ဝတ္ထုတိုများစုစည်းမှု့

မြို့လား

အစကတည်းက ကျုပ်မသွားချင်ဘူးလို့ အတန်တန် ငြင်းတယ်။ ကျုပ်မြို့ကလေးမှာကျုပ်အိမ်ကလေး၊ ကျူပ်ခြံကလေးနဲ့ ဘယ်လောက်ဟန်ကျသလဲ။ မနက်လင်းတာနဲ့ ကျုပ်ရယ်၊ စာတိုက်ဗိုလ်ဟောင်း ကိုဘမင်းရယ်၊ ကျောင်းအုပ်ကြီးဟောင်း ကိုတင်ရယ်၊ သစ်တောဝန်ထောက်ဟောင်း ဦးဗိုလ်ကြီးရယ်၊ မြို့ထိပ်က ဘုရားဘက်ဆီကို လမ်းလျှောက်ထွက်၊ အပြန်ကျတော့ ချစ်မောင်ရဲ့ဆိုင်မှာ ပဲပလာတာနဲ့ လက်ဖက်ရည်ကလေး တစ်ခွက်သောက်။ မနေ့ညက နားထောင်ခဲ့တဲ့ ဘီဘီစီသတင်းကို မေး၊ ထင်မြင်ချက်ချင်း ဖလှယ်ကြ၊ ပြီးတော့ အိမ်ပြန်။

အိမ်ရောက်တော့ ခဏနားပြီး ခြံထဲမှာ ကျုပ်တို့လင်မယားနှစ်ယောက်စိုက်ထားတဲ့ ပန်းပင်ကလေးတွေကို လျှောက်ကြည့်။ မြေတောင်မြှောက်တန်တာကို မြှောက်၊ ပေါင်းသင်တန်တာကို သင်၊ ရေလောင်းတန်တာကို လောင်း၊ခဏနားပြီးတော့ ရေချိုး။

ကျုပ် ဒီလိုလုပ်နေတုန်းမှာ အဘွားကြီး ဈေးကပြန်လာတယ်။ ကျုပ်တို့ လင်မယားနှစ်ယောက်နဲ့ အိမ်မှာ တောက်တိုမယ်ရ ခိုင်းဖို့ခေါ်ထားတဲ့ ဆွေထဲမျိုးထဲက ကလေးမကလေးတစ်ယောက်ပဲ ရှိတယ်။ တစ်အိမ်လုံးမှ သုံးယောက် တည်းရယ် ဘာမှ ဒီလောက်ကိစ္စမများဘူး။ အဘွားကြီး ဈေးကပြန်လာတယ်ဆိုရင်ပဲ ကလေးမလေးက ထမင်းအိုး တစ်လုံးတည်ပြီးပြီ။ ကြက်သွန်တို့ ငရုတ်သီးတို့ ထောင်းထားပြီးပြီ။ ပဲချက်မယ်ဆိုရင်လည်း ပဲကို ရေစိမ်ထားပြီးပြီ။

စားတော့ကော ကျုပ်တို့သုံးယောက်ပဲ ရှိတယ်။ ကျုပ်ကလည်း အစား အသောက် ဇီဇာကြောင်တဲ့လူမဟုတ်ဘူး ရှိတာနဲ့စားလို့ဖြစ်တယ်။ ငါးကြော်ကလေး တစ်တုံးလောက်နဲ့၊ ဆီနဲ့ဆားနဲ့ သရက်သီးသနပ်ကလေးနဲ့ ငါးပိကြော်ကလေးလောက်ပါရင် ကျုပ် အာသာပြေတယ်။ တစ်ခါတလေလည်း မန်ကျည်းရွက်ချဉ်ရည်ကလေး ဘာလေးချက်၊ အညာငရုတ်သီးထောင်းကလေးနဲ့ငါးခြောက်ဖုတ်ကလေးနဲ့ ပြီးတယ်။ အသားတွေ ဘာတွေ ဒီလောက်မလိုဘူး။ ဝက်သားဆိုရင် အသက် ငါးဆယ်ကျော်ကတည်းက မစားတော့ဘူး။

အမဲသားဆိုတာကလည်း ငယ်ငယ်ကတည်းက ရှောင်ခဲ့တာ၊ ကျုပ်တို့ ငယ်ငယ်တုန်းက လယ်တီဆရာတော်ဘုရားကြီးကိုယ်တိုင် ကြွလာပြီး အမဲသားမစားဖို့ တရားနာပြီးကတည်းက အမဲသားကို ကျုပ် လုံးဝမစားတော့ဘူး။

အသားဆိုလို့ ကြက်သားကလေးအစ ငှက်သားကလေးအစ ဒီလောက်ပဲ စားတော့တယ်။ ဒါကလည်း အလွန်နည်းပါတယ်။ တစ်လမှာ နှစ်ခါ သုံးခါထက် မပိုပါဘူး။ အများအားဖြင့် အစားများတာကတော့ ရာသီလိုက် ဟင်းသီးဟင်းရွက်နဲ့ ငါးလောက်ပဲ အစားများတယ်။ ရာသီလိုက်ပေါ်တဲ့ အသီးအနှံလောက်ကိုတော့ နည်းနည်း အာသီသရှိတယ်။ ရာသီလိုက်ပေါ်တဲ့ အသီးအနှံဆိုလို့ခင်ဗျားတို့ ရန်ကုန်တို့ ဘာတို့မှာပေါ်တဲ့ မုန်လာဥနီတို့၊ မုန်လာဥဝါတို့၊ပန်းဂေါ်ဖီတို့၊ နိုကိုတို့၊ ဂေါ်ရခါးတို့ စတဲ့ အသီးအနှံမျိုးတွေ မဟုတ်ပါဘူး ။

ကျုပ်တို့အညာမှာ သူ့အခါနဲ့သူပေါ်တဲ့ အသီးအရွက်မျိုးကို ပြောတာပါ။ အာဟာရရှိတာ မရှိတာကတော့ ကျုပ်မသိဘူးလေ။ ကျုပ်တို့ တစ်သက်လုံး စားလာတဲ့ အသီးအရွက်တွေဆိုပါတော့။

အညာမှာ ကဆုန်လပြည့်ကျော်လို့ မိုးဦးကလေး တစ်ပြိုက်လောက်ကျပြီးရင် ဆူးပုပ်ရွက်ကလေးတွေ ပေါ်ပြီ။ ဆူးပုပ်ကြီးကို ပြောတာ မဟုတ်ဘူးနော်။ ဆူးပုပ်ကြီးကို ကျုပ်ဘယ်တော့မှ မစားဘူး၊ နံလွန်းလို့။ သူ့ရာသီနဲ့သူပေါ်လာတဲ့ ဆူးပုပ်ကလေးကို ပြောတာ။ ဆူးပုပ်နုနုကလေးတွေကို ငရုပ်သီးစပ်စပ်ကလေးနဲ့ ချက်ပြီး ပူပူကလေးများ သောက်လိုက်ရရင် ခင်ဗျားတို့ ရန်ကုန်က ငါးကြင်းခေါင်းအိုးတို့၊ ပြည်လုံးချမ်းသာတို့ ဘာတို့ဆိုတာတွေနဲ့ဘယ်လဲမလဲ။

အဲ … ဆူးပုပ်ကလေးဟင်းချိုထဲကို နွားလျှာကြီးရွက်ကလေး သနပ်ရွက်ကလေးနဲ့ထည့်ပြီး ပူပူသောက်တာမျိုးကို ကြိုက်တယ်။ ဆူးပုပ်ဆိုတာကလည်း ကျုပ်တို့မြို့ကလေးမှာက ရာသီဆိုရင် ဈေးထဲမှာ အလွယ်နဲ့ဝယ်လို့ရတယ်။ ဒီလိုမှမဟုတ်ပဲ ချွေတာရေး လုပ်ချင်သေးသလား။ ဈေးမှာ မဝယ်ဘူး။

ညနေပိုင်းမှာ ကျုပ်တို့အဘိုးကြီးလေးယောက် ဗိုလ်ကုန်းဟိုဘက်က ယာခင်းတောထဲကို လမ်းလျှောက် ထွက်လာခဲ့ကြတယ်။ လက်မှာ တုတ်ကောက်ကလေးတွေ ကိုယ်စီကိုင်လို့။ လွယ်အိတ်အဟောင်းလေးတွေ ကိုယ်စီလွယ်လို့။ဗိုလ်ကုန်းအလွန်ပေတစ်ရာဘေး ယာစည်းရိုးတွေမှာ ဆူးပုပ်ပင်တွေချည်းပဲ။

ခူးပါ ကြိုက်သလောက် ခူး။ ဘယ်သူမှ မတားဘူး၊ အားလုံး အလေ့ကျပေါက်နေတဲ့ အပင်တွေချည်းပဲ။ လောဘမကြီးပါဘူး။ တစ်နပ်စာ၊ နှစ်နပ်စာလောက် ခူးပြီးရင် ပြန်လာခဲ့ကြတာပါပဲ။

နောက်တစ်နေ့မှာ စားချင်သေးတယ်ဆိုရင်နောက်ထပ်သွားခူးလိုက်ရုံပဲ။ ဒါမှမဟုတ်သေးရင်လည်း မန်ကျည်းရွက်နီကလေးတွေပေါ်ချိန်မှာ ဥသျှစ်ရွက်ကလေးနဲ့ချက်တဲ့ မန်ကျည်းရွက် ချဉ်ရည်ကလေးနဲ့ ငါးခြောက်ထောင်းကလေးစားလိုက်ရင်လည်း ပြီးတာပဲ။ ဒါမှမဟုတ်ရင်လည်း ဘူးညွန့်ကလေးကို ဟင်းချိုချက်သောက်ချင်သေးသလား။ ဘူးညွန့် နှစ်ညွန့် သုံးညွန့်လောက်ကတော့ကိုင်းထဲက ဘယ်သူ့အခင်းကိုပဲ ဝင်ချိုးချိုး အလကားရတယ်။

ဒီတော့ ကျုပ်တို့ အဘိုးကြီးအဘွားကြီး လင်မယားအတွက် ကုန်ဈေးတက်တယ်ဆိုတာတွေဟာ အလကား။လျှာအလို ဒီလောက်လိုက်နေကြရင်တော့ ဟုတ်တာပေါ့။ ရှာလို့ရတဲ့ဝင်ငွေနဲ့ ဘယ်လောက်ပါ့မလဲ။ကျုပ်တို့လင်မယားနှစ်ယောက်လို ရသမျှနဲ့ ရောင့်ရဲတတ်ကြရင်ကုန်ဈေးနူန်းတွေ ဘယ်လောက်တက်တက် ဘာအရေးလဲ။

ဒါကြောင့် ရန်ကုန်မှာနေတဲ့ သားသမီးတွေက သူတို့ရန်ကုန်မှာ ကုန်ဈေးတွေတက်တဲ့အကြောင်းပါရင် ကျုပ် တော်တော်စိတ်ဆိုးတယ်။ အဖေအမေကျန်းမာရဲ့လား၊ နေထိုင်ကောင်းကြရဲ့လားဆိုတဲ့စကားက နောက်မှ ကုန်ဈေးနှုန်းတွေ ဘယ်လောက်တက်တယ်။ကားစီးရတာဘယ်လိုခက်တယ်။ အိမ်လခတွေ ဘယ်လိုဈေးကြီးတယ်ဆိုတာကို အစချီတော့တာပဲ။ ဒီတော့ ကျုပ်လည်း သူတို့စာတွေကို သိပ်မဖတ်တော့ပါဘူး။ အမေကြီးကို ပေးလိုက်ပြီး သူဖတ်ပြီးမှ အကြောင်းထူးရင် ပြော၊ မထူးရင် မပြောနဲ့တော့လို့ မှာထားလိုက်တယ်။

သူတို့စာတွေထဲမှာ ညည်းသံတွေ ပါမှာပေါ့။ သူတို့က ရန်ကုန်မှာ နေချင်ကြတာကိုး။ ရန်ကုန်မှာနေရင် ကြီးပွားလမ်းရှိသတဲ့။ သားတွေသမီးတွေကျောင်းကောင်းကောင်းထားရပြီး မျက်စိပွင့်သတဲ့။ တောကျောင်းမှာ နေရင် တောကျောင်းသားပဲဖြစ်ပြီး ခေတ်မမီဘဲ နေလိမ့်မတဲ့။ ကျုပ်အစတုန်းကတော့ ကန့်ကွက်ပါသေးတယ်။ နောက်ကျတော့ သူတို့မှာလည်း သူတို့အိမ်ထောင်နဲ့သူတို့။ သူတို့အသိုက်အဝန်းနဲ့ သူတို့ဆိုတော့ ကျုပ် ဘာမှမပြောတော့ပါဘူး သူတို့သဘောပေါ့။ သူတို့လမ်း သူတို့သွားမှာပေါ့။ ကျုပ်က ဘာပြောစရာရှိလဲ။

အဲ … အဘွားကြီးက သွားချင်တယ်ဆိုတုန်းကတော့ ကျုပ် ကန့်ကွက်တယ်။ ဒါက ကျုပ်တို့လင်မယားရဲ့ ကိစ္စ။ ကျုပ်တို့လင်မယားရဲ့ ကိုယ်ရေးကိုယ်တာ။

စဉ်းစားလည်း ကြည့်ဦးလေ။ အသက်ခြောက်ဆယ်မှာ ကျုပ် ပင်စင်ယူတယ်။ စုငွေကလေးတစ်သောင်းလောက် ကျန်တယ်။ ပင်စင်လခကလေးက လေးရာကျော် ငါးရာနီးပါးလောက်ရတယ်။ ကျုပ်တို့ တစ်သက်လုံး ဒီမြို့ကလေးမှာ မွေးပြီး ဒီမြို့ကလေးမှာပဲ အိမ်ထောင်ကျ။ ဒီမြို့ကလေးမှာပဲ သားတွေသမီးတွေရ၊ ဒီမြို့ကလေးမှာပဲ အခြေချလာခဲ့တယ်။ ဒီတော့ ဒီမြို့နဲ့ ကျုပ်ဘဝဟာ ခွဲလို့မရဘူး။ ခေါင်းချတော့လည်း ဒီမြို့ကလေးမှာပဲ ခေါင်းချချင်တယ်။

သားတွေ သမီးတွေ အတောင်အလက်စုံကြလို့ အိမ်မှာ ကျုပ်တို့နှစ်ယောက်ပဲ ကျန်တော့ အဘွားကြီးက ပြောတယ် ။

ဒီမှာနေရတာ ဟာတာတာကြီး၊ အရေးအကြောင်းဆိုလို့မှ အနီးအနားမှာ သားသမီးကလဲ တစ်ယောက်မှ မရှိတော့ဘူး။ အကုန်လုံး အဝေးရောက်နေကြပြီဟုတ်သားပဲ၊ ကျုပ်မှာ သားသမီး လေးယောက်ရှိတယ်၊ သားအကြီးနဲ့ ဒုတိယသမီးက ရန်ကုန်မှာ သူတို့အိမ်ထောင်နဲ့သူတို့ ။သားအလတ်ကကချင်ပြည်နယ်ထဲမှာ သစ်တောဝန်ထောက်၊ နောက် အငယ်ဆုံးကောင်က ပရိုဂျက်တစ်ခုနဲ့ ပါသွားတဲ့ အင်ဂျင်နီယာပေါက်စ၊ သူတို့နှစ်ယောက်ကတော့ဟိုပြောင်း ဒီပြောင်း မကြာခဏပြောင်းကြလို့ တစ်နေရာရာမှာ အတည်တကျ မရှိလှဘူး။ သားအကြီးနဲ့ သမီးအကြီးကတော့ ရန်ကုန်မှာ။ အိမ်မှာ ကျုပ်တို့နှစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။ ဒီတော့ အဘွားကြီး အားငယ်ပုံရတယ်။

ဒါတော့ သူတို့လမ်း သူတို့သွားတာကိုးကွ

ကျုပ်ရဲ့ အသံထဲမှာ မာနသံပါနေသလား၊ မကျေနပ်သံပါနေသလားတော့ မသိဘူး။ နည်းနည်းတော့ လေသံတင်းနေတယ်။ သူတို့ဘာသာအဝေးကိုရောက်တော့ ဘာဖြစ်သလဲပေါ့။

တစ်ခါတလေကျတော့လဲ ဒီကမြေကလေးထုခွဲပြီး ရန်ကုန်ကို ပြောင်းရမလားလို့ စိတ်ကူးမိလို့ပါ။ ဟိုမှာဆိုတော့ သားတွေသမီးတွေနဲ့ နီးတာပေါ့၊အသက်ကြီးလာတော့ ကျန်းမာရေးတို့ ဘာတို့အတွက်လဲ စိတ်ချရတာပေါ့

ကျုပ် သူ့ကို လှည့်ကြည့်လိုက်တယ်။ ကျုပ်မိန်းမဟာ တစ်သက်လုံး ကျုပ်အလိုကို လိုက်ခဲ့တဲ့ မိန်းမ။ အနှစ်လေးဆယ်ကျော် ပေါင်းလာတဲ့ မိန်းမ။

ရန်ကုန်မှာနေရတာ လွယ်တယ်အောက်မေ့လို့လား။ ငါ့ပင်စင်လခကလေးနဲ့ ဘယ့်နှယ်လုပ်ပြီး သွားစားမှာလဲ၊ ငါကလဲ ဒီပြင်ဘာမှလုပ်တတ်

ကိုင်တတ်တာ မဟုတ်ဘူး လုပ်တတ်ကိုင်တတ်ဦး ဒီအရွယ်ကြီးကျမှ

အလျင်တစ်ခေါက် သမီးလာတုန်းက ပြောသွားတယ်၊ တောင်ဥက္ကလာပ သူတို့ရပ်ကွက်ထဲမှာ ဈေးအတော်အသင့်ပေးရင် ခပ်သင့်သင့်အိမ်ကလေး

တစ်လုံးတော့ ရပါတယ်ကဲ့ မေမေတို့နဲ့လဲ နီးနီးနေရတာပေါ့တဲ့။ ဒီတော့ ကျွန်မက ညည်းအဖေကို ပြောဆိုတော့ ပြောလို့ရမှာ မဟုတ်ပါဘူးတဲ့။

အဲဒါ မေမေပဲ ပြောကြည့်ပြီး အဆင်ပြေရင် ပြောင်းခဲ့ပါလားတဲ့၊ ပြောသွားတယ်

ကျုပ် တော်တော်စိတ်တိုသွားတယ်၊ ဒါနဲ့ သနပ်ဖက်ဆေးလိပ်ကိုကောက်ဖွာလိုက်တယ်။ ကျုပ် စိတ်တိုလာပြီဆိုရင် ဒီလိုပဲ သနပ်ဖက်ဆေးလိပ်ကို

ကောက်ဖွာတာပဲ။

ပြီးတော့ ရှင့်သမီးကပြောသွားသေးတယ် ဖေဖေ့ကို သနားတယ်တဲ့။တစ်သက်လုံး ဒီမြို့ကလေးမှာပဲ နေပြီး ဒီမြို့က အသိုက်အဝန်းကလေးမှာပဲ

ကျင်လည်ရတာကို ကျေနပ်နေတယ်တဲ့၊ ရန်ကုန်ရောက်တော့ အတွေးအမြင် ကျယ်တာပေါ့တဲ့

ကျုပ်မိန်းမဟာ ကျုပ်ကို ဘယ်တော့မှ စကားခြွင်းချန်မထားဘူး၊ ကျုပ်ကို အကုန်ပြောတတ်တဲ့ မိန်းမ။ ခု သမီးက ကျုပ်နဲ့ပတ်သက်ပြီး ဝေဖန်သွား

တာကိုလည်း ကျုပ်ကို အကုန်ပြောပြန်ပြီ။ သူ့စကားက တောမြို့ကလေးမှာနေရင်ပဲ ခေတ်နောက်ကျသလိုလို၊ နွားခြေရာကွက်ကလေးကို သမုဒ္ဒရာကြီး

ထင်နေသလိုလို။

ဒီမှာ ဒေါ်ရွှေစာ ခင်ဗျားသမီးက ကျောင်းဆရာဖြစ်တာနဲ့ ကျုပ်ကို ကျောင်းဆရာလေသံတွေနဲ့ ပြောသွားတာ၊ မပြောင်းဘူး။ ခင်ဗျားတို့ ရန်ကုန်

ကို ကျုပ် ဘယ်တော့မှ မပြောင်းဘူး။ ကျုပ်ဟာ ဒီမြို့မှာ အကူစာရေးလေး ဘဝကတည်းက အလုပ်လုပ်လာတာ၊ ခု ပင်စင်ယူတော့ အရေးပိုင်ရုံးဘီစီ

စာရေးကြီး၊ ဒီမြို့မှာ ကျုပ်ကိုနှုတ်ဆက်မယ့်လူတွေ တစ်ပုံကြီး၊ သူတို့အကြောင်းကို ကျုပ်သိသလို ကျုပ်အကြောင်းကိုလည်း သိတဲ့လူတွေချည်းပဲ၊ ခင်ဗျားတို့ရန်ကုန်ကျတော့ မြို့စွန်ရပ်ကွက်ကလေးမှာ ကျုပ်ကို ဘယ်သူမှလဲ သိမှာမဟုတ်ဘူး။ ဘယ်ကမှလဲ လူရာသွင်းမှာ မဟုတ်ဘူး။ ဒီတော့ ရန်ကုန်ကိုပြောင်းချင်ရင် မယ်မင်းကြီးမ, ပြောင်းတော်မူပါ။ ကျုပ်တော့ မလိုက်ပါရစေနဲ့”

ကျုပ်တို့ လင်မယားကြားထဲမှာ ပြောရင်း ဆိုရင်းနဲ့ နည်းနည်းလေး တင်းမာလာကြတယ်။ ဒီတော့ ကျုပ်မိန်းမက ခါတိုင်းလို မျက်ရည်ကလေးစက်

စက်၊ အသံကလေး တုန်တုန်နဲ့ …

မဟုတ်ပါဘူး ကျွန်မက စိတ်ကူးကြည့်တာပါ။ ရှင်မပြောင်းချင်ဘူးဆိုရင်လဲ အတင်းမပြောင်းခိုင်းပါဘူး၊ ကျွန်မအဖို့တော့ ဘယ်မှာနေရ နေရ

မထူးပါဘူး၊ ရန်ကုန်မှာနေရင်တော့ သားတွေ သမီးတွေနဲ့ နီးတာတစ်ခုပါပဲ

ကျုပ်လည်း ဆက်မပြောတော့ပါဘူး၊ ကျုပ်အသံနည်းနည်းမာပြီ ဆိုတာသိတော့ သူ စိတ်မကောင်းမှာစိုးတာနဲ့ အသာပဲနေလိုက်တယ်။

* * * * *

တစ်လောကတော့ သားကရော၊ သမီးကပါ ရန်ကုန် မပြောင်းချင်နေပါ။ရန်ကုန် အလည်တစ်ခေါက်လောက်တော့ လာခဲ့ပါလို့ တဖွဖွမှာကြတယ်။

လူကြုံနဲ့လည်း မှာတယ်။ စာနဲ့လည်း လှမ်းမှာတယ်၊ ဒါပေမဲ့ ခက်တာက ရန်ကုန်သွားတယ်ဆိုတာ စရိတ်စကကလေးရှိရုံနဲ့ ဖြစ်တာမဟုတ်ဘူး။ ဟိုကျ

ရင် ဟိုသွားချင်၊ ဒီသွားချင်၊ ဟိုဘုရားဖူး၊ ဒီဘုရားဖူး။ အပြန်ကျရင် ဟိုပစ္စည်းကလေး ဝယ်ချင်၊ ဒီပစ္စည်းကလေး ဝယ်ချင်နဲ့ ပိုက်ဆံက ကုန်ဦးမှာ။ ဒီတော့ ပိုက်ဆံကုန်တယ်၊ ကျုပ် မသွားချင်ဘူး။ ပြီးတော့ အဘွားကြီးကလည်း မနှစ်ကမှ ရန်ကုန်ကပြန်လာတာ သူ့သားတွေ၊ သမီးတွေ၊ မြေးတွေကို –

တွေ့ခဲ့ရပြီးပြီ။ ဒါကြောင့်မို့ သိပ်မသွားချင်ဘူး။ ကျုပ်က စရိတ်စကအားလုံးကို တွက်ပြတော့ အဘွားကြီးက ကျွန်မကတော့ မနှစ်က ရောက်ပြီးပြီပဲ။ ကိစ္စမရှိပါဘူး။ ရှင်သာ သွားပါ။ သားတွေ သမီးတွေကရော၊ မြေးတွေကရော တွေ့ချင်နေကြတာ”လို့ ပြောတယ်။

တွေ့ချင် ငါ့ဆီလာပါလားကွ၊ ငါက ဘာဖြစ်လို့ သွားရမှာလဲလို့ ကျုပ်က စိတ်တိုတိုနဲ့ ပြောလိုက်တယ်။

ဪ၊ သူတို့က လာရင်လဲ ကလေးတွေကိုခေါ်ပြီး တစ်အိမ်လုံးလာမှ သမီးကကျောင်းနဲ့။ ကလေးတွေက ကျောင်းပိတ်လို့ အားပြန်ရင်လည်း မောင်ကျော်ဆွေက လိုက်မပို့နိုင်၊ လိုက်ပို့နိုင်အောင် အားတယ်ထား တစ်အိမ်ထောင်လုံး လာရမယ်ဆိုတော့ တာဝန်က ကြီးတယ်မဟုတ်လား၊ ရှင့်သားကြီး ငဝင်းကျတော့လည်း အလုပ်က အားတယ်လို့ကို မရှိဘူး၊ အိုဗာတိုင်ဆင်းရတာနဲ့ နယ်ထွက်ရတာနဲ့ ကျွန်မဖြင့် သူ့အိမ်မှာ တစ်ပတ်လောက်သာ တည်းခဲ့တယ်။ သူနဲ့ကောင်းကောင်းကို စကားပြောချိန်မရခဲ့ဘူး။ ရှင်သွားချင်ရင်တော့ တစ်ယောက်တည်းဆိုတော့ စရိတ်လဲ အကုန်သက်သာတယ်၊ ရှင်လဲ

ရန်ကုန်မရောက်တာ ကြာလှပြီ ကြာဆို အနှစ်နှစ်ဆယ်လောက်တောင် ရှိရော့မယ်

ဟုတ်တော့ဟုတ်တယ် သားနဲ့သမီး အိမ်ထောင်ကျပြီးမှ ရန်ကုန်ကို တစ်ခေါက်မှ မရောက်ဖူးသေးဘူး။ သူတို့နှစ်ယောက်စလုံး လက်ထပ်တော့လည်း

ကျုပ်တို့ဆီမှာပဲ လက်ထပ်တာ၊ လက်ထပ်ပြီး သားဦးကလေးတွေ ရကြတော့လည်း သူတို့ပဲ သီတင်းကျွတ်မှာ ကန်တော့ဖို့ ရောက်လာကြတာ ကျုပ်ကတော့ မရောက်ဖြစ်ဘူး။ မနှစ်ကတော့ သူတို့အမေကြီး ရောက်သွားတယ်။ကျုပ် မလိုက်ဘူး။ နွဆေိုတော့ ကျုပ်တို့အညာမြို့မှာ မီးထင်းကိစ္စကလည်းရှိလေတော့ ကျုပ် အိမ်စောင့်ကျန်ရစ်တယ်။

အမယ်ကြီးပြန်လာတော့ ရန်ကုန်က တောင်ဥက္ကလာ (၁၀)ရပ်ကွက်မှာ အထည်တွေ ပေါတဲ့အကြောင်း၊ ဗိုလ်ချုပ်ဈေးသစ်နဲ့ ဈေးဟောင်းမှာ

နိုင်ငံခြားပစ္စည်းတွေ ဘယ်လောက်ပေါတဲ့အကြောင်း ကုန်တိုက် ၁ နဲ့ ကုန်တိုက်၂ မှာ ဘာပစ္စည်းတွေကို ဘယ်လို တန်းစီရတဲ့အကြောင်း၊ သားဖြစ်တဲ့ ငဝင်းရဲ့ အိမ်က ပါရမီရပ်ကွက်ထဲမှာ ဘယ်လောက်ခေတ်မီတဲ့အိမ်ဖြစ်ကြောင်း၊

ညညဆိုရင် တယ်လီဗေးရှင်း ကြည့်ရတဲ့အကြောင်း၊ မျက်လှည့်ဆရာရဲ့ အိတ်ထဲက ထွက်လာသလို အိမ်က ရေခဲသေတ္တာထဲက စားစရာပစ္စည်းတွေ အကုန်

ထွက်လာတဲ့အကြောင်း၊ မနက်တိုင်ကျရင် သားက သူ့မိန်းမကို ဈေးကိုလိုက်ပို့ရတဲ့အကြောင်း၊ သူတို့ဝယ်တဲ့ဈေးက ပုံမှန်မဟုတ်ဘဲ ဒီနေ့မှာ သံဈေး၊

နောက်တစ်နေ့မှာ မြေနီကုန်း ဦးဝိစာရဈေး နောက်တစ်နေ့မှာ လှည်းတန်းဈေး စသည်ဖြင့် ဈေးမျိုးစုံကို နေ့တိုင်း အပြောင်းအလဲနဲ့ ဝယ်တဲ့အကြောင်း၊ ဈေးကိုလာတဲ့ ကားကြီးကားငယ်တွေက ဘယ်လောက်ကောင်းကြောင်း၊ တောက်ပခံ့ညားတဲ့အကြောင်း၊ ကားကြီးပေါ်က ဆင်းလာတဲ့ ဈေးဝယ်မိန်းမတွေက .

လည်း ဘယ်လိုဝတ်စားထားတဲ့အကြောင်း၊ သုံးလေးရက်စာဝယ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့အကြောင်း၊ ရေခဲသေတ္တာထဲမှာ စပါကလင်တို့၊

လီမွန်ဘာလီတို့ စတဲ့ပုလင်းတွေ အမြဲရှိတဲ့အကြောင်း အို … စုံလို့ပါပဲ။ဒါကြောင့် ရန်ကုန်ကို တစ်ခေါက်တလေ သွားပါလို့ ကျုပ်ကို တိုက်တွန်း

နေတယ်။

* * * * *

မသွားချင်ဘူးလို့ အစကတည်းက ကျုပ် အတန်တန် ငြင်းတယ်။ နောက်တော့ အမေကြီးက တိုက်တွန်းလွန်းတာက တစ်ကြောင်း၊ သားနဲ့သမီးက စာရေးပြီး

အတန်တန် ခေါ်ကြလို့ တစ်ကြောင်း ရန်ကုန်ကို ကျုပ် ဆင်းလာခဲ့တယ်။ ကျုပ်တို့ မြို့ကလေးမှာဆိုတော့ ကျုပ်လည်း ပင်စင်စား အရေးပိုင်ရုံး စာရေးကြီးပဲ။မီးရထားလက်မှတ်ဝယ်ရတာ လွယ်ပါတယ်။ ဘူတာရုံပိုင်ကလေးကရော လက်မှတ်ရောင်းစာရေးကလေးတွေကရော၊ လူချင်းလည်း ခင်မင်ရင်းနှီးနေကြတော့ လက်မှတ် လွယ်လွယ်နဲ့ရပါတယ်။ ခုံနံပါတ်တို့ ဘာတို့လဲ နေရာကောင်းကောင်း ရပါတယ်။

အဲ … ရန်ကုန်ဘူတာကြီးရောက်တော့ ကျုပ် ဒုက္ခရောက်တာပါပဲ။ ဘယ်သူမှ လာကြိုမယ့်သူမရှိဘူး။ တောင်ဥက္ကလာပမှာ နေတဲ့ သမီးနဲ့သမက်

ကလည်း လာမကြိုဘူး၊ ပါရမီမှာနေတဲ့ သားနဲ့ချွေးမကလည်း လာမကြိုဘူး။

ကျုပ်ဘာသာကျုပ် တက္ကစီငှားပြီး သွားရမယ့်ပုံပေါ်နေတယ်။ ဒီလိုနဲ့ မီးရထား ဘူတာရုံထဲမှာ ယောင်လည်လည်ဖြစ်နေတုန်း ကျုပ်လက်ကို တစ်ယောက်ကလှမ်းဆွဲလို့ ကြည့်လိုက်တော့ ကျုပ်မြေးအကြီးဆုံး ကျော်ကျော်ရယ်၊ သားကမွေးတဲ့ မြေးအကြီးဆုံးလေ။ ဆယ်တန်းဖြေထားတဲ့ ကျောင်းသားလေ။

ဘိုးဘိုးလား သားတို့မှာ ကားပါတယ်၊ ဒယ်ဒီက ဒီနေ့မနက် အစည်းအဝေးရှိလို့ လာမကြိုနိုင်တော့ဘူး။ မာမီကလဲ – မနေ့ညက ညီမလေးရဲ့

ဘတ်ဒေးညမို့ အိပ်ရေးပျက်ပြီး ပင်ပန်းလို့တဲ့။ တောင်ဥက္ကလာက လေးလေးမြင့်တို့လဲ မအားဘူး ဘိုးဘိုးရဲ့၊ စာမေးပွဲအဖြေတွေ ခြစ်နေရလို့ မနက်

အစောကြီး သွားသွားနေရတယ်။ ဦးလေးကလဲ နယ်ထွက်သွားလို့တဲ့။ဒါကြောင့် သားလာကြိုတာ

ဒါနဲ့ ကျုပ်လည်း သူတို့နဲ့အတူ ဘူတာကြီးအပြင်ကို လိုက်လာခဲ့တယ်။ဘူတာအပြင်ဘက်ရောက်တော့ အီးတူးသောင်ဇင်ကား အပြာရယ်၊ မြေးလေး

တွေကတော့ ကျုပ်ကို ရိုရိုသေသေပါပဲ။ သူက ကျုပ်အထုပ်အပိုးဆွဲပြီး နောက်ကတက်၊ ကျုပ်ကို ရှေ့ခန်းပို့တယ်။

မော်တော်ကားက ဗဟန်းဘက်ကို ဖြတ်၊ ဂွတ္တလစ်ကို လွန်ပြီး ကမ္ဘာအေးလမ်းအတိုင်း ဆက်မောင်းလာတော့ ပါရမီမှာရှိတဲ့ သူတို့အိမ်ကို ဆက်မောင်းလာ

တာပဲဆိုတာ ကျုပ် သိလိုက်တယ်။ ကျုပ်လည်း အပြောင်းလဲကြီးပြောင်းလဲနေတဲ့ ရန်ကုန်မြို့ကြီးကို ငေးကြည့်လိုက်တယ်။ ကျုပ်သားငဝင်းမှာ ကိုယ်ပိုင်ကား ကိုရိုလာတစ်စီး ရှိတယ်။ ကားဘာဖြစ်လို့လဲ မသိဘူး။ ကျုပ်ကို ရုံးကားနဲ့

လာကြိုတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်နေတယ်။ .

သူတို့ဆီကို လိုက်သာလာရတယ် ကျုပ် သိပ်တည်းချင်တာ မဟုတ်ဘူး၊များသောအားဖြင့် မိဘဆိုတာ အိမ်ထောင်ခွဲသားသမီးတွေဆီမှာ နေရင် တည်း

ခိုရင် သမီးဆီမှာပဲ နေချင်ကြတယ်။ ကိုယ့်သမီးဆိုတော့ နေရေးထိုင်ရေး သိပ်အားမနာရဘူး။ သမက်ဆိုတာမျိုးကလည်း ယောက်ျားသားဆိုတော့ တော်

တော်တန်တန် ကိစ္စမျိုးကို ဝင်ပြောတတ်တာမဟုတ်ဘူး၊ ပြောချိန်လည်း မရဘူး။မနက်လင်း ရုံးသွား၊ အလုပ်သွားတော့ အိမ်မှာ ရှိတတ်ကြတာမဟုတ်ဘူး

ဒီတော့ သမီးဆီမှာ တည်းရတာ လွတ်လပ်တယ်။ အဆင်ပြေတယ်။သားယောက်ျားလေးဆီ တည်းရတာမျိုးကျတော့ အိမ်မှာ ချွေးမရှိတယ်။

ချွေးမဆိုတာ အပေါက်အစများတတ်တယ်။ ဒါကြောင့်မို့ ဘယ်မိဘဖြစ်ဖြစ်၊အိမ်ထောင်ခွဲ သားတွေသမီးတွေဆီကို သွားရင် သမီးနဲ့ပဲ အနေများကြတယ်။

ခု ကျုပ်လည်း ဒီအတိုင်းပဲ အိမ်ထောင်ခွဲ သမီးဆီကို တည်းမလို့ စိတ်ကူးတယ်။ သမီးဆီကိုရော၊ သားဆီကိုရော စာရေးအကြောင်းကြားထားပြီးသား။

သမီးဆီမှာပဲ တည်းမယ်လို့ စာထဲမှာ အတိအလင်း ထည့်ရေးလိုက်တယ်။ခုတော့ ကျုပ်ကို သမီးဆီမပို့ဘဲ သားဆီကို ခေါ်သွားနေပြီ။ ဘာဖြစ်လို့များ

ငါ့ကို ငဝင်းအိမ် အတည်းခိုင်းရတာလဲလို့ ကျုပ်စိတ်ထဲမှာ တွေးလိုက်လာတယ်။

သူတို့ ကျုပ်စာကို ရတော့ သူတို့မောင်နှမနှစ်ယောက် တိုင်ပင်ပုံရတယ်။သမီးက စာမေးပွဲအဖြေလွှာတွေ စစ်ရတော့ အိမ်မှာ ချက်ပြုတ်ချိန်ရဟန်မတူဘူး။ ပြီးတော့ သူက ငဝင်းလောက် ချောင်ချောင်လည်လည်လည်း မရှိဘူး။အိမ်မှာ သမက်ကလည်း နယ်ထွက်နေတယ်ဆိုတော့ ကလေးတွေနဲ့ ကျုပ်ချည်းပဲ ဖြစ်နေမယ်။ ဒါကြောင့် ငဝင်းအိမ်ကို ပို့တာပဲလို့ ကျုပ်ဘာသာကျုပ် စဉ်းစားနေတယ်။

အေးလေ ဘာပဲဖြစ်ဖြစ် ခဏတစ်ဖြုတ်နေတာပဲဟာ။သိပ်တော့ အရေးမကြီးလှပါဘူးလို့ ကျုပ်စိတ်ထဲမှာ အောက်မေ့လိုက်တယ်။သားငဝင်းကတော့ သမီးမြင့်မြင့်တို့ထက် ချောင်လည်တယ်။ သူက

လည်း အရာရှိကြီး။ မိန်းမကလည်း အရာရှိကြီးတစ်ဦးရဲ့ သမီး။ သူကိုယ်တိုင်ကလည်း အရာရှိမ၊ သူတို့နေတဲ့ ရပ်ကွက်ကလည်း ပါရမီဆိုတော့ ကိုယ့်ဝင်း

ကိုယ့်ခြံနဲ့။ သီးသီးသန့်သန့်နေရတဲ့ နေရာတွေ။

ဒါပေမဲ့ ခက်တာက ကျုပ်က သူတို့အိမ်မှာ သိပ်မတည်းချင်ဘူး ။သီးသန့် အိမ်တစ်လုံးနဲ့နေတာတော့

ဟုတ်ပါရဲ့၊ ဒါပေမဲ့ သူ့ယောက္ခမ အရာရှိရဲ့ခြံဝင်းစုထဲမှာ နေရတာ။ ဒီတော့ သူ့ဘာသာသူ မျက်နှာငယ်ခံနိုင်လို့၊ ဒါမှမဟုတ် မယားရှိလို့ လိုက်နေ

နိုင်ပေမဲ့ ကျုပ်က အခြောက်တိုက်ဝင်ပြီး မျက်နှာငယ်မခံနိုင်ဘူး။ ရှင်းရှင်းပြောရရင် သူက ရန်ကုန်က အရာရှိကြီး ကျုပ်က တောက ပင်စင်ယူထားတဲ့တောစာရေးကလေး။ ဒီတော့ ကျုပ်မှာ အလိုလို သိမ်ငယ်စိတ်ဝင်နေတယ်။

ကျုပ်တို့ မြို့ကလေးက ကျုပ်အိမ်မှာ ကျုပ်ဘုရင်။ ဒီမှာက ခမည်းခမက်အိမ်မှာ သွားတည်းရမှာ၊ ဒီတော့ ကျုပ် မျက်နှာငယ်တယ်။ ဂူတစ်ဂူထဲမှာ

ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ဘူး။

ဒါပေမဲ့ သူတို့စီစဉ်ထားတော့ ကိုယ်က ဘာမှမပြောသာဘူးလေ။ပါရမီက သူတို့အိမ်ကိုရောက်တော့ ချွေးမလုပ်တဲ့သူကလည်း ဝမ်းသာအားရ

ဆီးကြိုရှာပါတယ်။ ပါးစပ်က လိုလေသေးမရှိသလောက်ပါပဲ။ သူတို့ရဲ့ ကိုရိုလာ ကိုယ်ပိုင်ကားကလေးကတော့ ကားရုံထဲမှာရှိတယ်။ ချွေးမလုပ်တဲ့လူ ရုံးသွားတော့ သားအကြီးဆုံးကောင်က အဲဒီကိုရိုလာနဲ့ မောင်းပို့တာကို ကျုပ် သတိထားလိုက်မိတယ်။ အိမ်က ကိုရိုလာကားနဲ့မကြိုဘဲ ရုံးကားနဲ့ကြိုတယ်ဆိုတာ ထင်ရှားသွားတယ်။ ထားပါ။ ဒါကအကြောင်းမဟုတ်ပါဘူး။ ကျုပ် တောက

စာရေးပဲ၊ ကျုပ်တို့မြို့မှာ အလုပ်လုပ်တုန်းက ရုံးကားတောင်စီးနိုင်တဲ့အဆင့် ဟုတ်သေးဘူး။ စက်ဘီးနဲ့ရုံးတက်ရတာ။ ဒါပေမဲ့ ကျုပ်စိတ်ထဲမှာ အောင့်သွားတာ တစ်ခုရှိတယ်။ ကျုပ်ကို သူတို့နောက်ဖေးကမော်တော်ကားရုံအပေါ်ထပ်မှာ နေရာပေးတယ်။ မြေးအကြီးကောင် ကျော်ကျော်နဲ့ အိပ်ရာချင်းယှဉ်လို့ ဖေဖေ လွတ်လွတ်လပ်လပ် နေရအောင် ကျော်ကျော်တို့အဆောင်မှာ အိပ်

ရာ ပြင်ထားတယ်တဲ့၊ ချွေးမက ပြောတယ်၊ ရပါတယ်၊ ကိစ္စမရှိပါဘူး။ဒါပေမဲ့ စိတ်ထဲမှာ နည်းနည်းတော့ အောင့်တာပေါ့ဗျာ။

ညနေ သား ရုံးက ပြန်လာတော့လည်း သားငဝင်းက ဖော်ဖော်ရွေရွေပါပဲ။ ဒါပေမဲ့ ဒီကောင်မှာ တစ်ခုထူးခြားနေတာက ဒီကောင့်မှာ ညည်းတတ်

တဲ့ အကျင့်ပါနေတဲ့ကိစ္စပဲ။ ငယ်ငယ်တုန်းက ဒီကောင်ဟာ ဘယ်တော့မှ ညည်းတတ်တဲ့ကောင် မဟုတ်ဘူး၊ ခု ကြီးလို့ အရာရှိကြီးဖြစ်မှ ညည်း

တတ်လာဟန်တူတယ်၊ ရုံးကပြန်ရောက်တာနဲ့ ရုံးမှာ ဘယ်လောက် အလုပ်များတဲ့အကြောင်း၊ အစည်းအဝေးတွေ ဘယ်လိုထိုင်ရတဲ့အကြောင်း ၊ တချို့ အလုပ်တွေကို မမီမှာစိုးတဲ့အတွက် အိုဗာတိုင်လုပ်ရတဲ့အကြောင်း၊ ဘယ်သူ့တွေကို ဘယ်လိုကူညီရကြောင်း ဘာညာစသဖြင့် ဒီကောင်ဟာ အမြဲတမ်း

ညည်းနေတာပဲ။ သူ့မျက်နှာကို ကြည့်ရတာကလည်း တော်တော်လေးကို ပင်ပန်းနေတဲ့ပုံစံမျိုး၊ ဟုတ်တော့လည်း ဟုတ်မှာပါလေ။ တစ်ခါတလေများဆိုရင် ည ရှစ်နာရီ ကိုးနာရီလောက်မှ ပြန်ပြန်လာတက်တယ်။ကျုပ်လည်း ကြာတော့ ဒီကောင် ညည်းတာနဲ့ နားပူလာတယ်။

ဒါပေမဲ့ ထားတော့၊ ဒါက ဒီလောက်မဟုတ်သေးဘူး၊ နည်းနည်းတော့ အနေရကျပ်တာပေါ့လေ။ ပိုပြီးဆိုးတာက ဒီကောင်ဟာ မိန်းမကြောက်ရတဲ့

ပုံပေါ်တယ်လို့ ကျုပ်စိတ်ထဲမှာ ထင်လိုက်မိတယ် ဘာဖြစ်လို့မှန်း မသိဘူး။မိန်းမကြောက်ရတဲ့လူမျိုးဆိုရင် ယောက်ျားအချင်းချင်း ချက်ချင်းသိလိုက်ကြ

တယ်။ ပကတိ ဉာဏ်အရသိတယ်လို့ ဆိုရမလားမသိဘူး၊ ကျုပ်ကလည်း မိန်းမကြောက်တဲ့လူဆိုရင် အလွန်မုန်း။ ဘယ့်နှယ်ဗျာ ကိုယ်ကလည်း ရှာဖွေ

ကျွေးမွေးရသေးတယ်။ သားမှတ်မှတ် မယားမှတ်မှတ် ထိုက်တန်တဲ့နေရာကိုလည်း ပေးသေးတယ်။ ဒီကြားထဲမှာ မိန်းမဩဇာကို ဒီလောက်နာခံရတဲ့လူ

ဆိုရင် ကျုပ် တကယ့်ကို အထင်သေးတယ်။

ခု ကျုပ်သား ငဝင်းကို ကြည့်ရတာ အဲဒီမယားကြောက် လူတန်းစားထဲက ဖြစ်နေတယ်လို့ ကျုပ် အကဲခတ်လိုက်မိတယ်။ သူတို့အိမ်ကို တည်းလို့

သာနေရတယ်။ စိတ်ထဲမှာတော့ နည်းနည်း အကုသိုလ်ဖြစ်ချင်လာတယ်။

အပေါင်းအသင်းတွေ အလည်လာရင် သူ့မိန်းမက ယောက်ျားတွေ ဝိုင်းထဲဝင်ပြီး သူချည်း စကားပြောတော့တာပဲ၊ စကားဝိုင်းသာ ဆုံးသွားရော ငဝင်းပြော

ဖို့ အချိန်မရလိုက်ဘူး။ ပြီးတော့ အိမ်တစ်အိမ်လုံးလည်း သူ့သြဇာချည်းပဲ။

ရောက်ပြီး နောက်တစ်နေ့တော့ ပြဿနာတစ်ခုဖြစ်တယ်။ပြဿနာက ရေချိုးရာကစတာ ။ပြောခဲ့တဲ့အတိုင်း ကျုပ်က အပြင်ဘက်က ကားရုံပေါ်က ထပ်ခိုးလေးထဲမှာ တည်းရတာ။ အဲ … ထမင်းစားတော့မှသာ သူတို့တိုက်ထဲက ထမင်းစားခန်းကို သွားရတာ။ တစ်နေ့တော့ ကျုပ်က ကားရုံအပြင်ဘက်မှာရှိတဲ့ အုတ်ကန်ကလေးမှာ ရေချိုးတယ်။

တိုက်ထဲက ကြွေပြားတွေ ကပ်ထားတဲ့ ပြောင်လက်နေတဲ့ ရေချိုးခန်းထဲမှာ မဟုတ်ဘူးနော် ဒီလိုရေချိုးနေတုန်း ဘဘကြီး ထမင်းသုံးဆောင်ရ

အောင် လို့ အိမ်ဖော်ကောင်မလေးက လှမ်းခေါ်တာနဲ့ ကျုပ်လည်း အင်္ကျီကလေး ကပျာကယာ ကောက်စွပ်ပြီး ဝင်သွားတယ်။ ရေတောင် စင်အောင်မသုတ်နိုင်ခဲ့ဘူး၊ သူတို့ခေါ်တဲ့ အချိန်မှာ စားမှကောင်းမှာကိုး။ ဒီတင် ကျုပ်က ခြေထောက်ရေစိုနဲ့ သူတို့ထမင်းစားခန်းထဲက ပေါ်လစ်သုတ်ထားတဲ့ ပါကေး

ကြမ်းပြင်ပေါ်ကို တက်လာခဲ့မိတယ်။ အမှန်ကတော့ ကျုပ်အမှားပါလေ။တကယ်ဆို ခြေထောက်က ရေစင်အောင်သုတ်ပြီးမှ တက်ပေါ့။ ခုတော့ သူတို့

စောင့်နေရမှာစိုးလို့ ခြေမသုတ်နိုင်ခဲ့ဘဲ ဖိနပ်ကလေးကို ချွတ်ပြီး ပါကေးကြမ်းပြင်ပေါ်ကို နင်းလာခဲ့မိတယ်။ ကြည့်လိုက်တော့ ခြေထောက်က ရေတွေမစင်တာနဲ့ကြမ်းပြင်ပေါ်မှာ ခြေရာအကွက်ကလေးတွေ နည်းနည်းထင်သွားတယ်။ ထမင်းစားပြီးလို့ ထွက်လာတော့မှ ဒီခြေရာကွက်ကို မြင်လိုက်တာပါ။

ညနေထမင်းစားချိန်လည်းရောက်လို့ ကျုပ်လည်း ထမင်းစားရော။သူ့မိန်းမက အိမ်ဖော်မလေးကို ဆူနေသံကြားရတော့တာပဲ။ အဲဒီတုန်းက ငဝင်းကလည်း အိမ်ရှေ့မှာ သတင်းစာဖတ်နေတယ် ။

ဆူတာကတော့ ကောင်မလေးကို ဆူတဲ့ပုံပေါ့လေ။ နင်တို့ အိမ်မှာနေလာတာ ဘယ်လောက်ကြာပြီလဲ၊ ပေါ်လစ်သုတ်ထားတဲ့ ကြမ်းပြင်ပေါ်ကို

ရေစိုနေတဲ့ ခြေထောက်ကြီးနဲ့ မတက်ရဘူးဆိုတာ မသိဘူးလား၊ အပေါက်မှာ ခြေသုတ်ခုံ လုပ်ပေးထားပါလျက်နဲ့ ဘာဖြစ်လို့ ခြေမသုတ်ခဲ့ရတာလဲ။

နင်တို့တောမှာ နေချင်တိုင်းနေလို့ရပေမဲ့ မြို့ရောက်ရင် မြို့စည်းကမ်းနဲ့နေရတယ်၊ ဘာဖြစ်တယ်နဲ့ ဆူနေလိုက်တာများ ကောင်မလေးကတော့ ဘာမှ

ပြောသံမကြားရဘူးဗျ။ ကျုပ်မှာ ထမင်းစားလို့သာ စားနေတယ်။ ဘယ်ကနေဘယ်လို မျိုလိုက်မှန်းတောင် မသိဘူး။

အမှန်ကတော့ ကျုပ်ကြောင့်ဖြစ်တယ်ဆိုတာ ကျုပ်ချွေးမ သိတယ်။ကောင်မလေးက ပြောပြီးလောက်ပြီ။ ဒီခြေရာမြင်တော့ ဘာညာနဲ့ဆူပြီးသား

ဖြစ်မှာပဲ။ ဒီတော့ ကောင်မလေးကလည်း သူ့ကြောင့်မဟုတ်ဘူး။ ကျုပ်ကြောင့်လို့ ပြောပြီးမှာပဲ။ ခု ကျုပ်ထမင်းစားနေတုန်းမှာ ကောင်မလေးကို တမင်သက်သက် ဆူပြတာကတော့ ကျုပ်ကို စောင်းချင်မြောင်းချင်လို့ ကောင်မလေးကို

သက်သက်ဆူပြတာ၊ ငဝင်းလည်း ဒီအကြောင်းကို သိပြီးသား ဖြစ်မှာပေါ့။ဒါပေမဲ့ သူ့မိန်းမ စောင်းမြောင်းနေတာကို ဘာမှမပြောဘူး၊ မျက်နှာတော့ သိပ်မကောင်းလှဘူး။

ကျုပ် အဲဒီည အိပ်လို့မပျော်ဘူး။ စိတ်ထဲမှာ မခံချင်ဖြစ်နေတယ်။အသက်လည်း ကြီးပြီ။ဒေါသဖြစ်ရတာ မကောင်းဘူးလေ။ အကုသိုလ်များလှ

တယ်။ ဒါနဲ့ စိတ်ပုတီးကို အကြာကြီးစိပ်နေရတယ်။ ဒီလောက် မိန်းမကြောက်ရသလား၊ ကျုပ်ဆွေမျိုးလာနေတုန်းမှာ ကျုပ်မိန်းမကသာ ဒီလို စောင်းမြောင်းနေရင် ဘယ်ရမလဲ ချက်ချင်းကို ထပြီး ရန်ဖြစ်ကြမှာလို့ တွေးမိရင်း အလိုလို

အကုသိုလ်များနေတယ်။

ဒီအိမ်မှာလည်း ကြာကြာမနေချင်တော့ဘူး။ သမီးအိမ်ကို ပြောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ငဝင်းစိတ်မကောင်းမှာစိုးလို့ ချက်ချင်းတော့

ပြောင်းလို့ မကောင်းသေးဘူး၊ တစ်ရက်တန်သည် နှစ်ရက်တန်သည် နေပြပြီးတော့မှ ပြောင်းတော့မယ်လို့ စိတ်ကူးတယ်။

ဒါနဲ့ နောက်တစ်ရက် နှစ်ရက်လောက်ရှိတော့ တောင်ဥက္ကလာက မြင့်မြင့်တို့ဆီ ပြောင်းနေဦးမှပဲကွာ။ တော်တော်ကြာ သမီးစိတ်မကောင်းဖြစ်နေ

လိမ့်မယ်လို့ ကျုပ်က ပြောတယ်။ ငဝင်းက ပြောင်းချင်ရင်ပြောင်းတာပေါ့တဲ့။ဒါပေမဲ့ သူတို့အိမ်ကတော့ နည်းနည်းကျဉ်းတယ်တဲ့။ ဘုစုခရုတွေကလည်း များတယ်တဲ့ ဖေဖေနေရတာ ချောင်ချောင်ချိချိရှိမှာ မဟုတ်ဘူးတဲ့။ ကျွန်တော့်ဆီမှာဆိုရင်တော့ ဖေဖေ လွတ်လွတ်လပ်လပ် နေလို့ရတာပေါ့တဲ့။ ကျုပ်ကလည်း ဘယ်တတ်နိုင်မလဲကွာ၊ ရန်ကုန်ဆိုတာကတော့ ဒီတိုင်းပဲပေါ့ သူတို့အိမ်မှာ မတည်းလို့တော့ မကောင်းဘူး။ ခဏတော့ သွားနေလိုက်ဦးမယ်လို့ပြောတယ်။ နောက်ဆုံးတော့ ငဝင်းက ဖေဖေ့သဘောပဲလေ။ ကျွန်တော့်အိမ်မှာတော့ ဘာမှ အားနာစရာမရှိဘူးနော် ဖေဖေတဲ့။

သူ့ အိမ်က ကျယ်တယ်ဆိုတာတော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ သူ့မိန်းမ၊ အဲ … ကျုပ်ချွေးမ ဆိုပါတော့ဗျာ။ ချွေးမက သားကို သြဇာပေးတာ သားက မယားကြောက်ရတာကို မကြည့်ချင်ဘူးဗျာ၊ အ,ကုသိုလ်များတယ်။ဒါကြောင့် ဇွတ်အတင်း ပြောင်းလာခဲ့တယ်။ .

ပြောင်းတဲ့နေ့ကျတော့ ငဝင်း သူကိုယ်တိုင် ကိုရိုလာကားကို မောင်းပြီးပို့ပေးတယ်။ တောင်ဥက္ကလာကို မသွားခင် ဖေဖေလည်း ဘယ်ကိုမှ ကောင်း

ကောင်းမရောက်ရသေးဘူး။ ဘုရားကို ကျွန်တော် လိုက်ပို့ဦးမယ် ဆိုပြီး ရွှေတိဂုံကို လိုက်ပို့တယ်။ ရွှေတိဂုံမှာ ကျုပ်တို့သားအဖ ရင်ပြင်တော်တက်ဖူးပြီး နည်းနည်းမောတာနဲ့ အနောက်ဘက် ရင်ပြင်တော်ပေါ်က ဇရပ်တစ်ဆောင်မှာ ထိုင်ပြီး အမောဖြေတယ်။

အမောနေတုန်းမှာ ကျုပ်သား ငဝင်းက အိတ်ထဲက ရ၅ ကျပ်တန်လေးရွက်ထုတ်ပြီး ကန်တော့တယ်ဗျ။

ကျုပ် တော်တော် စိတ်ဆိုးသွားတယ်ဗျာ၊ ကြည့်စမ်းပါဦးဗျာ။ ကန်တော့ချင်ရင် အိမ်မှာတုန်းက သားနဲ့မယားနဲ့အတူ ကန်တော့ပါလား။ ခုတော့ အိုးမရှိ အိမ်မရှိ ခြေသလုံးအိမ်တိုင်လို ဘုရားရင်ပြင်တော်ပေါ်က ဇရပ်ရောက်မှ ထိုင်ကန်တော့တယ်။ ကျုပ်စိတ်ထဲမှာ ရုတ်တရက် ဆုပေးလို့မရဘူး။ ဒီကောင့်

ကို သနားရမလား စိတ်ဆိုးရမလားလို့ ဝေခွဲလို့ မရဘူး။ ဒီလောက်တောင် မိန်းမကြောက်ရသလားဆိုပြီး ကျုပ် ပြောပစ်လိုက်ချင်တယ်။ ဒါပေမဲ့ မပြော

ရတ်ဘူး၊ နောက်တော့မှ ကျုပ်စိတ်ကို မနည်းကြီး ထိန်းပြီး သူ့ကို ဆုပေးရတယ်။

* * * * *

ကျုပ်သမီး မြင့်မြင့်နေတဲ့ တောင်ဥက္ကလာအိမ်က ခပ်ကျဉ်းကျဉ်းကလေးရယ်ဗျ။ လေးဆယ် ပေခြောက်ဆယ်လောက်ရှိတဲ့ မြေကလေးပေါ်မှာ သုံးပင်နှစ်ခန်း၊ ပျဉ်ခင်းပျဉ်ကာ၊ သွပ်မိုးနဲ့အိမ်ကလေး။ မွန်အိမ်ကလေး ဆိုပါတော့ ။အပေါ်မှာ ထပ်ခိုးကလေးနဲ့။ ကျုပ်သမီးလင်မယားက အောက်ထပ်က တစ်ခုတည်းသော အိပ်ခန်းကလေးထဲမှာ အိပ်ကြတယ်။ ကျောင်းလာနေတဲ့ ယောက်ျားဘက်က တူမလေးတွေနဲ့ ကလေးတွေက အပေါ်ထပ် ထပ်ခိုးကလေးမှာ အိပ်ကြတယ်။ မနက်လင်းရင် သမက်ဖြစ်တဲ့သူက ရုံးသွားပြီး သမီးဖြစ်တဲ့ မြင့်မြင့်က စာမေးပွဲအဖြေလွှာတွေ သွားပြီးခြစ်ရတယ်။

ကိုယ်ပိုင်ကားတို့ ဘာတို့မရှိတော့ နှစ်ယောက်စလုံး မနက်စောစောပဲ ထွက်ကြရတယ်။ ပြန်လာတော့လည်း တော်တော် မိုးချုပ်နေပြီ။မနက်ရုံးသွား

ကျောင်းသွားရင်လည်း သူတို့မှာ ရှိတာကလေးချက်။ ထမင်းဘူးထဲထည့်ပြီး သုတ်သီးသုတ်ပျာသွားရတယ်။ ညနေကျတော့လည်း ဖြစ်သလိုချက်စားလိုက်ကြတယ်။

တစ်ခါတလေ သမက်လုပ်တဲ့သူက မြို့ထဲကအပြန်မှာ ဈေးဝယ်လာတယ်။ မနက်တို့ဘာတို့ ဈေးသွားရင်လည်း သမက်ကိုယ်တိုင် ဈေးသွားတယ်။

ကျုပ်မျက်စိထဲမှာတော့ တစ်မျိုးဖြစ်နေတာပေါ့ဗျာ။ ယောက်ျားတန်မဲ့ မနက်လင်းရင် လေးထောင့်အိတ်ကလေးကိုင်ပြီး ဈေးဝယ်ထွက်ရတာ သိပ်ကြည့်လို့

ကောင်းဘူးပေါ့။ ဈေးဝယ်တယ်ဆိုတာ အိမ်ရှင်မရဲ့ အလုပ်ပဲ။

ကျုပ်သမက်က ကိုယ်ထူးကိုယ်ချွန်နဲ့ ဒီလောက်ရာထူးကို ရလာတာ။ဆယ်တန်းလောက်ကတည်းက ကိုယ့်ဘာသာကိုယ် စာရေးလုပ်၊ နောက်တော့လုပ်သားကောလိပ်တက်ပြီး တက္ကသိုလ်ဘွဲ့ရ။ တဖြည်းဖြည်းနဲ့ ခုလို အရာရှိလေး ဖြစ်လာတာ၊ ကိုယ်ထူး ကိုယ်ချွန်ပါပဲ။ ဒါကတော့ ချီးကျူး

သင့်ပါတယ်။

ဒါပေမဲ့ ခက်တာက ဒီကောင့်ကြည့်ရတာ သိပ်စစ်စီလွန်းနေတယ်။ဈေးဝယ်တော့လည်း သူကိုယ်တိုင်ဝယ်တယ်။ မနက်လင်းတော့လည်း ကော်ဖီ

ကလေး လက်ဖက်ရည်ကလေးတောင် မသောက်ဘူး၊ ထမင်းရည်ကိုပဲသောက်တယ်။ တစ်အိမ်လုံးကိုလည်း ထမင်းရေပဲသောက်ရတယ်။ ထမင်း

ရည်က ဘီဝမ်းပါတယ်တဲ့။ ပြီးတော့ မနက်ရုံးမသွားခင် ကျောင်းမသွားခင်ထမင်းတို့ ဘာတို့လည်း စောစောစီးစီး စားကြမှ အပိုမကုန်အောင်လို့တဲ့။

အိမ်မှာ လက်ဖက်ရည် ကော်ဖီ မဖျော်ဘူး။

အဲ … ကျုပ်ကိုတော့ ထမင်းရည်တော့ မတိုက်ပါဘူး။ မနက်လင်းလာရင် မြေးအငယ်လေးက ကျုပ်ဖို့ဆိုပြီး ချိုင့်ကလေးဆွဲပြီး လမ်းထိပ်က

လက်ဖက်ရည်နဲ့နံပြား သွားဝယ်တယ်။ သူတို့တစ်အိမ်လုံးက ထမင်းရည်သောက်ပြီး ကျုပ်တစ်ယောက်တည်းက လက်ဖက်ရည်နဲ့ နံပြားနဲ့ ပဲပြုတ်နဲ့ဆိုတော့ ဘယ်မှာစားလို့ သောက်လို့ ဖြောင့်မလဲဗျာ။ ဒီတော့ ကျုပ်က ကျုပ်ရှိနေတဲ့ အတောအတွင်းမှာ ကလေးတွေနဲ့ ကျုပ်ဖို့ လက်ဖက်ရည်နဲ့နံပြား အဝယ်ခိုင်းတယ်။ ဒီတော့ ကျုပ်သမက်က ဘယ်လိုပြောသလဲဆိုတော့ ဖေဖေ့

ဘာသာ သောက်ပါတဲ့။ ဒီကလေးတွေကို မကျွေးပါနဲ့တဲ့၊ ကျွန်တော်က သူတို့ကို အလေ့အကျင့်ရအောင် တမင် ထရိန်းလုပ်နေတာတဲ့။ ဒီကောင်တွေကို

အလိုလိုက်လို့ မဖြစ်ဘူးတဲ့။ ကျွန်တော် တော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ သူ့ထရိန်နင်နဲ့သူ ဆိုတော့လည်း ကျုပ်လည်းဝင်ပြီး မဖျက်ရဲဘူးလေ။

ဒီတင် ကျပ်ဘာလုပ်ရသလဲဆိုတော့ မနက်လင်းတာနဲ့ လမ်းလျှောက်ဦးမယ်လို့ အကြောင်းပြပြီး အပြင်ထွက်ထွက် လက်ဖက်ရည်သောက်ရတယ်။ ကျုပ်

ကလည်း လက်ဖက်ရည်မသောက်ရရင် မနေနိုင်ဘူးလေ။

တစ်ခါလည်း အဖြစ်အပျက်တစ်ခု ဖြစ်တယ်။ မရိုမသေ ပြောရတော့မှာပဲ။ သူတို့အိမ်ကအိမ်သာက ရေတံလျှောက် အိမ်သာ၊ အားလုံး ရေကိုပဲသုံးကြတယ်။ ကျုပ်တို့အညာကတော့ ရေသုံးလေ့ သုံးထ မရှိဘူးလေ။ ဒီတော့ ကျုပ် စက္ကူသုံးတယ်။ စက္ကူဆိုတာသတင်းစာစက္ကူ အဟောင်းပါ။ ကလေးတွေဆီက သတင်းစာအဟောင်း သုံးလေးစောင်လောက် တောင်းထားတယ်။အဲဒီစက္ကူနဲ့ပဲ သုံးတယ်။

တစ်နေ့တော့ ကျုပ် လက်ဖက်ရည်ဆိုင်က ပြန်အလာမှာ လင်မယားနှစ်ယောက် နောက်ဖေးမှာ ကျွက်စီကျွက်စီ ဖြစ်နေကြတယ်။ကျုပ်ရောက်နေမှန်း သိပုံမရဘူး။ ကိစ္စက အိမ်သာမှာ စက္ကူသုံးတဲ့ကိစ္စ၊ ရေသုံးနေတဲ့ နေရာမှာ စက္ကူသုံးတဲ့အတွက်ကြောင့်လည်း ပါတယ်။ ဒါတင်မကသေးဘူး၊ သတင်းစာအဟောင်းတွေကို စက္ကူကုလားကိုရောင်းဖို့ သေသေချာချာသိမ်းထားတာ။ ကြေးမုံဆိုရင် တစ်ပိဿာကို ဘယ်နှစောင်ရတယ်။

ဝပ်ကင်းဆိုရင် ဘယ်နှစောင်ရတယ်။ ခု သတင်းစာတွေကို ရောင်းမလို့ စောင်ရေကို တွက်ကြည့်လိုက်တော့ စောင်ရေတွေ လျော့နေတယ်။ ဒါကြောင့်

စည်းမရှိ ကမ်းမရှိ ဘာဖြစ်လို့ သတင်းစာစက္ကူကို ပေးရသလဲလို့ ကလေးကို ဆူရာက လင်မယားနှစ်ယောက် စကားများကြတာ။

ကျုပ် ရှက်လိုက်တာဗျာ။ စိတ်ထဲမှာ သမီးဟာ ဒီလောက်တောင်ပဲ ညံ့ရသလား။ ဈေးဝယ်တာကအစ ယောက်ျားကိုယ်တိုင် ဝယ်။ သတင်းစာ အဟောင်းရောင်းတာ၊ ပုလင်းခွံဘူးခွံရောင်းတာကအစ ယောက်ျားကိုယ်တိုင်ရောင်း၊ အိမ်သာမှာ ကိုယ်လက်သန့်စင်တာကအစ ယောက်ျားကိုယ်တိုင် ဝင်ပါ။ ဧည့်သည်သောက်သွားတဲ့ ဆေးလိပ်တွေကို လွှင့်မပစ်ဘဲ မီးမွှေးဖို့ဆိုပြီး ဆေးလိပ်တိုတွေကို သိမ်းဆည်းထားတာကအစ ယောက်ျားကိုယ်တိုင်

ခိုင်းနေတော့ ကျုပ်သမီးက အိမ်တွင်းမှုမှာ ညံ့လို့လား၊ ယောက်ျားကိုယ်တိုင်က နေရာတကာမှာ စစ်စီလွန်းလို့လားတော့ မပြောတတ်ဘူး။ ဒါပေမဲ့

ကျုပ်သမီးဟာ ဒီလောက်တော့ မညံ့ပါဘူး။ အကင်းပါးတဲ့ သမီးပါ။ ခပ်အေးအေး နေတတ်တာတစ်ခုပဲရှိတယ်။

ကျုပ်စိတ်ထဲမှာ နည်းနည်း ခံပြင်းလာတယ်။ ယောက်ျားကိုယ်တိုင် ဈေးဝယ်တာကိုက ကျုပ်က မကြိုက်တော့ဘူး။ ခုတော့ ဒီထက်အသေးအဖွဲကျတဲ့

ကိစ္စလေးတွေမှာတောင် ယောက်ျားက နေရာတကာလိုက်ပြီး သြဇာပေးနေတော့ ကျုပ် သမီးကို သနားရမလား၊ စိတ်ဆိုးရမလား မဝေခွဲတတ်တော့ဘူး။

ဒီတော့ ကျုပ် ဘာလုပ်သလဲ၊ စိတ်တိုတိုင်း ပုတီးကို နာနာ ကောက်စိပ်ပစ်လိုက်တယ်။ သားအိမ်သွားတည်းတော့လည်း သြဇာပေးတတ်တဲ့ မယားကို

ကြောက်ရတဲ့ သားကိုတွေ့တော့ ကျုပ်မှာ အကုသိုလ်ဖြစ်ရတယ်။ သမီးအိမ် တည်းတော့လည်း စစ်စိတဲ့ယောက်ျားကို တစ်ခွန်းမှ ပြန်မပြောတဲ့သမီးအတွက် ကျုပ်မှာ အကုသိုလ်ဖြစ်ရပြန်တယ်။

ရန်ကုန်မှာ တစ်လကိုးသီတင်းလောက် နေမယ်လို့ စိတ်ကူးပြီး လာတာ ခုတော့ မနေတော့ဘူးလေ။ ဆယ်ရက်ပဲ ကြာခဲ့တယ်။ မဖြစ်ဘူး။

သူတို့ဆီမှာ နေရတာ ကျုပ်မှာ အကုသိုလ်များတယ်။ မြန်မြန်ပြန်လာခဲ့တာ ကောင်းတယ်။

အစကတည်းက ကျုပ်မသွားချင်ပါဘူးလို့ အတန်တန်ငြင်းခဲ့တယ်။အိမ်က အမယ်ကြီး တိုက်တွန်းလွန်းတာနဲ့ သွားခဲ့တာ ခုတော့ ကျုပ်မှာ

အကုသိုလ်ပဲ ရလာခဲ့တယ်၊ တော်ပြီ နောက် သင်းတို့ ရန်ကုန်ကို ဘယ်တော့မှ မသွားတော့ဘူး၊ကျုပ် အညာမြို့ကလေးမှာပဲ နေတော့မယ်။ မန်ကျည်းရွက် ချဉ်ရည်ဟင်းနဲ့ ငရုတ်သီးထောင်းပဲ စားနေတော့မယ်။

မြသန်းတင့်

ရင်ခုန်ပွင့် ၊ ဇွန်၊ ၁၉၈ရ