ဝတ္ထုတိုများစုစည်းမှု့

ပျောက်ဆုံးသွားသော တွေ့ရှိချက်ကြီးများ

ကိုယ်ပျောက်အတတ်ပညာ

နှစ်ဆယ်ရာစု အတွင်းတွင် ကြီးမားသော တွေ့ရှိချက်ကြီး သုံးခု ပေါ်ပေါက်ခဲ့ပြီး ထိုတွေ့ရှိချက်ကြီး သုံးခုစလုံးသည် ကြေကွဲဖွယ် ပျောက်ဆုံး သွားခဲ့ကြသည်။ ပထမ တွေ့ရှိချက်မှာ ကိုယ်ပျောက် ရှိန်းဆာယာ အတတ်ပညာ ဖြစ်၏။

ကိုယ်ပျောက် အတတ်ပညာကို ၁၉၀၉ ခုနှစ်တွင် အာချီဘော ပရေတာ ဆိုသူက တွေ့ရှိခဲ့သည်။ ပရေတာသည် အော်တိုမင် အင်ပိုင်ယာ ထဲသို့ ပူးပေါင်းထားသည့် ပြည်နယ်ကလေး တစ်နယ်၏ အုပ်စိုးသူ ဖြစ်သော စူလတန် အဗ္ဗဒူ ကရင်၏ နန်းတော်သို့ စေလွှတ်လိုက်သော သတ္တမမြောက် ဧဒွက်ဘုရင်၏ သံတမန် တစ်ဦး ဖြစ်၏။

ပရေတာသည် စိတ်အား ထက်သန်သော အပျော်တမ်း ဇီဝဗေဒ ပညာရှင် တစ်ဦး ဖြစ်သည်။ ပရေတာသည် မျိုးပွါးရေးအတွက် ထိုးဆေးတစ်မျိုးကို ထုတ်လုပ်ရန် သားငန်ရည် အမျိုးမျိုးတို့ကို ထုတ်ယူကာ ကြွက်များကို စမ်းသပ် ဆေးထိုးကြည့်သည်။ ၃၀၀၉ ကောင်မြောက် ကြွက်ငယ်ကို သူ့ဆေး ထိုးပေးလိုက်သည့် အခါ ထိုကြွက်သည် ကိုယ်ပျောက်သွားသည်။ လက်ထဲတွင် ကြွက်ငယ်ကို ဆုပ်ကိုင် စမ်းသပ်၍ ရသည့်တိုင် ကြွက်ကို မမြင်ရတော့ပြီ။ ကြွက်မွေးကို လည်းကောင်း၊ ကြွက်ခြေများကို လည်းကောင်း မမြင်ရတော့ပြီ။ ပရေတာသည် ကြွက်ကို လှောင်အိမ်တစ်ခုထဲသို့ သေချာစွာ ထည့်ထား၏။ နောက် နှစ်နာရီခန့် ကြာသည့် အခါတွင် ကြွက်သည် လှောင်အိမ်ထဲတွင် အကောင်အထည် ပြန်ပေါ် လာသည်။

ပရေတာသည် သူ့ထိုးဆေးကို အရေအတွက် ပို၍ ထိုးပေးရာ ကြွက်တစ်ကောင်ကို နှစ်ဆယ့်လေးနာရီ လုံးလုံး ကိုယ်ပျောက်သွားသည် အထိ ထိုးဆေး ထိုးပေးသည့်အခါတွင် ကြွက်သည် မမာမကျန်း ဖြစ်လာတတ်၏။ သို့မဟုတ်လည်း မေ့မျော သွားတတ်၏။ ကိုယ်ပျောက်နေစဉ် ကြွက်ကို သတ်ပစ်လျှင် ထိုကြွက်သည် သေခါနီးတွင် ချက်ချင်းပြန်၍ ကိုယ်ရောင်ပေါ်လာ၏။

သူ့တွေ့ရှိချက်သည် အရေးကြီးသော တွေ့ရှိချက်ကြီး ဖြစ်ကြာင်း သိသဖြင့် ပရေတာသည် သံတမန်ရာထူးမှ နုတ်ထွက်ကာ သူ့နောက်လိုက် နောက်ပါ တို့ကိုလည်း ပြန်လွှတ်ပြီး အခန်းတံခါးပိတ်လျက် ထိုကိုယ်ပျောက်ဆေးကို သူ့ကိုယ်သူ ထိုးကြည့်သည်။ အစတွင် မိနစ် အနည်းငယ်မျှသာ ကိုယ်ပျောက်ရုံ ထိုးဆေး အနည်းငယ်ကို ထိုးကြည့်၏။ ထို့နောက် ကြွက်ကို ထိုးသည့် အရေအတွက်အတိုင်း ထိုးကြည့်သည်။ နှစ်ဆယ့်လေးနာရီ ကိုယ်ပျောက်အောင် ထိုးကြည့်သည့် အခါတွင် နေထိုင်မကောင်း ဖြစ်သည်ကို တွေ့ရ၏။ ဆေးထိုးလိုက်သည့် အခါတွင် သူ့တစ်ကိုယ်လုံးသည် ပျောက်သွား၏။ ထိုးနေစဉ် ပါးစပ်ကို ပိတ်ထားလိုက်လျှင် သွားတုတပ်ထားသည့် အံကပ်ကိုလည် မမြင်ရတော့။ သို့ရာတွင် ကိုယ်ပျောက်ဆေး ထိုးစဉ် လူတွင် အဝတ်အစား ဗလာ ဖြစ်နေဖို့ အရေးကြီးသည်။ အဝတ်အစားများ ဝတ်ထားလျှင် ကိုယ်ပျောက်သွားသည့်တိုင် အဝတ်အစားများ ကျန်နေတတ်သည်ကို တွေ့ရ၏။

ပရေတာသည် ရိုးသားဖြောင့်မတ်၍ ငွေကြေးတတ်နိုင်သူ တစ်ဦး ဖြစ်သည်။ ထိုဆေးကို ရာဇဝတ်မှု ကျူးလွန်ရာတွင် အသုံးမပြုလို။ ထို့ကြောင့် အင်္ဂလန်သို့ ပြန်၍ သူ့နည်းကို စစ်သူလျှိုများအတွက် အသုံးပြုရန် ဘုရင့် အစိုးရထံ တင်ပြမည်ဟု စိတ်ကူးသည်။

သို့ရာတွင် အင်္ဂလန်သို့ မပြန်မီ ပရေတာသည် ထိုဆေးကို အသုံးပြု၍ စမ်းသပ်ကြည့်ချင်သော အရာတစ်ခု ရှိ၏။ ပရေတာသည် အစောင့်အကြပ်တို့ ထူထပ်စွာ ချထားသော စူလတန်၏ မိန်းမဆောင်မှ မောင်းမမိဿံတို့ အကြောင်းကို သိချင်နေသည်။ သို့ဖြစ်လျှင် ကိုယ်ပျောက်ဆေးကို သုံးကာ မိန်းမဆောင်ထဲသို့ ဝင်ကြည့်ရလျှင် မကောင်းပါသလော။

သို့ရာတွင် ပရေတာသည် သူ့တွေ့ရှိချက်နှင့် ပတ်သက်၍ စိုးရိမ်နေသော အချက်တစ်ချက် ရှိသည်။ မိမိသည် အကယ်၍ စိတ်ကို မထိန်းနိုင်လျှင် …။ ပရေတာသည် ထိုကိစ္စကို ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသည်။ စမ်းသပ်မှု ပြုလုပ်ရန် အစီအစဉ်များမှာ အဆင်သင့် ဖြစ်နေလေပြီ။

ပရေတာသည် အဝတ်အစားများကို ချွတ်၏။ အကြာနိုင်ဆုံး ကိုယ်ပျောက်ရန် ဆေးများများ ထိုး၏။ လက်နက်ကိုင် မိန်းမစိုးများ ရှေ့မှနေ၍ မိန်းမဆောင် ထဲသို့ အလွယ်တကူ ဝင်လာနိုင်ခဲ့သည်။ ပရေတာသည် တစ်ညနေလုံး မိန်းမဆောင် ထဲတွင် ရောက်နေကာ အလှမယ် ငါးဆယ်ခန့်တို့ အလှပြင်ကြ၊ ရေချိုးကြ၊ အမွှေးနံ့သာ လိမ်းကျံကြသည်ကို စောင်ကြည့်၏။

အလှမယ် တစ်ဦးကိုမူ ပရေတာ တော်တော် သဘောကျသည်။ ယောက်ျားတို့ ထုံးစံ မိမိသည် အဆောင်ထဲတွင် တစ်ညလောက် နေရလျှင် မည်သူမျှ သိမည် မဟုတ်ဟု အကြံရကာ ထိုအလှမယ် နေသော ခန်းဆောင်ကို စောင့်ကြည့်မယ်၊ မီးတွေ ငြိမ်းသွားသည့် အခါတွင် ထိုအလှမယ်၏ ခန်းဆောင်ထဲသို့ ဝင်မည် စိတ်ကူးရ၏။ အလှမယ်ကမူ မိမိထံသို့ စူလတန် ဆောင်တော်ကူး လာသည်ဟု ထင်ပေလိမ့်မည်။

ပရေတာသည် ထိုအလှမယ်ကို စောင့်ကြည့်ကာ သူ့ခန်းဆောင်ကို မှတ်ထားလိုက်သည်။ ခန်းဆောင်ရှေ့တွင် လက်နက်ကိုင် မိန်းမစိုးတစ်ယောက် စောင့်ကြပ်လျက် ရှိပြီး အခြားသော ခန်းဆောင်များ ရှေ့တွင်လည်း လက်နကကိုင် မိန်းမစိုးများ အသီးသီး စောင့်ကြပ်လျက် ရှိ၏။ ပရေတာသည် ထိုအလှမယ် အိပ်ပျော်မည့် အချိန်ထိ စောင့်ကာ ကြာခြည် လှုပ်သွားသည်ကို အစောင့် မမြင်ရအောင် အစောင့်က အခြားဘက်သို့ လှည့်ကြည့်နေစဉ် ခန်းဆောင်ထဲသို့ အသာ ဝင်လာခဲ့သည်။

ခန်းဆောင် အပြင်ဘက်တွင် မီးမှိန်မှိန် လင်းနေသည့်တိုင် ခန်းဆောင်ထဲတွင်မူ မည်းမှောင်လျက် ရှိ၏။ ပရေတာသည် မှောင်ကြီးမည်းကြီး ထဲတွင် စမ်းတဝါးဝါးဖြင့် လာခဲ့ကာ အလှမယ် အိပ်နေသည့် စက်ရာကို ရှာတွေ့၏။ ပရေတာသည် သတိကြီးစွာဖြင့် လက်ကမ်းကာ အလှမယ်ကို စမ်းသည်။ အလှမယ် လန့်၍ စူးစူးဝါးဝါး အော်၏။ (စူလတန်သည် ညအချိန်တွင် ဆောင်တော်ကူးခြင်း မရှိဘဲ အလိုတော်ရှိလျှင် သူ့မောင်းမများကို သူ့ခန်းစက်ရာသို့သာ ခေါ်ယူလေ့ ရှိကြောင်းကို ပရေတာ မသိခဲ့ချေ။) အော်သံကို ကြားသည့်အတွက် အပြင်တွင် အစောင့်ကျနေသော မိန့်မစိုးသည် ချက်ချင်း ရောက်လာကာ သူ့လက်ကို ဖမ်းဆွဲ ထားလိုက်၏။ မှောင်ကြီးမည်းကြီး ထဲတွင် ကိုယ်ပျောက်ခြင်းနှင့် ကိုယ်မပျောက်ခြင်းသည် ဘာမျှ ထူးခြားခြင်း မရှိကြောင်းကို ထိုအခါကျမှ ပရေတာ သိလိုက်၏။ အမှောင်ကြီးတွင် ကိုယ်ပျောက်၍လည်း ဘာအကျိုး ထူးဦးမည်နည်း။ နောက်ဆုံးတွင် မိမိ လည်ပင်းပေါ်သို့ ဓားသွားကြီး ရွှီးခနဲ ကျလာသည်ကိုသာ ပရေတာ သိလိုက်တော့သည်။

* * *

ကိုယ်ခံသိဒ္ဓိပြီး အတတ်ပညာ

ပျောက်ဆုံးသွားသော ဒုတိယ တွေ့ရှိချက်ကြီး တစ်ခုမှာ ကိုယ်ခံသိဒ္ဓိပြီးသော အတတ်ပညာ ဖြစ်၏။ ထိုတွေ့ရှိချက်ကို အမေရိကန် ရေတပ်မှ ရေဒါအရာရှိ ဗိုလ် ပေါလ် ဟစ်ကင်ဒေါက ၁၉၅၂ ခုနှစ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုကိရိယာမှာ အီလက်ထရွန်းနစ် ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး အိတ်ကပ်ထဲသို့ ထည့်နိုင်လောက်အောင် သေးငယ်သည့် သေတ္တာကလေး တစ်လုံး ဖြစ်၏။ သေတ္တာကလေးမှ ခလုတ်တစ်ခုကို ဖွင့်လိုက်သည့် အခါတွင် ထိုကိရိယာကို ကိုင်ထားသူ၏ ပတ်ပတ်လည်၌ ရုပ်ဒြပ်စွမ်းအင် အနန္တနှင့် ညီမျှသော အားစက်ကွင်းပြင်ကြီး ပေါ်ပေါက်လာ၏။ ထိုရုပ်ဒြပ်စွမ်းအင်သည် မည်မျှ အတိုင်းအတာ ကြီးမားကြောင်းကိုမူ ဟစ်ကင်ဒေါ၏ သင်္ချာစွမ်းရည်ဖြင့်သာ တွက်၍ ရနိုင်၏။

ထို အားစက်ကွင်းပြင်ကြီးကို မည်သည့် အပူ စွမ်းအင်၊ မည်သည့် ဓာတ်ရောင်ခြည် ဖြာထွက်မှု စွမ်းအင်ကမျှ ဖော်ကထွင်းနိုင်ခြင်း မရှိချေ။

လူတစ်ယောက် သို့မဟုတ် အမျိုးသမီးတစ်ယောက်၊ ကလေးတစ်ယောက်၊ ခွေးတစ်ကောင် စသည်တို့ ပတ်ဝန်းကျင်တွင် ထို အားစက်ကွင်းပြင်ကြီး ဝန်းရံထားလျှင် အနီးတွင် ကပ်၍ ဟိုက်ဒရိုဂျင်ဗုံးကြီး ဖောက်ခွဲသည့်တိုင် မည်သို့မျှ မဖြစ်ဘဲ အကောင်းပကတိ ရှိသည်အထိ ကိုယ်ခံသိဒ္ဓိ ပြီးသည်ဟု ဟစ်ကင်ဒေါ ယူဆ၏။

ထိုအချိန်အထိ ကမ္ဘာတွင် မည်သည့် ဟိုက်ဒရိုဂျင်ဗုံးကိုမျှ စမ်းသပ်ဖောက်ခွဲခြင်း မပြုကြသေးချေ။ ထိုကိရိယာကို ပြုလုပ်ပြီးသွားသည့် အချိန်၌ ဗိုလ်ဟစ်ကင်ဒေါသည် ပစိဖိတ် သမုဒ္ဒရာထဲရှိ အင်နီဝက်တော့ဟု ခေါ်သော သန္တာကျောက်တန်း တစ်ခုဆီသို့ သွားနေသော ကရူဆာ သင်္ဘောကြီး တစ်စင်းပေါ်သို့ ရောက်နေသည်။ သူတို့ သင်္ဘောသည် ဟိုက်ဒရိုဂျင်ဗုံးကို ပထမဆုံးအကြိမ် စမ်းသပ်ဖောက်ခွဲရာတွင် ကူညီရန်အတွက် သွားနေခြင်း ဖြစ်ကြောင်း သတင်း ပေါက်ကြားသွား၏။

ဗိုလ်ဟစ်ကင်၊ဒေါသည် သူ့ကိရိယာကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ ကျွန်းပေါ်ရှိ ဗုံးစမ်းသပ်ဖောက်ခွဲမည့် နေရာသို့ ရောက်အောင် သွားမည်။ ဗုံးဖောက်ခွဲသည့် အခါတွင် သူကိုယ်တိုင် ထိုအနီးတွင် နေပြမည်။ သို့ဖြင့် မိမိ၏ တွေ့ရှိချက်ကြီးသည် မည်မျှ အောင်မြင်ကြောင်း၊ ကမ္ဘာတွင် အကြီးဆုံးသော လက်နက်ကြီး၏ဒဏ်ကို ခံနိုင်ကြောင်း ပြသမည်ဟု ဆုံးဖြတ်လိုက်သည်။

အစောင့်အကြပ်များ ကြားတွင် ထိုနေရာသို့ ရောက်အောင် ခက်ခက်ခဲခဲ သွားယူရ၏။ သူသည် တဖြည်းဖြည်းနှင့် ဗုံးဖောက်ခွဲမည့် နေရာအနီးသို့ ကပ်၍ လာခဲ့၏။ အမှတ်ကို ရေတွက်နေစဉ် သူသည် ကိုယ်ကို တရွတ်ဆွဲကာ လူမသိအောင် အနီးသို့ ကပ်လာခဲ့သည်။ နောက်ဆုံး၌ အချိန်ကိုက်ပင် အနီးသို့ ရောက်သွားကာ ဗုံးကို ဖောက်ခွဲလိုက်ကြသည်။

ဗိုလ်ဟစ်ကင်ဒေါ၏ တွက်ချက်မှုသည် လုံးဝ မှန်ကန်ကြောင်း တွေ့ရ၏။ အနားတွင် ဟိုက်ဒရိုဂျင်ဗုံးကြီး ပေါက်ကွဲသွားသည့်တိုင် သူ့တွင် ဘာမျှ မဖြစ်။ ခြစ်ရာရှရာ ကလေးပင် မရှိ။ လောင်ရာကျွမ်းရာ ကလေးပင် မထင်။

သို့ရာတွင် ဗိုလ်ဟစ်ကင်ဒေါသည် ဖြစ်နိုင်ဖွယ် ရှိသော အချက်တစ်ချက်ကို မတွက်မိဘဲ မေ့သွား၏။ ထိုဖြစ်ချက်သည် တကယ် ဖြစ်လာခဲ့သည်။ ဗုံးဒဏ်ကြောင့် ဟစ်ကင်ဒေါသည် စွမ်းအင်ဖြေလွှတ်မှု အရှိန်ထက် လျင်မြန်သော အရှိန်ဖြင့် မြေမျက်နှာပြင် အထက်သို့ လွင့်ပါသွား၏။

အထက်သို့ တည့်တည့်ကြီး လွင့်ပါသွားရာ ကမ္ဘာပတ် လမ်းကြောင်းကိုပင် ကျော်သွား၏။ လေးဆယ့်ကိုးရက်မြောက် နေ့တွင် သူသည် နေထဲသို့ ကျသွား၏။ ဒဏ်ရာ ဟူ၍ကား မရှိ။ သို့ရာတွင် အားစက်ကွင်းပြင်သည် နာရီအနည်းငယ်မျှသာ ရှူရှိုက်နိုင်သည့် လေကိုသာ သယ်ဆောင် လာခဲ့သဖြင့် နေထဲသို့ ကျသွားသည့် အချိန်တွင် အသက်မရှိတော့ပြီ။ သို့ဖြင့် သူ့တွေ့ရှိချက်ကြီးသည် (အနည်းဆုံး နှစ်ဆယ်ရာစုနှစ် ကာလအတွင်းတွင်) ပျောက်ဆုံးသွားခဲ့သော ဟူ၏။

* * *

မသေဆေး

နှစ်ဆယ်ရာစု အတွင်း တွေ့ရှိပြီး ပျောက်ဆုံးသွားခဲ့သော တတိယ တွေ့ရှိချက်ကြီး တစ်ခုမှာ မသေအောင် လုပ်သည့် အတတ်ပညာ ဖြစ်၏။ အိုင်ဗန် စမီတာကို့စကီး အမည်ရှိ မော်စကိုမှ မထင်ရှားသော ဓာတုဗေဒ ပညာရှင် တစ်ဦးက ထိုတွေ့ရှိချက်ကို ၁၉၇၈ ခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုတွေ့ရှိချက်ကို မည်သို့မည်ပုံ ရရှိခဲ့သည်။ မည်သို့မည်ပုံ စမ်းသပ်ခဲ့သည်တို့နှင့် ပတ်သက်၍မူ မှတ်တမ်းများ ထားရစ်ခဲ့ခြင်း မရှိချေ။ ထိုသို့ မထားခဲ့ခြင်းမှာ အကြောင်းနှစ်ကြောင်းကို မူတည်၍ သေမတတ် ကြောက်လန့် နေသောကြောင့် ဖြစ်၏။

စမီတာကို့စကီးသည် ထိုနည်းကို သိသွားမည်ကို ကြောက်၏။ မိမိ၏ အစိုးရကို ပေးလိုက်လျှင်ပင် ထိုနည်းသည် သူတို့နိုင်ငံ အပြင်သို့ ပေါက်သွားကာ ကမ္ဘာကြီး ကသောင်းကနင်း ဖြစ်သွားမည်ကို စိုးရိမ်၏။ မိမိတို့ နိုင်ငံတွင်း ဆိုလျှင် အကြောင်း မဟုတ်သေး။ အစိုးရသည် ပြဿနာတိုင်းကို နိုင်နင်းစွာ ကိုင်တွယ်နိုင်သည် မှန်၏။ သို့ရာတွင် ရိုင်းစိုင်း၍ စည်းကမ်းမဲ့သော တိုင်းပြည်များ လက်သို့ ရောက်သွားခဲ့လျှင် သူ့မသေဆေးကြောင့် ကြောက်မက်ဖွယ် လူဦးရေ ပေါက်ကွဲမှုကြီး ဖြစ်လာနိုင်သည်။ သို့ဆိုလျှင် မိမိတို့ တိုင်းပြည်ကို တိုက်ခိုက်လာနိုင်သည်ဟု သူ ယူဆသည်။

စမီတာကို့စကီးသည် ထိုဆေးကို သူကိုယ်တိုင်လည်း စားရမှာ ကြောက်နေသည်။ မိမိသည် မသေမပျောက်သော ကိုယ် ဖြစ်လိုခြင်း ရှိ မရှိကို သူကိုယ်တိုင်လည်း မပြောနိုင်သေး။ အခြား တိုင်းပြည်များကို မဆိုထားနှင့်၊ မိမိ ပြည်လို နေရာမျိုးမှာပင်လျှင် အကန့်အသတ်မရှိ အသက်ရှင်နေ ထိုက်ပါ၏လော ဆိုသည်ကို သူ ဝေခွဲ၍ မရသေး။

ထို့ကြောင့် စမီတာကို့စကီးသည် ထိုဆေးကို သူများကိုလည်း မပေးချင်။ ကိုယ်တိုင်လည်း မစားသေးဘဲ မိမိဆုံးဖြတ်ချက် မကျမချင်း ထိုအတိုင်းပင် ထားလိုက်ဦးမည်ဟု စိတ်ကူးသည်။

ထိုအတောအတွင်း၌ စမီတာကို့စကီးသည် ထိုမသေဆေးကို သူတစ်ယောက်စာ အတွက်သာ ဖော်စပ်ပြီး သွားလေရာသို့ အမြဲယူသွား၏။ ထိုဆေးမှာ ဆေးတောင့်ကလေး ထဲတွင် မံ၍ ထည့်ထားရပြီး နှမ်းစေ့သာသာမျှ လောက်သာ ရှိသည်။ အရည်မပျော်နိုင်သည့် အတွက် စမီတာကို့စကီးသည် ထိုဆေးကို ပါးစောင်ထဲတွင် အမြဲငုံထားသည်။ သူသည် ထိုဆေးတောင့်ကလေးကို အံကပ်နှင့် ပါးစောင်ကြားတွင် ကပ်၍ ချည်ထား၏။ မတော်တဆ မျိုချမိမှာကိုလည်း မစိုးရိမ် ရတော့ပြီ။

ဆုံးဖြတ်ချက် ချပြီးပြီးဆိုလျှင် ဘာမျှ မခက်တော့။ ဆေးတောင့်ကို လက်သည်းကလေးဖြင့် ခွါကာ မျိုချလိုက်ရုံမျှသာ။ ထိုအခါတွင် သူသည် မသေမပျောက် နိုင်တော့ပြီ။

တစ်နေ့သ၌ စမီတာကို့စကီးသည် နျူမိုးနီးယား ရောဂါဖြင့် မော်စကို ဆေးရုံတစ်ရုံသို့ ရောက်သွားသည်တွင် သူ အိပ်ပျော်နေပြီ အထင်ဖြင့် သူ့အနားတွင် ပြောနေကြသော ဆရာဝန်နှင့် ဆရာမတို့၏ စကားပြောနေသံကို ကြားလိုက်ရ၏။ သူတို့စကားအရ မိမိသည် မကြာမီအတွင်းတွင် ထိုရောဂါဖြင့်ပင် ကွယ်လွန်တော့မည်ဟု ဆို၏။ ထိုအခါကျမှ စမီတာကို့စကီးသည် ထိုဆေးကို အသုံးချရန် ဆုံးဖြတ်လိုက်လေသည်။

မသေမပျောက်သည့် အခါတွင် မည်သို့ရှိမည် မသိသော်လည်း စမီတာကို့စကီးသည် ထာဝစဉ် မသေရမှာထက် သေရမှာကို ပို၍ ကြောက်လာ၏။ ထို့ကြောင့် ဆရာဝန်နှင့် ဆရာမတို့ အခန်းထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် ဆေးတောင့်ကလေးကို ခွါကာ မသေဆေးကို မျိုချလိုက်လေသည်။

သူတို့စကားအရ မိမိမှာ မကြာမီ သေတော့မည် ဖြစ်ရာ ယခုအတိုင်းဆို ထိုဆေးသည် အချိန်မီ တန်ခိုးပြလိမ့်မည်ဟု သူ မျှော်လင့်၏။ အချိန်မီလည်း တန်ခိုးပြပါ၏။ သို့ရာတွင် ထိုဆေးတန်ခိုး ပြသည့်အချိန်၌ စမီတာကို့စကီးမှာ ငန်းဖမ်းလျက် ရှိလေပြီ။

နောင်သုံးနှစ် ကြာ၍ ၁၉၈၁ ခုနှစ်သို့ ရောက်သည့် အခါတွင်လည်း စမီတာကို့စကီးသည် သတိလစ်ဆဲ ရှိသေး၏။ ထိုအခါ ဆရာဝန်တို့သည် သူ့ရောဂါကို စစ်တမ်းထုတ်ပြီးကြပြီ ဖြစ်၍ မည်သည့်ရောဂါ ဖြစ်ကြောင်းကို အငြင်းမပွါး ကြတော့ပြီ။

မှန်ပါ၏။ စမီတာကို့စကီးသည် မသေဆေးကို စားပြီး ဖြစ်ပါ၏။ (ထို မသေဆေး အကြောင်းကိုမူ ဆရာဝန်များ မသိကြချေ။) ထို့ကြောင့်ပင်လျှင် စမီတာကို့စကီးသည် မသေသေးဘဲ အသက်ရှင်နေခြင်း ဖြစ်ပါ၏။ နောင်တွင်လည်း ထာဝရ မဟုတ်သည့်တိုင် ကာလ အကန့်အသတ် မရှိ အသက် ရှင်နေပေလိမ့်ဦးမည်။

သို့ရာတွင် ကံဆိုးသည်မှာ ထိုမသေဆေးသည် သူ့ကိုယ်ထဲမှ ညူမိုးနီးယားကို ဖြစ်စေသော ဘက်တီးရီးယား ဖြစ်သည့် (Diplococci pneumoniae) ကိုလည်း မသေအောင် လုပ်ထားသဖြင့် ထိုပိုးသည် သူနှင့်အတူ ကာလ အကန့်အသတ် မရှိ အသက်ရှင်နေဦးမည် ဖြစ်၏။ သို့ဖြစ်ရကား သူ့အား ကာလ အကန့်အသတ် မရှိ ပြုစုကုသနေခြင်းဖြင့် အကျိုးမဲ့ခြင်း၏ အဖြစ်ကို မြင်သည့်နောက်၌ လက်တွေ့သမားများ ဖြစ်သော ဆရာဝန်တို့သည် သူ့ကို မြေမြှုပ်သင်္ဂြိုဟ်လိုက် ကြလေသတည်း။

(အမေရိကန် သိပ္ပံဟာသ စာရေးဆရာ Fredric Brown ၏ Great Lost Discoveries ကို ဘာသာပြန်သည်။)

[သိပ္ပံဟာသဝတ္ထု စာရေးဆရာ ဖရက်ဒရစ် ဘရောင်းသည် အမေရိကန် ပြည်ထောင်စု၊ စင်စင်နတီ ပြည်နယ်၊ အိုဟိုင်အို မြို့တွင် ၁၉၀၉ ခုနှစ်၌ မွေးသည်။ ငယ်စဉ်က စက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုတွင် ရုံးလုလင် ဖြစ်ပြီးနောက်တွင် ပုံနှိပ်တိုက် တစ်တိုက်၌ စာပြင်ဆရာ ဖြစ်လာခဲ့သည်။

ဘရောင်းသည် သိပ္ပံဝတ္ထုများနှင့် စုံထောက်ဝတ္ထုများကို အများအပြား ရေးခဲ့ပြီး လှည့်ကွက်ကလေးများနှင့် အဆုံးသတ်လေ့ ရှိသော သူ့ဝတ္ထုတိုများကြောင့် လူကြိုက်များသည်။ ‘ရူးသွပ်နေသော စကြာဝဠာ’ အမည်ရှိ ဝတ္ထုသည် သိပ္ပံစာရေးဆရာများနှင့် သိပ္ပံဝတ္ထု ဖတ်သူများကို လှောင်ထားသည့် ဝတ္ထုဖြစ်ပြီး သူ၏ အကောင်းဆုံး ဝတ္ထု ဖြစ်သည်ဟု ဆိုကြသည်။ ၁၉၇၈ ခုနှစ်တွင်အမေရိကန်ပြည် အာရီဇိုနား ပြည်နယ်တွင် ကွယ်လွန်ခဲ့သည်။

ယခု ဖော်ပြပါ ဝတ္ထုတိုမှာ တစ်ပုဒ်စီ ဖြစ်သည်။ ဟာသဝတ္ထုတို စာမျက်နှာ အနည်းငယ်မျှဖြင့် ရေးပြသွားသည်ကို ထောက်၍ သူ၏ ဟာသဉာဏ်ကို အကဲခတ် နိုင်ရာသည်။ ထို့ပြင် ကမ္ဘာတွင် အတိုဆုံးသော သိပ္ပံဝတ္ထုတိုကိုလည်း ရေးခဲ့သူ ဖြစ်သည်။ သူ့ဝတ္ထုတို အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

‘နောက်ဆုံး အဏုမြူ စစ်ပွဲကြီး ပြီးသွားသည့်နောက်တွင် ကမ္ဘာမြေကြီးသည် သေဆုံးသွား၏။ မည်သည့် အပင်မျှ မပေါက်။ မည်သည့် သတ္တဝါမျှ အသက်မရှင်၊ နောက်ဆုံးလူသည် အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေ၏။ ထိုစဉ် တံခါးခေါက်သံ ပေါ်လာလေ၏’။

မြန်မာပြန်ဆိုသူ (မြသန်းတင့်)

ရှုမဝ မဂ္ဂဇင်း၊ အတွဲ ၄၀၊ အမှတ် ၄၇၄၊ နိုဝင်ဘာလ၊ ၁၉၈၆။