ဝတ္ထုတိုများစုစည်းမှု့

ဒေါ်ဗလ၏ ရာဇူ

(၁)

ဘိုး၏ ရွာက ရွာသားများသည် အများအားဖြင့် ဂုံလျှော်စက်ရုံက အလုပ်သမားများ ဖြစ်ကြသည်။ ဂုံလျှော်မျှင် အစအနများမှ ဖုန်မှုန့်တွေကို သူတို့ ရှူရှိုက်ခဲ့သည်မှာ မျိုးဆက် ငါးဆက်လောက် ရှိသွားပြီ။ ထိုဖုန်မှုန့်များကြောင့် သူတို့ အသက်တိုခဲ့ကြရသည်။ သူတို့သည် စိတ်ရှည်ကြသည်။ အေးချမ်းကြသည်။ ဆိတ်နို့ ဒိန်ခဲနှင့် အာလူးကို စားကာ တင်းတိမ်ရောင့်ရဲကြသည်။ တစ်ခါတစ်ရံတွင် ညစာအလို့ငှာ ယုန်ရိုက်ကြသည်။ ညဉ့်ဦးယံများ၌ အိမ်ဦးခန်းတွင် ထိုင်ကာ ဗိုင်းငင်ကြသည်။ ချည်ဆိုးကြသည်။ ဇီယာနံ့ သင်းသည့် လက်ဖက်ရည်ကလေး သောက်ရင်း တေးဆိုကြ၊ ကပြဖြင့် သူတို့ ဘဝသည် ချမ်းမြေ့လှသည်။ ခေတ်မမီတော့သည့် စက်များတွင် တစ်နေ့လုံး လျှော်ခွဲကြသည်။ မီးဖိုမှ ထွက်သည့် အပူငွေ့နှင့် ဖုန်မှုန့်တို့ကို ကာကွယ်စရာဆို၍ ဘာမျှ မရှိကြ။ အိမ်ဦးခန်းတွင် မိအိုဖအိုများ အိပ်လေ့ရှိသည့် သေတ္တာခုတင်ကြီးများ ရှိကြသည်။ ကလေးများကမူ အခန်း ပတ်ပတ်လည်တွင် ခုံရှည်များဖြင့် အိပ်လေ့ ရှိကြသည်။ နံနက်လင်းလျှင် အိမ်ဦးခန်းသည် ဟင်းချိုပူပူ အနံ့မွှေးနေတတ်သည်။ တနင်္ဂနွေနေ့ နံနက် နွားမြီးဟင်းချို ချက်တတ်သည်။ အခါကြီး ရက်ကြီးများ၌ အမေက ပြုံးတုန်းပြုံးတုန်းဖြင့် ကော်ဖီခွက်ထဲသို့ နို့လိုက်ထည့်ပေးသည့် အခါတွင် ကလေးများ၏ မျက်နှာသည် ဝမ်းသာအားရဖြင့် နီရဲနေတတ်သည်။ အမေကလည်း မည်းနက်သော ကော်ဖီကို တဖြည်းဖြည်း အရောင်ဖြူလာအောင်၊ နောက်ဆုံး၌ သမီးလေး၏ ကျစ်ဆံမြီး ဆံပင် နီနီရောင်ကလေး ပေါက်လာသည်ထိအောင် နို့ကို အားပါးတရ ငှဲ့ပေးတတ်သည်။

အဖေအမေတို့ အလုပ်သွားကြသည့် အခါ၌ ကလေးများက အိမ်မှုကိစ္စများဖြင့် အလုပ်များ ကျန်ရစ်ခဲ့ကြသည်။ အိမ်ဦးခန်းကို တံမြက်စည်း လှည်းသူက လှည်းသည်။ မီးဖိုချောင်သို့ ဝင်၍ ရှင်းသူက ရှင်းသည်။ ပန်းကန်ခွက်ယောက် ဆေးသူက ဆေးသည်။ အာလူးအခွံ သင်သူက သင်သည်။ အာလူးက ဈေးကြီးသည်။ ထို့ကြောင့် အလေအလွင့် များသည်။ နမော်နမဲ့ နိုင်သည်ဟု အဆူမခံရအောင် ဂရုတစိုက် အခွံ သင်ရသည်။

ကျောင်းဆင်းလာလျှင် ကလေးတို့ တစ်သိုက် တောထဲသို့ ထွက်၍ မှိုရှာကြသည်။ သို့မဟုတ်လျှင်လည်း ရာသီပေါ် ဟင်းသီးဟင်းရွက်တို့ကို ခူးကြသည်။ နွေရာသီ ကျိုးတိုးကျဲတဲ ရိုးပြတ် လယ်ကွင်းမှာ ရိုးပြတ် ရိတ်ပြီးလျှင်လည်း ဆေးဖက်ဝင် အသီးအရွက်များကို လိုက်ခူးကြသည်။ ဘယဆေးဝင် အသီးအတွက် တစ်ပိဿာဆိုလျှင် တစ်မူးဖြင့် ဘယဆေးဆိုင်သို့ သွင်းသည်။ ဘယဆေးဆိုင်က သွေးလေ ချောက်ချားတတ်သည့် မိန်းမကြီးများကို တစ်ကျပ်ဖြင့် ပြန်ရောင်းသည်။ မှိုက ထို့ထက် ဈေးကောင်းသည်။ မှိုတစ်ပိဿာကို ငါးမူးဖြင့် ကုန်စိမ်းသည်ထံသို့ သွင်းသည်။ ကုန်စိမ်းသည်က နှစ်ကျပ်ဈေးဖြင့် ပြန်ရောင်းသည်။ စိုစွတ်ထိုင်းမှိုင်းသော မြေ၌ မှိုကျင်းတို့ ဖွေးဖွေးလှုပ်အောင် ပေါ်သည့် ဆောင်းဦးပေါက် ရာသီမျိုးဆိုလျှင် ကလေးတို့ တစ်သိုက်သည် တောနက်ထဲသို့ ရောက်အောင် ဝင်ကြသည်။ ကိုယ့်ကျင်းနှင့်ကိုယ် မှိုနှုတ်ကြသည်။ သို့ဖြင့် ကိုယ့်မှိုကျင်း နေရာကို သားမြေးမြစ်အထိ တိုးတိုးတိတ်တိတ် ကျိတ်၍ အမွေပေးခဲ့ကြသည်။

အဘိုးတို့ ရွာက ဂုံလျှော်ခွဲစက်များကို ဦးဗလတို့ မိသားစု ပိုင်သည်။ သစ်တောများကိုလည်း သူတို့ပင် ပိုင်သည်။ ကျွန်တော်တို့ အဘိုး၏ ရွာတွင် တိုက်ကြီးတစ်လုံးကိုလည်း ပိုင်သေးသည်။ တိုက်ဘေး နွားခြံနှင့် ကပ်လျက် တိုက်ခန်းကလေး တစ်ခန်း ရှိသည်။ တိုက်ကြီးတွင် ဦးဗလ၏ ဇနီး ဒေါ်ဗလသည် ရွာသူရွာသားများ လာရောင်းကြသည့် မှိုများ၊ ဟင်းသီးဟင်းရွက်များကို ထိုတိုက်ခန်းကလေးထဲတွင် လက်ခံထားသည်။ ချိန်တွယ်ခြင်း ပြုသည်။ ဤ တိုက်ခန်းကလေး အလယ်ကောင် စားပွဲတစ်လုံးပေါ်တွင်မူ ရာဇူတစ်ခု တင်ထားသည်။ ရာဇူက တော်တော် ဟောင်းနေပြီ။ ရွှေရောင် သုတ်ထားပြီး အချို့နေရာတွင် ဆေးခြယ်ထားသည်။ ကျွန်တော်တို့ အဘိုး၏ ဘိုးဘေးများသည် ဤရာဇူရှေ့တွင် ရပ်ကာ မှိုခြင်းများ၊ ဘာဆေးဖက်ဝင် အရွက်အပင်များ ထည့်ထားသည့် စက္ကူအိတ်များအား ချိန်တွယ်နေပုံ၊ အလေးချိန် မည်မျှ စီးပုံတို့ကို ရင်တဖိုဖိုဖြင့် စောင့်ကြည့်ခဲ့ကြသည်။ ဒေါ်ဗလက ရာဇူပေါင်ပေါ်က မျဉ်းကြောင်းအနက်ကလေး ပေါ်တွင် ချိန်ခွင်ညှာ မငြိမ်မီ မှိုများ၊ ဘယဆေးဖက်ဝင် အရွက်များကို ချိန်ခွင်ထဲသို့ ထည့်သည်။ စင်စစ် ရာဇူဘောင်ပေါ်က အနက်ရောင် မျဉ်းကြောင်းကလေးသည် ရောင်းသူ ရွာသားများနှင့် ဝယ်သူ ဒေါ်ဗလတို့ အကြားတွင် အမှားအမှန်ကို ဆုံးဖြတ်ပေးသည့် မျဉ်းကြောင်းကလေး ဖြစ်သည်။ ထိုမျဉ်းကြောင်းကလေးကို နှစ်တိုင်းပြန်၍ ရေးဆွဲရသည်။ ဒေါ်ဗလသည် ချိန်ခွင်ညှာ မငြိမ်မီ ချိန်စရာ ပစ္စည်းများကို ခပ်သုတ်သုတ် ချိန်ပြီးနောက် သားရေဖုံး စာအုပ်ထူထူကြီးကို ဖွင့်ကာ အချိန်အတွယ်တို့ကို မှတ်သည်။ မူးစေ့မတ်စေ့ ငါးမူးစေ့ စသည်တို့ဖြင့် ငွေချေသည်။ ဒင်္ဂါးပြားဖြင့် ငွေချေသည့်အခါ ဟူ၍ကား အလွန့်အလွန် ရှားသည်။ ကျွန်တော့်အဖို့ ငယ်ငယ်တုန်းက ဆိုလျှင် စားပွဲပေါ်တွင် ချိုချဉ်များ ထည့်ထားသည့် ဖန်ပုလင်းတစ်လုံး ရှိသည်။ တစ်ပိဿာလျှင် တစ်ကျပ်လောက် ပေးရသည့် အမျိုးအစား ဖြစ်သည်။ စိတ်လက် ကြည်ကြည်သာသာ ရှိသည့်အခါများ၌ ဒေါ်ဗလသည် ချိုချဉ်တစ်ဆုပ်ကို နှိုက်၍ ကလေးများကို တစ်ယောက်တစ်လုံးစီ ဝေပေးတတ်သည်။ ထိုအခါ၌ သူတို့ မျက်နှာများသည် အခါကြီး ရက်ကြီးတွင် အမေက ကော်ဖီခွက်ထဲသို့ နို့များများ ထည့်ပေးတုန်းကလို ရွှင်လန်းနေကြသည်။

ထိုစဉ်က ဒေါ်ဗလတို့က တစ်ရွလုံးသို့ ထုတ်ပြန်ထားသည့် ဥပဒေတစ်ရပ် ရှိသည်။ ထိုဥပဒေမှာ အခြားမဟုတ်။ တစ်ရွာလုံး မည်သူ့အိမ်တွင်မျှ ရာဇူ(ချိန်ခွင်) မထားရဟူသော ပညတ်ချက် ဖြစ်သည်။ ဤဥပဒေ အတည်ဖြစ်သည်မှာ ကြာပြီ။ ဘိုးစဉ်ဘောင်ဆက် အတည်ဖြစ်ခဲ့သော ဥပဒေဖြစ်၍ ထိုဥပဒေ တရားသည်၊ မတရားသည်ကိုလည်း မစဉ်းစားကြတော့။ ထိုဥပဒေ မည်သို့ ပေါ်ပေါက်လာသည်ကိုလည်း မစဉ်းစားကြတော့။ ထိုဥပဒေသည် ယခုတိုင် အတည်ဖြစ်ကာ ၎င်းကို ယခုတိုင် လိုက်နာနေကြရသည်။ ဤဥပဒေကို ချိုးဖောက်သူကို ဂုံလျှော်ခွဲစက်မှ ထုတ်ပစ်သည်။ ထိုသူထံမှ မှိုလည်း မဝယ်တော့။ ဘယဆေးဖက်ဝင် အပင်အရွက်လည်း မဝယ်တော့။ ဖောက်သည် အဖြစ်မှ စာရင်း ဖျက်လိုက်တော့သည်။ ဒေါ်ဗလတို့ ဩဇာသည် ရွာနီးချုပ်စပ် အထိ ပျံနှံ့သည်။ သူတို့ မဝယ်လျှင် ရွာနီးချုပ်စပ်ကလည်း မဝယ်ကြတော့။ ရွာနီးချုပ်စပ်တွင် အလုပ်ပင် ရှာမရတော့။ ကျွန်တော့် အဘိုး၏ ဘိုးဘေးများ ကလေးတုန်းက မှိုနှုတ်ကာ ထိုမှိုများကို ဒေါ်ဗလတို့ထံ ဖောက်သည် သွင်းခဲ့ကြသည်။ ဒေါ်ဗလတို့က ထိုမှိုများကို ပရပ်မြို့သို့ ပို့သည်။ ပရပ်မြို့က လူကုံထံများက မှိုများဖြင့် အသားကင်များကို တစ်ရာသီ နျစ်ရာသီ ခံအောင် စီမံကြသည်။ သို့မဟုတ်လျှင်လည်း အခြောက်လှန်းကြသည်။ ထိုအခါကစ၍ ဒေါ်ဗလတို့ တိုက်က ချမှတ်ထားသည့် ဥပဒေကို မည်သူမျှ ချိုးဖောက်ရန် မစဉ်းစားခဲ့ကြ။ ဂျုံမှုန့်ဆိုလျှင် ခွက်ဖြင့် ခြင်သည်။ ဥဆိုလျှင် အလုံးလိုက် ရေတွက်သည်။ ခွဲပြီးသား ဂုံလျှော်ဆိုလျှင် ကိုက်တံဖြင့် တိုင်းသည်။ ထိုသူတို့အနက် ဟောင်းနွမ်း၍ ရွှေရည်သုတ်ထားသည့် ရာဇူကြီးသည် မတိကျဟူ၍ မည်သူမျှ မပြောကြ။ ထိုရွာငယ်မှ မျိုးဆက်ပေါင်း ငါးဆက်သည် ကလေးတို့ ဘာသာဘာဝ သူတို့ အားတက်သရော ရှာဖွေခဲ့သော ပစ္စည်းများကို ရာဇူပေါင်ပေါ်က ချိန်ခွင်ညှာမျဉ်းကြောင်း မည်းမည်းကလေးကို ယုံ၍ ပုံအပ်ခဲ့ကြရသည်။

အဘိုးတို့ ရွာက အေးချမ်းသော ရွာသူ ရွာသားများထဲတွင် စုန်းပြူးများ၊ ဒေါ်ဗလတို့၏ ဥပဒေကို ချိုးဖောက်သူများ မရှိမဟုတ်။ ရှိသလောက် ရှိသည်။ ဥပမာ လျှော်ခွဲရုံထဲ၌ တစ်လ လုပ်ရသည့် လုပ်ခမျိုးလောက်ကို တစ်ညတည်းဖြင့် အပြီးရရှိသူများ ရှိသည်။ သို့ရာတွင် သူတို့သည်လည်း ရာဇူတစ်လက်လောက်ကို ဝယ်ဖို့ စိတ်ကူး မရကြ။ ဒေါ်ဗလတို့ ရာဇူကြီး သစ္စာရှိမရှိကို စမ်းသပ်ရန် ပထမဆုံး စိတ်ကူးရသူမှာ ကျွန်တော့်အဘိုး ဖြစ်သည်။ တိုက်ကြီးတာကြီးနှင့် နေ၍ ရထားနှစ်စီး ထားနိုင်သူ။ ရွာက သူငယ်တစ်ယောက်ကို ပရပ်မြို့က ကျမ်းစာပြုကျောင်းသို့ ပို့ခဲ့သူ။ ဗုဒ္ဓဟူးနေ့တိုင်း ကျောင်းထိုင်ဆရာတော်ကြီးကို ပင့်ဖိတ်၍ ဆွမ်းကျွေးနိုင်သူ။ ဘုရင်က သူကောင်းဘွဲ့ ပေးခြင်း ခံရကာ နှစ်သစ်ကူးတိုင်း ရထားကြီးဖြင့် လာတတ်သော ခရိုင်ရဲဝန်ကြီးကို ဧည့်ခံသူ။ ဒေါ်ဗလတို့လို ကြေးရတတ် လူချမ်းသာတို့ကို အာခံသည်မှာ နှယ်နှယ့်သတ္တိ မဟုတ်။

(၂)

ကျွန်တော့်အဘိုးသည် ငယ်ငယ်က လူရည်လည်သည်။ အလုပ်လည်း ကြိုးစားသည်။ သူက တောနက်သို့ ရောက်အောင် သွားရဲသည်။ တစ္ဆေခြောက်သည်ဟု နာမည်ကြီးသော ချုံကြီး၊ သိုက်ရှိသည်ဟု နာမည်ကြီးသော ချုံကြီးထဲသို့လည်း ဝင်ရဲသည်။ ကျွန်တော့်အဘိုးက တစ္ဆေလည်း မကြောက်တတ်၊ ဥစ္စာစောင့်ကိုလည်း မကြောက်တတ်။ ချုံကြီးထဲသို့ တိုးဝင်ကာ မှိုတွေကို တစ်ထမ်းကြီးရအောင် နုတ်လာတတ်သည်။ အလွန်ရှားပါးသည့် မှိုအုန်းနက်ကို ရလျှင် ဒေါ်ဗလက တစ်ပိဿာကို ငါးမူးအထိ ပေးတတ်သည်။ အဘိုးသည် ဒေါ်ဗလတိုက်သို့ ဖောက်သည် သွင်းသမျှကို ပြက္ခဒိန်ဟောင်းလွတ် တစ်ရွက်ပေါ်၌ မှတ်ထားတတ်သည်။ ဒေါ်ဗလတိုက်သို့ သွင်းသမျှ မှိုနှင့် ဘယဆေးပင်များကို လက်ယာဘက်တွင် မှတ်ကာ လက်ဝဲဘက်တွင်မူ ဒေါ်ဗလတို့ထံမှ ရသမျှကို လက်ယာဘက်တွင် မှတ်ကာ လက်ဝဲဘက်တွင်မူ ဒေါ်ဗလတို့ထံမှ ရသမျှကို မပီမသ ကလေးလက်ရေးဖြင့် မှတ်သည်။ အဘိုးသည် ၇ နှစ်သားမှ ၁၂ နှစ်သားအထိ သူရသမျှ ဝင်ငွေကို မှတ်သားထားသည်။ အဘိုး ၁၂ နှစ်သားဖြစ်သည့် ၁၉၀၀ ပြည့်နှစ်၌ ဒေါ်ဗလတို့ ဘုရင်၏ အမှုထမ်းကောင်းဘွဲ့ ရသဖြင့် တစ်ရွာလုံးကို တစ်အိမ်လျှင် ဘရာဇီး ကော်ဖီစစ် အဝက်သားစီ ဝေသည်။ ယောက်ျားများအတွက်မူ ဘီယာ ကြိုက်သလောက် တိုက်သည်။ ဆေးရွက်ကြီးများလည်း ဝေသည်။ ထိုနှစ်က ဒေါ်ဗလတို့ တိုက်တွင် စားသောက်ပွဲကြီးတွေ တခြိမ့်ခြိမ့် ကျင်းပသည်။ အလှူပွဲသို့ လာသည့် မြင်းရထားများမှာ ဒေါ်ဗလတို့ တိုက်သို့ သွားသည့် ပေါ်ပလာပင်တန်း တစ်လျှောက်တွင် ပြည့်နေသည်။

အလှူပွဲမတိုင်ခင် တစ်နေ့တွင် ဒေါ်ဗလက ရာဇူထားသည့် အခန်းကလေးထဲတွင် ရွာရှိလူကုန် ကော်ဖီမှုန့် ဝေသည်။

အဘိုးသည် ညနေ ကျောင်းဆင်းသည်နှင့် အိမ်နီးချင်း သုံးအိမ်နှင့် သူ့ အိမ်ထောင် ပေါင်း အိမ်ထောင် လေးအိမ်ထောင်အတွက် ဒေါ်ဗလတို့ တိုက်သို့ ကော်ဖီမှုန့် သွားယူရသည်။ ဤအကြောင်းကို အဘိုးက မကြာခဏ ပြောပြတတ်သည်။ ထိုနေ့မှာ မှတ်မှတ်ရရ ရှင်ကော်စီဒက်စတာ၏ မွေးနေ့ဖြစ်သည်။ မကြာခင် နှစ်သစ်ကူးတော့မည်။ ကိုယ့်အိမ်တွင်ကိုယ် အိမ်ဦးခန်းကို ပြင်ဆင်မွမ်းမံသူ၊ မုန့်ဖုတ်သူများ စသည်ဖြင့် ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြသည်။ အိမ်ရှိ ကလေးများကလည်း နှစ်သစ်ကူးအတွက် လုပ်ကိုင်ပေးနေကြသည်။ တစ်အိမ်ထောင်လျှင် ကော်ဖီ အဝက်သား ရပါမည့်အရေး ကလေး လေးယောက် လွှတ်ရလျှင် အလုပ်မတွင် ဖြစ်မည်။ ထို့ကြောင့် အဘိုးကို လေးအိမ်၏ ကိုယ်စား ကော်ဖီမှုန့်ယူ လွှတ်လိုက်သည်။

ဒေါ်ဗလတို့ တိုက်က ရာဇူခန်းထဲ ရောက်လျှင် အဘိုးက ခုံကျဉ်းကျဉ်းလေး တစ်ခုပေါ်တွင် ထိုင်သည်။ ဒေါ်ဗလတို့တိုက် အခိုင်းအစေ မိန်းမကြီးက ကော်ဖီမှုန့်ထုပ်ကလေး လေးထုပ်ကို ယူလာကာ တစ်ထုပ်ကို အဝက်သားစီ ချိန်ထည့်သည်။ မိန်းမကြီးက ကော်ဖီမှုန့် ချိန်နေစဉ် ချိန်ခွင် ဘယ်ဘက်ခွက်ထဲ၌ ငါးဆယ်သား အလေးတစ်လုံး ထည့်ထားသည်ကို အဘိုး မြင်လိုက်သည်။ ထိုအချိန်က အနီးတွင် ဒေါ်ဗလ မရှိ၊ အလှူအတွက် အလုပ်များနေသည်။ မိန်းမကြီးက အဘိုးကို ချိုချဉ်ပေးရန် ဖန်ပုလင်းကို ဖွင့်လိုက်သည်။ ဖန်ပုလင်းထဲတွင် ချိုချဉ် မရှိတော့။ ကုန်နေပြီ။ ဒေါ်ဗလသည် ကလေးတွေကို ဝေပေးဖို့ ဤဖန်ပုလင်းထဲတွင် တစ်နှစ်လျှင် ချိုချဉ် တစ်ပိဿာလောက် ထည့်ထားတတ်သည်။

“ဟောတော် ကုန်နေပြီ၊ နေဦး ငါ ချိုချဉ် သွားထည့်လိုက်ဦးမယ်”

မိန်းမကြီးက ရယ်ရယ်မောမော ပြော၍ ထွက်သွားသည်။ ကျွန်တော့်အဘိုးက ရာဇူနားတွင် မတ်တတ်ကျန်ရစ်သည်။ သူ့လက်ထဲတွင် အဝက်သားစီ ထုပ်ထားသော ကော်ဖီမှုန့် လေးထုပ်ရှိသည်။ ရာဇူ ဘယ်ဘက်ခွက်ပေါ်တွင် ငါးဆယ်သားအလေး တစ်လုံး ရှိသည်။

အဘိုးက လက်ထဲက အဝက်သားထုပ် ကော်ဖီထုပ် လေးထုပ်ကို ညာဘက် ချိန်ခွင်ခွက်ထဲသို့ ထည့်ကြည့်သည်။ ကော်ဖီမှုန့် လေးထုပ်က ငါးဆယ်သား မပြည့်။ ချိန်ခွင်လျှာသည် အလေးဘက်မှာ စောင်းနေသည်။ ငါးဆယ်သား ရှိရမည့် ကော်ဖီမှုန့်ထုပ် လေးထုပ် ထည့်ထားသည့် ချိန်ခွင်ခွက်သည် ဇောက်ထိုးကြီး တက်နေသည်။

အဘိုး၏ ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ ဥစ္စာစောင့် ရှိသည်ဆိုသော ချုံကြီးထဲသို့ ဝင်၍ မှိုကျင်း ရှာစဉ်ကထက်ပင် သူ့နှလုံးသည် ပို၍ ခုန်နေသည်။

အဘိုးက အိတ်ထဲသို့ စမ်းကြည့်သည်။ သူ့အိတ်ထဲတွင် အမေ၏ မုန်လာခင်းကို စာကလေးအုပ်ကျလျှင် ပစ်ဖို့ဆိုပြီး လိုလိုမည်မည် အမြဲဆောင်ထားသည့် လောက်စာလုံးကြီးတွေ ရှိသည်။ ချိန်ခွင်လျှာညီအောင် ကော်ဖီမှုန့်ထုပ် ထည့်ထားသည့် ချိန်ခွင်ခွက်ထဲသို့ လောက်စာလုံး သုံးလုံး ထည့်ကြည့်သည်။ ငါးဆယ်သား မပြည့်သေး။ လေးလုံး၊ ငါးလုံးအထိ ထည့်တော့မှ ချိန်ခွင်လွှာသည် အပေါ်တက်လာကာ ကြက်ပေါင်ကိုက် ဖြစ်နေသည်။

အဘိုးက ချိန်ခွင်ခွက်ထဲက ကော်ဖီမှုန့် လေးထုပ်ကို ယူသည်။ ထို့နောက် လောက်စာလုံး ငါးလုံးကို သူ လွယ်ထားသည့် လွယ်အိတ်ကလေးထဲသို့ ပြန်ထည့်ထားလိုက်သည်။

မိန်းမကြီးက တစ်နှစ်လုံး ဝေမည့် ချိုချဉ်တစ်ပိဿာကို ယူလာကာ ဖန်ပုလင်းထဲသို့ တဂျောက်ဂျောက် သွန်ထည့်နေသည်။ အဘိုး၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်ကို မိန်းမကြီး သတိထားလိုက်မိသည်။

၁၂ နှစ် သားသာ ရှိသေးသည့် အဘိုးက ကော်ဖီမှုန့် သုံးထုပ်ကိုသာ ယူသည်။ တစ်ထုပ်ကို မယူ။ ထို့နောက် မိန်းမကြီး လှမ်းပေးလိုက်သော ချိုချဉ် လေးငါးလုံးကို ကြမ်းပေါ်သို့ လွှင့်ပစ်ကာ ခြေထောက်နှင့် နင်းပစ်လိုက်သည်။

“ကျွန်တော် ဒေါ်ဗလကို တွေ့ချင်တယ်”

“အလိုတော်၊ ဒေါ်ဗလကို၊ ဘာကိစ္စ”

“ဟုတ်တယ် ဒေါ်ဗလနဲ့ စကားပြောချင်တယ်”

သို့ရာတွင် ဘယ်မှာ တွေ့ရမည်နည်း။ မိန်းမကြီးက အဘိုး၏ အပြုအမူကို ကြည့်၍ ရယ်သည်။

အဘိုးသည် မှောင်ကြီးမည်းကြီးတွင် ရွာထဲသို့ ပြန်လာကာ အိမ်နီးချင်းတို့က လူကြုံမှာလိုက်သည့် ကော်ဖီမှုန့် သုံးထုပ်ကို လိုက်ပေးသည်။ ထို့နောက် ကျောင်းထိုင်ဆရာတော်ထံ သွားဦးမည်ဟု ဆိုကာ ထွက်လာခဲ့သည်။

သို့ရာတွင် အဘိုးသည် ကျောင်းထိုင်ဆရာတော်ထံ တကယ်သွားခြင်း မဟုတ်။ သူ့လွယ်အိတ်ထဲတွင် လောက်စာလုံး ငါးလုံး ပါလာခဲ့သည်။ ရွာထဲ၌ ချိန်ခွင်ရှိမည်ဟု ထင်သော အိမ်များကို လိုက်ရှာသည်။ မတွေ့။ သူတို့ ရွာထဲ၌ လည်းကောင်း၊ ကပ်ရပ် ရွာနှစ်ရွာတွင် လည်းကောင်း ချိန်ခွင်ဆို၍ တစ်လက်မျှ မရှိကြောင်းကို အဘိုး သိပြီးဖြစ်သည်။ အဘိုးသည် ရွာနှစ်ရွာကို ဖြတ်ကာ နှစ်နာရီလောက် လျှောက်တော့မှ ဒိုင်မဟိန်း ဆိုသည့် မြို့ကလေး တစ်မြို့သို့ ရောက်သည်။ ထိုမြို့ကလေးတွင် ဟိုးနစ်ဆိုသည့် ဘယဆေးဆိုင်ရှင် တစ်ဦး ရှိသည်။

ဟိုးနစ်က ခိုက်ခိုက်တုန်လျက် ရှိသော ၁၂ နှစ်ရွယ် သူငယ်ကလေးကို တံခါး ဖွင့်ပေးသည်။ မုန့်ဖုတ်သည့် အနံ့သည် တစ်အိမ်လုံး သင်းနေသည်။

ဟိုးနစ်၏ ပါးစပ်မှလည်း အရက်နံ့ ရသည်။ ဟိုးနစ်က သူ့ ပါးစောင် ကျဉ်းကျဉ်းကလေးထဲတွင် ဆေးပြင်းလိပ်ကို ခဲထားရင်း အဘိုး၏ အေးစက်လျက် ရှိသော လက်ကို ဆုပ်ကိုင်ထားသည်။

“ဘာလဲဟေ့၊ အဖေကြီး ရင်ကျပ်ပြန်ပြီလား” ဟု ဟိုးနစ်က မေးသည်။

“ကျွန်တော် ဆေးလာဝယ်တာ မဟုတ်ပါဘူး။ ကျွန်တော် ကျွန်တော်… “

အဘိုးက လွယ်အိတ်က ရှုံ့ကြိုးကလေးကို ဆွဲကာ လောက်စာလုံး ငါးလုံးကို ထုတ်သည်။ “ဒီ လောက်စာလုံးတွေကို ချိန်ကြည့်ချင်လို့ပါ”

အဘိုးက ဟိုးနစ်၏ မျက်နှာကို မဝံ့မရဲဖြင့် ကြည့်သည်။ ဟိုးနစ်က ဘာမျှမပြော။ သူ့ကို စိတ်လည်းမဆိုး။ မေးခွန်းလည်း မမေး။ သည်တော့မှ အဘိုးက

“ချိန်ခွင်ချိန်တိုင်း ဟောဒီ လောက်စာလုံး ငါးလုံးစာ အမြဲကွာတယ်” ဟု အဘိုးက ပြောသည်။

နွေးထွေးသည့် အခန်းထဲသို့ ရောက်လာသည့်အခါကျမှ သူ့ခြေထောက်များ စိုရွှဲလျက် ရှိသည်ကို အဘိုး သတိပြုမိတော့သည်။ နှင်းပွင့်များသည် ပေါက်ပြဲနေသော သူ့ဖိနပ်ထဲသို့ စိမ့်ဝင်လာကြသည်။ တောကို ဖြတ်ခဲ့စဉ်ကလည်း သူ့ကိုယ်ပေါ်သို့ နှင်းတွေ တဖြောက်ဖြောက် ကျခဲ့သည်။ ယခု နှင်းခဲများသည် အရည်ပျော်ကာ ကိုယ်ပေါ်သို့ စီးလာကြသည်။

အဘိုး ဆာလှပြီ။ မောလည်း မောလှပြီ။ ဒေါ်ဗလတို့ တိုက်က ချိန်ခွင်ဖြင့် ဒေါ်ဗလတို့ အလေးခိုးသဖြင့် သူတို့ ဆုံးရှုံးနစ်နာခဲ့ရသော မှိုပွင့်များ၊ ဘယဆေးပင်များ၊ အသီးအရွက်များကို တွေး၍ နှမြောမဆုံးဖြစ်ကာ ရှိုက်ကြီးတငင် ငိုမိသည်။ တစ်ခါရောင်းတိုင်း သူ့ဘက်က လောက်စာလုံး ငါးလုံးစာ အပိုပေးခဲ့ရသည်။

ဟိုးနစ်က လောက်စာလုံး ငါးလုံးကို ကိုင်ကြည့်၍ ခေါင်းယမ်းပြကာ သူ့မိန်းမကို လှမ်းခေါ်သည်။

အဘိုးသည် ဆွေစဉ်မျိုးဆက် အလေးခိုး ခံရသည်ကို တွေး၍ ဝမ်းနည်းသည်။ နာကြည်းသည်။ မတရား အလုပ်ခံရလေခြင်းဟု တွေးကာ ရှိုက်ကြီးတငင် ငိုသည်။ အဘိုး၏ မိဘဘိုးဘေးများ စသည့် ဆွေစဉ်မျိုးဆက် အားလုံးသည် ဒေါ်ဗလတို့ တိုက်တွင် မှိုများ၊ ဘယဆေးပင်များကို ဖောက်သည် သွင်းခဲ့ကြသည်။ ဒေါ်ဗလ၏ မိဘများသည်လည်း ဤချိန်ခွင်နှင့် ဤအလေးကိုပင် သုံးခဲ့ကြသည်။

အဘိုးသည် အပြောကိုမျှ မစောင့်နိုင်။ ကုလားထိုင်တွင် ထိုင်ချသည်။ ဟိုးနစ်၏ ဇနီးက ကျွေးသော မုန့်ပူပူနွေးနွေးနှင့် ကော်ဖီပူပူကိုလည်း သတိမထားမိ။ ဟိုးနစ်က လောက်စာလုံးလေး ငါးလုံးကို လက်ထဲတွင် လှုပ်ကိုင်ရင်း ဆိုင်ခန်းတွင်းမှ ထွက်လာသည့်အခါကျမှ အငိုရပ်တော့သည်။

“တစ်ဆယ်သား ရှိတယ်” ဟု ဟိုးနစ်က သူ့မိန်းမဘက်သို့ လှည့်၍ ခပ်တိုးတိုး ပြောသည်။

အဘိုးသည် နှစ်နာရီလုံးလုံး တောကြီးကိုဖြတ်၍ အိမ်သို့ ပြန်ရောက်လာသည်။ အိမ်ရောက်သည့် အခါတွင် အရိုက်ခံရသေးသည်။ ဒေါ်ဗလတို့ တိုက်က ဝေသည့် ကော်ဖီမှုန့်ထုပ်ကို မေးသည့်အခါတွင် အဘိုးက ဘာမျှ ပြန်မပြော။ ဒေါ်ဗလတို့ တိုက်သို့ သူဖောက်သည် သွင်းသည့် စာရင်းများကို ရေးမှတ်ထားသော စာရွက်တစ်ရွက်ဖြင့် တစ်ညနေလုံး ဂဏန်းတွက်နေသည်။ ညသန်းခေါင် ရောက်သည့်အခါ၌ ဒေါ်ဗလတိုက်ဘက်ဆီမှ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဝါးပိုးအမြောက် ဖောက်သံ ကြားရသည်။

တစ်ရွာလုံး ဆူညံနေသည်။ ကုလားတက် ခေါက်သံများ နေရာ အနှံ့အပြား ထွက်ပေါ်လာကြသည်။ တစ်အိမ်သားလုံးက အဘိုးကို ပွေ့ဖက်၍ နှစ်သစ်ကူး ဆုတောင်းနှုတ်ဆက်သည့် အခါတွင် အဘိုးက-

“ဒေါ်ဗလတို့ဆီမှာ ကျွန်တော့်အကြွေး ဆယ့်ရှစ်ကျပ်နဲ့ ခြောက်မူး ရှိတယ်” ဟု ပြောပြသည်။

အဘိုးသည် သူ့အကြွေးကိုသာမက ဒေါ်ဗလတိုက်သို့ ဖောက်သည်သွင်းကြသည့် ရွာထဲရှိ အခြားကလေးများ ရရန်ရှိသည့် အကြွေးများ၊ မှိုရှာရ၍ အများကြီး ရလေ့ရှိသည့် သူ့အစ်ကို ဖရစ်၏ ရရန်ရှိသည့် အကြွးများ၊ သူ့အစ်မ လုဒ်မီလျာ ရရန်ရှိသည့် အကြွေးများကို စဉ်းစားမိသည်။ ထိုမျှမက သူတို့ မမွေးခင်ကကတည်းက မှိုရှာ၊ ဆေးမြစ်တူး၍ ဒေါ်ဗလတို့ တိုက်သို့ ဖောက်သည် သွင်းခဲ့ကြသော ရာပေါင်းများစွာသော ကလေးများ ရရန်ရှိသည့် ကြွေးများကိုလည်း စဉ်းစားသည်။

ဤတစ်ကြိမ်တွင်မူ အဘိုး မငိုတော့။ သူ့ တွေ့ရှိချက်ကို မိဘများနှင့် ညီအစ်ကို မောင်နှမ တစ်သိုက်အား ပြောပြလိုက်သည်။

(၃)

နှစ်သစ်ကူးနေ့တွင် ဒေါ်ဗလတို့ မိသားစု ကျောင်းသို့ သွား၍ သီလယူကြသည်။ သူတို့ရသည့် သူကောင်းမျိုး တံဆိပ် အဆောင်ယောင်တွေကို ရထားတွင် တပ်ဆင်ထားသည်။ သူတို့ တံဆိပ်က အပြာနှင့် ရွှေရောင် နောက်ခံတွင် ဘီလူးကြီးတစ်ကောင် ဆောင့်ကြောင့်ထိုင်နေသည့် တံဆိပ်ဖြစ်သည်။

နှစ်သစ်ကူးနေ့တွင် ရွာဦးကျောင်းသို့ သီလယူသွားသည့် အခါ၌ ရွာသားများက ဖျော့တော့တင်းမာသော မျက်နှာထားများဖြင့် ဝိုင်းကြည့်နေကြသည်ကို သတိပြုမိသည်။ သူတို့အထင်က သူတို့ သူကောင်းဘွဲ့ ရသဖြင့် ရွာသားများ ဝမ်းသာကြလိမ့်မည်။ ပန်းကုံးတွေ စွပ်ကြလိမ့်မည်။ ကန်တော့ပွဲတွေ လုပ်ကြလိမ့်မည်။ ဝမ်းသာအားရ ဖြစ်ကြလိမ့်မည်ဟု ထင်သည်။ သို့ရာတွင် သူတို့ ဖြတ်သွားသည့်အခါ၌ တစ်ရွာလုံး သုသာန်လို တိတ်ဆိတ်နေသည်။ ဖြူရော်သော မျက်နှာများကို ဆောင်သည့် ရွာသားများသည် မကျေမချမ်းနိုင်သော အမူအရာမျိုးဖြင့် သူတို့ကို စိုက်ကြည့်နေကြသည်။ သီလပေးသည့် အခါတွင် ရွာဦးကျောင်းက ဆရာတော်ကလည်း သူ့ဒကာ ဒကာမများသည် ယနေ့ တင်းမာခက်ထန်သော မျက်နှာထားများကို ဆောင်ထားကြခြင်းကို ဆရာတော် သတိပြုမိသည်။ ဆရာတော်သည် သီလကို ဖြောင့်ဖြောင့် မပေးနိုင်၊ သီလပေးပြီးနောက် သူ့တစ်ကိုယ်လုံး ချွေးတွေ စိုရွှဲနေသည်။

သီလယူပြီး၍ ဒေါ်ဗလတို့ အိမ်သားများ ပြန်မည် ပြုသည့်အခါတွင်လည်း ရွာသားများသည် နှုတ်ဆက်စကား မဆိုကြ။ အေးစက်တင်းမာသော မျက်နှာများဖြင့် ဆိတ်ဆိတ်သာ နေကြသည်။

အသက် ခပ်ရွယ်ရွယ်သာ ရှိသေးသည့် ဒေါ်ဗလသည် ကလေးများအနီးသို့ ရောက်သည့်အခါတွင် အနီးပတ်ဝန်းကျင်ကို ကြည့်သည်။ ကလေးသိုက်ထဲတွင် မျက်နှာဖြူဖတ်ဖြူရော်နှင့် ရပ်နေသော ကျွန်တော့်အဘိုးကို သွားမြင်သည်။

“ဟဲ့ ကောင်လေး နင် ဘာဖြစ်လို့ နင့်အမေဖို့ ကော်ဖီမှုန့်ထုပ် ယူမသွားတာလဲ” ဟု လှမ်း၍ မေးသည်။

“ယူစရာ မလိုပါဘူးဗျ၊ ခင်ဗျားဆီက နောက်ထပ် ကော်ဖီ ငါးပိဿာဖိုးတောင် ရစရာ ရှိသေးတယ်” ဟု ဆိုကာ သူ့လွယ်အိတ်ထဲမှ လောက်စာလုံး ငါးလုံးကို ထုတ်ပြသည်။ “ဟောဒီ လောက်စာလုံး ငါးလုံးဟာ တစ်ဆယ်သား လေးတယ်၊ ခင်ဗျားတို့ ချိန်ခွင်မှာ ငါးဆယ်သားချိန်တိုင်း ကျွန်တော်တို့က တစ်ဆယ်သား ပိုပို ပေးခဲ့ရတယ်”

ဒေါ်ဗလက ဘာမှ ပြန်မပြောနိုင်မီ ရွာသားများက “အို အဖ ဘုရားသခင်၊ ကမ္ဘာ၏ တရာမျှတမှုသည် အရှင့်ကို သတ်ခဲ့ပြီ” ဟူသော ဓမ္မသီချင်းကို ကောက်ဆိုကြသည်။

ဒေါ်ဗလတို့ တိုက်သားများ ကျောင်းသို့ သွားနေချိန်၌ ရွာသားတစ်ယောက်က သူတို့တိုက်က ရာဇူကို ခိုးလာခဲ့သည်။ ဤမျှမက ရွာသားများထံမှ ဒေါ်ဗလတို့ ဝယ်ထားသမျှသော မှိုများ၊ ဘယဆေးပင်များ စသည်တို့ မှတ်ထားသည့် သားရေဖုံး စာရင်းစာအုပ်ကြီးကိုလည်း ခိုးလာခဲ့သည်။ ထိုနေ့ညက ရွာသားများသည် သူတို့ အိမ်ဦးခန်းက ဘိုးဘေးများ မှတ်ခဲ့သော ဒေါ်ဗလတို့ထံ အရောင်းစာရင်းများကို ရှာကာ ငါးဆယ်သား ရောင်းတိုင်း တစ်ဆယ်သား ပေါင်းထည့်ကြသည်။ အားလုံး ပေါင်းလိုက်သောအခါ ဒေါ်ဗလတို့ထံတွင် သူတို့ ရစရာ ကြွေးများသည် ထောင်ပေါင်းများစွာ ရှိနေပြီ။

သို့ရာတွင် တွက်၍ မပြီးကြသေး။ နောက်ထပ်များစွာ ကျန်သေးသည်။ ထိုစဉ်တွင် ရဲဌာနမှ ရဲများ ရောက်လာကာ ရွာကို ဝိုင်းကြသည်။ ထွက်ပြေးသူကို သေနတ်ဖြင့် ပစ်ကြသည်။ ဒေါ်ဗလ၏ ရာဇူနှင့် စာရင်း စာအုပ်ကို သိမ်းကြသည်။ အဘိုး၏ အစ်မ လုဒ်မီလျာသည် ထိုရုန်းရင်းဆန်ခတ် ဖြစ်ချိန်တွင် သေနတ်မှန်၍ သေခဲ့ရသည်။ ရွာသားအချို့ ဒဏ်ရာရ၍ ရဲသားတစ်ယောက် ဓားထိုးခံရသည်။

ထိုကိစ္စသည် အဘိုးတို့ ရွာတွင် မရပ်။ ဘားနောနှင့် ဘလန်ဂေါ စသည့် ရွာနှစ်ရွာသို့လည်း ကူးစက်သည်။ ဒေါ်ဗလတို့၏ လျှော်ခွဲစက်များကို တစ်ပတ်လောက် ပိတ်ထားရသည်။ ဤမျှနှင့် ကိစ္စ မပြီးသေး။ ရဲများ ရောက်လာကာ ရွာသူရွာသားများကို ထောင်ချမည် ခြိမ်းခြောက်ကြသည်။ ဒေါ်ဗလတို့က ရွာဦးကျောင်း ဆရာတော်ကို ခြိမ်းခြောက်ကာ ရွာလယ်ကျောင်းတွင် သူတို့ရာဇူ မှန်ကြောင်း အပြခိုင်းသည်။ ရွာသားများက လျှော်ခွဲစက်ရုံသို့ အလုပ်ပြန်ဆင်းသော်လည်း ဆရာတော်က ရာဇူမှန်ကြောင်း သက်သေထူပြရာ ရွာလယ်ကျောင်းသို့မူ တစ်ယောက်မျှ မသွားကြ။

ရွာလယ်ကျောင်းတွင် ရာဇူကြီးကို ကိုင်ကာ အလေးတွေ ကော်ဖီမှုန့်ထုပ်တွေနှင့် ဆရာတော် တစ်ပါးတည်းသာ ရှိတော်မူသည်။

ကလေးများသည် ထုံးစံအတိုင်း မှိုနုတ်ခြင်း၊ ဘယဆေးပင် ရှာခြင်းတို့ကို ပြုကြပါ၏။ သို့ရာတွင် ရွာဦးကျောင်းသို့ ဒေါ်ဗလတို့ လာသည်နှင့် “အို အဖ ဘုရားသခင်၊ ကမ္ဘာ၏ တရားမျှတမှုသည် ကိုယ်တော်ကို သတ်ခဲ့ပြီ” ဟူသော ဓမ္မတေးကို ဆိုလေ့ရှိကြသည်။

နောက်ဆုံးတွင် ခရိုင်ရဲဝန်က ဤဓမ္မသီချင်းကို မဆိုရဟု မောင်းခတ်၍ အမိန့်ထုတ်ယူရသည်။

အဘိုး၏ မိဘများသည် ရွာကို လည်းကောင်း၊ သမီးငယ်၏ သချုႋင်းကို လည်းကောင်း စွန့်ခွါလာခဲ့ကြကာ အရပ်တကာ လှည့်၍ တောင်းရက်ခြင်းဖြင့် အသက်မွေးခဲ့ကြ ရသည်။ သူတို့ရွာတွင် မနေလိုကြတော့။ တရားမျှတမှု ဟူသော ချိန်ခွင်ညှာသည် လူချမ်းသာတို့ဘက်က အသာပေးလေ့ ရှိခြင်းကို သူတို့ မြင်ရသည့်အခါတွင် သူတို့ ရင်နာရသောကြောင့် ရွာကို စွန့်ခွါခဲ့ကြခြင်း ဖြစ်သည်။ တောလမ်းများပေါ်တွင် တအိအိ သွားနေသည့် အဘိုးတို့ လှည်းတန်းနောက်တွင် ဆိတ်ပိန်ပိန်ကလေး တစ်ကောင် ပါလာတတ်သည်။

အဘိုးတို့ လှည်းတန်းအနီးသို့ ဖြတ်သွားတိုင်း “အို အဖ ဘုရားသခင်၊ ကမ္ဘာ၏ တရားမျှတမှုသည် ကိုယ်တော်ကို သတ်ခဲ့ပြီ” ဆိုသည့် ဓမ္မသီချင်းကို ကြားရတတ်သည်။

နားထောင်လိုသူ ရှိသည်ဆိုလျှင် အဘိုးတို့ တစ်သိုက်သည် တရားမျှတမှုကို အမြဲတမ်း တစ်ဆယ်သား ခိုးယူတတ်သည့် ဒေါ်ဗလတို့ အကြောင်းကို မမောတမ်း ပြောပြတတ်ကြသည်။

သို့ရာတွင် နားထောင်လိုသူ ဆို၍ တစ်ယောက်မျှ မရှိ။

(Heinrich Boll’s The Weighing Machine)

မြသန်းတင့်

(၂၀ ရာစုနှစ် ကမ္ဘာ့ဂန္ထဝင် ဝတ္ထုတိုများ)