ဝတ္ထုတိုများစုစည်းမှု့

ဆိုက်ကားသမား ဒဿနဆရာ

ညို့မှောင်နေသည့် သူ့မျက်နှာပေါ်မှ မျက်လုံးများသည် တဖျတ်ဖျတ် တောက်နေကြသည်။ ဆံပင် ဖရိုဖရဲ၊ အဝတ်အစား ခပ်နွမ်းနွမ်းနှင့် ခုံဖိနပ်ကို စီးထားသည့် ခပ်နွမ်းနွမ်း အဆင်အပြင်ထဲမှ နေ၍ သူ့မျက်နှာသည် ကြည်လင် လတ်ဆတ်ကာ နှစ်လိုဖွယ် ကောင်းနေသည်။ သူသည် ကျွန်တော်တို့ စာရေးဆရာ တစ်သိုက်ကို အကဲခတ် နေသည်။ တစ်ခါတရံတွင် ဆေးပေါ့လိပ်တိုကို မီးညှိပြီး ကျွန်တော်တို့ ပြောနေသော စကားများကို နားစွင့် နေတတ်သည်။ တစ်ခါတရံ တွင်လည်း သူ့နှုတ်ခမ်းမွှေးကို ပွတ်သပ်ရင်း ကျွန်တော်တို့ ပြောနေသည့် စကားများကို နားစွင့်တတ်သည်။

ဗိုလ်တဲပေါ်ကို ရောက်စတုန်းက ကျွန်တော်သူ့ကို သတိမထားမိ။ အထုပ်အပိုးများကို ချပြီး ဧည့်ခန်းတွင် ထိုင်မိသည့် အခါမှ သူ့ကို ကျွန်တော် သတိထားမိခြင်း ဖြစ်သည်။ အမှန်ကတော့ ကျွန်တော်တို့ကို ဘူတာရုံ လာကြိုကတည်းက သူ ပါလာခဲ့သည်။ သို့ရာတွင် သူသည် စကားတစ်လုံး မျှလည်း မပြော။ လာကြို သူများနှင့်လည်း သိပ်မရောသဖြင့် သူ့ကို သတိ မထားမိခဲ့ခြင်း ဖြစ်သည်။

နောက် ကျွန်တော်တို့ ပစ္စည်းကို သူ့ဆိုက်ကားပေါ်သို့ တင်ပြီး ဆိုက်ကားနင်း လိုက်လာသဖြင့် သူ့ကို ဆိုက်ကားသမား တစ်ဦးဟုပင် ထင်ခဲ့မိသည်။

မှန်တော့ မှန်သည်။ သူသည် ဆိုက်ကားသမားတော့ ဆိုက်ကားသမားပင် ဖြစ်သည်။ သို့ရာတွင် ငှားရမ်းထားသည့် ဆိုက်ကားသမား မဟုတ်။ ကျွန်တော်တို့ ဟောပြောပွဲ လုပ်မည့် မြို့က စာဆိုတော် ကော်မတီဝင် တစ်ဦး ဖြစ်ကြောင်း နောက်မှ သိရသည်။

ကျွန်တော်တို့ ပစ္စည်းတွေ ချပြီး ဧည့်ခန်းမှာ ထိုင်သည့် အခါတွင် ရန်ကုန်ကို လာ၍ ဖိတ်ကြားသူက မြို့ခံ စာဆိုတော် ကော်မတီဝင်များနှင့် မိတ်ဆက်ပေးသည်။ ထို ကော်မတီဝင်တွေ ထဲတွင် သူ ပါသည်။

သူ့အမည် ကိုစိုးမြင့်။

“ကျွန်တော်တို့ ကတော့ သူ့ကို ခုံဖိနပ်စိုးမြင့်လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ စာဆိုတော် ကော်မတီရဲ့ တွဲဖက် အတွင်းရေးမှူးပါ။ ကျွန်တော် မအားလပ်ရင် ဆရာတို့ လိုတာကို ကိုစိုးမြင့်ကို ပြောနိုင်ပါတယ်။ သူက ဒီရက်တွေ အတွင်းမှာ တစ်လျှောက်လုံး ဆရာတို့နဲ့ ရှိနေမှာပါ”

ကိုစိုးမြင့်က ထရပ်ပြီး ပြုံးပြသည်။ ညမှောင်သည့် မျက်နှာပေါ်တွင် ဖြူဖွေး ညီညာသော သွားသည် တစ်လက်လက် တောက်နေကြသည်။

ထိုနေ့ ညနေမှ စ၍ ကိုစိုးမြင့်သည် ကျွန်တော်တို့ ပြန်သည်အထိ ကျွန်တော်တို့နှင့် အတူ တစ်ချိန်လုံး ရှိနေသည်။

ကျွန်တော်တို့အား ကျွေးစရာ မွေးစရာ ရှိသည်တို့ကိုလည်း သူပင် တာဝန်ယူ၍ ကျွေးမွေးသည်။ ကျွန်တော်တို့ စားသောက်ပြီး အိပ်ရာဝင်သည့် အခါတွင် သူသည် လူငယ်ကလေး တစ်ယောက်ဖြင့် ပန်းကန် ခွက်ယောက်များကို သူပင် ကြီးကြပ် သိမ်းဆည်းသည်။

ထို့နောက် ဧည့်ခန်းထဲက စားပွဲတစ်လုံး ပေါ်တွင် စောင်တစ်ထည် ခေါင်းအုံး တစ်လုံးဖြင့် အိပ်သည်။ မနက်လင်း၍ ကျွန်တော်တို့ နိုးလာသည့် အခါတွင် သူသည် ကျွန်တော်တို့ အတွက် မနက်စာ အဆင်သင့် ပြင်ဆင်ပြီးလေပြီ။

သူ့ဆိုက်ကားသည် သူနှင့်အတူ အမြဲရှိနေသည်။

ကိုစိုးမြင့်သည် စာဆိုတော် ဟောပြောပွဲရက်များ အတွင်းတွင် ဆိုက်ကားလည်း မနင်းတော့။ အိမ်သို့လည်း မပြန်တော့။ စာဆိုတော်ပွဲ ကိစ္စ အဝဝကို ဒိုင်ခံကာ ဆက်သွယ် စီစဉ်ပေးသူ ဖြစ်နေသည်။

ထိုရက်များ အတွင်း ကျွန်တော်နှင့် ကိုစိုးမြင့်တို့ စကား ပြောမိကြသည်။ ပြောမိသည့် စကားထဲတွင် မော်ဒန်ကဗျာ၊ ဖြစ်တည်မှု ပဓာနဝါဒ၊ သိစိတ်အလျဉ် ရေးဖွဲ့နည်း၊ ဂျိမ်းဂျွိုက်စ်၏ ယူလီးဆစ်ဝတ္ထု၊ ဟဲမင်းဝေး၏ အဘိုးအိုနှင့် ပင်လယ် ဝတ္ထုက ပြောပြသည့် ဒဿန၊ ခေတ်ပေါ် မြန်မာဝတ္ထုတို့ ဆန်းစစ်ချက်၊ မော်ဒန်ဆိုသည့် ဝေါဟာရ၏ အဓိပ္ပါယ် ၊ အိုင်းစတိုင်း၏ ရီလေတီဗတီ သီအိုရီ …။

ထူးတော့ ထူးဆန်းသည်။ ခုံဖိနပ် စီးထားသည့် အညာမြို့ တစ်မြို့က ဆိုက်ကားသမားနှင့် ဖြစ်တည်မှု ပဓာနဝါဒသည် တကယ်ဆိုလျှင် အဝေးကြီး။

ကျွန်တော်သည် သူ့စကားများကို နားထောင်ရင်း အံ့ဩ ရမည်လား။ ဝမ်းသာ ရမည်လား။ သံသယဖြစ် ရမည်လားဟု ဝေခွဲမရ ဖြစ်နေသည်။

“ကိုစိုးမြင့် ဒါတွေကို ဘယ်တုန်းက ဖတ်ထားတာလဲ။ အင်္ဂလိပ်လိုကော ဖတ်သလား”

ကျွန်တော်က အကဲစမ်းသည့် အနေဖြင့် မေးသည်။

“အင်္ဂလိပ် လိုတော့ ကောင်းကောင်း မဖတ်တတ်ပါဘူး ဆရာ”

“ကောင်းကောင်း မဖတ်တတ်ဖူး ဆိုရင် နည်းနည်းပါးပါးတော့ ဖတ်တတ်တယ် ဆိုတဲ့ သဘောပေါ့”

“ကျွန်တော် ၉ တန်း အောင်သည် အထိတော့ ကျောင်း နေခဲ့ဖူးတယ် ဆရာ။ အဲ … ၁၀ တန်း အထိ ဆိုပါတော့ ဆရာ။ ဒါပေမဲ့ ဆယ်တန်းကို နှစ်ခါ သုံးခါ ကျတော့ ကျောင်း မတက်တော့ဘူး။ အဲ … ကျောင်း မတက်နိုင်တော့ဘူး ဆရာ”

ကိုစိုးမြင့်သည် သူ့စကားကို တိကျအောင် ပြောလေ့ ရှိသည်ကို ကျွန်တော် သတိပြုမိသည်။

သူသည် စကားတစ်ခွန်းကို ပြောလျှင် တိကျအောင် ပြောတတ်သည်။ မတိကျသေးလျှင် သူ့စကားကို တိကျအောင် ပြင်ပြောသည်။

“မနေနိုင်တော့ တာလား။ မနေချင်တော့ တာလား”

“မနေနိုင်တော့တာ ဆရာ”

“ဘာဖြစ်လို့”

“အကြောင်း ကြောင်းကြောင့် ဆိုပါတော့ ဆရာ။ အဓိက အကြောင်းကတော့ စီးပွါးရေးပါ။ ကျွန်တော်က သားအကြီးဆုံး၊ စာမေးပွဲကလည်း တဘုံးဘုံးကျ၊ အငယ်တွေကလည်း ကျွန်တော့် မီလာ၊ ဒီအထဲမှာ ကျွန်တော်ကလည်း မိဘစကားကို နားမထောင်၊ ကျွန်တော် လုပ်ချင်ရာ လျှောက်လုပ်နေတော့ အိမ်နဲ့ ပြဿနာ ဖြစ်တာပေါ့ ဆရာ။ အဖေက ကျွန်တော့်ကို အထင်သေးတယ်။ အဖေ အထင်သေး မခံရအောင် လူတော်တစ်ယောက် ဖြစ်အောင် ကြိုးစားမယ် ဆိုပြီး မခံချင်စိတ်နဲ့ ကြိုးစားတယ်။ ကြိုးစားရင်း ကြိုးစားရင်းနဲ့ နောက်ဆုံးတော့ ဆိုက်ကားသမား ဖြစ်လာတာပါပဲ”

ကိုစိုးမြင့်က သူ့စကားကိုသူ သဘောကျ၍ ရယ်သည်။

“ဘယ်လို ကြိုးစားရင်း ဆိုက်ကားဆရာ ဖြစ်လာတာလဲ”

“ကျွန်တော့် အဖေက အဲ့ဒီတုန်းက ဆပ်ပလိုင်း ဂိုဒေါင်လို့ ခေါ်တဲ့ အစိုးရ ဂိုဒေါင်စောင့် အလုပ် ဆရာ။ ကျွန်တော်တို့က အဲဒီ ဂိုဒေါင်ဝင်းထဲမှာပဲ နေလာခဲ့ ရတယ်။ အဖေက ကျွန်တော့်ကို သားအကြီးဆုံး ဆိုပြီး အားကိုးတယ်။ ဒါပေမဲ့ ကျွန်တော်က သူ ဖြစ်စေချင်တာတွေ တစ်ခုမှ မဖြစ်ဘဲ သူ မဖြစ်စေချင်တာတွေ အကုန် ဖြစ်လာတယ်”

“သူ ဖြစ်စေချင်တာတွေက”

ကိုစိုးမြင့်သည် ဆေးပေါ့လိပ်ကို မီးညှိ၍ ဖွာနေသည်။

“သူ ဖြစ်စေချင်တာတွေ ကတော့ ကျွန်တော့်ကို ကောလိပ်တို့ ဘာတို့ကို ရောက်စေချင်တယ်။ အဖေ့လိုပဲ ဒရဝမ် လုပ်တဲ့ အဖေ့ရဲ့ သူငယ်ချင်း တစ်ယောက်က သူ့သားကို ကောလိပ်ကို ပို့နိုင်တော့ အဖေ့ကို သိပ်ကြွားတာကိုး ဆရာရဲ့။ အမှန်ကတော့ ဒီကောင်က စာမတော်ပါဘူး။ ကျွန်တော်နဲ့ တစ်တန်းတည်းပါ။ ခပ်ညံ့ညံ့ ထဲကပါ။ အတန်းထဲတုန်း ကတော့ ကျွန်တော်က စာတော်တယ် ဆရာ။ စာမေးရင်လည်း ကျွန်တော့်ကိုပဲ လာမေးရတယ်။ မြန်မာစာ မေးမလား။ အင်္ဂလိပ်စာ မေးမလား။ သင်္ချာ မေးမလား ကျွန်တော့်ကိုပဲ မေးရတာပေါ့။ ဒါပေမဲ့ ဒီကောင်က ကြိုးစားတယ်။ လက်တွေ့ ကျတယ်။ ကျွန်တော်က မကြိုးစားဘူး။ လက်တွေ့ မကျဘူး။ စိတ်ကူးယဉ်တယ်။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဒီလိုပဲ မှတ်ချက်ချတယ်”

“လက်တွေ့ မကျဘူး စိတ်ကူးယဉ်တယ် ဆိုတာ ဘာကို ဆိုလိုတာလဲ”

“ဒီကောင်က မိန်းကလေးကို ကြိုက်တဲ့ နေရာမှာတောင် ရုပ်ချောတဲ့ မိန်းကလေးကို မကြိုက်ဘူး ဆရာ။ ပိုက်ဆံရှိတဲ့ မိန်းကလေး ၊ ဂုဏ်ရှိတဲ့ မိန်းကလေးကို ကြိုက်တယ် မိန်းမယူရင် အဲဒီမိန်းမဟာ ကိုယ့်ထက် ဂုဏ် အဆင့်အတန်းတို့ ပိုက်ဆံတို့ ရှိရမယ်တဲ့။ ကိုယ့်ထက် ဂုဏ်လည်း နိမ့်ကျတယ်။ ပိုက်ဆံလည်း မရှိဘူးဆိုရင် ကိုယ့်ဘက်က အနာချည်းပဲတဲ့။ ကိုယ်ကလည်း တစ်သက်လုံး လုပ်ကျွေးရသေးတယ်။ သူ့ဆီက ကိုယ်က ဘာမှ အဆောင်းမရဘူးဆိုရင် တွက်ခြေ မကိုက်ဘူးတဲ့။ ကျွန်တော်ကတော့ မိန်းကလေးဆိုရင် ပိုက်ဆံ မရှိရင်နေ။ ဂုဏ် မရှိရင်နေ။ ရုပ်ချောရမယ်။ အသင့်အတင့် သဘောကောင်း ရမယ်လို့ ယူဆတယ်။ အချစ်ကို ကွန်ပျူတာနဲ့ တွက်လို့ မရဘူး ဆရာ။ နှလုံးသားနဲ့ တွက်မှ ရတာ”

“ဒီတော့ ခင်ဗျားက စိတ်ကူး ယဉ်တယ်လို့ ဆိုချင်တာပေါ့”

“စိတ်ကူး ယဉ်တာလား။ နှလုံးသား ရှိတာလားတော့မပြောတတ်ဘူး ဆရာ။ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း ‘တင်သန်း’ တို့က အဲဒီလို ကွာတာ။ သူက ကျွန်တော့်ဆီကို စာတွေ ဘာတွေ မေးပြီး ဆယ်တန်း အောင်သွားတယ်။ ကျွန်တော်က သူ့ကို စာတွေပြပြီး ဆယ်တန်းမှာ ကျကျန်ခဲ့တယ်။ ကျတာကလည်း တစ်ခါ မဟုတ်ဘူး။ အကြိမ်ကြိမ်၊ ဒီတော့ ကျွန်တော့် အဖေက ကျွန်တော့်ကို အထင်သေးတာ သဘာဝ ကျပါတယ်။ အဖေ့အပြစ် မဟုတ်ပါဘူး”

“ခင်ဗျားက စာလည်း တော်တယ်။ အသင့်အတင့်လည်း ကြိုးစားတယ် ဆိုရင် ဘာဖြစ်လို့ စာမေးပွဲ မအောင်တာလဲ”

ကိုစိုးမြင့်သည် သူ့ခေါင်းကို ကုတ်နေသည်။ စကားလုံး ရှာနေသည်လား။ ပြောသင့် မပြောသင့် ချိန်ဆ နေသည်လား မဆိုနိုင်။

“တစ်မျိုးပဲ ဆရာ။ ကျွန်တော်က တက္ကသိုလ်တွေ ဘာတွေ သိပ်နေချင်တာ မဟုတ်ဘူး။ အေးလေ ကျွန်တော်လို ကောင်က ဒီလို အခြေအနေ ဒီလို စကားမျိုး ပြောတော့ စပျစ်သီး ချဉ်တယ်လို့ ပြောတာမျိုး ထင်ကြမှာပေါ့။ တကယ်တော့ ကျွန်တော်က တက္ကသိုလ်မှာထက် ဘဝတက္ကသိုလ်ကြီး ထဲမှာ နေချင်တာ။ ဂေါ်ကီလိုပေါ့ ဆရာရယ်။ ဂေါ်ကီက လူ့ဘဝကြီးဟာ လူရဲ့ တက္ကသိုလ် ကျောင်းတော်ကြီးလို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီမှာ လူတွေနဲ့ နေမယ်။ စာအုပ်တွေ ဖတ်မယ်။ ပြီးတော့ ကျွန်တော် ဖြစ်ချင်တာက စာရေးဆရာကြီး၊ ကဗျာဆရာကြီး ဖြစ်ချင်တာ၊ ဖြစ်နိုင်ရင်တော့ တဂိုးတို့လို သခင်ကိုယ်တော်မှိုင်း တို့လို တော်စတွိုင်း တို့လို စာရေးဆရာကြီး ကဗျာဆရာကြီး ဖြစ်ချင်တာ။ အဲဒီ ဆရာကြီးတွေဟာ ဘာအတန်းမှ အောင်ခဲ့ကြတာ မဟုတ်ပါဘူး။ ဘားနတ်ရှော ကိုပဲ ကြည့်မလား။ ဂေါ်ကီ ကိုပဲ ကြည့်မလား။ ဂျွန်ကိကို ကြည့်ဦးမလား။ ရှယ်လီကို ကြည့်ဦးမလား။ ရှိတ်စပီးယားကို ကြည့်ဦးမလား။ အမေရိကန် ကဗျာဆရာတွေ၊ စာရေးဆရာတွေ ကြည့်ဦးမလား။ မတ်တွန်းတို့၊ ဝှစ်တမင်းတို့ဟာ ဘယ်အတန်းတွေများ အောင်ခဲ့ကြလို့လဲ။ မတ်တွန်းဆိုရင် မစ္စစပီ မြစ်တစ်ရိုး သင်္ဘောပေါ်မှာ စူကာနီ လုပ်ခဲ့ရတာ။ သင်္ဘောသား လှေထိုးသမား လုပ်ခဲ့ရတာ။ ဂေါ်ကီလည်း ဒီအတိုင်းပဲ။ ဒါပေမဲ့ ကျောင်း မနေခဲ့ရပဲနဲ့ သူတို့ တစ်တွေဟာ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ဖြစ်လာခဲ့ကြတာပဲ မဟုတ်ဘူးလား။ ဆရာ စဉ်းစားကြည့်လေ။ ဘယ်လောက် ဆန်းသလဲ။ တက္ကသိုလ်ကို မနေခဲ့ဖူးတဲ့ ရှိတ်စပီးယားနဲ့ ဘားနတ်ရှောတို့ရဲ့ စာတွေကို တက္ကသိုလ် ပါမောက္ခတွေက ခွဲခြမ်း စိတ်ဖြာပြီး သင်ပြနေရပြီ မဟုတ်လား။ ဒါကြောင့် စာမေးပွဲ မအောင်ရင်လည်း အရေးမကြီးပါဘူး။ အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်ဖြစ်အောင် လုပ်မယ်လို့ ကျွန်တော် မျှော်မှန်းခဲ့တာ”

ကျွန်တော်က သူ့စကားများကို နားထောင်ရင်း ပြုံးသည်။

“ဒီတော့”

“ဒီတော့ ကျွန်တော် စာမေးပွဲကျတယ်။ အိမ်ကလည်း ကျွန်တော့်ကို ဆက်ပြီး ကျောင်းမထား နိုင်တော့ဘူး။ အဖေကလည်း ထမင်းမကျွေး နိုင်တော့ဘူး ဆိုပြီး အိမ်က နှင်ချလိုက်တယ် ဆရာ”

“ဒီအတွင်းမှာ ခင်ဗျားက စာရေးဆရာ ဖြစ်အောင် ဘယ်လို ကြိုးစား အားထုတ်မှုတွေကို လုပ်ခဲ့သလဲ”

“ကျွန်တော် စာတွေဖတ်တယ် ဆရာ။ စာအုပ်ကတော့ ကျွန်တော့်ရှေ့ ရောက်လာတဲ့ စာအုပ်ကို ဝါးစားသလို ဖတ်ပစ်တာပဲ။ ဝတ္ထုစာအုပ်ရော၊ ကျမ်းစာအုပ်ရော၊ သတင်းစာရော၊ မဂ္ဂဇင်းရော။ ကျွန်တော်က ပုံနှိပ်စာလုံးကို မြင်ရရင် ပျော်နေတာ ဆရာ။ ကျောင်းမှာတုန်း ကလည်း ကျွန်တော် ကျောင်းစာတွေထက် အပြင်စာတွေကို ဖတ်တာပဲ။ ဒါကြောင့်မို့ ကျောင်းမှာ မြန်မာစာ စာစီစာကုံး ရေးရင် အင်္ဂလိပ်စာ စာစီစာကုံး ရေးရင် ကျွန်တော့် စာစီစာကုံးက ထိပ်ဆုံးမှာ ရှိတယ်။ မကြာခဏ ဆိုသလို ကျွန်တော့် စာစီစာကုံးကို အကောင်းဆုံး ဆိုပြီး ဆရာက အတန်းထဲမှာ ဖတ်ဖတ်ပြတယ်။ တစ်ခါ ကျွန်တော် မှတ်မိသေးတယ် ဆရာ။ ဂျွန်ကိစ်ရဲ့ လာဘယ်ဒိန်းဆမ်မာစီ ဆိုတဲ့ ကဗျာ၊ အေ ဗျူးတီဖူး လေဒီ ဝှစ်သောက် မာစီ A Beautiful Lady Without Mercy ဆိုတဲ့ ကဗျာ ၊ အဲဒီခေါင်းစဉ်ကို မြန်မာလို ပြန်ရမယ်လို့ ဆိုတော့ ကျွန်တော်က အသနားမဖက်သော မိန်းမချော ဆိုပြီး ဘာသာပြန် ပေးလိုက်တယ်။ အင်္ဂလိပ်စာ သင်တဲ့ ဆရာကြီးက ကျွန်တော့်ကို ချီးကျူးလို့ မဆုံးဘူး။

ထားပါ ဆရာ။ ကျွန်တော့်ကိုယ် ကျွန်တော် ကိုယ်ရည်သွေးရာ ရောက်နေ ပါလိမ့်မယ်။ ကျွန်တော် ဆိုလိုချင်တာက ကျောင်းမှာတုန်း ကရော ကျောင်းပြင်ရောက်တဲ့ အခါမှာရော ကျွန်တော် အပြင်စာတွေကို အကုန်ဖတ်တယ်။ အင်္ဂလိပ်စာ ကိုလည်း ဦးထွန်းငြိမ်း အဘိဓာန် ရှေ့မှာချပြီး ဖတ်တယ်။ ရှေး မြန်မာဂန္ထဝင်တွေ၊ ပျို့ကဗျာတွေ ဆိုရင်လည်း ကျွန်တော် ဖတ်တာပဲ။ ကိုယ်သဘောကျတဲ့ စာပိုဒ်တွေ တွေ့ရင် မှတ်စု စာအုပ်ကလေးနဲ့ ကူးထားတယ်။ ပျင်းရင် အားရင် တခြားစာအုပ် ဖတ်စရာ မရှိရင် အဲဒီ မှတ်စု စာအုပ်ကလေး ကိုပဲ ကျွန်တော် လျှောက်ဖတ် နေတာပဲ”

“ရှေး မြန်မာဂန္ထဝင်တွေ ထဲက ဘာတွေကို ဖတ်သလဲ”

ကိုစိုးမြင့်သည် မြန်မာကျမ်းစာတွေ အမည်ကို ကြောင်းကြောင်းပြေး နေအောင် ရွတ်သွားသည်။

“စွယ်စုံကျော်ထင်၊ ပကိဏ္ဏကဒီပနီ၊ သမန္တေစက္ခုဒီပနီ၊ ကိုးခန်းပျို့၊ မာဃဒေဝ လင်္ကာသစ်၊ သူဇာပျို့၊ ဘုံခန်းပျို့၊ စကားပြေတွေ ထဲကတော့ ငါးရာ့ငါးဆယ်တို့၊ ဇာတ်ကြီး ဆယ်ဘွဲ့တို့၊ ရာဇဝင်ကျော်တို့၊ ဦးကုလား ရာဇဝင်တို့၊ အရေးတော်ပုံ ငါးစောင်တွဲတို့ …”

ကျွန်တော် လက်ကာပြ ရသည်။

“ဒါတွေကို ဘယ်မှာတွေ့လို့ ဖတ်တာလဲ”

“ကျွန်တော်တို့ ဆရာတော် ကျောင်းမှာ စာကြည့်တိုက် ကောင်းကောင်း ရှိတယ်လေ ဆရာ။ ဆရာတို့ကို တစ်ညနေကျမှ လိုက်ပို့ရဦးမယ်။ အဲဒီမှာ ဆရာတော် ပျံလွန်တော်မူ သွားတော့လည်း တပည့်တွေက ဆရာတော်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆရာတော် အထိမ်းအမှတ် စာကြည့်တိုက်ကို ဆက်လုပ်ခဲ့ကြတယ်။ မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ်၊ ပေပုရပိုဒ် တော်တော်စုံတယ် ဆရာ”

“ကျွန်တော့်ကို လူလားမြောက်အောင် ကျွေးမွေးခဲ့တာ ဒီ စာကြည့်တိုက်ကြီးပဲ ဆရာ။ တကယ်ပြောတာ။ လူလားမြောက်အောင် ကျွေးမွေးတယ် ဆိုတာ စကားဥပမာ တင်စားပြောတာ မဟုတ်ဘူးဆရာ။ တကယ့်အဖြစ်။

“ကျွန်တော့်ကို အဖေက အိမ်က နှင်ချလိုက်တော့ကျွန်တော့်မှာ စားစရာ မရှိဘူး။ နေစရာ မရှိဘူး။ ဘာအလုပ်အကိုင် ဘာဝင်ငွေမှလည်း မရှိဘူး။ ဒီတော့ကျွန်တော် ဘယ်ကို သွားနေရသလဲ ဆိုတော့ ဆရာတော်ရဲ့ ကျောင်းကို သွားနေတယ်။ ဆရာတော့် ကျောင်းက တောရကျောင်း ဆရာ။ မြို့ပြင်ဘက် အင်ကြင်းတောတွေ၊ ဒဟတ်တောတွေ ကြားက တောရကျောင်း ဘေးမှာလည်း ရေကန်ကြီးနဲ့ တောရကျောင်း ဆိုပေမယ့် ဆရာတော်က မြန်မာပြည် တစ်ဝှန်းက တပည့်တပန်း ဒကာ၊ ဒကာမတွေ များတော့ လှူမယ့်သူ ပေါတယ်။ ဆွမ်းကွမ်းအတွက် မပူရဘူး။ ဆရာတော်ကို ပရိယတ္တိကိုသာ အားထုတ်ပါ။ ကျန်တဲ့ ပစ္စည်းလေးပါး ကိစ္စကို တပည့်တော်တို့ တာဝန်ယူပါ့မယ် ဆိုတဲ့ ဒကာ ဒကာမတွေက မြန်မာပြည် အနှံ့အပြားမှာ ပေါမှပေါ။ ဆရာတော် ကလည်း အင်မတန် ကိစ္စနည်းတယ်။ သူ့မှာ ကျောင်းဆောင် နောက်ထပ် လှူမယ့်သူ ပေါ်လာရင် မလှူနဲ့တဲ့။ သူ့မှာ ဆွမ်းကွမ်းကိစ္စ ပြည့်စုံပြီးသားတဲ့။ တခြား ရှားပါးတဲ့ ရဟန်းတော်များ၊ ချို့တဲ့တဲ့ ရဟန်းတော်များ ကိုသာ လှူကြတဲ့။ သူ့ကို ဘာမှ မလှူနဲ့တော့တဲ့။ သူ့မှာ သီတင်းသုံးစရာ အရိပ်အာဝါသ ရှိပြီး ဆွမ်းကွမ်း ပြည့်စုံပြီ။ သူ ဆောက်ချင်တဲ့ စာကြည့်တိုက် တစ်ခုလည်း ကျောင်းဝင်းထဲမှာ ဆောက်နိုင်ခဲ့လို့ စာအုပ်စာတမ်း၊ လောကီ လောကုတ္တရာ ကျမ်းတွေလည်း ပြည့်စုံပြီ။ ဒါကြောင့်မို့ သာသနာ သုံးရပ်ကို ပြန့်ပွားအောင် အားထုတ် နေကြတဲ့ တခြား ရဟန်းတော်များ ကိုသာ လှူကြ၊ အဲဒီလို ရဟန်းတွေ မြန်မာပြည် အနှံ့အပြားမှာ ရှိတယ်လို့ အမြဲ ဟောတော်မူလေ့ ရှိတယ်။

ကျွန်တော်က အဲဒီ ဆရာတော်ရဲ့ ကျောင်းမှာ သွားနေတော့ ကျွန်တော့် အဖို့လည်း စားဖို့ သောက်ဖို့ မပူရတော့ဘူးပေါ့ ဆရာ။ မနက်တိုင်ရင် ဆွမ်းခံလိုက်တယ်။ ဒါမှမဟုတ် ဆိုင်းထမ်းကလေးနဲ့ မြို့ထဲလည်ပြီး ဆွမ်း ဟင်းလျာခွက်တွေ သိမ်းတယ်။ အဲဒီတော့ ကျွန်တော် ဆယ်တန်း ကျောင်းသားအရွယ် ဆရာ။ ဆယ်တန်းကို နှစ်ခါ သုံးခါ ကျပြီးနေပြီ။

ငယ်ငယ်လေး ကတည်းက ကျွန်တော် ကျောင်းမှာပဲ နေပြီး ဆရာတော် ကျောင်းမှာပဲ ဘုန်းကြီးကျောင်းသား လုပ်၊ ဆရာတော် ကျောင်းမှာပဲ ကိုရင်ဝတ် သင်္ကန်းဆည်း ခဲ့တော့ ကျွန်တော့အဖို့ အဲဒီကျောင်းဟာ နေရာသစ် မဟုတ်တော့ဘူးလေ။ ဒီအထဲမှာ ဆရာတော်ကျောင်း ဆိုတာလည်း ကျွန်တော်တို့ တစ်သက်လုံး နေ့တိုင်း ရောက်နေတဲ့ နေရာ။

မရောက်ဘဲ ရှိပါ့မလား ဆရာ။ ဆရာတော့် ကျောင်းတိုက်မှာ စာအုပ်တွေ ပြည့်စုံတဲ့ စာကြည့်တိုက်ကြီး ကလည်း ရှိနေတာကိုး။ ဒီတော့ ဆရာတော် မရှိတဲ့ နောက်မှာလည်း မြို့က ဆရာတော်ရဲ့ တပည့်တွေက ဆက်ပြီး ပြုစုပျိုးထောင်လို့ ကျွန်တော့်ရဲ့ စာကြည့်တိုက်ကြီးဟာ ကျွန်တော်တို့ အနီးတစ်ဝိုက်၊ မြေလတ် တစ်ဝိုက်မှာ နာမည်ကျော်ခဲ့တယ် မဟုတ်လား။ ဒီတော့ ကျွန်တော့်အဖို့ ဆရာတော်ရဲ့ စာကြည့်တိုက်၊ ဆရာတော်ရဲ့ ကျောင်းဟာ ကျွန်တော့်ကို လူလားမြောက်အောင် ကျွေးမွေးတယ်လို့ ပြောတဲ့ နေရာမှာ အသိပညာ တိုးလာအောင် လုပ်ပေးတဲ့ နေရာတင် မကတော့ဘူး။ ကျွန်တော့် အသက်နဲ့ ခန္ဓာကိုယ် အိုးစား မကွဲအောင် ကျွေးမွေးခဲ့တဲ့ ကျောင်း။

အဲဒီမှာ ကျွန်တော့်ကို စာကြည့်တိုက်မှူး ခန့်တယ် ဆရာ။ လခကတော့ မရပါဘူး။ စာကြည့်တိုက်မှာပဲ နေရာပေးပြီး စာကြည့်တိုက်ကပဲ ကျွေးထားတယ်။ စာကြည့်တိုက်က ကျွေးတယ် ဆိုတာထက် ဆရာတော်ရဲ့ နေရာမှာ ကျောင်းထိုင်တဲ့ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ ဦးပဉ္ဖင်းတွေက ကျွေးထားတာ ဆိုပါတော့။ အဲဒီမှာ ကျွန်တော့် အလုပ်က စာအုပ် ဝယ်ရတယ်။ စာအုပ်တွေကို သိမ်းရတယ်။ ပျက်စီးတဲ့ စာအုပ်တွေကို ပြန်ချုပ်ရတယ်။ စာအုပ် ငှားရတယ်။ ပြန်မလာတဲ့ စာအုပ်တွေကို လိုက်တောင်းရတယ်။ အားရင် စာဖတ်တယ်။

နောက် အင်္ဂလိပ်လို နည်းနည်းပါးပါး ဖတ်တတ်လာတယ်။ အဲဒီမှာ ရှိတဲ့ ဦးပဉ္ဖင်းတွေလည်း သီရိလင်္ကာတို့၊ ဗာရာဏသီတို့၊ ကာလကတ္တားတို့မှာ နေလာတဲ့ ကိုယ်တော်တွေ ရှိတယ်။ တစ်ပါးက ကိုလံဘို တက္ကသိုလ်က အင်္ဂလိပ်စာ မဟာဝိဇ္ဖာဘွဲ့ အောင်လာတဲ့ ကိုယ်တော်၊ တစ်ပါးက ဗာရာဏသီ တက္ကသိုလ်က သင်္သကရိုက် ဘာသာနဲ့ အောင်လာတဲ့ ကိုယ်တော်၊ တစ်ပါးက ကာလကတ္တား တက္ကသိုလ် တစ်ခုက ပါဠိဂုဏ်ထူးနဲ့ အောင်လာတဲ့ ကိုယ်တော်၊ ဗာရာဏသီ တက္ကသိုလ်က အောင်လာတဲ့ ကိုယ်တော်လေးက သင်္သကရိုက်တင် မကဘူး။ ဗြဟ္မတို့ ပြာကရိုက်တို့ စတဲ့ အိန္ဒိယ ရှေးဟောင်း ဘာသာတွေ ကိုလည်း တတ်တယ်ဆရာ။

ပြာကရိုက် ကတော့ အင်္ဂလိပ်လို ပရိကရစ် ခေါ်မှာပေါ့ ဆရာ။ အဲဒီ ကိုယ်တော်က ပါဠိ သင်ပေးလို့ ဆန်းကျမ်း၊ သဒ္ဒါကျမ်းတွေ ကိုလည်း ကျွန်တော် ကောင်းကောင်း ဖတ်နိုင်သွားတယ် ဆရာ။ လောကီစာတွေ ကိုလည်း အင်္ဂလိပ်လို နည်းနည်းပါးပါး ဖတ်လာနိုင်တယ် ဆရာ။ ဖြစ်တည်မှုပဓာန ဝါဒတို့၊ မော်ဒန် ဝါဒတို့ သိစိတ်အလျင်တို့ ဆိုတာတွေကတော့ အင်္ဂလိပ် စာအုပ်တွေ ထဲမှာလည်း နည်းနည်းပါးပါး တွေ့ဖူးတယ်။ မြန်မာ မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေမှာလည်း နည်းနည်းပါးပါး တွေ့ဖူးရာ စပြီး ဟိုမေး သည်မေးနဲ့ သိလာတာပါ ဆရာ။ မေးလို့ ရတာကလေးကို မှတ်စုနဲ့ ချရေး၊ တစ်ယောက် ပြောတာနဲ့ တစ်ယောက် ပြောတာကို တိုက်ဆိုင် ညှိနှိုင်းကြည့်၊ ဒီလိုနဲ့ တဖြည်းဖြည်း အသိပညာကလေး တွေကို ပုရွက်ဆိတ်များ မိုးတွင်း အစာစုသလို ဖြည်းဖြည်းချင်း စုဆောင်း လာခဲ့တာပါ ဆရာ။ စနစ်တကျတော့ ဟုတ်ချင်မှ ဟုတ်မယ်ပေါ့၊ ဂီတသမားများလိုပေါ့ ဆရာရယ်။ ဆရာနဲ့ သင်တဲ့ဂီတသမားနဲ့ ဆရာနဲ့ မဟုတ်ဘဲ ကိုယ့်ဘာသာ ဟိုခေါက် သည်ခေါက်နဲ့ တတ်တဲ့ ဂီတသမား ကွာသလိုတော့ ရှိမှာပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူး ဆရာ။ ကိုယ်က ဆရာနဲ့ သင်နိုင်တဲ့ အင်အားမှ မရှိဘဲကိုး။ ဒီတော့ လက်အထားအသို၊ အလုံး အတွဲအဖက်၊ စည်းဝါး အယူအဆတို့မှာ စနစ်မကျ ဘာမကျတော့ ရှိမှာပေါ့။ ဒါပေမဲ့ ပညာဆိုတာ ယူတတ်ရင် တက္ကသိုလ် ရောက်မှ မဟုတ်ဘူး။ ဘယ်နေရာ မဆို ရနိုင်တယ် လို့တော့ ကျွန်တော် ယုံသွားတယ် ဆရာ”

“နို့ … နေပါဦး။ ခင်ဗျား အိမ်ထောင် ကျပုံကကော”

ကိုစိုးမြင့်က ရယ်သည်။

“ကျွန်တော်က ဗန်းမော်တင်အောင် ဇာတ်လိုက်နဲ့ တူတယ် ဆရာ။ ကျွန်တော်က ဘုန်းကြီးကျောင်းသား၊ ဆွမ်းဟင်းခွက်တွေ လည်သိမ်းရင်း ကျွန်တော့်ဇနီးနဲ့ တွေ့တာပဲ။ လူချင်း မျက်မှန်းတန်းမိ နေတာတော့ ကြာပါပြီ။ ကျောင်းတုန်း ကတည်းကပါ။ ကျွန်တော်ကတော့ အတန်းကြီးတာ ပေါ့လေ။ တစ်တန်းလား၊ နှစ်တန်းလား ကြီးတယ်။ သူ့အဖေက ပန်းထိမ်ဆရာ။ သူ့ကိုတွေ့တော့ ကျွန်တော် စိတ်ဝင်စား သွားတယ်။ ဒါနဲ့ ကျွန်တော်က ဗန်းမော်တင်အောင် ဇာတ်လိုက်လိုပဲ စကားပြောတယ်။ ကိုယ့်မှာ အချစ်ကလွဲလို့ တခြားဘာမှ ပိုင်ဆိုင်တာ မရှိဘူးတို့ ဘာတို့ပေါ့ ဆရာရယ်။ အဲ့ဒီတုန်းက ငယ်တုန်းဆိုတော့ ဒီလိုစကားတွေက သိပ်ပြီး ပြောလို့ ကောင်းတာကိုး ဆရာရဲ့။ ဒါနဲ့ သူကလည်း ဒီစကားတွေ ကြားပြီး ကျွန်တော့်ကို သဘောကျ သွားတာပဲ။ သူ မကြားဖူးတဲ့ စကားလုံးတွေကို ကြားရ၊ သူ မဖတ်ဖူးတဲ့ ရည်းစားစာမျိုးတွေ ဖတ်ရတော့ သူ သဘောကျ သွားတာပေါ့ ဆရာ။ စကားလုံးဟာ လူကို တော်တော် ဖမ်းစားတယ်နော် ဆရာ။

နောက်တော့ ကျွန်တော်နဲ့သူ မြို့တစ်မြို့ကို ထွက်ပြေးကြတယ် ဆရာ။ မြို့ကြီးတစ်မြို့ ဆိုပါတော့။ ကျွန်တော်တု့ိမှာ ပိုက်ဆံ ဘာရှိမှာလဲ ဆရာ။ ပါလာတာကလေး ရောင်းချစားတာ ကုန်သွားတော့ ကျွန်တော် အလုပ် လိုက်ရှာတယ်။ နောက်ဆုံးတော့ ဘာအလုပ်မှ မရဘူး။ ဒါနဲ့ ဆိုက်ကားအုံနာ တစ်ယောက်ဆီ သွားပြီး ကျွန်တော် ဆိုက်ကား နင်းတယ်။ ကျွန်တော်က စာတွေ သိပ်အဖတ်များ သွားလို့လား မသိဘူး ဆရာ။ ပိုက်ဆံကို သိပ်မလိုချင်ဘဲ ဖြစ်သွားတယ်။ ဆိုက်ကားနင်းလို့ ရရင် ကျွန်တော်တို့ လင်မယားအတွက် နေ့ဖို့ညစာ လောက်ရင် ကျွန်တော် ဆိုက်ကား ဆက်မနင်းတော့ဘူး။ ဆိုက်ကားအုံနာ ဆိုတာ အံ့အားကြီးကို သင့်လို့။ ဆိုပါတော့ ဆရာ။ ကျွန်တော်ဆိုက်ကားကို ငှားခနဲ့ နင်းရင်လည်း ကျွန်တော်က ငှားခကို မှန်မှန်ပေးတယ်။ ဆိုက်ကားကို ကိုယ်ပိုင်ပစ္စည်းလို ရိုသေတယ်။ သူက ကျွန်တော့်ကို ဆုကြေးတို့ ဘာတို့ပေးရင် ကျွန်တော် မယူဘူး။ ကျွန်တော်တို့မှာ လုံလောက်ပါတယ် ဆိုပြီး ကျွန်တော် ငြင်းခဲ့တာချည်းပဲ။ အကူအညီ ဆိုတာ ပေးတိုင်း လက်မခံချင်ဘူး ဆရာ။ လိုအပ်မှ လက်ခံလို့ ကောင်းတာ။

ကျွန်တော် ဆိုက်ကားသမား စဖြစ်တာ အဲဒီကနေ ဖြစ်တာပဲ ဆရာ။ သူ့အိမ်ကလည်း သူ့ကို အမွေပြတ်လို့ ပြောတယ်။ ကျွန်တော်ကလည်း ဒီတင် ပိုခံပြင်းပြီး ဆိုက်ကားနင်းပြီး ရှာကျွေးမယ် ဆိုပြီး မခံချင်စိတ်နဲ့ ရှာကျွေး လာခဲ့တာပဲ။ မြို့ ပြန်ရောက်တော့လည်း ကျွန်တော် ဆိုက်ကားပဲ နင်းတယ်ဆရာ။ အခြား အလုပ်ကလည်း မရဘူး။ ကျွန်တော်က ၁၀ တန်းမှ မအောင်တာ ဘယ့်နှယ့်လုပ် အလုပ်ရမှာလဲ ဆရာ။ ပြီးတော့ တချို့ကလည်း သနားလို့ ဒီကောင် စာကလေး ပေကလေး တတ်တယ်ဆိုပြီး အစိုးရအလုပ် မဟုတ်တဲ့ လခစား အလုပ်တွေမှာ ကျွန်တော့်ကို ခန့်တယ်။ ဒါပေမဲ့ ကျွန်တော် မလုပ်ခဲ့ဘူး ဆရာ။ ဆိုက်ကား နင်းရတာကို ပျော်သွားပြီ။ ပင်တော့ ပင်ပန်းတာပေါ့ ဆရာရယ်။

ဒါပေမဲ့ ဘယ်လောက် လွတ်လပ်တယ် ထင်သလဲ။ ဘယ်လောက် စိတ်ချမ်းသာရတယ် ထင်သလဲ။ အေးလေ … ဆရာကတော့ စာရေးဆရာ ဆိုတော့ နားလည်မှာပါ။ ကိုယ့်အထက်မှာ ခယဝယ လုပ်ရမယ့် သူလည်း မရှိ။ ကိုယ့်ဘေးမှာ ကိုယ့်ကို ချောက်တွန်းမယ့် ပြိုင်ဘက်တွေလည်း မရှိ၊ ကိုယ့်အောက်မှာ ကပ်ဖားပြီး အရေးရှိရင် အဆင်းတွန်းမယ့် အောက်လက် ငယ်သားလည်း မရှိ။ ရုံးတက် နောက်ကျလို့ အဆူခံရမှာ၊ အငြိုငြင် ခံရမှာကိုလည်း မကြောက်ရ။ အိမ်ပြန် နောကျကျလို့ မယားက အထင်လွဲမှာ ကိုလည်း မစိုးရိမ်ရ။ ကျွန်တော် ပြန်ချင်တဲ့ အချိန် ပြန်လို့ရတယ်။ ကျွန်တော် ထွက်ချင်တဲ့ အချိန် ထွက်လို့ရတယ်။ အငတ်သာ ခံနိုင်မယ် ဆိုရင် တစ်နေ့လုံး နားလို့လည်း ရတယ်။

ကျွန်တော့် မိန်းမကလည်း ကျွန်တော့်ကို နားလည်တယ်။ ကျွန်တော်တို့ သားအမိ သားအဖ လေးယောက် ဘာမှ မပူရဘူး။ မိန်းမက အိမ်ဆိုင်ကလေး ထွက်တော့ ကျွန်တော် ဆိုက်ကား ထွက်မနင်းရင်လည်း စားတော့ စားနေရတာပါပဲ။ ကျွန်တော်ကလည်း စိတ်နည်းနည်း ညစ်ရင်၊ ဒါမှမဟုတ် စာအုပ်ဖတ်စရာ ကောင်းကောင်း ရှိရင်၊ ဒါမှမဟုတ် ဆရာတို့လို စာရေးဆရာတွေ လာရင် စာပေ ဟောပြောပွဲတို့ ဘာတို့လုပ်ရင် ဆိုက်ကား မနင်းတော့ဘူး ဆရာ။ အဲဒီ အလုပ်တွေနဲ့ပဲ အချိန် ကုန်တော့တာပဲ။

တစ်နေ့က ကျွန်တော့် သူငယ်ချင်းနဲ့ တွေ့တယ် ဆရာ။ ကျောင်းတုန်းက ကျွန်တော့်ဆီကို စာလာမေးပြီး ဆယ်တန်းအောင်၊ ကောလိပ်ရောက် နောက် အရာရှိ ဖြစ်သွားတဲ့ သူငယ်ချင်း၊ ဘာဖြစ်လို့လဲတော့ မသိဘူး။ သူ အမှုတစ်ခုနဲ့ အလုပ်ပြုတ်ပြီး ထောင်ကျ သွားတယ်လို့ သတင်းကြား လိုက်ရတယ်။ ခုမှ ပြန်တွေ့တာ။ ကိုယ့်လူ တော်တော်ကြီးကို ကျသွားတာပဲ ဆရာ။ အသက် လေးဆယ်ကျော် ငါးဆယ်နီးမှာ ဆံပင်တွေ ကလည်း တစ်ခေါင်းလုံး ဖွေးလို့။ လူကလည်း ကျန်းမာပုံ မရဘူး။ သူ့ ကြည့်လိုက်ရုံနဲ့ ဒီလူဟာ စိတ်သောက ရောက်စရာတွေနဲ့ ကြုံနေရတဲ့ လူမှန်း ချက်ချင်း သိနိုင်တယ်။ သူက ကျွန်တော့်ကို ကြည့်ပြီး မင်းကတော့ အရင်တုန်းက လိုပဲနော်တဲ့။ နည်းနည်း ဝလာတာက လွဲလို့ ဘာမှ မပြောင်းလဲဘူး။ ဆင်းသာ ဆင်းရဲတယ်။ မင်းက ငါ့ထက် သာပါတယ်ကွာတဲ့။ မင်း စိတ်ကူးယဉ် အိပ်မက်တွေ ထဲမှာပဲ နေတုန်းဆိုတော့ မင်းက ငါ့ထက်ပိုပြီး စိတ်ချမ်းသာတာပေါ့ ကွာတဲ့။

ကျွန်တော် သူ့ကို ဘာမှ ပြန်မပြော လိုက်ပါဘူး။

အမှန်ကတော့ စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ နေတဲ့သူဟာ ကျွန်တော် မဟုတ်ဘူး ဆရာ။ သူရယ်။ သူ့မှာ ဘာကြီး ဖြစ်လာအောင် လုပ်မဟဲ့၊ ညာကြီးဖြစ်အောင် လုပ်မဟဲ့။ ပညာတွေ ဘယ်လောက်တောင် သင်မဟဲ့။ သားသမီးတွေကို ဘယ်လို ထားမဟဲ့ ဆိုတဲ့ စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ တစ်လျှောက်လုံး နေလာခဲ့တာ။ အဲဒီ စိတ်ကူးယဉ် ဆပ်ပြာပူဖောင်း တွေလည်း ကွဲသွားရော။ သူ့မှာလည်း ဘဝကြီး တစ်ခုလုံး ပြိုလဲ သွားတော့တာပါပဲ။

ကျွန်တော်က စိတ်ကူး ဆပ်ပြာပူပေါင်းထဲမှာ မနေဘူး။ ဘဝထဲမှာ နေတာ။ စာရေးဆရာ၊ ကဗျာဆရာ ဖြစ်ချင်တယ် ဆိုတဲ့ စိတ်ကူး အိပ်မက်တော့ ရှိခဲ့ဖူးတာပေါ့လေ။ ဒါပေမဲ့ ကိုယ်က ဖြစ်ခွင့် မကြုံလို့ မဖြစ်ထိုက်လို့ မဖြစ်လာတာပဲလို့ သဘောထား နိုင်တယ်။ ပြီးတော့ အဓိက ကျွန်တော့်မှာ စိတ်ချမ်းသာမှု ရှိတယ်။

စိတ်ချမ်းသာမှု ဆိုတာ ဘာလဲ ဆရာ။ ကိုယ် လုပ်ချင်တာတွေကို လုပ်နေရပြီး ကိုယ် မလုပ်ချင်တာတွေကို မလုပ်ဘဲ နေရတာ အဲဒါဟာ လောကမှာ စိတ်ချမ်းသာစရာ အကောင်းဆုံးလို့ ထင်တယ် ဆရာ။ ကိုယ် မလုပ်ချင်တာ တွေကို လုပ်ရပြီး ကိုယ် လုပ်ချင်တာတွေကို တစ်ခုမှ မလုပ်ရတာ အဲဒါလောက် စိတ်ဆင်းရဲစရာ ကောင်းတာ လောကမှာ မရှိဘူး ထင်တယ် ဆရာ။ ကျွန်တော်မှားရင် ခွင့်လွှတ်ပါ”

————–

မြသန်းတင့်

ကလျာ မဂ္ဂဇင်း၊ မေ၊ ၁၉၉၁