ဝတ္ထုတိုများစုစည်းမှု့

ခေါင်းခါပြလိုက်ပြီ

ကျွန်တော်နှင့် ဒေါက်တာမေလင်းတို့ မန္တလေးသွား ရထားကြီးပေါ်မှာ တွေ့ကြသည်။ မေလင်းနှင့် ကျွန်တော် သိသည်မှာ ကြာပါပြီ။ သူ ဆရာဝန် ဘွဲ့မရခင် ဆေးကျောင်းသူဘဝကတည်းက သိခဲ့ကြခြင်း ဖြစ်သည်။ သူသည် အလယ်တန်းစာမေးပွဲကို ဂုဏ်ထူးတွေနှင့် အောင်ခဲ့သည်။ အထက်တန်း စာမေးပွဲကိုလည်း ဂုဏ်ထူးတွေနှင့် အောင်ခဲ့သည်။ ဆေးကျောင်းရောက်တော့လည်း အမြဲလိုလို ထိပ်ဆုံးမှာ ရှိခဲ့သည်။ အဖေက အရာရှိကြီးမို့ သူ့ကို ကျူရှင်ကောင်းကောင်းတွေ ထားပေးခဲ့သည်။ အင်္ဂလိပ်စာတို့ ဘာတို့ ဆိုလျှင် အဖေကိုယ်တိုင် အိမ်မှာ သင်ပေးသေးသည်။ သည်အထဲတွင် မေလင်းက ကြိုးစားသည်။ ဉာဏ်ကောင်းသည်။ ထက်မြက်သည်။ ထို့ကြောင့် မေလင်းသည် ပညာရေးမှာ ထူးချွန်ခဲ့သည်။ ဆေးကျောင်းသို့ ရောက်ပြီး စာပေတို့ကိုလည်း ဖတ်ရှုသည်။ မေလင်းသည် ပညာထူးချွန်သည့် မိန်း ကလေးများထဲ ထိပ်တန်းက ပါခဲ့ကြောင်းကို ကျွန်တော် သိပါသည်။ ဆေးကျောင်းရောက်ပြီး နောက်ဆုံးနှစ်တွင် သူ့ထက် တစ်တန်းငယ်သည့် ဆေးကျောင်းသားတစ်ယောက်နှင့် လိုက်ပြေးသည်ဟု ကျွန်တော် ကြားလိုက်ရသည်။

ထို့နောက် မေလင်းနှင့် မတွေ့ဖြစ်ကြတော့။ ဆရာဝန်ဖြစ်ပြီး ဘယ် မြို့တွင် ရောက်နေသည်ဆိုသည့်သတင်းကိုမူ တစ်ခါတစ်ရံတွင် သန့်သန့် ကြားရတတ်သည်။ သူ့ယောက်ျားမှာလည်း ဆရာဝန်ဖြစ်ပြီး သူနှင့်တစ်မြို့ တည်းတွင် တာဝန်ကျသည့်အခါကျပြီး တစ်ခါတစ်ရံတွင်လည်း တစ်ကွဲ တစ်ပြားစီ ကျသည့်အခါများရှိသည်ဟု ကျွန်တော် ကြားရသည်။ ထို့နောက် မေ့မေ့ပျောက်ပျောက်ပင်။

ယခုတစ်ကြိမ် မီးရထားပေါ်တွင် ပထမဆုံးအကြိမ် ပြန်တွေ့ခြင်း ဖြစ် သည်။ မေလင်းသည် ခါးနည်းနည်း အဆီရစ်လာသည်မှအပ ကိုယ်လုံး ကိုယ်ပေါက် အလှမပျက်သေး။ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ နက်မှောင်သော မျက်လုံးများက ရီဝေရွှန်းလဲ့နေကြဆဲ။ ဝါဝင်းသောအသားက ချော မွတ်နေဆဲ။ ပါးပြင်တွင် အကြာစိမ်းကလေးတွေ ယှက်သန်းနေသည်ကိုအတိုင်းသား မြင်နေရသည်။ အသက်လေးဆယ်ထဲ ရောက်နေသည့်တိုင် သုံးဆယ်ကျော်ရုံကလေးလောက်သာ ထင်ရသည်။

လမ်းတွင် အများဆုံး စကားပြောသူမှာ မေလင်းဖြစ်ပြီး ကျွန်တော်ကမူ နားထောင်သူသာ ဖြစ်ပါသည်။ မေလင်းသည် ပထမအိမ်ထောင်နှင့် ကွဲသလိုလို ကြားလိုက်ရသည်။ သို့ရာတွင် ကျွန်တော့်စိတ်ထဲတွင် မသေချာပါ။ သေချာသည့်တိုင်အောင်လည်း သူ့ကိုယ်ရေးကိုယ်တာကိစ္စသည် ကျွန်တော် နှင့် ဘာမျှမဆိုင်ပါ။ ထိုကိစ္စမျိုးသည် မေး၍ကောင်းသောကိစ္စ မဟုတ်ပါ။ မေလင်းကမူ ကျွန်တော်မမေးဘဲ ပွင့်ပွင့်လင်းလင်း ပြောပြပါသည်။ သူ ရင်ဖွင့်ချင်ဟန် တူပါသည်။

“ကလျာမဂ္ဂဇင်းထဲမှာ “အညတရရုပ်ပုံလွှာများ” ဆိုပြီး ဆရာရေးနေတဲ့ စာတွေကို မေလင်း အမြဲဖတ်ပါတယ်။ အရင်လက စပြီး “ခေတ်ပြိုင်ရုပ်ပုံလွှာများ”ဆိုပြီး ခေါင်းစဉ် ပြောင်းလိုက်တာကိုလည်း မေလင်း သတိထားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဝဆိုတာ လူမျိုးစုံ၊ အတန်းအစားမျိုးစုံ ရှိတယ် မဟုတ်လား။ အညတရ မဟုတ်တဲ့လူတွေမှာလည်း သူ့ ဇာတ်လမ်းနဲ့ သူ ရှိကြတာကိုး၊ အညတရလို့ ခေါင်းစဉ်တပ်ထားလိုက်တော့ အညတရ မဟုတ်တဲ့ လူတွေအကြောင်းကို ရေးလို့ မရသလို ဖြစ်နေတယ်။ မသိဘူးလေ မေလင်းကတော့ အညတရဆိုတာ ဆင်းရဲသား၊ သာမန်လူတွေ အသိုင်းအဝိုင်းတို့ဘာတို့ မရှိတဲ့ လူတွေကိုခေါ်တယ်လို့ ထင်တာပဲ။ မေလင်း ထင်တာ မှားများမှားနေမလားတော့ မသိဘူး။ ဆိုပါတော့ … ဆရာဟာ နာမည်ကြီးတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်အကြောင်းကို ရေးချင်ပြီ ဆိုပါတော့။ ဒီခေါင်းစဉ်နဲ့ ဘယ်လိုလုပ်ပြီး ရေးလို့ရတော့မှာလဲ။ သူက အညတရ မဟုတ်ဘူးလေ။ ဒီအတိုင်းပဲ။ အထက်တန်းလွှာလို့ခေါ်ကြတဲ့ အတန်းအစား ထဲက ဇာတ်လမ်းတွေ၊ အလတ်တန်းစားလို့ ခေါ်ကြတဲ့ အတန်းအစားထဲက ဇာတ်လမ်းတွေကို ရေးချင်ရင်ကော ဘယ့်နှယ်လုပ်မလဲ။ ခေါင်းစဉ်ဟာ ကျဉ်းမြောင်းလွန်းနေတာပေါ့။

အဲဒီဇာတ်လမ်းတွေကိုဖတ်ပြီး ဆရာ့ကို ဝတ္ထုတစ်ပုဒ် ပြောပြချင်နေ တာ။ ရေးတာ မရေးတာက အကြောင်းမဟုတ်ပါဘူး ဆရာ။ မေလင်း ရင်ထဲမှာရှိတာကို ပြောချင်လို့ပါ။

မေလင်း ခုသူနဲ့ မဟုတ်တော့ဘူး ဆရာ။ ကွဲသွားကြပြီ၊ သူဆိုတာက ဒေါက်တာမြင့်ဦးလေ။ မေလင်းရဲ့ ခင်ပွန်းပေါ့။ ကွဲရတဲ့အကြောင်းကတော့ သူ့ကြောင့်ပေါ့။ ဒါကတော့ မေလင်းအမြင်ပေါ့လေ။ ဟုတ်မဟုတ်တော့ ဆရာ ဝေဖန်ကြည့်ပေါ့။

မေလင်း သူ့ကို တကယ်ချစ်ခဲ့တာပါ ဆရာ။ ချစ်လွန်းလို့ မေလင်း အင်မတန်ချစ်တဲ့ ဖေဖေ့ကိုတောင် စွန့်ပစ်ခဲ့ပြီး သူ့နောက်ကို လိုက်လာ တာပါ။ ဖေဖေဟာ မေလင်းကို ဘယ်လောက်ချစ်သလဲဆိုတာလဲ ဆရာ အသိဆုံးပါ။ မိတဆိုး သမီးကလေးဆိုပြီး မေလင်းကို အလိုလိုက်ခဲ့တယ်။ အလိုလိုက်တယ်ဆိုတဲ့နေရာမှာ ဖေဖေဟာ စည်းနဲ့ကမ်းနဲ့ အလိုလိုက်ပါ တယ်။ မေလင်းရဲ့ ပညာရေးမှာ အနှောင့်အယှက်မဖြစ်တဲ့ အတိုင်းအတာ အထိ အလိုလိုက်ခဲ့ပါတယ်။

မေလင်းဟာ ဖေဖေရဲ့ `တစ်ဦးတည်းသော သမီး။ မေလင်းမေမေ ဆုံးတော့ ဖေဖေဟာ မေလင်းကို ငဲ့ပြီး နောက်အိမ်ထောင် မပြုခဲ့ဘူး။ မေမေဆုံးတော့ ဖေဖေဟာ အသက်ဘယ်လောက်ရှိသေးလို့လဲ ဆရာ။ ငါးဆယ်ကျော်ရုံကလေးပဲ ရှိသေးတယ်။ နောက်အိမ်ထောင်ထူမယ်ဆိုရင် ထူနိုင်တဲ့အရွယ်။ အိမ်ထောင်ထူရင်လည်း တင့်တယ်သေးတဲ့အရွယ်၊ ပြီးတော့ အရာရှိကြီး။ ဘာမှ ကြောင့်ကြရတာ မဟုတ်ဘူး။ မေလင်းကို ဘော်ဒါပို့ ပြီး သူ့ဘာသာသူ နောက်အိမ်ထောင်ပြုရင် ရသားပဲ။ ဖေဖေ့မိတ်ဆွေတွေ ဒီလိုပဲ ပြုကြတာပဲ။ ဒါပေမဲ့ ဖေဖေဟာ မေလင်းကို ငဲ့ပြီး မပြုခဲ့ဘူး။ သူ့ အစ်မ အပျိုကြီးတစ်ယောက်ကိုပဲ ခေါ်ထားပြီး အိမ်ထောင်ကိစ္စ၊ မေလင်း ကို စောင့်ရှောက်ဖို့ကိစ္စတွေကို တာဝန်ပေးခဲ့တယ်။ ဒါ ဆရာသိပါတယ်။

ဒါပေမဲ့ မေလင်း နောက်ဆုံးနှစ်ရောက်တော့ သူနဲ့တွေ့တယ်။ သူက မေလင်းထက် တစ်နှစ်နောက်ကျတယ်။ မေလင်းကို သူချစ်ရေးဆိုတော့ အမျိုးမျိုးငြင်းပါတယ်။ ကျောင်းမပြီးသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လည်း ငြင်းတယ်။ ဖေဖေနဲ့ နှစ်ယောက်တည်း နေရတာမို့ ဖေဖေ သဘောမတူလို့ ဖြစ်တဲ့အကြောင်း ငြင်းတယ်။ ဒါပေမဲ့ ယောက်ျားတွေဟာ တော်တော် ပရိယာယ်များတယ်နော်။ ရှေးက စာတွေထဲမှာတော့ မိန်းမမာယာ သဲ ကိုးဖျာလို့ ဆိုကြပေမယ့် တကယ်ကျတော့ ယောက်ျားတွေရဲ့ ပရိယာယ်ကပိုတောင် များလိမ့်ဦးမယ်ထင်တယ်။ ဘာတဲ့ဆရာ။ မေလင်း ငယ်ငယ်က ကြားဖူးတဲ့ မာမာအေးသီချင်းထဲကလိုပေါ့။ ယောက်ျား တွေများကျတော့ သဲကိုးဖျာတောင် မလောက်ပါတယ်။ မန်ကျည်းကိုးပင်ကို နှောက်ပါလို့ရယ် ဆိုတာလိုပေါ့။

နောက်တော့ သူ ဇွတ်အတင်းတွယ်ကပ်နေတာနဲ့ သူ့မေတ္တာကို တုန့် ပြန်လိုက်မိပါတယ်။ ဒီတွင် သူက လက်ထပ်ရအောင်လို့ တစ်ဆင့်တက်ပြန်တယ်။ မေလင်း အမျိုးမျိုးငြင်းတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ လက်မထပ်လို့ မဖြစ်တဲ့ အခြေအနေရောက်တာနဲ့ မေလင်း နောက်ဆုံး နှစ် မ ပြီးခင်မှာ လက်ထပ်လိုက်တယ်။ လက်ထပ်တယ်ဆိုတာ ခိုးရာလိုက်တာပေါ့လေ။ အဲဒီတုန်းက မေလင်းတို့နှစ်ယောက် ရုန်းကန်ခဲ့ရတာတွေကတော့ ထားပါတော့။ ဖေဖေကလည်း ရှက်လွန်းလို့ သတင်းစာတို့ဘာတို့ကသာ မကြေညာပေမယ့် မေလင်းကို သမီးအဖြစ်က စွန့်ပစ်လိုက်တယ်။ ဆွေမျိုး တွေကလည်း မေလင်းကို မိုက်တယ်လို့ ဆိုကြတယ်။ ဟုတ်တာပေါ့။ မေလင်း ကိုငဲ့ပြီး ဖေဖေဟာ နောက်အိမ်ထောင် မပြုခဲ့ဘူး။ ဒါကိုတောင် မငဲ့ဘဲ မေလင်းက ဒီလိုလုပ်လိုက်တယ်ဆိုတော့ ဆွေမျိုးတွေဘက်က ကြည့်ရင်လည်း မေလင်းကိုပဲ အပြစ်ဆိုမှာပေါ့။ ဖေဖေဆိုတာတော့ ဘယ်လောက်စိတ်ဆိုး မလဲဆိုတာ ဆရာစဉ်းစားကြည့်ပေါ့။

ဒီလိုနဲ့ မေလင်းတို့ နှစ်ယောက်စလုံး ဆရာဝန်ဖြစ်လာကြတယ်။ ပထမ မေလင်းက အောင်တယ်။ မေလင်း ဟောက်စ်ဆာဂျင်ဆင်းပြီးတော့ သူ အောင်တယ်။ ဒါပေမဲ့ တော်တော်နဲ့ အလုပ်မရဘူး။ သမဝါယမ ဆေးခန်း တွေကို လိုက်ရတယ်။ သူငယ်ချင်းတွေ၊ အသိတွေရဲ့ ဆေးခန်းမှာ လိုက်ကု ရတယ်။ ဒါပေမဲ့ ဘယ်မှာကောင်းကောင်းရမှာလဲ ဆရာ။ မေလင်းက ရိုးရိုးဘွဲ့ပဲရထားတာ။ ပြီးတော့ ပေါက်စ။ ခုခေတ်မှာ ဆေးခန်းတိုင်းလိုလို ပါရဂူတွေရှိနေတော့ မေလင်းတို့ ဘယ်မှာတိုးနိုင်မှာလဲ။

နောက် သူအောင်တယ်။ သူဟောက်စ်ကဆင်းပြီးတော့ မေလင်းတို့ သူ့ဆွေမျိုးတွေရှိတဲ့ မြို့ငယ်လေးတစ်မြို့နယ်ထဲက ရွာကြီးတစ်ရွာမှာ သွားပြီးဆေးခန်းဖွင့်ကြတယ်။ ဟိုမှာ သူ့ဘက်က ဆွေမျိုးသားချင်းတွေရှိတော့ အသိုင်းအဝိုင်းက မဆိုးပါဘူး။ တောမှာဆိုတော့ ပြိုင်ဘက်လည်း သိပ်မရှိဘူး။ ပိုက်ဆံကလည်း သိပ်ကုန်စရာ မရှိဘူး။ အစားအသောက်တို့ ဘာတို့ကလည်း မြို့လို ဈေးမကြီးတော့ မေလင်းတို့ နေသာထိုင်သာ ရှိပါတယ်။

တောက သူဆွေမျိုးတွေကလည်း မေလင်းကို သိပ်ချစ်ကြတယ်။ ပြီးတော့ မေလင်းလို အရာရှိကြီးတစ်ယောက်ရဲ့ သမီးက တောလိုက်လာပြီး ဆေးကုတယ်ဆိုတော့ သနားလည်း သနားကြတယ်။ စောင့်လည်း စောင့် ရှောက်ကြပါတယ်။

နောက်တော့ အလုပ်သင်တွေခေါ်လို့ မေလင်းရော၊ သူရော စာမေးပွဲ သွားဖြေရတယ်။ သူက ကျပြီး မေလင်းက အောင်လာတယ်။ ပို့စတင်း ရတယ်။ ဒါနဲ့ မေလင်း ဒီအလုပ်ကို လက်ခံပြီး တစ်မြို့ကို ပြောင်းခဲ့ရ တယ်။ သူကတော့ လောလောဆယ် အဲဒီရွာမှာပဲ အခြေမပျက်နေဦးမယ်ဆိုပြီး ဆေးခန်းဖွင့်ကျန်ရစ်ခဲ့တယ်။

ဒါပေမဲ့ ဆရား သူ ကြာကြာမလုပ်နိုင်ပါဘူး။ နောက်တော့ ဆေးခန်း ပိတ်ပြီး မေလင်းဆီကို လိုက်လာတယ်။ သူပြောတာလည်း ဟုတ်တော့ ဟုတ်တာပေါ့လေ။ လင်ရယ်မယားရယ်လို့ ရပြီး ဘယ်လောက်နေလိုက်ရ လို့လဲ။ ဟောက်စ်ဆင်းကြတုန်းက အတူနေလိုက်ရတာကလေးရယ်လောက် ပဲ ရှိတယ် မဟုတ်လား။ ဒီအထဲမှာ မေလင်းတို့မှာ သားကလေးတစ်ယောက် ရတော့ ခုလို ခွဲနေရတော့ တော်တော်ကသီလင်တ ဖြစ်တာပေါ့ ဆရာရယ်။

မေလင်းနဲ့ ကလေးက တစ်မြို့မှာ။ သူက တစ်ရွာမှာ နောက်နှစ်ကျ တော့ သူ စာမေးပွဲဝင်ဖြေတော့ ပို့စတင်းရတယ်ဆရာ။ ဒါပေမဲ့ သူက တစ်မြို့မှာ မေလင်းက တစ်မြို့မှာ။ ဝေးလည်းဝေးတော့ တစ်နှစ်မှ တစ်ခါ လောက် နှစ်ခါလောက်ပဲ တွေ့နိုင်ပါတယ်။ သူက လာတဲ့အခါလာ။ မေလင်း က လိုက်သွားတဲ့အခါ လိုက်သွားပေါ့။ နောက်တော့ သူ နယ်စပ်ကို သွားအမှုထမ်းရတယ် အဲဒီမှာ မိန်းမပွေတယ်ဆိုတဲ့ သတင်းတွေကို ကြားရတယ်။ မေလင်း ရုတ်တရက် စိတ်ဆိုးတာပေါ့လေ။ ဒါပေမဲ့ အကြောင်းရင်းက လင်ရယ် မယားရယ် အတူမနေရတဲ့အဖြစ်က အဓိကအကြောင်းရင်းပဲလို့ မေလင်းဖြေပါတယ်။ သူနဲ့ အတူ တစ်မြို့တည်းရောက် အောင် ကြိုးစားပါတယ်။ ဒါပေမယ့် ကံမကောင်းသေးတော့ ဘယ်လောက် ကြိုးစားကြိုးစား မရဘူးဆရာ။

မေလင်းနဲ့ သူနဲ့တွေ့ရင် သူ့သတင်းတွေကို မေလင်းက ပြောပြတယ်။ ဒီတော့ သူက မဟုတ်ပါဘူးလို့ ငြင်းတယ်။ လူတွေက အလကား ပြောနေတာပါ တဲ့။

နောက်ဆုံးတော့ မေလင်းတို့နှစ်ယောက် တစ်မြို့တည်း ရလာရောဆိုပါတော့ ဆရာ။ မေလင်းရှေ့မှာမို့လို့လား မသိဘူး။ သူ ငြိမ်သားပဲ။ မေလင်းတောင် ဘေးစကားတွေပါလို့ ထင်လာတယ်။ သူက မိန်းကလေးတွေနဲ့ ရောတတ်တယ်ဆရာ။ သူ့မှာ မှော်ပါသလား မသိဘူး၊ မိန်းကလေးတွေက သူ့ဆိုရင် ခင်တတ်ကြတယ်။ ဒါကိုကြည့်ပြီး လူတွေကပြောတာ ဖြစ်မှာပဲလို့ မေလင်းကလည်း ထင်လာမိတာပေါ့လေ။

သူနဲ့ မေလင်းတို့ အတူကျတဲ့မြို့က ရန်ကုန်နဲ့ မနီးမဝေးမှာ ဆရား မေလင်းတို့မှာ သားလေးတစ်ယောက်ရပြီး သားသမီးမရအောင် နေကြ တယ်လေး အမေကရော၊ အဖေကရော ဆေးရုံသွား တစ်နယ်တစ်ကျေး ပြောင်းနဲ့ ဆိုတော့ သားသမီးများများရရင် သိပ်တာဝန်ကြီးလွန်းလို့ပါ။

သားလေး ငါးနှစ်သား ခြောက်နှစ်သားလောက်ရောက်တော့ ဖေဖေ က ဘာစိတ်ကူးပေါက်လို့လဲ မသိဘူး သူ့အစ်မ အပျိုကြီးကို မေလင်း တို့ဆီလွှတ်ပြီး သားလေးကို ရန်ကုန်မှာ ထားခိုင်းတယ်။ မေလင်းက မြို့မှာ တစ်ယောက်တည်းဆိုတော့ ဖေဖေက မြေးအတွက် စိတ်ပူတယ်ထင်ပါရဲ့။ ဒါနဲ့ ကလေးကို ဖေဖေ့ဆီ ပို့ထားတယ်။ ဒီတုန်းက ဖေဖေက မန္တလေး မှာ၊ ခုလည်း မန္တလေးမှာပါပဲလေ။ ဒါပေမဲ့ မေလင်းကိုတော့ အလာမခံ ပါဘူး။ သားလေးကို တွေ့ချင်ရင် ကြီးကြီးနဲ့ မေလင်းဆီကို လွှတ်ပေးတယ်။ နောက် တော်တော်ကြာတော့ ကြီးကြီးကလည်း မေလင်းကို သနားသွားတယ် ထင်ပါရဲ့။ ဖေဖေ့ကို တဖြည်းဖြည်း နားချရာက ဖေဖေ စိတ်လည်လာတယ်။ သူ့ကိုသာ ဝင်ခွင့်ထွက်ခွင့် မပြုသေးပေမယ့် မေလင်းကိုတော့ ဝင်ခွင့်ထွက်ခွင့်ပြုနေပြီ။

မေလင်းတို့နှစ်ယောက် ရန်ကုန်နားက မြို့ကလေးပြောင်းလာပြီး နောက် ၊ တစ်နှစ်မှာ ဖေဖေ့ကို သွားကန်တော့ကြတယ်။ သူလည်း ပါတယ်။ ကြီးကြီး အောင်သွယ်ပေးမှုကြောင့်လည်း ပါတယ်။ ဖေဖေကိုယ်တိုင်ကလည်း အသက် ကြီးလာတော့ သမီးတို့၊ မြေးတို့နဲ့ သိုက်သိုက်ဝန်းဝန်း နေချင်တယ် ထင်ပါ ရဲ့၊ ဒါပေမဲ့ အိမ်ကိုတော့ မခေါ်သေးဘူး။ ကန်တော့တာကိုပဲ လက်ခံ တယ်။ သူ့ကိုလည်း သိပ်စကား ဟဟမပြောဘူး။ သူ့တွင် မဟုတ်ပါဘူးလေ။ မေလင်းကိုလည်း မေးထူးခေါ်ပြောလောက်ပဲ လုပ်တာပါ။ မြေးကလေးကို ပဲ သူစကားပြောတယ်။ သူနဲ့ကျရင်တော့ ရယ်ရယ်မောမော၊ နောက်လား ပြောင်လား နေတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ခပ်တန်းတန်းပဲ။

ရန်ကုန်နားက မြို့ကလေးမှာ နေရတာက သိပ်အနေအထိုင် ဆင်းရဲ တယ်လေ။ မေလင်းတို့မှာ အိမ်လည်းမရ။ ဖေဖေ့ဆီကလည်း လက်ဖြန့် မခံချင်တော့ ရတဲ့လခကလေးနဲ့ပဲ ဖြစ်သလို နေခဲ့ကြတယ်။ ဆေးခန်း ဖွင့်ကြည့်တော့လည်း ဆေးခန်းက ဆရာဝန်ကြီးတွေ၊ ပါရဂူတွေကြားမှာ သိပ်မတိုးနိုင်ဘူး။

တစ်နှစ်တော့ ဖေဖေ ရန်ကုန်ကို ဆင်းလာတယ်။ အစည်းအဝေးတစ်ခု ရှိလို့ဆိုလားပဲ။ ဖေဖေက ရန်ကုန်လာလို့တည်းရင် ဘယ်မိတ်ဆွေ၊ ဘယ် ဆွေမျိုးအိမ်မှ မတည်းဘူး သမ္မတဟိုတယ်မှာ တည်းတယ်။ လွတ်လွတ်လပ်လပ် နေချင်တယ်တဲ့။ ဒါနဲ့ အဲဒီရက်က ရုံးပိတ်ရက်လည်း လေးရက် ဆက်ပိတ်နေတော့ ဖေဖေက သမ္မတမှာ ဒီရုံးပိတ်ရက်အတွင်းမှာ သူနဲ့ လာနေလှည့်တဲ့။ မေလင်းတို့ မိသားစု သုံးဦးစလုံးပေါ့လေ။ ဖေဖေက

သွေးတိုးလည်းရှိတော့ တစ်ယောက်တည်း မနေချင်ဘူးထင်ပါရဲ့။ သမီးရော၊ သမက်ရော၊ မြေးလေးကိုရော သမ္မတမှာ အဲဒီလေးရက်လာနေဖို့ ခေါ်တယ်။ အခန်းလည်း ငှားထားတယ်။

ဒီတွင် ကိုယ်တော်ချောက အဲဒီရက်တွေမှာ သူမလိုက်နိုင်ဘူးတဲ့၊ နှစ်ပတ် လည် ဂေါက်သီးပြိုင်ပွဲရှိလို့ တဲ့။ သူက ဂေါက်ကလပ်မှာ အတွင်းရေးမှူး ကိုး။ ဒီတော့ သူမရှိလို့ မဖြစ်ဘူး။ လိုက်တော့ ပို့မယ်တဲ့။ ပြီးတော့ဖေဖေ့ဆီ ခွင့်တောင်းပြီး သူပြန်မယ်တဲ့။

မေလင်းကလည်း သူအလုပ်ရှိတယ်ဆိုတော့ မခေါ်တော့ဘူးလေ။ ပေါက်ကွင်းဆိုတာ ဆရာသိတဲ့အတိုင်း ခုခေတ်မှာ ကစားရုံသက်သက် မဟုတ်တော့ဘူး။ လူကြီးနဲ့ တွေ့ခွင့်ရတာတို့၊ အပေါင်းအသင်းတို့ ဆိုတာ တွေကလည်း ရှိတယ် မဟုတ်လား။ ဒီတော့ မေလင်းလည်း မပြောသာတော့ ဘူးပေါ့။

တိုတိုပြောရရင် အဲဒီနေ့က မေလင်းကို သူရန်ကုန်လိုက်ပို့တယ်။ ဖေဖေ့ကိုလည်း ကန်တော့တယ်။ သူကတော့ နှစ်ပတ်လည် ဂေါက်သီးရိုက် ရှိလို့ သူ့ကို ခွင့်ပေးပါလို့လည်း ဖေဖေဆီကို သူကိုယ်တိုင် ခွင့်တောင်း တယ်။ ဖေဖေကလည်း မတားပါဘူး။

မေလင်းတို့ကို ပို့ပြီး သူပြန်သွားတယ်။ မေလင်းတို့ သားအဖတစ်တွေလည်း သမ္မတမှာ စကားပြောလိုက်၊ စားလိုက်သောက်လိုက်ပေါ့လေ။ ဖေဖေဟာ အစားကောင်းတို့ ဘာတို့ကို ကြိုက်တတ်တော့ သူကိုယ်တိုင်လည်း စားတယ်။ သားသမီးကိုလည်း ကျွေးတယ် မိတ်ဆွေတွေကိုလည်း ကောင်း ကောင်း ကျွေးချင်တယ်။

ဖြစ်ချင်တော့ သမ္မတဟိုတယ်မှာတည်းပြီး ဒုတိယမြောက်ရက်မှာ သားလေးဟာ ကောက်ကာငင်ကာ ဖျားပါလေရော ဆရာ။ အစတုန်းကတော့ အအေးခန်းကြောင့် အအေးမိတယ်ပဲ ထင်လိုက်တယ်။ ဒါပေမဲ့ နောက်ရက်ကျတော့လည်း ကလေးက ကိုယ်ပူမကျဘူး။ အဖျားက တစ်ရာ့ လေးလောက်ရှိတယ်။ တစ်ခါတလေမှာ သတိတောင်လစ်သွားတယ်။ ဒါနဲ့ သေသေချာချာကြည့်တော့ သွေးလွန်တုပ်ကွေးလက္ခဏာတွေ ပေါ်လာတယ်။ မေလင်း စိတ်ပူလိုက်တာလေ။ ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး ကလေးကို ဆေးရုံ တင်လိုက်ရတယ်။

ကလေးစဖျားပြီး နောက်တစ်ရက် ဆေးရုံတင်တဲ့ရက်ကတည်းက ကလေးအခြေအနေ မကောင်းဘူး။ ဒါနဲ့ သူ့ဆီကို လှမ်းပြီး ဖုန်းဆက် တယ်။ ဘယ်လိုမှ ဆက်လို့မရဘူး။ ဆေးရုံကို လှမ်းဆက်တော့လည်း မရှိ ဘူးတဲ့။ ဂေါက်ကွင်းကို လှမ်းဆက်တော့လည်း မရှိဘူးတဲ့။ ဒါနဲ့ သူ့မိတ်ဆွေ တစ်ယောက်ဆီ လှမ်းဆက်တော့ အဲဒီမိတ်ဆွေက ပထမတော့ အသံတိတ် နေတယ်။ တယ်လီဖုန်းထဲက ဘာသံမှ မလာဘူး။ ဒါနဲ့ မေလင်းက ထပ်မေးတော့မှ မေလင်း မသိဘူးလားတဲ့၊ မေလင်းဖေဖေက ခိုင်းလို့ ကိစ္စတစ်ခုနဲ့ ပြည်ကိုသွားမယ်လို့ ပြောသွားတယ်ဆိုပြီး ပြောတယ်။ သူလည်း အံ့အား သင့်နေပုံရတယ်။

ကြည့်စမ်း ဆရာ။ မေလင်းကို သူညာသွားတာ။ မေလင်းကိုပြောတော့ ဂေါက်ရိုက်ပြိုင်ပွဲရှိလို့ လေး ဘာလေးနဲ့။ ဒါနဲ့ မေလင်းက မကျေနပ်လို့ ဂေါက်ရိုက်ပြိုင်ပွဲရှိလို့ရှိတယ်ဆိုလို့ မေးတော့ မရှိပါဘူးတဲ့။ သူလိမ်တာ သေချာပြီလေ။

ဆရာ စဉ်းစားကြည့်ပါ။ မေလင်းဖေဖေကခေါ်တာကို သူ မလာဘူး။ သားငယ် သေကောင်ပေါင်းလဲဖြစ်လို့ တယ်လီဖုန်းလှမ်းဆက်တော့ မရှိဘူး သူလိမ်တာ ပေါ်သွားပြီ။

မေလင်း စိတ်ဆိုးတာရော၊ စိတ်ပူတာရော၊ ဖေဖေ့ကို အားနာတာရော အဲဒီတုန်းက ဘယ်လိုနေရမှန်းတောင် မသိဘူး။ မေလင်းဟာ ကလေးဆေးရုံမှာပဲ အိပ်စားနေတော့တယ်။ သမ္မတဟိုတယ်ကိုတောင် မပြန်တော့ဘူး။ နောက်ရက်တွေ ဖုန်းဆက်ကြည့်တော့လည်း ပြန်မလာသေးတဲ့ ကြည့်စမ်း ဆရာ။ ဆေးရုံကပါ သူ ခွင့်ယူသွားတာ။

သူ မေလင်းမသိအောင် လုပ်နေတာ သေချာပြီ။ ဒီကိစ္စဟာ မိန်းမ ကိစ္စပဲဖြစ်ရမယ်လို့ မေလင်းတွက်လိုက်တယ်။

ဒီလိုနဲ့ သားလေးကို တစ်ပတ်လုံးလုံး ဆေးရုံမှာတင်ပြီး ကုခဲ့ရတယ် ဆရာ။ ဆင်းမယ့်နေ့ကျမှ သူရန်ကုန်ကို ရောက်လာတယ်။ ရောက်လည်း ရောက်ရော မေလင်းနဲ့သူ အကြီးအကျယ် ဖြစ်တော့တာပဲ။ မေလင်း သူ့ကို မယုံတော့ဘူးဆရာ။ ဒါပေမဲ့ မေလင်း ပြန်မလိုက်ဘူး။ ခွင့်တင် ပြီး ဖေဖေနဲ့ မန္တလေးလိုက်သွားတယ်။

ဒီလိုသတင်းမျိုးဆိုတာ ကြာကြာဖုံးလို့ မရပါဘူးဆရာရယ်။ နောက် မကြာခင်ပဲ အဲဒီတုန်းက သူဟာ သူ့စမောလေးနဲ့ ပြည်ကို ထွက်သွားတယ် ဆိုတာ ပေါ်လာတော့တာပါပဲ။ သတင်းပေးတဲ့လူက သူ့စမောနာမည်ရော၊ သူတို့ ဘယ်မှာ တည်းတယ်။ ဘယ်ကို လျှောက်လည်တယ်။ ဘယ်တွေ သွားတယ်ဆိုတာ အကုန်သတင်းပေးတယ်။

ဆရာ စဉ်းစားကြည့်ပါ။ ဘယ်လောက် အသည်းနာဖို့ကောင်းသလဲ။ မေလင်းကိုရော၊ ဖေဖေ့ကိုရော လိမ်ပြီး သူချန်နေရစ်တယ်။ ပြီးတော့ အလေးအတွက်ရော မေလင်းအတွက်ရော အလိုအပ်ဆုံးအချိန်မှာ သူကတော့ သူ့ကောင်မနဲ့ သူ လျှောက်လည်ပြီး အကြည်ဆိုက်လို့။

တော်ပြီ။ ခပ်ရိုင်းရိုင်းပြောရရင် ခွေးမြီးကောက် ကျည်တောက်စွပ် နဲ့ အတူတူပဲ။ ဘယ်တော့မှ ပြန်ဖြောင့်မှာ မဟုတ်ဘူးလို့ မေလင်း ယူဆလိုက်တယ်။ သူနဲ့လည်း ကွာရှင်းခွင့်တောင်းလိုက်တယ်။ သူက ကွာရှင်း ခွင့် မပေးဘူး။ ကွာရှင်းခွင့်မပေးရင် လူကြီးတွေကို တိုင်မယ်ဆိုတော့မှ မေလင်းကို ကွာရှင်းခွင့် ပေးလိုက်တယ်။ မေလင်း တကယ်လုပ်တော့ မယ်ဆိုတာ သူသိသွားပြီလေ။ လူကြီးတွေတိုင်ရင် နာမည်လည်း ပျက်ဦးမယ်။ အလုပ်ကလည်း ပြုတ်ဦးမယ်။

နောက်ဆုံးတစ်ကြိမ် သူနဲ့တွေ့ပြီး ကွာရှင်းလိုက်ကြတယ်။ သူကတော့ လင်းကို ပြန်ပေါင်းဖို့ ကြိုးစားဦးမှာပဲတဲ့။ စိတ်လည်တဲ့တစ်နေ့ကျရင် သူ့ကို ခွင့်လွှတ်လာမှာပါတဲ့။

သူက မိန်းမနဲ့ ပတ်သက်လာရင် သူ့ကိုယ်သူ တော်တော်ယုံကြည်မှု ရှိတဲ့သူ ဆရာ။ သူချော့ရင် ဘယ်မိန်းမမှ မခံနိုင်ဘူး။ ပျော့လာမှာပဲလို့ ၊ ထင်နေတဲ့လူ။ ဒါပေမဲ့ မေလင်းကိုတော့ သူ မရတော့ဘူးလေ။ အထူး သဖြင့် သားလေးကိစ္စဖြစ်သွားတော့ ပိုပြီး မေလင်းသူ့အပေါ်မှာ သံယောဇဉ် ပြတ်သွားတယ်။

မေလင်းနဲ့ တရားဝင် ကွာပြီးတဲ့နောက် သူအရက်တွေသောက်နေတဲ့ အကြောင်း၊ အလုပ်ကို ကောင်းကောင်း မလုပ်တော့တဲ့အကြောင်းတွေကို ကြားရတယ်။ အထက်ကလည်း အလုပ်ခွင်မှာ အရက်သောက်လို့ ဝမ်နင် ပေးတယ်။ မေလင်းကတော့ ဖေဖေလုပ်ပေးလို့ မန္တလေးကို ပြောင်းရ တယ်။ မန္တလေးမှာ ဖေဖေနဲ့အတူ နေတယ်။

မန္တလေးကနေ ရန်ကုန်ကို စာမေးပွဲတစ်ခု လာဖြေတာပေါ့ ဆရာ။

ကံကြမ္မာက တော်တော် ဆန်းကြယ်တယ် ဆရာ ခု ရန်ကုန်ကို စာမေးပွဲ လာဖြေကြတဲ့သူတွေထဲမှာ သူလည်း ပါလာတယ်။ ရွေးမှာက တစ်ယောက်ပဲ ရွေးမှာ။ လျှောက်တဲ့ ဆရာဝန်တွေက နှစ်ရာကျော်၊ သုံးရာ နီးပါးရှိတယ်။ မေလင်းလည်းပါတယ်လို့ ကြားတော့ သူ မေလင်းတည်းနေ တဲ့ သမ္မတဟိုတယ်ကို လာတွေ့တယ်။ သူကတော့ အပြင်ဘက်က မိတ်ဆွေ တစ်ယောက်အိမ်မှာ တည်းသတဲ့။

မေလင်းနဲ့တွေ့တော့ အရက်တွေမူးလို့။ မူးတယ်ဆိုတာ ရုပ်ပျက် ဆင်းပျက် ဖြစ်လောက်အောင်တော့ မဟုတ်ပါဘူး။ သောက်ထားတယ် ဆိုပါတော့။ ကြည့်စမ်းပါဦး ဆရာ။ သူဘယ်လောက်ဖြစ်နေသလဲဆိုရင် မေလင်း ဆီလာတာ မနက်ကိုးနာရီပဲ ရှိသေးတယ် သူ့ပါးစပ်က အရက်နံ့ထွက်နေပြီ။

သူက မေလင်းကို သူ့ကိစ္စကို ပြန်မစဉ်းစားတော့ဘူးလားလို့ မေး တယ်။ မေလင်းက တစ်ခါအပြင် နှစ်ခါ မမိုက်တော့ဘူး။ မေလင်း ယူ့အကြောင်းကိုသိသွားပြီလို့ပဲ ပြောလိုက်တယ်။

ဖြစ်ချင်တော့ ဆရာရယ် အဲဒီ စာမေးပွဲမှာ မေလင်း ပထမရတယ်။ စာမေးပွဲက နိုင်ငံခြား သွားရမယ်။ သူက ဒုတိယ ရတယ်၊ အမှန်ကတော့ မေလင်း အဲဒီစာမေးပွဲကို သက်သက်ဝင်ဖြေတာပါ။ နိုင်ငံခြားကို သွားမယ် လို့ စိတ်ကူးမရှိပါဘူး။ ဖေဖေခွင့်ပြုရင် သားလေးအတွက် အဆင်ပြေရင်တော့ သွားမယ်ဆိုတဲ့စိတ်ကူးတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ ဖေဖေက သိပ်လည်း မကျန်းမာဘူး။ နှလုံးရောဂါလည်း ရှိတယ်။ သွေးတိုးလည်း ရှိတယ်။ ဆီးချိုလည်း ရှိတယ်။ ဒီအထဲမှာ မျက်စိကလည်း တိမ်ရှိလာတော့ခွဲရ ပြုရမယ့်ကိစ္စတွေ ရှိတယ်။ သူ့အနားမှာ မေလင်း ရှိစေချင်တယ် ထင်ပါ ရဲ့၊ ပင်စင်လည်း ယူပြီဆိုတော့ အိမ်မှာဖေဖေဟာ တစ်ယောက်တည်းငူငေါင်နေတယ်။ ဒါနဲ့ စာမေးပွဲဖြေလို့ သာ ဖြေလိုက်ရတယ်။ အောင်ရင် သွားဖို့ ဆိုတာ ဆယ်ရေးတစ်ရေးလောက်ပဲ ရှိပါတယ်။

အောင်စာရင်းကို ဒီနေ့ပဲ သိခဲ့ရတယ်လေ။ ဒီနေ့ညနေ ရထားကို သူလိုက်ပို့တယ်။ သူ ရထားသာ လိုက်ပို့တယ်။ သူ့ပါးစပ်က အရက်နံ့က တထောင်းထောင်းနဲ့၊ ကိုယ်တော့ အရက်ပဲ သောက်နေတာပဲတဲ့။ မေလင်းအောင်တဲ့အတွက် ဝမ်းသာတယ်တဲ့။ အပြန်ကျရင် သူနဲ့ ပြန်ပေါင်းဖို့ ဦးစားပေးပါတဲ့။ မေလင်းမရှိရင် သူမနေတတ်ဘူးတဲ့။

မေလင်း သူပြောတာတွေကို နားထောင်ပြီး ရထားထွက်ခါနီးတော့အဖြေ ပေးခဲ့တယ်။ သူပြောတာတွေကို မေလင်း တစ်ခုမှ မလုပ်နိုင်ဘူးလို့။ ဒီတော့ သူက အံ့အားသင့်ပြီး မေလင်း ဘာပြောတာလဲတဲ့။

ဒီတော့ မေလင်းက ပြောလိုက်တယ်။

မေလင်းပြောတာ ရှင်းပါတယ်။ မေလင်း ဘယ်နိုင်ငံခြားကိုမှလည်း မသွားဘူး။ သူ့ကိုလည်း ပြန်မပေါင်းဘူးလို့။

သူ အံ့အားသင့်နေတယ်။

“နိုင်ငံခြားကို မသွားလို့ ဘယ်ဖြစ်မလဲ။ မေလင်းကို ရွေးလိုက်ပြီးပြီ”

”မေလင်းသိပါတယ်။ ဆိုင်ရာကို ပြောခဲ့ပြီးပြီ။ ဒီမှာ ဖေဖေက အချိန်မရွေး တစ်ခုခုဖြစ်နိုင်တယ်။ ဒါကြောင့် မေလင်း မသွားနိုင်ဘူးလို့ ဆိုင်ရာကို ပြောခဲ့ပြီးပြီ။ ဒီတော့ ဒုတိယရတဲ့ ယူပဲ သွားပေါ့” လို့ ပြောလိုက်တယ်။

သူ တော်တော် ဝမ်းသာသွားတယ်။ တကယ်လားတဲ့။ မေလင်း ဘယ် တုန်းက နှစ်ခါပြောဖူးလို့လဲလို့ ပြောလိုက်တယ်။

ဒါဖြင့်ရင် ကိုယ့်ကိစ္စကိုရောတဲ့။ ကိုယ်တို့ကိစ္စကိုလည်း မေလင်း နှစ်ခါ မပြောဘူး။ မေလင်း ခေါင်းညိတ်တယ်ဆိုတာ ခေါင်းညိတ်တာပဲ။ ခေါင်း ခါတယ်ဆိုတာ ခေါင်းခါတာပဲ။ စိတ်ထဲက ခေါင်းညိတ်ပေမယ့် ခေါင်းခါ ဟန်ဆောင်တဲ့ မိန်းမမျိုး မဟုတ်ဘူးလို့ ပြောခဲ့တယ်။

သူလည်း ပလက်ဖောင်းမှာ ကြောင်ပြီး ကျန်ရစ်ခဲ့တယ်။ မေလင်း သူ့ကို ပြန်မပေါင်းနိုင်ပေမယ့် သူ့ဘဝအတွက် မေလင်း လျော်ကြေးပေး ခဲ့ပြီးပြီပဲ ဆရာ။ အမှန်ကတော့ ဒီလျှော်ကြေးကိုတောင် သူမရထိုက်ပါဘူး။ သူ့ဘက်က မှားခဲ့တာပဲ။ မေလင်းဘက်က တစ်ခုမှ မမှားဘူး။ မဟုတ်ဘူး လား ဆရာ”

(ကလျာမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၉၁)

ဆရာမြသန်းတင့်၊ ခေတ်ပြိုင်ရုပ်ပုံလွှာများ ပီဒီအက်ဖ်၊

စာမျက်နှာ ၁ – ၁၄။

စာရိုက် – စလေ ငနော့

(ကော်ပီယူပြီး ပြန်တင်လိုသူများ စာရိုက်ထားသူရဲ့ နာမည်ကို ဖြုတ်မပစ်ကြဖို့ မေတ္တာရပ်ခံပါတယ်။)

စာဖတ်သူသို့ (ထုတ်ဝေသူစာအုပ်တိုက်၏ အမှာ)

“ခေတ်ပြိုင်ရုပ်ပုံလွှာများ”သည် ၁၉၉၁၊ ဖေဖော်ဝါရီမှ ၁၉၉၅၊ ၂ စက်တင်ဘာအတွင်း ဆရာ မြသန်းတင့် ကလျာမဂ္ဂဇင်းတွင် ရေးသားခဲ့သော

ရုပ်ပုံလွှာစာစုများ ဖြစ်သည်။

ပထမတွင် ဆရာသည် ကလျာတွင် ၁၉၈၇ အောက်တိုဘာမှ ၁၉၉၁၊ ဇန်နဝါရီထိ “အညတရ ရုပ်ပုံလွှာများ” ခေါင်းစဉ်ဖြင့် ထိုခေတ် အောက်ခြေ လူတန်းစားတို့၏ ပကတိဘဝထိုထိုတို့ကို ရေးခဲ့သည်။ ထိုရုပ်ပုံလွှာများကို စုစည်း၍ “အညတရ ရုပ်ပုံလွှာများ” အတွဲ(၁)၊ အတွဲ(၂) အမည်ဖြင့်

၁၉၉၃ တွင်တစ်ကြိမ်နှင့် ပေါင်းချုပ်အဖြစ် ၂ဝဝ၃ တွင်တစ်ကြိမ် စာအုပ်အဖြစ် ထွက်ရှိခဲ့ပြီးဖြစ်သည်။

နောက်ပိုင်းတွင် ဆရာသည် စာဖတ်ပရိသတ်များ၏ အကြံပြုချက်အရ အညတရတို့၏ ဇာတ်လမ်းများသာမက လူတန်းစားအလွှာစုံတို့၏ ဘဝဇာတ်လမ်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်စေပြီး “ခေတ်ပြိုင် ရုပ်ပုံလွှာများ”ဟု အမည်ပြောင်း၍ ဆက်လက်ရေးသားခဲ့သည်ဟု သိရသည်။

ဆရာဆုံးပြီးနောက် ၁၉၉၉၊ အောက်တိုဘာတွင် Quality စာအုပ် တိုက်မှ ထို “ခေတ်ပြိုင်ရုပ်ပုံလွှာများ”ကို စုစည်း၍ ပထမအကြိမ် စာအုပ် အဖြစ် ထုတ်ဝေခဲ့သည်။

.

ယခုအခါ ပထမအကြိမ်ထုတ်ဝေစဉ်က ပါရှိသော ရုပ်ပုံလွှာ ၃၇ ပုဒ် အပြင် ကျန်ရှိနေသော“အဖေနှင့် မတူသောသား”နှင့် “အိပ်မက်တိုင်းပြည်” ရုပ်ပုံလွှာနှစ်ပုဒ်ကို ဖြည့်စွက်၍ ဒုတိယအကြိမ် ပြန်လည်စုစည်းထုတ်ဝေ လိုက်သည်။

ဆရာမြသန်းတင့်၏ ဤစာအုပ်ပါ ရုပ်ပုံလွှာများမှာ ခေတ်တစ်ခေတ် ၏ လူတန်းစားအလွှာစုံတို့ နေ့စဉ် ကြုံတွေ့နေရသော လက်တွေ့ဘဝ လာကဇာတ်ခုံမှ ဇာတ်လမ်းများကို အများပြည်သူနှင့် ထိတွေ့ရင်းနှီးသော

ရေးအသားဖြင့် ထိုခေတ်၏ လူနေမှုစရိုက်အစုံကို ထဲထဲဝင်ဝင် ပီပီပြင်ပြင် ထင်ဟပ်ရေးသားထားခြင်းဖြစ်၍ စာဖတ်သူများ ကြိုက်နှစ်သက်မည်ဟု မျှော်လင့်မိပါသည်။

မြသန်းတင့်