲကောက်ခန်းကို ဆက်၍ မကြည့်ရဲတော့ဘဲ ပဲရိုးပုံကြီးဘေးတွင် ထိုင်ချလိုက်ပြီး အိတ်ထဲမှ ကရုကမာပုတီးကလေးကို စမ်းသပ်နေမိပါသည်။

ကျွန်တော်၏အချစ်နှင့် ကိုတင်ခွေး၏အချစ်တို့ ခြားနားပုံကို စဉ်းစားနေမိပါသည်။ ကျွန်တော်၏အချစ်မှာ မြညွန့်၏အလှကိုကြည့်၍ ငေးမာနေချင်သော အချစ်ဖြစ်၍ ကိုတင်ခွေး၏အချစ်မှာ လက်တွေ့ကျသော အချစ်မျိုး ဖြစ်သည်ဟု ထင်ပါသည်။ တစ်ဆက်တည်းမှာပင် မြညွန့်က ကျွန်တော်နှင့်ကိုတင်ခွေးအား တစ်မျိုးစီ တုံ့ပြန်ပုံကို စဉ်းစားမိပါသည်။ မြညွန့်သည် ကျွန်တော့်ကို မလောက်လေး မလောက်စား အနုံအချာကလေး အောက်မေ့၍ ကိုတင်ခွေးကိုမူ စိုးရွံ့ ရှက်ကြောက်ပုံ ရပါသည်။

ကျွန်တော်သည် အတော်ကြာ စဉ်းစားနေပြီးမှ ပဲရိုးပုံကွယ်မှ ထကာ သူတို့ဘက်သို့ လှမ်းကြည့်လိုက်မိပြန်သည်။ သူတို့နှစ်ယောက်စလုံး မရှိကြတော့ပါ။ သူတို့နေရာတွင် မြညွန့်၏ မြေပဲအိတ်ထဲမှ သွန်ချထားခဲ့ဟန်တူသော တစ်ပြည်သာသာလောက်ရှိ မြေပဲတောင့်များကို မြင်ရပါသည်။

ကျွန်တော်သည် ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းတွင် မိန်းမတစ်သိုက်မှာ မြေပဲကောက်ရင်း စကားပြောနေကြဆဲပင် ဖြစ်သည်။ ကိုတင်ခွေးနှင့် မြညွန့်တို့ကို မမြင်ရပါ။ ထို့ကြောင့် လက်ျာဘက်ဘေးက ပခုက္ကူ ပေတရာလမ်းဘက်သို့ လှမ်းကြည့်လိုက်မိပါသည်။

မှုန်ရီနေသော လရောင်အောက်တွင် တမာတန်းဘက် မှောင်ရိပ်ဆီသို့ သွားနေသော မြညွန့်နှင့်ကိုတင်ခွေးကို မြင်ရပါသည်။ မြညွန့်သည် မြေပဲအိတ်လုပ်သော ပုဆိုးစကို ကျောပေါ်တွင် သိုင်းခြုံထားပြီး ကိုတင်ခွေးက မြညွန့်၏ခါးကို ဖက်ထားပါသည်။

ကျွန်တော်သည် သူတို့နှစ်ယောက်ကို တမာတန်း မှောင်ရိပ်တွင် ပျောက်ကွယ်သွားသည်အထိ ငေးကျန်ရစ်ခဲ့ပါသည်။

ကိုတင်ခွေး၏ စကားများကိုလည်း ကြားယောင်လာပါသည်။

“ကောင်မလေးတွေကို ပဲကောက်ပေးနေရင်း နှူးရတာလောက် လွယ်တာ မရှိတော့ဘူး၊ သူတို့ပေါင်ပေါ်က အိတ်ထဲကို ပဲထည့်ပေးသလိုလိုနဲ့ လုပ်ပြီး ပွတ်သီးပွတ်သပ် လုပ်နိုင်ရင် သေချာပြီလို့သာ အောက်မေ့ပေတော့”

ကျွန်တော်သည် ကရုကမာခွံ ပုတီးကလေးကို စိတ်ဆိုးဆိုးဖြင့် ဆွဲဖြတ်လိုက်ပြီး ပုတီးလုံးကလေးများကို လွှင့်ပစ်လိုက်သည်။ လှပဖြူဖွေးသော ပုတီးလုံးကလေးများသည် လရောင်အောက်တွင် ဝင်းလက်၍ လွင့်စဉ် ပျောက်ကွယ်သွားကြပါသည်။

ထိုအချိန်ကစ၍ ကျွန်တော်သည် အသည်းနှလုံးမှ လာသည်ဆိုသော အချစ်ကို အယုံအကြည် မရှိတော့ပါ။

မြသန်းတင့်

ငွေတာရီ မဂ္ဂဇင်း။