ဝတ္ထုတိုများစုစည်းမှု့

ပါးပေါ်က တင်းတိတ်နှစ်ကွက်

တစ်လောက ဆရာဆောင်ကွယ်လွန်ပြီလို့ သတင်းရတယ်။ ဆရာဆောင်ရဲ့ အသုဘကိုလိုက်ပို့ချင်ပေမယ့်တစ်ရပ်တစ် ကျေးမှာ ဖြစ်နေလို့ လိုက်မပို့နိုင်ဘူး။ ပြီးတော့ သတင်းကိုကြားရတော့လည်း ဆရာဆောင် ကွယ်လွန်ပြီးလို့ တစ်လလောက် ရှိနေပြီလေ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကတော့ ကျွန်တော့် ဇာတိမြို့ကလေးကို ရောက်သွားလို့ ဆရာဆောင်ကို သွားကန်တော့ ခဲ့သေးတယ်။ ဆရာဆောင်လို့ ခေါ်ကြတဲ့ ဆရာဦးလှဆောင်နဲ့ နောက်ဆုံး တွေ့ခဲ့တာပါပဲ။

ဆရာဆောင်ဟာ ကျွန်တော် ကျောင်းသားဘဝမှာ မမေ့နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူက အင်္ဂလိပ်စာတို့ ဘာတို့မတတ်ရှာ ပါဘူး။ မြန်မာစာဆရာပါ။ စစ်မဖြစ်ခင်တုန်းကလည်း ဆရာဆောင်ဟာ မြန်မာစာဆရာပဲ။ ဆရာဖြစ်သင် နော်မံကျောင်းက ဟိုင်းယားဂရိတ်အောင်ပြီး တစ်လျှောက်လုံး

မြန်မာစာဆရာလုပ်လာခဲ့တာပဲ။ ဆရာဆောင် သင်္ချာတော်တယ်။မြန်မာ စာတော်တယ်။ အထက်တန်းသင်္ချာကို ကောင်းကောင်းပြနိုင်တယ်။

ဒါပေမယ့် ကျွန်တော်တို့တုန်းက သင်္ချာက အင်္ဂလိပ်လိုပြော၊ အင်္ဂလိပ် ဂဏန်းတွေနဲ့ သင်ရတော့ ဆရာဆောင်က အတန်းထဲမှာ ဆရာမလာတဲ့ အခါမျိုးကျမှသာ တစ်ခါတစ်လေ ဝင်ပြတတ်တယ်။ ဒါပေမယ့် ဆရာဆောင်က သိပ်မပြချင်ဘူး။

ဆရာဆောင်ဟာ တစ်ခုချစ်စရာကောင်းတာက သူ့အားနည်းချက်၊ သူ့ချွတ်ယွင်းချက်ကိုတော့ ဘယ်တော့မှဖုံးကွယ် လေ့မရှိဘူး။ အဲဒီ အရည်အချင်းဟာ ဆရာဆောင်ရဲ့ ချစ်စရာ အကောင်းဆုံး အရည်အချင်းပဲ။

လူတော်တော်များများဟာ( တော်တော်များများဆိုတာ တစ်ရာမှာ ကိုးဆယ်လောက်ရှိမယ်ထင်တယ်) ကိုယ့်အားနည်းချက် ကိုယ့်ချို့ယွင်းချက်ကို ဖုံးကွယ်တတ်လေ့ရှိတယ်။ တစ်ဖက်သားက ဒီအားနည်းချက်ကို အခွင့်ကောင်းယူပြီး ဖိနင်းမှာစိုးလို့ ထင်ပါရဲ့။ ဆရာဆောင်ကတော့ ဒီလိုမဟုတ်ဘူး။ သူများရဲ့ အားနည်းချက်ကိုလည်း ထောက်ပြတယ်။ ဒါပေမယ့် သက်သက်ညှာညှာ ထောက်ပြတာမျိုးပါ။ သူ့အားနည်းချက်ကိုဆိုရင်တော့ ညှာညှာတာတာ မလုပ်ဘူး။လှောင်ပြောင် သရော်ပစ်တယ်။ ဒါကြောင့် ကျွန်တော်တို့မြို့ကလေးမှာတော့ ဆရာဆောင်ဟာ လူ့ခွစာတစ်ဦးလို ဖြစ်နေတယ်။

ဆရာဆောင်က အရပ်ပုပုရယ်။ ကျွန်တော့်အထင်တော့ ငါးပေလောက်ပဲ ရှိမယ်ထင်တယ်။ ဒါပေမယ့် ဆရာဆောင်က သူအရပ်ပုတာကို ဘယ်တော့မှ ကွယ်ဝှက်မထားဘူး။ သူအရပ်ပုတာကို သူ့ကိုသူ လှောင်ပြောင်ပစ်တယ်။ ဆရာဆောင်ဟာ ဒီလိုသူ့ကိုသူ လှောင်ပြောင်ပစ်ခြင်းဖြင့် သူ့အားနည်းချက်ကို စိတ်ဖြေယူတာလားလို့တောင် ကျွန်တော်တွေးမိတယ်။

ဆရာဆောင်ဟာ ကျွန်တော်တို့ အလယ်တန်းလောက်ကတည်းက အထက်တန်းမှာပြတဲ့ မြန်မာစာဆရာပဲ။ ကျွန်တော်တို့ ဆယ်တန်းရောက်တော့လည်း မြန်မာစာပြဆရာပဲ။ ပင်စင်ယူသွားတော့လည်း မြန်မာစာပြ ဆရာအဖြစ်နဲ့ပင်စင်ယူ သွားတာပဲ။

ငယ်ငယ်တုန်းက ဆရာဆောင်ရဲ့မြန်မာစာသင်တန်းမှာ ကျောင်းသားကြီးတွေ တဝါးဝါးနဲ့ ပွဲကျနေတာကို ကျွန်တော် ကောင်းကောင်း နားမလည်ဘူး။ ဒါပေမယ့် ကိုယ် ဆယ်တန်းရောက်တော့မှ ဆရာဆောင် မြန်မာစာ ပြပုံပြနည်းကို ကျွန်တော်တော့သဘောပေါက်လာတယ်။

ဆရာဆောင်ဟာ စာတိုပေစတွေကိုလည်း ကောင်းကောင်းရတယ်။ ဦးပုညရဲ့ စာတိုတွေ၊ အချုပ်တန်းဆရာဖေရဲ့ စာတွေ၊ ဦးကြင်ဥရဲ့စာတွေ၊ သခင်ကိုယ်တော်မှိုင်းရဲ့သာတွေကို ဒိုးခနဲ ဒေါ်က်ခနဲ ရွတ်နိုင်တယ်။ ကျွန်တော်တို့ တစ်တွေက နောက်ဆုံးခုံတန်းကနေပြီး သူစာပြတာကို ကောင်းကောင်းမလိုက်ဘူး။ စကားများနေတယ်။ ဆော့နေတယ်ဆိုလို့ရှိရင် ဆရာဆောင်က စာပြနေရာကနေပြီး နောက်ခုံကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

“ဟေ့ကောင်တွေ ငါ့ကိုမစမ်းနဲ့နော်၊ ငါက လူပုသလောက် စိတ်တိုတတ်တဲ့ကောင်၊ လူပုစိတ်တို၊ ခွေးပုရန်လို ဆိုတဲ့စကားကို ကြားဖူးကြတယ် မဟုတ်လား။ အရပ်ပုတယ်ဆိုပြီး အထင်သေးမယ်တော့ မကြံနဲ့၊ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ လူတွေထဲမှာ အရပ်ပုတဲ့ လူတွေလည်းပါတယ်။ နပိုလီယန်လည်း ငါ့အရပ်လောက်ပဲရှိတာပဲ။ လီနင်လည်း ငါ့အရပ်လောက်ပဲ ရှိတာပဲ။ ဘာအောင်းမေ့နေလို့လဲ” လို့ လှမ်းပြောတတ်တယ်။

ဆရာဆောင်က ကျောင်းသားကိုကြိမ်းရင်တောင် သူ့ကိုသူ လှောင်ပြောင်ပြီးမှကြီမ်းတာ။ ဆရာဆောင်မှာ ချစ်စရာ ကောင်းတာ နောက်တစ်ခု ရှိသေးတယ်။ ဆိုးတဲ့ကျောင်းသား စာတော်တဲ့ ကျောင်းသားရယ်လို့ မခွဲခြားဘဲတပည့် မှန်သမျှကို ကျောသားရင်သားမခွဲခြားဘဲ ဆက်ဆံတတ်တာပဲ။

စာတော်တဲ့ ကျောင်းသားကိုလည်း စာတော်တဲ့ ကျောင်းသားမို့ချစ်တယ်။ ဆိုးတဲ့ကျောင်းသားကိုလည်းဆိုးတဲ့ကျောင်းသား မို့လို့ သူချစ်တယ်။ အလိုလိုက်ပြီးမှ ကိုယ့်ဘက်ပါအောင် သိမ်းသွင်းယူတယ်။ စည်းကမ်းကို ကြတ်ကြတ်မတ်မတ် သူကိုင်တယ်။ ကျောင်းပြေးမယ် မကြံနဲ့။ အဲဒီ ကျောင်းသား ကျောင်းပြေးတတ်တဲ့နေရာကို စုံစမ်းပြီး သူကိုယ်တိုင် ဘိုင်စကယ်တစ်စီးနဲ့ လိုက်ချောင်းပြီး အဲဒီကျောင်းသားကို ဆွဲခေါ်လာတာပဲ။

ဒါပေမယ့် သူလိုက်ဖမ်းမှန်းမသိစေရဘူး။ မတော်တဆ တွေ့တဲ့ပုံမျိုးလုပ်ပြီး မသိမသိမသာ ခေါ်လာတယ်။ ကျောင်းပြေးတဲ့ တပည့်လည်း ဆရာနဲ့ တန်းတိုးနေတော့ မပြေးသာတော့ဘဲ အသာလိုက်လာရတော့တာပေါ့။ တပည့်တွေကိလည်း ရိုက်စရာရှိရင်လည်း တကယ်ရိုက်တယ်။ ရိုက်ပြီးတော့မှ “ကဲ မင်းတို့ငါ့ကို ဘာပြန်လုပ်ချင်သလဲ၊ ရော့ ဟောဒီမှာ ကြီမ်တုတ် ဆိုပြီး ကြီမ်ကို ပစ်ပေးတယ်။

တပည့်တစ်ယောက်ကို စိတ်ဆိုးလို့ ခပ်နာနာကလေး ရိုက်မိရင်လည်း ညေနေမှာ အဲဒီကျောင်းသားရဲ့ အီမ်ကို ဘိုင်စကယ်လေးနဲ့ ပေါက်လာပြီး မိဘအုပ်ထိန်းသူတွေကို လာပြီးတောင်းပန်တတ်သေးတယ်။ အုပ်ထိန်းသူကလည်း ဆရာဆောင်ရိုက်ပြီဆိုရင် စိတ်ဆိုးတယ်ရယ်လို့ မရှိကြပါဘူး။ ကျေနပ်ပြီးသားပဲ။ ဆရာဆောင်ဟာ တော်တော့် ကျောင်းသားကို ရိုက်လေ့ရိုက်ထ မရှိဘဲကိုး။ ရိုက်သင့်လို့ ရိုက်တာပဲလို့ နားလည်ထားကြပြီးသား။

ဆရာဆောင်က ဆိုးတဲ့ကျောင်းသားတွေဆိုရင် သူ့အီမ်မှာ ခေါ်ပြီး စာကျက်ခိုင်းတယ်။ သူက လူပျိုကြီး။ အမေအိုကြီးနဲ့ အစ်မတစ်ယောက် ရှိတယ်။ အစ်မကလည်း အပျိုကြီးပါပဲ။ ဒီတော့ သူ့အီမ်က လွတ်လပ်တယ်။ ကျောင်းသားတွေ သူ့ အီမ်မှာပဲအိပ်တယ်။ သူ့ အီမ်မှာပဲစားကြတယ်။ သူ့ အီမ်ဟာ ကျွန်တော်တို့ ကျောင်းသားတွေအဖို့ စားရေအီမ် သောက်ရေအီမ်။

ဆရာဆောင်ရဲ့ အီမ်က အီမ်ကုတ်ကလေး။ ဝါးကပ်မိုး၊ ထရံကာ၊ တောသစ်ခင်းထားတဲ့ အီမ်ကလေး။ ဒါလည်း သူ့လက်ထက် ဆောက်ခဲ့တဲ့ အီမ်မဟုတ်ပါဘူး။ သူ့အဖေ လက်ထက်က ဆောက်ခဲ့တဲ့ အီမ်ကလေးပါ။ အီမ်ကလေးက ဘာရှိမှာလဲ။ လေးပင်သုံးခန်း အီမ်ကလေး။ ဆရာဆောင်ရဲ့ အီမ်မှာ မြန်မာစာ စာအုပ်ကလွဲလို့ တစ်ခြားဘာပစ္စည်းမှ ဟုတ်တိပတ်တိ မရှိဘူး။

ဆရာ စာရေးတဲ့ စာပွဲဟောင်းလေးတစ်လုံးနဲ့ ကုလားထိုင်ကလေး တစ်လုံးရယ်၊ ပက်လက်ကုလားထိုင်လေး သုံးလုံးရယ်။ စာအုပ်ထည့် မှန်ဗီရိုအဟောင်းကလေး တစ်လုံးရယ်၊ ထင်းရူးသေတ္တာတွေကို စီထောင်ထားတဲ့ စာအုပ်စင်လို့ခေါ်တဲ့ သေတ္တာတွေရယ်၊ သင်းဖြူးလေး သုံးလေးချပ်ရယ်၊ ဒါပဲရှိတယ်။ မီးဖိုချောင်ထဲလည်း ဒီအတိုင်းပါပဲ။ ပန်းကန်စင်ကလေး တစ်လုံးနဲ့ ထမင်းဟင်းချက်တဲ့ ဒန်အိုးသုံးလေးလုံးရယ်၊ ရေအိုးစင်ကလေးတစ်ခုရယ် ဒါပဲရှိတယ်။

ကျွန်တော်တို့ တစ်တွေက အားရင် ဆရာဆာင်ရဲ့အီမ်မှာ ရောက်နေတတ်တယ်။ ဆရာဆောင်ရဲ့အီမ်က စာအုပ်တော့စုံတယ်လေ။ ဟိုတုန်းကထုတ်တဲ့ ဒဂုန်မဂ္ဂဇင်းတို့၊ သူရိယ မဂ္ဂဇင်းတို့၊ မြန်မာ့အလင်းမဂ္ဂဇင်းတို့ စနေနဂါးနီ ဂျာနယ်တို့၊ ဂျာနယ်ကျော်တို့၊ စာဆိုတော် မဂ္ဂဇင်းတို့ ဂန္တလောက မဂ္ဂဇင်းတို့၊ ဘားမားဂျာနယ်၊ ဒီးဒုတ်ဂျာနယ်တို့ စသဖြင့် ဂျာနယ်မဂ္ဂဇင်း တော်တော်စုံစုံရှိတယ်။

စာအုပ်တွေထဲကလည်း နဂါးနီတို့၊ အောင်လံတော်တို့၊ မြန်မာပြည် စာအုပ်ဖြန့်ချီရေးတို့ စတဲ့ နိုင်ငံရေး စာအုပ်တိုက်တွေကထုတ်တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ဝတ္ထုတွေ၊ ကြီးပွားရေးကျမ်းတွေ တော်တော်စုံတယ်။

ဆရာဆောင်က အဲဒီစာအုပ်တွေ ဘယ်လိုကောင်းပုံ၊ ဘယ်သူ့အရေးသားက ဘယ်လိုကောင်းပုံ၊ ဘယ်စာအုပ်ဖြင့် ဘယ်လိုအရေးကြီးပုံ စတာတွေကို ကျွန်တော်တို့ကို ပြောပြတယ်။ အမှန်ကတော့ ကျွန်တော်တို့တစ်တွေ စာပေဝါသနာပါလာတာဟာ ဆရာဆောင်ရဲ့ကျေးဇူးလို့ပဲ ပြောရမှာပဲ။

ဆရာက သူ့အီမ်မှာလာပြီး တပည့်တွေ စုရုံးစုရုံးလုပ်နေရင် ကျေနပ်တယ်။ ကျွန်တော်ကလည်း သူ့အီမ်မှာပျော်တယ်။ သူ့အီမ်ကျတော့ လွတ်လပ်တာကိုး။ ကာလသားချက်စားတဲ့အခါ ချက်စားတယ်။ ဘူးသီးကြော် ကြော်စားတဲ့အခါ ကြော်စားတယ်။ အုန်းထမင်းတို့ဘာတို့ ချက်စားတဲ့ အခါလည်းရှိတယ်။ တစ်ခါတစ်လေ အမဲခြောက်ဖုတ်နဲ့၊ ဒါမှမဟုတ် လက်ဖက်သုတ်နဲ့၊ မြေပဲဆန်ကြော်နဲ့ ရေနွေးတစ်အိုးပြီးတစ်အိုး ကျွန်တော်တို့တစ်တွေ စကားဝိုင်းဖွဲ့တတ်တယ်။

စာမေးပွဲနီးရင်လည်း သူ့အီမ်မှာပဲအိပ်ပြီးး စာကျက်ကြတယ်။ ဆရာ့လခဟာ ကျွန်တော့်တို့တစ်တွေ ဝိုင်းစားကြတာနဲ့ ကုန်တာပဲ။ ကျွန်တော်တို့ကလည်း ဟင်းလျာလေးဘာလေး ဝယ်လာတဲ့အခါတို့ ဘာတို့တော့ ရှိပါတယ်။ ဒါပေမယ့်ဆရာက လက်မခံဘူး။ ဟေ့ကောင်တွေ မင်းတို့က ကျောင်းသားတွေ၊ မိဘပိုက်ဆံ ယူရတာ။ ကိုယ့်ဖာသာကိုယ် ပိုက်ဆံမရှာတတ်သေးဘူး။ ဒီတော့ မင်းတို့ကသိပ်မလုပ်နဲ့ ငါကပဲကျွေးမယ်တဲ့။

ဆရာဆောင်က ကျောင်းမှာ လက်ရးမဂ္ဂဇင်းတို့ ဘာတို့ထုတ်ရင်လည်း သူပဲကြီးကြပ်ပြီး အယ်ဒီတာအဖွဲ့တွေဖွဲ့ပေးတယ်။ သူကတော့ အတိုင်ပင်ခံအယ်ဒီတာပေါ့လေ။ သူက ပန်းချီတို့ဘာတို့ ဝါသနာပါတော့ ပန်းချီပုံတို့ ဘာတို့ဆွဲရင်လည်း သူပဲဆွဲတတ်တယ်။ တစ်ချို့ဝါသနာပါတဲ့ ကျောင်းသားတွေကို သူကသင်ပေးတယ်။ လက်ရေးမဂ္ဂဇင်းထဲမှာ ပုံလေးတွေ အဆွဲခိုင်းတယ်။

ဆရာကန်တော့ပွဲ၊ ကျောင်းဆုပေးပွဲတွေမှာလည်း ဆရာမပါရင် မပြီးဘူး။ ကျောင်းသားတွေကို စာအုပ်တို့ဘာတို့ ဆုပေးတယ် မဟုတ်လား။ ဒီတော့ ဘယ်စာအုပ်မျိုးကို ရွေးပြီးဆုပေးရမယ်၊ ဆုပေးဖို့ဘယ်စာအုပ်မျိုးဟာ သင့်တော်တယ်ဆိုပြီး သူကိုယ်တိုင် စာအုပ်ကိုရွေးတယ်။ သူလိုချင်တဲ့ စာအုပ် ဒီမှာမရှိဘူးဆိုရင်လည်း ကိုးသောင်းကို အမှာခိုင်းတယ်။

သီတင်းကျွတ်တို့၊ တန်ဆောင်တိုင်တို့၊ လွတ်လပ်ရေးပွဲတို့မှာ ကျောင်းကပြဇာတ်တို့ဘာတို့ လုပ်ရင်လည်း ဆရာပဲ ဇာတ်ဆရာ။ ဟလေအညာက ပလွေဆရာတို့၊ ကုသဇာတ်တု့၊ မနှင်းဖြူနဲ့ လူပုလေး၇ယောက်တို့၊ ဂျာအေးယိမ်းတို့ဆိုရင်လည်း သူပဲစိတ်ကူးရပြီး သူကလူရွေး၊ သူကိုယ်တိုင် ဇာတ်တိုက်၊ သီချင်းစပ် ဆိုတာမျိုးကအစ လုပ်တယ်။

ရှိသေးတယ်။ ဆရာက ဘယ်လောက်တောင် ဇာတ်ကိုဝါသနာပါသလဲဆိုရင် စာမေးပွဲ အတွက် စာကျက်ခိုင်းတာတောင် ဇာတ်ဟန်၊ ဇာတ်လေသွင်းပြီး စာသင်တယ်။

ဒီလိုလေ။ ကျွန်တေ်တို့နှစ်မှာ ဦးပုညရဲ့ ဆန္ဒန်ဆင်မင်းဝတ္ထုကို သင်ရတယ်။ အဲဒီတုန်းက ဆရာဆောင် ကျောင်းသားတွေက် နားဆွဲအောင် ဆိုပြီး ဆန္ဒန်ဆင်မင်းဇာတ်ကို တိတ်ရီကော်ဒါနဲ့ သင်တယ်။ နောက်က နောက်ခံဂီတတွေ ထည့်တဲ့နေရာမှာ ထည့်တယ်။ ဇာတ်ရုပ်က ဆန္ဒန်ဆင်မင်းအဖြစ် ကျော်ကြီးကိုရွေးတယ်၊ မဟာသုဘဒ္ဒါနဲ့ စူဠသုဘဒ္ဒါအဖြစ် ကျွန်တော်တို့ အတန်းက မြမြနဲပ ခင်ခင်စုကို ရွေးတယ်။

ဆရာဆောင်က ဆန္ဒန်ဆင်မင်းဇာတ်ကို ဇာတ်ညွှန်းခွဲပြီး ကျွန်တော်တို့ရွတ်ရမယ့်စာတွေကို စာရွက်နဲ့ရေးပေးပြီး သတ်သတ်ခွဲပေးထားတယ်။ ဒါရိုက်တာက သရုတ်ဆောင်တွေကို သံနေသံထား မှန်အောင်သင်ပေးသလိုပေါ့။ ပြီးတော့ နောက်ခံတီးလုံးကို သူရှာလာပြီး နောက်ခံတီးလုံးတွေ ထည့်ပေးတယ်။ အဲဒီလို စီစဉ်ပြီးတော့မှ ဇာတ်ကို ဝိုင်ယာရီကော်ဒါနဲ့ သွင်းထားပြီး ဆန္ဒန်ဆင်မင်းဇာတ်ကို သင်ပြီဆိုရင် ကျောင်းမှာဖွင့်ပြတယ်။

တီးလုံးကလေးနဲ့ အဆိုကလေးနဲ့ အပြောကလေးနဲ့ဆိုတော့ ကျောင်းသားတွေ မှတ်မိတာပေါ့။ အဲဒီနှစ်က ကျွန်တော်တို့ကျောင်းက ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူး သုံးယောက်ထွက်တယ်။ ဆရာဆောင်က အလုပ်တစ်ခုကို လုပ်ပြီဆိုရင် အဲဒီလို လုပ်တတ်တဲ့လူ။

သူ့မှာကျောင်းသားတွေနဲ့နေရရင်ပျော်လို့။ စာသင်နေရရင် ပျော်လို့။ စာမေးချင်လို့ကတော့ အိပ်ယာကနှိုးမေး။ ဘယ်တော့မှ မညည်းဘူး။ သူက စာသင်ရတာကို ဝါသနာပါတာတဲ့။ စေတနာကြောင့်လည်းမဟုတ်ဘူးတဲ့။အသပြာ အတွက်လည်း မဟုတ်ဘူူးတဲ့။ ဒီလိုစာသင်နေရရင် ပျော်လို့တဲ့။ စိတ်ချမ်းသာလို့တဲ့။ ငါမင်းတို့ကို ပညာတတ်ပါစေဆိုတဲ့ စေတနာ ဗရပွကြောင့် မဟုတ်ဘူးကွတဲ့။ ပျော်လို့သင်တာတဲ့။ဝါသနာ ကြောင့်သင်တာတဲ့။ ငါက အနစ်နာခံချင်လို့ မဟုတ်ဘူး။ မင်းတို့အပေါ်မှာ စေတနာ ဗရပွထားလို့လည်း မဟုတ်ဘူး။ ဝါသနာပါလို့ ပျော်လို့သင်တာတဲ့။ ဒါကြောင့် ငါက နာသုံးနာဆရာမဟုတ်ဘူး။ တစ်နာဆရာတဲ့။ ဆရာဆောင်က အဲဒီလို ပွင့်လင်းတဲ့လူ။

သူက ပြောလို့သာပြောတယ်။ တကယ်တော့ ဆရာဆောင်ဟာ နာသုံးနာဆရာပါ။ ဝါသနာကြောင့် ကျောင်းဆရာလုပ်တော့ သူ့မှာ စေတနာကလည်း ပါလာတော့မှာပေါ့။ အနစ်နာကလည်း ရှိလာတာပေါ့။ တစ်ခြားမကြည့်နဲ့လေ။ စာမေးပွဲနီးလို့ မြန်မာစာအနီးကပ် သင်ကြတော့ ဆရာက ပိုက်ဆံမယူဘူး။

အဲဒီတုန်းကတော့ ပရိုက်ဗိတ်ကျုရှင်တို့ ဘာတို့ဆိုတာလည်း မရှိတော့ ဆရာက ကျောင်းသားတွေဆီက ပိုက်ဆံယူပြီး အပြင်မှာယူရတာကို ရှက်တယ်တဲ့။ ငါ့ကို ကျောင်းလခ မပေးကြနဲ့တဲ့။ ငါသင်တာကို ကြိုးစားပြီး ဂုဏ်ထူးတွေဘာတွေနဲ့ ရအောင်ဖြေနိုင်ရင် ငါ့ကို ကျေးဇူးဆပ်တာနဲ့ အတူတူပဲတဲ့။

ဆရာဆောင်မှာ အဝတ်အစားရယ်လို့ များများစာူးစားရယ်လို့ မရှိဘူး။ သူ့မှာ လုံချည် သုံးလေး ထည်လောက်ပဲ ရှိတယ်။ သူ့လုံချည်တွေကိုကြည့်လိုက်ရင် မီးလောင်ပေါက်တွေနဲ့။အင်္ကျ ီ ဆိုတာလည်း ပေါ်ပလင်အနားပြာ စတစ်ကော်လာအင်္ကျ ီလက်ရှည် သုံးလေးထည်။ ဒါပေမယ့် ဟောင်းလို့ဝါကျင့်နေပြီ။ အင်္ကျ ီဆိုလို့ သက္ကလပ်တို့. ပိုးတို့ဝတ်တာ ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး။ ပင်နီတိုက်ပုံကလေးပဲ။ နွေမှာလည်း ပင်နီတိုက်ပုံကလေးပဲ။

အီမ်မှာနေရင်တော့ ဆရာဆောင်က ပင်နီတိုက်ပုံကို မဝတ်ဘူး။ စတစ်ကော်လာကလေးဝတ်ပြီး ပခုံးမှာ မျက်နှာသုတ်ပုဝါကလေး အမြဲတင်ထားတယ်။ သူ့ပါး တစ်ဖက်တစ်ချက်မှာ တင်းတိတ်ကွက်ရှိတော့ အဲဒီတင်းတီတ်ကွက်ကို သူမကြာခဏသုတ်လေ့ရှိတယ်။ ကျွန်တော်တို့ ငယ်ငယ်က အလယ်တန်းလောက်တုန်းကတော့ ဆရာဆောင်ရဲ့ ပါးက တင်းတိတ်ကွက်နှစ်ကွက်ဟာ ခပ်သေးသေးပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဆယ်တန်းရောက်တဲ့ အခါကျတော့ တင်းတိတ်ကွက်က နည်းနည်းကြီးလာတယ်။ တစ်ဘက်ကို ကျပ်ပြား တစ်ဝိုင်းစာလောက်စီ ရှိမယ်ထင်တယ်။

ဆရာဆောင်ဟာ တင်းတိတ်ကွက်ကိုတော့ ရှက်ဟန်တူတယ်။ ညည ကျွန်တော်တို့ သူအီမ်မမှာ အိပ်ရင်း တင်းတိတ်ပျောက်ဆေးတွေ လိမ်းတာပဲ။ ဒါပေမယ့် သူတင်းတိတ်တွေက မပျောက်ပါဘူူူူး။ အသက်ကြီးလာလေလေ တင်းတိတ်ကွက်ဟာ ကြီးလာလေလေပဲ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကတော့ ကျွန်တော် မြို့ကို ပြန်ရောက်သွားလို့ ဆရာဆောင်ကို သွားကန်တော့တယ်။ ဆရာဆောင်လည်းပင်စင်ယူပြီလေ။ ပင်စင်ယူတာမှ တော်တော့ကို ကြာနေပြီ။ အနှစ်နှစ်ဆယ် အစိတ်လောက်ရှိရောပေါ့။

ဆရာဆောင်ရဲ့ အမေနဲ့ အစ်မကြီးလည်း ဆုံးသွားရှာကြပြီ။ သူ့အီမ်ကလေးမှာ သူတစ်ဦးတည်းပဲနေတယ်။ ဒီအသက်အရွယ်အထိ မိန်းမလည်း မယူတော့ဘူး။ နှစ်မဝမ်းကွဲကမွေးတဲ့ တူမလေးတွေ၊ တူကလေးတွေက သူ့အီမ်နားမှာတွင် ကပ်လျက်ဆိုတော့ သူတို့ကပဲ ကျွေးမွးပြုစု စောင့်ရှောက်ထားကြတယ်။

မြို့ရောက်တော့ ကျောင်းတုန်းက ဆန္ဒန်ဆင်မင်းလုပ်ခဲ့တဲ့ ကျော်ကြီးအီမ်ကို ကျွန်တော်ဝင်တယ်။ ကျော်ကြီးနဲ့မြမြက ကျောင်းတုန်းက ဆန္ဒန်ဆင်မင်းနဲ့ စူဠသုဘဒ္ဒါ လုပ်ခဲ့ပေမယ့် အပြင်မှာတော့ သူတို့ အီမ်ထောင်ကျသွားကြတယ်။ကျောင်းကထွက်တော့မှ သူတို့ဘာသာသူတို့ ချစ်ကြိုက်ပြီး ညားသွားကြတာပါ။ ဆန္ဒန်ဆင်မင်း ဇာတ်နဲ့တော့ မဆိုင်ပါဘူး။

သူတို့ဆီဝင်ပြီး ဆရာဆောင်ရဲ့ အခြေအနေကျု မေးမြန်းစုံစမ်းရတယ်။ ဆရာဆောင်လည်း အသက်ကြီးပြီကွ၊ သိပ်မမာရှာဘူး။ မျက်လုံးကလည်း တီမ်ရှိလို့တဲ့။ ကောင်းကောင်း မမြင်ရဘူးလို့ ကျော်ကြီးတို့ လင်မယားကပြောတယ်။

ဟုတ်တာပေါ့။ ကျွန်တော်တို့တောင် ငါးဆယ်ကျော် ခြောက်ဆယ်နား ကပ်လာကြပြီပဲ။ ဆရာဆောင်လည်း ခုဆို ၇၀-၈၀နားကို ရောက်ရောပေါ့။ ကျွန်တော်က ကျော်ကြီးကို ခေါ်ပြီး ရန်ကုန်ကဝယ်လာတဲ့ နိုင်ငံခြား အားဆေးလေးရယ်၊ မုန့်ထုတ်ကလေးရယ်နဲ့ အိုဗာတင်းဗူးရယ်၊ လုံချဉ်ကလေး တစ်ထည်ရယ် ယူလာပြီး သွားကန်တော့တယ်။

ဆရာဆောင်ရဲ့ အီမ်ကလေးဟာ အရင်တုန်းက အီမ်ကလေးအတိုင်းပဲ။ ဒါပေမယ့် တော်တော်ကလေးတော့ ယိုင်နေရှာပြီ။ ဝါးကပ်မိုးကလည်း ကြယ်မြင်လမြင် လို့ ဆိုရမလောက်ပဲ။ ကြမ်းခင်းတောင်မှ အရင်ကလို သစ်သားကြမ်းခင်း မဟုတ်တော့ဘုူူး။ ဝါးကြမ်းခင်း ဖြစ်နေပြီ။ ကျွန်တော်ရောက်သွားတော့ ဆရာဟာ အီမ်ရှေ့ကွက်လပ်ကလေးမှာ နေပူဆာ လှုံနေတယ်။ ဆရာဟာ မျက်စိကောင်းကောင်း မသန်ရှာတော့ဘူး။ ကျော်ကြီးက နှုတ်ဆက်တော့ ကျော်ကြီး အသံကိုတော့ ကောင်းကောင်းမှတ်မိတယ်။

“ဆန္ဒန်ကျော်ကြီးလားကွ၊ ဘယ့်နှယ် သုဘဒ္ဒါမြမြကော နေကောင်းရဲ့လား”တဲ့။ ဆရာဟာ အသက်သာကြီးသွားပေမယ့် အရင်လို ပြောင်အပြက်ကလေးတွေ၊ အသောအနွဲ့ကလေးတွေ ပြောတတ်တုန်းပါပဲ။

“ကောင်းပါတယ်ဆရာ၊ ခု ဧည့်သည်တစ်ယောက်ကို လိုက်ပို့တာ”

ဆရာဟာ ကျွန်တော်တို့ဘက်ကို မျက်နှာမူပြီး လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါရယ်လို့တော့ ခွဲခြားနိုင်ဟန် မတူတော့ဘူး။

“ဘယ်က ဧည့်သည်လဲကွ”

ကျွန်တော်က ကျော်ကြီးကို လက်ကာပြတယ်။ ရုတ်တရက် အံ့အားသင့်သွားအောင်လုပ်ချင်လို့ လက်ကာပြလိုက်တာပါ။

“ရန်ကုန်ကပါ ဆရာ” လို့ ကျွန်တော်ကဖြေတယ်။

ဆရာဆောင်က အသံလာတဲ့ဆီကို လှမ်းကြည့်ပြီး စဉ်းစားနေတယ်။

“ငါ ဒီအသံကြားဖူးပါတယ်ကွ ဘယ်သူလဲ”

“ကျွန်တော်ပါဆရာ”လို့ပြောကာရှိသေး၊ ဆရာဆောင်က လက်ကာပြလိုက်ပြီး…

“ဟေ့ ဟေ့ သောနုတ္ထိုမဟုတ်လား” လို့ လှမ်းမေးလိုက်တယ်။

ကျွန်တော်တို့ နှစ်ယောက်က ရယ်လိုက်တော့မှ ဆရာက-

“ဒီအသံ ကြားဖူးတယ်လို့ အောက်မေ့နေတာကွ၊ ဘုရားက လူ့လောကကြီးကို နေပျော်အောင် ဖန်ဆင်းပေးထားတာကွ၊ မျက်စိမမြင်တဲ့လူဟာ နားရင်လည်းပါးရမယ်၊ အနံခံရင်လည်းကောင်းရမယ်၊ မှတ်ဉာဏ်ရင်လည်း ကောင်းရမယ်။ ဒါမှလည်း သူ့အဖို့ နေပျော်တော့မှာပေါ့၊ ငါမျက်စိ မကောင်းတော့ပေမယ့် နားနဲ့မှတ်ဉာဏ်ကတော့ ကောင်းပါသေးတယ်ကွ”

ဆရာဆောင်ကို ကျွန်တော် သတိထားကြည့်မိတယ်။ တော်တော်အိုရှာပြီ။ ဆရာရဲ့သေးကွေးပါးလျားတဲ့ ကိုယ်ခန္ဒာဟာ ကျုံဝင်သွားသလို ထင်ရတယ်။ အရင်တုန်းက အရပုပု၊ ခပ်ပိန်ပိန်ဆရာဟာ ခုတော့ နေလောင်ထားတဲ့ခရမ်းညိုသီးနဲ့ တူနေတယ်။ အဝတ်အစားကလည်း နွမ်းလို့။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလိုပဲ ရှပ်အင်္ကျ ီစတစ်ကော်လာ ဝါကျင့်ကျင့်ကလေးကို ဝတ်လို့။ ဒါပေမယ့် အဲဒီတုန်းကလို လက်မောင်းမှာ ထပ်ပြီး ဆက်ချူပ်ထားတဲ့ လက်ရှည်တော့ မဟုတ်တော့ဘူး။

“ဆရာငယ်ငယ်ကဝတ်တဲ့ လက်ရှည်အင်္ကျ ီကို ကျွန်တော်မှတ်မိတယ်ဆရာ၊ အဲဒီတုန်းက လက်ရှည်အင်္ကျ ီအဆက်ကလေးနဲ့လေ”

ဆရာက သဘောကျပြီးရယ်တယ်။

”မင်းတော်တော် မှတ်မိတဲ့ကောင်၊ ခုတော့ ဒီလို လက်ရှည်အင်္ကျ ီမျိုးတွေ ခေတ်မစားတော့ဘူးလေကွာ”

ကန်တော့ပြီး ဆရာဆောင်နဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောရင်းစကားကောင်းနေ ကြတယ်။ စကားပြောနေတုန်းမှာ ကျွန်တော်သူ့အီမ်လေးကို လှမ်းကြည့်လိုက်တယ်။

ဟုတ်ပါတယ်။ အရင်တုန်းက အီမ်လေးပါပဲ၊ ခုတော့ အီမ်ကလေးက ယိုင်လို့တောင်နေပြီ။ တပည့်တွေထဲက ကြီးပွားသူတွေ၊ အရာရှိဖြစ်သွားသူတွေ၊ ကုန်သည်ကြီး ဖြစ်သွားသူတွေ အများကြီးပါပဲ။ ဒါပေမယ့် ဆရာကတော့ အရင်ကထက်တောင် ဆင်းရဲတွင်း နက်နေသေးတယ်။

ကျွန်တော်တို့တစ်တွေ ဘယ်သူဘာကြီးဖြစ်သွားကြောင်း၊ ညာကြီးဖြစ်သွားကြောင်း ပြောပြီး စကားပြတ်လို့ ပြန်တော့မယ် အလုပ်မှာ ဆရာဆောင် ပြောလိုက်တဲ့ စကားတစ်ခွန်းကို ကျွန်တော် သတိရနေတယ်။

“ကျောင်းဆရာကတော့ကွာ ဒီလိုပါပဲကွာ၊ ကျောင်းဆရာဘဝက ငါ့ပါးပေါ်က တင်းတိတ်ကွက်တွေနဲ့ အတူတူပဲ။ တင်းတိတ်များ အသက်ကြီးလာလေလေ ပိုမည်းလာလေလေပဲကွ၊ ကျောင်းဆရာများမှာလည်း အိုလေလေ ပိုမွဲလာလေလေ”တဲ့။

သည်တော့မှ ဆရာ့ပါးပေါ်က တင်းတိပ်နှစ်ကွက်ကို ကျွန်တော် သတိထားလိုက်မိတယ်။ ဟုတ်သားပဲ၊ ကျွန်တော်တို့ ဆယ်တန်းလောက်တုန်းက ဆရာ့ပါးက တင်းတိတ်ကွက်ဟာ ကျပ်ပြားလောက်ပဲရှိတယ်။ ခုတော့ သူ့တင်းတိတ်ကွက်ဟာ ပါးပြင်တစ်ခုလုံးကို ပြည့်လုမတတ် ဖြစ်နေပြီ။

လွန်ခဲ့တဲ့ နှစ်လလောက်ကတော့ ဆရာဆောင်ဆုံးသွားပြီလို့ သတင်းရတယ်။ ဆရာ့အသုဘကိုကျွန်တော်လိုက်ပို့ချင် ပေမယ့် ပို့ချိန်မရလိုက်ဘူး။ ခရီးဝေးတော့ ရောက်လည်း မရောက်နိုင်ဘူး။ သူဆုံးသွားတာကိုတောင်နောက်နှစ်လ လောက်ကြာမှ သိရတာ။

ဆရာဆောင်ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားတဲ့အခါကျတော့ ကျွန်တော့်ခေါင်းထဲမှာ ဆရာပြောခဲ့တဲ့ စကားကို ပြေးပြီးသတိရတယ်။

တင်းတိတ်ဆိုတာ အသက်ကြီးလေ မည်းလေ၊ ဆရာဆိုတာ အိုလေ မွဲလေတဲ့။ ။

မြသန်းတင့်

အာကာဦးမဂ္ဂဇင်း၊ အမှတ်၂