ဝတ္ထုတိုများစုစည်းမှု့

မကောင်းသူကယ် ကောင်းသူပယ်

ဂြိုဟ်သားနှစ်ဦးသည် ကမ္ဘာမြေကြီးဆီသို့ ဆင်းသက်လာခဲ့ကြပြီးနောက် အထက်တစ်နေရာတွင် ရပ်နားလိုက်ကြ၏။

ကမ္ဘာလောကကြီးနှင့်တကွ ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်ကြသော လူသန်းပေါင်း နှစ်ထောင့်ငါးရာကိုလည်းကောင်း၊ မြို့ကြီးများကိုလည်းကောင်း၊ စက်ယန္တရားများကိုလည်းကောင်း ကြည့်နေကြသည်။

အတန်ကြာလျှင် ရှေ့မှဆင်းလာသောဂြိုဟ်သားက

“ဟုတ်ပြီဗျ၊ ကျေနပ်ပြီ” ဟု ဆို၏။

ထိုအခါတွင် နောက်ဂြိုဟ်သားတစ်ဦးက

“ကောင်းပြီလေ ဒီလိုဆိုရင် စကြမယ်” ဟု ဆိုကာ စထရွန်တီယန် ၉၀ ဓာတ်ကြွပြာမှုန့်များကို လွှတ်လိုက်သည်။

ဂြိုဟ်သားနှစ်ဦးသည် စထရွန်တီယန် ၉၀ ဗုံးကြီးကိုကိုင်၍ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကြသည်။

“ကဲ စလေဗျာ” ဟု စထရွန်တီယန် ၉၀ ဗုံးကြီးကို ယူလာသည့်ဂြိုဟ်သားက ပြော၏။

အခြားဂြိုဟ်သားတစ်ဦးက အချိန်ကာလတည်းဟူသော စက်ကြီးထဲမှ ထိုဗုံးကြီးကို ထုတ်လိုက်ပြီးလျှင် ထိုဗုံးကြီးကိုလှိမ့်ကစားရန်လမ်းကြောင်းကလေးများ ဖောက်လုပ်လိုက်ပြီးလျှင် ယန္တရားကြီးကိုလှည့်လိုက်ရာ ယန္တရားထဲမှပစ္စည်းများသည် ပြခန်းထဲမှပစ္စည်းများသဖွယ် သူတို့ရှေ့တွင် ပတ်ချာလည်၍ နေကြသည်။

“အဲဒီအထဲက ကြိုက်ရာပစ္စည်းတစ်ခုရွေးလေ”

“အဲဒီဗုံးကြီးကိုပဲ ရွေးတယ်ဗျာ”

ဤတွင် ပထမဂြိုဟ်သားက ခလုတ်ကိုနှိပ်လိုက်ရာ ဗုံးထဲမှ ရေဒီယိုဓာတ်ကြွပြာမှုန့်များသည် တစ်ဖက်လမ်းကြောင်းအတိုင်း လွင့်ပါသွားသည်ကို တွေ့လိုက်ရသည်။

“ဟုတ်ပြီဗျ၊ ခေါင်းပန်းရွေးတဲ့နေရာမှာ ကျုပ်ရှုံးသွားပြီ၊ ဒါဖြင့် ခင်ဗျားက ဘယ်လိုသဏ္ဌာန် ဖန်ဆင်းမလဲ၊ ကြိုက်တဲ့သဏ္ဌာန်ကို ဖန်ဆင်းပေတော့”

ပထမဂြိုဟ်သားက

“ကျုပ်က ဖုန်မှုန့်ဗျ၊ အရုပ်တစ်ရုပ်ကို သုံးခါရွှေ့နိုင်တယ်”

“ဟုတ်ပြီ၊ တစ်ရုပ်ကို သုံးခါရွှေ့ဖို့ သဘောတူတယ်၊ ကျုပ်က သွေးသဏ္ဌာန် ဖန်ဆင်းမယ်”

“ဒီလိုဆိုရင် ကျုပ်က အရင်ရွှေ့မယ်”

“စိန်လိုက်ဗျာ”

သူတို့နှစ်ဦးသည် ကမ္ဘာလောကကြီး၏ သမိုင်းကို လှမ်းမျှော်ကြည့်ကြ၏။

ဖုန်မှုန့်သည် ပေလီယိုလစ်သစ်ခေတ်ဦးသို့ ရောက်သွားကာ တန်ခိုးပြလိုက်၏။ ထိုအခါ ဥရောပတောင်ပိုင်းတွင် သတ္တုသိုက်များ ပေါ်ပေါက်လာခဲ့၏။

“ပထမအကွက် ရွှေ့ပြီးပြီဗျ”

သွေးသည် အချိန်ကာလမဲ့စွာကြာအောင် စဉ်းစားပြီးနောက် ခရစ်တော်မပေါ်မီ နှစ်ရာစုသို့ရောက်သွားကာ ရောမ ဆီးနိတ်လွှတ်တော်ထဲတွင် လဲကျနေသည့် အမတ်ကြီးမားကတ်စ်ပိုးရတ်စ်ကာတို့၏ လည်ပင်းကြောကြီးအနီးရှိ ဒဏ်ရာကြီးတစ်ခုထဲသို့ ဝင်ရောက်သွား၏။

“ကျုပ် ပထမအကွက်တော့ ပြီးပြီဗျ”

ဖုန်မှုန့်သည် ခရစ်တော်ပေါ်ပြီးနောက် လေးရာစုသို့ရောက်လာပြီး မီသရာမှ ခြင်္သေ့ကြီးဟုခေါ်ကြသော အိပ်ပျော်နေသည့် ဂျူးလီးယက်စ်အင်ဗရိုစီးယတ်စ်၏ သွေးကြောထဲသို့ လေပူဖောင်းတစ်ခုကို သွတ်သွင်းလိုက်၏။

“ဒုတိယရွှေ့ကွက် ပြီးသွားပြီနော်”

သွေးသည် ရှစ်ရာစုနှစ် ဒမတ်စကတ်မြို့တွင်းသို့ ရောက်လာပြီးနောက် သစ်တုံးကလေးများပေါ်တွင် အက္ခရာများကို ထွင်းထုလျက်ရှိသော ပန်းပုကျော်အဘူကစ္စကာဖာ၏ သွေးကြောထဲသို့ အလားတူလေပူဖောင်းတစ်ခုကို သွင်းလိုက်ပြန်သည်။

“အဲဒါ ကျုပ်ရဲ့ ဒုတိယရွှေ့ကွက်ပဲဗျ”

ဖုန်မှုန့်သည် သူ့ရွှေ့ကွက်ကို အတန်ကြာမျှ စဉ်းစားနေသည်။

“အင်း… ရွှေ့ကွက်ကလေးကတော့ သပ်ရပ်ပါပေတယ်ဗျာ”

ဖုန်မှုန့်သည် ၁၇ ရာစု အင်္ဂလန်ပြည်သို့ ရောက်လာကာ အိုက်ဇက်နယူတန် အသက်ပေး၍ စမ်းသပ်ရှာဖွေခဲ့သည့် ဓာတုဒြပ်စင်များကို ဖျက်စီးပစ်လိုက်၏။

“အဲဒါ ကျုပ် နောက်ဆုံးရွှေ့ကွက်ပဲဗျ”

“အင်း… ရွှေ့ကွက်က သိပ်တော့မဆိုးလှဘူး၊ ကောင်းပြီလေ၊ ကျုပ်ကလည်း ခင်ဗျားရွှေ့ကွက်ကို အမီလိုက်ရမှာပေါ့”

သွေးသည် ၁၉ ရာစုနှစ်ဦး အင်္ဂလန်ပြည်သို့ရောက်လာကာ ချားလ်ဘုရင်ကို ဖြုတ်ချလိုက်သည်။

“ကျုပ်ရဲ့ နောက်ဆုံးရွှေ့ကွက် ပြီးသွားပြီဗျ”

သွေးနှင့် ဖုန်တို့သည် ဂြိုဟ်သားနှစ်ဦးအသွင်သို့ ပြန်ပြောင်းကာ သူတို့ဘုံသို့ တက်လာခဲ့ကြသည်။

သူတို့ အသွင်ပြောင်းလိုက်သည့်အချိန်သည် ဘာမျှမကြာလိုက်။ ခဏမျှသာကြာ၏။ သို့ရာတွင် လူ့ပြည်တွင်မူ ကြိမ်စကြာဖြင့် ရိုက်လိုက်သည့်နှယ် ပြောင်းလဲသွားသည်။

ဥရောပတိုက် တောင်ပိုင်းတစ်ခုလုံးသည် တိုးတက်စည်ပင်လျက်ရှိ၏။ ရောမနိုင်ငံကြီး ထူထောင်ပြီးနောက် ရောမတို့၏ အာဏာစက်သည် ကြီးထွားလျက်ရှိ၏။ ရှေးယခင် ရာစုနှစ်ပေါင်းများစွာတုန်းကထက်ပင် ကြီးထွားလျက်ရှိ၏။ ခေါမတိုင်းမှာ နောက်တစ်ကြိမ် စစ်ပွဲရှုံးကာ အေသင်မြို့ကြီးသည် အကြီးအကျယ် မီးတိုက်ခံရပြန်၏။ ကာတိုဘုရင်ကြီး နတ်ရွာဆန်သည့်အတွက် နောက်ထပ်ပျူးနစ်စစ်ပွဲများကို မတိုက်နိုင်တော့ဘဲ ရွှေ့ဆိုင်းလိုက်ရ၏။ ကာသေ့လက်နက်နိုင်ငံတော်ကြီးသည် တဖြည်းဖြည်းစည်ပင်ဝပြောလျက်ရှိကာ အရှေ့ဘက်၊ တောင်ဘက်တို့အထိ နယ်နမိတ်များကို တိုးချဲ့လျက်ရှိ၏။ ဘုရင် ဂျူးလီးယက်စ်အင်ဗရိုစီးယတ် နတ်ရွာဆန်သည့်အတွက် မီသရမင်းဆက်ပြန်သွားကာ ခရစ်ယာန်သာသနာသည် ရောမနိုင်ငံတော်ကြီး နိုင်ငံတော်ဘာသာ ဖြစ်လာခဲ့၏။ ကာသေ့တိုင်းသားတို့သည် အရှေ့အလယ်ပိုင်းအထိ သူတို့၏ နယ်ပယ်ကို တိုးချဲ့လာခဲ့ကြသည်။ မီသရအယူကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့ကြသည်။ ငါးရာစုလောက်တွင် ကာသေ့နှင့် ရောမနိုင်ငံတော်တို့သည် ပဋိပက္ခဖြစ်ပွားကြကာ ကာသေ့နိုင်ငံတော်ကြီး ပျက်စီးသွားခဲ့သည်။ ကာသေ့နိုင်ငံတော်၏ အနောက်ဘက်အစွန်သည် အယ်လက်ဇန္ဒိယသို့ ရောက်လာခဲ့သည်။ နောင်အနှစ်ငါးဆယ်ကြာသည့်အခါတွင် ပုတ်ရဟန်းမင်းကြီးက ကရူးဆိတ်စစ်ပွဲများကိုတိုက်ရန် အမိန့်ပေးခဲ့သည်။ ထိုစစ်ပွဲများသည် ရာစုနှစ်တစ်ခုမျှ ကြာမြင့်ခဲ့ကာ ကာသေ့တိုင်းသားတို့၏ နိုင်ငံတော်ကြီးသည်လည်း အစိတ်စိတ်အမြွှာမြွှာဖြစ်သွားခဲ့သည်။ ထို့နောက် စစ်ပွဲများရပ်စဲသွားကာ နယ်နိမိတ်များကို ပြင်ဆင်ရေးဆွဲကြပြန်သည်။ မြေထဲပင်လယ်ဒေသတစ်ဝန်းတွင် စီးပွားပျက်ကပ်ကြီး ဆိုက်ရောက်ခဲ့သည်။ နယ်စွန်နယ်ဖျားများသည် ကြီးလေးသောအခွန်အတုတ်များနှင့် စစ်သားစုဆောင်းမှုများကြောင့် ပြည်သူတို့မကျေမနပ်ဖြစ်ကာ ပုန်ကန်ထကြွကြသည်။ ပြည်နယ်တို့ခွဲထွက်ကြသဖြင့် တိုင်းပြည်အဝန်းတွင် ကသောင်းကနင်းဖြစ်ကုန်ကြသည်။ သို့ဖြင့် အမှောင်ခေတ်ကြီးသို့ ဆိုက်ရောက်လာခဲ့သည်။ ထိုအချိန်အထိ အာရှမိုင်းနားတွင် စာပုံနှိပ်စက်မပေါ်သေး။

“အင်း… ဒီအကွက်ရောက်တော့ ရှေ့လည်းမတိုး၊ နောက်လည်းမဆုတ်နိုင်ဘဲ အီနေတာပေါ့ဗျာ” ဟု သွေးက ပြော၏။

“ဟုတ်တယ်ဗျ၊ ဒါပေမဲ့ အဲဒီအချိန်မှာ နယူတန် ဘာလုပ်နေသလဲ ကြည့်စမ်း”

“စစ်တုရင်ကစားသမားကောင်းဆိုတာ ကွက်ကျော်မြင်တတ်ရတယ်ဗျ၊ ကိုယ်ရွှေ့နေတဲ့ အကွက်ကလေးလောက်ပဲကြည့်တတ်ရင် ဘယ်မှာစစ်တုရင်ကစားသမားကောင်း ဖြစ်ပါတော့မလဲ၊ နယူတန်ဟာ သိပ္ပံပညာတွေ့ရှိချက်တွေကို မတွေ့ခင်က ရှေးဟောင်းအဂ္ဂိရတ်ပညာကိုပဲ လိုက်စားနေခဲ့တယ်ဗျ၊ အဲဒီကတည်းက ဒီပုဂ္ဂိုလ်မှာ ဘယ်လိုအရည်အချင်းတွေရှိတယ်၊ ဘယ်လိုအစွမ်းအစတွေ ရှိတယ်ဆိုတာကို ကျုပ်ကြိုမြင်ခဲ့တာပေါ့၊ ကြည့်စမ်း နယူတန်ဟာ သိပ္ပံပညာကို ဘယ်လောက်အကျိုးပြုခဲ့သလဲ၊ ခင်ဗျားနောက်ဆုံးရွှေ့ကွက်က နောက်ကျသွားပြီဗျ၊ အားလည်းနည်းလှတယ်”

“ဒါဖြင့်ရင် ကျုပ်က ကွန်ပြူတာတွေကိုထွင်တဲ့ ကုမ္ပဏီတွေကို ပျက်စီးအောင်လုပ်မယ်ဗျာ၊ ဒီနည်းနဲ့ ကွန်ပြူတာခေတ်ကြီးကို အဆုံးသတ်ပစ်လိုက်မယ်”

ဖုန်မှုန့်က ရယ်သည်။

“ဒီလို လွယ်လွယ်နဲ့ ဘယ်ရမလဲဗျာ၊ ခင်ဗျား ကွန်ပြူတာတွေမပေါ်ခင်ကတည်းက ဒါဝင်ဆိုတဲ့ သိပ္ပံပညာရှင်ကလေးတစ်ယောက်က မျိုးနွယ်တွေရဲ့အကြောင်းကို လေ့လာခဲ့ပြီးပြီဗျ”

သွေးသည် စစ်တုရင်ခုံကိုကျော်ကာ အသက်ကင်းမဲ့နေသော ကမ္ဘာမြေပြင်တွင် ရေဒီယိုဓာတ်ပြာမှုန့်များ လွင့်ပါးနေသည်ကို လှမ်းကြည့်နေသည်။

“ဒီကမ္ဘာကြီး ပျက်စီးသွားရတာဟာ သိပ္ပံပညာကြောင့် မဟုတ်ဘူးနော်”

“ဟုတ်ပါတယ်ဗျာ၊ ဒီပညာကြောင့် မဟုတ်ပါဘူး၊ လူတွေကြောင့်ပါ”

“အင်း ဒီတစ်ချီမှာတော့ ခင်ဗျားနိုင်ပေတာပေါ့ဗျာ၊ ကဲ နောက်တစ်ပွဲ ပြန်ကစားမယ်”

“ကောင်းပါပြီဗျာ ကစားနိုင်ပါတယ်၊ ဒီတစ်ခါရော ခင်ဗျားဘာလုပ်မလဲ၊ ဖုန်မှုန့်လုပ်မလား၊ သွေးပဲလုပ်မလား”

“သွေးပဲ လုပ်မယ်ဗျာ”

“ဟုတ်ပြီဗျ၊ ဒါပေမဲ့ ကျုပ်ကနိုင်တော့ ကျုပ်က စရွှေ့မယ်နော်”

ဖုန်မှုန့်သည် ဒုတိယရာစုနှစ် ရောမနိုင်ငံတော်ကြီးသို့ရောက်သွားကာ အမတ်ကြီးကာတို၏လည်ပင်းမှ သွေးထွက်နေသောအနာကြီးကို ပျောက်ကင်းအောင်လုပ်လိုက်သည်။

“ပထမအကွက် ပြီးပြီခင်ဗျာ”

သွေးသည် ဆယ့်ခြောက်ရာစုနှစ်အရှေ့ပိုင်း ဂျာမနီသို့ရောက်သွားကာ မာတင်လူသာကိုသတ်သည့် လူသတ်သမားအား လည်ပင်းတွင် အနာကြီးရအောင် လုပ်လိုက်သည်။

“ကျုပ်လည်း ပထမအကွက်ပြီးပြီ”

“ခင်ဗျားက တယ်ပြီးကွက်ကျော်ကစားတာကိုးဗျ”

“ဒါကတော့ ကိုယ့်ဉာဏ်နဲ့ကိုယ်ပါဗျာ”

“ဟုတ်ပါပေတယ်ဗျာ၊ မှန်ပါပေတယ်၊ ကိုရင်က မာတင်လူသာကိုကယ်ရင် ကျုပ်ကလည်း ချားလ်ဘုရင်ကို ကယ်ရမှာပေါ့”

“ကဲ… ဒုတိယအကွက် ပြီးပြီဗျ”

သွေးသည် ၁၈၅၉ ခုနှစ် အမေရိကန်ပြည်ထောင်စု ရှက်ဗီ၏ ဇာတ်ရုံထဲသို့ရောက်သွားသည်။ သူရောက်သွားသည့်အချိန်တွင် စင်ပေါ်မှဇာတ်သမားတစ်ယောက်သည် သမ္မတလင်ကွန်းကို သေနတ်ဖြင့်လှမ်းပစ်လိုက်သည်။ သွေးသည် လမ်းလွဲသွားသော ကျည်ဆန်ကို ပစ်မှတ်ဆီသို့ရောက်အောင် တည့်ပေးလိုက်၏။

“ဒုတိယရွှေ့ကွက် ပြီးပြီခင်ဗျာ”

“ဒါတော့ ခင်ဗျားသက်သက် ညာကစားတာပဲ၊ ဒီလောက်ကွက်ကျော်တော့ မမြင်နိုင်ပါဘူးဗျ”

“ကျုပ် မြင် မမြင် စောင့်ကြည့်လေဗျာ”

ဖုန်မှုန့်သည် ထိုရှုခင်းကို မျက်တောင်မခတ် စိုက်ကြည့်ပြီးနောက်…..

“ဟုတ်ပြီလေ၊ ခင်ဗျားက သမ္မတတစ်ယောက်ကိုသတ်တော့ ကျုပ်က တစ်ယောက်ကိုကယ်ရမှာပေါ့၊ အနည်းဆုံး သူ့အသက်ကိုရှည်အောင်လုပ်ရမှာပေါ့၊ ဟောဒီမှာ ဂုဒရိုးဝီလဆင်ရယ်ဗျာ၊ သမ္မတသစ်ရယ်၊ နိုင်ငံပေါင်းချုပ်အသင်းကြီးကို ထူထောင်စေဗျား၊ မထူထောင်နိုင်ဘူးဆိုရင်တော့…”

ဖုန်မှုန့်သည် နှစ်ဆယ်ရာစုအတွင်းသို့ ဝင်ရောက်လာကာ သမ္မတဝီလဆင်ကို မွန်းမံပြင်ဆင်ပေးနေသည်။

“ဒုတိယအကွက် ရွှေ့ပြီးပြီခင်ဗျ”

“ခင်ဗျားက ခေါင်းဆောင်တစ်ယောက်ကိုကယ်ရင် ကျုပ်ကလည်း ကယ်ပြရမှာပေါ့”

သွေးသည် နှစ်ဆယ်ရာစုကုန်ကာနီးခေတ်ထဲသို့ ရောက်လာကာ ရုရှားခေါင်းဆောင်ကရူးရှော့အား လီယွန်နော့ဇရက်ဆိုသူက သတ်ရန်ကြိုးပမ်းချက်ကို ပျက်ပြားအောင် လုပ်ပစ်လိုက်သည်။

“ကဲ… ကျုပ် နောက်ဆုံးရွှေ့ကွက် ပြီးပါပြီဗျာ”

“စိန်လိုက်နော်…”

“စိန်ပြီ ခင်ဗျ”

သူတို့နှစ်ဦးသည် သူတို့ဘုံသို့ ပြန်လာခဲ့ကြ၏။ သူတို့ပတ်ပတ်လည်တွင် အသံလှိုင်းများသည် ဆူညံလျက်။ ဂြိုဟ်တုများသည် ကမ္ဘာကိုပတ်လျက်။ ပထဝီတိုက်ကြီးများပေါ်တွင် လမ်းမကြီးများသည် ပင့်ကူအိမ်များသဖွယ် ရှုပ်ယှက်ခတ်လျက်။ ဖုန်ထူသော မြို့ကြီးများသည် ကျေးလက်ကို ကြီးစိုးလျက်။ သင်္ဘောများက ပင်လယ်ပြင်ကို ရွေဘော်ထိုးလျက်။ ဂျက်လေယာဉ်များက ကောင်းကင်တွင်ပျံဝဲလျက်။ မြက်ပင်တို့က တရိပ်ရိပ်ကြီးထွားလျက်။ ကျေးငှက်တို့က သိုက်မြုံပြောင်းလျက်။ ငါးတို့က ငါးစာကိုဟပ်လျက်။

သွေးက လှောင်ရယ် ရယ်လိုက်သည်။

“ခင်ဗျားရဲ့ ရွှေ့ကွက်က နီးလွန်းလှတယ်ဗျာ၊ ခုခေတ်ကို ရွှေ့တာပေါ့”

“ခင်ဗျားပဲ ပြောတယ်မဟုတ်လား၊ ကစားသမားကောင်းဆိုတာ ကွက်ကျော်မြင်ရတယ်လို့”

“အင်း… ခင်ဗျား ကံကောင်းပေတာပေါ့ဗျာ”

သွေးသည် အောင်နိုင်သောအပြုံးကို ပြုံးလိုက်၏။

ဂြိုဟ်သားနှစ်ဦးသည် ကမ္ဘာလောကကြီးနှင့်တကွ လူဦးရေ သန်းနှစ်ထောင့်ငါးရာကိုလည်းကောင်း၊ မြို့ကြီးများကိုလည်းကောင်း၊ စက်ယန္တရားများကိုလည်းကောင်း ငေးကြည့်နေကြသည်။

ဖုန်မှုန့်က မကျေနပ်သေးဟန်ဖြင့်

“ကဲ… ပွဲနှစ်ပွဲ ထပ်ကစားရအောင်ဗျာ၊ မကျေနပ်သေးဘူး”

“ကောင်းပါပြီဗျာ၊ ဒီတစ်ခါလည်း ကျုပ်တော့ သွေးပဲလုပ်မယ်ဗျ၊ ကျုပ်က နိုင်ထားတော့ ကျုပ်ကစပြီးရွှေ့မယ်”

“ကျုပ်ကတော့ ဖုန်မှုန့်ပေါ့လေ၊ နောက်က လိုက်ရတော့မှာပေါ့”

(အမေရိကန်သိပ္ပံဝတ္ထုရေးဆရာ Roger Zelazny ၏ The Game of Blood and Dust ကို ဆရာမြသန်းတင့် ဘာသာပြန်သည်။)

ရှုမဝမဂ္ဂဇင်း၊ အတွဲ ၃၉၊ အမှတ် ၄၆၊ ၁၉၈၅ နိုဝင်ဘာလ