ဝတ္ထုတိုများစုစည်းမှု့

ဘတ်စ်ကားစီး၍ ဘဝကို ဖြတ်ကျော်ခြင်း

လူတွေကြားထဲက တိုးဝှေ့ပြီး အမှတ် ၈ ဟီးနိုးကားကြီးပေါ်သို့ ကျွန်တော် တက်လိုက်တယ်။ ရုံးတက်ချိန်မို့ ထင်ပါရဲ့၊ ဂိတ်မှာတင် လူတွေ ပြည့်နေပြီ။ ကားထဲကို လှမ်းကြည့်လိုက်တော့ ထိုင်စရာ နေရာလွတ်ရယ်လို့ မရှိတော့ဘူး။ အမိုးမှာ တပ်ထားတဲ့ သံတန်းကို ကိုင်ပြီး ထိုင်ခုံကြားထဲက လမ်းကလေးအတိုင်း ရှေ့ကို တိုးလာခဲ့တယ်။ ခုံတန်းကြားက လမ်းကလေးထဲ မှာလည်း မျက်နှာကို ထိုင်ခုံတွေဘက် မူပြီး ကျောချင်းကပ် ရပ်ရတယ်၊ စပယ်ယာက-

“ကဲ … ကဲ၊ ကူညီကြပါဗျာ၊ ရှေ့ကို နည်းနည်း တိုးပေးပါ။ ရှေ့ကို နည်းနည်း တိုးပေးပါ၊ ဟို အစ်ကိုကြီး ကျောချင်း ကပ်ပေးပါ။ အဲ အဲ ဟုတ်ပြီ၊ ဟာ တောင်းကြီး မရဘူး ခင်ဗျ၊ ခင်ဗျားကြီး ထီးကြီးက ကန့်လန့်ကြီးဗျာ။ အောက်စိုက် ထားပါ။ ကူညီကြပါဗျာ၊ ဒီလိုပဲ တိုးတိုးဝှေ့ဝှေ့ပေါ့”

လို့ နေရာချပေး နေတယ်၊ နောက်ပေါက်က တက်ပြီးလာတဲ့ ကျွန်တော်ဟာ သူပြောတဲ့ အတိုင်း ရှေ့တိုး လာခဲ့တယ်။ သူ့ခြေထောက်ကို ကိုယ် တက်နင်းမိ၊ ကိုယ့်ခြေထောက်ကို သူ တက်နင်းမိနဲ့ မတတ်နိုင်ဘူးလေ။ ဒီလိုပဲ စီးရမှာပဲ၊ ကားက လူတော်တော် ပြည့်နေပြီ။ ပြည့်ဆို ခြေထောက် နှစ်ချောင်းတောင် မနည်းချယူ ရတယ်၊ ညောင်းလို့ ခြေထောက် မရွေ့ လိုက်လေနဲ့၊ ကိုယ့်ခြေထောက် နေရာမှာ တခြားခြေထောက် တစ်ချောင်းက ဝင်နေရာယူ သွားပြီ။

“ခင်ဗျားတို့ မြန်မာလို ပြောနေတာကို နားမလည်ဘူးလားဗျ၊ ရှေ့ကို တိုးပါ ဆိုနေ၊ ဪ ခက်တော့တာပဲ၊ ဟိုရှေ့က အစ်ကိုကြီး၊ တစ်ယောက်တည်း တည့်တည့်ကြီး ရပ်မနေနဲ့လေ၊ နှစ်ယောက် ကျောချင်းကပ် ရပ်မှပေါ့။ အပေါက်ဝမှာ ပြုံရပ် မနေနဲ့ဗျ။ တော်တော်ကြာ သမသွားလိမ့်မယ်။ နောက်တော့သာ မပြောမရှိနဲ့”

စပယ်ယာလည်း စိတ်တိုလာဟန် တူပါရဲ့၊ ခပ်စောစော ကတော့ ချိုချိုသာသာပဲ။ ဒါပေမဲ့ ကြာတော့ လေသံ ပြင်းလာတယ်။ ဟုတ်မှာပေါ့လေ။ သူတို့လည်း တစ်နေကုန် လူပေါင်းစုံနဲ့ ဆက်ဆံ နေရတာ။ အလုပ်ကလည်း ပင်ပန်း ပြောရ ဆိုရတာလည်း အာပေါက်မတတ်။ စပယ်ယာ စိတ်တိုတာ ကိုလည်း မပြောနဲ့။ တစ်နေ့မှာ ဘတ်စ်ကားကို ရုံးသွား ရုံးပြန် နှစ်ခေါက် စီးရတဲ့ လူတောင် ဒီလောက် စိတ်တိုနေရင် တစ်နေ့ကို အခေါက်ပေါင်း များစွာ စီးပြီး လူပေါင်း များစွာနဲ့ ဆက်ဆံနေရတဲ့ စပယ်ယာလည်း စိတ်တိုပေမှာပေါ့။ သူ့ခမျာ ကားနောက်ပေါက်က တက်၊ လူတွေကြားထဲ တိုးဝှေ့ပြီး ကားရှေ့ပေါက် အရောက် ပိုက်ဆံသိမ်းရ၊ လက်မှတ် ဆုတ်ပေးရတာကိုက လွယ်တာမှ မဟုတ်တာ။ လူတွေ ပြည့်ကျပ်နေတဲ့ ဟီးနိုး ကားကြီးကို နောက်ပေါက်က တက်၊ ပိုက်ဆံသိမ်းပြီး ရှေ့ပေါက်က ဆင်းရရင် တစ်ခေါက်တည်းနဲ့ အသက်ထွက် သွားလိမ့်မယ် ထင်တယ်၊ ဖျာလိပ်ခေါင်းထဲ ဝင်ဆိုရင် ဝင်လိုက်ချင် သေးတယ်။

“ဆွဲဆရာ” ဆိုတဲ့ စပယ်ယာရဲ့ အမိန့်လည်း ရရော၊ ဟီးနိုး ကားကြီးက ဒုံးပျံရဲ့ အဟုန်မျိုးနဲ့ ထွက်လာတယ်၊ တစ်ဖက်က အမိုးက သံတန်းကို ကိုင်၊ လက်တစ်ဖက်က ထမင်းဘူးနဲ့၊ ဒီကြားထဲမှာ ကားကွေ့လိုက်တိုင်း ယိုင်ယိုင်ပြီး ညပ်သွားလို့ မနည်း တောင့်ထားရတာ ရှိသေးတယ်။

ထမင်းဘူး ဆိုလို့ ပြောရဦးမယ်။ ကြည့်တော့ ထမင်းဘူးကို ကျကျနန လက်သုတ်ပဝါလေးနဲ့ ထုပ်လို့။ ထမင်းဘူးထဲ ဖွင့်ကြည့်တော့ ဘာဟင်းမှ ကောင်းကောင်းမွန်မွန် မပါဘူး။ ငါးလေး တစ်ကောင်လောက်နဲ့ ချက်ထားတဲ့ ကန်းစွန်းရွက် ချဉ်ရည်ဟင်းရယ်၊ မျှစ်နဲ့ စားတော်ပဲနဲ့ ကြော်ထားတဲ့ အကြော်ကလေး ဂုံညင်းသာသာ လောက်ရယ်၊ ဒါပဲပါတယ်။ ရုံးမှာတော့ အရာရှိပေါက်စမ ကလေး တွေ၊ စာရေးမ ကလေးတွေ ထမင်းဘူးချင်း ပြိုင်ကြတယ်။ တချို့ အရာရှိမကလေးတွေ ဆိုရင် ထမင်း စားခါနီးကျရင် သူတို့ အချင်းချင်း ထမင်းဘူးတွေကို လှမ်းကြည့်ကြတယ်။ ကျွန်တော်တို့လို ကောင်တွေမှာတော့ ထမင်းဘူးချင်းလည်း မပြိုင်နိုင်ပါဘူး။ ဘယ်ထမင်းဘူးပဲ ကြည့်လိုက် ကြည့်လိုက် ပိန်မသာ လိမ်မသာ ပါပဲ။ ယောက်ျားလေး ဆိုတော့ ဒီလို ပြိုင်တာ ဆိုင်တာမျိုးလည်း သိပ်မရှိတော့ တော်သေးတာပေါ့။

ကျွန်တော်ဆိုရင် ဒီဟင်းကလေးတောင် မနည်း ထည့်လာရတာ။ ဒါတောင် ကိုယ်တိုင် ဈေးသွားပြီး ဝယ်လာတာ။ ဈေးဖိုးက သိပ်ကုန်လွန်းတော့ ကျွန်တော်က မိန်းမကို ဆူတယ်။ ကျွန်တော်တို့ မိသားစုကလေးမှာ လူခြောက်ယောက် ရှိတယ်။ ကျွန်တော်တို့ နှစ်ယောက်နဲ့ သားသမီး လေးယောက်။ တစ်နေ့ကို ဈေးဖိုးချည်းပဲ ဆယ့်ငါးကျပ်လည်း မလောက်၊ နှစ်ဆယ်ပေးလည်း ဘာမှ ကောင်းကောင်း မစားရ၊ ဘာမှ မည်မည်ရရ မရှိတော့ ကျွန်တော်က မိန်းမကို ဆူတယ်၊ ဒီတော့ မိန်းမက …

“ဘာလဲ၊ ကျုပ်က ဒီပြင် မိန်းမတွေလို ဈေးထဲမှာ သရေစာကို အဝအပြဲ စားပြီး အိမ်ကျတော့ ဖြစ်ကတတ်ဆန်း ချက်ကျွေးတဲ့ အစားထဲက အောက်မေ့ နေသလား၊ ရော့ ဒီနေ့က စပြီး ရှင့်ဘာသာ ရှင် ဝယ်ကြည့်၊ ကျွန်မ မဝယ်ချင်ဘူး၊ ရှင် ဝယ်လာတာပဲ ချက်ကျွေးမယ်”

လို့ ပြောလို့ ခု ကျွန်တော် ကိုယ်တိုင် ဈေးဝယ် နေရတယ်၊ ကိုယ်တိုင် ဝယ်တော့လည်း ဘာထူးသလဲ၊ ဘာမှ မထူးပါဘူး၊ ကန်စွန်းရွက် ချဉ်ရည်နဲ့ ပဲပြုတ်ကြော် ပါပဲ။

မော်တော်ကားဟာ တိမွေးကု ကျောင်းရှေ့မှာ ရပ်ပြီး လူတင်တယ်။ ခပ်စောစောက အမိုးတန်းကို ချောင်ချောင်ချိချိ ကိုင်လို့ ရပေမဲ့ ခု မရတော့ဘူး။ လက်တွေကို မနည်းရှောင်ပြီး တန်းကို ဆွဲထားရတယ်။

လက်တစ်ဖက် ညောင်းလို့ ထမင်းဘူးကို ကိုင်ပြီး နောက် လက်တစ်ဖက် အပေါ်မြှောက် လိုက်တော့ ကျွန်တော် လက်ကိုင်တဲ့ တန်းမှာ လက်တစ်ဖက် အသစ် ရောက်နေပြီ။ ဒါနဲ့ သူ့လက်ကို ကျော်ပြီး တခြား တစ်နေရာက နေရာလွတ် ကလေးကို လှမ်းဆွဲ လိုက်ရတယ်။

ကျွန်တော်က ညာဘက်ခြမ်းကို မျက်နှာမူပြီး ရပ်နေရင်း ခုံပေါ်က လူတွေကို လှမ်းကြည့်မိတယ်။ အသက် ငါးဆယ်ကျော် ခြောက်ဆယ်နား ကပ်နေတဲ့ အဘိုးကြီး တစ်ယောက်၊ ဆံပင် တော်တော်တောင် ဖြူနေရှာ ပါပြီ။ ပေါင်ပေါ်မှာ ရွက်ဖျင် လက်ဆွဲအိတ် ခပ်နွမ်းနွမ်း ကလေးကို တင်လို့၊ အိတ်ထဲမှာ မိန်းမဆောင်း ခေါက်ထီးလေး အဟောင်းကလေး တစ်လက် ထည့်ထားတယ်။

ဟိုတုန်းကတော့ ယောက်ျားဟာ ယောက်ျားဆောင်း ထီးကိုပဲ ဆောင်းတယ်။ မိန်းမ ဆိုရင်လည်း မိန်းမဆောင်း ထီးကိုပဲ ဆောင်းတယ်။ ခုတော့ ဆောင်းချင်ရာ ဆောင်းနေကြတာ ပါပဲ။

ဘာဘာညာညာ ရွေးမနေ နိုင်ကြတော့ဘူး ထင်ပါရဲ့။ ခုလည်း ကြည့်၊ မိန်းမရဲ့ ထီးကိုပဲ ယူဆောင်း လာသလား၊ သမီးရဲ့ ထီးကိုပဲ ယူဆောင်း လာသလား မသိဘူး။ အိတ်ထဲမှာ မိန်းမဆောင်း ခေါက်ထီးဟောင်း ကလေးကို ထည့်လို့။ နောက် သူနဲ့ ကပ်လျက်မှာ ဆရာမကလေး တစ်ယောက် ထိုင်လို့။ ကျောင်းစိမ်းလုံချည်၊ အင်္ကျီအဖြူနဲ့၊ သူ့လက်ထဲမှာ ပလတ်စတစ် ခြင်းကလေး တစ်လုံး ကိုင်ထားတယ်။

အင်္ကျီအဖြူ ကုတ်က ချုပ်ရိုးမှာ ချွေးပေလို့ ထင်ရဲ့၊ နည်းနည်း မည်းနေပြီ။ မနေ့က အင်္ကျီကိုပဲ ပြန်ဝတ်လာတယ် ထင်တာပဲ။ သူတို့ ရှေ့က ခုံတန်းမှာ လူ ခပ်ရွယ်ရွယ် နှစ်ယောက် ထိုင်လာတယ်။ လွယ်အိတ်ကို စလွယ်သိုင်းပြီး ရယ်လား မောလားနဲ့ စကားပြော လာကြတယ်။ စက်မှု ကျောင်းသားတွေ ထင်တာပဲ။

ဟုတ်တယ်။ စက်မှု တက္ကသိုလ်က ကျောင်းသားနှစ်ယောက်။ သူတို့ဆင်းရင် ဝင်ထိုင်မယ်လို့ ကျွန်တော် အလစ်ကို ချောင်းနေတယ်။ ဟုတ်တယ်။ အလစ်ကို ချောင်းနေတယ်။ ကျွန်တော်က ရန်ကုန်ထဲ အထိ သွားရမှာ။

အင်းစိန်က နေပြီး ရန်ကုန်အထိ တစ်လျှောက်လုံး မတ်တတ် ရပ်ရတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ဒီအထဲမှာ ချောင်ချောင်ချိချိ မတ်တတ်ရပ် လိုက်သွားရတယ် ဆိုရင်လည်း တော်သေးရဲ့။ ခုတော့ ခြေထောက် နှစ်ချောင်းကို နေရာရအောင် မနည်းလုပြီး လိုက်ရတာ ဆိုတော့ ကြာရင် ပင်ပန်းတယ်။

စက်မှု တက္ကသိုလ် မှတ်တိုင် ရောက်တော့ ကျောင်းသားနှစ်ယောက် ဆင်းသွားတယ်။ ကျွန်တော် ဝင်ထိုင် လိုက်တယ်လို့ ထင်သလား။ မထိုင်လိုက် ရပါဘူး။ ကိုယ်က ထိုင်မလို့ ပြင်ကာ ရှိသေးတယ်၊ အနားက လူနှစ်ယောက်က ဝင်ထိုင်သွားတယ်။

အမှန်က သူတို့ နှစ်ယောက်က နောက်မှ တက်တာ။ တိမွေးကု မှတ်တိုင်က တက်လာတာ။ မတတ်နိုင်ဘူးလေ။ သူတို့က အနားမှာ ရောက်နေတော့ နေရာကို သူတို့ ရသွားတာပေါ့။ နောက်မှတ်တိုင် ရောက်လို့ ကိုယ့်အနားက ခရီးသည် ဆင်းသွားရင် ကိုယ်ရမှာပေါ့။

စောစောတုန်းက ခြေထောက်ကို ချဲရပ်လို့ ရသေးတယ်။ ခုတစ်ခါတော့ ကျောင်းမှတ်တိုင်က လူတွေ တက်လာလို့ ခြေထောက်တောင် ခွဲရပ်လို့ မရတော့ဘူး။ ခြေထောက် နှစ်ချောင်းကို ပူးပြီး ရပ်ရတယ်။ အရေးထဲမှာ လုံချည်က ခပ်လျှောလျှော ဖြစ်နေလို့ ပြင်ဝတ် လိုက်ရတော့ အမိုးတန်းကို ပြန်အဆွဲမှာ ကိုယ့်လက် နေရာပျောက် သွားလို့ မနည်း ရှာနေရသေးတယ်။

ဒီနေ့ ရုံးကို စောစော ရောက်ချင်တယ်။ ဒါကြောင့် ကျွန်တော် အိမ်က ခပ်စောစော ထွက်လာခဲ့တာ။ ကျွန်တော်တို့ ဌာနမှာ ရာထူး တိုးပေးတဲ့ စာရင်းတွေ ထွက်မယ့်နေ့။ တိုးပေမယ့် ရာထူးက အထက်တန်း စာရေး၊ ရာထူး ငါးနေရာ ရှိတယ်။

ကျွန်တော်တို့ ရုံးထဲကရော၊ ရုံးပြင်ကရော ဖြေထားတဲ့ သူတွေ အများကြီးပဲ။ လေးငါးရာလောက် ရှိမယ် ထင်တယ်။ ရုံးမှာ လုပ်သက် ရင့်သူတွေ၊ သတ်မှတ်ထားတဲ့ အရည်အချင်း မီသူတွေ အားလုံး ဝင်ဖြေနိုင်တယ် ဆိုတော့ ကျွန်တော်လည်း ဝင်ဖြေ လိုက်တယ်လေ။ ရလို ရငြားပေါ့။ ကိုယ့်ရုံးတွင်း စာမေးပွဲ ဆိုတော့ ကျွန်တော်တို့ ရုံးမှာ အရင်ရောက်နေတဲ့ လူတွေက ပိုပြီး အခွင့်အရေး ရှိတာပေါ့။ ဒါကြောင့်မို့ ကျွန်တော် ဖြေလိုက်တာ။

ကျိုက္ကလား မှတ်တိုင်မှာ လှုပ်လှုပ်ရွရွ အသံကြားလို့ ကြည့်လိုက်တော့ ကျောဘက်က လူတစ်ယောက် ဆင်းဖို့ ပြင်နေတယ်။ သူ့မှာ ခုံတန်းထဲက မထွက်ရသေးဘူး။ ခပ်ရွယ်ရွယ် လူတစ်ယောက်က သူ့ခုံတန်း နောက်ကျောကို လက်နဲ့ထောက် ကာထားလိုက်ပြီး သူ့ခြေတစ်ဖက်က အဲဒီလူ ခြေထောက် ကြားထဲကို အတင်းထိုးပြီး ဝင်ထိုင်ဖို့ ပြင်ထားတယ်။

အနားမှာ ထမင်းဘူး ကလေးကို ကိုင်ထားတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်။ စာရေးမလေး ထင်ပါရဲ့။ တကယ်ဆို မိန်းကလေး တစ်ယောက် ထိုင်ပါစေတော့လား။ ခုတော့ ခုံတန်းကြား ထဲကို အတင်း ကိုယ်တစ်ခြမ်း ထိုးသွင်းနေတယ်။ ကျွန်တော် တော်တော် စိတ်ဆိုးသွားတယ်။

ဟိုတုန်းက ဆိုရင် ဘုန်းကြီးတို့၊ ကိုယ်ဝန်ဆောင်တို့၊ မိန်းကလေး ငယ်ငယ်တို့၊ မိန်းမသားတို့၊ အဘိုးကြီး အဘွားကြီး သက်ကြီးရွယ်အို တို့ကို နေရာဖယ် ပေးကြတယ်။ ခုတော့ မဟုတ်ဘူး၊ အတင်း လုထိုင်တယ်။

အင်း … ပြောလို့သာ ပြောရတာ ပါလေ။ ကျွန်တော် ဆိုရင်လည်း သူ့လိုပဲ နေမှာပဲလို့ ကိုယ့်ဘာသာကိုယ် ပြန်သတိပေးတယ်။ ဟုတ်သားပဲ။

ကျွန်တော် ဆိုရင်လည်း ဒီအတိုင်း ထိုင်မှာပဲ၊ ဟိုတုန်းက ဆိုရင် မိန်းကလေးတို့ ဘာတို့ လာရင် နေရာဖယ် ပေးတယ်။ ဒီလို နေရာဖယ် ပေးတော့ ဪ ယဉ်ကျေးသားပဲလို့ ဘေးက အသိအမှတ်ပြုမယ် ထင်သလား။ ဘယ်ပြုမလဲ။ ‘ဘူး’ လို့ ထင်ကြမှာပေါ့။

အဘိုးကြီး၊ အဘွားကြီးတို့၊ ဘုန်းကြီးတို့ အတွက် နေရာဖယ် ပေးရင်လည်း လူကို ငကြောင်ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ချင်ကြတယ်။ ဘယ်သူကမှ အမှတ် ပေးလိမ့်မယ် မထင်နဲ့။ ထားပါလေ။ သူများက အမှတ်ပေးတာ မပေးတာက အရေးမကြီးပါဘူး။ သက်ကြီးရွယ်အိုတို့၊ ဘုန်းကြီးတို့ ကိုတော့ နေရာဖယ်ပေး သင့်တာပေါ့။ ဒါပေမဲ့ ကြာတော့လည်း မပေးချင်တော့ဘူးလေ။

ကိုယ်က ခရီးရှည်ကြီး သွားရမှာ။ ပြီးတော့ ကိုယ်က ဘုန်းကြီးတို့ အဘွားကြီးတို့ကို နေရာ ဖယ်ပေးလိုက်ပြီး သူတို့ ဆင်းသွားတော့ ဒီနေရာ ကိုယ်ပြန်ရသလား ဆိုတော့ ကိုယ်လည်း ပြန်မရဘူး။ ဒီပြင်လူက စွေ့ခနဲ ဝင်ထိုင်သွားရော။ ဒီတော့ ကိုယ့်မှာ တစ်လျှောက်လုံး မတ်တတ်ရပ် လိုက်လာတာပဲ အဖတ်တင်တယ်။ ဒီတော့ သူဦးလို့ သူ ဝင်ထိုင်တာ ကိုလည်း အပြစ်မတင်သင့် ပေဘူးပေါ့။

ရုံးအလုပ် အကြောင်း တွေးလာလိုက်တာ သမိုင်း လမ်းဆုံနဲ့ အုတ်ကျင်း မှတ်တိုင် ကိုတောင် ကျော်လာပြီ။ ဆင်းတဲ့ လူတွေ ဆင်းသွားကြလို့ လူသစ်တွေလည်း တက်လာကြတယ်။ နောက်တက်တဲ့ လူတွေ နေရာရ သွားကြပေမဲ့ ကျွန်တော့်မှာ နေရာ မရနိုင်သေးဘူး။ မတ်တတ်ရပ် နေရတုန်းပဲ။

ကျွန်တော့် နောက်က လူဆိုရင် ကံကောင်းတယ်။ သမိုင်း မှတ်တိုင်က တက်လာပေမဲ့ သူ လက်ထောက်ထားတဲ့ ခုံတန်းက လူဆင်းသွားတော့ ဘယ်လောက်မှ ကြာကြာ မရပ်လိုက်ရဘူး။ တစ်မှတ်တိုင် အကွာမှာ နေရာရ သွားတယ်။ ကိစ္စ မရှိဘူးလေ။ အနားက လူတစ်ယောက် ဆင်းသွားရင် ရမှာပေါ့။ ဒါမှ မဟုတ်ရင်လည်း လှည်းတန်းတို့၊ မြေနီကုန်းတို့ ကျရင် လူ တော်တော်များများ ဆင်းကြ ဦးမှာပဲ။ အဲဒီကျရင် နေရာကလေး တစ်နေရာတော့ ရတန် ကောင်းပါရဲ့။

ဟာ … ဒုက္ခပဲ။ သံလမ်းမှတ်တိုင် ရောက်တော့ ရှေ့က ဟီးနိုးကား တစ်စီး ပျက်နေလို့ လူတွေ နောက်ကားမှာ စီးဖို့ ရပ်စောင့် နေကြတယ်။

ကျွန်တော်တို့ ကားမှ နောက်ကားက လူတွေကို တင်ဦးမယ် ဆိုတော့ ဘယ်လောက်များ ကျပ်သိပ် ပူလောင်ပြီး လူတွေ ဘယ်လောက် ပြည့်ကျပ် နေလိုက်မလဲ။ ရှေ့ကားက စပယ်ယာက ရပ်ခိုင်းနေပြီ။ ဟော ကားလည်း ထိုးရပ်ပြီ။ လူတွေကို တင်နေတယ်။ အကုန်လုံးတော့ ဘယ်တင်နိုင်မလဲ။ ရသလောက်ပဲ တင်တာပေါ့။ ရသလောက် ဆိုပေမဲ့ ကားထဲမှာတော့ တော်တော် အခြေအနေ ဆိုးနေပြီ။

ကားဘေးမှာ တွယ်လိုက်ကြတော့ ကားကြီးက တစ်ဖက် စောင်းနေပြီ။ တချို့ ဒီကားနဲ့ မလိုက်သူတွေလည်း ကျန်ရစ်ခဲ့ကြတယ်။ တချို့လည်း ကားတွေကို လက်ပြပြီး စီးဖို့ စောင့်နေကြ လေရဲ့။

လှည်းတန်းထိပ် ပန်းကမ္ဘာရှေ့ ကျတော့ ကား ရပ်တယ်။ ရှေ့မှာ ကျောင်းသူတွေ၊ ကျောင်းသားတွေ တော်တော်များများ ဆင်းသွားကြတယ်။

ဒါနဲ့ ကျွန်တော်တို့ သူတို့ နေရာကို ရောက်အောင် နောက်ကနေ အတင်းတိုးပြီး ရှေ့တက် လာခဲ့တယ်။ ကိုယ့်ရှေ့မှာ ရောက်တဲ့ လူတွေကလည်း နီးရာ နေရာမှာ ဝင်ထိုင်ကြတယ်။ လူတွေ ဆင်းနေတုန်းမို့လို့ အောက်က လူတွေကလည်း အပေါ်ကို မတက်နိုင်သေးဘဲ စောင့်နေကြတယ်။ နေရာ အတော်များများ ကျန်နေသေးလို့ အားတက်သရောနဲ့ ရှေ့ကို တိုးလာခဲ့တယ်။ ဒါပေမဲ့ မမီလိုက်တော့ ဘူးလေ။ ရှေ့ကားပေါက်က ဆင်းတဲ့ လူ မကုန့်တကုန်မှာ အောက်ကလူတွေ တိုးဝှေ့ တက်လာပြီး ထိုင်လိုက်ကြတယ်။ ထိုင်လိုက်တာမှ မော်တော်ကား အင်ဂျင် ဖုံးထားတဲ့ အဖုံးပေါ်မှာတောင် နေရာလွတ် မကျန်ဘူး။

ကိုယ်က ကားပေါ်ကို အရင်ရောက် နေပေမဲ့ မတတ်နိုင်ဘူးလေ။ မော်တော်ကားလည်း လှည်းတန်းထိပ်က ဆက်ထွက်လာတယ်။ ကားပေါ်မှာတော့ လူတွေ ကျပ်သည်ထက် ကျပ်လာတယ်။

စိုက်ပျိုးရေး ရောက်လို့ နေရာကလေးများ ရမလားလို့ လှမ်းကြည့်မိ ပါသေးရဲ့။ ဒါပေမဲ့ ကိုယ်နဲ့ တော်တော်ဝေးတဲ့ နေရာတွေမှာ လွတ်နေပြီး ကိုယ့်အနားမှာ မလွတ်တော့ မရလိုက်ပြန်ဘူး။ နောက် တက်လာတဲ့ လူတွေကတော့ သူတို့ အနားမှာ လွတ်တာနဲ့ အဆင်သင့် နေရာရ သွားကြတယ်။

ကျွန်တော် စိတ်ပျက်ပျက်နဲ့ ငိုင်ပြီး ရပ်နေတယ်။ ဒီတုန်းမှာ ‘ဖယ်ပါရှင့်၊ ဆင်းမယ်ဆိုတာ မသိဘူးလား’ ဆိုတဲ့ ငေါက်သံ ကြားလိုက်လို့ လှည့်ကြည့်လိုက်တော့ ခပ်ရွယ်ရွယ် အမျိုးသမီး တစ်ယောက်။

ပလတ်စတစ်ခြင်း လှလှကလေး ကိုင်ပြီး ဆလင်းဘတ်က လွယ်လို့။ ပလတ်စတစ် ခြင်းလည်း ပါ၊ ဆလင်းဘတ်လည်း လွယ်ထားတော့ ကျောင်းသူတော့ မဟုတ်နိုင်ဘူး။ ရုံးတစ်ရုံးက အရာရှိမလား။ စာရေးမလား။ တက္ကသိုလ် တစ်ခုခုက ဆရာမလား။ တစ်ယောက်ပဲ။

ဪ … ခက်လိုက်ပါဘိတော့ အမိရယ်။ ခင်ဗျားနဲ့ကျုပ် တစ်အိမ်တည်း နေတာမှ မဟုတ်ဘဲ။ ခင်ဗျား ဘယ်နေရာ ဆင်းမယ်ဆိုတာ ကျုပ် ဘယ့်နှယ်လုပ် သိနိုင်မလဲလို့ ပြောလိုက်မိတယ်။ ဒါပေမဲ့ ပါးစပ်က မထွက်ဘူး။ စိတ်ထဲက ပြောမိတာပါ။ အမျိုးသမီးဟာ ကျွန်တော့်ကို တိုးတိုက်သွားပြီး အောက်ကို ဆင်းသွားတယ်။ စိုက်ပျိုးရေး မှတ်တိုင်က လွန်တော့ ဟံသာဝတီ မှတ်တိုင်မှာ ရပ်တယ်။

အဲဒီမှာ လူရှင်းပြီး နေရာလွတ်များ ရမလားလို့ အောက်မေ့ပါတယ်။ အဲဒီ မှတ်တိုင်က ပိုပြီးတောင် ဆိုးသေးတယ်။ အနားမှာ အမှတ် ၁၂ ကို စီးမလို့ စောင့်နေကြတဲ့ လူအုပ်ကြီးကလည်း ကျွန်တော်တို့ ကားဆိုက်တော့ ကျွန်တော်တို့ မှတ်တိုင်ဘက်ကို ပြိုဆင်းလာပြီး တက်ကြတယ်။ မကြီးကြီး မှတ်တိုင် ရောက်တော့ ကျောင်းသူကလေးတွေ ဆင်းသွားတယ်။ ကိုယ်က ထိုင်မယ်လို့ ဒီဘက်ကို တိုးသွားကာ ရှိသေးတယ်။ ဟံသာဝတီ မှတ်တိုင်က တက်လာတဲ့ မယ်သီလရှင် သုံးလေးပါးက ဝင်ထိုင် သွားကြတယ်။ ကိစ္စ မရှိဘူးလေ။ မြေနီကုန်း ရောက်ရင် လူရှင်းမှာပါ။ တချို့က ၄၂ ကို ပြောင်းစီးကြမယ်။ တချို့က ၁၂ ကို ပြောင်းစီးကြမယ်။ တချို့က ၅ ကို ပြောင်းစီးကြမယ်။

မြေနီကုန်း မှာတော့ တစ်နေရာ ရကောင်းပါရဲ့။

ကားဟာ ဆန်းသီရိ နားမှာ ထိုးရပ်တယ်။

ဒါပေမဲ့ တုတ်တုတ်မျှ မလှုပ်ကြဘူး။ ဘယ်လှုပ်မလဲ။ သူတို့ အားလုံးလောက်ဟာ လှည်းတန်း၊ စိုက်ပျိုးရေး၊ ဟံသာဝတီ မှတ်တိုင်တွေက တက်လာကြတဲ့ လူတွေချည်းပဲ ဆိုတော့ နောက်မှ တက်လာတဲ့ လူတွေချည်းပဲ။ ရှေ့ပိုင်းနဲ့ နောက်ပိုင်းက လူတချို့ ဆင်းသွားတယ်။

ဒါပေမဲ့ ကျွန်တော် မမီလိုက်ပါဘူး။

ကျွန်တော့် ရှေ့နဲ့ နောက်မှာ ရောက်နေတဲ့ လူတွေက နေရာရ သွားကြတယ်။ ကံဆိုးချင်တော့ ဒီလောက် လူများများ ဆင်းတဲ့ မှတ်တိုင်မှာတောင် နေရာကလေး တစ်နေရာ မရလိုက်ဘူး။

ဟော … မြေနီကုန်း မီးပွိုင့်မှာ မီးနီနဲ့ တိုးတော့ ကား ရပ်သွားတယ်။ ကားပေါ်က သူငယ်လေး တစ်ယောက် မီးပွိုင့်မှာ ဆင်းသွားတယ်။ ကျွန်တော် မမီလိုက်ဘူး။ မီးပွိုင့်က တက်လာတဲ့ လူငယ်လေး တစ်ယောက်က သူ့နေရာကို ဝင်ထိုင် သွားပြန်တယ်။

ရှေ့မှာ အလုံလမ်း မှတ်တိုင်၊ စိန်ဂျွန်းဈေး မှတ်တိုင်၊ လမ်းသစ် မှတ်တိုင်၊ ရွှေတောင်တန်း မှတ်တိုင်တွေ မှာလည်း ကျွန်တော် နေရာမရဘူး။ ကျွန်တော့်နောက်မှ တက်လာကြတဲ့ လူတွေကသာ နေရာရ သွားကြတယ်။ ကျွန်တော်ကတော့ မတ်တတ်ပဲ။

အဲ … သိမ်ကြီးဈေး ကျတော့ ပိုဆိုးသေးတယ်။ ပတ်ပြီးစီးမယ့် လူတွေတဲ့။ တိုးတက်လာ လိုက်ကြတာ၊ စောစောက ထက်တောင် ပိုပြီး ကျပ်သွားတယ်။

ဒီလိုနဲ့ ကျွန်တော် ပန်းဆိုးတန်း မှတ်တိုင်မှာ ဆင်းတယ်။ လူတွေကြားထဲ မနည်း တိုးထွက်ခဲ့ ရတယ်။ ကားပေါ်က ဆင်းလို့ ပလက်ဖောင်း ပေါ်လည်း ရောက်ရော စိတ်ချမ်းသာ လိုက်တာလေ။

ပန်းဆိုးတန်းဘက် အတိုင်း ဟိုငေး သည်ငေးနဲ့ ကျွန်တော် လျှောက်လာရင်း ကိုယ့်အဖြစ်ကိုယ် တွေးမိတယ်။

ဘတ်စ်ကားပေါ်မှာ ကိုယ်က အရင်တက်စီး ခဲ့ပေမဲ့ တစ်ခါတလေ ကျတော့လည်း ကိုယ့်နောက်မှ တက်လာကြတဲ့ လူတွေက နေရာတွေ ရပြီး ကိုယ်က တစ်လမ်းလုံး မတ်တတ်ရပ် လိုက်ရတဲ့ အဖြစ်မျိုးတွေ ရှိပါသေးသလားလို့ တွေးရင်း ကိုယ့်အဖြစ်ကိုယ် ရယ်မိတယ်။

လမ်းမှာ ဟိုက တိုး၊ သည်က တိုးနဲ့ ဆိုတော့ ထမင်းဘူးထဲက ဟင်းတွေလည်း ဖိတ်ပြီး လက်သုတ်ပဝါမှာ စွန်းနေတယ်၊ မတတ်နိုင်ဘူးလေ။ ဟင်းမကျန်ရင်လည်း ရုံးရောက်တော့မှ သက်သာဆိုင်က လက်ဖက်ရည်လေး တစ်ခွက်လောက်နဲ့ ကိစ္စ ပြီးရတော့မှာပေါ့။

ရုံးရောက်တော့ ကျွန်တော်တို့ ပရိုမိုးရှင်း စာရင်းတွေ ထွက် မထွက် စုံစမ်းတော့ မထွက်သေး ဘူးတဲ့။ ညနေလောက် ဆိုရင်တော့ ထွက်မလား မသိဘူးတဲ့။

တော်ပါသေးရဲ့၊ နေ့လယ်ပိုင်း ရုံးဆင်းချိန် ထမင်းစားမလို့ ထမင်းဘူးကို ဖွင့်လိုက်တော့ ကန်စွန်းရွက် ချဉ်ရည်ဟင်း အရည်တွေ ဖိတ်တာက လွဲလို့ ကျန်တဲ့ ဟင်းတစ်ခွက်နဲ့ ထမင်းကတော့ ဘာမှ မဖြစ်ဘူး။ ဖြစ်စရာလည်း မရှိဘူးလေ။ ပဲပြုတ်၊ မျှစ်ကြော်နဲ့ ထမင်းပဲ ဆိုတော့ ဖိတ်မကျ နိုင်ဘူးပေါ့။

ညနေပိုင်း ရုံးဆင်းဖို့ နာရီဝက် အလိုကျတော့ ကျွန်တော်တို့ တစ်တွေ အထက်တန်း စာရေး ဖြေထားတဲ့ စာရင်းတွေ ထွက်တယ်ကြားလို့ ရုံးအုပ်မမဆီကို သွားမေးဖို့ သူ့စားပွဲဆီကို ထွက်လာခဲ့ တယ်။ အမှန်ကတော့ ‘မမ’ လို့သာ ခေါ်ရတာပါ။ အဘွားကြီးက အသက်ငါးဆယ် ကျော်နေပြီ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ၊ ကျွန်တော်တို့ စာရေးလေးတွေ အားလုံးလောက်က သူ့ကို မမလို့ ခေါ်တော့ ကျွန်တော်လည်း မမလို့ပဲ ခေါ်လိုက်ရတာပေါ့။

ကျွန်တော်က သူ့စားပွဲနား မယောင်မလည် သွားရပ်ပြီး-

“မမ … ကျွန်တော်တို့ အထက်တန်း စာရေး ဖြေထားတဲ့ စာရင်းတွေ ထွက်ပြီဆို” လို့ မသိမသာ မေးလိုက်တယ်။

မမ ရုပ်ပြစာအုပ်တို့၊ ထမင်းဘူးတို့၊ သိုးမွေးထိုးတဲ့ အပ်နဲ့ ချည်လုံးတို့ကို ပလတ်စတစ် ခြင်းကလေးထဲ သိမ်းနေရင်းက-

“အေးလေ … ထွက်ပြီ၊ မင်း မသိသေးဘူးလား”

“မသိသေးဘူး မမ၊ ဘယ်သူတွေ ပါသလဲ”

“ရုံးထဲက နှစ်ယောက်၊ အပြင်က သုံးယောက် ပါတယ်၊ ဒီတစ်ခါ မရရင် နောက်တစ်ခါပေါ့ ကွယ်” တဲ့။

“ဒါပေါ့၊ ဒါပေါ့၊ ဒီတစ်ခါ မရရင် နောက်တစ်ခါပေါ့”

ညနေ ရုံးဆင်းတော့ အမှတ်(၈) ဘတ်စ်ကား မှတ်တိုင်မှာ စောင့်ပြီး ဆိုက်လာတဲ့ ဟီးနိုး ကားကြီးပေါ်ကို တက်လိုက်တယ်။ ကျွန်တော် စောင့်နေတဲ့ မှတ်တိုင် ရောက်တော့ ကားက လူပြည့် နေပြီလေ။ ထုံးစံအတိုင်း ပါပဲ၊ ခုံတန်းနှစ်ခု အလယ်ကောင်မှာ အမိုးက သံတန်းကို ကိုင်ပြီး ရပ်လိုက် လာခဲ့တယ်။ ဒီတစ်ခါတော့ ခုံတန်း နေရာလွတ် ရှိ မရှိကို ကျွန်တော် မကြည့်တော့ဘူး။ ထိုင်ဖို့လည်း မကြိုးစားတော့ဘူး။ ဘတ်စ်ကား စီးတယ်ဆိုတာ ကားပေါ်ကို အရင်ရောက်တိုင်း ထိုင်စရာ နေရာ ရတာမှ မဟုတ်ဘဲ။ ကိုယ့်နောက်မှ ရောက်လာတဲ့ လူက စောစောစီးစီး နေရာရချင် ရသွားတာ။ ဒီတော့ ကျွန်တော် ဘာဖြစ်လို့ ထိုင်ဖို့ ကြိုးစား နေဦးမှာလဲ။ ရပါတယ်၊ အင်းစိန်ရောက်အောင် ဒီလိုပဲ မတ်တတ် စီးသွားရုံပေါ့။

ဒီတစ်ခေါက် ထိုင်စရာ မရရင် မနက်ဖြန်ကျတော့ ရမှာပေါ့၊ ဒီလိုပဲပေါ့။

မြသန်းတင့်

စန္ဒာ၊ နိုဝင်ဘာ၊ ၁၉၈၆။