ဝတ္ထုတိုများစုစည်းမှု့

ကမ္ဘာကုန်ကျယ်သရွေ့

(နောက်ဆုံးထုတ် ကမ္ဘာ့ဘဏ် စာရင်းများအရ ကမ္ဘာ့ လူဦးရေသည် ၁၉၆၀ ခုနှစ်တွင် သန်းပေါင်း ၃၀၃၇၊ ၁၉၈၄ ခုနှစ်တွင် သန်းပေါင်း ၄၇၅၀ ဖြစ်ပြီး သက္ကရာဇ် ၂၀၂၅ ခုနှစ်တွင် သန်းပေါင်း ၈၂၉၇ ရှိမည်ဟု ခန့်မှန်းထားသည်။ ယခု ဝတ္ထုတိုကို ရေးသူမှာ အင်္ဂလိပ်လူမျိုး သိပ္ပံ စာရေးဆရာနှင့် လူဦးရေဗေဒ ပညာရှင် ဂျိမ်းဘောလဒ် ဖြစ်ပြီး ဝတ္ထုကို ကမ္ဘာ့လူဦးရေ သန်းပေါင်းနှစ်သောင်း ရှိမည့်အချိန်တွင် နောက်ခံပြု ရေးထားသည်။ ကမ္ဘာ့လူဦးရေ များပြားလွန်းသည့် အတွက် ကမ္ဘာ့ကွက်လပ်များ အားလုံးကို လယ်ယာများနှင့် စက်မှုထုတ်ကုန်များ ထုတ်သည့် စက်ရုံကြမ်းပြင်များ အဖြစ် ပြောင်းထားရပြီး လူများမှာ မက်ဂါစီးတီးခေါ် မဟာမြို့ကြီးများတွင် စုပြုံနေကြရသည်။ ကျေးလက်ဟူ၍ မရှိတော့။ မြို့ကြီးများတွင် စုပြုံနေရသည့် အတွက် မြို့များတွင် ယာဉ်များ သွားစရာ မရှိ။ လမ်းမပေါ်တွင် ခြေကျင် လျှောက်နေကြရသည်။ လူတစ်ဦးလျှင် ဆယ်ပေခန့် ရှိသည့် အကန့်လေးတွေ ဖွဲ့ပြီး နေရာချထားပေးရသည်။

ကမ္ဘာ့လူဦးရေသည် ဂဲဩဓမထရီနှုန်း အတိုင်း တိုးတက်နေသည်။ လူဦးရေသည် စားနပ်ရိက္ခာ ထုတ်လုပ်နိုင်သည်ထက် များလာနေသည်။ ထို့ကြောင့် လူမှုရေး၊ စာရိတ္တရေးရာတို့ဖြင့် လူဦးရေ ကန့်သတ်ရေးကို လုပ်ရမည်ဟူသော အင်္ဂလိပ် ဘောဂဗေဒ ပညာရှင် မဲလ်သပ်စ်၏ အယူအဆကို ဘောလဒ် လက်ခံသည်။

ဤဝတ္ထု၌ ဘောလဒ်သည် ထိုခေတ်တွင် ကြုံတွေ့ရမည့် ပြဿနာများ၊ လူမှုရေး ကိစ္စများ၊ ပဋိပက္ခများကို တင်ပြထားသည်။)

——–

မနက် လင်းအားကြီးမှ စ၍ ညမိုးချုပ်အထိ လှေကားတစ်လျှောက်မှ တက်သံ၊ ဆင်းသံတွေကို ဝါ့ဒ်၏ အခန်းကျဉ်းကလေး ထဲမှ ကြားနေရသည်။ သူ့အခန်းမှာ လေးထပ်နှင့် ငါးထပ်သို့ တက်သည့် လှေကားခြေရင်း အကွေ့ ချောင်ကလေးထဲတွင် ရှိပြီး နံရံကို အထပ်သား ပါးပါးကလေးတွေ ကာထားသည်။ လှေကားပေါ်သို့ ခြေတစ်ချက် ချလိုက်သည်နှင့် သူ့အခန်းနံရံ ပါးပါးကလေးသည် ကွေးညွတ်သွားကာ အိုမင်းစပြုနေသည့် လေရဟတ်ကြီး တစ်ခုမှ သစ်သားမောင်းတံကြီးများလို တကျီကျီ မြည်နေကြသည်။ အပေါ်ထပ်တွင် အထပ်သုံးထပ် ရှိပြီး ထိုအထပ်သုံးထပ်တွင် လူတစ်ရာကျော် နေထိုင်လျက် ရှိသဖြင့် ညဆိုလျှင် ဝါ့ဒ် ခမျာ ကောင်းကောင်း မအိပ်ရ။ မနက် နှစ်နာရီ သုံးနာရီအထိ ခြေသံများကို ကြားနေရသည်။ အချို့မှာ တစ်မိုင်ခန့် အကွာတွင် ရှိသည့် ညလုံးပေါက်ရုပ်ရှင်မှ ပြန်လာကြခြင်း ဖြစ်၏ တစ်ခါတစ်ရံတွင် ရုပ်ရှင် အသံချဲ့စက်မှ ပေါ်ထွက်လာသော ရုပ်ရှင်ဇာတ်ဆောင်တို့၏ စကားပြောသံများကို ဗလုံးဗထွေး ကြားရတတ်သေးသည်။ ထိုနေရာမှာအားကစားရုံလည်း ဖြစ်ရာ ဘယ်တော့မျှ အားသည်ဟူ၍ မရှိတော့။ နေ့လယ်ဆိုလျှင် ရုပ်ရှင်ပိတ်ကားကြီးကို လိပ်တင်ထားလိုက်ပြီး အားကစားပွဲများ၊ ဘောလုံးပွဲများ တစ်နေကုန် ကျင်းပတတ်သည်။ ညဆိုလျှင် ရုပ်ရှင်ပြလေ့ရှိသည်။ ကွင်းနားတွင် ကပ်နေသည့် အိမ်များမှ လူများအဖို့မူ မည်မျှ ဆူညံမည်ကို ဆိုဖွယ်မရှိတော့။

ဝါ့ဒ်မှာမူ ကိုယ်ပိုင်လွတ်လပ်မှုကလေး ရှိသေးသည့်အတွက် တော်သေးသည်ဟု ဆိုရမည်။ သည်အိမ်ကို မပြောင်းမီ လွန်ခဲ့သည့် နှစ်လလောက်က ၇၅၅ လမ်းမှ အိမ်တစ်အိမ် အောက်ဆုံးထပ်တွင် လူခုနှစ်ယောက်နှင့်အတူ တစ်ခန်းတည်း နေခဲ့ရဖူးသည်။ အိမ်မှာ လမ်းမနှင့် ကပ်လျက်ရှိသဖြင့် သူ့ ပြတင်းပေါက်ဘေးတွင် လမ်းသွားလမ်းလာတွေ ဥဒဟို ဖြတ်သန်းနေသည်။ လမ်းတစ်ခုလုံး လူတွေပြည့်လျက်။ ခြေသံတွေက တရှပ်ရှပ်၊ စကားပြောသံတွေက တညံညံ။ မနက်ခြောက်နာရီခွဲ အိပ်ရာမှနိုးပြီး အိမ်သာသို့သွား၍ တန်းစီသည်နှင့် တစ်ပြိုင်နက် သူတို့အိမ်ဘေးက စင်္ကြံများပေါ်တွင် လမ်းသွားလမ်းလာတွေ ပြည့်နှက်နေလေပြီ။ ခပ်လှမ်းလှမ်းရှိ မီးရထားကုန်းကြီးပေါ်မှ မီးရထားကလည်း မိနစ်ဝက်လျှင် တစ်စင်း တဝေါဝေါအော်၍ ဖြတ်သွားသည်။ လှေကားခြေရင်းမှ အကန့်ကလေးတစ်ကန့် ငှားရန် ကြော်ငြာကို တွေ့လိုက်သည်နှင့် အချိန်ဆွဲမနေတော့။ ဈေးကြီးသည့်တိုင် ချက်ချင်း ပြောင်းလာခဲ့သည်။ (အခြားသူများကဲ့သို့ပင် ဝါ့ဒ် သည် အားအားရှိလျှင် သတင်းစာ ကြော်ငြာများကို လျှောက်ဖတ်လေ့ရှိကာ ပျမ်းမျှအားဖြင့် နှစ်လလျှင်တစ်ကြိမ်ကျ အခန်းပြောင်းတတ်၏။) လှေကားရင်းတွင် အခန်းကလေးတစ်ခန်း ရသည်ဆိုလျှင် ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေနိုင်လေပြီ။

သို့ရာတွင် လမ်းဆုံကျသဖြင့် ဧည့်များသည်။ ညနေတိုင်ဆိုလျှင် စာကြည့်တိုက်တွင် အလုပ်လုပ်သည့် သူ့လုပ်ဖော်ကိုင်ဖက်များ ရောက်လာတတ်ကြပြီး နားနားနေနေ ဝင်လာတတ်ကြသည်။ အကန့်ကလေးမှာ သိပ်မကျယ်လှ။ ကြမ်းပြင်ဧရိယာဖြင့် တွက်လျှင် စတုရန်းမီတာ လေးမီတာခွဲသာသာ ကလေးမျှသာ ရှိလိမ့်မည်။ အစိုးရက သတ်မှတ်ထားသည့် လူတစ်ယောက် နေရမည့် အကျယ်အဝန်းနှင့်စာလျှင် မီတာဝက်လောက်သာ ကျယ်သည်။ သည်အိမ်ကို ဆောက်စဉ်က လက်သမားများက မီးဖိုခေါင်တိုင်ဘေး နေရာကလေးကို ခိုး၍ဆောက်ထားကြသဖြင့် သည်လောက်ကျယ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဝါ့ဒ်သည် အိပ်ရာနှင့် တံခါးမကြီးကြားတွင် နောက်မှီကုလားထိုင် ခပ်သေးသေးတစ်လုံး ချစရာ နေရာရသွားသည်။ ဧည့်သည်စောင်သည် လာလျှင် တခြား တစ်ယောက်ခန်းတွေမှာလို အိပ်ရာပေါ်တွင်ထိုင်၍ ဧည့်ခံစရာ မလိုတော့ဘဲ ကုလားထိုင်လေး ဘာလေးနှင့် ဧည့်ခံနိုင်သည်။

သူ့ဆီသို့ မကြာခဏ အလည်လာလေ့ရှိသော ရိုဆီးတားက ခုတင်ပေါ်တွင် လှဲ၍ အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ရင်း …

“ဒီအကန့်ကလေး ရတာ ခင်ဗျား သိပ်ကံကောင်းတာပဲဗျာ၊ အခန်းကလည်း ကျယ်တယ်၊ ရှုခင်းမြင်ခင်းလည်း ကောင်းတယ်၊ အနည်းဆုံး ငါးမီတာ ခြောက်မီတာလောက်တော့ ကျယ်မှာပဲနော်”

ဝါ့ဒ်က ခေါင်းကို သွက်သွက်ခါအောင် ယမ်းလိုက်၏။ ရိုဆီးတားသည် သူ၏ ရင်းနှီးသော မိတ်ဆွေ အပေါင်းအသင်း ဖြစ်သည်မှာ မှန်ပါ၏။ သို့ရာတွင် သည်အကန့်ကလေးထဲတွင် သူ့အတွက် နေရာခွဲမပေးနိုင်၊ သူပြောင်းလာမည် ဆိုလျှင် မည်သို့ လုပ်မည်နည်း။

“သိပ်မကျယ်ပါဘူးဗျာ၊ လေးမီတာခွဲပဲ ရှိတာပါ၊ ကျွန်တော် သေသေချာချာ တိုင်းကြည့်ပြီးပြီ၊ အတိပဲ”

ရိုဆီးတားက မျက်လုံးကို ပင့်လိုက်ရင်း …

“ဒီလိုဆိုရင် မျက်နှာကြက်ကြောင့် ထင်တယ်”

အချို့သော အိမ်ရှင်များသည် သူတို့အိမ်ကို ကျယ်သည်ဟု ထင်ရအောင် မျက်နှာကြက်ကို တစ်မျိုးတပ်ထားလေ့ ရှိကြသည်။ အများအားဖြင့် အိမ်အကျယ်အဝန်းကို ခန့်မှန်းကြသည်ဆိုလျှင် မျက်နှာကြက်ကိုပင် အလွယ်တကူ ကြည့်၍ ခန့်မှန်းကြစမြဲဖြစ်၏ သုံးထပ်သားအကာများကို တပ်ဆင်ရာတွင် ရိုးရိုးတပ်ဆင်ခြင်းမပြုဘဲ ဇလားပုံဖြစ်အောင် အပေါ်တွင် ဘေးကားပြီး အရှင် တပ်ထားခြင်းဖြစ်ရာ အိမ်ငှားတွေ လာကြည့်လျှင် ထိုအခန်းသည် အကျယ်ကြီးဟု ထင်ရသည်။ (သို့ဖြင့် ညားခါစ ဇနီးမောင်နှံတို့မှာ ထိုအခန်းမျိုးကို အကျယ်ကြီးထင်သဖြင့် တစ်ခန်းတည်း ငှားသွားကြသဖြင့် ဒုက္ခရောက်ပေါင်း များလှပြီ) အိုးအိမ်ဌာနမှ အရာရှိများ လာရောက်စစ်ဆေးလျှင် ထိုအကာများကို ပြန်ဖြုတ်၊ပြီး ဥပဒေနှင့်အညီ ပြန်၍ တပ်ထားလိုက်ကြသည်။ ထို့ကြောင့် အိမ်ငှားများမှာ ထိုအကာအရံများကို ပြန်၍တပ်သည့်အခါတွင် သူ့နေရာ ကိုယ့်နေရာကို မှတ်သားထားကြရသည် ဖြစ်ရာ မျက်နှာကြက်ပေါ်၌ ခဲတံအမှတ်ရာတွေ ပြည့်နေသည်။ အခွင့်အရေး မတောင်းတတ်သူ၊ စကားနည်းသူတို့မှာ သည်လိုနှင့် နယ်ချဲ့ခံရပြီး တဖြည်းဖြည်း ကျဉ်းလိုက်လာသော အခန်းကလေးထဲတွင် နေရတော့သည်။ ထို့ကြောင့်ပင်လျှင် အိမ်ငှားရန်ကြော်ငြာများထဲ၌ “အေးချမ်းစွာ နေတတ်သော အိမ်ငှားများ အလိုရှိသည်” ဟူသော ကြော်ငြာမျိုးများ ပါနေခြင်း ဖြစ်ဟန်တူသည်။

“နံရံက အပေါ်ဘက်မှာ နည်းနည်းကားထွက် နေတယ်ဗျ၊ အနည်းဆုံး လေးဒီဂရီလောက်တော့ ဘေးကိုကားနေတယ် ထင်တယ်၊ ရေပိုက်တစ်ခုအတိုင်း ကပ်ပြီး ချဲ့ထားတာ၊ ဒီလောက်ကလေး ချဲ့ရုံနဲ့တော့ လှေကား အတက်အဆင်းက လူတွေအဖို့ ဘာမှ မထိခိုက်ပါဘူး”

ရိုဆီးတားက ပြုံးလိုက်သည်။

“ဘာပဲဖြစ်ဖြစ်ဗျာ … ခင်ဗျားအခန်းကိုတော့ သဘောကျနေပြီ၊ ကျွန်တော့်အခန်းကိုတော့ စိတ်ကုန်လွန်းလို့”

ရိုဆီးတားက သူ့နေရာကို “အခန်း” ဟု သုံးသွားသည်။ သို့ရာတွင် အခန်းဟု မဆိုသာ။ လှောင်အိမ်အကန့်ကလေး တစ်ခုသာ ဖြစ်၏။ သို့ရာတွင် လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်၊ လူတွေ အခန်းတွေနှင့် နေစဉ်၊ အိမ်ကြီးရခိုင်တွေနှင့် နေစဉ်၊ အခန်းစုံတွေနှင့် နေစဉ် ကာလက သုံးစွဲခဲ့ကြသည့်အတိုင်း ယခုလည်း သူ့လှောင်အိမ်ကလေးကို “အခန်း” ဟု နှုတ်ကျိုးခေါ်နေခြင်း ဖြစ်သည်။ သူအလုပ်လုပ်သည့် စာကြည့်ပိဋကတ်တိုက်ထဲမှ မိုက်ကရိုဖလင်များထဲရှိ ဗိသုကာပုံစံများထဲတွင် ကျယ်ပြန့်သောပြတိုက်ကြီးများ၊ ကပွဲခန်းမဆောင်ကြီးများ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံကြီးများကို သူ မြင်ဖူးသည်။ ကျယ်ပြန့် လိုက်သည့် အဆောက်အအုံကြီးတွေ။ လူသူ အသွားအလာကလည်း ရှင်းပါဘိခြင်း။ ခန်းမကြီးထဲတွင် လှေကားကြီးများပေါ်တွင် ယောင်လည်လည်ဖြင့် သွားလာနေသော လူနှစ်ယောက်စ သုံးယောက်စကိုသာ တွေ့ရသည်။ လမ်းမကြီးများ အလယ်ကောင်တွင် ယာဉ်များသည် လွတ်လပ်စွာ မောင်းနှင်နေကြသည်။ လူနေအိမ်ခြေကျဲသော အရပ်များတွင်မူ လမ်းဘေးစင်္ကြံများမှာ ကိုက်ငါးဆယ်ခန့် တစ်ဝိုက်လောက်ကျမှ လူတစ်ယောက်စ နှစ်ယောက်စကိုသာ တွေ့ရသည်။

ယခုခေတ်တွင်မူ အိမ်ကြီးများကို ဖြိုချပစ်ကာ အခန်းစုံများ၊ တိုက်တန်းလျားများကို ဆောက်လုပ်နေကြလေပြီ။ မြို့တော်ခန်းမရှိ ညစာစားပွဲများ ကျင်းပရာ ခန်းဆောင်ကြီးမှာ လေးစိတ်ပိုင်းပြီး တစ်စိတ်တစ်စိတ်လျှင် အခန်းကျဉ်းကလေးတွေ ပြန်ဖွဲ့ထားပြီ။

လမ်းမကြီးများပေါ်တွင်လည်း ယာဉ်အသွားအလာတို့ မရှိကြတော့။ မနက်အရုဏ်တက်အချိန်၊ လမ်းဘေးစင်္ကြံများပေါ်တွင် လူတွေအသွားအလာ ရှုပ်ချိန်မှအပ ကျန်အချိန်များတွင်မူ လမ်းမကြီးများတွင်လည်း လူတွေ ကြိတ်ကြိတ်တိုး ခြေကျင်သွားလာနေကြပြီ။ သူတို့ခေါင်းပေါ်တွင် “လက်ဝဲဘက်မှ ကပ်လျှောက်ပါ” ဆိုသည့် မီးပွိုင့်ဆိုင်းဘုတ်များ ရေးထားသည့်တိုင် လမ်းမတစ်ခုလုံး ခြေကျင်သွားနေသူများနှင့် ပြည့်နှက်နေသည်။ သူတို့အဝတ်အစားများမှာ ဖုန်တွေ အလိမ်းလိမ်းကပ်လျက်။ တချို့က ရုံးသွားကြသူများဖြစ်ပြီး တချို့က အလုပ်မှပြန်လာသူများ ဖြစ်ကြသည်။ လမ်းဆုံလမ်းခွများသို့ရောက်လျှင် လူအုပ်ကြီးမှာ ကျပ်ခဲလျက်ရှိကာ တိုးမပေါက်နိုင်အောင် ဖြစ်နေသည်။ တစ်ခါတစ်ရံ၌ ထိုလမ်းဆုံလမ်းခွတွင် ကျပ်ခဲနေသည့် လူအုပ်ကြီးမှာ တိုး၍မရသဖြင့် ရက်ပေါင်းများစွာကြာသည်။ လွန်ခဲ့သည့် နှစ်နှစ်လောက်တုန်းကပင် ဝါ့ဒ်သည် အားကစားကွင်းမှ အိမ်သို့ပြန်လာခဲ့စဉ် အားကစားကွင်းသို့ လာသူနှင့် အားကစားကွင်းမှ ပြန်လာသူတို့ လူအုပ်ကြီးနှစ်အုပ် ထိပ်တိုက်တိုးမိနေသဖြင့် ထိုလူအုပ်တွင် နှစ်ရက်လုံးလုံး ပိတ်မိနေခဲ့ဖူးရာ သုံးရက်မြောက်နေ့ကျမှ အိမ်ပြန် ရောက်သည်။ စတုရန်းတစ်မိုင်ခန့် ကျယ်သည့် ထိုအနီးအနား ရပ်ကွက်တစ်ခုလုံးမှာ လူတွေပိတ်နေသဖြင့် ဘယ်ကိုမှလည်း သွားလာ၍မရတော့ဘဲ ဖြစ်ခဲ့ရသည်။ ရှေ့မှ တရွေ့ရွေ့သွားနေသော လူအုပ်ကြီးထဲတွင် ညပ်ပါသွားကာ ခြေ မြေမထိ ဖြစ်ခဲ့ရသည်။ တစ်ခါတွင်လည်း လဲကျသွားသဖြင့် လူနင်းပင် ခံလိုက်ရသေးသည်။ နောက်ဆုံး၌ ရဲများရောက်လာကာ အားကစားကွင်းကို ပိတ်ပစ်လိုက်ပြီး လူအုပ်ကြီးကိုရှင်းတော့မှ သူ အိမ်ပြန်ရောက်လာသည်။ သူ့ လှောင်အိမ်အခန်းမြှောင်ကလေး ထဲသို့ ရောက်လာသည့်အခါကျမှ နှစ်ရက်စာ အတိုးချပြီး တစ်ပတ်လုံးလုံး အိပ်ပစ်လိုက်သည်။

“အစိုးရက လူတစ်ယောက်ကို အရင်ကပေးထားတဲ့ နေရာထက် လျှော့ပစ်လိုက်တော့မယ်တဲ့၊ တစ်ယောက်ကို သုံးမီတာခွဲပဲ ပေးတော့မယ်တဲ့”

ရိုဆီးတားက ပြော၏။ ထိုစဉ် အပေါ်ခြောက်ထပ်မှလူတွေ လှေကားမှ ဆင်းလာသဖြင့် ဝါ့ဒ်သည် တံခါးမင်းတုပ် ပြုတ်ထွက်မသွားအောင် တံခါးကို တွန်းထားလိုက်သည်။

“ကောလာဟလတွေ ဖြစ်နေတာကတော့ ကြာပါပြီ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဒီသတင်းကို ကြားနေတာပဲ”

“ကောလာဟလမဟုတ်ဘူးဗျ … တကယ်၊ မလျှော့လို့လည်း မဖြစ်တော့ဘူးလေ၊ ခု ကျွန်တော်တို့မြို့မှာ လူဦးရေ သန်းပေါင်း သုံးဆယ် ရှိနေပြီ၊ တစ်နှစ်အတွင်းမှာ လူတစ်သန်းတိုးလာတယ် မဟုတ်လား၊ ခု အိုးအိမ်ဌာနက စဉ်းစားနေပြီ”

ဝါ့ဒ် ခေါင်းယမ်းသည်။ သူတို့စီမံကိန်းသည် မဖြစ်နိုင်။ လူတစ်ယောက်ကို သုံးမီတာမျှသာ ခွဲပေးသည်ဆိုလျှင် အားလုံးအစကနေ ပြန်စရတော့မည်။ ရှိနေသည့် အဆောက်အအုံတွေ၊ အကာအရံတွေ အားလုံးကို ပြန်ဖျက်ပစ်ရမည်။ အခန်းကျဉ်းကလေးတွေ ပြန်ဖွဲ့ရမည်။ လက်တွေ့လုပ်ဖို့ မပြောနှင့်။ စီမံခန့်ခွဲဖို့ကိစ္စပင်လျှင် မလွယ်။ သန်းပေါင်းများစွာသော အခန်းမြှောင်ကလေးများကို ပြန်၍ပုံစံထုတ်ပေးရမည်။ မှန်ကန်ကြောင်း လက်မှတ်ထိုးရမည်။ လိုင်စင်ထုတ်ပေးရမည်။ အိမ်ထောင်စုများကို ပြန်၍ နေရာချထားရဦးမည်။ ပြီးခဲ့သည့် စီမံကိန်းအရ အဆောက်အအုံများကို လူတစ်ယောက်လျှင် လေးမီတာကျဖြင့် ပုံစံထုတ်၍ ဆောက်ခဲ့ပြီးဖြစ်ရာ ယခု သူတို့အထဲမှ တစ်ခန်းလျှင် မီတာဝက်စီလျှော့၍ အသစ်ပြန်ဆောက်ရမည် ဆိုခြင်းမှာ အပြောလွယ်သလောက် အလုပ်ခက်သည်။ ထိုသို့ဆောက်လိုက်လျှင် အခန်းသစ်တွေ ပိုထွက်လာဦးမည်ဟု ဆိုင်ရာတို့က တွက်ကြသည်။

“လူတစ်ယောက်ကို သုံးမီတာခွဲသာ နေရာပေးရင် ဘယ့်နှယ်လုပ် နေလို့ ဖြစ်မှာလဲဗျာ” ဟု ဝါ့ဒ်က ရယ်၍ ပြောလိုက်၏။

ရိုဆီးတားက …

“ဒါကတော့ ခင်ဗျားထင်တာကိုးဗျ။ လွန်ခဲ့တဲ့စီမံကိန်းတုန်းက လူတစ်ယောက်ကို ငါးမီတာကနေပြီး လေးမီတာကို လျှော့ချပစ်ခဲ့တုန်းကလည်း ဒီလိုပဲ ပြောခဲ့ကြတာပဲ၊ ဒီလောက် ကျဉ်းကျဉ်းကလေးမှာ ဘယ့်နှယ်လုပ်နေမလဲ၊ မတ်တတ်ရပ်နေရမှာလား ဘာလားနဲ့ ပြောခဲ့ကြတယ် မဟုတ်လား၊ ခုတင်ကလေးတစ်လုံးနဲ့ လက်ဆွဲအိတ်ကလေးတစ်လုံး ချလိုက်ရင် အခန်းပြည့်သွားပြီ မဟုတ်လား၊ အခန်းထဲဝင်ရင် တံခါးကို ဘယ့်နှယ်လုပ်ပြီး ဖွင့်တော့မှာလဲလို့ ပြောခဲ့ကြတယ် မဟုတ်လား၊ အဲဒီတော့ ဆိုင်ရာက တံခါးတွေကို အတွင်းဖွင့် မလုပ်ရဘူး၊ အပြင်ကိုဖွင့်ရမယ်လို့ အမိန့်ထုတ်လိုက်တယ်လေ၊ ဟော … ၊ ခုတော့ ဖြစ်လို့၊ ကျွန်တော်တို့ ခင်ဗျားတို့ လေးမီတာကျယ်တဲ့ လှောင်အိမ်ကလေးထဲမှာ နေနေရပြီ မဟုတ်လား”

ဝါ့ဒ်က နာရီကို ကြည့်လိုက်၏။ အချိန်မှာ ည ခုနှစ်နာရီခွဲ။

“အင်း … ထမင်းစားချိန်တောင် ရောက်ပြီဗျို့၊ လမ်းတစ်ဖက်က စားသောက်ဆိုင်ကို ရောက်အောင် ဘယ်နှစ်နာရီကြာကြာများ တိုးဝှေ့သွားနေရဦးမလဲ မသိဘူး”

သူတို့နှစ်ယောက်သည် ညည်းညည်းညူညူဖြင့် လှောင်အိမ်ကလေးထဲမှ အောက်သို့ ဆင်းလာခဲ့ကြသည်။ လှေကားပေါ်တွင်လည်း လူတွေ ပစ္စည်းတွေ အပြည့်။ တက်သူ၊ ဆင်းသူနှင့် အထုပ်အပိုးတွေကြောင့် လှေကားလက်ရန်းနားတွင် နေရာ ကျဉ်းကျဉ်းကလေးသာ ကျန်သည်။ အောက်ထပ်တွင်ကား လူတွေ ကြိတ်ကြိတ်တိုးနေလိုက်ပုံမှာ ဆိုဖွယ်မရှိတော့။ စင်္ကြံများပေါ်တွင်လည်း လူတွေ။ တချို့က သစ်သားပြားတွေထောင်ပြီး ယာယီအကာအရံ လုပ်ထားကြသည်။ ထိုအကာအရံများပေါ်တွင် ရေစိုအဝတ်တွေလှန်းလျက်။ လေက အနံ့အသက်တို့ဖြင့် မွှန်လျက်။ အောက်ထပ်တွင် အခန်းငါးခန်းရှိရာ တစ်ခန်းစီတွင် လူတစ်ဒါဇင်လောက် နေရသည့်အတွက် သူတို့စကားပြောသံ၊ ရန်ဖြစ်သံ၊ ရယ်သံများသည် အကာအရံများကို ပဲ့တင်ရိုက်ခတ်နေကြသည်။

ဒုတိယအထပ်တွင်မူ လှေကားထစ်များပေါ်တွင် လူတွေထိုင်နေကြသည်။ မီးသတ်ဥပဒေအရ လှေကားများပေါ်တွင် ထိုင်ခွင့်မရှိသော်လည်း ကိုယ်ပိုင်နားနေခန်း မရှိသည့်အတွက် လှေကားထစ်ပေါ်မှာပင် နားနားနေနေ ထိုင်နေကြခြင်းဖြစ်သည်။ အဝတ်လျှော်ခန်းတွင် ယောက်ျားများက တန်းစီလျက်။ မိန်းမများက လှေကားထစ်ပေါ်တွင်ထိုင်ရင်း သူတို့ယောက်ျားများကို စကားပြောလျက်။ ကလေးများက သူတို့အနီးတစ်ဝိုက်တွင် ကျွမ်းပစ် ဆော့ကစားလျက်။ တံခါးမကြီးနားသို့ ရောက်သည့်အခါတွင် ဝါ့ဒ်နှင့် ရိုဆီးတားတို့သည် ထိုင်နေကြသည့် မိန်းမများ၊ အထုပ်အပိုးများနှင့် အပြင်မှ ဝင်လာသူသူများကို တိုးဝှေ့၍ မနည်းထွက်လာခဲ့ကြရသည်။

အပြင်ဘက် လှေကားထစ်ပေါ်သို့ ရောက်သည့်အခါတွင် ဝါ့ဒ်က သက်ပြင်းကြီးတစ်ချက်ကို ချလိုက်ရင်း လမ်းတစ်ဖက်ရှိ စားသောက်ဆိုင်ကို လက်ညှိုးထိုးပြသည်။ လမ်းတစ်ဖက် စားသောက်ဆိုင်မှာ ကိုက်သုံးဆယ်ခန့်သာ ကွာသည့်တိုင် သူတို့ရှေ့တွင် ဒီရေတွေ တဝေါဝေါ တက်လာသည့် မြစ်ကြီးတစ်စင်းလို လူတွေ ကြိတ်ကြိတ်တိုးနေသည့် လမ်းမကြီးတစ်လမ်း ခြားနေသည်။ အားကစားကွင်းမှ ရုပ်ရှင်ပထမပွဲမှာ ကိုးနာရီခွဲတွင် စပြမည်ဖြစ်သဖြင့် လက်မှတ်ရရန် ရုပ်ရှင်ရုံဆီသို့ သွားနေကြခြင်း ဖြစ်၏။

“ဒီပြင်နေရာ မရှိတော့ဘူးလားဗျာ” ဟု ရိုဆီးတားက မျက်နှာရှုံ့မဲ့ကာ စားသောက်ဆိုင်ဘက်သို့ လှမ်းကြည့်ရင်းမေးသည်။ စားသောက်ဆိုင်ထဲတွင်လည်း လူတွေပြည့်ကျပ်လျက်။ ဆိုင်ထဲသို့ရောက်သည့်တိုင် အနည်းဆုံး နာရီဝက်လောက်တော့ စောင့်ရဦးမည်။ ထို့ပြင် ထိုဆိုင်မှ အစားအသောက်ကလည်း မကောင်းလှ။ စာကြည့်တိုက်မှ လေးပြအကွာတွင်ရှိသည့် စားသောက်ဆိုင်မှာ အချက်အပြုတ်ကောင်းသည်။ ထို့ကြောင့် ထိုဆိုင်သို့ သွားချင်သည်။

ဝါဒ့် ပခုံးကို ချီပြလိုက်ရင်း …

“အံမာလေး၊ အဲဒီကိုရောက်ဖို့က မနည်းသွားရမှာဗျ၊ ရှေ့ကို ကိုက်နှစ်ရာလောက် လျှောက်ရဦးမှာ၊ ဒီလောက် လူတွေကြားထဲမှာ တော်တော်နဲ့ရောက်မှာ မဟုတ်ဘူး”

“အင်း … ခင်ဗျားပြောတာလည်း ဟုတ်တော့ ဟုတ်ပါတယ်လေ၊ ခင်ဗျားက ရုံးနဲ့အိမ်အပြင် ဘယ်ကိုမှ မသွားတော့ လူတောတိုးရမှာ စိတ်ညစ်တာပေါ့၊ ကျွန်တော်တို့တော့ မတတ်နိုင်ဘူးဗျို့၊ ဒီလိုပဲ တိုးတိုးဝှေ့ဝှေ့နဲ့ သွားနေရတာပဲ”

ရိုဆီးတားက သူ့ပခုံးကို ဖက်၍ပြောသည်။

ဝါ့ဒ်က ခေါင်းညိတ်သည်။ ရိုဆီးတား ပြောသည့်အတိုင်း မှန်သည်။ မနက် သူ စာကြည့်တိုက်သို့ အလုပ်သွားလျှင် သူနှင့်အတူ မြို့လယ်ကောင်သို့ ခြေကျင်သွားနေကြသော လူတန်းကြီးနှင့် ပါသွားသည်။ ညနေအလုပ်က ပြန်လျှင်လည်း ထိုလူတန်းကြီးဖြင့်ပင် ပြန်ပါလာသည်။ ဝါ့ဒ်သည် သူ့အချိန်ဇယားကို ဘယ်တော့မျှ မပြောင်း၊ ထိုအတိုင်း ပုံမှန်သွားသည်။ ဝါ့ဒ်သည် ဆယ်နှစ်သားလောက်ကတည်းက မြို့ထဲရှိ ဘော်ဒါသို့လာ၍ ကျောင်းတက်ခဲ့ရာ ယခု သူ အလုပ်ရသည့် အခါတွင်လည်း မြို့အရှေ့ပိုင်းတွင် နေသော မိဘများနှင့် တဖြည်းဖြည်း အဆက်အသွယ် ပြတ်လာခဲ့သည်။ မိဘများထံ သွားလည်ချင်သည့်တိုင် မလည်ဖြစ်ခဲ့။ မိဘအိမ်သို့ ရောက်လျှင် ကော်ဖီကောင်းကောင်းကလေး တစ်ခွက်၊ ဟင်းကောင်းကောင်းကလေး တစ်ခွက် စားရမည်ကို သိသော်လည်း မြို့လယ်ကောင်ကို ဖြတ်သွားရမည်ကို ကြောက်သဖြင့် ထိုအကြံကို လက်လျှော့လိုက်ရသည်။ သူ့အလုပ်မှာ စာကြည့်တိုက်တွင် ဖြစ်သဖြင့် လူငယ် လူရွယ် အမျိုးမျိုးနှင့် ဆက်ဆံရသည်။ သူလည်း မကြာခင် အိမ်ထောင်ကျ၊ စာကြည့်တိုက်နားတွင် အခန်းမြှောင်ကလေး နှစ်ခန်းငှား၊ သားသမီးတွေ မွေးရတော့မည်။ (အများဆုံး သုံးယောက်သာ မွေးရမည်ဟု ကန့်သတ်ထားသည်) ထိုအခါတွင်မူ အိမ်ခန်းငယ်ငယ်ကလေး တစ်ခုလောက် ဝယ်နိုင်မည်လား။ မပြောတတ်။

သူတို့နှစ်ယောက်သည် ခြေကျင် လမ်းသွားလမ်းလာများထဲတွင် မျောပါလာကြသည်။ လူနည်းနည်းကျဲသည့် နေရာသို့ရောက်လျှင် ဘေးသို့ရှောင်ထွက်ကာ ခပ်သုတ်သုတ် လှမ်းခဲ့ကြသည်။ ဆိုင်အမိုးစွန်များ အောက်မှ တိုးတိုးဝှေ့ဝှေ့နှင့် လျှောက်လာခဲ့ကြကာ စားသောက်ဆိုင်ဆီသို့ လာခဲ့ကြ၏။ နေရာလွတ် ရှိလျှင် ရှေ့မှလူကို ရှောင်တက်ပြီး ရှေ့တက်လာလိုက်သဖြင့် လာခဲ့ရခြင်း ဖြစ်၏။ စီးကရက်ဆိုင်တစ်ဆိုင်ကို ကွေ့အတက်တွင် ဝါ့ဒ်က …

“နေစမ်းပါဦးဗျ၊ နောက်ဆုံး လူဦးရေစာရင်းက ဘယ်လောက်ရှိနေပြီလဲ”

ရိုဆီးတားက ပြုံးသည်။

“အင်း … ခင်ဗျားကြားလိုက်ရင် လန့်များသွားမလား မသိဘူး၊ အေးလေ … ကျွန်တော်ပြောရင်လည်း ခင်ဗျား ယုံချင်မှ ယုံမှာပါ”

ရိုဆီးတားမှာ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ အာမခံဌာနတွင် အလုပ်လုပ်သည့်အတွက် လူဦးရေစာရင်းကို သိခွင့်ရသူ ဖြစ်၏။ လူဦးရေစာရင်းကို လျှို့ဝှက်ထားသည်မှာ ဆယ်နှစ်ခန့်ကြာခဲ့လေပြီ။ အခြားကြောင့် မဟုတ်။ အကြောင်းနှစ်ခုကြောင့် ဖြစ်၏။ တစ်ခုမှာ ကိန်းဂဏန်းများ တိကျမှုမရှိသေးကြောင့် ဖြစ်၏။ အဓိကအကြောင်းမှာကား လူဦးရေစာရင်းကို ထုတ်ဖော်ကြေညာလိုက်လျှင် ကလော်စထရိုဖိုးဗီးယားခေါ် အကျဉ်းကြောက်ရောဂါ ဖြစ်ပွါးမည် စိုးသောကြောင့် ဖြစ်၏။ ယခုပင်လျှင် အချို့လူများတွင် ထိုရောဂါစွဲကပ် နေကြလေပြီ။ သက်ဆိုင်ရာတို့၏ ခန့်မှန်းချက်အရဆိုလျှင် ကမ္ဘာ့လူဦးရေသည် သန်းပေါင်း နှစ်သောင်းရှိနေပြီဟု ဆို၏။ သို့ရာတွင် ထိုအချက်ကို မည်သူကမျှ မယုံကြသေး။ တစ်နှစ် တစ်နှစ်လျှင် ကမ္ဘာ့လူဦးရေသည် ၁၉၆၀ ခုနှစ်ကတည်းက တစ်နှစ်လျှင် သုံးရာနှုန်းဖြင့် တိုးလျက်ရှိရာ ယခုလည်း ထိုရာနှုန်းအတိုင်း၊ ဆက်လက်တိုးနေဆဲဖြစ်သည်ဟု ဝါ့ဒ် ထင်သည်။

ထိုနှုန်းအတိုင်း မည်မျှကြာကြာတိုးနေဦးမည်ကို မည်သူမျှမပြောနိုင်။ ခေတ်သစ် မဲလ်လပ်စ်ဝါဒီ (ကမ္ဘာ့လူဦးရေသည် စားနပ်ရိက္ခာ ထုတ်လုပ်နိုင်သည်ထက် များလာနေသည်။ ထို့ကြောင့် လူဦးရေကန့်သတ်ရေးကို လူမှုရေး၊ စာရိတ္တရေးရာများဖြင့် ပြုလုပ်ရမည်ဟု ယူဆသူ) များက ကမ္ဘာ့လူဦးရေနှင့် ပတ်သက်၍ ဦးနှောက်ခြောက်နေကြသည့်တိုင် ယခုအချိန်အထိမူ ကမ္ဘာ့လယ်ယာစိုက်ပျိုးရေးသည် လူဦးရေတိုးတက်မှုကို အမီလိုက်နေသေးသည်။ လယ်ယာစိုက်ပျိုးရေးကို ဇောက်ချလုပ်ရမည်ဟု ပြောနေရခြင်းမှာ အခြားကြောင့်မဟုတ်။ ကမ္ဘာ့လူဦးရေ၏ ၉၅ ရာခိုင်နှုန်းသည် မြို့ကြီးများထဲတွင် အမြဲ လှောင်ပိတ်မိနေခြင်းကြောင့်သာ ဖြစ်သည်။ ယခုမူ မြို့ကြီးများ ဘေးသို့ ပြန့်ကားထွက်လာခြင်းကို အချိန်မီ တားဆီးထိန်းချုပ်နိုင်ခဲ့ပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် မြို့စွန်ရပ်ကွက်ဟောင်းများမှ မြေယာများကို စိုက်ပျိုးရေးအတွက် အသုံးပြုနေပြီ။ နောက်ထပ်တိုးလာသော လူဦးရေကို ဘေးသို့ပြန့်ကားအထွက် မခံတော့ဘဲ မြို့ကြီးများရှိ ရပ်ကွက်ကျဉ်းကျဉ်းကလေးထဲတွင် နေရာချထားပေး ပြီးပြီ။ ထိုသို့ဖြင့် ကျေးလက်ဟူ၍ မရှိတော့။ မြို့များပြင်ဘက်ရှိ မြေကွက်လပ် မှန်သမျှတွင် သီးနှံတစ်မျိုးမဟုတ် တစ်မျိုး စိုက်ပျိုးနေကြပြီ။ ကမ္ဘာ့မြက်ခင်းပြင်ကြီးများနှင့် ကွက်လပ်ကြီးများသည် စက်ရုံကြမ်းပြင်ကြီးများ ဖြစ်နေကြပြီး စက်မှုရပ်ကွက်ဟု သတ်မှတ်ကာ အရပ်သူအရပ်သားများအား ပိတ်ထားလိုက်ပြီ။ တစ်ခါက ကမ္ဘာ့နိုင်ငံကြီးများအချင်းချင်း စီးပွားရေးနှင့် ဝါဒရေးနယ်ချဲ့မှုများ ရှိခဲ့ကြသော်လည်း ယခုမရှိတော့။ ယခုမူ နိုင်ငံအားလုံးသည် မြို့ကြီးများအား ပြည်တွင်းကိုလိုနီများအဖြစ် ထူထောင်ရေးဟူသော အဓိကလုပ်ငန်းကို အားသွန်ခွန်စိုက် လုပ်ကိုင်နေကြပြီ။

စားသောက်ဆိုင်အဝသို့ ရောက်သည်တွင် သူတို့နှစ်ယောက်သည် ရှေ့တွင်တိုးနေသည့် လူအုပ်ကြီးကြားထဲသို့ အတင်းတိုးဝင်လာခဲ့ကြသည်။

ဝါ့ဒ်က …

“ခက်တာက ကမ္ဘာမှာ လူဦးရေများတယ် များတယ်လို့သာ ပြောနေကြတယ်၊ ဒီပြဿနာကို ဘယ်သူမှ ဖြေရှင်းဖို့ မကြိုးစားကြသေးဘူးဗျ၊ အဲဒါ အဆိုးဆုံးပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လောက်တုန်းက ဆိုရင် နိုင်ငံတွေမှာလည်း ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒက လွှမ်းမိုး၊ စက်မှုလုပ်ငန်းကလည်း တိုးတက်လာတဲ့အခါကျတော့ လူဦးရေဇယား မျဉ်းကွေးအထက်ကိုတက်ရင် ဂုဏ်ယူပြီး များများမွေးနိုင်တဲ့ မိသားစုတွေကို ဆုတွေပေးခဲ့ကြတယ်၊ အခုထိလည်း မိသားစုတိုင်းမှာ လူဦးရေ တိုးစေချင်နေကြတယ်၊ လူဦးရေတိုးပြီး အိမ်ထောင်ကြီးဖြစ်မှ ကိုယ့်အခန်းကလေး ကိုယ့်အိပ်ရာကလေးနဲ့ နေရမှာကိုး၊ တစ်ယောက်တည်းသမားတို့၊ အိမ်ထောင်ကလေးတို့ဆိုရင် အခန်းကျဉ်းကလေးနဲ့ နေရမယ် မဟုတ်လား၊ တစ်ယောက်တည်းသမားတွေကျတော့ နှစ်ယောက်ခန်းတွေမှာလည်း ထားလို့မဖြစ်၊ သုံးယောက်ခန်းတွေမှာလည်း ထားလို့မဖြစ်နဲ့ဆိုတော့ ခုဆိုရင် မြန်မြန်အိမ်ထောင်မပြုရ ကောင်းလားဆိုပြီး ဒဏ်ရိုက်တောင် ခံနေရသေးတယ်၊ အမှန်ကတော့ လူဦးရေတိုးပွားနေပြီး နေရေးထိုင်ရေးခက်ခဲတာဟာ တစ်ယောက်တည်းသမား လူလွတ်တွေကြောင့် မဟုတ်ဘူးဗျ၊ ကိုယ့်အခန်းကျယ်ကလေး ရပါစေ၊ အိမ်ရပါစေဆိုပြီး အိမ်ထောင်ကြီးဖြစ်အောင် ကြိုးစားနေတဲ့လူတွေကြောင့် ဖြစ်နေတာ”

ရိုဆီးတား ခေါင်းညိတ်သည်။ ကောင်တာနားသို့ရောက်ခါနီးသဖြင့် သူမှာမည့် အစားအသောက်ကို ပြန်စဉ်းစားလိုက်၏။

“ဟုတ်တာပေါ့၊ ဒီတော့ ကျွန်တော်တို့လည်း ခြောက်မီတာ အခန်းကလေး တစ်ခန်းလောက် ရအောင် မြန်မြန် အိမ်ထောင်ပြုမှ ဖြစ်မယ်ဗျို့”

သူတို့စကားကို ကြားသည်တွင် ရှေ့တွင်ရောက်နေသည့် မိန်းမပျိုနှစ်ဦးက သူတို့ကို လှမ်းကြည့်လိုက်သည်။ ဆံပင်နက်နက်၊ မျက်နှာသွယ်သွယ်နှင့် မိန်းမပျိုက

“အမယ် ဘယ်သူတွေများလဲလို့၊ လတ်စသတ်တော့ ရှင်တို့ကိုး၊ ဘာလဲ ခု ခြောက်မီတာအခန်းရဖို့ စိတ်ကူးနေပြီလား၊ ဘာလဲ အိမ်ပွဲစား လုပ်တော့မယ်ပေါ့”

ရိုဆီးတားက ပြုံးပြုပြီး သူ့လက်မောင်းကို ဖမ်းဆုပ်လိုက်ရင်း …

“ဟုတ်တယ် ဂျူးဒစ်ရေ၊ ဘာလဲ မင်းတို့လည်း တို့နဲ့ ရှယ်ယာ ဝင်မလား”

အမျိုးသမီးက သူ့ကို မှီတွဲပြီး ကောင်တာနားသို့ လိုက်လာရင်း …

“လုပ်တော့ လုပ်ချင်သားပဲ၊ ဒါပေမဲ့ တရားဝင်ဖြစ်မှ ကောင်းမှာနော်”

အခြားတစ်ယောက်မှာ သူတို့စာကြည့်တိုက်တွင် အလုပ်လုပ်သည့် ဟယ်လင်ဆိုသည့် စာရေးမကလေးဖြစ်၏။ သူက ဝါ့ဒ်၏ လက်မောင်းကို ဖမ်းဆွဲလိုက်ကာ …

“နောက်ဆုံးသတင်းကို ကြားပြီးပြီလား ဝါ့ဒ်၊ ကျွန်မတို့နှစ်ယောက်ကို အိမ်ရှင်က နှင်ချလိုက်ပြီလေ၊ ခု ကျွန်မတို့ လမ်းပေါ် ရောက်နေကြပြီ”

“ဘာ လမ်းမပေါ် ရောက်နေပြီ … ဟုတ်လား၊ ဘာဖြစ်လို့လဲ”

ရိုဆီးတားက အလန့်တကြားမေး၏ သူတို့သည် စွပ်ပြုတ်ရည်နှင့် ကော်ဖီကို ယူလာခဲ့ကြပြီး နောက်ဘက်သို့ ပြန်ထွက်ခဲ့ကြသည်။

ဟယ်လင်က …

“ကျွန်မတို့အခန်း လှောင်အိမ်ကျဉ်းကလေး ရှေ့မှာရှိတဲ့ တံမြက်စည်းထားတဲ့ ဗီရိုကလေးကို သိတယ်မဟုတ်လား၊ ကျွန်မနဲ့ ဂျူးဒစ်တို့ စာဖတ်ချင်ရင် အဲဒီဗီရိုကလေးထဲကို ခေါင်းထိုးပြီး စာဖတ်ကြတယ်ရှင့်၊ ကျွန်မတို့စာကြည့်ခန်။ ဆိုပါတော့လေ၊ တံမြက်စည်းထားတဲ့ ဗီရိုကလေးကို ခေါင်းထိုးပြီး စာဖတ်ရတာ နည်းနည်းတော့ မွန်းတာပေါ့၊ အသက်ရှူ ကျပ်တာပေါ့၊ ဒါပေမဲ့ နောက်ကျတော့ အကျင့်ရသွားတာပါပဲ၊၊ အဲဒီဗီရိုကလေးထဲ ခေါင်းထိုးစာဖတ်ရတာက အေးအေးဆေးဆေးရှိတယ် မဟုတ်လား၊ အဲဒါကို အိမ်ရှင်အဘွားကြီးက တွေ့သွားပြီး ကျွန်မတို့ကို ဆူတော့တာပါပဲရှင်၊ ကျွန်မတို့ဟာ အိမ်ငှားတွေလိုက်နာရမည့် ဥပဒေစည်းကမ်းတွေကို မလိုက်နာဘူးတဲ့၊ တိုတိုပြောရရင်တော့ ကျွန်မတို့ကို နှင်ချလိုက်တယ်ဆိုပါစို့၊ ခုတော့ အဲဒီဗီရိုကလေးကို တစ်ယောက်ကို ငှားတော့မယ်တဲ့၊ အလကား အသုံးမခံနိုင်ဘူးတဲ့”

ရိုဆီးတားက စားပွဲကို လက်သီးဖြင့် ထုလိုက်ရင်း …

“ဘာ တံမြက်စည်းထားတဲ့ ဗီရိုကလေးကို အခန်းအဖြစ် ငှားမယ်တဲ့ ဟုတ်လား၊ ဘယ့်နှယ်လုပ်ပြီး လူနေလို့ရမှာလဲကွ၊ ပြီးတော့ ဆိုင်ရာကလည်း အိမ်ခန်းငှားခွင့်လိုင်စင် ဘယ့်နှယ်လုပ်ပြီး ထုတ်ပေးပါ့မလဲ”

ဂျူးဒစ်က ခေါင်းယမ်းလိုက်ရင်း …

“ရှင်ကသာ မရနေ၊ သူ့မှာ အိမ်ခန်းငှားခွင့်လိုင်စင် ရပြီးပြီရှင့်၊ သူ့မောင်တစ်ယောက်က အိုးအိမ်ဌာနမှာ အလုပ်လုပ်သတဲ့”

“ရတော့ကော ဘယ်သူက ငှားမှာလဲ၊ တံမြက်စည်းထားတဲ့ ဗီရိုကလေးထဲမှာ ဘယ်သူက ငှားနေမှာလဲ”

ဝါ့ဒ်က စွတ်ပြုတ်သောက်နေရင်းက ရယ်လိုက်သည်။ ဂျူးဒစ်က သူ့ကို စိုက်ကြည့်လျက် …

“မနေဘူးလို့ ရှင်ထင်လို့လား”

“အေးလေ၊ မင်းပြောတာလည်း ဖြစ်တော့ဖြစ်နိုင်ပါတယ်၊ ခုနေခါမှာ လူတွေက ဘယ်နေရာကိုပဲ ဖြစ်ဖြစ် ပြောင်းနေကြမှာပဲ၊ ကိုယ်ကတော့ တံမြက်စည်းသိမ်းတဲ့ ဗီရိုကလေးထဲမှာ နေမယ့်လူကို သနားတာပါပဲ၊ နေပါဦး၊ မင်းတို့ကော ဘယ်လိုစိတ်ကူးကြသလဲ”

“ဟို နှစ်ပြကျော်မှာရှိတဲ့ လှောင်အိမ်ကလေးတစ်ခုမှာ နေတဲ့ လင်မယားက သူတို့အခန်း လှောင်အိမ်ကလေးကို တစ်ဝက်ပိုင်းပြီး ကျွန်မတို့ကို ငှားမယ်တဲ့၊ တစ်ဝက်ဆို အခန်းကျဉ်းအလယ်ကောင်မှာ ကန့်လန့်ကာလေးတစ်ခု ကာလိုက်မယ်လေ၊ ကျွန်မတို့ဘက်မှာ ခုတင်ကလေးတစ်လုံးစာ နေရာရတယ်၊ ဒီတော့ ဟယ်လင်နဲ့ ကျွန်မတို့ အဲဒီခုတင်ကလေးပေါ်မှာ တစ်လှည့်စီ အိပ်ရမှာပေါ့၊ ဟုတ်တယ်ရှင့်၊ တကယ်ပြောနေတာ၊ ခု ကျွန်မတို့ရမယ့် နေရာကလေးက နှစ်မီတာလောက်ပဲရှိတာ၊ တစ်ယောက်တစ်လှည့်စီပဲ အိပ်ရတော့မှာပေါ့၊ ကိုယ်ရတဲ့အခန်းကျဉ်းကလေးကိုပဲ တစ်စိတ် စိတ်ပြီး အိမ်လခနှစ်ဆနဲ့ တစ်ဆင့် ထပ်ငှားရရင် မကောင်းဘူးလားလို့တောင် ဟယ်လင့်ကို ပြောမိသေးတယ်၊ ဒီတော့ ကျွန်မတို့ အိမ်လခကလေး ကျေတဲ့အပြင် အမြတ်တောင်ရဦးမယ် ဟုတ်လား”

သူတို့အားလုံး ရယ်လိုက်ကြသည်။ ထို့နောက် ဝါ့ဒ်သည် သူတို့ကို နှုတ်ဆက်၍ မိမိအခန်းကျဉ်း လှောင်အိမ်ကလေးသို့ ပြန်လာခဲ့သည်။

အိမ်ပေါက်ဝသို့ရောက်သည့်အခါတွင် ဆေးပြင်းလိပ်တိုကို ပါးစပ်တွင် ခဲထားသည့် မုတ်ဆိတ်မွေးထူလပျစ်နှင့် အိမ်ခန်းမန်နေဂျာကို တွေ့ရသည်။ မန်နေဂျာ တံခါးပေါက်ကိုမှီ၍ ရပ်နေရင်း

“ခင်ဗျားအခန်းက လေးဒသမ ခုနစ်မီတာရှိတယ် မဟုတ်လား” ဟု မေးသည်။

ဝါ့ဒ်မှာ အိမ်ထဲသို့မဝင်နိုင်သေး၊ အိမ်ထဲသို့ဝင်မည့် လူအုပ်ကြီးကို စောင့်နေရသေးသည်။ လှေကားပေါ်တွင် မိန်းမနှစ်ယောက် အထုပ်ကြီးတစ်ထုပ်ကို ရှေ့ချကာ ရန်ဖြစ်နေကြသဖြင့် အခြားသောအိမ်ငှားများမှာလည်း တက်မရ ဆင်းမရ ဖြစ်နေသည်။

“ဟုတ်တယ်မဟုတ်လား၊ လေးဒသမခုနစ်မီတာ မဟုတ်လား၊ ကျွန်တော် သေသေချာချာ တိုင်းကြည့်ခဲ့ပြီးပြီ”

“လေးဒသမခုနစ်မီတာဆိုတာ ကြမ်းပြင်ကိုပြောတာလား၊ မျက်နှာကြက်ကို ပြောတာလား”

“မျက်နှာကြက်ကို တိုင်းတာပေါ့ဗျ၊ ကြမ်းပေါ်မှာက ခင်ဗျားပစ္စည်းတွေ ပွစာကြဲနေတာ ကျုပ် ဘယ့်နှယ်လုပ် တိုင်းလို့ရမှာလဲ”

အစိုးရအိမ်ငှားမန်နေဂျာသည် ကြမ်းပေါ်တွင် ကျနေသည့် စာအုပ်အချို့ကို ခြေထောက်ဖြင့် ခုတင်အောက်သို့ ကန်သွင်းလိုက်သည်။ ဝါ့ဒ်က မမြင်ယောင်ပြုကာ …

“နံရံက အပေါ်မှာ နည်းနည်း ကားသွားတယ်ဗျ၊ သုံးလေးဒီဂရီလောက် အပြင်ကို စောင်းနေတယ်”

မန်နေဂျာက ခေါင်းညိတ်လိုက်ပြီ …

“စောင်းစောင်း မစောင်းစောင်းဗျာ၊ ခင်ဗျားအခန်းဟာ လေးမီတာကျော်တာတော့ အမှန်ပဲ၊ ဒီတော့ ဒီအခန်းမျိုးကို တခြားလူကိုငှားရင် လခနှစ်ဆရ နိုင်တယ်”

အပေါ်ထပ်မှ လူအချို့ ဆင်းလာသည့်အတွက် ဝါဒ်သည် လှေကားလက်ရန်းကို ကပ်၍ သူတို့ကို လမ်းဖယ်ပေးလိုက်ရသည်။

“ဘာ … လေးမီတာခွဲလောက်ရှိတဲ့ အခန်းကလေးကို နှစ်ဆနဲ့ ငှားလို့ ရမတဲ့လားဗျ”

ထိုစဉ် လူတစ်ယောက်တက်လာကာ အခန်းတံခါးပေါက်မှနေ၍ ဝါ့ဒ်၏ အခန်းကလေးကိုလှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီးလျှင် …

“ဘာလဲ ဂျိုလူဝီ၊ လခနှစ်ဆနဲ့ ငှားမလို့လား” ဟု မေးသည်။

“လေးမီတာခွဲဆို ငါးမီတာပေါ့ဗျာ၊ ခု ဥပဒေသစ် ထွက်တယ်ဗျ၊ လေးဒသမ ငါးမီတာထက်ကျော်တဲ့ အခန်းကို လခနှစ်ဆတိုးရမယ်တဲ့၊ ကဲ … ပြောဗျာ၊ ခင်ဗျား ဆက်နေနိုင်မလား၊ မနေနိုင်ဘူးလား သိချင်တယ်၊ အခန်းက ကျယ်လည်းကျယ်၊ ရှုခင်းလည်း ကောင်းတယ်၊ လှေကားနဲ့နီးတော့ ဝင်ရထွက်ရတာလည်း လွယ်တယ်၊ ပြတင်းပေါက်ကလည်း တရုတ်ကတ်တွေနဲ့၊ ပြီးတော့ …”

ထိုလူသည် ခုတင်ပေါ်တွင်ပစ်လှဲကာ အားရပါးရ ရယ်နေသော ဝါ့ဒ်ကို လှမ်းကြည့်ရင်း …

“ဟေ့လူ … ဘာဖြစ်သွားတာလဲ၊ ဒီလောက် ကျယ်ကျယ်လွင့်လွင့်ရှိတဲ့ အခန်းကို လိုချင်တယ်ဆိုရင် လခကောင်းကောင်း ပေးရမှာပေါ့၊ ဒီတော့ နောက်ထပ်လခတစ်ဝက် လိုချင်တယ်ဗျာ၊ မပေးနိုင်ဘူးဆိုရင် ပြောင်းပေါ့၊ ဒါပဲ”

ဝါ့ဒ်က မျက်လုံးကို ပွတ်လိုက်ရင်း …

“ကောင်းပါပြီဗျာ၊ ဖယ်ပေးဆိုရင်လည်း ဖယ်ပေးရုံပေါ့၊ ကျွန်တော်ကလည်း ပြောင်းမလို့ စိတ်ကူးနေတာပါ၊ ဟောဟိုနားက တံမြက်စည်းထားတဲ့ ဗီရိုကလေးထဲကို ပြောင်းမလို့ စီစဉ်ပြီးပါပြီ၊ လှေကားနဲ့နီးတော့ ဝင်ရထွက်ရတာလည်း လွယ်တယ်ဆိုတဲ့ ခင်ဗျားစကားကို သဘောကျလှသဗျာ၊ ဒါ့ထက် နေစမ်းပါဦးဗျ၊ ယူရေးနပ်ဂြိုဟ်ပေါ်မှာ သက်ရှိသတ္တဝါတို့ ဘာတို့ နေလို့ မရဘူးလားဗျ”

* * *

သူ အလုပ်လုပ်သည့် စာကြည့်တိုက်နှင့် ကိုက်တစ်ရာခန့်အကွာတွင် ဟောင်းနွမ်းပျက်စီးနေသည့် အိမ်အိုကြီးတစ်လုံးရှိသည်။ ဝါ့ဒ်နှင့် ရိုဆီးတားတို့သည် ထိုအိမ်အိုကြီးမှ အခန်းမြှောင်ကလေးတစ်ခုကို နှစ်ယောက်စပ်တူ ငှားလိုက်ကြသည်။ သူတို့ အိမ်နားနီးချင်းများမှာ ညစ်ပတ်နုံချာလှ၏။ အနားရှိ အိမ်များမှာလည်း အခန်းများဖွဲ့ကာ ထိုအခန်းများကို ခန်းမြှောင်ကလေးများ ထပ်စိတ်ပြီး အိမ်ငှားတွေအပြည့် တင်ထားသည်။ အိမ်များမှာ အဝေးရောက် အိမ်ရှင်များကသော်လည်းကောင်း၊ အိုးအိမ်အဖွဲ့ကသော်လည်းကောင်း၊ ပိုင်သည့်အိမ်များဖြစ်ကြသည်။ အိမ်ငှားမန်နေဂျာများကလည်း အောက်တန်းကျလှသည်။ သူတို့အဖို့မှာ အိမ်ငှားတွေ ဘယ်လိုနေနေ အကြောင်းမဟုတ်။ အချိန်တန်လျှင် အိမ်လခ လာတောင်းရုံသာ ဖြစ်သည်။ အိမ်ပေါ်ထပ်သို့ပင် တစ်ခါမျှ တက်မကြည့်ဖူးကြ။ စင်္ကြံတွင် ပုလင်းခွံများ၊ ဘူးခွံများ ပြန့်ကျဲလျက်။ ရေချိုးခန်းကလည်း အညစ်အကြေး တွင်းကြီးများသဖွယ်၊ လူငယ်လူရွယ်များကလည်း အလုပ်သွားကြပြီး အဘိုးအို၊ အဘွားအိုများက ရေအိမ်သာသာ အခန်းကျဉ်းကလေးများထဲတွင် ခွေနေရာမှ တစ်ဖက်နှင့်တစ်ဖက်လှမ်း၍ စကားပြောတတ်ကြသည်။

သူတို့ခန်းမြှောင်နှစ်ခန်းတွဲမှာ အိမ်ပေါ်ထပ်စင်္ကြံတစ်ခု၏ အဆုံးတွင် ရှိ၏။ အိမ်ပုံစံကလည်း ဘယ်တုန်းကဆွဲ၍ ဘယ်တုန်းက ဆောက်ထားခဲ့သည်။ မသိ။ အခန်းများကို ဖွဲ့ချင်သည့် နေရာတွင် ဖွဲ့ထားပြီး စင်္ကြံလမ်းမှာ တစ်ဖက်ပိတ်ကြီး ဖြစ်နေသည်။ သူတို့နံရံနှင့် လေးပေအကွာတွင် သေတ္တာအလွတ်များကို ပုံထားပြီး အခန်းဖွဲ့ထားသည်။ ထိုချောင်ကလေးထဲတွင်မှ အကာအရံကလေ။ တစ်ခုကာထားပြီး အိပ်ရာနှစ်ခု ချသာရုံ နေရာကလေးမျှသာ ဖြစ်၏။ သူတို့နံရံတွင် ပြတင်းပေါက် မြင့်မြင့်ကြီးတစ်ခု ရှိပြီး ထိုပြတင်းပေါက်ကြီးမှ ငုံ့ကြည့်လိုက်လျှင် တစ်ဖက်ရှိအိမ်များကို မြင်ရသည်။

ဝါ့ဒ် သည် သူ့ပစ္စည်းကလေးများကို ခေါင်းရင်းရှိ စင်ကလေးတစ်ခုပေါ်တွင် စုပြုံတင်ထားလိုက်ရင်း အိပ်ရာပေါ်တွင် စိတ်ပျက်လက်ပျက်လှဲနေရာမှ တစ်ဖက်ရှိ စာကြည့်တိုက် အမိုးကြီးကို လှမ်းကြည့်နေသည်။

ရိုဆီးတားက သူ့အထုပ်များကို ဖြေရင်း …

“ဒီနေရာက သိပ်တော့ မဆိုးပါဘူးကွာ၊ ဟိုမှာသာဆိုရင် ကျွန်တော်တို့ တစ်တွေ မကြာခင် ရူးသွားနိုင်တယ်၊ ခုတော့ ကျွန်တော်တို့အနား နှစ်ပေကွာလောက်မှာ တခွီးခွီးအသက်ရှူနေတဲ့ လူခြောက်ယောက်မရှိတော့ဘူး၊ အံမာလေး ခုမှပဲ စိတ်ချမ်းသာရတော့တယ်”

သူတို့နှင့်အနီးဆုံး ခန်းမြှောင်မှာ ခြေလှမ်းဆယ့်နှစ်လှမ်းလောက် ကွာပြီး သေတ္တာကြီးများကို ကာရံဖွဲ့ထားသည့် တစ်ယောက်ခန်းကလေး ဖြစ်၏။ အခန်းပိုင်ရှင်မှာ အသက် ခုနစ်ဆယ်ခန့်ရှိ၍ နားလေးကာ အိပ်ရာထဲတွင် လဲနေလေပြီ။

“အင်း … သိပ်တော့မဆိုးပါဘူး၊ ကဲ … နောက်ဆုံးလူဦးရေစာရင်းကို ပြောစမ်းပါဦးဗျာ၊ စိတ်ချမ်းသာစရာကလေးများ ကြားရလိုကြားရငြားပေါ့”

ဝါ့ဒ်က ပြော၏။

ရိုဆီးတားက အသံကိုနှိမ့်ကာ …

“တစ်နှစ်ကို လေးရာနှုန်းနဲ့ တိုးနေတယ်ဗျ၊ ဒီတော့ တစ်နှစ်ကို လူ သန်းရှစ်ရာ တိုးနေတယ်၊ သန်းရှစ်ရာဆိုတာ ၁၉၅၀ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ရှိတယ်”

“ဒါဖြင့် လူတစ်ယောက်ရဲ့ နေရာအကျယ်အဝန်းကို သုံးမီတာအထိ လျှော့ချဦးမယ်ပေါ့”

“ဟုတ်တယ်၊ နောက်နှစ်ဆန်းတစ်ရက်က စပြီး လူတစ်ယောက်ကို စတုရန်း သုံးမီတာနှုန်းပဲ ပေးတော့မယ်တဲ့”

ဝါ့ဒ်သည် ရုတ်ခနဲ ထထိုင်လိုက်ကာ …

“ဘာ … လူတစ်ယောက်ကို သုံးစတုရန်းမီတာပဲ ပေးတော့မယ်၊ ဟုတ်လား၊ မဖြစ်နိုင်တာဗျာ၊ ကမ္ဘာကြီးတော့ ရူးနေပြီထင်တယ်၊ ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလားဗျာ၊ ဒီကိစ္စကို သူတို့ဖြေရှင်းဖို့ စိတ်မကူးကြတော့ဘူးတဲ့လား၊ နောက်ဆိုရင် အိပ်ဖို့မပြောနဲ့၊ ထိုင်စရာတောင် ရှိပါ့မလားမသိဘူး”

ဝါ့ဒ်သည် စိတ်ပျက်လက်ပျက်ဖြင့် နံရံကို လက်သီးဖြင့် ပိတ်ထိုးလိုက်၏။ ဒုတိယတစ်ချက် ထိုးလိုက်သည့်အခါတွင် စက္ကူပါးပါးလေး ကပ်ထားသည့် နံရံပေါက်ပြဲသွားသည်။

“ဟေ့လူ … မလုပ်နဲ့လေ၊ ဟိုမှာ နံရံက သစ်သား ကျိုးသွားပြီ”

ရိုဆီးတားက အော်ကာ အိပ်ရာပေါ်မှ ဝမ်းလျားထိုးလိုက်ရင်း စက္ကူစကလေးကပ်ကာ တွဲလောင်းကျနေသည့် သစ်သားစကို လှမ်းယူလိုက်သည်။ ဝါ့ဒ်ကလည်း သစ်သားစကို သူ့အိပ်ရာပေါ်သို့ ပြန်ဆွဲလိုက်၏။

“ဟိုဘက်က ဘယ်သူလဲ မသိဘူး၊ တော်တော်ကြာ ပြဿနာတွေ တက်နေဦးမယ်”

ဝါ့ဒ်သည် သစ်သားပျဉ်ပြားကြားကလေး ကျိုးသွားသည့် အပေါက်ကြားမှနေ၍ တစ်ဖက်သို့ ချောင်းကြည့်လိုက်သည်။ မှောင်ရီရီဖြစ်လျက် ရှိသဖြင့် သဲကွဲစွာမမြင်ရ။ ထို့နောက် လက်တွင်ကိုင်ထားသည့် ပျဉ်ပြားစကို လွှတ်ချလိုက်ကာ အလန့်တကြားဖြင့် ရိုဆီးတားကို အိပ်ရာပေါ်သို့ အတင်းဆွဲခေါ်လာရင်း

“ဟေ့လူ၊ ကြည့်စမ်း … ကြည့်စမ်း”

ကောင်းကင်ပေါက်မှ ကျလာသော အလင်းရောင် မှောင်ရီရီထဲ၌မူ ဆယ့်ငါးမီတာစတုရန်းခန့် ကျယ်သည့် အခန်းကျယ်ကြီးတစ်ခန်း။ ဖုန်တွေတက်လျက်။ အခန်းထဲတွင် ဘာဆိုဘာမျှ မရှိ။ ကြမ်းပြင်ပေါ်တွင် ဖယောင်းပုဆိုး ခပ်စုတ်စုတ် တစ်ထည်ကို ခင်းထားလျက်။ နံရံတွင်လည်း ပန်းတွေရိုက်ထားသည့် နံရံကပ်စက္ကူ ခပ်ဟောင်းဟောင်း ကပ်လျက်။ တချို့နေရာများတွင် နံရံကပ်စက္ကူတို့ ကွာကျနေလေပြီ။ သို့ရာတွင် မည်မျှ ညစ်ပတ်နေပါစေ၊ လူနေ၍ရသည့် အခန်းကျယ်ကြီး တစ်ခန်း။

ဝါ့ဒ် သည် ဝမ်းသာလွန်းသဖြင့် အသက်ကိုပင် ကောင်းစွာမရှူနိုင်ဘဲ တံခါးကို အသာပြန်ပိတ်ကာ ရိုဆီးတားဘက်သို့ လှည့်၍

“ဗျို့လူ၊ ကျွန်တော်တို့တစ်တွေ ကောင်းကင်ဘုံကြီးကို တွေ့တာဗျ၊ ကောင်းကင်ဘုံကြီးကို တွေ့နေတာl သိရဲ့လား”

ရိုဆီးတားက အသံတိုးတိုးဖြင့် …

“တိုးတိုးဗျ … တိုးတိုး၊ ဒီ့ပြင်လူတွေ ကြားသွားလိမ့်မယ်၊ တော်တော်ဆန်းတာဗျာ၊ ခုထိ ဒီအခန်းကို ဘယ်သူမှ မတွေ့သေးဘူး ထင်တယ်၊ မကြာခင်ကများ တစ်ယောက်ယောက် နေသွားသလား မဆိုနိုင်ဘူး”

“မဖြစ်နိုင်ဘူးဗျ၊ ဘယ်သူမှ နေသွားပုံ မရဘူး၊ တံခါးတို့ ဘာတို့မှ မရှိတာ၊ ဒီအခန်းကိုမေ့ပြီး နံရံကာသွားတာနဲ့ တူတယ်၊ အခန်းထဲမှာ ဖုန်တွေတင်နေတာကို ကြည့်ပါလား၊ လူမနေတာကြာလို့ ဒီလောက်ဖုန်တွေ တက်နေတာပေါ့”

ရိုဆီးတားသည် အခန်းထဲသို့ ခေါင်းပြူကြည့်လိုက်၏။ ကျယ်ပြောလှသောအခန်းကြီးကို မြင်လိုက်သည့်အတွက် ကတုန်ကယင်ကြီး ဖြစ်နေသည်။

“ဟုတ်တယ်ဗျ၊ လူနေဟန် မတူဘူး၊ ကျွန်တော်တို့ ဘယ်တော့ရွှေ့ကြမလဲ”

သူတို့နှစ်ယောက်သည် တံခါးအောက်ပိုင်းကိုခွာကာ တံခါးရွက်များကို ပေါင်တစ်ခုပေါ်တွင် ကပ်ရိုက်ကြ၏။ သူတို့တွေ့ထားသည့် အခန်းကို အခြားသူများ မမြင်နိုင်အောင် ရုတ်တရက် ဖုံးကွယ်ထားရန် ဖြစ်သည်။

ညနေပိုင်း လူရှင်းချိန်၊ အိမ်ခန်းမန်နေဂျာ မြေတိုက်ခန်းထဲတွင် အိပ်စက်နားနေချိန်သို့ ရောက်လျှင် သူတို့တွေ့ထားသည့် အခန်းသစ်ထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ကြည့်ကြသည်။ ဝါ့ဒ်က အသာဝင်ကြည့်နေစဉ် ရိုဆီးတားက သူတို့ နေနေကျ အခန်းမြှောင်ကလေးထဲမှ နေ၍ လူစိမ်းလာလျှင် အချက်ပြရန် စောင့်ပေးနေသည်။

ဝါ့ဒ် ပြန်ထွက်လာသည့်အခါတွင် ရိုဆီးတားက ထိုအခန်းထဲ ဝင်ပြန်သည်။ ဖုန်တွေ အလိမ်းလိမ်းတက်နေသည့် အခန်းထဲတွင် တစ်ယောက်တစ်လှည့်စီ လျှောက်ကြ၏။ လက်ခြေတို့ကို ဆန့်ကာ ကျယ်ပြောလှသည့် အခန်းကြီးကိုတအံ့တဩ ငေးမောကြည့်ရှုကြ၏ ဟင်းလင်းပြင်တွင် လွတ်လပ်ခွင့်တည်း ဟူသော စည်းစိမ်ချမ်းသာကို ခံစားကြ၏။ ယခုသူတို့ရောက်နေသည့် အခန်းသည် ယခင်ခေတ်စံချိန်များနှင့် ကြည့်လျှင် ဘာမျှကျယ်သည် မဟုတ်။ ပေလေးဆယ်သာသာခန့်မျှသာ ကျယ်သည့် အခန်းကလေးဖြစ်၏ သို့ရာတွင် သူတို့ နှစ်ယောက်အဖို့ကား အလွန်ကျယ်သည့် အခန်းကြီးဖြစ်နေကာ နံရံတို့မှာလည်း မိုးသို့တက်နေသော ကျောက်ဆောင်ကမ်းပါးကြီးများသဖွယ် ထင်မှတ်နေကြ၏။

နောက် နှစ်ရက်သုံးရက် ကြာသည့်အခါတွင်မူ သူတို့နှစ်ယောက်သည် သူတို့၏ နေရာသစ်ဖြစ်သော ထိုမဟာခန်းဆောင်ကျယ်ကြီးသို့ ပြောင်းခဲ့ကြလေသတည်း။

* * *

ပထမ တစ်ပတ်၌ ထိုအခန်းထဲတွင်ကား ရိုဆီးတား အိပ်၏။ ဝါဒ့်က သူတို့ တရားဝင်ငှားထားသည့် အခန်းမြှောင်ကလေးထဲတွင် အိပ်၏။ အပြင်လူ တွေသိမည်စိုးသဖြင့် စောင့်အိပ်ရခြင်း ဖြစ်သည်။ နေ့လယ်ဆိုလျှင်မူ နှစ်ယောက်စလုံး ထိုအခန်းထဲတွင် နေကြသည်။ တဖြည်းဖြည်းနှင့် ပရိဘောဂ ပစ္စည်းများကိုလည်း တိတ်တဆိတ် ခိုးသွင်းလာနိုင်ခဲ့ကြသည်။ ယင်းတို့မှာ ကုလားထိုင်နှစ်လုံး၊ စားပွဲတစ်လုံးနှင့် မီးအိမ်တစ်လုံးတို့ ဖြစ်၏။ လျှပ်စစ်ဓာတ်ကိုမူ အခန်းမြှောင်ကလေးထဲရှိ မီးခေါင်းမှ ဆက်ယူထားခြင်းဖြစ်သည်။ စားပွဲ၊ ကုလားထိုင်များမှာ ရှေးဝိတိုရိယခေတ်ပုံစံ ထူထူအန်းအန်းကြီးတွေ ဖြစ်၏။ ဈေးပေါပေါဖြင့် ရသဖြင့် ဝယ်ခဲ့ကြခြင်းဖြစ်သည်။ လေးလံလှသည့် စားပွဲ၊ ကုလားထိုင်ကြီးများသည် အခန်းကြီး၏ ကျယ်ပြောခြင်းကို လေးနက်အောင် လုပ်နေသကဲ့သို့ ရှိသည်။ သူတို့အခန်းတွင် အခမ်းနားဆုံးပရိဘောဂမှာ ပန်းပုထုထားသည့် နတ်မိမယ်ရုပ်ကလေးများက မ,ထားသည့်ဟန် ခြေထောက် တပ်ထားသည့် မဟော်ဂနီအဝတ်ဗီရိုကြီး ဖြစ်သည်။ ရှေ့တွင် မှန်များလည်း တပ်ထားသည်။ ထိုဗီရိုကြီးကို တစ်စစီဖြူတ်ကာ လက်ဆွဲအိတ်ထဲသို့ ထည့်ပြီး တဖြည်းဖြည်း ခိုးသွင်းလာခဲ့ရခြင်း ဖြစ်သည်။ ဗီရိုကြီးသည် သူတို့ခေါင်းပေါ်တွင် မိုးလျက်ရှိလေရာ စာကြည့်တိုက် မိုက်ကရိုဖလင်များထဲတွင် မြင်ဖူးသော ရှေးခေတ် ဂေါသစ် ဘုရားရှိခိုးကျောင်းကြီးမှ စုလစ်မွမ်းချွန်များနှင့် တူသည်ဟုပင် ဝါ့ဒ် ထင်မိသေးသည်။

နောက်သုံးပတ်လောက် ရှိသည့်အခါတွင်ကား သူတို့တရားဝင် ငှားနေသည့် ခန်းမြှောင်ကလေးထဲတွင် နေရသည်ကို ကျဉ်းကျပ်လာခဲ့လေပြီ။ သည် အခန်းသစ်တွင် လိုက်ကာကလေးတစ်ခုကာပြီး သူ့အတွက် နေရာကလေး တစ်နေရာလုပ်ထားသည်။ သူ့ဘေးပတ်ပတ်လည်တွင် စာအုပ်ချထားပြီး ကြိုက်သည့်စာကို ဖတ်ရသည်မှာ အရသာ ရှိပါဘိခြင်း။ သူ့ပတ်ဝန်းကျင်တွင် လူဦးရေ သိပ်သည်းစွာ ထူထပ်နေသည့် မြို့ကြီးရှိသည်ကိုပင် မေ့သွားလေပြီ။ စာကြည့်တိုက်သို့ အလုပ်သွားလျှင်လည်း နောက်ဖေးလမ်းကြား တစ်ခုမှ ဖြတ်သွားနိုင်သည့်အတွက် လူတွေကျပ်ခဲနေသည့် လမ်းမကြီးကို ဖြတ်စရာမလိုတော့။ ကမ္ဘာလောကကြီး တစ်ခုလုံးတွင် ရိုဆီးတားနှင့် သူတို့နှစ်ယောက်တည်းသာ ရှိသည်ဟုပင် ထင်ရတော့သည်။ သူတို့နှစ်ယောက်မှလွဲလျှင် အခြားသူများသည် မိမိတို့ကိုယ်ပွါးများ၊ အုပ်မနိုင် ထိန်းမရတော့သော ပရမ်းပတာအရိပ်များဟုပင် စိတ်တွင် ထင်မိသည်။

* * *

တစ်နေ့တွင် ရိုဆီးတားက သူတို့အခန်းသို့ သူတို့မိတ်ဆွေ မိန်းကလေး နှစ်ဦးကို နေခွင့်ပြုရန် အဆိုပြုသည်။ ရိုဆီးတားသည် ဂျူးဒစ်တစ်ယောက် အပေါင်းအသင်းမှားမည် စိုးသည့်အတွက် ထိုစကားကို ပြောရခြင်းဖြစ်သည်။

“ကောင်မလေးနှစ်ယောက်လည်း အိမ်ရှင်က နှင်ချခံရပြန်ပြီဗျာ၊ ခု ဘယ်နေရမှန်းတောင် မသိအောင် ဖြစ်နေပြီ၊ အိမ်တွေကိုပြန်ပြီး အခန်းသစ်တွေဖွဲ့ရင် အိမ်ရှင်တွေကလည်း အိမ်ငှားခကို အရင်တုန်းကထက် ပိုတောင်းကြတော့မှာ၊ သူတို့တောင်းတဲ့ဈေးကို မရရင် ငှားမှာမဟုတ်ဘူး၊ ကောင်မလေးတွေ ဘယ်လိုများ နေကြမယ် မပြောတတ်ဘူး”

ဝါ့ဒ်က သစ်နီသားစားပွဲဝိုင်းကို မှီ၍ထိုင်လိုက်ရင်း ခေါင်းညိတ်ပြလိုက်၏။ မီးအုပ်ဆောင်း၏ ပြာလဲ့လဲ့မှ တွဲလောင်းကျနေသည့် ပန်းဖွားကလေးများကိုလည်း လက်ဖြင့် တို့ကစားနေသည်။ မိမိသည် အိမ်ထောင်ပရိဘောဂတို့ ခမ်းနားစွာပြင်ဆင်ထားသည့် ခန်းကျယ်ကြီးတစ်ခုထဲတွင် စာပေတို့ကို လေ့လာ လိုက်စားနေသည့် ဝိတိုရိယခေတ် ပညာရှင်ကြီးတစ်ယောက်ဟု စိတ်ထဲတွင် ထင်လိုက်မိသေးသည်။

ဝါ့ဒ်က အခန်းထောင့်တစ်နေရာသို့ ခန့်ညားစွာ လက်ညှိုးထိုးပြလိုက်ကာ …

“ကောင်မလေးတွေ အဲဒီနားမှာ ထားချင်ထားနိုင်သားပဲ၊ ကျွန်တော်တို့ အခန်းမှာ နေရာတွေ တစ်ပုံကြီးပါဗျာ၊ နည်းတဲ့နေရာတွေမှ မဟုတ်တာ၊ ထားချင် ထားလိုက်ပေါ့၊ အဲ … တစ်ခုတော့ ရှိတယ်ဗျ၊ ကျွန်တော်တို့မှာ ဒီအခန်းရှိကြောင်းကိုတော့ တခြားလျှောက်မပြောမိအောင် ပိတ်ထားဖို့လိုလိမ့်မယ်”

* * *

သူတို့နှစ်ယောက်သည် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ပြီးနောက် အမျိုးသမီး နှစ်ယောက်ကို သူတို့ အခန်းသို့ ခေါ်လိုက်သည်။ မိန်းမပျို နှစ်ယောက်မှာ စကြာဝဠာသစ်ကြီး တစ်ခုသို့ ရောက်သွားသည့်နှယ်၊ ကျယ်ပြောလှသော သူတို့၏ ပေလေးဆယ်သာသာ အခန်းကြီးကိုကြည့်၍ တအံ့တဩ ဖြစ်နေကြသည်။

ရိုဆီးတားက …

“အလယ်ကောင်မှာ နင်တို့ဖို့ အကာတစ်ခု ကာထားပေးမယ်လေ၊ မနက်လင်းတော့ အဲဒီအကာကို ဖြုတ်ပစ်လိုက်ပေါ့၊ ညကျမှပြန်တပ်ပေါ့၊ ဒီတော့ နင်တို့ နေချင်တယ်ဆိုရင် တစ်ရက်နှစ်ရက်လောက် အတွင်းမှာပဲ ပြောင်းလဲလာခဲ့ကြ”

“ဟန်ကျလိုက်တာရှင်၊ ကောင်းလိုက်တာ” ဟု ဆိုကာ အမျိုးသမီးနှစ်ယောက်သည် ဗီရိုကြီးကို တအံ့တဩ ကြည့်ပြီးနောက် ဗီရိုတွင် တပ်ဆင်ထားသည့် မှန်များထဲတွင် သူတို့ကိုယ်ကို သူတို့ မသိမသာ စောင်းငဲ့ကြည့်ကြသည်။

သူတို့နှစ်ယောက်ကို အိမ်ထဲသို့ ခေါ်သွင်းရေးကိစ္စ၊ သူတို့နှစ်ယောက် အပြင်ထွက်ရေးကိစ္စတို့မှာ ခက်ခဲသောကိစ္စ မဟုတ်ချေ။ အိမ်ငှားများ ပြောဝ်းလိုက်ရွှေ့လိုက် လုပ်နေကြသဖြင့်တစ်ကြောင်း၊ အိမ်လခများကိုပေးရာတွင်လည်း ကိုယ်တိုင်ကိုယ်ကျ ပေးစရာမလိုဘဲ စာတိုက်ပုံးထဲတွင် ထည့်ထားရသည့်အတွက်ကြောင့်တစ်ကြောင်း သူတို့နှစ်ယောက် ပြောင်းလာသည်ကို မည်သူမျှ သတိမပြုမိကြ။

သို့ရာတွင် သူတို့နှစ်ယောက်ပြောင်းလာပြီး နာရီဝက်ခန့်ကြာသည့်တိုင်အောင် အထုပ်အပိုးများကို မဖြေကြသေး။

ဝါ့ဒ်က မိန်းကလေးနှစ်ယောက်၏အိပ်ရာကို စားပွဲနှင့် ဗီရိုကြားထဲက နေရာကျဉ်းကျဉ်းလေးထဲတွင် ရွှေ့ရင်း

“ဂျူးဒစ် … ဘာဖြစ်လို့လဲ၊ အဝတ်တွေ ဘာတွေ မဖြေသေးဘူးလား”

“ဟို … ဟို”

ဂျူးဒစ်က ဝါ့ဒ်ကိုတစ်လှည့်၊ အထပ်သားအကာကို ပြင်နေသည့် ရိုဆီးတားကိုတစ်လှည့် ကြည့်ရင်း စကားထစ်နေသည်။ ဤတွင် သွက်လက်ချက်ချာသော ဟယ်လင်က တွန့်ကျေနေသော အိပ်ရာခင်းကို ဖြန့်ရာမှ …

“ဂျူးဒစ် ပြောချင်တာက ဒီလိုလေ၊ ယောက်ျားလေး နှစ်ယောက်တည်းရှိတဲ့ အခန်းကိုပြောင်းလာတော့ နည်းနည်းခက်နေတယ်၊ ရှင်တို့လုပ်ထားတဲ့ အကာအရံက …”

ရိုဆီးတားက အထပ်သားပါးပါးကလေးကို ပေါင်တွင် ကပ်ရိုက်နေရာမှ ခါးကိုဆန့်လိုက်ရင်း သူတို့တွင် အကျင့်ဖြစ်နေသည့် ခပ်ကျယ်ကျယ် တီးတိုးသံကလေးဖြင့် …

“ဪ … ဒါအတွက်တော့ ဘာမှမစိုးရိမ်ပါနဲ့၊ စိတ်ချလက်ချသာနေ၊ ဒီအကာအရံက ကျောက်ဆောင်ကြီး ကာထားတာထက်တောင် ခိုင်လိမ့်ဦးမယ်”

ဟယ်လင်က …

“အို … ဒါကို စိုးရိမ်လို့ပြောတာ မဟုတ်ပါဘူး၊ ကျွန်မတို့ ပြောချင်တာက အသက်ကြီးတဲ့ လူတစ်ယောက်များ ရောက်လာရင် ရှင်တို့မှာ အနေအထိုင်များ ကျပ်တည်းသွားမလားလို့ပါ၊ ဥပမာ- ဂျူးဒစ်ရဲ့ အဒေါ် ဆိုပါတော့၊ သူလာရင်လည်း နေရာဒီလောက်ကျယ်ကျယ် ယူမှာမဟုတ်ပါဘူး၊ ဖြစ်သလိုနေနိုင်ပါတယ်၊ ပြီးတော့လည်း သူ့ဘာသာသူ အေးအေးဆေးဆေးနေတာပါ၊၊ အမှန်ကတော့ အကာအရံကိုလည်း ညကျမှကာလိုက်ရင် ပြီးတာပဲ၊ နေ့လယ်မှာတော့ ဒီလိုပဲနေလို့ရပါတယ်”

ဝါ့ဒ်သည် ဘယ့်နှယ်ရှိစဟူသော အကြည့်မျိုးဖြင့် ရိုဆီးတားကို လှမ်းကြည့်လိုက်၏။ ရိုဆီးတားမှာ ကြမ်းပြင်ကို ငုံကြည့်နေသည်။

“ရပါတယ်၊ နင်တို့ကို ကိုယ်ချင်းစာပါတယ်၊ ငါတို့အနေနဲ့ အကြောင်းမဟုတ်ပါဘူး”

ဝါ့ဒ်က မိန်းကလေးနှစ်ယောက်၏ ခုတင်နှင့်စားပွဲကြားက ကွက်လပ်ကို လက်ညှိုးထိုးပြလိုက်ကာ …

“ရပါတယ်၊ လူတစ်ယောက်တိုးရုံနဲ့တော့ အကြောင်းမထူးပါဘူး”

မိန်းကလေးနှစ်ယောက်သည် ဝမ်းသာအားရ အော်လိုက်ကြသည်။ ဂျူးဒစ်က ရိုဆီးတားဆီသို့ သွားကာ ပါးကို ရွှတ်ခနဲ နမ်းလိုက်၏။

“နှောက်ယှက်တယ်လို့ မအောက်မေ့ပါနဲ့နော်၊ ရှင်လုပ်ထားတဲ့ အကာအရံကလေး ကလည်း ကောင်းလွန်းတောင် နေသေးတယ်၊ အဒေါ့်အဖို့လည်း အခန်းကလေး တစ်ခန်းလောက် ဖွဲ့ပေးပါလားဟင်၊ အဒေါ်က အေးအေးဆေးဆေးနေတတ်ပါတယ်၊ ဒါပေမဲ့ အသက်ကြီးတော့ သီးခြားကလေး နေချင်တာပေါ့လေ၊ လုပ်ပေးမယ် မဟုတ်လားဟင်”

“ရပါတယ်၊ ငါ့မှာ ပျဉ်တွေရှိပါသေးတယ်”

ဝါ့ဒ်က နာရီကို ငုံကြည့်လိုက်ရင်း …

“ခုနစ်နာရီ ခွဲနေပြီ၊ နင့်အဒေါ်ကို သွားခေါ်ချင်တယ် ဆိုရင်လည်း သွားခေါ် ချည်လေ၊ ခုအချိန် မရရင်လည်း မနက်ကျမှခေါ်ပေါ့”

“အို … ခုပြောင်းနိုင်ပါတယ်၊ ကျွန်မ ခုပဲသွားခေါ်လိုက်မယ်၊ ချက်ချင်း ပြန်လာခဲ့မယ်”

ဂျူးဒစ်သည် အပေါ်အင်္ကျီကို ကောက်ဝတ်ပြီး ထွက်သွားရာ ငါးမိနစ်အတွင်း သူ့အဒေါ်နှင့်အတူ ပြန်ရောက်လာသည်။ သူ့အဒေါ်မှာ ပစ္စည်းတွေ သေတ္တာကြီးသုံးလုံးအပြည့်။

နောက်သုံးလခန့်ကြာသည့်အခါ ဝါ့ဒ်က ရိုဆီးတားကို ပြောပြ၏။

“တော်တော်တော့ ဆန်းတာပဲဗျာ၊ ဒီအခန်းကြီးကျယ်တာကို ကြည့်ပြီး ကျွန်တော်တော့ ခုထိအံ့ဩနေတုန်းပဲ၊ ကျွန်တော့် အဖို့တော့ ဒီအခန်းကြီးဟာ တစ်နေ့ထက် တစ်နေ့ ကျယ်လာနေတယ်လို့တောင် ထင်မိတယ်”

ရိုဆီးတားက အလယ်တွင်ကာထားသည့် အကာ၏ နောက်တွင် အဝတ်အစားလဲနေသည့် မိန်းကလေးများကို လှမ်းကြည့်နေရာမှ မျက်လုံးများကို လွှဲလိုက်ရင်း ခေါင်းညိတ်ပြသည်။ ယခင်ကမူ အခန်းအလယ်ကောင်တွင် အကာအရံ ညမှာသာ ယာယီထားပြီး မနက်တွင် ဖြုတ်လိုက်ကြသည်။ သို့ရာတွင် နိစ္စဓူဝလုပ်ရသည့်အခါတွင် ထိုအကာကို တပ်လိုက်ဖြုတ်လိုက် လုပ်ရသည့်ကို ငြီးငွေ့လာခဲ့လေပြီ။ ထို့ကြောင့် အကာအရံကို အလယ်ကောင်တွင် အသေတပ်ထားလိုက်သည်။ ထို့ပြင် ဂျူးဒစ်အဒေါ်မှာလည်း သူ့အခန်းကို ဖြုတ်ရတပ်ရ လုပ်ရသဖြင့် စိတ်မရှည်နိုင်တော့၊ ထို့ကြောင့် သူ့အခန်းကိုလည်း အသေတပ် ပေးထားလိုက်ရသည်။ အပြင်ထွက်လျှင် ထိုအခန်းတွင် သူတို့နေသည်ကို အခြားသူများ မသိစေရန် တံခါးဝှက်ကလေးတစ်ခု လုပ်ထားကြပြီး ထိုတံခါးဝှက်ကလေးမှပင် အဝင်အထွက် လုပ်ကြသည်။ အခြားသူများ အမြင်တွင်မူ သူတို့နှစ်ယောက် တရားဝင်ငှားနေကြသည့် အခန်းမြှောင်ကလေးထဲမှာပင် နေကြသည်ဟု ထင်ကြရ၏။

တံခါးအဝင်အထွက်ကိုမူ ဖုံးကွယ်နိုင်ပြီဆိုလျှင်မူ ဤအခန်းကျယ်ကြီးတွင် သူတို့နေကြသည်ကို မည်သည့်နည်းနှင့်မျှ သိနိုင်ကြမည်မဟုတ်။ ထို အခန်းမှာ အိမ်ကြီးကိုဆောက်ပြီးကာမှ နောက်ထပ်စိတ်ကူးပေါ်သဖြင့် ထပ်ဆောက်ထားသော အခန်းငယ်လေးတစ်ခု ဖြစ်ဟန်ရှိ၏။ အခြားအိမ်ငှားများ စကားပြောသံ၊ ခြေသံ၊ အထုပ်အပိုးများကို ရွှေ့သံ၊ ဆွဲသံတို့က သူတို့စကားပြောသံကို ဖုံးသွားကြသည်။ သူတို့အောက်တည့်တည့်တွင် အဘွားအိုကြီးများစု၍ ငှားနေသည့် အခန်းတစ်ခန်းရှိသည်။ သူတို့ရှိရာအောက်ထပ်သို့ မိတ်ဆွေသဘောအရ အလည်သွားသည့် ဂျူးဒစ်အဒေါ်၏ အဆိုအရမူ မျက်နှာကြက် ထူထူကြီးတွေ တပ်ထားသည့်အတွက် သူတို့နေရာအပေါ်ထပ်မှ အသံများကို လုံးဝမကြားဟု ဆိုသည်။ ထို့ပြင် ပြတင်းပေါက်အထက် လိပ်ပြာတောင် တံခါးမှ မီးရောင်မှာလည်း အပြင်မှနေကြည့်လျှင် အခြားသောအခန်းမှ မီးရောင်များနှင့် ရောသွားသဖြင့် ဘာမျှမသိသာဟု ဆိုသည်။

ရိုဆီးတားမှာ သူ နောက်ထပ်လုပ်နေသည့် အထပ်သားအကာကလေး တစ်ခု ပြီးသွားလေပြီ။ ထိုအထပ်သား အကာကလေးမှာ သူနှင့်ဝါ့ဒ်တို့၏ ခုတင်ကြားတွင် ကာထားရန်ဖြစ်၏။ သို့မှသာ သူတို့နှစ်ယောက် အချင်းချင်းလည်း သီးခြားလွတ်လပ်ခွင့်ကလေးတွေ ရရှိမည်မဟုတ်လော။

“နောက် အားရင်တော့ ဂျူးဒစ်နှင့် ဟယ်လင်တို့ ခုတင်နှစ်လုံးကို ခြားပေးဖို့ အကာကလေးတစ်ခု ထပ်လုပ်ရဦးမယ်” ဟု ရိုဆီးတားက ပြောသည်။

ဝါ့ဒ်က သူ့ခေါင်းအုံးကို ပြင်ခု၍မှီလိုက်သည်။ ယခုအချိန်တွင် သူတို့အခန်းသို့ လူသစ်တွေတိုးသဖြင့် စောစောကရှိနေသော ကုလားထိုင်ကြီးနှစ်လုံးကို တစ်စစီမသိအောင်ဖြူတ်ကာ ပရိဘောဂအဟောင်းဆိုင်သို့ ပြန်ပို့လိုက်ကြပြီးပြီ။ ကုလားထိုင်မရှိ၍လည်း အကြောင်းမဟုတ်ပါ။ သူတို့ ခုတင်များပေါ်တွင် ကျယ်ကျယ်လွင့်လွင့် စိမ်ပြေနပြေ လဲလျောင်းနေနိုင်ကြပြီ မဟုတ်လော။ သည်လိုနူးညံ့အေးစက်သော မွေ့ရာပေါ်တွင် မအိပ်ရသည်မှာ ကြာလှလေပြီ။

“အင်း … သူတို့အတွက် လုပ်ပေးလိုက်ရင်လည်း ကောင်းပါတယ်၊ နံရံပတ်လည်မှာ စင်လေးတွေ တန်းရိုက်ထားရရင် မကောင်းဘူးလား၊ ပစ္စည်းလေး ဘာလေးတွေ တင်ရတာပေါ့”

စင်ရိုက်ပြီး ပစ္စည်းများကို စင်ပေါ်သို့ တင်လိုက်သည့် အခါတွင် အခန်းမှာ သန့်ရှင်းသွား၊ သေသပ်သွား၏။ နေရာလည်း အများကြီးကျယ်သွားသည်။ သို့ဖြင့် နောက်ဘက်နံရံကိုကပ်၍ ခုတင်ငါးလုံးတန်း စီချလိုက်ပြီး ခြေရင်းတွင် လူသွားလမ်း ချန်ထားသည်။ ခုတင်တစ်လုံးစီကြားတွင် အကာကလေးများ ကာပြီး အကန့်ကလေးတွေ လုပ်ထားသည်။ခုတင်တစ်လုံးစီကြားတွင် သုံး၊ လေးပေလောက်စီ ခြားနေသေးသည်။ ဗီရိုကြီးတစ်ဖက်တွင်လည်း ခြောက်ပေခန့်နေရာ ရှိသေးသည်။

ဝါ့ဒ်မှာ သည်လောက်နေရာကျယ်ကျယ် ကျန်သေးသည်ကို မြင်ရသည့်အခါတွင် ကျေနပ်နေပြန်လေပြီ။ ဤတွင် ရိုဆီးတားက ဟယ်လင်၏ မိဘမှာ ကောင်းစွာ မမာကြောင်း၊ သမီး၏ ပြုစုမှုကို လိုအပ်ကြောင်း၊ ထို့ကြောင့် ဗီရိုနှင့် နံရံကြားကျန်သည့် နေရာကလေးကို ဟယ်လင်၏ အမေအတွက် ခန်းမြှောင်ကလေးတစ်ခု လုပ်ပေးလိုက်လျှင် ကောင်းမည်ထင်ကြောင်းဖြင့် ပြောပြသည်။

ဟယ်လင်ကား ဝမ်းသာ၍ မဆုံးပြီ။

“အို … သိပ်ကျေးဇူးတင်တာပဲရှင်၊ ဒါပေမဲ့ ခုလို တစ်ကန့်စီ နေရတာထက် ကျွန်မဘေးမှာ ခုတင်လေးတစ်လုံး ထိုးပြီးနေရရင် ဘယ့်နှယ်နေမလဲ”

ထို့ကြောင့် ရိုဆီးတားသည် အကာများကို ထပ်ဖြူတ်ကာ သူတို့ခုတင်များကို အနည်းငယ်ပူးပေးရသည်။ တန်းလျက် ခုတင်ခြောက်လုံး ရှိသွားလေပြီ။ သူတို့ခုတင်များကြားတွင် နှစ်ပေခွဲမျှသာ နေရာကျန်တော့သည့်အတွက် ကိုယ့်ခုတင်ပေါ်သို့ တက်နိုင်ရုံနေရာ၊ ဖိနပ်ချွတ်ရုံနေရာမျှသာ ရှိတော့သည် ဝါ့ဒ်သည် နှစ်ပေခန့်ရှိသည့် သူ့အထက်ခေါင်းရင်းပေါ်မှ စင်ကလေးအောက်ရှိ ခုတင်ပေါ်တွင် မှီထိုင်ရင်း ဗီရိုကြီးကို လှမ်းကြည့်လိုက်သည်။ ဗီရိုနေရာတွင် ခုတင်မရှိသေး။ အလွတ်ကြီး ရှိသေးသည်။ သည်လောက် နေရာကျယ်ကျယ် မြင်ရလျှင်လည်း သိပ်မဆိုးလှသေး။

ထို့နောက် ဟယ်လင်၏ အဖေ ရောက်လာသည်။

* * *

ခန်းမြှောင်ကလေးတံခါးကို ခေါက်လိုက်ပြီးနောက် ဝါ့ဒ်သည် သူ့ကိုအထဲဝင်ရန် နေရာဖယ်ပေးသော ဂျူးဒစ်၏ အဒေါ်ကို လှမ်း၍ ပြုံးပြလိုက်သည်။ ဝါ့ဒ်သည် အပေါက်ဝတွင် ကန့်လန့်ကြီး ဖြစ်နေသည့် ဂျူးဒစ်အဒေါ်၏ ပစ္စည်းများကို နေရာတကျဖြစ်အောင် ပြန်ထားပေးပြီးနောက် အထဲသို့ဝင်လာခဲ့၏ အခန်းထဲသို့ဝင်လာသည့်အခါတွင် ဟယ်လင်၏ အဖေကလည်း ခြေရင်းပေါက်မှ တံခါးကလေးကို ဖွင့်ပေးရပြန်သည်။ ဟယ်လင်၏ အဖေမှာ သေးသေးညှက်ညှက်၊ ဆံပင်ဖြူဖြူနှင့်ဖြစ်ပြီး ကြိုးသိုင်းဘောင်းဘီနှင့် ရှပ်အင်္ကျီတို့ကို ဝတ်ထားသည်။

ဝါ့ဒ်သည် သူ့ကိုလည်း ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် ကြမ်းပေါ်တွင် ချထားသည့် အထုပ်အပိုးများ၊ သေတ္တာများကို ကျော်လာခဲ့သည်။ ဟယ်လင်မှာ သူ့အမေ၏ အကန့်ကလေးထဲတွင် ရောက်နေပြီး အမေ့ကို စွပ်ပြုတ်တိုက်လျက်ရှိ၏။ ရိုဆီးတားမှာ ချွေးတလုံးလုံးဖြင့် နံရံအနီးရှိ မဟော်ဂနီဗီရိုကြီးကို တစ်စစီဖြုတ်နေသည်။ အပိုင်းအစများသည် သူ့ခုတင်ပေါ်တွင်လည်းကောင်း၊ ကြမ်းပြင်ပေါ်တွင်လည်းကောင်း ပြန့်ကျဲလျက်ရှိသည်။

“မနက်ဖြန်ကျရင်တော့ ဒီဗီရိုကြီးကိုလည်း တစ်စစီဖြုတ်ပြီး အပြင်ကို ထုတ်ရလိမ့်ဦးမယ်ဗျို့”

သူ့အကန့်ထဲသို့ ပြန်ဝင်သွားကာ ဗျိုင်းချိတ်တစ်ခုတပ်ကာ သွပ်နန်းကြိုးကလေးဖြင့် ချည်နေသော ဟယ်လင်၏ အဖေကို ဝါ့ဒ်လှမ်းကြည့်နေသည်။ ရိုဆီးတားက သူ့ကိုကြည့်ရင်း …

“ဒီဗီရိုကြီးမရှိလို့ ဝမ်းသာတဲ့လူက ဝမ်းသာနေကြတယ်ဗျ၊ ဒီဗီရိုကြီးရှိတာ ရှုပ်တယ်တဲ့၊ ကျွန်တော်တို့တစ်တွေ ဘာစိတ်ကူးနဲ့များ ဒီဗီရိုကြီးကို ဝယ်ခဲ့ကြသလဲ့ မသိဘူး”

ဝါ့ဒ်သည် သူ့အိပ်ရာပေါ်တွင် ထိုင်ချလိုက်သည်။ သူ့ဒူးသည် နံရံနှင့် ထိနေ၏။ မကွေးသာ၊ မဆန့်သာ။

ရိုဆီးတား အလုပ်များနေရာသို့ လှမ်းကြည့်လိုက်သည့် အခါတွင် ခဲဖြင့် သူ မှတ်ထားသောနေရာကို မြင်ရတော့ အကာ၏ အပြင်သို့ ရောက်သွားလေပြီ။ ဝါ့ဒ်သည် စိတ်မသက်မသာဖြင့် လှမ်းကြည့်လိုက်၏ ရိုဆီးတားမှာ အကာကို ကြမ်းပြင်တွင် သံဖြင့် စွဲပြီးနေလေပြီ။

ထိုစဉ် အကန့်တံခါးကလေးဆီမှ တံခါးခေါက်သံ ပေါ်လာသည်။ ဟယ်လင် အလုပ်မှ ပြန်လာခြင်း ဖြစ်ဟန်တူသည်။ ဝါ့ဒ်သည် အလန့်တကြားဖြင့် ထိုင်ရာမှထကာ လေသံတိုးတိုးကလေးဖြင့်

“ဘယ်သူလဲ … ဟယ်လင်လား” ဟု မေးသည်။ ယနေ့ည သူတို့အခန်းကလေးအတွက် အခန်းစောင့် တာဝန်ကျသူမှာ ဟယ်လင်၏ အဖေ ဖြစ်သည်။

မစ္စတာဝါရင်းသည် အိပ်ရာမှ လေးတိလေးကန်ဖြင့် ထလာကာ အကန့်တံခါးကို ဖွင့်သည်။ ပါးစပ်ကလည်း တဖျစ်တောက်တောက် ရေရွတ်လျက်။

“ခွီးလိုမှပဲ၊ ကောင်းကောင်းပဲ မအိပ်ရဘူး၊ လူလာတိုင်း ထပြီး ဖွင့်ပေးနေရတာပဲ” ဟုဆိုကာ တံခါးပေါက်ဆီသို့ အသွားတွင် ကြမ်းပြင်တွင်ချထားသည့် ရိုဆီးတား၏ လက်သမားပစ္စည်းများ ထည့်ထားသည့်သေတ္တာကို တိုက်မိသဖြင့် ပါးစပ်မှ ကျိန်ဆဲလိုက်ပြန်သည်။

“ခွီးတဲ့မှပဲ၊ ဒီလောက်လူများမှန်းသိရင် ဘယ်ပြောင်းလာမလဲကွ၊ အောက်ထပ်မှာဆိုရင် ဒီလောက်အခန်းကို လူ ခြောက်ယောက်ပဲ နေရတယ်၊ ခု တို့မှာတော့ ခုနစ်ယောက်ကြီးများတောင် ရှိနေပြီ”

ဝါ့ဒ်သည် ဘာမျှမပြောတော့ဘဲ သူ့ခုတင်ခေါင်းရင်းကို မှီလိုက်သည်။ ကံကောင်း၍ ခေါင်းရင်းတွင် ရိုက်ထားသည့်စင်နှင့် မဆောင့်မိခြင်းဖြစ်၏။ ဝါရင်းက သည်အခန်းမှ ပြောင်းချင်သည်ဟု ပြောနေလေပြီ။ ဂျူးဒစ်၏ အဒေါ်ကလည်း အလားတူစကားမျိုးကို လွန်ခဲ့သည့် နှစ်ရက်လောက်က ပြောခဲ့ပြီးပြီ။ ဝါ့ဒ်မှာ စာကြည့်တိုက်အလုပ်မှ ထွက်ခဲ့ပြီးနောက် (သူက အခန်းကိုတစ်ဆင့် ငှားသဖြင့် ရသည့်ငှားခကလေးဖြင့် ထမင်းဖိုးရနေသည်။) အခန်းအောင်းနေတော့သည်။

ဝါ့ဒ်သည် ဗီရိုဆီသို့ လှမ်းကြည့်လိုက်သည်။ လွန်ခဲ့သည့် ခြောက်လလုံးလုံး သူမြင်နေကျဖြစ်ခဲ့သည့် ဗီရိုကြီးပေါ်ရှိ ညာဘက်ထောင့်မှ အထွတ်မှာ မရှိတော့။

ဗီရိုကြီးမှာ အတော်လှသည့် ဗီရိုကြီး ဖြစ်သည်။ သည်ဗီရိုသည် အလွန် လက်ရာကောင်း၍ ရှားပါးသောလက်ရာတစ်ခု ဖြစ်ကြောင်းဖြင့် ပရိဘောဂဆိုင်က သူ့ကိုပြောလိုက်ဖူးသည်။ ထို့ကြောင့် ထိုဗီရိုကြီးကို ပြန်မရောင်းချင်။ ယခုမူ မတတ်နိုင်ပြီ။ သည်ဗီရိုကြောင့် နေရာကျဉ်းသည်ဟု သူ့တစ်ဆင့်ခံ အခန်းငှားတွေက ငြူစူကုန်ကြပြီ။ ပြန်ရောင်းရတော့မည်။ ငယ်ငယ်တုန်းက ကိုယ်နှစ်သက်သည့် ပစ္စည်းတစ်ခုကို အဖေကယူပြီး လွှင့်ပစ်သည့်အခါတွင် ဝမ်းနည်းပက်လက် ဖြစ်ရသည့်နည်းတူ ယခုလည်း ဝမ်းနည်းပက်လက်ဖြစ်ရသည်။

ဝါ့ဒ်သည် အားတင်း၍ ကိုယ်ကိုမတ်လိုက်၏။ မှန်သည်။ ဗီရိုမှာ အလွန် လက်ရာလှသည့် ဗီရိုကြီးဖြစ်သည်။ ဤသည်ကို သူ ဘာမျှသံသယမဖြစ်။ သို့ရာတွင် မတတ်နိုင်။ ဗီရိုကြီးတွင် ထုတ်ပစ်ရတော့မည်။ သည်ဗီရိုကြီး မရှိတော့လျှင် အခန်းသည် ပို၍ကျယ်လာမည် မဟုတ်ပါလော။

(အင်္ဂလိပ် သိပ္ပံစာရေးဆရာ၊ ဘောဂဗေဒ ပညာရှင်နှင့် လူဦးရေဗေဒ ပညာရှင် James G. Ballard ၏ Billenium ကို ပြန်ဆိုသည်။)

မြသန်းတင့်

ရှုမဝ၊ ဇန်နဝါရီ၊ ၁၉၈၅။