မသာတစ်ခုအရင်းပြု၍
အဖေနှင့် သားသည် တဲတံခါးဝအနီးရှိ မီးဖိုဘေးတွင် ထိုင်နေ ကြ၏။ တဲထဲတွင်မူ ၏ဇနီးသည် ဘူဒီသည် ကမ္မဇလေ လှုပ် ရှားသည့် ဝေဒနာကို ခံစားလျက်ရှိ၏။ စူးရှစွာ အော်ဟစ်လျက် ရှိသော အသံကြောင့် သူတို့ နှစ်ယောက်စလုံး၏ နှလုံးသားများ သည် အခုန်ရပ်သွားသည်ဟု ထင်လိုက်ရ၏။ ညမှာ ဆောင်းည တစ်ည ဖြစ်၏။ တစ်ရွာလုံးသည် တိတ်ဆိတ်လျက်ရှိကာ အမှောင် ထုကြီးထဲတွင် နစ်မြုပ်လျက် ရှိ၏။
တို့လဲ တစ်နေ့လုံး အလုပ် သွားနေကြတာ၊ ကောင်မလေး အခြေအနေ အတော်ဆိုးတယ် ထင်တယ်၊ ဝင်ကြည့်လိုက်ပါဦး လား ဟု ဂီးဆုက ပြောသည်။
ဘာထူးမှာလဲ အဖေရာ၊ မြန်မြန် သေသွားရင်လဲ ကောင်း တာပေါ့ ဟု မာဓဗက ဖြေသည်။
မင်း တော်တော်ရက်စက်တဲ့ကောင်ပဲ၊ ကိုယ်နဲ့ တစ်နှစ်လုံး ပေါင်းလာတဲ့ မယားကိုတောင် မင်း မသနားတော့ဘူးလား
သူ ဒီလို ဝေဒနာ ခံစားနေရတာကို ကျွန်တော် မကြည့်ချင် ဘူး အဖေ
သူတို့သားအဖသည် ရွာထဲတွင် နာမည်ပျက်နေသော ဖိနပ် ချုပ်သမားများ ဖြစ်ကြသည်။ ဂီးဆုသည် အလုပ်တစ်ရက် လုပ် ပြီးလျှင် သုံးရက် နားလေ့ရှိ၏။ သားဖြစ်သူ မာဓဗကလည်း လက်ကြောတင်းအောင် မလုပ်ချင်။ နာရီဝက်လောက် အလုပ်လုပ်ပြီးတိုင်း တစ်နာရီလောက် နားပြီး ဆေးလိပ်သောက်တတ် သည်။ ထို့ ကြောင့် သူတို့ သားအဖနှစ်ယောက်အဖို့ ဘယ်သွားသွား အလုပ်ကောင်းကောင်း မဖြစ်ချင်။ အိမ်တွင် ဆန်တစ်ဆုပ် စာလောက် ရှိလျှင်ပင် သူတို့ ကောင်းကောင်းအလုပ်မလုပ်တော့။ သို့ဖြင့် နှစ်ရက်လောက် ထမင်းမစားကြဘဲ နေပြီးနောက် ဂီးဆု သည် သစ်ပင်ပေါ်သို့ တက်ပြီး သစ်ကိုင်းများကို ခုတ်ချသည်။ သားဖြစ်သူ မာဓဗက ဈေးသို့သွားရောင်းသည်။ ထင်းရောင်းပြီး ပိုက်ဆံလေး နည်းနည်းရှိလျှင်လည်း နောက်ထပ် အလုပ်မလုပ်တော့။ နောက်တစ်ခါ စားစရာ မရှိသည့်အခါတွင်မှ ထင်းခုတ် ပြီး ရောင်းကြပြန်သည်။ သို့မဟုတ်လျှင်လည်း အလုပ်ကလေး ဘာလေး နည်းနည်းပါးပါး ပြန်လုပ်သည်။
သူတို့ လယ်သမား ရွာကလေးအတွက် အလုပ်မရှားပါ။ လုပ် ချင်သည်ဆိုလျှင် အလုပ်တွေ တစ်ပုံတပင်ရှိသည်။ သို့ရာတွင် သူတို့ နှစ်ယောက်ကိုမူ မဖြစ်မှ ခေါ်၍ အလုပ်ခိုင်းကြသည်။ သူတို့ကို ခေါ်ခိုင်းလျှင် တစ်ယောက်ကို နှစ်ယောက်လုပ်ကြသည်မဟုတ် လော။ သူတို့နှစ်ယောက်သာ အရညဝါသီ ပုဂ္ဂိုလ်များ ဖြစ်ခဲ့ သည်ဆိုလျှင် သန္တုဋ္ဌိစ ဟူသော ကျေနပ် ရောင့်ရဲခြင်းတရားကို ရရန် အထူး ကျင့်ကြံအားထုတ်စရာ လိုမည်မထင်။ သူတို့နှစ်ဦး သည် ရသမျှဖြင့် ရောင့်ရဲ ကျေနပ်နိုင်ကြသူ နှစ်ဦးဖြစ်သည်။
သူတို့ဘဝကလည်း ခပ်ဆန်းဆန်းပင်။ သူ့တဲထဲတွင် မြေအိုး နှစ်လုံး သုံးလုံးမှအပ အခြားဘာမှမရှိ။ သူတို့ဝတ်စားထားသည့် အဝတ်အစားများကလည်း အရှက်ကို ဖုံးနိုင်သည်ဆိုရုံ အစုတ် `အပြတ်များဖြစ်သည်။ သူတို့တွင် အကြွေးတွေကလည်း လည်ပင်း ခိုက်နေပြီ။ သို့ရာတွင် ကြွေးထူမပူ- သန်းထူမယား ဆိုသကဲ့သို့ ထိုကိစ္စအတွက် ဘာမှ ပူပင်ခြင်းလည်း မရှိတော့။ အဆဲအဆို အရိုက်အပုတ် ခံသည်။ ထို့ အတွက်လည်း ဝမ်းနည်းခြင်းမဖြစ်။ သူတို့တွင် အမြဲလိုလို ဆင်းရဲလျက်ရှိသဖြင့် မိတ်ဆွေများက ပံ့ပိုး ချေးငှားကြရသည်။
သို့ရာတွင် ကြွေးကိုပြန်ဆပ်သည့်အခါ ဟူ၍
တစ်ခါမျှ မရှိစဖူး။ ပဲပေါ်ချိန်၊ အာလူးချိန် ဆိုလျှင် သူများ အခင်းမှ ဝင်ခိုးတတ်သည်။ တစ်ခါတစ်ရံတွင် သူများ ကြံခင်းမှ ကြံကိုခိုးတတ်သေးသည်။ သည်လိုဖြင့် ဂီးဆု လောက ကြီးတွင် နေလာခဲ့သည်မှာ အနှစ်ခြောက်ဆယ်ရှိပြီ။ သားဖြစ်သူ မာဓဗကလည်း ဖအေတူသားပီပီ ဖအေ့ခြေရာကို ထက်ကြပ်နင်း နိုင်သူဖြစ်သည်။ ဖအေ့ထက် သားတစ်လကြီး ဆိုသလို ဖအေ့ ထက်ပင် ဆိုးသေးသည်။
ဂီးဆု၏မယား သေသည်မှာကြာလှပြီ။ မာဓဗမှာ လွန်ခဲ့သည့် တစ်နှစ်လောက်ကမှ အိမ်ထောင်ကျခဲ့သည်။ သူ မိန်းမ ရသည့် အခါတွင် ဇနီးသည်သည် သူတို့ အိမ်ထောင်စုကို စနစ်တကျဖြစ်အောင် ထိန်းသိမ်းပါသေးသည်။ ဇနီးဖြစ်သူက မောင်းထောင်း လိုက်သည်။ မြက်ရိတ်လိုက်သည်။ သို့ဖြင့် ပျင်းရိသောအားကောင်းမောင်းသန် ယောက်ျားကြီး နှစ်ယောက်ကို လုပ်ကျွေးသည်။ သူရောက်လာသည့် နောက်ပိုင်းမှစ၍ သူတို့ သားအဖနှစ်ယောက် သည် ယခင်ကထက်ပို၍ အပျင်းထူလာကြသည်။ ထိုမျှမက ဘဝင် ပင် မြင့်လာကြသေးသည်။ သူတို့ကို အလုပ်ခေါ်လို့ ခိုင်းလျှင် မတန်တဆ ပိုတောင်းကြသည်။ ယခုမူ သူတို့ကို လုပ်ကျွေးခဲ့သည့် ချွေးမနှင့် မယားသည် မီးမဖွားနိုင်သဖြင့် သေငယ်ဇာ ကပ်နေ လေပြီ။ ဘာမျှမလုပ်ကြ။ စိတ်ချလက်ချ အိပ်နိုင်အောင် မီးနေ သည် သေမည့်အချိန်ကို စောင့်နေကြသည့်နှယ် ရှိ၏။
ဂီးဆုသည် ခိုးလာသည့် အာလူးကို မီးဖုတ်ထားရာမှ ဆယ်၍ – အခွံနွှာရင်း …
သွား ကြည့်စမ်းပါဦး၊ မကောင်းဆိုးရွား အမှောင့် ပယောဂတွေ ဘာတွေများ ပူးနေသလား မသိဘူး၊ ငါတော့ ပယောဂပူးတယ် ထင်တာပဲ၊ ဆေးဆရာခေါ်ရင်တော့ ပျောက် မလားမသိဘူး၊ ဒါပေမယ့် ခက်တာက တို့ရွာမှာ ပယောဂဆရာ ကို တစ်ခါပင့်ရင် ငွေ တစ်ကျပ်တော့ အနည်းဆုံး ပေးရတာမာဓဗသည် အထဲသို့မသွားချင်။ သူအထဲဝင်သွားစဉ် ရှိသမျှ အာလူးဖုတ်တွေကို အဖေ အကုန် စားပစ်မည်ကို စိုးရိမ်သည်။
အထဲကို ကျွန်တော် မဝင်ရဲဘူး အဖေရ၊ ကြောက်တယ်
ဘာ ကြောက်စရာရှိသလဲကွ၊ ဒီနားမှာ ငါတစ်ယောက်လုံး ရှိနေတာပဲ
ဒါဖြင့်ရင်လဲ အဖေ ကိုယ်တိုင် သွားကြည့်ပါလားဗျာ
မင်းအမေတုန်းက ငါကိုယ်တိုင် အနားမှာ စောင့်နေတာ၊ သုံးရက်လုံးလုံး သူ့အနားမှာချည်းပဲ၊ သေသည်အထိ ငါ သူ့ အနားမှာရှိတယ်၊ သွားလို့ ဖြစ်မလားကွ၊ မင်းမိန်းမ ရှက်နေ မှာပေါ့ ငါက သူ့မျက်နှာကိုတောင် ကောင်းကောင်းမြင်ဖူးတာ မဟုတ်ဘူး၊ ခု ကိုယ်လုံးတီး ဖြစ်နေတုန်း ငါသွားလို့ ဖြစ် မလား၊ ခုလောက်ဆိုရင် လူးတာ လှိမ့်တာနဲ့ အဝတ်အစားတောင် ကပ်ချင်မှ ကပ်တော့မှာ၊ ငါရောက်သွားရင် သူ့ ဝေ ဒနာ သက်သာလို သက်သာငြား ခြေတွေလက်တွေတောင် ကော့ ကော်ကံကား လုပ်နိုင်တော့မှာ မဟုတ်ဘူးကလေးလေး မွေးလာရင်တော့ ဒုက္ခပဲ၊ ဘာ လုပ် ရ မှန်း တောင် မသိသေးဘူး၊ ကျွန်တော်တို့ အိမ်မှာလဲ ဘာမှ မရှိဘူး၊ ဆီလဲ မရှိ၊ ထန်းလျက်လဲ မရှိ၊ ဘာဆိုဘာမှ မရှိဘူး
မပူပါနဲ့ကွာ၊ အလိုလို ရှိလာမှာပေါ့၊ နတ်ထွင်းတဲ့ ခံတွင်း ပါ၊ ဒီနေ့ ထမင်းကျန် ဟင်းကျန်လေး မပေးဘူးလို့ ငြင်းလိုက် ပေမယ့် ကလေးလေးမွေးလာရင် တို့ကို ဟိုက ဒီက ပိုက်ဆံတို့ ဘာတို့ ပေးကြမှာပေါ့၊ ငါ့မှာ သားကိုးယောက်တောင် မွေး ခဲ့တာပါ၊ မွေးတိုင်း အိမ်မှာ ဘာမှ မရှိဘူး၊ ဒါပေမယ့် ဘုရားမတော့ အလိုလို ဖြစ်သွားတာချည်းပဲ
နေ့ရောညပါ နဖူးကချွေးခြေမကျအောင်လုပ်သည့် လူများ မှာလည်း သူတို့နှင့် ပိန်မသာ လိမ်မသာပင်။ လယ်သမားများ၏ အားနည်းချက်များကို သိ၍ အခွင့်ကောင်း ယူတတ်သူများမှာမူ ကြီးပွားချမ်းသာနေကြလေပြီ။ ထို့ကြောင့် ဂီးဆုတွင် ထိုသဘောထားမျိုး ရှိသည်ကိုလည်း ဘာမျှ အံ့ဩဖွယ်ရာ မဟုတ်။ မွဲသည့်အတူတူ ပင်ပန်းကြီးစွာလုပ်ရင်း မဲ့ရသည်ထက် မပင်မပန်း သက်သက်သာသာ မွဲရသည့်လမ်းကို ရွေးသည့်အတွက် ဂီးဆု သည် အခြားသူများထက် စဉ်းစားဉာဏ်ရှိသည်ဟုပင် ချီးမွမ်းရတော့မလို ဖြစ်နေသည်။ သူ့တွင် ရွာက ကြေးရတတ်များလို ချမ်းသာအောင် လုပ်တတ်သည့် အရည်အချင်းလည်း မရှိ။ ထို့ကြောင့် အလုပ်မလုပ်ဘဲ ပျင်းရိသူချင်းအတူတူ သွေးစုပ် တတ် သူများက ရွာတွင် ကြေးရတတ်တွေ၊ အုပ်ချုပ်သူတွေ ဖြစ်နေ ပြီး သွေးမစုပ်တတ်သည့် ဂီးဆုမှာ လူအထင်သေးစရာ ဖြစ်နေ သည်။ သို့ရာတွင် မည်သို့ဖြစ်စေ ဂီးဆုသည် သူ မချမ်းသာ လျင်သာ ရှိစေ၊ အခြားသူများကဲ့သို့ ခါးကျိုးမတတ် ပင်ပန်း ဆင်းရဲစွာ အလုပ်မလုပ်ရသည်မှာကား ထင်ရှားသည်။ ထို့ပြင် သူ့တွင် အခြားသူများကလာ၍ သွေးစုပ်စရာ ဆို၍လည်း ဘာ မျှ မရှိသည့်အတွက် ဘာမျှ ပူပင် ကြောင့်ကြစရာမလို။
သူတို့နှစ်ယောက်သည် ပြာပုံထဲမှ အာလူးများကို ဆယ် ယူ ကာ ပူလောင်လျက်ရှိသည့် ကြားကပင် ပလုတ်ပလောင်း စား ပစ်လိုက်ကြသည်။ သူတို့ ဘာမျှ မစားရသည်မှာ နှစ် ရက် ခန့်ကြာခဲ့ပြီ။ ထို့ကြောင့် အာလူးအေးအောင် မစောင့်နိုင်တော့။ ပူပူနှင့် စားပစ်လိုက်ကြသဖြင့် လျှာတွေ ပူလောင် ကုန် သည်။ – မျက်လုံးမှ မျက်ရည်တွေ ကျလာသည့်တိုင်အောင် သူတို့ သား အဖသည် အစားပြိုင်သည့်နှယ် အားလူးများကို အမြန်ဆုံး စား ပစ်လိုက်ကြသည်။
သို့စားရင်း လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က သူရောက်ခဲ့ဖူးသည့် မြေရှင်၏ မင်္ဂလာဆောင်ကို ဂီးဆု အမှတ်ရနေသည်။ ထိုစဉ်က သူ စားခဲ့သောက်ခဲ့ရသည်ကို သူ့တစ်သက်တွင် မေ့နိုင် တော့ မည် မထင်။ ပြန်တွေးလိုက်တိုင်း ပီတိဖြစ်ရသည်။
အဲဒီ မြေပိုင်ရှင်ရဲ့ မင်္ဂလာဆောင်ကိုတော့ တစ်သက်မမေ့ တော့ဘူး၊ တစ်သက်မှာ ဒီတစ်ခါပဲ အားရပါးရ စားဖူးသေးတယ်၊ ကျွေးလိုက်တဲ့ မုန့်တွေကလဲ အောတိုက် နေတာပဲ။ထောပတ်နံ့ကလဲ မွှေးလို့၊ မင်္ဂလာဆောင်လာတဲ့ လူတိုင်းအ၀ ကျွေးတာ၊ ဒါတင်ကရိုးလား၊ တခြား အစားအသောက်တွေကလည်း အလျှံပယ်ပဲ၊ သနပ်ပါတယ်၊ ဒိန်ချဉ် ပါတယ်၊ ဟင်း က လေးခွက်တောင်ပါတယ်၊ အချိုလည်း ကျွေးလိုက်သေးတယ်၊ ဘယ် လို အရသာ ရှိမှန်းတောင် မပြောတတ်တော့ဘူး၊ ပြီး တော့ အားရပါးရ စားပစ်လိုက်တာ ဗိုက်ကို တင်းနေတာပဲ၊ ထမင်း စားပြီး ရေသောက်လို့ မရတော့ဘူး၊ ထမင်းဟင်းလိုက် တဲ့ လူတွေကလဲ တောင်းသလောက် လာပေးတာပဲ၊ တော်ပါ ပြီ။ မထည့်ပါနဲ့တော့လို့ပြောပြီး ငှက်ပျောဖက်ကို လက်ဝါးနဲ့ အုပ် ထားတာတောင် မရဘူး၊ ရှေ့မှာ အတင်းလာချတယ်၊ အဲ စားလို့ သောက်လို့ လက်ဆေးပြီးတော့ ကွမ်းယာတွေ လာချပြန်တယ် ကွ၊ ဒါပေမယ့် အဲဒီနေ့ကတော့ ဘယ်မှာ ကွမ်းဝါးတော့မလဲ က္ခာ၊ ငါဖြင့် ထိုင်ရာကတောင် မထနိုင်တော့ဘူး၊ အိမ်လည်းရောက် ရော ဘာပြောကောင်းမလဲ၊ အိပ်ပစ်လိုက်တာပဲ၊ အဲဒီနေ့တုန်းကတော့ မြေပိုင်ရှင်ကလဲ ကျွေးလိုက် မွေးလိုက်တာကွာ၊ စေတနာ ဗလပွပါပဲမာဓဗသည် သူ့အဖေပြောသည့် အစားအသောက်များကို မှန်းကြည့်ရင်း စိတ်ထဲတွင် အရသာခံနေသည်။
ခုခေတ်တော့ ဒီလို အကျွေးအမွေးမျိုးတွေ မရှိတော့ပါဘူး အဖေရာ
အေးလေ၊ ခုခေတ်တော့လဲ ဘယ် ကျွေးနိုင် ကြပါတော့ မလဲ့၊ ဟိုတုန်းကတော့ တစ်မျိုးကိုး၊ ခုခေတ်ကျတော့ လူတွေကလည်း ချွေတာလာကြတယ်၊ မင်္ဂလာဆောင်တို့၊ အသုဘတို့ ဆိုရင်လဲ သိပ်ပိုက်ဆံ အကုန်မခံကြတော့ဘူး၊ ခပ်ကျဉ်းကျဉ်းပဲ လုပ်ကြ တော့တယ်၊ ဆင်းရဲသားတွေဆီက သွေးစုပ်ထားတဲ့ ပိုက်ဆံတွေကို ဘာများလုပ်ပစ်ကြသလဲမသိဘူး၊ပိုက်ဆံတွေကို ဒီလောက်စုထားတာ ဘာလုပ်မှာလဲ၊ လွယ်လွယ်နဲ့ သွေးစုပ်လို့ ရတာပဲ။ လွယ်လွယ်နဲ့ ဖြုန်းပစ်လိုက်ပေါ့
အဲဒီတုန်းက အဖေ ကိတ်မုန့်တွေ အခုနှစ်ဆယ်လောက် စား ခဲ့ရမှာပေါ့
ဘယ်ကမလဲကွ၊ အများကြီးပဲ
ကျွန်တော်သာဆိုရင် အခု ငါးဆယ်လောက် စားပစ်လိုက်မှာ “
အင်း.. ငါလဲ ဒီလောက်တော့ စားခဲ့တယ်ထင်တာပဲ၊ အဲဒီ တုန်းကတော့ ငယ်လဲငယ်၊ စားလို့သောက်လို့လည်းကောင်းတဲ့ အရွယ်ကိုးကွ၊ မင်းကိုယ်လုံးဟာ အဲဒီတုန်းက ငါ တစ်ဝက်တောင် မရှိချင်ဘူး
အာလူးဖုတ်ကို စား၍ ရေသောက်ပြီးသော သားအဖ နှစ်ယောက်သည် မီးဖိုဘေးတွင် နဖူးနှင့်ဒူးထိအောင် ကွေးကာ ဒိုတီ ကိုခြုံ၍ လှဲနေကြသည်။ စပါးအုံးမြွေကြီးနှစ်ကောင် ခွေနေသည် နှင့် တူပေ၏။
* * * * *
မနက်လင်း၍ တဲထဲသို့ မာဓဗ ဝင်လာသည့်အချိန်၌မူ သူ့ဇနီး သည် ဘူဒီသည် အသက်မရှိတော့ဘဲ အေးစက်တောင့်တင်း နေ လေပြီ။ သူ့မျက်နှာပေါ်တွင် ယင်ကောင်တွေ ဝဲလျက်ရှိ၏။ သူ့ မျက်လုံးများကလည်း ပြူးထွက်ကာ တစ်နေရာကို စူးစိုက်ကြည့် နေကြသည်။ သူ့ တစ်ကိုယ်လုံးလည်း ဖုန်တွေပေလျက်။ ကလေး မှာ ဗိုက်ထဲတွင်ပင် အသက်ပျောက်ခဲ့လေပြီ။
မာဓဗသည် အပြင်သို့ ပြေးထွက်လာခဲ့သည်။ သူတို့သားအဖ နှစ်ယောက်သည် ရင်ဘတ်ကိုထုကာ ကျယ်လောင်စွာ ငိုကြွေး လျက် ရှိကြ၏။ သူတို့ငိုသံကို အိမ်နီးချင်းများ ကြားသည့်အခါ တွင် ပြေးလာကြကာ ထုံးစံအတိုင်း နှစ်သိမ့်စကား ပြောကြ သည်။
သိုရာတွင် ငိုကြွေးပူဆွေးချိန် မရပါ။ အသုဘကို လွှမ်းရန် အတွက် ဖျင်စဝယ်ရဦးမည်။ ခေါင်းကို မီးသင်္ဂြိုဟ်ရန် ထင်းရှာရ ဦးမည်။ စွန်တစ်ကောင်၏ အသိုက်ထဲတွင် အသားတစ်ရှားသကဲ့ သို့ သူတို့အိမ်တွင်လည်း ပိုက်ဆံရှားလှဘိခြင်း။
သားအဖနှစ်ယောက်သည် ငိုကြွေးမြည်တမ်းလျက် မြေပိုင်ရှင် အိမ်သို့ လာခဲ့ကြသည်။ မြေပိုင်ရှင်မှာ သူတို့နှစ်ယောက် မျက်နှာ ကိုပင် မကြည့်ချင်။ သူ့ အခင်းထဲမှ ပဲများ၊ အာလူးများကို မကြာခဏ ခိုးသည့်အတွက်ကြောင့် တစ်ကြောင်း၊ အလုပ် လုပ် စရာရှိလျှင် လာမည်ဆိုပြီး မလာသည့် အတွက်ကြောင့် တစ်ကြောင်း သူတို့နှစ်ယောက်ကို သူကိုယ်တိုင် မကြာခဏ ရိုက်ဖူး နှက်ဖူးသည် မဟုတ်လော။
အဘိုးကြီး ဘာဖြစ်လို့ ငိုလာပြန်တာလဲ၊ သွား… ခင်ဗျားတို့ မျက်နှာကို မကြည့်ချင်ဘူး၊ ဘာလဲ ဒီရွာမှာ မနေချင်တော့ ဘူးလား၊ ရွာပြင်ကို မောင်းထုတ်ရမလား
ဂီးဆုက မြေကြီးကို နဖူးဖြင့်ထိ၍ ကန်တော့သည်။ သူ့မျက် လုံးထဲတွင် မျက်ရည်များ ပြည့်လျှမ်းလျက် ရှိ၏။
ဆရာကြီးရယ် ကျွန်တော် မှာ ဒုက္ခရောက်နေပါတယ်၊ မနေ့ ညကတွင် မာဓဗရဲ့ မိန်းမ ဆုံးသွားပါတယ်၊ မနေ့ညကဆို တစ် ညလုံး ဝေဒနာကို တော်တော်ကြီး ခံလိုက်ရတာ၊ ကျွန်တော်တို့ လဲ သူ့အနားမှာ တစ်ညလုံး ထိုင်ပြီး ကြည့် နေ ရပါတယ်၊ ကျွန်တော်တို့ ရှာလို့ ရသမျှ ဆေးဝါးတွေတိုက်ပြီး တတ်နိုင်သမျှ ပြုစုတာပါပဲ၊ ဒါပေမယ့် နောက်ဆုံးတော့ လက်လျှော့လိုက်ရတာပါပဲ၊ ခုဆိုရင် ကျွန်တော်တို့မှာ စားရမဲ့ သောက်ရမဲ့ ဖြစ်ပြီး ဒုက္ခ တွေ့နေပါတယ်၊ အသုဘချဖို့ စရိတ်တောင် မရှိပါဘူး၊ ဒီတော့ ဆရာကြီးတပည့်ကို ဆရာကြီးမှ မကယ်ရင် ဘယ်သူမှ ကယ်မယ့်လူ ရှိတော့မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ရှိစုမဲ့စုကလေးလဲ သူ့ ကိုပြုစုလိုက်တာနဲ့ ဘာမှမကျန်တော့ဘူး၊ ဒီတော့ ဆရာကြီး စောင်မမှ သူ့ ကိစ္စပြီးမှာပါ၊ တခြားဘယ်သူ့ဆီမှလဲ အကူအညီတောင်းစရာ လူမရှိပါဘူး “
မြေပိုင်ရှင်မှာ ကြင်နာသနားတတ်သူ တစ်ယောက် ဖြစ်၏။ သိုရာတွင် ဂီးဆုကို သနားဟန်ပြ၍မဖြစ်။ သူ့ကို သနားလျှင် အ ကျိုးမဲ့အချည်းနှီးသာဖြစ်ချိမ့်မည်။ ထို့ကြောင့် –
သွား…ခင်ဗျား တို့ကို ခိုင်းစရာရှိလိုခေါ်ရင် မပေါ်လာကြဘူး၊ အရေးကိစ္စကြုံမှ ကျုပ်ဆီလာကြတာ ဟု ဆိုကာ မောင်းထုတ်ပစ်လိုက်ချင်သည်။
သို့ရာတွင် ယခု အချိန်သည် ဆူပူကြိမ်းမောင်းရန် အချိန် မဟုတ်။ စိတ်ဆိုးရန်အချိန်မဟုတ်။
မြေပိုင်ရှင်သည် စိတ်ညစ်ညစ် ဖြင့် ငွေနှစ်ကျပ်ကို ပစ်ပေးလိုက်သည်။ သို့ရာတွင် နှစ်သိမ့်စကား ကိုမူ တစ်ခွန်းမျှမပြောလိုက်။ ဂီးဆုကို လှည့်၍မျှမကြည့်။
မြေပိုင်ရှင်ကိုယ်တိုင်က ငွေနှစ်ကျပ်ကူလိုက်သည်ဆိုလျှင် ရွာရှိ ဈေးသည်များ၊ ကုန်စုံဆိုင်ရှင် များကလည်း ငြင်းရဲကြတော့မည် မဟုတ်။ ဂီးဆုသည် မြေပိုင်ရှင်နာမည်ကို အသုံးပြုကာ သူတို့ထံ အကူအညီတောင်းလျှင် ရနိုင်မည်ကို သိသည်။ တစ်ယောက်က တစ်မှုး ထည့်လိုက်သည်။ နောက် တစ်ယောက်က တစ်မတ်ထည့် လိုက်သည်။ တစ်ယောက်ထံက ဆန်ရခဲ့ပြီး အခြားတစ်ယောက် ထံမှ ထင်းများရခဲ့သည်။ မွန်းတည့်ချိန် လောက်တွင် သားအဖ နှစ်ယောက်သည် အသုဘလွှမ်းရန် ဖျင်ဝယ်ဖို ဈေးညှိထွက်လာ ခဲ့သည်။ အိမ်နီးနားချင်းများက အသုဘအတွက် လုပ်စရာရှိသည် တို့ကို လုပ်ကျန်ရစ်ခဲ့ကြသည်။ ရွာထဲမှ သနားတတ်သည့် မိန်းမများကလည်း အသုဘ လာ မေးကြကာ ကံဆိုးသည့် ဘူဒီ၏ဖြစ်ပုံကို ကြည့်၍ ငိုကြသည်။
ဈေးကိုရောက်လျှင် ဂီးဆုက…
တို့မှာ အလောင်းကို မီးသင်္ဂြိုဟ်ဖို ထင်းတို့ ဘာတို့ လုံလုံ လောက်လောက် ရပြီ မဟုတ်လား
ရပါပြီ၊ ဒါပေမယ့် အလောင်းကိုလွှမ်းဖို့ ဖျင်စ ဝယ်ရဦး မယ်
“ကဲ ဒါဖြင့် မြန်မြန်လာ၊ ဖျင်စ ခပ်ပေပေ တစ်စကို ဝယ်ကြရအောင် “
“ဒါပေါ့ ဈေးပေါပေါဟာကိုပဲ ဝယ်တာပေါ့၊ ညပဲ ဘယ်သူ သေသေချာချာ လာကြည့်နေမှာလဲ၊ တော်ရုံ တန်ရုံပေါ့”
အသက်ရှင်နေတုန်းက အစုတ်အပြဲ ဝတ်လာခဲ့ရတဲ့ လူပဲကွာ၊ သေကာမှ ဘာဖြစ်လို့ အလောင်းကို ဖျင်စကောင်းကောင်းနဲ့ လွှမ်းနေဦးမှာလဲ၊ ဒီထုံးစံကို ဘယ်သူကများ ထွင်ခဲ့သလဲ မဆိုနိုင်ဘူး
ဟုတ်တယ် အဖေရ၊ ပြီးတော့ အလောင်းကို လွှမ်းတဲ့ဖျင်ကို လဲ အလောင်းနဲ့အတူ မီးရှို့ပစ်မှာပဲ ဥစ္စာ
ဒါပေါ့ကွာ၊ မသေခင်က ခုလို ငါးကျပ်လောက်များ ရလိုက်ရင် သူ့ ဆေးဖိုး ဝါးခလေး မရပါလား၊ ကောင်း ကောင်းမွန်မွန် မပြုစုလိုက်ရပါလား
သူတို့နှစ်ယောက်သည် တစ်ယောက်၏သဘောကိုတစ်ယောက် အကဲခတ် နေကြ၏။ သားအဖ နှစ်ယောက်သည် ဈေးထဲသို့
လျှောက်ပြီး ကြည့်ကြသည်။ အထည်ဆိုင် တစ်ဆိုင်ပြီး တစ်ဆိုင် လျှောက်ကြည့်ကြသည်။ ဆိုင်များတွင်ရှိသည့် ပိုးစဖျင်စ စသည့် အထည်စ အမျိုးမျိုးကို လျှောက်ကြည့် ကြသည်။ သို့ရာတွင် မည်သည့်အစကိုမျှမတွေ့။ တဖြည်းဖြည်းနှင့် ညနေ စောင်းလာခဲ့
လေပြီ။
ဘယ် နတ်သိကြားများက လမ်းညွှန်လိုက်လေသည်မသိ။ သူတို့နှစ်ယောက်သည် ကြိုတင်စိတ်ကူးထားသည့်နှယ် အရက်ဆိုင် တစ်ဆိုင် ရှေ့သို့ ရောက်သွားကြသည်။ ဆိုင်ရှေ့သို့ ရောက်သော် နှစ်ယောက်သား ယောင်လည်လည် လုပ်နေကြသည်။ နောက်ဆုံး တွင် ဂီးဆုက ကောင်တာဆီသို့ သွားကာ အရက် တစ်ပုလင်း ပေးပါဗျာ ဟု ပြောသည်။
ထို့နောက် အမြည်းအချို့နှင့် ငါး တစ်ကောင်ကိုဝယ် ကာ အရက်ဆိုင်အပြင်ဘက် ဝရန်တာတွင် ထိုင်ရင်း အရက်သောက်ရန် ပြင်ကြသည်။ . သုံးလေးခွက်လောက် ဆက်တိုက် သောက်ချလိုက်သည့်အခါ တွင် အရက်က တန်ခိုးပြစပြုလေပြီ။
အလောင်းကို လွှမ်းဖို့ ဖျင်စ ဝယ်နေရင်လဲ အလကားပါပဲ ကွာ၊ မီးရှို့ မှာအတူတူ ဘာလို့ဝယ်ဦးမှာလဲ၊ အလောင်းကို ဖျင်စ ဖုံးတော့ကော အဲဒီ ဖျစက သူနဲ့အတူ ကောင်းရာ သုဂတိကို လားမှာတဲ့လားဟု ဂီးဆုက ပြောသည်။
မာဓဗကမူ ထိုကိစ္စထဲတွင် သူမပါဟု နတ် သိကြားများကို တိုင်တည်သည့်နှယ် ကောင်းကင်ကို မော့ကြည့်နေသည်။
ဒါကတော့ ထုံးစံကို အဖေရဲ့၊ ဒီလိုဆိုရင် လူတွေကလဲ ဘုရား တို့ ဘာတို့ကို ဘာဖြစ်ချင်လို့ ငွေတွေ ထောင်သောင်းချီပြီးလှူနေ ကြမှာလဲ၊ နောင်ဘာမှာ ကောင်းရာသုဂတိကိုလားအောင် လူကြတာပဲ ဖြစ်မှာပေါ့
ဟေ့ ချမ်းသာတဲ့လူတွေအဖို့ အရေးမကြီးဘူးကွ၊ သူတို့မှာ ငွေတွေသုံးလှိမကုန်နိုင်ဘူး၊ တို့မှာက ဘာရှိလိုလဲ၊ ထမင်းစားဖို တောင်မှ အနိုင်နိုင်ရယ်
ဒါဖြင့် အလောင်းကို ဖုံးဖို ဖျင်စ ဘယ်မှာလဲလို့ လူတွေက မေးရင် ဘယ်နှယ့်လုပ်မလဲ
ဂီးဆုက ရယ်လိုက်လျက်…..
ပိုက်ဆံ ဘယ်ကျပျောက်ခဲ့မှန်း မသိဘူး၊ ကျွန်တော်တို့လဲ ရှာလိုက်တာ နှံ့နေပြီ၊ မတွေ့ဘူးလို့ ပြောမှာပေါ့ကွ၊ ယုံတော့ယုံ မှာ မဟုတ်ဘူး၊ ဒါပေမယ့် နောက်တစ်ခါ ပိုက်ဆံတော့ ထပ် ထည့်ကြမှာပဲ
မာဓဗက ထိုအကြံကို သဘောကျ၍ ရယ်လိုက်သည်။
ဟုတ်တယ်ဗျ၊ အဖေပြောတာ မှန်တယ်၊ အင်း…….ကျွန်တော့် မိန်းမဟာ တော်တော် တော်တဲ့ မိန်းမဗျာ၊ သေတဲ့ နောက်မှာတောင် ကျွန်တော်တို့အတွက် လိုလေသေးမရှိအောင် လုပ် ပြ ခဲ့ သေးတယ်
ပုလင်း တစ်ဝက်ခန့် ကုန်လေပြီ၊ ဂီးဆုသည် မုန့်များ ကို အဝယ်ခိုင်းလိုက်၏။ ဆိုင်မှ သူငယ်ကလေးတစ်ယောက်ကိုခေါ် ပြီး သနပ်၊ အသည်းကျော်နှင့် ချပ်ကာနီးတို့ကိုလည်း ထပ်၍ အဝယ်ခိုင်း လိုက် ပြန် သည်။ အရက်ဆိုင်ရှေ့ တည့် တည့် တွင် အကြော်ဆိုင် ရှိသည် မဟုတ်လော။ မာဓဗသည် ခပ်သုတ်သုတ် ထွက်သွားကာ ခဏကြာလျှင် ဖက်ဖြင့် ထုပ်ထားသည့် အထုပ် နှစ်ထုပ်ကို ဆွဲ၍ ပြန်လာခဲ့သည်။ အားလုံး တစ်ကျပ်ခွဲဖိုးလောက် ရှိလိမ့်မည်။ ယခုဆိုလျှင် သူတို့ လက်ထဲတွင် အကြွေအနည်းငယ် သာ ကျန်တော့သည်။
တောသုံးတောင်ကို အစိုးရသည့် ကေသရာဇာ ခြ င်္သေ့ မင်း သည် အောင်သေအောင်သားကို စားသကဲ့သို့ သားအဖ နှစ်ယောက်တို့သည်လည်း မြိန်ယှက် သုံးဆောင်ကြ၏။ လူတွေက မေးမြန်းမည်ကို မကြောက်။ နာမည်ပျက်မည်ကို မစိုးရိမ်။
ဂီးဆုက တရားသံဝေဂ ရသံဖြင့်…..
အင်း… ဒီလို ကုသိုလ်ပြုတဲ့အတွက် ငါတို့ သူကောင်းရာ သုဂတိလားပါစေလို့ စိတ်ထဲက ဆုတောင်း ပါ တယ် ကွာ၊ တကယ်တော့ သူ ဒါနမြောက် အောင် တို့က စားရတာပါ
မာဓဗက ကောင်းတဆတ်ဆတ်ညိတ်လိုက်ရင်း….
ဟုတ်တာပေါ့ အဖေရာ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရား၊ တပည့်တော်ရဲ့ ဇနီးကို ကောင်းရာ သုဂတိလားအောင် မှိုင်းမတော်မူပါဘုရား၊ သူ့ အတွက် တပည့်တော်တို့အမျှအတန်း ဝေပါတယ် ဘုရား၊ တပည့်တော်တို့ရဲ့ တစ်သက်မှာ ဒီလောက် ကောင်းကောင်းမွန်မွန် တစ်ခါမှ မစားဖူးပါ ဘုရား
ခဏကြာလျှင် မာဓဗသည် တစ်စုံတစ်ခုကို သတိရလာသည့်နှယ်…
တစ်နေ့ကျရင် ကျွန်တော်တို့လဲ နတ်ပြည်ကို သွားရမှာပေါ့ နော် အဖေ
ဂီးဆုက အဖြေမပေး။ယခုလို မြိုးမြိုးမြက်မြက် စားသောက် နေတုန်းတွင် သေသည့်အကြောင်းများ၊ တခြားဘုံ အကြောင်း များကို သူ မတွေးချင်။ မပြောချင်။
အဲဒီရောက်လို့ သူနဲ့ တွေ့တဲ့အခါကျတော့ သူက သူသေ တုန်းက ဘာဖြစ်လို့ အလောင်းကို ဖျင်စကလေးတစ်စမှ မလွှမ်း လိုက်တာလဲလို့ မေးရင် ကျွန်တော် ဘယ့်နှယ် ဖြေရမလဲ
တောက်တီးတောက်တဲ့ကွာ၊ ဘာဖြစ်လို့ မေးနေတာလဲ
တောက်တီးတောက်တဲ့ မဟုတ်ဘူးခင်ဗျ၊ တကယ်မေးမှာ
မင်းမိန်းမအလောင်းကို ဖျင်စ မလွှမ်းဘူးလို့ ဘယ်သူက ပြောလို့ လဲကွ၊ငါ အသက် ခြောက်ဆယ် ရှိပြီ၊ ဒီလောက်တော့ ငါလဲ နားလည်တာပေါ့၊ စိတ်ချ… မင်း မိန်းမ အလောင်းကို ဖျင်စ မလွှမ်းရမှာ မပူနဲ့၊ လွှမ်းရစေ့မယ်၊ ဖျင်မှ အကောင်း စားဖျင်ကို လွှမ်းပေးလိုက်မယ်
မာဓဗမှာ သူ့စကားကို မယုံသေး။
ဘယ်က ဖျင်စရလို့ လွှမ်းပေးရမှာလဲ အဖေရ၊ အဖေက တော့ အရေးမကြီးဘူး၊ ကျွန်တော်သာ ပြဿနာ ပေါ် မှာ၊ ကိုယ် လက်ထပ်ယူခဲ့တုန်းကတော့ ယူခဲ့ပြီး သေတော့ ဖျင်စလေး တစ်စတောင် လွှမ်းမပေးလိုက်ဘူးဆိုတော့
ဂီဆုက စိတ်ဆိုးဆိုးဖြင့်….
ဖြစ်ပါတယ်ဆိုမှ၊ ဘာဖြစ်လို့ နောက်ထပ် ခဏ ခဏ မေးနေရတာလဲ
ဘယ်က ရမှာလဲ
စောစောက ပေးလိုက်တဲ့ လူတွေဆီက ပေါ့ကွ၊ ဒီတစ်ခါ တော့ တို့ကို ပိုက်ဆံပေးတော့မှာ မဟုတ်ဘူး၊ ဖျင်စပဲ ပေး တော့မှာ
မှောင်၍ ကြယ်တို့ လက်လာသည့်အခါတွင် အရက်ဆိုင်သည် စောစောကထက် ပို၍ ဆူညံကာ ပို၍ ပျော်စရာ ကောင်းလာ၏။ တစ်ယောက်က သီချင်းဆို၏။ နောက်တစ်ယောက်က စကားကြီး စကားကျယ်တွေ ပြော၏။ နောက်ထပ် တစ်ယောက်က သူ့ အဖေကို ဖက်၍ နမ်းနေ၏၊ အခြားတစ်ယောက်က သူ့ အဖော် ပါးစပ်တွင် ဖန်ခွက်တေ့ ပေး၏။
အရက်ဆိုင်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် မူးယစ် နေသည်ဟု ထင်ရ၏။ အချို့မှာ တစ်စက်နှစ်စက် သောက်ရုံဖြင့် မှုးသွားကြ၏။ အရက်ဆိုင်ပတ်ဝန်းကျင်သို့ ရောက်သွားရသည်မှာ အရက်သောက်ရသည်ထက်ပင် ပို၍ မှုးယစ်စရာ ကောင်း နေ သည်။ သူတို့သည် ကြမ္မာ၏ ဖိစီးမှုကြောင့် ဤနေရာသို့ ရောက် လာခဲ့ကြကာ သူတို့ကိုယ်ကိုသူတို့ သေသည်လော ရှင်သည်လော ဆိုသည်ကို မေ့ သွားကြ၏။ သေသည် ဖြစ်စေ ရှင်သည် ဖြစ်စေ ဂရုလည်း မစိုက်တော့ပြီ။
သို့ဖြင့် သားအဖနှစ်ယောက်သည် အရက်ကို ဇိမ်ခံ၍သောက် နေကြ၏။ အရက်ဆိုင်ထဲမှ လူများသည် သူတို့ နှစ်ယောက်ကို ကြည့်နေကြသည်။ မည်မျှ ကံကောင်းလိုက်ပါသနည်း။ သူတို့ နှစ်ယောက်သည် တစ်ပုလင်းကုန်အောင် ဖြိုခဲ့ပြီ၊
ဗိုက်တင်းအောင် စားသောက်ပြီးသည့်အခါ၌ မာဓဗသည် လက်ကျန် မုန့်အနည်းငယ်ကို အနီးတွင် ရပ်ကြည့်နေသည့် သူ တောင်းစားတစ်ယောက်အား လှမ်းပေးလိုက်၏။ သူ့တစ်သက်တွင် တစ်ပါးသူကို ပထမဆုံးအကြိမ် ပေးကမ်းစွန့်ကြဲလိုက်ရသည့် အတွက် ပီတိဖြစ်နေသည်။
ရော့… ရော့ စားလေကွာ၊ ကုသိုလ်ရှင်ကတော့ မရှိတော့ ဘူးကွ၊ သေရှာပြီ၊ အဲ သူ့ကို အမျှအတန်းဝေပေါ့ကွာ ၊ ဒီ ပိုက်ဆံ ကို သူ့ခမျာ ပင်ပန်းတကြီး ရခဲ့တာပါ ဟု ဂီးဆုက ပြောသည်။
မာဓဗက ကောင်းကင်ကို လှမ်းကြည့်လိုက်ရင်း….
အဖေ သူ နတ်ပြည် ရောက်မှာနော်၊ နတ်ပြည် ရောက်ရင် သိကြားမင်းရဲ့ မိဖုရားကြီး ဖြစ်ချင် ဖြစ်နေမှာ
ဂီးဆုက ဝမ်းသာပီတိဖြစ်စွာဖြင့် မတ်တတ်ရပ်လိုက်ရင်း …
ဒါပေါ့ကွ၊ နတ်ပြည် ရောက်မှာပေါ့၊ သူ့ တစ်သက်မှာ ဘယ်သူကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဖူးဘူး၊ ဘယ် သူ့ ကို မျှ မကောင်း မကြံခဲ့ဖူးဘူး၊ သေသွားတဲ့ နောက်မှာတောင် တို့ အလွန် တောင့်တနေတဲ့ ဆန္ဒကြီးကို ဖြည့်ဖြစ်အောင် ဖြည့်ပေး သွားသေးတယ် မဟုတ်လား၊ ဒီတော့ သူမှ နတ်ပြည်မရောက်ရင် ဘယ်သူ နတ်ပြည်ရောက်ဦးမှာလဲ၊ သွေးစုပ် ခေါင်းပုံဖြတ်တဲ့ လူ ချမ်းသာတွေကျတော့ သူတို့သေရင် ဂင်္ဂါမြစ်ရေနဲ့ သူတို့ အပြစ် တွေကို ဆေးကြောကြရတယ်၊ ဝတ်ကျောင်းမှာ အမွှေးတိုင်တွေ ဘာတွေနဲ့ ပူဇော်ရတယ်။ သူ့ကျတော့ ဒုစရိုက်မှ မရှိတာ၊ဒါတွေ ဘာလုပ်စရာ လိုသေးလဲ
သို့ရာတွင် အရက်မူးခြင်း၏ ထူးခြားသော တန်ခိုးသတ္တိမှာတစ်ခုမှာ စိတ်အပြောင်းအလဲမြန်ခြင်း ဖြစ်၏။ သားအဖ နှစ်ယောက်သည် ကုသိုလ်ကောင်းမှု အကြောင်းကို ပြောနေရာမှ အသုဘအကြောင်းကို ပြန်တွေးမိကာ ပူပန်သောက ရောက်သွား ကြပြန်သည်။
အဖေရယ်၊ ကျွန်တော် မိန်းမဟာ လူ့ပြည်မှာ နေသွား တုန်းက ငရဲကျတာနဲ့ အတူတူပါပဲ၊ သေသွားတော့လဲ ဝေဒနာ ကိုခံပြီး သေသွားရရှာတာ”
မာဓဗသည် မျက်နှာကို လက်ဖြင့်အုပ်၍ ရှိုက်ကြီးတငင် ငိုနေ သည်။ ဂီးဆုက သူ့ကို နှစ်သိမ့်၏။
ဘာဖြစ်လို့ ငိုရတာလဲကွ၊ ဒီ သံသရာကြီးက လွတ်မြောက် သွားတဲ့သူ့အတွက် တို့က ဝမ်းတောင်သာရဦးမယ်၊ ခု သူ့မှာ ဒုက္ခ သုခတွေ မရှိတော့ဘူး၊ ခုလို စောစောစီးစီး ကျွတ်သွားတာ ကံ ကောင်းတာပေါ့ “
သားအဖနှစ်ယောက်သည် မတ်တတ် ထ ရပ်လိုက်ကာ
ရှင် သေမင်းရယ် တို့ကို လှည့်စားပေမယ့် လှည့်စားလိုရမယ် မထင် နဲ့ဟု သီချင်းဆိုကြသည်။ အရက်ဆိုင်မှလူများသည် အားရပျော်ရွှင်စွာ သီဆိုနေကြ သည့် သူတို့နှစ်ယောက်ကို ကြည့်နေကြ၏။ ထို့နောက် သားအဖ နှစ်ယောက်သည် ကကြ၏။ ခုန်ကြ၏။ လဲကြ၏။ မျက်လုံးတွေ ပြူးကြည့်ကြ၏။ သူတို့စိတ်ထဲတွင်ရှိသည့် ခံစားချက်များကို ခြေ လက်ဖြင့် ပြကြ၏။ ထိုနောက်တွင်ကား အရှင်လတ်လတ် အသူရာ နတ်ပြည်သို့ ရောက်သွားကြလေသတည်း။
⬛
မြသန်းတင့်
(အိန္ဒိယအမျိုးသား စာရေးဆရာ Prem Chand ၏ The Shroud ကို ပြန်ဆိုပါသည်။)