သူခိုး

အပိုင်း (၁)

.

“ငပိန်”

နာမည်ကြားတာနဲ့ လူတိုင်းက

“ဟာ ဒီကောင် သူခိုး”

ဆိုပြီး တန်းယိုးကြတော့တာပဲ။

ဟုတ်ပ၊ ငပိန်သူခိုး။ သူခိုးငပိန်။ ဒီကောင် က သူခိုးအစစ်။

သူပြောတာကတော့ မျိုးရိုးကိုက သူခိုး ချည်းပဲဆိုပဲ။

“ငါ့ရဲ့ ဘစ်တော်က အင်းဝနယ်တရိုးမှာ လူပြောများခဲ့တဲ့ (ခိုးသားကြီးငတက်ပြား) ဆိုတာပေါ့ကွယ်။

(ဘစ်တော်ဆိုသည်မှာ ဘေးတော်၏ အဘိုးရဲ့အဖေကို ရည်ညွှန်းပုံရ၏။)

အောင်မာ သူကလဲ သူ့ဘစ်တော်လို၊ လိုအပ်ရင် ဘုရားတည်ဦးမတဲ့။

“အေးလေ ဒီခေတ်မှာ သူခိုးဘုရားတည် ဆန်းမှမဆန်းပဲကို”

ဆန်းတာက ငပိန်က သူခိုးလို့သာ သမုတ်ခံရတာ။

(သူ့အပြောအရ)သူ့ဘစ်တော် ခိုးသားကြီး ငတက်ပြားလို ရှင်ဘုရင်တွေ၊ သူဌေးသူကြွယ်၊ မူးကြီးမတ်ရာတွေဆီက ခိုးပြီး လူဆင်းရဲတွေကိုပြန် ဝေမျှတဲ့ ခိုးသားကြီးမျိုးမဟုတ်ဘူး။

ထဘီစုတ်ရ ထဘီစုတ်ခိုး။ ဒန်အိုးပေါက်ရ ဒန်အိုးပေါက်ခိုးတဲ့ တကယ့် ကလေကဝသူခိုး။ ယုတ်စွအဆုံး၊ အလှူအိမ်မှာ ဖိနပ်စုတ်ဝင်ခိုးလို့ အချုပ် ခုနစ်ရက် ကျဖူးတဲ့ သူခိုးမျိုး။ ဘယ်လောက်ထိလဲဆို ရပ်ရွာထဲ ဘာလေးပျောက်လိုက် ပျောက် လိုက် ငပိန်ကို ဂုတ်ကဆွဲပြီး ခါချလိုက်ရင် ပြန်ကျလာတာချည်းပဲ။

အချုပ်ဆိုတာလဲ မကြာခဏ ကျပါရဲ့။ ဒါပေမယ့် စိတ်မှတ်မရှိဘူး။

“အချုပ်ကျတော့ ရှာစားရသက်သာတယ်လေ”

အဲ့လိုကောင်မျိုး။ မသိရင် အစိုးရကပဲ သူ့မအေ့လင် ကျနေတာ။

“ငပိန်ဆိုတာ နာမည်ရင်းလား” ဆိုရင် နာမည်ရင်းလို့ပဲ ပြောရမယ်။

အဖေ နာမည် ဦးပိန်၊ အမေ နာမည် ဒေါ်ပိန်။

မွေးနာမည် မောင်ပိန်၊ အခု နာမည် ငပိန်။

ပြောရဦးမယ်ဗျ။

ငပိန်တို့က မျိုးကြီးရိုးကြီးဆိုလဲ မှားမယ်မထင်ဘူး။ သူ့အဖေဘက် က အဘိုးရဲ့အဖေရဲ့ အဖေရဲ့ မယားပါသားရဲ့ ဆယ့်ခြောက်ဝမ်းကွဲက အင်းဝနန်းဆောင်ကြီးဖျက်ပြီး အမရပူရနဲ့ မန္တလေးကို သစ်သားတံတား ထိုးခဲ့တဲ့ မြို့စာရေးငပိန်ဆိုပဲ။

အဖေဘက်က မြို့စာရေးငပိန်၊ အမေဘက်က ခိုးသားကြီးငတက်ပြား ဆိုတော့ စဉ်းစားသာကြည့်တော့။ ဒီလောက်ကောင်းတဲ့မျိုးရိုး ဘယ်နားတိုး ရှာမတုန်း။

သူ့အမေ ဒေါ်ပိန်ကတော့ ပြောရှာပါတယ်။

“ကျုပ်သားလေးငပိန်က မွေးကင်းစကနေ နို့မပြတ်ခင်အချိန်ထိက လူကောင်းပါပဲ၊ နို့ဖြတ်ပြီးမှသာ လူပေါင်းမှားတာ”

လူကောင်းသက်က အတော်ကြာခဲ့တာပဲ။ နို့မပြတ်ခင် အချိန်အထိ ဆိုတော့။

ကဲ ထားပါ။ ငပိန် သူခိုးဖြစ်ရတဲ့အကြောင်း စပြောရမယ်ထင်တယ်။

ငပိန်က ခိုးချင်လို့ခိုးနေတာရယ်တော့ မဟုတ်ဘူး။

မွေးရာပါ လက်ကမြင်းတာ။ လူမှန်းသိကတည်းက သူ့အမေဒေါ်ပိန်ခမျာ ထဘီကို ဂုန်နီအိတ် နဲ့ချုပ်ပြီး လည်ပင်းသိုင်းထားရတာ။

ငပိန်ချွတ်ခိုးမှာစိုးလို့။

လက်သရမ်းတယ် ဆိုရမလားပဲ။ သူ့မျက်စိရှေ့က လွယ်တာမှန် သမျှ အကုန်ယူသွားတော့တာ။ ပန်းပင်ရပန်းပင်၊ ဖိနပ်ရဖိနပ်။ ဘာမှမရ ရင်တောင် ချိုင်းမွှေးလောက် ခိုးနှုတ်သွားတာ။

ဒါကို သူက ခိုးတယ်လို့လဲ မှတ်ပုံမရဘူး။ ယူခွင့်ရှိလို့ ယူတယ်လို့ ပဲ မှတ်ထားတာ။ မသိရင် တလောကလုံး သူ့အကြွေး ရှိတယ်များ မှတ်နေ လားပဲ။

သူပထမဆုံး သူခိုးဘွဲ့ရတာ ဒီလိုဗျ။

+++

ရွာမှာက မြေဝိုင်းဇာတ်ဆိုတာ တစ်နှစ်မှ တစ်ခါဖြစ်တာရယ်။

မြေဝိုင်းဇာတ်ဆိုသော်ငြား ဇာတ်ကြီးဇာတ်ကောင်းတွေ မဟုတ်ပါဘူး။ တောသူကြီးမေတင်တို့၊ လင်္ကျာစိမ့်စိမ့်စိုးတို့လိုမျိုး လူမသိသူမသိတွေပါပဲ။

မြို့မှာဆိုရင်တော့ ဘယ်သူမှမကြားဘူးတဲ့ ဝိုင်းတွေပေါ့။ ဒါပေမယ့် ဒီက သစ်ပင်လှ(နှစ်ရွာ) တို့၊ ဒိုးကျတို့၊ မြင်သာတို့၊ အိုးလေးအိုးတို့လို ရွာနီး ချုပ်စပ်တွေမှာတော့ ဒိတ်ဒိတ်ကြဲတွေပေါ့။ မရှိရှိရာ ကြည့်ရတာကိုး။

အဲ..ငပိန်တို့နေတဲ့ ဒိုးကျရွာက မြို့နဲ့ သိပ်မစိမ်းတော့ စီးပွားရေးလဲ အတန်ငယ် ပြေလည် တာပေါ့။ ဒါကြောင့် ဒီနယ်တရိုးမှာတော့ ဒိုးကျက ပွဲဖြစ်အများဆုံး။

“မြေဝိုင်းဖြစ်ပြီဟေ့”ဆိုရင် ဘာရယ်မဟုတ်ဘူး။ ရွာနီးချုပ်စပ် အကုန်လာကြတာ။ ရွာကြီးများသာမက ဟိုး..တောဘက် မြင်သာရွာကပါ တက်လာကြတာ။

အဲ့ဒါမျိုးပွဲဖြစ်ပြီဆိုရင် ငပိန်အတွက်ကတော့ အခွင့်ကောင်းပဲ။ ပွဲကြည့်ဖို့မဟုတ်ဘူးရယ်။ အားလုံးပွဲခင်းထဲရောက်နေပြီဆို ရွာပတ်ခိုးတာ။

ရွာကလူတွေ မြေဝိုင်းမှာ သွားငေးနေတုန်း ရွာလုံးကျွတ်ကိုခိုးတာ။

အဲ..ပြောရဦးမယ်။ ဒီနှစ်က ငပိန်ပိုပြီးကံကောင်းတဲ့နှစ်လို့ ပြောရမယ်။ ငပိန် ဆုကြီးပေါက်ထားတယ်လို့ပြောရင် ပိုမှန်မယ်။

ဘာလို့လဲဆိုတော့ ဒီမြေဝိုင်းမဖြစ်ခင် ပြီးခဲ့တဲ့ရက်ပိုင်းက ဒိုးကျ အနောက်ပိုင်း မလက်တိုထန်းတဲမှာ ထန်းရည်သောက်ရင်း အပျော်သဘော နဲ့ ပါလာတဲ့ကြက် ထုတ်တိုက်တာ။

အဲ့မှာ ဘယ်သူပါလာလဲဆိုတော့ အိုးလေးအိုးရွာက သူကြီး ဦးပါကညောကြီး ပါလာလေရော။ ပါကညောဆိုတာကလဲ လူကြိုက်လို့ သူကြီးဖြစ်တာမဟုတ်ဘူး။ လူမိုက်လို့ သူကြီးဖြစ်လာတာ။ လူမိုက်ကမှ တကယ့်လူမိုက်။ ဒီကြားထဲ လောင်းကစားက ဖက်သေး။

ဒါပေမယ့် လူမိုက်က သူကြီးလုပ်တော့ ရွာအေးသဗျ။ သူ့ရွာကို ဘယ်သူမှ လာမထိရဲဘူး။ ထိရဲထိကြည့်။ ပါကညောကြီးနဲ့ မီးပွင့်သွားမှာ။ ဓားက ပါသကိုး။

ငပိန်တို့လို ခြေဆော့လက်ဆော့သူခိုးတောင် အိုးလေးအိုးသွားရင် ကိုယ့်လက်ကိုယ် ချုပ်ထားရတာ။ ခိုးမိမှာစိုးလို့။ ဘာလေးပဲခိုးခိုး သူကြီး ပါကညောသိရင် အတွယ်ခံရပြီသာမှတ်။

သူပြောတတ်တဲ့ စကားရှိတယ်။

“ဗိုက်ထဲ ဓားထည့်ပြီး သံချေးတက်မှ ပြန်ထုတ်တတ်တဲ့ ပါကညော နော.. ဘာထင်လဲ”

တကယ်လဲ အဲ့လိုလူမျိုး။ ထားတော့။

အဲဒီနေ့ ဒိုးကျရဲ့ အနောက်ဖျားမှာရှိတဲ့ မလက်တိုထန်းတဲမှာ ငပိန်ရယ်၊ မောင်စိန်ရယ်၊ တင်ဖိုးရယ် ထန်းရည်တစ်မြူကြေး အပျော်တမ်း ကြက်ပွဲလေး ခြေစမ်းခွပ်နေတာ။ ပွဲကြီးတိုက်တာ မဟုတ်ဘူး။ ခွပ်လက် ထိုးတာပေါ့။

တကယ့်ပွဲတွေကျရင် ကြက်တွေခွပ်သားကျအောင်။

အဲ့လိုကြက်ပွဲတွေမှာဆိုလဲ ငပိန်ကြက်က အနိုင်များတယ်။

ကြက်ကောင်းလို့မဟုတ်ဘူး။ ငပိန်က ကြက်စွဲကောင်းတာ။

သူ့ခန္ဓာကိုယ်လေးနဲ့ ကြက်ပွဲမှာဆို ပိတုန်းလေး ကျနေတာ။ ကြက်တွေအပေါ် ခုန်ပျံပြီးနေတာ။ကြက်ဖင်ကို ဘယ်လိုရေမှုတ်ရမှာ၊ ကြက်အတက်က အမှိုက်တွေ ဘယ်လိုယူရှင်းရမှာ ငပိန်သိတယ်။

ငပိန်အကျွမ်းဆုံးကတော့ ကြက်ကောက်ကျွမ်းတာပဲ။

သူ့ကြက် ခွပ်ပန်းကျပြီဆို ငပိန်လုပ်ပြီ။ ကြက်ကို စည်းထဲမှ ကောက်လို့မှမရတာ။ အဲဒီတော့ သူ့ပါးစပ်ထဲ ရေအပြည့်ထည့်ပြီးတော့ ကြက်ဖင်ကို ရေနဲ့ တအားထိုးထိုးမှုတ်တာ။ အထီးကြီးက ဖင်ရေစိုတော့ ဘယ်နေနိုင်မလဲလေနော့။ ဖူးခနဲမှုတ်လိုက်တိုင်း သူ့ခမျာ ပစ်မှတ်ရွှေ့ပေး ရတာပေါ့။

ကြက်က လန့်လန့်ပြီး ချိုးထားတဲ့စည်းနားရောက်ပြီ ဆိုတာနဲ့ ကြက်ကောက်ပြီ။

ပြီးတော့ သူ့ကြက်ကို အာခေါင်တွေနှိုက် ချွဲတွေရိုက်ပြီး ပြန်လွှတ် လိုက်ရင် ကြက်ကအကောင်းဗျာ။ လန်းလန်းဆန်းဆန်းကို ပြန်ခွပ်နိုင်တာ။

ဒါကြောင့် ဒီအနီးအနား ကြက်ပွဲမှာ “ကြက်စွဲက ငပိန်”ဟေ့ ဆိုရင် အတော်များများက ဂါရတယ်။ ဒါက ငပိန်အစွမ်း။ နောက် ကြက်နိုင်အောင်တိုက်နည်း အတော် များများလဲ ငပိန်သိတယ်။

ဖြစ်ချင်တော့ အဲ့ဒီနေ့ မလက်တိုထန်းတဲမှာ ငပိန်တို့ ထန်းရည် လေးသောက်ပြီး ပါလာတဲ့ကြက်ကို ခွပ်လက်စမ်းနေတာ။

ဘာရယ်မဟုတ်ပါဘူး။ ထန်းရည်တစ်မြူကြေးလောက်ပါပဲ။ ဘယ်သူနိုင်နိုင် သောက်ကြပေါ့။

ကြက်ပွဲအရှိန်ကောင်းနေတုန်းမှာပဲ။ ကြားလိုက်ရတဲ့ အသံက

“ဟေ့ကောင်တွေ မင်းတို့ ဘာလုပ်နေကြတာလဲကွ ဟေ”

ကြည့်လိုက်တော့ အိုးလေးအိုးသူကြီးပါကညော။ ပါကညောကို မြင်တာနဲ့ ငပိန်တို့ တုန်ဆင်းသွားတယ်။

“ဟာ ပါကညောကြီးဟ၊ ငါတို့တော့ အထုခံရပြီ”

“ဟေ့ကောင် ကြက်တွေသိမ်း”

“ချထားတာတွေ ကောက်ပါဟ”

ဆိုပြီး ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တာ။ အပြေးသန်တဲ့ တင်ဖိုး ကတော့

“ငါတော့ ပြေးပဟ၊ ပါကညောနဲ့ အထောင်းမခံနိုင်ဘူး”

ဆိုပြီး ဖျတ်ဆိုပျောက်သွားတာ။ ငပိန်တို့ မောင်စိန်တို့ကသာ ကြက်ကောက်ရင်း ပြေးမခင်သေးဘူး။ ပါကညောကြီးက သူတို့နားရောက်လာပြီ။ ပါနေကျဓားကြီးကို ဆွဲပြီး

“မင်းတို့ ဘာလုပ်နေတာလဲကွ ဟေ”

ကြည့်လိုက်တော့ သူ့တပည့် ဓားဖိုးဌေးရယ် သူရယ် နှစ်ယောက်။ဓားဖိုးဌေးဆိုတာကလဲ နှယ်နှယ်ရရလား။ ဒီနယ်တရိုးမှာတော့ ပါကညော ပြီးရင် ဖိုးဌေးဟေ့ဆို မော်မကြည့်ရဲဘူး။ ဒီတစ်ခါတော့ သူ့လက်ထဲကိုင်နေကျ ဓားကြီးပါမလာဘူး။

ဘယ်ကဘယ်လို သိမ်းလာတယ်မသိတဲ့ တိုက်ကြက်ကြီး တစ်ကောင် ပိုက်လာတယ်။

ငပိန်က တုန်တုန်ယင်ယင်နဲ့ …

“ကျွန် ကျွန်တော်တို့ ခွပ်လက်လေး စမ်းနေတာပါ။ အသပြာကြေး နဲ့ မဟုတ်ပါဘူး”

သူ့စကားကို ဦးပါကညောက ကိုင်လာတဲ့ဓားကို ဆတ်ခနဲပစ်ချပြီး

“ဒီလိုလုပ်လို့ ဘယ်ရမလဲကွ”

“ခင်ဗျာ၊ ကျွန်တော်တို့ အပျော်၊ အပျော်”

“လာ ငါ့ကြက်ဖနဲ့ ခွပ်လက်စမ်းမယ်”

“ဟင်”

ဦးပါကညောကြီးစကားကြောင့် ငပိန်၊ မောင်စိန်ကြောင်သွားတယ်။

ဦးပါကညောကတော့ တပည့်ကျော်ဖိုးဌေး ကမ်းပေးတဲ့ကြက်ကို လှမ်းယူရင်း မြေပေါ်မြှောက်မြှောက်ချတယ်။

“ငါ့ကောင်လဲ ခွပ်လက်မချရတာ ကြာပြီကွ၊ ဘက်မရှိလို့၊ လာ လေကွာ၊ ချလေ”

ငပိန်က ပါကညောလက်ထဲကကြက်ကို ကြည့်လိုက်တယ်။ ဦးပါကညောကြက်က သူ့ကြက်ထက်ကြီးတယ်။ ဒါပေမယ့် ကြည့်တာနဲ့ သိတယ်။ သူ့ကြက်က တိုက်ကြက်အစစ် မဟုတ်ဘူး။ အသားပွတယ်။ ခြေကျမခိုင်ဘူး။ ကြက်က မျိုးမမှန်ရင် သိပ်မခံဘူးရယ်။

ဒါကြောင့် တစ် ဆင့်တက်ပြီး

“အာ ဦးလေးပါကညောကလဲ ခွပ်လက်ချမယ်ဆို ဦးလေးပါကညော ကြက်က ကြီးနေတာ၊ ကျုပ်ကြက်က နာမှာပေါ့၊ နာမယ့်အတူတူ ခွပ်လက် တော့ ချမနေဘူး၊ ချချင်းချ ဒဲ့ချမယ်”

သူ့စကားကြောင့် ပါကညောက ပြန်မော့ကြည့်တယ်။ ပြီးတော့ ငပိန်ကို မေးငေါ့ရင်း

“ဟေ့ကောင် မင်း ဘာစကားပြောတာလဲ”

ဦးပါကညောအမေးကြောင့် ငပိန်ကျုံ့ဝင်သွားတယ်။ ဟိုက စိတ် ဆိုးပြီး ထထုရင်ခံရမှာကိုး။ ဒါပေမယ့်လဲ တုန်တုန်ယင်ယင်နဲ့ပဲ

“ခွပ်လက်တော့ မချနိုင်ဘူး၊ တိုက်ချင်းတိုက် ဒဲ့တိုက်မယ်လို့”

သူ့စကားကြားတာနဲ့ ပါကညောခုန်ထလာပြီး

“ကြိုက်ပြီ၊ အဲဒါမျိုးကို ကြိုက်ပြီ၊ ဟားဟား ငါက အဲ့လို ကြက်သမားမျိုး လိုက်ရှာနေတာ၊ ကောင်းပြီ ဒဲ့ချမယ်၊ ဘယ်လောက်ကြေး လဲ ပြော”

ပါကညောက သူ့ကြက်က အကောင်ကြီးတော့ အသာချည်းပဲ တွက်နေတာကိုး။

ငပိန်က ခေါင်းကုတ်ပြီး

“အသပြာတော့ မရှိပါဘူးဗျာ၊ ကြက်ချင်းပဲ ထပ်တိုက်မယ်”

ပါကညောကြီး မောင်ပိန်ကိုကြည့်လိုက်၊ ကြက်ကိုကြည့်လိုက် လုပ်တယ်။

ပြီးတော့ သဘောကျဟန်နဲ့ ပြုံးပြီး

“ငဌေး”

“ဗျာ ပါပါကြီး”

ဖိုးဌေးက ဦးပါကညောကို ပါပါကြီးပဲ အဖျားဆွတ်ခေါ်တာကိုး။

“မင်း ဒီမနက် ထန်းရည်လေးနဲ့ ကြက်ကြော် မလွေးချင်ဘူးလား”

“လွေးချင်တာပေါ့ ပါပါကြီးရာ၊ ကျုပ်လဲ ဒီအခွင့်အရေးကို စောင့်နေတာဗျ”

နှစ်ယောက်သားက အူမြူးနေတဲ့အသံနဲ့

“လွေးချင်ရင် မလက်တိုကို မီးမွှေးခိုင်းထားလိုက်လေ၊ ဘာစောင့် နေတာလဲ”

ပါကညောစကားကို ဖိုးဌေးက ဝမ်းသာအားရ ရင်ခေါင်းသံကြီးနဲ့

“ဟုတ် ဟုတ် မလက်တိုရေ ကြက်ကင်ဖို့ မီးမွှေးပေးစမ်းပါဗျို့”

“အေးဟေ့၊ ပါကညောလာတာနဲ့ ငါလဲ မီးမွှေးဖို့အဆင်သင့်ပဲ”

သူတို့ဟာသူတို့တော့ အတိုင်အဖောက် ညီနေတယ်။ ဟုတ်လဲ ဟုတ်တယ်။

ဦးပါကညောကြီး ထန်းတောလာပြီဆို တစ်ခုမရ တစ်ခု ကြော်စား ဖုတ်စားက လုပ်နေကျ။ မရောင်းချင်တဲ့ ကြက်ကလေး ဘဲကလေး များရှိရင် ပါကညောမြင်တာနဲ့ တောထဲမောင်းထားရတာ၊ တော်ကြာ လက်ညှိုးထိုးပြီး

“ဟိုအကောင်လေး လုပ်လိုက်စမ်း”

ဆို အငြင်းရခက်လို့။ တစ်ခါကလဲ မွေးထားတဲ့ငန်းဖိုကြီး ချက်စား ပြီးပြီ။

ငွေအသပြာကတော့ တောင်းသလောက်ပေးပါရဲ့။ ဒါပေမယ့် မွေး ထားတဲ့ ငန်းကြီးဆိုတော့ မလုပ်ရက်ဘူး။ ဒါပေမယ့် မရပါဘူး။ ငန်းကြီးလဲ ခုတော့ ပါကညောကောင်းမှုနဲ့ သေရှာပြီ။ အခုလဲ ဘယ်ကြက် မီးဖိုထဲရောက်မလဲတော့ မသိ။ မီးမွှေးထား ပေးရမှာပ။

“ကဲ မောင်စိန်၊ ကြက်ကုဖို့ ရေနှစ်ဖလား ခပ်ခဲ့ကွာ”

“အေး အေး ငါသွားယူခဲ့မယ်”

ကြက်တိုက်ရင် ကြက်ကုဖို့က အဓိက ရေလိုတာကိုး။ ငပိန်က ထန်းတဲဆီပြေးသွားတဲ့ မောင်စိန်ကို လှမ်းခေါ်ရင်း အသံတိုးတိုးနဲ့

“ဟေ့ကောင် ငါ့ဖလားမှာ ထုံးစံအတိုင်းလုပ်ခဲ့နော်”

သူ့စကားကို မောင်စိန်က ခေါင်းကိုညိတ်ပြီး

“ငါသိပါတယ်ကွ၊ ဟေ့ကောင် မင်းပိရိပါစေနော်၊ တော်ကြာ ဦးပါကညောကြီး မိသွားလို့ ငါတို့ အထောင်းခံနေရဦးမယ်”

“အေးပါကွာ၊ ငါသိပါတယ်” ဆိုပြီး ပြေးသွားတယ်။

သိပ်မကြာဘူး။ ကြက်ကုဖို့ ရေဖလားနှစ်လုံးနဲ့ ပြန်ပြေးလာတယ်။

“ကြက်စွဲဖို့ ရေရပါပြီ”

ဟိုဖက်ကကြက်စွဲမယ့် ဓားဖိုးဌေးက ထလာပြီး

“ဟေ့ကောင် ပြစမ်း မင်းရေဖလားတွေ”

ငပိန်ရော မောင်စိန်ပါ မျက်နှာပျက်သွားတယ်။ ဖလားနှစ်ခုမှာ တစ်ခုက သူတို့အတွက် ဆားနဲ့ ငရုတ်သီးစိမ်း ကျေညက်အောင် ခြေထည့် ထားတာတစ်ခွက် ပါနေတာကိုး။

ဒါက ကြက်တိုက်မကျွမ်းကျင်ရင် ခံရမယ့်အကွက်တွေ။

ကြက်ကုတဲ့သူတွေဟာ တခါတလေ အဲ့လိုပဲ အကျင့်ယုတ်ကြတယ်။

ကိုယ့်ကြက်ကိုယ် ရေမှုတ်သလိုနဲ့ အဲ့ဒီဆားတွေ ငရုတ်သီးစိမ်းတွေ စိမ်ထားတဲ့ရေတွေကို တပါးသူကြက်ရဲ့ မျက်နှာထဲ မှုတ်ထည့်လိုက်တာပဲ။ တဖက်ကြက်က စပ်ပြီး ငိုင်သွားတဲ့ အချိန်ကျမှ ကိုယ့်ကြက်ကို ဖိခွပ်ခိုင်း တာ။ ပြီးတော့မှ ခွက်ကို တိုက်မိသလိုလို လုပ်ပြီး ကြက်ကုဖို့ကျ ရေသန့် ပြန်သုံးကြတာ။ ဒါမျိုးမသိရင် ခံရပြီသာမှတ်။

အခု သူတို့လုပ်ထားတဲ့ရေကို ဓားဖိုးဌေးကြီး တောင်းကြည့်တော့ နှစ်ယောက်လုံး တုန်တုန်ယင်ယင် ဖြစ်သွားတယ်။ ဓားဖိုးဌေးသိသွားရင် အထောင်းခံရဖို့ သေချာနေပြီကိုး။

ဓားဖိုးဌေးက ခွက်နှစ်ခွက်ကို အသေအချာကြည့်။ အနံ့ခံကြည့်တယ်။ ပြီးမှ

“အင်း ပိုသန့်တဲ့ ဒီဖလား ငါသုံးမယ်၊ ဒီဖလား မင်းတို့ယူ”

ဆိုပြီး သူတို့လုပ်ထားတဲ့ဖလားကို သူတို့ဆီ ပြန်ပေးတယ်။ ဟုတ် တယ်လေ။ သူတို့ဖလားက ဆားခတ်၊ ငရုတ်ရေခတ်ထားတော့ ဟိုဖလား လောက် ဘယ်ကြည်ပါ့မလဲ။ ဒီတော့မှ ငပိန်ရော မောင်စိန်ပါ သက်ပြင်းချနိုင်တယ်။ ဒီဖလား ရရင် သူတို့နိုင်ဖို့ တစ်ပန်းသာပြီကိုး။

“ကဲ ကြာတယ်၊ ကြက်ကို လွှတ်ကွာ”

ဦးပါကညောကြီးရဲ့ စိတ်မရှည်တဲ့အသံ။ ဟိုဖက်က ဓားဖိုးဌေး ရော ဒီဖက်က ငပိန်ပါ ကြက်နှစ်ကောင် ခေါင်းချင်းဆိုင်တယ်။ ပြီးတာနဲ့ ကြက်ကို ပြိုင်တူချတယ်။ ကြက်ချတာတောင် ငပိန်က သူ့ကြက်ကို အနောက်ဖက် ပစ်ချတယ်။ ဟိုကြက် သူ့ဆီလိုက်အောင်လို့။ ထင်တဲ့အတိုင်းပဲ။ ပါကညောကြက်က ပြေးလာပြီး ငပိန်ကြက်ကို ဖြုန်းခနဲ ပြေးခွပ်တယ်။ ငပိန်ကြက်က ကြက်ပါးပဲ။ ဟိုက ခြေအကျမှာမှ ရင်ဝကို ဆောင့် ခွပ်တယ်။ ဖြုန်းခနဲအသံကြားတာနဲ့ ဦးပါကညောကြီး အားရသွားတယ်။

“ဟေ့ကောင် ဖိုးဌေး တွေ့လား၊ သန်လိုက်တဲ့ခြေကွာ၊ ဒါမှ စစ်တကောင်းအစစ်ကွ”

မြန်မာကြက်မှာ စစ်တကောင်းမျိုးဆိုတာ နာမည်ကြီးပဲကိုး။

“ကြက်မှာ စစ်တကောင်း၊ လက်ဖက်မှာပင်လောင်း” ဆိုရိုးရှိတာလေ။

ဖြုန်းခနဲအသံကြားတိုင်း ဦးပါကညောကြီး ခုန်ခုန်ထလာတယ်။

“ပြင်းလိုက်တဲ့ခြေချက်ကွာ၊ ဟေ့ကောင်ဖိုးဌေး မင်းကြားတယ်နော်”

“ဟုတ်ပါ့ ပါပါကြီးရာ၊ ဒီလိုကောင်မျိုးနဲ့ ခွပ်လက်ချဖို့တောင် မတန်ဘူး၊ အားရတာဗျာ”

အမှန်တော့ သူတို့ကြက်က ခံနေရတာ။ သူတို့စစ်တကောင်းဆို တာကြီးက ခပ်တုံးတုံးနဲ့ အဝင်ကြမ်းနေတာ။ ငပိန်ကြက်က ကြက်ပါး။ ဟိုက ဝင်လာတိုင်း နောက်ဆုတ်ပြီး ဟိုကခြေအကျမှ သူကခုန်တာ။ ကြက်မှာ နောက်ဆုတ်ပြီးခုန်တတ်ရင် တကယ့်ကြက်ပါးပဲ။ စကားပုံတောင် ရှိတယ် မဟုတ်လား။ စကားပြောနည်းမှာ

“ကြက် ဆုတ် ခွပ် ပစ်”

ဒါကြောင့် ဖြုန်းခနဲအသံကြားတိုင်း ဟိုကောင်ချည်း ခံနေရတာ။

ဒါပေမယ့် ကြက်သမားပါးမဝတဲ့ ဦးပါကညောနဲ့ ဖိုးဌေးတို့ကတော့

“အားရတယ်ကွာ”

“ဒါမှ တိုက်ကြက်ကွ”

စသည်ဖြင့် အော်ဟစ်နေတယ်။ ငပိန်က သိတယ်။

ဒီအတိုင်း တိုက်ရင်လဲ သူ့ကြက်နိုင်မယ်ဆိုတာ။ သူတို့ကြက်က ခွပ်သားမချထားတဲ့အတွက် သက်လုံလဲမကောင်းဘူး။ နှုတ်သီးက ဟနေပြီ။ သူ့ခန္ဓာကိုယ်ကြီး နဲ့ ခုန်ခုန်နေရတော့ ခြေထောက်ကလဲ မခိုင်တော့ဘူး။ တစ်ခါခုန်ပြီးတိုင်း နောက်ပြန်လဲမလိုဖြစ်နေတာ။

ဒါကိုတောင် ဘာမှမသိတဲ့ ဦးပါကညောနဲ့ ဖိုးဌေးတို့ကတော့ အားတွေရပြီး

“ဟေ့ကောင် တွေ့လား၊ တို့ကြက်က အခွပ်ချည်းပဲ ကြမ်းတာ မဟုတ်ဘူးနော်၊ ကြက်ကျကလဲ လှပါ့”

“ဟုတ်ပ၊ ပါပါကြီးရာ၊ ဒီလိုခြေကျလှတဲ့ကြက်က ရှားသဗျ။ ကြည့် စမ်းပါဦး၊ သူ့ခြေကျက ရွှေခြေကျင်း မငွေမြိုင်ကျနေတာ”

အံမယ်။ ကြက်ကိုတောင် ခိုင်းနှိုင်းနေသေး။ ငပိန်ကတော့ ခွင် ကောင်းကိုစောင့်နေတယ်။ ဒီအခြေ ဒီအခြေကို ကြက်ကြောနပ်တဲ့သူတွေ သိတယ်။

သိပ်မကြာခင် ဦးပါကညောကောင်ကြီး ပွဲသိမ်းတော့မယ်ဆိုတာ။

ငပိန်က အကြံသမားဆိုတော့ ဒီလောက်နဲ့တော့ ပွဲမြန်မြန်မသိမ်း ချင်သေးဘူး။

ဒါကြောင့် အသာစီးရတော့မယ့် သူ့ကြက်ကို ဖတ်ခနဲ လှမ်းကောက် လိုက်တယ်။

ငပိန်ရဲ့အပြုအမူကြောင့် ပါကညောကြီးရော ဖိုးဌေးပါ အံ့အား သင့်သွားကြတယ်။ မောင်စိန်ဆို ကြောက်လွန်းလို့ အသားပါ တုန်တက် သွားတယ်။

“ဟေ့ကောင် မင်းဘာလုပ်တာလဲကွ ဟေ”

ဦးပါကညောကြီးရဲ့အမေး။ ဒါကို ငပိန်က သူ့ကြက်သူကြည့်ပြီး

“ဦးပါကညောကလဲဗျာ၊ ကြက်မှ မမျှတတာ မြင်ရဲ့သားနဲ့၊ ဦးပါ ကညောကြက်က အကောင်လဲကြီး အားလဲကြီး၊ ကျုပ်ကြက်က ညှက်ညှက် လေး၊ ဆက်ခွပ်ရင် ကျုပ်ကြက်သေမှာပေါ့ဗျ”

ဦးပါကညောက ခပ်တည်တည်ပဲ။

“သေရင် မီးဖုတ်စားမယ်လေ၊ ဟိုမှာ မလက်တိုတောင် မီးဖိုပြီး သွားပြီ”

ဆိုပြီး မလက်တို သူတို့အတွက်ဖိုထားတဲ့ ထင်းမီးဖိုကိုပြတယ်။ မီးက အတော်ကောင်းနေပြီ။ ထင်းသားတွေရဲနေပြီ။ ငပိန်ကသာ ငိုမယောင်ယောင်လုပ်တယ်။ မျက်ရည်သုတ်တယ်။ ပြီးမှ

“ဒီလိုလုပ်ဗျာ”

ဦးပါကညောရော ဓားဖိုးဌေးရော ငပိန့်ကို (ဘာလဲ) ဆိုတဲ့ အကြည့် နဲ့ကြည့်တယ်။

“ကျုပ်ကြက်လေး ရှုံးမယ့်အတူတူ ရလိုရငြား လောင်းကြေးထပ် တင်မယ်၊ ဆယ်လေး တစ်လေးတော့ပေး”

“ဘာ”

သူတောင်းတဲ့ အဆက မနည်းလှဘူး။ တော်ရုံလောင်းကစား သမားတွေဆို ဒါမျိုး လက်မခံဘူး။ ဆယ်ဆ တစ်ဆဆိုတာ နည်းတာမှတ် လို့။ ဒါပေမယ့် ပါကညောဆိုတာ လူမိုက်ပေကိုး။

“ကဲ ပြော၊ ဘယ်ဟာကို ဆယ်ဆ တစ်ဆ လုပ်ချင်တာလဲပြော”

ငပိန်က သူ့ကြက်ကိုကြည့်လိုက်၊ မလက်တိုရဲ့ ထန်းတဲကို ကြည့် လိုက်လုပ်တယ်။ ပြီးမှ

“ကျုပ်ကြက်နိုင်ရင် မလက်တိုထန်းတဲမှာ ထန်းရည် ဆယ်ရက် အဝတိုက်ဗျာ၊ ဦးပါကညောကြီးနိုင်ရင် ကျုပ်ဒီအေ့၊ ဟောဒီကြက်နဲ့အပြင် ထန်းရည်အဝတိုက်မယ်၊ ဘယ့်နှယ်လဲ”

သူ့စကားကို ဦးပါကညော ပုဆိုးကို ခါးတောင်းကျိုက်ပြီး အသံ ကျယ်ကျယ်နဲ့

“ဆယ်နှစ်လုပ်လိုက်၊ ဆယ်နှစ်၊ ငါနိုင်ရင် မင်း ဆယ်ရက်ပဲတိုက်၊ ဘယ့်နှယ်လဲ ကဲ ပြတ်ပြီနော့၊ ဘယ့်နှယ်လဲ ဖိုးဌေး”

ဦးပါကညောက သူ့လက်ရင်းတပည့် ဖိုးဌေးကို လှမ်းပြောတယ်။ ဖိုးဌေးကလဲ ခနဲ့တဲ့တဲ့ မျက်နှာပေးနဲ့

“ပါပါကြီးရယ်၊ ကလေးတွေကို နှိပ်စက်သလိုလဲ ဖြစ်နေပါဦးမယ်၊ ရက်လျှော့လို့ရသေးရင် လျှော့ပေးလိုက်ပါဦး”

ငပိန် ကြိတ်ပြီး ထကချင်စိတ်ပါ ဖြစ်သွားတယ်။ မောင်စိန်ဆိုတာ မနေနိုင်လို့ တစ်ဖက်လှည့်ပြီး ခိုးရယ်ယူရတယ်။

သူတို့ဆင်ထားတဲ့ခွင်ထဲ ဝင်လာပြီကိုး။ ဒါကို ငပိန်က အတည် ပြုချက်ယူတဲ့အနေနဲ့

“မလက်တိုကြားတယ်နော်၊ ဒီမှာ ဦးပါကညောကြီးပြောနေတာ”

မလက်တိုကလဲ တဲထဲ ထည်းရည်စစ်ရင်းက

“ငါ နားစွင့်နေပါတယ်အေ၊ နင်တို့သာ ကတိတည်ကြ”

ငပိန်ကြိတ်ပြီး ပျော်နေတယ်။ သူထွင်တဲ့ခွင်ကြီးက အမှန်အကန် ကြီးကို

“ကဲ ကြာတယ် ကြာတယ်ကွာ၊ ကြက်ကို မြန်မြန်ပြန်ချ၊ ငါ ကြက်သားစားချင်လှပြီ”

ဦးပါကညောကြီး လောဆော်တယ်။

ငပိန်က သူ့ကြက်ကိုသူ နည်းနည်းပြင်တယ်။ ပြီးတော့ ဓားဖိုးဌေး နဲ့အတူ စည်းထဲအတူ ပြန်ဝင်တယ်။

ပြီးတော့ ကြက်နှစ်ကောင်ကို ခေါင်းချင်းဆိုင်ပြတယ်။ ပြီးတော့

“လွှတ်ကွာ”

ကြက်နှစ်ကောင်ကို စည်းထဲ ပြိုင်တူပစ်ချလိုက်တယ်။

ထုံးစံအတိုင်း ငပိန်က သူ့ကြက်ကို အနောက်ဖက် ပစ်ချတယ်။ အထာမနပ်တဲ့ ဓားဖိုးဌေးက ရှေ့တိုးပစ်ချတယ်။

ကြက်က ခဏအနားရထားတဲ့အတွက် အားရှိနေတာကိုး။ ပါကညော ကြက်က ဖြုန်းခနဲ အားနဲ့မာန်နဲ့ ပြေးခွပ်လိုက်တယ်။

“အဲ့ဒါပဲ..ငါကြားချင်နေတာ အဲ့ဒီအသံပဲ၊ အားရတာကွာ”

ဦးပါကညောကြီး ထအော်တယ်။ ဖိုးဌေးကလဲ

“လုပ်လိုက်စမ်း သားကြီး၊ ဒီကောင့်ကို ဝါးစားပစ်လိုက်စမ်းပါ”

ဖြုန်းခနဲ ဖြုန်းခနဲ အသံကြားတိုင်း ငပိန်က ကြိတ်ဝမ်းသာနေတယ်။ မောင်စိန်ဆိုတာ ရယ်မိမှာစိုးလို့ သူ့မျက်နှာသူ လုံချည်နဲ့ ပြန်အုပ်ထားရတယ်။ နည်းနည်းထပ်ခွပ်တာနဲ့ ပါကညောကြက်ကြီးက ခြေကျချင်နေပြီ။ အဲဒီအချိန်မှ ငပိန်က ကြက်ကုဖို့ ရေငုံလိုက်တယ်။

ပြီးတော့ သူ့ကြက်ကို ရေနဲ့မှုတ်ဟန်နဲ့ ဟန်ပြမှုတ်တယ်။ ဟိုဖက် က ဖိုးဌေးဆိုတာ ဖင်ပါထောင်ယူရတယ်။ ငပိန်ကတော့ အေးဆေးပဲ။ လေသာတဲ့အချိန်ကို စောင့်တယ်။ ကြက်ခွပ်သံ တဖြုန်းဖြုန်းနဲ့ ကြားနေရ တုန်း။ ဦးပါကညောနဲ့ ဖိုးဌေးကလဲ

“အေး ဒါမှ ငါ့သားကြီးကွ၊ ဟေ့ကောင်ဖိုးဌေး ရေမှုတ်ပါဟ”

“စိတ်ချပါ ပါပါကြီးရာ၊ မကြာခင် ကြက်သားနဲ့ထန်းရည် မြည်းရ မှာပါ၊ ဖူး..”

ငပိန်ကတော့ အေးဆေးပဲ။ သူ့ကြက်ခြေထောက်လေး ရေတောက် လိုက်၊ အမှိုက်ရှင်းလိုက် လုပ်နေတယ်။ သူ့ကြက် အထက်လေရောက်တဲ့ အထိကို စိတ်ရှည်ရှည်စောင့်တယ်။

သူ့ကြက် လေသာတဲ့အချိန်လဲရောက်ရော

“ဖူး”

ငပိန် ငုံထားတဲ့ ရေတွေကို သူ့ကြက်ကို မှုတ်သလိုနဲ့ ပါကညောကြက်ရဲ့မျက်နှာထဲ မှုတ်ထည့်လိုက်တယ်။

“ကရော့်”

ပါကညောကြက်ကြီးအော်သံ။ မောင်စိန် ရေခွက်ကို မှောက်ချပြီး နောက်တစ်ခွက် သွားပြေးခပ်တယ်။ အဲဒီအချိန်မှာပဲ

“ဖြုန်း ဖြုန်း ဖြုန်း ဖြုန်း” မြည်သံနဲ့အတူ ငပိန်ကြက်ခြေတက်လာတယ်။

ပါကညောကြက်က ရေနဲ့စပ်ပြီး ငိုင်ကျသွားတာကိုး။

“ဟာ ဘယ်လိုဖြစ်တာလဲ”

“ဟာ လုပ်ပါဦးဟ ကြက်က ဘာဖြစ်သွားတာလဲ”

ဓားဖိုးဌေးက သူ့ရေခွက်ကိုယူပြီး သူ့ကြက်ကို ရေနဲ့ တဖူးဖူး မှုတ်တယ်။ ဒါပေမယ့် မမီတော့ဘူး။ ငပိန်ရဲ့ကြက်က ငိုက်ကျနေတဲ့ ပါကညော ကြက်ရဲ့ အမောက်ကို အမိအရကိုက်ပြီး အပီဗြင်းတာ။

ကြက်က လေး-ငါးချက်ပဲ ခုန်ရပါသေးတယ်။

“ကရော် ကရော် ကရော်”

မြည်သံပေးပြီး ပါကညောကြက်ကြီးပြေးတာ မနည်းပြန်လိုက်ဖမ်း ယူရတယ်။

အပိုင်း (၂)

ကြက်သားမီးဖုတ်ထားတဲ့အနံ့က သင်းနေ တယ်။ ငပိန်နဲ့မောင်စိန် ထန်းရည်လေး တစ်ကျိုက် မော့လိုက်၊ မီးကင်ထားတဲ့ကြက်သားလေး ဖြုတ်ကိုက်လိုက်နဲ့ ဇိမ်တွေ့နေတယ်။ သူတို့ရှေ့က ပါကညောနဲ့ ဖိုးဌေးတို့ကတော့ သူတို့ကြက်သား သူတို့ပြန်ကိုင်ထားပြီး မစားဖြစ်သေးဘူး။

ဒါကို ငပိန်က “ဦးပါကညောကြီးရာ စားပါဗျ၊ ဘာဖြစ်လို့ လဲ၊ ဦးပါကညောကြီးကြက်က တိုက်ကြက်ဆိုပေမယ့် အသားမမာသေးပါဘူး၊ စားစမ်းပါ၊ ဖဲ့စမ်းပါ၊

ဦးဖိုးဌေး လုပ်လေဗျာ၊ ပါလာတဲ့ဓားကြီးနဲ႔ ကြက်သားကို ဖဲ့စမ်း ပါဗျ၊ ဓားဖိုးဌေးမဟုတ်လား၊ ဟား ဟား” ဖိုးဌေးဆိုတာ ဓားကြီးပြေးဆွဲချင်စိတ် ပေါက်နေတယ်။

ဒါပေမယ့် သူ့ဆရာသမားဖြစ်တဲ့ ဦးပါကညောကြီးကိုယ်တိုင်က ငြိမ်နေတော့ ဘာမှ လုပ်မရဘူးရယ်။ ဦးပါကညောကြီးကတော့ သူ့ကြက်ပဲရှုံးလို့ ငြိမ်နေမိတာလား၊ ဒါမှမဟုတ် တခြားအကြံထုတ်နေလို့ပဲ ငြိမ်နေတာလားတော့ မသိဘူး။ မီးဖုတ်ထားတဲ့ သူ့ကြက်ကြီး သူကိုင်ပြီး ငြိမ်နေတယ်။ တစ်ခုခုကို အသေအချာ စဉ်းစားနေပုံပေါ်တယ်။

အတော်ကြာမှ “ဒီမယ် ငပိန်”

ငပိန် ကြက်ပေါင်ကိုက်လျက်ကြီးကမှ ပါကညောကိုကြည့်တယ်။

ဦးပါကညောက ပြောသင့်မပြောသင့် စဉ်းစားနေပုံရတယ်။

နောက်မှ သက် ပြင်းချပြီး “မင်း မင်းကြက် ငါ့ကို ပေးပါလားကွာ” ငပိန်စားနေတဲ့ကြက်သားတုံးကို ပစ်ချပြီး သူ့ကြက်ကိုသူ လှမ်းပိုက်ကာ “မပေးပါဘူး၊ ဘာလို့ပေးရမှာလဲ” ပါကညောက ငပိန်ရဲ့ကြက်ကိုကြည့်ပြီး အားမလိုအားမရလေသံနဲ့ “အလကား မတောင်းပါဘူးကွာ၊ မင်းဘာလိုချင်လဲပြော၊ ဟိုလေ မင်းကြက်ကလေးနဲ့ အလဲအထပ်သဘောပေါ့ကွာ၊ နော့လေ”ငပိန် တွေခနဲဖြစ်သွားတယ်။ ဟုတ်တယ်။ ပါကညောက မျိုးနဲ့ရိုး နဲ့ကို ချမ်းသာတာ။ သူ့ရွာမှာဆို သူပိုင်တဲ့လယ်ဆိုတာ လက်ညှိုးထိုးမလွဲ ဘူး။

ငပိန် ဘာတောင်းရင်ကောင်းမလဲ စဉ်းစားနေပုံပဲ။ ကြက်တစ် ကောင်ကို လယ်နှစ်ဧကလောက် အသာလေးရနိုင်တဲ့ အနေအထားပဲ။ နောက်မှ အသေအချာစဉ်းစားပြီး “မရောင်းပါဘူးဗျာ၊ ဘာလို့ ရောင်းရမှာလဲ”ဆိုပြီး ငြင်းတယ်။ ဟုတ်တယ်လေ။

သူက လယ်တွေရပြီး ဘာလုပ် ရမှာလဲ။ အစကတည်းက အလုပ်လုပ်ရမှာပျင်းလို့ ခိုးစားနေတာဆိုမှပဲ။ ဦးပါကညောက ဆက်ပြီး“ဒါဆိုလဲ ငွေသားနဲ့ပြောကွာ၊ ငါလဲ လယ်သိမ်းရာသီမို့ ငွေယား လေးရှိနေတာ၊ မင်းကြက်ကို ဘယ်လောက်နဲ့ရောင်းမလဲသာပြော”ဘေးနားကမောင်စိန်ဆို သားရေတောင်ကျတယ်။ ပါကညောကြီး အကျင့်က သူကြိုက်တာတွေ့ပြီဆို ကြိုက်သလောက်တောင်း မငြင်းဘူးပဲ။

သူ့အကြိုက်သာ တွေ့လို့ကတော့ အနားက ခွာကိုမခွာတော့တာ။ တောင်း ချင်သူဆို ကြိုက်စျေးတောင်းပဲ။ ငပိန် တွေသွားပြန်တယ်။ ဦးပါကညောအကျင့်ကို သူလဲသိတော့ ဒီအချိန်မှာတောင်းရင် တောင်းသလောက်ရနိုင်တယ်။ “ငွေတွေအများကြီးရရင်”သူစဉ်းစားတယ်။ ဘယ်မှာသွားထားမလဲ။ သူကိုယ်တိုင်တောင် အိမ်မကပ်တာ။ ဒီငွေထုပ်ကြီးပိုက်ပြီး လျှောက်သွားနေလို့ကလဲမဖြစ်။ ဒါကြောင့် “မဖြစ်ပါဘူးဗျာ၊ ငွေတွေအများကြီးရှိလဲ ဘာလုပ်ရမှာလဲ၊ အဲ” ပြောရင်းနဲ့မှ ငပိန် တစ်ခုစဉ်းစားမိသွားတယ်။

ပြီးတော့ မျက်နှာ ကြီးဝင်းလက်ပြီး “ဒါပေမယ့် ဒီလိုတော့ရှိတယ်” ဦးပါကညော စိတ်ဝင်စားသွားတယ်။ ဒါကြောင့် ခေါင်းကို ရှေ့ တိုးပြီး “ဘယ်လိုလဲ၊ ဘယ်လိုရှိတာလဲ” ငပိန်က ဘေးဘီဝေ့ကြည့်ပြီး အသံတိုးတိုးနဲ့ “ကျုပ်ကို” ပါကညော ခေါင်းကလဲ ရှေ့ပိုတိုးလာတယ်။

“အင်း” ငပိန်ကလဲ အသံပိုတိုးလိုက်ပြီး

“ဦးပါကညောတို့ရွာမှာ”

“ဘာလိုချင်လဲပြော”

“စိတ်ကြိုက်ခိုးခွင့် လိုင်စင်လေးပေး”

“ဘာကွ မင်းဘာပြောတာ” ငပိန်စကားမဆုံးခင် ဦးပါကညော အသံကျယ်ကျယ်နဲ့ ထအော် တယ်။

ပြီးတော့ ဘေးနားက ဓားဆွဲပြီး “ဟေ့ကောင် ငပိန်၊ မင်းခေါင်းပြတ်သွားချင်လို့လား၊ ပါကညော တို့ရွာကို ဘယ်သူခိုးသူဝှက်မှ ခြေမချရဘူးကွ၊ ပါကညောရှိတယ်၊ ပါကညော ရှိရင်” သူ့အော်သံကို ငပိန်က ဘာမှပြန်မပြောဘူး။

သူ့ကြက်ကလေး သူပိုက်ပြီး ငေါက်ခနဲ ထထွက်သွားတယ်။

ဒါကိုမြင်တော့ ပါကညော ချက်ချင်း အမူအယာပြောင်းသွား တယ်။ “ပါကညော ပါကညော” သူအတင်းကြိုက်တဲ့ ကြက်ကလေးကိုပိုက်ပြီး ငပိန်က ကော့ပက် ကော့ပက်နဲ့ ထွက်သွားပြီကိုး။ ဒါကြောင့် ကမန်းကတန်းပဲ ကိုင်ထားတဲ့ လက်သုံးတော်ဓားကို ပစ်ချပြီး ငပိန်ကို အတင်းပြန်လိုက်ဆွဲတယ်။

ပြီးတော့ အသံတိုးတိုးနဲ့ “ပါကညောရှိရင် ပါကညောညှိပေးလို့ရတယ်လို့ ပြောမလို့ပါကွာ မင်းကလဲ စိတ်ကြီးပဲ၊ လာပါကွာ၊ ပါကညော ညှိပေးပါ့မယ်” ဦးပါကညောဆွဲခေါ်ရာ ငပိန် ယက်ကန်ယက်ကန်နဲ့ ပြန်ပါလာ တယ်။

“ထိုင်ပါဦးကွာ၊ ရော့ ကြက်သားလေးစားဦး” ဦးပါကညော မီးဖုတ်ထားတဲ့ကြက်သားနွှင်တောင်ကျွေးသေး။ ပြီးတော့ လက်ကို ဖုတ်ဖက်ခါပြီး “ဒီလိုလုပ်ကွာ”

ငပိန်က ကြက်သားလေးကိုက်လိုက်၊ ထန်းရည်လေးကျိုက်လိုက်လုပ်ပြီး ပါကညော ကိုကြည့်တယ်။ ပါကညောကြီး သူ့ကြက်ကို မတအားလိုချင်နေပြီဆိုတာ သိတယ်။

“မင်း ရွာမှာ ဝင်ခိုးမယ်ဆိုလဲ ရာသက်ပန်ကြီးတော့ မလုပ်နဲ့ကွာ” ငပိန် စိတ်ဝင်စားသွားတယ်။ ဓားဖိုးဌေးက ခေါင်းကုတ်တယ်။ မောင်စိန်ကတော့ နှစ်ယောက်လုံးကို ငေးနေတယ်။

ပါကညောက လက်လေး သုံးချောင်းထောင်ပြီး “သုံး သုံးရက်တော့ စိတ်ကြိုက်ခိုးကွာ၊ ကျန်တဲ့ရက်တွေခိုးရင်တော့ ပါကညောရှိတယ်” ငပိန် ဘာမှမပြောဘူး။

စားနေတဲ့ကြက်သား မီးဖိုထဲပြန်ပစ်ထည့် ပြီး၊ ကြက်ပိုက်ပြီး ထထွက်တယ်။

ဒါကို ဦးပါကညောက အတင်းပြန်ဆွဲပြီး ပျာပျာသလဲနဲ့ “ပါကညောရှိတယ်ဆိုတာ ပါကညော ညှိပေးမယ်လို့ ပြောမလို့ပါ ကွာ၊ လာပါ ငပိန်ရာ ထိုင်ပါဦး” ငပိန် ဆောင့်ကြီးအောင့်ကြီး ပြန်ထိုင်ပြီး ခုနက မီးဖိုထဲက ကြက် သားကိုပဲ ပြန်ကောက်ဝါးတယ်။

ဦးပါကညောကသာ ငပိန် ပေါင်ကြားညှပ် ထားတဲ့ ကြက်လေး ခေါင်းသပ်ပြီး “ကဲ မင်းဘာဖြစ်ချင်လဲပြော၊ ပါကညောရှိတယ်၊ ပါကညောညှိ ပေးမယ်” ငပိန်က ကြက်သားကို စိမ်ပြေနပြေဝါးပြီး ထန်းရည်တစ်ကျိုက် မော့သောက်လိုက်သေးတယ်။

ပြီးမှ “ကျုပ်လဲ များများမတောင်းဆိုပါဘူး” “ဘယ် ဘယ်လောက်လဲ တစ်လလား” ပါကညော အလောတကြီးမေးတယ်။ ငပိန်က ခပ်တည်တည်နဲ့ လက်တစ်ချောင်းထောင်ပြီး “တစ်နှစ်” “ငစ်” ပါကညော သောက်နေတဲ့ ထန်းရည်တောင် နင်သွားတယ်။

ဖိုးဌေး က ဘေးနားကဓားထဆွဲပြီး “ဒီ..ငါ..” ငပိန်က ထန်းရည်သောက်တောင်မပျက်ဘူး။ ပါကညောကြီးက ဖိုးဌေးကို လက်ကာပြီးတားတယ်။ ပြီးတော့ သူ့မေးကိုသူပွတ်ပြီး “တစ်နှစ်” ခပ်တိုးတိုးရေရွတ်တယ်။ ခေါင်းတဆတ်ဆတ်ညိတ်တယ်။ အမှန် တော့ ကြက်တစ်ကောင်နဲ့ ရွာလုံးကျွတ်ခိုးခွင့်ဆိုတာ သိပ်မမျှတဘူး။

ဒါကို ငပိန်က “ဒီမှာ၊ ကျုပ်ကြက်ကို ကျုပ်က ငွေထုပ်လို့ ခေါ်သဗျ၊ ဘာကြောင့် လဲ သိလား” ပါကညော ခေါင်းခါတယ်။

ကြက်ကို ကြွေကျနေတဲ့အကြည့်နဲ့ ကြည့်တယ်။ “တိုက်တိုင်းနိုင်လို့ သူနဲ့တိုက်ရင် ငွေရလွန်းလို့ ငွေထုပ်လို့ နာမည် ပေးထားတာ၊ ဒါတောင် ကျုပ်တို့လို ပါချီပါချက်ပဲ တိုက်ရလို့၊ ဦးပါကညော တို့လို လက်ကြီးသမားဆို ပွဲကျွတ်တွေချည်း လွှတ်လို့ရတယ်နော်၊ ငွေဆိုတာ အထုပ်လိုက်နေမှာ” ဦးပါကညောကြီးမျက်လုံး အရောင်ပြန်လက်လာတယ်။ ဟုတ်တယ်။ သူ့မှာသာ ကြက်ကောင်းတစ်ကောင်ရှိရင် ပွဲသိမ်းပြီ။

ဘာလို့လဲဆိုတော့ သူရှာသမျှအားလုံးက ကြက်ပွဲဖိုးနဲ့တင် မွဲနေတာကိုး။ အခုဟာက သူလဲ တစ်ပြားမှ မစိုက်ရ။ ကြက်ကောင်းတစ်ကောင်လဲ ရမယ့်အခွင့်အရေးကိုး။ ဒါကြောင့်ပဲ “ဒီလိုလုပ်ကွာ” ခေါင်းတွေ ပြန်စုကပ်ကုန်တယ်။ “ရွာမှာ မင်းကို တစ်နှစ်တော့ ခိုးခွင့်ပြုမယ်၊ ဒါပေမယ့် လူမသိ အောင်တော့ ခိုးကွာ” ငပိန် ထန်းရည်ခွက်ကို ဆောင့်ချလိုက်တယ်။ “ကြိုက်ပြီ၊ ကျုပ်ကလဲ လူမသိအောင်ဘဲ ခိုးချင်တာဗျ၊

ဒါပေမယ့် ကတိတစ်ခုတော့ပေး” “ဘာဂိလဲ ဘာဂိလဲဟင်” ဦးပါကညောကြီး လိုချင်ဇောနဲ့ စကားတောင်မပီတော့ဘူး။ ဒါကို ငပိန်က ပါကညောရော ဖိုးဌေး ကိုပါ ကြည့်ပြီး

“ကျုပ်ခိုးတဲ့နေရာတိုင်း ဦးလေးတို့နှစ်ယောက် စောင့်မဖမ်းဘူး လို့ ကတိပေး” “အင်”

ပါကညောနဲ့ ဖိုးဌေး တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့် တယ်။

ခါတိုင်းဆို ရွာထဲဝင်လာတဲ့ သူခိုးတွေ၊ လူရမ်းကားတွေကို သူတို့ နှစ်ယောက် စောင့်ဖမ်းပြီး သမနေကျကိုး။ အခုကျ ငပိန်က သူတို့ရွာထဲကို ဝင်ခိုးတာ စောင့်မဖမ်းရဘူးတဲ့။

ဦးပါကညောကြီး ထိုင်ရမလို ထရမလို ဖြစ် သွားပြီး “မင်းကလဲကွာ မောင်ပိန်ရာ၊ အိုးလေးအိုးမှာ ပါကညောရှိနေရက် နဲ့” သူ့စကားမဆုံးဘူး။ ငပိန်က ထထွက်မလိုလုပ်တယ်။ ဒါကို ပါကညောက အတင်းပြန်ဆွဲပြီး “ပါကညောရှိတယ်၊ ပါကညော ညှိလို့ရတယ်လို့ မင်းကလဲ ညှိမှာ ပေါ့ကွ” ငပိန် ပြန်ထိုင်လိုက်တယ်။

“မင်းကလဲကွာ၊ ပါကညောက ညှိလို့ရပါတယ်၊ ဟုတ်ပြီ၊ စောင့် မဖမ်းဘူးကွာ”

“ပါပါကြီး” ဖိုးဌေးရဲ့ အလိုမကျတဲ့အသံ။ ပါကညော လက်ကာပြပြီးတားတယ်။

ဖိုးဌေးဆိုတာ ငပိန်ကို သမချင်နေတာ လက်ကိုယားနေပြီ။ ငပိန်ကလဲ မသိဘူးရယ်တော့ မဟုတ်ဘူး။ သိတယ်။ ဒါပေမယ့် အသာရတုန်းလေး အသားကုန်တွယ်နေတာ။ “နောက်တစ်ခုရှိသေးတယ်” ပါကညောက ငပိန်ပေါင်ကြားညှပ်ထားတဲ့ ကြက်ကို လှမ်းယူဖို့ လုပ်နေတုန်း ငပိန်အသံကြားတော့တွန့်ဝင်သွားတယ်။

ပြီးမှ ကြောင်တောင် တောင်နဲ့ “ဘာ ဘာပြန်ပြီလဲဟင်” “ကျွန်တော့်ကို ရွာသားတွေက ဖမ်းမိပြီး ဦးလေးပါကညော ထိပ် တုံးထဲရောက်ရင် တစ်ဖက်လှည့်နဲ့ ပြန်လွှတ်ပေးရမယ်” “တယ် ဒီကောင်” ဖိုးဌေးက ငပိန်ကို ဆံပင်ကဆွဲပြီး ထုဖို့ထတယ်။ “ငြိမ်နေစမ်း” ဦးပါကညော ထအော်တယ်။

ဖိုးဌေးခမျာ မတတ်သာတဲ့ မျက်နှာ ပေးနဲ့ ဆောင့်ကြီးအောင့်ကြီး ပြန်ထိုင်လိုက်ရတယ်။

ပါကညော ငပိန်ဘက် ကိုလှည့်မျက်နှာချိုသွေးရင်း “အေး အေးပါကွာ၊ မင်းကလဲ လူသိရှင်ကြားတော့ ဘယ်လွှတ်ပေး လို့ရမလဲ၊ လစ်တဲ့အခါတော့ လွှတ်ပေးမှာပေါ့၊ ဟုတ်ဖူးလား ဖိုးဌေးရ”

“ဗျာ ဟုတ် ဟုတ်” ဖိုးဌေးခမျာ ငပိန်ကို ထောင်းချင်နေတာတောင် သူ့ဆရာ ပါပါကြီး ရှေ့က ကာဆီးကာဆီးလုပ်နေလို့ ငပိန် ရွာလုံးကျွတ်ခိုးမယ့်အရေးကို ထောက် ခံပေးနေရရှာတယ်။ “ကဲ ဒါဆို” ပါကညော ငပိန်ပေါင်ကြားက သူကြိုက်တဲ့ တိုက်ကြက်ကို လှမ်းယူဖို့လုပ်တယ်။

ဒါကို ငပိန်က “နေဦး” ဦးပါကညောကြီး တွန့်ဝင်သွားပြန်တယ်။ ပြီးမှ “ဟင် ဘာ ဘာကျန်သေးလို့လဲဟင်၊ ဘာကျန်သေးလို့လဲ” ငပိန်က ထန်းတဲဖက် ပြန်ဝေ့ကြည့်ပြီး “မလက်တို၊ ကျုပ်တို့ပြောတာကို ခင်ဗျားကြားတယ်နော်၊ ခင်ဗျား က သက်သေပဲ”

ထန်းတဲထဲ ငုတ်တုတ်ထိုင်နေတဲ့ မလက်တိုကလဲ ပြောင်းဖူးဖက်ကြီးဖွာရင်း “ကြားပါ့တော်၊ ကျုပ်နားစွင့်နေပါတယ်၊ ကြက်တစ်ကောင်နဲ့ တစ်ရွာ လုံးကို စိတ်ကြိုက်ခိုးပေတော့” မလက်တိုစကားကြောင့် ဦးပါကညောမျက်နှာပျက်သွားတယ်။

ဒါပေမယ့် လူမိုက်ဗီဇက မပျောက်ဘူး။

ခါးကိုမတ်ပြီး ဓားကိုလှမ်းဆွဲကာ “ဒီမှာ မလက်တို၊ ခင်ဗျားကြားရင် နှုတ်တော့လုံနော်၊ ပါကညော အကြောင်း သိတယ်မဟုတ်လား၊ နှုတ်မလုံလို့ကတော့” သူ့စကားမဆုံးခင် မလက်တိုက သောက်နေကျပြောင်းဖူးဖက်ကို ဖုတ်ခနဲ ပစ်ချပြီး “အောင်မလေး နှုတ်လုံပါ့တော်၊ လက်တိုတို့ ဘယ်လောက်နှုတ်လုံလဲဆို ကျွန်မအပျိုဘဝက ရှင် မုဒိမ်းကျင့်ဖို့ ကြိုးစားတာ ကျုပ် ဘယ်သူ့ကို ပြောဖူးလို့လဲ၊ တစ်ခါတောင် မဟုတ်ဘူးနော်၊ နှစ်ခါတောင် ကဲ ကျုပ် ဘယ်သူ့ ပြောလဲ”

ဦးပါကညောမျက်နှာ ဘယ်နားသွားထားရမှန်းတောင်မသိ ဖြစ်သွား တယ်။

“ဖိုးဌေးက ရှင့်နောက်လိုက်လေ” ဖိုးဌေးက ရှက်ရမ်းရမ်းပြီး မြေကြီးတွေ ကောက်ဝါးနေတယ်။

“တောထဲမှာ တစ်ခါ၊ ဟိုးထန်းသုံးပင်စုမှာ တစ်ခါ၊ ဒီအကြောင်း ကျုပ်ယောကျာ်းဖိုးလုံးတောင် မပြောခဲ့ဘူး၊ တော့ ကိုဖိုးလုံး”

“ဟေ လက်လက်လေး” အံမာ၊ ရိုမန့်တွေတစ်နေတာ။

ခေါ်တာတောင် မလက်တိုကို အတို ကောက်နဲ့ (လက်လက်)တဲ့။

“ပါကညော ကျွန်မကို မုဒိမ်းကျင့်ဖို့ ကြံတဲ့အကြောင်း ကျွန်မ ရှင့်ကို ပြောဖူးလား”

“မပြောဖူးပါဘူး လက်လက်ရာ”

“ပါကညော ကျွန်မကို မုဒိမ်းကျင့်ဖို့ ကြံတဲ့အကြောင်း ရှင်သိလား”

“မင်းမပြောတော့ ငါဘယ်သိပါ့မလဲဟ၊ မသိပါဘူး လက်လက်ရာ” မလက်တိုက သူ့ယောကျာ်းဖိုးလုံးကို အဲ့သည်လောက်ထိပိုင်တာ။

“ပါကညော ရှင်ကြားတယ်နော်၊ မလက်တို ဘယ်လောက်နှုတ်လုံ တယ်ဆိုတာ”

ဦးပါကညောကြီး မျက်နှာအပျက်ပျက် အယွင်းယွင်းနဲ့

“အေးပါ လက်လက်ရာ၊ အဲ လက်တိုရာ၊ နင်နှုတ်လုံတာ ငါသိပါ ပြီဟာ၊ ကဲ ကဲ ဒီအကြောင်းလဲ ဘယ်သူ့မှ လျှောက်မပြောနဲ့ သိလား”

“မပြောဘူး” မလက်တိုက ပြတ်တယ်။ သူ့ဟာသူ ပစ်ချထားတဲ့ ပြောင်းဖူးဖက် ပြန်ကောက်ဖွာနေတယ်။

“ကဲ ဒါဆိုလဲ ကြက် ကြက်ကလေး” ဦးပါကညော ငပိန်ဆီကို လက်လှမ်းတယ်။

ငပိန်က ကြက်ကို ကမ်းပေးမယ်လုပ်ရင်း

“တစ်နှစ်နော်”

သူ့စကားကို ဦးပါကညောခေါင်းကို တဆတ်ဆတ်ညိတ် တံတွေးကို ဂလုခနဲမျိုချပြီး

“အေး အေးပါကွာ၊ တစ်နှစ်ပါ”

“သူများဖမ်းမိရင်လဲ ပြန်လွှတ်ပေးရမယ်နော်”

“အေးပါကွာ၊ လွှတ်ပေးပါ့မယ်ကွာ၊ စိတ်ချပါ၊ ပါကညောရှိတယ်”

ငပိန်က ကြက်ကို သူ့ဘက်ပြန်ယူလိုက်တယ်။ ဦးပါကညောကြီး တုန်တက်သွားပြီး

“ပါကညောရှိရင် ပါကညောညှိလို့ရပါတယ်ကွ၊ မင်းကလဲ”

ဒီတော့မှ ငပိန်က ကြက်ကိုထိုးပေးတယ်။

“ရော့”

ပါကညောနဲ့ဖိုးဌေး ကြက်ကိုဆွဲယူပြီး

“ဟားဟား ရပြီကွ၊ ရပြီ၊ ငွေထုပ်ကို အလကားရပြီ” အမှန်တော့ သူသာ အလကားရတာ။ တစ်ရွာလုံးကတော့ အခိုးခံ ရပြီသာမှတ်။

“ငွေထုပ်ရပြီ၊ ငွေထုပ်ကြီးရပြီ ဟားဟား” ဝမ်းသာအားရအော်ပြီး ခြေလှမ်းကြဲကြီးနဲ့ သူတို့ရွာပြန်ပြေးတာများ မှုံလို့။

သူတို့ပျောက်ကွယ်သွားမှ မောင်စိန်က ထန်းရည်ခွက်ကိုဆပြီး

“မင်းကလဲကွာ၊ ကြက်ကို ငွေနဲ့ရောင်းရင် ရာကြီးဂဏန်းလောက် ရနိုင်တာကို။ ဘယ့်နှယ်” ငပိန် ပြုံးတယ်။ ပြီးတော့ မောင်စိန်ကိုကြည့်ပြီး

“အဲ့ဒါပဲကွ၊ ရာကြီးဂဏန်းရတော့ ဘယ်မှာထားမလဲ” မောင်စိန် ခေါင်းကုတ်တယ်။ “ဟော ခုဆို ထန်းရည်ဖိုးဆိုတာလဲ မပူရတော့ဘူး၊ ဒီငွေတွေရှိနေရင် အန္တရာယ်များပြီလေ” မောင်စိန်က ခပ်တုံးတုံးမို့ ဘာမှရှင်းမပြတတ်ဘူး။

“ဟော ခုလို တစ်နှစ်ခိုးခွင့် လိုင်စင်ရပြီဆိုတော့ လိုတာလေး သွား ခိုးယူနေယုံပဲ၊ ဘယ်လောက်အေးချမ်းလဲ” မောင်စိန် ခေါင်းကိုကုတ်ပြီး

“ဒါလဲဟုတ်တာပဲ” ဆိုပြီး ထောက်ခံတယ်။ အမှန်တော့..

“သူခိုးဆိုတာ သူခိုးအတွေးမျှသာ”

အပိုင်း (၃)

အဲဒီနေ့ကစပြီး အိုးလေးအိုးရွာမှာ ပစ္စည်းတွေ စပျောက်တော့တာပဲ။

ငပိန်ကလဲ ဒိုးကျမှာ မနေတော့ဘူး။ အားရင် အိုးလေးအိုးရွာမှာ လမ်းသလားနေတော့တာ။ သူ့ကိုကြည့်လိုက်ရင် ရွာလမ်းတလျှောက် ပိတုန်းလေး ပျံနေတဲ့အတိုင်းပဲ။ တစ်ချိန်လုံးကို ခုန်ပျံနေတော့တာ။

လူကလဲ ဘုရားရှေ့အုတ်နံရံမှာ ကပ်နေလိုက်ရင်ကို အုတ်နံရံမှာ သစ်သားဖောင်းကြွရုပ်ကလေး ထုထားတယ် ထင်ရလောက်အောင် ပိန်ပိန်ညောင်ညောင်လေး။

နောက်ပြီး ငပိန်က သူခိုးသာဆိုတယ်။ မျက်နှာချိုသဗျ။ တွေ့ကရာလူ

“ဟာ အရီး”

“ဦးလေးကြီး”

စသည်ဖြင့် ဝင်ရောပြီး အဲ့ဒီအိမ်တွေကို တက်ကြည့်တာ။ သူလိုတာတွေ့ရင် ညကျမှ ပတ်ခိုးတာ။

လူတိုင်းကလဲ “ဒီလောက်ဖော်ရွေတဲ့ကောင်ကို ဘယ်သူက သူခိုး ထင်မလဲလေ နော့” အကြောင်းမှမသိတာ။ ဒါတင်လား..

လူမိုက်သူကြီး ဦးပါကညောကိုလဲ သူ့ယောက်ဖလောက် မှတ်နေတာ။မျက်နှာချင်းဆိုင်တွေ့တာနဲ့

“ဟာ ပါကညော ပေါကညာ၊ ပေါတာကြီး၊ ဒီနေ့ ဘယ်ဘက် လမ်းသလား”

ဒါတင်မကဘူး။ ဓားထိုးကြမ်းပါတယ်ဆိုတဲ့ သူကြီးတပည့်ဖိုးဌေးလည်း မနေရဘူး။

“ဖိုးဌေး၊ ဘေးထိုးကြီး၊ ဘယ့်နှယ်လဲ ခင်ဗျားဓားကြီး ကြက်သွန်လှီးဖို့ မိန်းမကို ပေးထားသလား၊ ကလိထိုးမှာနော်”

ဆိုပြီး ကလိလိုက်ထိုးလို့ လူမိုက်ကြီးခမျာ လိုက်ထွက်ပြေးနေရသေး။

အစကတော့ အိုးလေးအိုးမှာ ဒီလိုပစ္စည်းတွေ ပျောက်လေ့ပျောက်ထ မရှိတော့ အားလုံးရဲ့စိတ်ထဲမှာ

“ဪ ငါအထားမှားလို့ဖြစ်မယ်၊ ပါကညောတို့ ဖိုးဌေးတို့ရှိတာ ဘယ်သူခိုးက ရွာဝင်ခိုးရဲမှာလဲ” ဒီလိုပဲ ထင်ကြတယ်။ ပါကညောတို့ ဖိုးဌေးတို့ကို အားကိုးတာကိုး။

ဒေါ်ကြီးသီ ဒန်အိုးသုံးလုံး အရင်စပျောက်တယ်။

“အေး ဒန်အိုးတွေ ဘုန်းကြီးကျောင်းမှာပဲ ထားခဲ့မိလေသလား၊ တစ်အိမ်အိမ်တင်ခဲ့မိသလားပေါ့”

ဦးဖိုးသာဂေါင်ကြီး ဘဲတစ်အုပ်ပျောက်သွားပြန်တယ်။

“အေး ဘဲတွေ တောထဲဝင်ပြေးကုန်တာများလား၊ ပါကညောတို့ ဖိုးဌေးတို့ရှိတာပဲ အခိုးခံရတာ မဖြစ်နိုင်ပါဘူး”

ဘွားလှခင် စပါးကျီထဲက ဆန်တစ်တင်းခွဲ ပျောက်သွားတယ်။

“အေး ကြွက်တွေများ စပါးကျီဖောက်တာလား၊ ကြွက်ထောင်ချောက်တော့ လုပ်ရတော့မယ်ထင်တယ်” ဒီလိုပဲတွေးကြတာ။

ဒီလို နေ့စဉ် တစ်အိမ်နည်းနည်းစီ ပျောက်နေကြတာ။ ဘယ်သူကမှ သူတို့အိမ်သူခိုးခိုးတယ်လို့ မထင်မိကြဘူး။ ငပိန်ခိုးနေတယ်လို့ကို မထင်တာ။

နောက်ဆုံး သူကြီးပါကညောကြီးကတော် ထဘီသုံးထည်ပျောက်မှ ဒီအစက ပေါ်လာတာ၊ ရွာမှာ သူခိုးရှိပြီဆိုတာ ပေါ်လာတာ။

ပြောရဦးမယ်ဗျ။ ဒီရွာတွေက ရွာသိမ်ရွာမွှား လေးတွေဆိုပြီး အထင်သေးလို့ မရဘူး။ သူကြီး ပါကညောဆိုတာလဲ အထင်မသေးလေနဲ့နော့။ သူလဲ မင်းမျိုးမင်းနွယ်ဗျ။ သူပြောတာနော်။ သူ့အရင်ဘဝ ရာဇဝင်က ဒီလိုပါတဲ့။

“သူကတဲ့၊ ကုန်းဘောင်အစောပိုင်းမှာ နာမည်ကျော်ကြားခဲ့တဲ့ မိဖုရားကြီး ရှင်စောပုရဲ့ အစ်မ နှစ်ဝမ်းကွဲ တော်ခဲ့ဖူးတာတဲ့”

သူက ရှင်စောပုထက် အရင်မွေးခဲ့လို့ အဲဒီတုန်းက သူ့ဘွဲ့နာမည်က “အရင်စောပု”တဲ့။

ရှင်စောပုက နောက်မှပုတာ။ သူက ရှင်စောပုထက် အရင်စောပုထားလို့ သူ့နာမည်က “အရင်စောပု” တဲ့။

ဟုတ်မဟုတ်တော့ မသိဘူး။

ဒါပေမယ့် နာမည်နဲ့လူနဲ့လိုက်တယ်။ လိုက်တာမှ အတော်ကြီးကို လိုက်တာ။

လူက တကယ့်ကို ပုပုသေးသေးလေး။ ဘယ်သူနဲ့ ယှဉ်လိုက်ယှဉ်လိုက်၊ တကယ့်ကို ပုပါတယ်ဆိုတဲ့သူတွေထက်ကို အရင်စောပြီး ပုထားတဲ့ အတိုင်းလေး၊ ဒါကြောင့်လ သူ့ကိုခေါ်ကြတယ်။

“သူကြီးကတော် အရင်စောပု”

အရီးအရင်စောပုက ဒီရွာသူမဟုတ်ဘူး။ သစ်ပင်လှ(အနောက်ဖျား) ရွာက။ သူတို့တွေက သူ့တစ်ယောက်တည်း ပုတာမဟုတ်ဘူး။

မျိုးရိုး။

သူ့အဖေ ဗိုဗပုဆိုတာလဲ သစ်ပင်လှမှာ နာမည်ကြီးဂျပု။

ဗိုဗပုနဲ့ သူ့မိန်းမဒေါ်ရှယ်ပု (ပုတာတောင် ရိုးရိုးပုတာမဟုတ်ဘူး နော်၊ ဇွန်းတပ်ပုတာ၊ ရှယ်ကြီးပု) တို့က သားသမီးသုံးယောက်မွေးတာ။

ဦးပါကညောနဲ့ အိမ်ထောင်ကျတဲ့ အရင်စောပုက အငယ်မ။ သူ့ အထက်မှာ အစ်မတစ်ယောက်ရှိသေးတယ်။ နာမည်ကိုက

“နှစ်ဘဝကြိုပု”

ရှင်စောပုထက်ကို အရင်စောပုက ပိုပုသလို၊ အရင်စောပုတို့ ပုတယ်ဆိုတာ ဟိုက ခိုးတောင်ရယ်ဦးမယ်။ ဘယ်သူဘယ်လောက်ပုပု၊ သူတို့ ထက်ကို နှစ်ဘဝကြိုပုထားတာ။

“နှစ်ဘဝကြိုပု”

နှစ်ဘဝကြိုပုပြီးမှ အရင်စောပု။

အဲ … အငယ်ကောင်ကျတော့ ဝဝဖိုင့်ဖိုင့်လေး။ သူက တရားတစ်ဖက်၊ ဓားတစ်လက်နဲ့လူမျိုး။ အေးရင်နော်။ တစ်ချိန်လုံး တရားထိုင်တယ်။ ပုတီးစိပ်တယ်။ အဲ … ကြမ်းပြီဆိုရင်လဲ ဓားနဲ့ကိုပတ်ထိုးတာ။

ဒါကြောင့် သူ့ကို အသွင်နှစ်မျိုးနဲ့ (အသွင်ပြောင်းနိုင်လို့)ကင်ပွန်း တပ်ကြတယ်။

“သမန်းဝက်”

ခင်ဗျားတို့ကြားဖူးတာ၊ သမန်းကျားပဲ ကြားဖူးမှာပေါ့။ လူတစ်ပိုင်း ကျားတစ်ပိုင်းလေ။ အေး သူကလဲ အဲဒီလိုမျိုးပဲ။ အသွင်တော့ နှစ်မျိုးပြောင်းနိုင်တယ်။

ဒါပေမယ့် လူက ဝဝကြီးနဲ့ ဝက်ကြီးလိုဖြစ်နေလို့ ခေါ်ကြတယ်။ ဒဏ္ဍာာရီလာက သမန်းကျားလို့မဟုတ်ဘူး။

“သမန်းဝက်”

ကျောမှာလည်း ဝက်ခုံးပုံကြီး စုတ်ထိုးထားတာ။

သစ်ပင်လှမှာ “သမန်းဝက်ဟေ့”ဆို တစ်ရွာလုံး တုန်ဆင်းနေတာ။

ပါကညောကြီးနဲ့ အရင်စောပု ညားတာလဲ သမန်းဝက်ကြောင့် သတင်းလွေ့လွေ့ပေါင်းဖက်တွေ့တာပဲ။

ဖြစ်ပုံက ဒီလို။

အဲဒီအရင်စောပုရဲ့မောင် တရားတစ်ဖက် ဓားတစ်လက် သမန်း ဝက်မှာ လူမိုက်တပည့်လေးတွေရှိတယ်။

“အကြာကြီးမဲ”

ဒီကောင်ကလဲ အသားမည်းတာ ခုနေရောင်ထိလို့၊ ရေစားလို့၊ ဆေး စားမှားလို့ ရောဂါဖြစ်လို့ စသည်ဖြင့် ဖြတ်ခနဲမည်းတာမဟုတ်ဘူး။ ဒီကောင် မဲတာ အတော်ကြာပြီ။ တော်တော်လေးကို ကြာပြီ။ ဒါကြောင့် သူ့ကို ခေါ် ကြတာ။

“အကြာကြီးမဲ”

အဲဒီအကြာကြီးမဲနဲ့ သူ့ညီ ကြိုတင်မဲ (ကြိုတင်ပြီးကိုရည်ရွယ်ချက်ရှိရှိ မည်းထားတာ) တို့နှစ်ယောက် ဘုမသိဘမသိ အိုးလေးအိုးရွာမှာ ဝင်သောင်းကျန်းမိလို့ ပါကညောနဲ့ ဖိုးဌေးတို့ ဗျင်းလိုက်တာ။ (အဲ့တုန်းက သမန်း ဝက်ငယ်ငယ်ပေါ့)

အဲကအစ ပါကညောနဲ့ သမန်းဝက်တို့ ငြိကြတာ။

နောက်တော့ ဟိုညှိဒီညှိနဲ့ ပါကညောကြီးနဲ့ သမန်းဝက်ရဲ့ အစ်မငယ် အရင်စောပုတို့ အကြောင်းပါကြတယ်။

ဒါပဲ။

ထားပါတော့။

ဒီဆွေမျိုးတွေအကြောင်း ပြောရရင် ကုန်မှာမဟုတ်ဘူး။ သူတို့ စကားပုံလေးနဲ့ပဲ ဆွေမျိုးစပ်ခြင်းကို သိမ်းလိုက်ရအောင်။ သူတို့ဆွေမျိုး စကားပုံက

“မည်သူမပြု၊ မိမိပု”

ဘယ်သူ့ပယောဂမှ မပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် ပုထားတာ။

“ဘယ်သူမပြု မိမိပု”

အခုပြောချင်တာက သူကြီးကတော် အရင်စောပု ထဘီသုံးကွင်း ပျောက်ရာကနေ ဒီဇာတ်လမ်းစတော့တာပဲ။

+++

“ဒူ ဒူ ဒူ”

သူကြီးအိမ်က မောင်းသံကြားတော့၊ တစ်ရွာ လုံး လုပ်လက်စအလုပ်တွေ ပစ်ချပြီး သူကြီးအိမ်ဖက် မျှော်ကြည့်ကြတယ်။

ဟုတ်တယ်လေ။

တော်ရုံတန်ရုံ အရေးအကြောင်းဆို အရေးကြီးသူကို သူကြီးက လူလွှတ်ပြီး ပြောနေကျ။ ခုလို မောင်းသံကြားပြီဆို တစ်ရွာလုံး အရေးမှန်း လူတိုင်းသိကြတယ်။

ဒါကြောင့် ရွာရှိသမျှ လူအားလုံး သူကြီးအိမ်ရှေ့စုရတယ်။ ဒါကြောင့် လုပ်လက်စအလုပ်တွေ ထားခဲ့ပြီး သူကြီးအိမ်ရှေ့ လူစုဖို့ သွားကြရတာပေါ့။

“ဒူ ဒူ ဒူ”

အိုးလေးအိုးရွာက မောင်းသံကြားတာနဲ့ မလက်တိုထန်းတဲမှာ ဘဲသားနဲ့ ထန်းရည်ခဲနေတဲ့ငပိန် ခေါင်းထောင်သွားတယ်။

ပြီးတာနဲ့ ထန်းရည်ခွက်ကိုပစ်ချပြီး ဘေးနားက မောင်စိန်ကို လက်ဆွဲကာ

“ဟာ ဟေ့ကောင် ခွင်ကောင်းပဲ လာ လာ”

ဆိုပြီး အိုးလေးအိုးကိုပြေးတာ။

“အာ ဒီကောင် ဘာလဲဟ”

ဆိုပြီး မောင်စိန် ယက်ကန်ယက်ကန်နဲ့ လိုက်ပါသွားတယ်။

အိုးလေးအိုးရောက်တော့ သူထင်တဲ့အတိုင်းပဲ။ ရွာထဲမှာ တစ်ယောက်မှ မရှိတော့ဘူး။ အားလုံး သူကြီးအိမ်ရှေ့ လူစုဖို့ သွားကြပြီကိုး။

“ဟေ့ကောင် တွေ့လား၊ ငါထင်တာမှန်တယ်၊ ဟီဟိ”

ဆိုပြီး ရွာထဲမှာ သူလိုသမျှ ပတ်ခိုးတာ။ ပြီးတော့ မောင်စိန်ကို ပေးပြီး

“ဟေ့ကောင် ဒါတွေကို မလက်တိုဆိုင်မှာ သွားဖွက်ထား၊ ဟိုမှာ ဘာဖြစ်နေလဲ ငါ စနည်းသွားနာလိုက်ဦးမယ်”

ဆိုပြီး ခိုးထားသမျှတွေ မောင်စိန်ကိုပေးပြီး သူက သူကြီးပါကညော အိမ်ရှေ့ကို သုတ်ချေတင်တော့တာ။

+++

ငပိန်ရောက်တော့ သူကြီးအိမ်ရှေ့မှာ လူစုံနေပြီ။

သူကြီးကတော် အရင်စောပု အိမ်ရှေ့ချထားတဲ့ လေးပေစားပွဲပေါ် တက်လိုက်တယ်။ ဟုတ်တယ် လေ။ အဲ့ဒီလိုတက်လိုက်မှ သူ့အရပ်က လူစဉ်မီတာ ကိုး။ သူ့လက်ထဲမှာ မကြာသေးခင်ကမှ မွေးထားတဲ့ သားငယ် ဗြောင်ကြီးပုကို ချီထားတယ်။ သားကြီး ထာဝရပုက အိမ်လှေကားမှာ ပုပုကလေး ထိုင်ငေးနေတယ်။

အကြည့်ပုပုကလေးနဲ့ပေါ့။

စားပွဲအောက်ထိုင်ခုံမှာမှ သူကြီးပါကညော မျက်နှာအပျက်ပျက်အယွင်းယွင်းနဲ့ ထိုင်နေတယ်။ အရင်စောပုက လူကသာ လက်တစ်ဆစ်။ စိတ်ကလဲ လက်တစ်လုံး။ စိတ်က ထစ်ခနဲဆို ဖင်ကပါ ဗျစ်ခနဲ လူစားမျိုး။ ဒါကြောင့် လိုရင်းကိုပဲ ဒဲ့ပဲအော်မေးလိုက်တယ်။

“ငါ့ထဘီသုံးကွင်း ဘယ်သူခိုးသလဲ”

“ဟင်”

“ဟာ”

သူ့စကားကြောင့် အားလုံးကြောင်ကုန်တယ်။ ရွာသားတွေထင်တာ က သူကြီးအရေးတကြီး ခေါ်တာဆိုတော့ ရပ်ရေးရွာရေး သာရေးနာရေး ထင်နေတာ။ အခုတော့ “ငါ့ထဘီသုံးကွင်း ဘယ်သူခိုးသလဲ”တဲ့။

ဒါကြောင့် ခေါင်းချင်းတွေဆိုင်ပြီး ကျွတ်စီကျွတ်စီ ဖြစ်ကုန်တယ်။

“သူ့ထဘီသုံးကွင်း ဘယ်သူခိုးလဲတဲ့”

“ဘာလုပ်ဖို့ သူထဘီ၊ ကလေးတောင် အနှီးထုပ်မရတာကို”

“ခိုးစရာလား သူ့ထဘီ၊ လေတင်ဘက်က သူ့ထဘီယက်ရင်တောင် လေအောက်ဘက်က အသက်ရှူကြပ်နေတာကို”

အားလုံး ပွစိပွစိ ဖြစ်ကုန်တယ်။ ဒါကို အရင်စောပုက ဂရုမစိုက်ဘဲ အသံကိုမြှင့်ပြီး ထပ်အော်ပြန်တယ်။

“ငါ့ထဘီသုံးကွင်း ဘယ်သူခိုးသလဲ”

အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြပြန်တယ်။

ဒါမျိုး ဘယ်တုန်းကမှ အမေးမခံဘူးတော့ ဘယ်သူမှ ရုတ်တရက် ပြန်မပြော တတ်ဘူး။

ဒါကို နှုတ်သွက်သွက်ရှိတဲ့ ဖွားလှခင်က

“ဟဲ့ ရင်စောပု၊ နင့်ထဘီကွင်းခိုးရအောင် ငါတို့ရွာသူခိုးရှိတာမှ မဟုတ်တာ၊ သူခိုးရှိလဲ နင့်လင်သူကြီးပါကညောကြီး အုပ်လို့ အသက်တောင် ရှင်မှာမဟုတ်ဘူး”

အားလုံး ခေါင်းညိတ်ထောက်ခံကြတယ်။

ဦးပါကညော ရင်ကော့သွားတယ်။ ဟုတ်တယ်လေ။ ဒီရွာမှာ ပါကညောရှိရင် ပွဲသိမ်းနေတာကို။ ဒါကို ဖွားလှခင်က ဆက်ပြီး

“ငါတို့လဲ နင့်ထဘီသုံးကွင်း ခိုးဖို့မပြောနဲ့၊ စပါးကျီထဲသိမ်းထားတဲ့ စပါးတစ်တင်းခွဲ ဘယ်လိုပျောက်သွားလဲကို မစဉ်းစားတတ်ဘူး ဖြစ်နေတာ”

ဖွားလှခင်စကားကြောင့် အားလုံး လှုပ်လှုပ်ရွရွ ပြန်ဖြစ်ကုန်တယ်။

ပြီးမှ အားလုံး မျက်လုံးပြူးပြီး

“ဟင် ငါ့အိမ်ကလဲ ဒန်အိုးသုံးလုံး ပျောက်နေတာပဲ”

“ဟာ ငါ့ဘဲ ငါ့ဘဲတစ်အုပ်”

“ငါလှမ်းထားတဲ့ ငါးခြောက်ပြားတွေ”

“ဟင် ငါသိမ်းထားတဲ့ ဆီပုလင်း”

“ဟာ ငါတို့အိမ်မှာလဲ”

“ဟင် ငါတို့အိမ်မှာလဲ”

စသည်ဖြင့် အားလုံး ကျွတ်ကျွတ်ညံသွားတယ်။ မပျောက်ဘူးတဲ့ အိမ်မှ မရှိတာကို။

ဘယ်လောက်ထိလဲဆို ရွာဘုန်းကြီးကျောင်းက ကပ္ပိယကပါ

“ဟား ငါ့အလှူခံဖလားကြီး ပျောက်နေတာ အခိုးခံရတာပေါ့နော်”

ဒီကြားထဲ ဖိုးသူတော်ကလဲ

“ဟင် ဟုတ်ပ၊ ကျုပ်ဆရာတော်တွေအတွက် ဆွမ်းခံထွက်ရင်တီး တဲ့ ကြေးစည်ကြီး မရှိတော့ဘူး”

“ဟာ ဆရာတော်ဘုရား ဦးပြည်းရိတ်တဲ့ဓားတောင် မတွေ့လို့ ကျုပ်ကို ခေါ်မေးနေသေး”

“ဟာ”

“ဒုက္ခပါပဲ”

“ရွာမှာ သူခိုး သူခိုးရှိပြီပေါ့နော်”

သူကြီးကတော် အရင်စောပု ထဘီသုံးကွင်း ပျောက်ရာကစပြီး တစ်ရွာလုံး အခိုးမခံရဘူးသူ မရှိလောက်တဲ့ ရွာလုံးကျွတ်ခိုးမှုဆန်းကြီး ပေါ် လာတော့တယ်။ အားလုံးကလဲ ရွာထဲ ခုမှစပြီး အခိုးခံရတော့ ဘယ်ကစ ဘယ်လိုဖြေရှင်းရမှန်း မသိဘူး။ အခိုးခံရတော့လဲ ရွာလုံးကျွတ်ကြီးလေ။

“ကဲ ဘယ်လိုလုပ်ကြမလဲ၊ တို့ရွာတော့ သူခိုးပေါ်ပြီ”

ဦးပါကညောကြီးကတော့ မျက်နှာအပျက်ပျက်အယွင်းယွင်း။

“ဒီကောင် ဘယ်ကကောင်လဲ စုံစမ်းရမှာပေါ့”

စသည်ဖြင့် တိုင်ပင်နေကြတယ်။ နောက်မှ ရွာက ရှေ့မီနောက်မီလူကြီး ဖိုးသံလုံးကထပြီး

“ဟဲ့ ပါကညော ပါကညောရှိရင် ဘယ်သူခိုးသူဝှက်ကမှ ရွာနား မကပ်ဘူးဆို၊ ခုကျ တစ်ရွာလုံးတင်မက ဆရာတော်ဘုရားပါမကျန် နင့်မိန်းမထဘီတောင် ဖြုတ်ခိုးသွားတာ နင်မသိဘူးလား”

အားလုံးရဲ့ အာရုံက သူကြီးပါကညောဆီ စုပြုံရောက်ကုန်တယ်။

“အေးလေ၊ ပါကညောရှိရင် ရွာအေးချမ်းတယ်ဆို”

“ပါကညောရှိရင် ပါကညောသိတယ်ဆို”

“ပါကညောရော အင်္ဂါစုံသေးရဲ့လား ပြန်ကြည့်ပါဦး၊ ဟိုကဖြုတ် ခိုးချင်ခိုးသွားမှာ”

စသည်ဖြင့် စကားသံတွေ ညံလာပြန်တယ်။ ပါကညောကြီး မျက်နှာ အပျက်ပျက်အယွင်းယွင်း။

အမှန်တော့ သူကိုယ်တိုင် ပိုးပုဆိုးတစ်ထည် အခိုးခံထားရတယ်လေ။ ဒါပေမယ့် ပြောလို့မဖြစ်ဘူး။ ငပိန်ခိုးတယ်ဆိုတာ။ ကြက်ကိစ္စက ရှိ သေးတာကိုး။ ပါကညော မျက်နှာပျက်နေရာကနေ ရုပ်တည်လိုက်ပြီး ရွာသားတွေကို လက်ကာပြတယ်။ ရွာသားတွေ ငြိမ်သွားတယ်။ ပါကညောက ရွာမှာ အဲလိုဩဇာကြီးတာ။ ပြီးတော့

“အဟမ်း” ခနဲ ချောင်းဟန့်ပြီး

“ပါကညောသိတယ်၊ ဒါပေမယ့် အခုဟာက”

ပါကညော သူ့အိတ်ထဲက တစ်စုံတစ်ခုကို နှိုက်ထုတ်လိုက်တယ်။ ထွက်လာတာက သူနဲ့ ဘာမှမဆိုင်တဲ့ ပုတီးကုံးကြီး။

“ဟင် ပုတီးကြီး”

“အေး သူနဲ့ ဘာဆိုင်လို့လဲ ပုတီးက”

ပါကညောကို ပုတီးကြီးနဲ့မြင်တော့ တစ်ရွာလုံး အံ့အားသင့်သွားကြတယ်။

ဦးပါကညောက ပုတီးကုံးကို ထောင်ပြပြီး

“ပါကညော ခုတလော ဘုရားတရားလုပ်နေလို့၊ ပါကညော မဖမ်းသေးတာ”

လူမိုက်ပါကညောကို ပုတီးကြီးနဲ့မြင်လိုက်ရတော့ ရွာသားများတင်မက သူ့မိန်းမ အရင်စောပုပါ ကြောင်သွားတယ်။ ဒါကြောင့် မျက်မှောင်ကျုတ်ပြီး

“ဟင် ရှင်က ဘယ်တုန်းက ပုတီးသမား ဖြစ်သွားတာလဲ”

ဦးပါကညော မျက်လွှာလေးချပြီး

“မင်းသတိမထားမိလို့ပါ၊ ပါကညောလုပ်တယ်၊ ပုတီးစိပ်တယ်၊ ပါကညော ပုတီးစိပ်တယ်”

သူ့စကားကို သူကြီးကတော် သူ့ရင်ခွင်ထဲ ပိုက်ထားတဲ့ သားငယ် ဗြောင်ကြီးပုကို ခါးထစ်ခွင်တင်လိုက်ပြီး အသံကျယ်ကျယ်နဲ့

“အောင်မလေးဟယ် နေ့နေ့ညည ထဘီပဲ လာလာဆွဲနေတဲ့သူက ချက်ချင်းပုတီးသမား ဖြစ်သွားရတယ်တဲ့၊ အံ့ဩပါ့တော်”

ပါကညောကြီး မျက်နှာပျက်သွားတယ်။ ပြီးတော့ ရုပ်က ဖရိုဖရဲ ကြီးနဲ့

“မင်းကလဲကွာ၊ အဲဒါက မင်းထဘီတွေ လျှော်ပေးချင်လို့ပါကွာ ဟီးဟီး”

သူကြီးကတော် ဘေးဘီဝေ့ကြည့်ရင်း

“ရှင်က ပုတီးသမား ဟုတ်ပါပြီ၊ ဒါဖြင့် ရှင့်တပည့် ဓားဖိုးဌေးက ဘယ်ရောက်နေလဲ ဟင်”

သူ့စကားလဲဆုံးရော ဓားဖိုးဌေးကြီး သူကြီးအိမ်အောက်ကနေ ဝတ်ဖြူစင်ကြယ်နဲ့ ထွက်လာတယ်။ ပြီးတော့ မျက်လွှာလေးချပြီး

“အဟမ်း သူကြီးကလဲ အဟမ်း၊ ပုတီးသမားဖြစ်နေတော့ အဟမ်း သူ့တပည့် ကျွန်တော် ဖိုးဌေးကလဲ အဟမ်း ပါရမီဖြည့်ဖက်အနေနဲ့ တရားထိုင်”

“တော့် ကိုဖိုးဌေး”

သူ့စကားပင်မဆုံးလိုက်။ သူကြီးကတော်က ဖြတ်ပြီး ဟန့်တယ်။ ဖိုးဌေးမျက်လုံးကလယ်ကလယ်နဲ့

“ဗျာ သူကြီးကတော်”

“တော်ခြုံထားတာ ကျွန်မသားငယ်ဗြောင်ကြီးပုရဲ့ အနှီးတွေ သွားပြန်လှန်းထားလိုက်”

“ဪ ဟုတ်ကဲ့ ဟုတ်ကဲ့၊ အနိစ္စ ဒုက္ခ အနတ္တ”

ဆိုပြီး ယောင်လည်လည်နဲ့ ရုတ်လာတဲ့အနှီး သွားပြန်လှန်းတယ်။ သူ့ခမျာ သူကြီးက အိတ်ထဲက ပုတီးထုတ်ပြလိုက်တော့ လုပ်မိလုပ်ရာ ကလေးအနှီးခြုံလာရတာပ။

ဇာတ်လမ်းက မပြီးသေးဘူး။

“ဒီမှာ ကိုပါကညော”

“ဗျာ မစောပု”

“တစ်ရွာလုံး အခိုးခံရတာ ရှင်ကြားပြီးပြီနော်”

“အေး အေးပါဟာ ပါကညောရှိတယ်၊ ပါကညော”

ဦးပါကညော အသံတွေပါ တုန်နေတယ်။ ဟိုက သူ့မျက်နှာ စေ့စေ့ ကြည့်ပြီး

“အဲ့ဒီထက် ကျွန်မထဘီသုံးကွင်း”

သူ့စကားမဆုံးလိုက်။ ကြားလိုက်ရတဲ့အသံက

“တစ်ကွင်းတည်းပါ အရီးရာ”

“ဟင်”

“ဟာ”

“ဘယ်လို”

အားလုံး အသံလာရာ ဝေ့ကြည့်ကြတယ်။

“ငပိန်”

ငပိန်ကို လူအုပ်ကြားထဲမြင်တော့ အားလုံးကြောင်နေတယ်။ ငပိန် က မျက်နှာကို ခပ်ဖြဲဖြဲလုပ်ရင်း

“အမှန်တော့ အရီးထဘီက လူကြီးထဘီတစ်ကွင်းတည်း၊ အဲ့ဒါကို အရီးအရပ်နဲ့ အရီးဖြတ်ပြီး သုံးကွင်းလုပ်ထားတာ၊ အမှန်တော့ တစ်ကွင်းတည်း အဆင်တူကွင်း အနံတူ”

ငပိန်ကိုမြင်တော့ သူကြီးကတော် အရင်စောပု ကြောင်နေမိတယ်။

သူကြီးပါကညောမျက်နှာကတော့ အပျက်ပျက်အယွင်းယွင်း။ ဓားဖိုးဌေးဆို ခုန တန်းပေါ်ပစ်တင်လိုက်တဲ့ ကလေးအနှီး ပြန်ဆွဲခြုံထားမိတယ်။ သူကြီး ကတော်က ငပိန်ကိုမှ မမြင်ဘူးတာ။

သူကြီးကတော် အံ့အားသင့်ပြီး ငပိန်ကို လက်ညှိုးထိုးကာ

“နင်က ဘယ်သူ၊ နင် ဒီရွာက မဟုတ်ပါဘူး”

အားလုံး ငပိန်ကို ကြောင်ပြီး ကြည့်တယ်။ တချို့ကလဲ ငပိန်ကို သိတာ မကြာသေးဘူး။ တချို့ကလဲ ငပိန်ကို လုံးဝမမြင်ဘူးသေးတာ။

ငပိန်က အားလုံးကို စပ်ဖြဲဖြဲပြန်ကြည့်ကာ

“ကျွန်တော်လား၊ ဟိုဖက်ရွာကပါဗျာ၊ ဒီမှာ လူစုနေတာမြင်လို့ ဝင် လာတာ၊ ဘာမှမဟုတ်ဘူး၊ ကဲ သွားပြီနော်၊ သွားပြီ”

ဆိုကာ လူအုပ်ကြားက ခုန်ပေါက်ပြေးလွှား ထွက်သွားတယ်။ အံမယ် ခပ်ဝေးဝေးရောက်တော့ ကိန္နရီ ကိန္နရာပါ ကပြပြီးမှ ထွက်ပြေးသွားတာ ဗျား။

ငပိန်ပျောက်ကွယ်သွားမှ သူကြီးကတော် အရင်စောပု ကြောင် တောင်တောင်နဲ့

“သူက ဘယ်သူ၊ ငါတို့ရွာသားလဲ မဟုတ်ဘူး”

နောက် မျက်လုံးကြီးပြူးပြီး

“ဟဲ့ ငါ့ထဘီတစ်ကွင်းကို သုံးကွင်းဖြတ်ဝတ်တာ၊ အဆင်တူ အနံ တူနေတာ သူဘယ်လိုသိတာ”

တွေးမိပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊ မျက်လုံးကြီးပြူး ပြီး အသံကုန်အော်လိုက်တယ်။

“သူခိုး သူခိုး သူခိုး အဲ့ကောင်သူခိုး အဲ့ကောင်သူခိုး”

ငပိန်ကိုတော့ ခြေစခြေနတောင် မမြင်ရတော့ဘူး။

အပိုင်း(၄)

အဲ့ဒီကစပြီး ငပိန်ကို အိုးလေးအိုးရွာထဲ အဝင်ကိုမခံတော့ဘူး။

သူခိုးလိုက်တာကလည်း တစ်ရွာလုံးကုန်ပြီကိုး။ ဘယ်လောက်ထိလဲဆို မလက်တိုထန်းတဲထဲ သူ့ခိုးရာ ပါပစ္စည်းတွေ သိမ်းတာကို မဆံ့တော့လို့ အနောက်မှာ ဂိုထောင်တစ်လုံးတောင် ထပ်ဆောက်ပေးရတယ်။

သူကြီးပါကညောနဲ့ ဖိုးဌေးတို့ကတော့ မသိချင်ယောင်ဆောင်ပေးပါရဲ့။ မသိချင်ယောင်ဆောင်တာကလည်းအကြောင်းရှိရဲ့ဗျ။ မှတ်မိမှာပေါ့။ ငပိန်နဲ့သူ အလဲအထပ်လုပ်ခဲ့တဲ့ တိုက်ကြက်ကြီး ငွေထုပ်လေ။

ငပိန်ကပဲ ကံကောင်းနေတယ် ပြောရမလားပဲ။ ပါကညောကြီး ငပိန်ရဲ့ကြက်ငွေထုပ်နဲ့ တိုက်တာ ပွဲကြီးချည်းပဲ သုံးပွဲဆက်တိုက်နိုင်သဗျ။ ဒါကြောင့် ငပိန် သူ့ရွာဝင်ခိုးသွားတာ အပြစ်မမြင်တာလည်း ဖြစ်နိုင်တယ်။ ဒါ့အပြင် သူ့မိန်းမ အရင်ပုအတွက်ကို ထဘီကွင်းကြီးနှစ်ကွင်း ပြန်ဝယ်ပေးလိုက်သေးတယ်။

လူကြီးကွင်းနှစ်ကွင်းဆို သူ့မိန်းမ အရင်စောပုအတွက်တော့ ထဘီ ခြောက်ကွင်းရသွားတာပေါ့။ ဒီတော့ သူကြီးကတော် အရင်စောပုကလည်း သူ့ ထဘီသုံးကွင်းပျောက်တာ မေ့မေ့လျော့လျော့ပဲ။

ဒါပေမယ့် ရွာသားတွေက ဘယ်ရမှာလဲ။ ငပိန် ရွာထဲဝင်တာနဲ့ အရေခွံဆုတ်ပစ်မယ် ဆိုတာချည်းပဲ။ ငပိန်ခမျာ တစ်နှစ်တိတိ ခိုးခွင့်ရတာတောင် ရွာနားကို မကပ်ရဲရှာဘူး။

ဒါပေမယ့် ငပိန်မှာက အကွက်ရှိတယ်။ အကွက်ကမှ အကွက်ကြီး။

ဒီတစ်ခါ ရွာအပြောင်ခိုးဖို့ ကြံစည်ထားတယ်။

ဒီလောက်တောင် ရွာနားတောင် ကပ်မရတာ။ ရွာပြောင်အောင် ခိုးဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲပေါ့။

ငပိန်မှာ အကွက်ရှိပါတယ်ဆို။ အကွက်ကမှ အကွက်ကြီး အကွက်ကောင်း။ အစက ပြောခဲ့တယ်လေ။ မှတ်မိလား။

+++

ဒိုးကျမှာ မြေဝိုင်းရှိတယ်။

အဖွဲ့ကတော့ ထုံးစံအတိုင်း “လက်ျာခံစိမ့်စိမ့်စိုး”။

နောက်ထတွေကလည်း ပေါတာကြီးတို့ ပေါတာလေးတို့ပဲ။ သူတို့နှစ်ယောက်က တစ်နှစ်ကလည်း ပေါတာကြီး အသားမဲတဲ့အကြောင်း၊ ပေါတာလေး သွားခေါတဲ့အကြောင်း၊ ဒါပဲ ပြက်လုံးထုတ်နေကြတာ။

စိမ့်စိမ့် စိုးကလဲ ကလက်တက်တက် ပျံတံတံ။ ကတာက နည်းနည်း၊ ကြာပစ်နေတာက များများရယ်၊ ဒါပေမယ့် ရွာတွေက ပွဲငတ်တော့ ဒါကိုပဲ အကောင်းလုပ်ပြီး ကြည့်နေကြရတာ။

လာကြည့်တာမှ ရွာလုံးကျွတ်။ ရွာလုံးကျွတ်ကို လာကြည့်ကြတာနော်။ ရွာနီးချုပ်စပ်တွေဆို မပြန်ကြဘူး။ ဘာလို့လဲဆိုတော့ ညဖက်ပွဲကြည့်ပြီး နေ့ဖက်ဆို လောင်းကစားဝိုင်းတွေက ရှိသေးသကိုးဗျ။ ပါကညောတို့အကြိုက်ပေါ့။

အဲဒီအချိန်ကျ မြေဝိုင်းအကြောင်းပြပြီး တရားဝင်ကြက်တိုက်လို့ရတာကိုး။ ငပိန်တို့ ကံများကောင်းချင်တော့ ဒီနှစ်မြေဝိုင်းက သုံးညတောင်ဗျား။

သုံးညဆိုရင် ငပိန်အတွက် တစ်ရွာလုံးကုန်အောင် ခိုးဖို့လုံလောက်တယ်။

ငပိန်က ခိုးဖို့ဆို အကြံလဲကြီးတယ်။ သူ့အကြံအစည်က ဒီလို။

ပထမညမှာ သူ တစ်အိမ်တက်ဆင်း လိုချင်တာတွေ လိုက်ကြည့်ထားမယ်။

ပထမညက သတိထားရမယ်လေ။ ရွာမှာ အစောင့်တွေဘာတွေ ချန်ခဲ့နိုင်တာကိုး။

ဒုတိယညမှာ သူလိုချင်တာတွေကို သယ်ဖို့လွယ်အောင် နေရာချထားမယ်။

တတိယညကျမှ အားလုံးကို သူ ပွဲသိမ်းခိုးမယ်ပေါ့။

ဘာလို့လဲဆိုတော့ ပထမညကတည်းက ခိုးလိုက်ရင် ဒုတိယညတို့ တတိယညတို့ ခိုးဖို့ သိပ်မလွယ်တော့ဘူးလေ။

ပထမညကတည်းက ခိုးလိုက်ရင် နောက်နေ့မှာ “ဒီရွာ သူခိုးရှိပြီ” ဆိုတာသိတာနဲ့ အစောင့်တွေချပြီး သူ့ကို ဝိုင်းဖမ်းကြမှာကိုး။ အဲ့တော့ကျရင် ဘာမှမရဘဲ သမခံရမှာလေနော့။

ပထမည၊ ဒုတိယညသာ သူတို့ရွာက ဘာမှပျောက်ရှတာမရှိရင် တတိယည သေချာပေါက် ရွာလုံးကျွတ် မြေဝိုင်းသွားကြမှာ။

အဲဒီတော့မှ တစ်အိမ်တက်ဆင်း ရွာလုံးကျွတ်ဝင်ခိုးနေရုံပဲ။

ငပိန် သူ့အတွေးနဲ့သူ အူမြူးနေတယ်။

ဒါဖြင့် ရွာလူမိုက်ကြီး ပါကညောတို့ ဓားဖိုးဌေးတို့က သူ့ကို စောင့်မဖမ်းနိုင်ဘူးလား။

“ဟင့်အင်း”

အဲ့ဒါတော့ စိတ်ချရတယ်။

ပါကညောဆိုတာ ငယ်ဖြူနှာဘူး။ မွေးရာပါနှာဘူး။ ဖိုးဌေးလဲ ဘာ ထူးလို့။ လက်ျာခံစိမ့်စိမ့်စိုး သူ့ကို ကြာတစ်ချက်ပစ်ရင်ကို စင်နောက်မှာ ဘာလိုချင်လဲ ကြိုပြောထား။ ဖျင်အုပ်လား၊ ပုလဲနားကပ်လား၊ အကုန်ရရစေ့မယ်။

အဲ … စင်ရှေ့မှာတော့ မလုပ်ရဲဘူး။

သူ့မိန်းမ အရင်စောပုရှိလို့။

အရင်စောပုတို့ဆိုတာကလဲ မျိုးနဲ့ရိုးနဲ့ပဲလေ။ ဇက တယ်မသေးလှဘူး။

ပြောရဦးမယ်ဗျ။

တစ်ခါသား သစ်ပင်လှရွာမှာ လူမိုက်လှမောင်ဆိုတာ ရှိသဗျ။

လှမောင်ဆိုတာ အရှိန်အဝါ ဘယ်လောက်ကြီးသလဲဆို သမန်းဝက်တို့ အကြာကြီးမဲတို့တောင် သူ့ရှေ့ဆို မလှုပ်ရဲဘူး။ သမန်းဝက်ဆိုတာ သူ အနိုင်ကျင့်နေကျ။

တစ်နေ့မှာ သတင်းတစ်ခုထွက်လာတယ်။

“လှမောင်ကြီး ဓားထိုးခံရပြီ”

တကယ်လည်းဟုတ်တယ်။ လှမောင်ကြီး တကယ်ဓားထိုးခံရတယ်။

အထိုးခံရတာမှ တစ်ချက်တည်းမဟုတ်ဘူး။ လည်မျိုတစ်ချက်၊ ဆီးခုံတစ်ချက်။

“ဘယ်သူထိုးသွားတာလဲ” ဆိုတော့

“မသိဘူးဗျာ၊ အရပ်ခပ်မြင့်မြင့်ပဲ၊ ထူးခြားတာက ဓားဒဏ်ရာနှစ် နေရာလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်းဝင်လာတာ၊ ဘယ်လိုမှ ရှောင်မလွတ်လိုက်ဘူး” တဲ့။

တစ်ရွာလုံး ခေါင်းခြောက်ကုန်တယ်။ ကြည့်လိုက်တော့ ဓား ဒဏ်ရာတူ။ အနက်အတူတူပဲ။ ရွာမှာကလဲ အရပ်မြင့်မြင့် ဓားသမားမှမရှိတာ။

ဒီလိုနှစ်နေရာလုံးကို ဒုတ်ဒုတ်ထိ၊ တပြိုင်တည်း ထိုးနိုင်ဖို့ဆိုတာ တော်ယုံပညာနဲ့ မရနိုင်ဘူး။

သိုင်းဆရာကြီး ပြောင်းပြန်ဘကြီးသိန်းတောင် လေယူရပါတယ်ဆို။

ဘကြီးသိန်းပြောတာက

“ဒီလိုအနေအထားနှစ်ခုကို တပြိုင်တည်း ထိုးနိုင်ဖို့ဆိုရင် ခြေထောက်ကို ပစောက်ပုံသဏ္ဍာန် ရွှေ့ပြီး ခါးကို လေးကိုင်းသဏ္ဍာန် ကွေးရမယ်။ ပြီးမှ ညာလက်ကို ခေါင်းကျော်ပြီး လည်မျိုကိုထိုး၊ ဘယ်လက်ကျ လက်နောက် ပြန် ဓားကိုကိုင်ပြီး ဆီးခုံကိုထိုးရမယ်၊ ဒီမှာကြည့်”

သူပုံစံပါ လုပ်ပြတယ်။ ခန္ဓာကိုယ်အနေအထားက အတော်မလွယ်တဲ့ အနေအထား။ တော်ရုံလူကတော့ မဖြစ်နိုင်ဘူး။

“အင်း ဒီပညာမျိုးက နန်းတွင်းက ဘုရင့်ကိုယ်ရံတော်နဲ့ လုပ်ကြံ သတ်ဖြတ်ရေးသမားတွေပဲ တတ်လိမ့်မယ်၊ ဒါတောင် ဓားချက်က ဒီလောက် တိကျမှာမဟုတ်ဘူး၊ မဟုတ်မှလွဲရော ဒီဿပါမောက္ခများလားပဲ”

အမှန်တော့ ဘာမှမဟုတ်ဘူး။ အရင်စောပုနဲ့ သူ့အစ်မ နှစ်ဘဝ ကြိုပုတို့ တယောက် အပေါ် တယောက်ထပ် စောင်ကြီးခြုံပြီး အပေါ်က တစ်ယောက်၊ အောက်က တစ်ယောက် ဓားနဲ့ပြိုင်တူထိုးသွားတာ၏

အရင်စောပုရဲ့ပခုံးပေါ် နှစ်ဘဝကြိုပုက ခွထိုင်တယ်။ ပြီးတော့ စောင်ခြုံတယ်။

လှမောင်ကြီးဆီသွားတယ်။ လှမောင်ကြီးကိုတွေ့တော့ နှစ်ဘဝကြိုပုက လည်မျိုထိုးတယ်။ အရင်စောပုက သူမှီရာ ဆီးခုံကိုထိုးတယ်။ ဒါပဲ။ နှစ်ယောက်ထပ်ပြီး စောင်ခြုံထားတော့ ရုတ်တရက်ကြည့်ရင် အရပ် ရှည်ရှည်လူတစ်ယောက်လို့ပဲ ထင်ရတာပေါ့လေ။ နော့။

ဘယ်နန်းတွင်းသိုင်းဆရာမှမဟုတ်ဘူး။

သူတို့မောင်လေး သမန်းဝက်ကို လှမောင်ကြီး အနိုင်ကျင့်တာများပြီး မခံနိုင်လို့ ညီအစ်မနှစ်ယောက်ထပ် စောင်ခြုံပြီး ဓားနဲ့ဝင်ထိုးသွားတာ။

အဲ..အဲ့လိုရာဇဝင်တွေရှိလေတော့ ပါကညောကလဲ လူမိုက်က တော့ တကယ့်လူမိုက်။ ဒါပေမယ့် ဘယ်ယောကျာ်းလေးမှ ကိုယ့်ဆီးခုံ ဓားနဲ့ အထိုးမခံချင်ဘူးလေနော့။

ဒါကြောင့် ကိုယ့်ဘာသာကိုယ် မိုက်တာကမိုက်တာပဲ။ မိန်းမ ကြောက်ရတာက ကြောက်ရတာပဲလေ။

ထားပါ။

ငပိန် အပီကြံစည်ထားတဲ့ မြေဝိုင်းညလေးအကြောင်းပဲ ပြောရ အောင်။

+++

ဒီနှစ်မြေဝိုင်းပွဲက ခါတိုင်းနှစ်ထက် ပိုစည်တယ်။

ဒီနှစ်မှာ ရာသီဥတုကလဲ မှန်တော့ ရွာသား တွေလဲ ဝင်ငွေကောင်းကြသပေါ့။ ပွဲလမ်းသဘင်ကလဲ ရှားတော့ ဒိုးကျရွာ မြေဝိုင်းရှိတယ်ဆိုတာနဲ့ ရွာနီးချုပ် စပ်အားလုံး ကလေးကအစ ခွေးအဆုံး အိမ်ပိတ်လာကြတာ။

ဟိုးအဝေးကြီးက မြင်သာရွာကတောင် နွားလှည်းချည်းပဲ အစီးနှစ်ဆယ်ဆိုလား။

နွားလှည်းတွေ ကွင်းထဲသွင်း၊ တဲထိုးနေကြ ပေါ့။ တချို့ကလဲ ဆရာတော်ကျောင်းဝင်း ဝင်ကူရင်း နေသာတဲ့ရော နေကြတာပဲ။ ဘုန်းကြီးကျောင်းဇရပ် မှာဆို လူဆိုတာ ပေါဌေးနေတာ။

ဒီနှစ်လောက်စည်ကားတဲ့မြေဝိုင်း မရှိဘူးရယ်။

နေ့ပိုင်းမှာ ကြက်ဝိုင်းက တချိမ်းချိမ်း။ တာထွက်မှာတင် ပါကညောကြီး ငွေထုပ်နဲ့ ပွဲကျွတ်နိုင်ပြီး အောင်ပွဲခံနေတာ ကြည့်မကောင်းဘူး။ မလက်တို ဆီက ထန်းပင်သုံးပင် စာရင်းချုပ်ပြီး သူနဲ့ဖိုးဌေးချည်း နေ့မီးညမီး အုပ်နေ တယ်။

ရွာထဲမှာဆိုလဲ လူက ရှောင်လို့မလွတ်ဘူးရယ်။ အရှေ့ကရှောင်ရင် အနောက်ကတိုက်။ အနောက်ကိုရှောင်ရင် အရှေ့ကတိုက်နဲ့၊ လူတွေက အဲ့ သည်လောက်ကို များတာ။

ငပိန်တို့ မောင်စိန်တို့ဆိုတာ ရွာထဲလမ်းသလားရင်း အပျော်ကြီး ပျော်နေကြတယ်။

အမှန်တော့ ဒီလိုအခြေအနေမျိုးမှာ ငပိန်အနေနဲ့ လက်သရမ်းပြီး ခိုးသွားလို့ရတယ်။ ဒါပေမယ့် မလုပ်ဘူး။

“ရွာသိက္ခာကျလို့”တဲ့လေ။ အောင်မယ် သူခိုးက။

တကယ်က ဘာမှမဟုတ်ဘူး။ ဒီလိုရက်မျိုး ရွာမှာခိုးပြီး အမိမခံ ချင်ဘူးလေ။

အကယ်၍များ မိသွားရင် ပွဲပြီးတဲ့အထိ ထိတ်တုံးထဲ နေရမှာကိုး။ ဒီလိုအဖြစ်ခံလို့မရဘူး။

တမြန်နှစ်ကလဲ အဲ့လိုပဲ။ ပွဲရက်မှာ လက်သရမ်းတာ မိသွားလို့ ပွဲပြီးတဲ့အထိ သူတို့ဒိုးကျရွာသူကြီး ဖိုးစံကြီးထိတ်တုံးမှာမိတာ။ သေရော။ အဲဒီနှစ်က ငတ်ရော။

ခုတော့ ငပိန်တို့က ပါးပြီ။ ပွဲခင်းထဲမှာ ဘာခြေဆော့လက်ဆော့မှ မလုပ်ဘူး။

ဖိုးစံကြီးတို့ ရွာခေါင်းဘသန်းတို့က သူ့ကို မလွတ်တမ်း လိုက်ကြည့် နေကြတာကိုး။

နောက်ပြီး သူက လုပ်စရာလဲ မလိုသေးဘူးလေ။ ရက်ပိုင်းကမှ အိုးလေးအိုးရွာမှာ လှိုင်လှိုင်ကြီးခိုးထားတာ မလက်တိုထန်းတဲမှာတောင် မကုန်သေးဘူး။

ပြီးရင် ပွဲညမှာလဲ လှုပ်ရှားရဦးမယ်မဟုတ်လား။

ငပိန် သူ့အတွေးနဲ့သူ ပျော်နေတယ်။ ပျော်တာမှ အကြီးအကျယ် ပျော်နေတာ။

ဒီလိုနဲ့ ပွဲညရောက်လာတယ်ဆိုပါစို့။

“ပုလဲငွေရောင်၊ မြူမှောင်ဝေကင်း၊ အလင်း တဲ့၊ အလင်းကိုဆောင်၊ ပျိုတို့မောင်၊ ပျိုလေးတို့မောင်၊ အို ယောင်ကြီးဗွေတဲ့၊ အနားကိုြွက၊ အားရအောင်ထွေး ပါ့၊ ပွေ့ပါ့၊ နှမလေးရဲ့ ဤခန္ခာ”

ညဉ့်က နက်နေပြီ။ မြေဝိုင်းမင်းသမီး လင်္ကျာခံစိမ့်စိမ့်စိုးရဲ့ အသံစာစာက ပတ်ဝန်းကျင်မှာ ပျံ့လွင့်နေတယ်။

လမ်းမပေါ်မှာလဲ လူရှင်းပြီ။ အားလုံးက ပွဲ ခင်းထဲ လူချင်းဆုံနေကြပြီ။

ရွာလည်လမ်းတလျှောက် အမှောင်ကို အားကိုးပြီး ပြေးထွက်လာသူတစ်ယောက်။

“ငပိန်”

သူခိုးငပိန်။ ဟုတ်တယ်။ ခြေလှမ်းကို ခပ် သုတ်သုတ်လှမ်းတယ်။ သူ့ခြေလှမ်းတွေက လှစ်လှစ်ကလေးရယ်။

မြန်တယ်။ သွက်တယ်။ ပေါ့ပါးတယ်။

ငပိန် ရွာပြင်ကိုထွက်ပြီး အိုးလေးအိုးရွာဖက် မျှော်ကြည့်လိုက်တယ်။

ခါတိုင်းဆို ဒီလိုညမျိုးမှာ ဆီမီးလေးတစ်တိုင် နှစ်တိုင် တွေ့ရတတ် ပေမယ့် ဒီညကတော့ အားလုံးမှောင်မည်းနေတယ်။

သေချာပြီ။ တစ်ရွာလုံး ပွဲခင်းထဲရောက်နေကြပြီ။

ငပိန် ဝမ်းသာအားရပဲ အိုးလေးအိုးရွာထဲ ခပ်သွက်သွက် ပြေးဝင် သွားတယ်။

+++

ရွာလေးက လုံးဝကို တိတ်ဆိတ်လွန်းနေ တယ်။ ခါတိုင်း သူလာရင် ဟောင်နေကျခွေးသံတောင် မကြားရဘူး။ ကြည့်ရတာ အိမ်မွေးခွေးတွေတောင် ပွဲခင်းထဲရောက်နေပုံပဲ။

ငပိန် အခြေအနေကို အသေအချာ အကဲ ခတ်လိုက်သေးတယ်။ အရာရာစိတ်ချရမှ အမှောင်ထဲ ကထွက်ပြီး စိတ်အချရဆုံး အိမ်တစ်အိမ်ပေါ် ပြေး တက်လိုက်တယ်။ ဘေးဘီဝေ့ကြည့်တယ်။ ရှင်းတယ်။ ဒီတော့မှ..

အိမ်ထဲမှာ သူလိုအပ်သမျှကို မွှေနှောက်ရှာ ဖွေလိုက်တယ်။

ပစ္စည်းတွေရှာနေရင်း သူ့ရဲ့ပစ္စည်းလက်ခံ မလက်တိုရဲ့ စကားကို ကြားယောင်မိတယ်။

“ဒန်အိုးတွေ ဒယ်အိုးတွေ ယူမလာနဲ့တော့၊ မြို့က အပေါင်ဆိုင်တောင် သူတို့မှာ များနေပြီမို့ လက် မခံတော့ဘူး၊ ပုဆိုးကိုလဲ ပိုးပုဆိုးပဲ လက်ခံမယ်တဲ့”

အပေါင်ဆိုင်ကတောင် ခိုးရာပါပစ္စည်းကို ကန့်သတ်ပြီဆိုတော့ သူ့ အတွက် ပိုခက်ခဲလာတာပေါ့။ ဒါကြောင့် ပစ္စည်းကောင်းလေးတွေ အသေအချာရှာရတယ်။

နောက်တော့ ပစ္စည်းရှိတဲ့နေရာတွေ အသေအချာမှတ်ရတယ်။ အိမ်တွေများသွားရင် မှတ်ထားတဲ့နေရာတွေ ရောကုန်မှာစိုးလို့။

စိတ်ချရပြီဆိုမှ နောက်တစ်အိမ်ကို ပြောင်းတယ်။ ဒီည သူမခိုးသေး ဘူးလေ။ ပစ္စည်းပဲမှတ်မှာ။

အိမ်တွေက အိမ်စောင့်တောင် မချန်ခဲ့တဲ့အတွက် သူ့အတွက်တော့ အေးဆေးပဲ။ ပစ္စည်းတွေကို စိတ်ကြိုက်ရှာတယ်။ မွှေနှောက်ပြီး လိုချင်တဲ့ ပစ္စည်းနေရာမှတ်ပြီး နေရာတကျ ပြန်ထားတယ်။ နောက်တစ်အိမ်ကို ကူး တယ်။

ဒီအိမ်က ဖွားငွေခင်အိမ်ပဲ။

ဖွားငွေခင်အိမ်ကို သူအိမ်ပေါ်မတက်ဖူးဘူး။ စပါးကျီပဲသွားပြီး စပါး တစ်တင်းခွဲ ခိုးဖူးတာ။ ရှစ်ဆယ်ကျော်အဘွားကြီးအိမ်ဆိုတော့ ဘာမှရှိမယ် မထင်လို့လေ။

“ဒီတစ်ခါတော့ အိမ်ပေါ်တက်ကြည့်ဦးမှပဲလေ”

ဆိုပြီး အိမ်ပေါ်တက်ကြည့်လိုက်တယ်။ မျှော်လင့်ချက်တော့ သိပ် မရှိဘူး။ ဒါပေမဲ့

“ဟာ”

အိမ်ပေါ်ရောက်တော့ သူ အံအားသင့်သွားတယ်။ အဘွားကြီးအိမ် ဆိုပေမယ့် အိမ်အတွင်းမှာက တကယ့်သပ်သပ်ရပ်ရပ်ပဲ။ အားလုံးကို နေရာ တကျစီရီထားတာ။

အတွင်းပစ္စည်းတွေကလဲ မနည်းပဲကိုး။

ငွေထည်၊ ကြွေထည်တွေအပြင် ပိတ်တွေဆိုတာ အုပ်လိုက်ကို စီ ထားတာ။

“အချီကြီး မိပြီဟ”

ငပိန်ကြိတ်ပြီး ဝမ်းသာနေတယ်။ ပိတ်အုပ်နားကပ်ပြီး အသေအချာ ကြည့်မှ

“ဟာ”

ပိတ်အုပ်တွေထောင့်နားမှာ ထောင်ထားတဲ့ စုဗူးတဗူး။ ငပိန် ပျော်သွားတယ်။

စုဗူးကိုယူပြီး အသာလှုပ်ကြည့်တော့

“ချလွင်”

စုဗူး ထဲက ငွေသံတွေကြားတော့ ငပိန် ထ “က” ချင်စိတ်ပါ ပေါက် သွားတယ်။ စုဗူးကို ယူသွားရတော့မလား။ သူစဉ်းစားတယ်။ ငွေက မနည်း ရှိမှာ သူသိတယ်။ နောက်မှ သူစဉ်းစားတယ်။ ဒီစုဗူးတဗူးကို ယူသွားရင် ငွေရမှာမှန်ပေမယ့် ကျန်တဲ့ပစ္စည်းတွေအားလုံး သူလက်လွှတ်ရလိမ့်မယ်။ ဒါကြောင့်ပဲ စိတ်မကောင်းခြင်းများစွာနဲ့ စုဗူးကို နေရာတကျ ပြန်ထားမယ် ဆိုပြီး စင်ပေါ်ကို လက်လှမ်းလိုက်တယ်။

“ချပ်”

“ဟာ”

သူ့အနောက်က ခြေသံလိုလိုကြားတော့ ငပိန်လန့်သွားတယ်။ ဒါကြောင့် ကိုင်ထားတဲ့ စုဗူးလေး အသာပြန်တင်လိုက်ရင်း နောက်ကိုဆုတ်လိုက် တယ်။

“ချပ် ချပ်”

“ဟင်”

သေချာပြီ။ ဒါခြေသံပဲ။ ဒီအိမ်ပေါ်မှာ သေချာပေါက် လူတစ် ယောက်ရှိနေပြီ။

ငပိန် ခေါင်းမွေးပါထောင်လာတယ်။

“ဘယ်သူက ငါ့ကို စောင့်ပြီးဖမ်းပြီလဲ”

“ပါကညောလား၊ ဓားဖိုးဌေးလား”

စဉ်းစားမိပြီး ငပိန် ဒူးပါတုန်တက်လာတယ်။ ပါကညောတို့ ဖိုးဌေး တို့ဆို ရွာမှာ လူမရှိတာနဲ့ကတော့ အသက်ကိုတောင် အာမ မခံနိုင်ဘူး။ စဉ်းစားရင်း ချွေးတွေ စိမ့်ထွက်လာတယ်။ ဒါနဲ့ပဲ..

“ဘယ်သူ ဘယ်သူလဲဟင်”

ငပိန် တုန်တုန်ရင်ရင် မေးရင်း အိမ်ထဲဝေ့ကြည့်လိုက်တယ်။

ဘာမှ တုန့်ပြန်သံမကြားဘူး။ ငပိန် အိမ်ရဲ့အမှောင်ထောင့်ကို ဝေ့ ကြည့်လိုက်တော့

“ဟာ”

အိမ်ရဲ့အမှောင်ထဲမှာ သူ့ကိုစိုက်ကြည့်နေသူတစ်ယောက်။ လုံးဝ မလှုပ်ရှားဘဲ ငြိမ်သက်နေတာ။ ထောင့်ကလေးက မည်းမှောင်နေတော့ လူလုံး မကွဲဘူး။

ငပိန် ဇောချွေးတွေပါ ပျံတက်လာတယ်။ သေချာပြီ။ သူ့ကို လူတစ်ယောက်က အသေအချာစောင့်ကြည့်နေပြီ။ သေချာပြီ။ သူတော့ အဖမ်း ခံရပြီ။

အဲဒီလူထိုင်နေတာကလဲ တံခါးပေါက်ရဲ့အဝလေးဘေးနား တံခါးကွယ် ကလေးမှာ။

ငပိန် ပြေးပေါက်ကိုရှာရင်း

“ဘယ်သူ၊ ဘယ်သူလဲဟင်”

“လှမေ”

“ဟင်”

တစ်ဖက်က ပြန်ဖြေလိုက်တဲ့ မိန်းကလေးသံကြောင့် ငပိန်ကြောင် သွားတယ်။ ရွှေ့နေတဲ့ ခြေလှမ်းပါ ရပ်သွားတယ်။ နောက် အမှောင်ထဲ ဖြဲရဲ ကြည့်ရင်း

“ဘယ်က ဘယ်က လှမေလဲဟင်”

“ဖွားလှခင်မြေး လှမေ”

အမှောင်ထဲက ဖြေသံ။ ငပိန်ကြောင်နေတယ်။

ငပိန်က ဒီရွာကို ကောင်းကောင်းမရင်းနှီးဘူး။ သိပ်မှမလာဖြစ်တာ။

သူ ဦးပါကညောကြီးနဲ့ အလဲအထပ်လုပ်ပြီး ရွာဝင်ရဲတာတောင် ဘယ်လောက် ကြာသေးလို့။ ဒါကြောင့် ဖွားလှခင်မြေး လှမေဆိုတာ သူဘယ်သိပါ့မတုန်း။ နောက်ပြီး သူ့ဆီမှာ ဓားတွေဘာတွေ ပါနေမလား။

ဒါကြောင့် ကြောက်ကြောက်လန့်လန့်ပဲ

“ဒါ ဒါဆိုလဲ အပြင်ကို ခဏထွက်ခဲ့ပေးပါလားဟင်”

အသံက ချက်ချင်းပြန်တိတ်သွားတယ်။ နောက် တရှပ်ရှပ်နဲ့ ကြား ရတဲ့ခြေသံ။

ငပိန် တံခါးဝဖက် ဖင်တရွတ်တိုက်ရွှေ့တယ်။ အမှန်တော့ ငပိန် ထွက်ပြေးဖို့ ပြေးပေါက်ရှာတာ။ ဒါပေမယ့် ဖျတ်ခနဲ ဖြာသွားတဲ့လရောင်။

“ဟာ”

မှုံပြပြအလင်းရောင်အောက် မြင်လိုက်ရတဲ့ မိန်းမပျိုကြောင့် ငပိန် ကြက်သေသေသွားတယ်။

မိန်းကလေးက အရွယ်တော်ကလေး။ ရှိလှ နှစ်ဆယ့်ငါးပတ်ချာ လည်ပေါ့။

အရပ်ကလဲ မနိမ့်မမြင့်၊ ခန္ဓာကိုယ်ကလဲ အတင်းသန်စွမ်းတဲ့ ခန္ဓာ ကိုယ်မျိုး။ လယ်သူမတို့ ပုံစံအတိုင်း ခြေဆစ်လက်ဆစ်က တုတ်တုတ်ခိုင်ခိုင်။ သရက်ထည်အနက်ရောင်ဆင်ထားတော့ မည်းနေတယ်။ ဆံတောက်မဲမဲလေး ကိုလဲ ဂုတ်ဝဲအောင် တိထားသေး။

ညနက်နက်ထဲမှာ မိန်းကလေးကိုမြင်ပြီး ငပိန် ထွက်ပြေးရမယ့် အစား တံတွေးမျိုချနေမိတယ်။ သူမလက်ထဲမှာလဲ သူထင်သလို ဘာမှ ပါမလာဘူး။

ငပိန်က ဆောင့်ကြောင့်လေးထိုင်ပြီး

“လှမေလား”

“ဟုတ်တယ်ရှင့်

ဟိုက ယဉ်ယဉ်ကျေးကျေးပဲ ဖြေတယ်။ ဒါကို ငပိန်ခမျာ တုန်တုန် ရင်ရင်နဲ့

“လှ လှမေ ကိုယ့်ကိုရောသိလား”

လှမေ မျက်လွှာလေးချရင်း

“သိသားပဲ၊ သူခိုးငပိန်”

ငပိန်မျက်နှာထူပူသွားတယ်။ သူ့တသက်တာမှာ သူ့ကို သူခိုးလို့ခေါ် လို့ ဘယ်တုန်းကမှ မရှက်ဖူးဘူး။

“ဘာဖြစ်လဲ၊ ငါ့မှာ သူများတွေလို အလုပ်မရှိ အကိုင်မရှိ မဟုတ် ဘူး၊ ငါက သူခိုးကွ၊ အလုပ်ရှိတယ်” ဆိုပြီး ဂုဏ်တောင် ယူနေသေး။

အခုကျ လှမေက “သိသားပဲ၊ သူခိုးငပိန်”

ဆိုတဲ့ အသံကြားမှ တစ်သက်လုံး မရှိခဲ့ဘူးတဲ့ ရှက်ကြော လက်တစ်သစ်က ဘယ်ကဘယ်လို ပြန်ထောင်တက်လာလဲ မသိဘူး။ ငပိန်ခမျာ ရှက် တာလေ။ မျက်နှာကိုတောင် လုံချည်နဲ့ ပြန်အုပ်ထားချင်မိတော့တယ်။

“ဘယ် ဘယ်ကတည်းက ကျုပ်ကို သူခိုးမှန်းသိနေတာလဲဟင်”

သူ့အမေးကို လှမေ ခဏစဉ်းစားလိုက်ပြီး

“ဟိုတခါ စပါးကျီထဲက ဆန်တစ်တင်းခွဲ လာခိုးကတည်းက လှမေ ရှူးဆင်းပေါက်ရင်း မြင်ခဲ့တာ”

ငပိန် အကြီးအကျယ်တွေ ရှက်နေမိတယ်။

သူခိုးတစ်ယောက်မှာ ကိုယ်ခိုးနေတဲ့အချိန် သူများမြင်သွားတာလောက် ရှက်စရာကောင်းတာ ဘာမှမရှိဘဲကိုး။ ဒါကို လှမေက ဆက်ပြီး

“နောက်ပြီး ဒေါ်ကြိးသီ အိမ်နောက်ဖေးက ဒန်အိုးသုံးလုံး ခိုးတုန်း ကလဲ မြင်ခဲ့သေးတာ”

“ဟမ် မြင်သေးတာ”

“ဒါတင် ဘယ်ကမလဲ၊ ဖိုးသာဂေါင်ကြီး ဘဲတစ်အုပ်ထုံးသုတ်ပြီး မောင်းချသွားတာလဲမြင်သေး”

“ဂိ”

ဘဲတွေက ထုံးမွှန်ရင် အသံမထွက်တော့ဘူးလေ။ ဒါကြောင့် ဘဲ ခိုးရင် ထုံးအိုးဆောင်ရတာ။ ဒါကို ဒီကလေးမ ဘယ်ကဘယ်လို ချောင်းနေ တယ်မသိ။

ငပိန် ကြောင်တောင်တောင်နဲ့ လှမေကို ပြန်ကြည့်မိတယ်။ ဒီရွာ မှာ သူခိုးသမျှ ဒီကလေးမ ဘယ်လိုသိနေပါလိမ့်ပေါ့။ ဒါကြောင့်

“လှ လှမေ၊ ကျုပ် ကျုပ်ခိုးသမျှ ဘယ်လို ဘယ်လိုသိနေတာ”

သူ့အမေးကို လှမေက ရှက်ပြုံးပြုံးကာ ခေါင်းကိုငုံ့ပြီး

“သိတာပေါ့၊ လှမေက သူခိုးငပိန်ရဲ့ ဘစ်ဖင်ပဲ”

“ဟင် ဘစ်ဖင်ဆိုတာ” ငပိန်ရဲ့ အမေးကို လှမေတွေသွားတယ်။

နောက်မှ အသေအချာ စဉ်းစားပြီး

“ဟွာလေ၊ ဘစ်ဖင်ဆိုတာ ပရိသတ်အကြီးစားကိုပြောတာ”

အံမယ်။ လင်္ကျာခံစိမ့်စိမ့်စိုးလို မြေဝိုင်းမင်းသမီးမှ ဖင်ရှိတာ မဟုတ်ဘူး။ ငပိန်လိုသူခိုးကလဲ သူ့ဖင်နဲ့သူပဲ။ ကပ်ပါနေတာ။ ဖင်တောင် ရိုးရိုးဖင် မဟုတ်ဘူး။ ဘစ်ဖင်။

အဲ့ဒီညက ငပိန် ဘယ်အိမ်မှ တက်မခိုးဖြစ်တော့ဘူး။ သူ့ရဲ့ဘစ်ဖင် လှမေနဲ့ တစ်ညလုံး စကားတွေ ဖောင်ဖွဲ့နေမိတော့တယ်။

လှမေက ရုပ်လဲမဆိုးရှာပါဘူး။ ရွာမှာဆို လှတဲ့အထဲပါတာပေါ့။ နောက်ပြီး စကားပြောရင် မျက်လွှာလေးချချပြီး ပြောတတ်တာကို ငပိန် အသည်းတွေယားနေတာ။

ရွာသူဆိုပေမယ့် စကားပြောရင် ဟောဟောဒိုင်းဒိုင်းကြီး မဟုတ်ဘူး။

တိုးတိုး ညင်ညင်သာသာ။ ငပိန်ဆိုတာ လှမေစကားပြောရင် ကပ်ကပ် ပြီးတောင် နားထောင်ယူရတယ်။

ဒီလိုနဲ့ အဲ့ဒီည ဘယ်လိုအာရုဏ်ကျင်း အလင်းရောက်တယ် မသိ လိုက်ရဘူး။

ငပိန်အနေနဲ့ကတော့ ဒီနေ့နေထွက်စောတယ်လို့တောင် ထင်နေမိ တယ်။

မလွှဲသာလို့ ခွဲခွာရမယ့် အနေအထား။

ငပိန် စိတ်မကောင်းကြီးစွာဖြင့် သက်ပြင်းချရင်း

“ကိုပိန်၊ ကိုပိန်သွားတော့မယ်နော်၊ မနက်လင်းရင် ပွဲပြန်သူတွေ လာတော့မှာ”

“ဟုတ်ကဲ့”

ငပိန် မချိတင်ကဲအသံနဲ့

“ဒီညကိုတော့ ကိုယ် တစ်သက်လုံး လွမ်းနေရဦးတော့မှာပဲ”

လှမေ သက်ပြင်းချသံ ကြားရတယ်။

“ပြန်တော့နော်”

လှမေရဲ့ အသံတိုးတိုး။ ငပိန်ရွာပြန်ဖို့ ခြေလှမ်းပြင်တယ်။

လှမေတို့ခြံဝရောက်မှ ကြားလိုက်ရတဲ့အသံက

“နောက်ညလဲ လာဦးမှာလားဟင်”

ငပိန် အသည်းတွေယားကုန်တယ်။ ခြေလှမ်းကိုရပ်ပြီး နောက်ပြန် လှည့်ကြည့်တော့ လှမေ ရှက်ကိုးရှက်ကန်းနဲ့ မျက်လွှာလေးချထားတာ တွေ့ ရတယ်။ ငပိန်က သူ့ရင်ဘတ်ပိန်ပိန်ထဲက ရင်ခုန်သံပိန်ပိန်တွေ အပြင်ခုန် မထွက်အောင် သူ့လက်ပိန်ပိန်ကလေးနဲ့ဖိရင်း

“လာမှာပေါ့ လှမေရယ်၊ ကိုပိန်လာခဲ့မှာပေါ့”

လှမေ မျက်လွှာလေးချရင်းက

“စောင့်နေမယ်နော်”

ငပိန် အသည်းပါမက အူတွေပါယားသွားတယ်။ ချက်ချင်း လှမေ ဆီ ပြန်ပြေးသွားချင်စိတ်ပေါက်တယ်။

ဒါပေမယ့်ပေါ့လေ..

အချိန်တန်တော့လဲ သူခိုးတစ်ယောက်ရဲ့ အိမ်အပြန်လမ်းပေါ့။

“စောင့်နေမယ်နော်”

လှမေရဲ့ အဲ့ဒီအသံက ငပိန်နားထဲက မထွက် ဘူး။ စကားပြောရင် မျက်လွှာချထားတဲ့ လှမေရဲ့ မျက်နှာလေးက ငပိန်မျက်လုံးထဲကမထွက်ဘူး။ အမှောင်ထဲမှာ ရပ်နေတဲ့ လှမေရဲ့ ခန္ဓာကိုယ်က ငပိန် အသည်းထဲက မထွက်ဘူး။

ငပိန်ခမျာ စားလဲဒီစိတ်၊ သွားလဲဒီစိတ် ယုတ်စွအဆုံး ထန်းတဲမှာ ထန်းရည်မှာတာတောင်

“လှမေရေ့ ဒီမှာ တကျည်တောက်ချ”

ဆိုလို့ ဟိုက “လက်တိုပါ၊ ဘယ့်နှယ် လှမေလဲ”

လို့ ပြန်အော်ယူရတဲ့အထိပဲ။

သူငယ်ချင်းအရင်းကြီး မောင်စိန်ကိုတောင် ပါးသွားကိုင်ပြီး

“လှမေရယ်” ဆိုပြီး အာဘွားရှလူးမယ်လုပ်လို့ ဟိုက ထိုးမယ်ကြိတ်မယ် တကဲကဲ။

ငပိန် တစ်နေ့လုံးကို ဆောက်တည်ရာမရ ဖြစ်နေမိတယ်။

သူခိုးတွေဘဝမှာ ခိုးနေတုန်းမှာတောင် စိတ်လှုပ်ရှားတာမဟုတ် ဘူး။ လူမိသွားတဲ့အခါမှ စိတ်လှုပ်ရှားရတာလေ။

အခုတော့ ဘယ်လူမှမမိဘဲ ငပိန် စိတ်လှုပ်ရှားနေမိမှန်းကို မစဉ်းစားတတ်တော့ဘူး။

နောက်မှ ထိတ်ခနဲ ပြန်စဉ်းစားမိတယ်။

“ကိုပိန့်နှလုံးသားကို လှမေများ ခိုးယူသွားပြီလား”

ယောင်ယောင်ကန်းကန်းနဲ့ သူ့ရင်ဘတ်ပိန်ပိန်ကို လက်ပိန်ပိန်လေး နဲ့ ပြန်ဖိထားရတယ်။ ရင်ခုန်သံက ပိန်လိုက်ဖောင်းလိုက်ပဲ။

သေချာတာကတော့ ငပိန်တစ်ယောက် ချစ်စလိကိုက်ပြီလေ။

မှောင်ရီဖြိုးပြီ။

ပွဲခင်းက လူစည်ပြန်ပြီ။

“မနေ့ညက သီချင်းလေးကို ကြိုက်နှစ်သက် တဲ့အတွက် ပြန်လည်တောင်းဆိုမှုကြောင့် ပြန်လည် သီဆိုကပြပါ့မယ်ရှင်”

“ပုလဲငွေရောင် မြူမှောင်ဝေကင်း၊ အလင်း တဲ့အလင်းကိုဆောင်၊ ပျိုတို့မောင် ပျိုလေးတို့မောင်”

လင်္ကျာခံစိမ့်စိမ့်စိုးရဲ့ အသံစာစာကြားရပြီ။ မနေ့ညက သီချင်းကို တောင်းဆိုလို့ ပြန်ဆိုတာတဲ့။ အမှန်တော့ ဘာမှမဟုတ်ဘူး။ သူ အဲ့ဒီသီချင်းပဲရလို့၊ အဲဒီသီချင်းပဲ ပြန်ဆိုနေတာ။ ဒီညတင်မဟုတ်ဘူး။ နောက်ညကျရင်လဲ

“အများရဲ့ တောင်းဆိုမှုကြောင့် ကျွန်မ လင်္ကျာစိမ့်စိမ့်စိုးသီဆိုမယ့် သီချင်းလေးကတော့”

“ပုလဲငွေရောင် မြူမှောင်ဝေကင်း”

ဒီလိုပဲ တစ်ပုဒ်တည်းနဲ့ လုပ်စားနေတာ ခုဆို အိုတောင်နေပြီ။

ပရိသတ်ဆိုတာလဲ သူတို့လုပ်ပြသမျှ ကြည့်ရတာကိုး။

မကြည့်ချင်လဲ အိမ်ပြန်ပေါ့။ အိမ်မပြန်ဘဲ ပွဲခင်းထဲမှာ

“ဟေ့ နှစ်တိုင်း ဒါချည်းပဲလားကွ”

ထအော်ကြည့်ပါလား။ ပွဲဆူအောင်လုပ်တယ်ဆိုပြီး ထိတ်တုံးနဲ့ ညားဦးမယ်။ ဒါကြောင့် မကြည့်ချင်လဲကြည့်ပဲ။

“ပုလဲငွေရောင် မြူမှောင်ဝေကင်း ဟင်းဟင်း”

ကာလသားတွေကတော့ ပွဲကြည့်တာက နည်းနည်းရယ်၊ မြေဝိုင်းကို အကြောင်းပြပြီး ကိုယ်ပိုးပန်းသူအနားကပ်ရဖို့ ကြိုးစားတာများများပေါ့။

မောင်စိန်တောင် သူပိုးနေတဲ့ ပိုးဥနားက မခွာဘူး။

အားလုံးသိတဲ့အတိုင်း ငပိန်ကတော့ ဆန့်ကျင်ဘက်ပဲ။

ပွဲခင်းမှာ လူစုံပြီဆိုတာနဲ့ အမှောင်အားကိုးပြီး ရွာပြင်ကိုပြေးထွက်တယ်။

ပြီးတော့ ရွာအပြင်က သစ်ပင်ကြီးကနေ အိုးလေးအိုးရွာကို လှမ်းမျှော်ကြည့်လိုက်တယ်။ အိုးလေးအိုးရွာမှာ ဆီမီးရောင်တွေ မမြင်ရတော့ဘူး။ ဝမ်းသာအားရပဲ လျင်မြန်တဲ့ ခြေလှမ်းမျိုးနဲ့ အိုးလေးအိုးရွာထဲ ပြေးချသွားတော့တယ်။

ဒီတစ်ခါတော့ သူ့ခြေလှမ်းက ဘယ်အိမ်ကိုမှ မချိုးတော့ဘူး။

အစကတော့ သူ သူကြီးပါကညောအိမ် တက်ကြည့်ဦးမလို့ပဲ၊ ဒါပေမယ့် သိတယ်မဟုတ်လား။ အဲလိုတတ်ကြည့်လိုက်ရင် လှမေနဲ့တွေ့ရချိန် နည်းသွားမယ်လေ။

ဒါကြောင့်ပဲ လက်နှစ်ဖက်က မြင်းတွေကာသလို မျက်လုံး ဘေးနှစ်ဖက်ကာပြီး ဘယ်အိမ်မှ မကြည့်မိအောင် ကြိုးစားပြီး လှမေရှိရာ ဖွားခင်အိမ်ကို ဦးတည်တယ်။

ပြေးရင်းလွှားရင်းကမှ သူ့နောက်ကို တစ်ယောက်ယောက် လိုက်လာ သလို ခံစားရတယ်။ ပြန်လှည့်ကြည့်တော့ ဘာမှမတွေ့ဘူး။

“စိတ်ထင်တာ ဖြစ်မှာပါလေ”

တွေးပြီး သူဆက်ပြေးလာတယ်။ စိတ်ထဲမှာတော့ တထင့်ထင့်။

လှမေတို့အိမ်ဝိုင်းထဲ ရောက်တာတောင် အိမ်ပေါ်တန်းမတက်သေးဘူး။ အိမ်ရှေ့သရက်ပင်အောက် ဝပ်နေလိုက်သေးတယ်။ အခြေအနေ မကောင်းရင် ချက်ချင်းပြန်ထွက်ပြေးလို့ရအောင်။

ရွာအခြေအနေကို အကဲခတ်တယ်။ အိမ်အခြေအနေကို အကဲ ခတ်တယ်။

အားလုံးအငြိမ်။ မီးရောင်ကို လုံးဝမမြင်ရဘူး။

ဘာလှုပ်ရှားမှုမရှိမှ လှမေတို့အိမ်ပေါ် လှစ်ခနဲ ပြေးတက်လိုက်တယ်။

ပြီးတော့ အမှောင်ထောင့်ဘီဒိုနားသွားပြီး ကပ်နေလိုက်သေးတယ်။ ကပ်လိုက်တယ်ဆိုတာနဲ့ လက်က အလိုလို မနေ့ကတွေ့ထားတဲ့ စုဘူးကို စမ်းပြီးသား။ နောက်မှသတိရပြီး စုဘူးကိုပြန်ချကာ

“လှမေ လှမေ”

သူအသံတိုးတိုးနဲ့ ခေါ်ကြည့်တယ်။

တုန့်ပြန်သံ ဘာမှမကြားဘူး။ သူ ဇဝေဇဝါဖြစ်သွားတယ်။

“လှမေများ ပွဲခင်းပါသွားသလား”

လှမေသာ ပွဲခင်းပါသွားလို့ကတော့ သူ့ရဲ့ကြိုးစားမှုက အလဟဿ ဖြစ်ပြီ။ ဒါကြောင့် သူ အသံနည်းနည်းထပ်တင်ပြီး

“လှမေရေ လှမေရှိလား”

ဘာတုန့်ပြန်သံမှ မကြားရ။ မနေ့ညက လှမေထိုင်နေရာကို လှမ်း ကြည့်တော့လဲ ဘာမှမရှိ။ အရှင်းကြီး။ ငပိန် စိတ်ဓာတ်ကျသွားတယ်။ သေ ချာပြီ။ လှမေ ပွဲခင်းထဲပါသွားပြီ။ အိမ်ရဲ့ အမှောင်ထောင့်တွေ လိုက်ကြည့် တယ်။ ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး။ ငပိန်သိလိုက်ပြီ။

မနေ့က “မျှော်နေမယ်နော်” စကားနဲ့ သူ့ကို အချိုသပ်သွားတာပဲ။

တွေးရင်းတွေးရင်း စိတ်ဓာတ် ကျသွားတယ်။ အင်းလေ။ သူ့လိုသူခိုးမျိုးကို ဘယ်မိန်းမပျိုက တကယ်စောင့် နေမှာတဲ့လဲ။ လှမေရဲ့အကြောင်း စဉ်းစားရင်း မနေ့ညက လှမေရဲ့ပါးပြင်က သနပ်ခါးနံ့ကလေးကပဲ အလိုလိုသင်းပျံ့လာသလိုလို။ ငပိန်ခေါင်းခါပစ်လိုက် တယ်။

မဖြစ်နိုင်တာကိုမှ မျှော်လင့်မိတဲ့ သူ့ကိုယ်သူ နောင်တရမိရင်း လူ သာနေပေမယ့် ပညာကမနေဘူးဆိုတဲ့အတိုင်း မနေ့ညက သူရှာဖွေတွေ့ရှိ ထားတဲ့စုဘူးလေး အလိုလို လှမ်းယူမိကာ မချိတင်ကဲ ရေရွတ်မိတယ်။

“လှမေရယ်”

“ရှင်”

“ဟင်”

သူ့နားနားကပ်ထူးသံကြောင့် ငပိန်ကြောင်သွားတယ်။

“ဟင် ဘာ ဘာကြီးလဲ”

ဆိုပြီး အလန့်တကြား လှည့်ကြည့်မှ

“အား”

သူ့နောက်နား ဆောင့်ကြောင့်ထိုင်နေတဲ့ ဆံပင်ဖားလျားကြီးနဲ့ မိန်းမ တစ်ယောက်။

“ဟင် ဟင် ဒါကြီးက ဘာကြီးလဲ”

ငပိန်လန့်အော်ရင်း စုဘူးကိုပိုက်၊ ဖင်တရွတ်ဆွဲကာ ယက်ကန် ယက်ကန်နဲ့ နောက်ပြန်ဆုတ်ကာ

“ဟင် ဒါ ဒါကြီးက ဘာကြီးလဲ၊ ဘာကြီးလဲ”

သူ ကြောက်လန့်တကြားအမေးကို အမှောင်ထဲကသူက

“လှမေလေ ကိုပိန်ရဲ့”

“ဟင်”

လှမေရဲ့အသံကြားတော့ ငပိန်ကြောင်သွားတယ်။ နောက် အသေ အချာလိုက်ကြည့်ပြီး

“လှ လှမေလား”

“ဟုတ်ပါတယ် ကိုပိန်ရဲ့၊ တစ်ညလေးတွေ့ပြီး မမှတ်မိဘူးလား”

စကားသံနဲ့အတူ အပြင်လှမ်းထွက်လာတော့

“လှ၊ လှမေ”

တကယ်ပဲ။ သူ့ရဲ့ ချစ်စလိကိုက် လှမေအစစ်ပဲ။

ငပိန် ဘေးဘီဝေ့ကြည့်ရင်း

“ဟင် လှ လှမေက ကိုပိန့်အနောက် ဘယ်လိုရောက်နေတာလဲ ဟင်”

သူ့အမေးကို လှမေက သူ့မျက်နှာကို လက်ဖဝါးလေးနဲ့အုပ် အသံ တိတ်ရယ်ရင်း

“ဟီဟိ ကိုပိန် ခြံထဲပြေးဝင်လာကတည်းက လှမေက ချောင်းနေ တာ၊ ဟီဟိ”

“အဲ”

“ပြီးတော့ ကိုပိန့်ခြေလှမ်းကို အတုခိုးပြီး၊ ကိုပိန့်နောက်ကို ဝင်ထိုင် နေတာ”

“ငင့်”

သူခိုးကိုယ်တိုင် ပြန်ကြောင်ယူရတယ်။ ညင်သာလိုက်တဲ့ခြေလှမ်း။

“လာလေ ကိုပိန်၊ ဟောဒီအမှောင်နားလေး ထိုင်ရအောင်”

ငပိန် တံတွေးကို ဂလုခနဲ မျိုချပြီး ခုန ရင်ဝယ်ပိုက်ထားတဲ့စုဘူး ကို သူ့နေရာပြန်တင်ထားလိုက်တယ်။ ပြီးတော့ လှမေရှိရာ တိုးကပ်ထိုင်လိုက် တယ်။ ထုံးစံအတိုင်း လှမေက မျက်လွှာလေးချလို့။ ငပိန် လှမေကိုကြည့်ရင်း မရိုးမရွဖြစ်လာတယ်။

ညအမှောင်ထဲမှာ အလှကြီးလှနေတဲ့ လှမောင်ကို တစိမ့်စိမ့်ကြည့် ရင်း

“လှမေ”

“ရှင်”

“လှမေရော ခိုးတတ်လားဟင်”

သူ့စကားကြားတော့ လှမေ မျက်လုံးပြူးသွားပြီး လက်ကလေး ကာကာ

“ဟင့်အင်း လှမေ မခိုးတတ်ဘူးနော်၊ ဘယ်သူ့ပစ္စည်းမှ မခိုးဘူး”

လှမေက အကြောက်အကန် ငြင်းရှာတယ်။ ငပိန်ကသာ လှမေနား တိုးသွားပြီး

“တကယ်ရော ဟုတ်ရဲ့လား လှမေရယ်”

သူ့အမေးကို လှမေက ပျာပျာသလဲ

“တကယ်၊ တကယ်ပြောတာ၊ လှမေ ဟိုးငယ်ငယ်ကလေးထဲက ဘယ်သူ့ပစ္စည်းမှ မခိုးဖူးဘူး၊ ကျိန်ရဲပါတယ်၊ ဘုရားစူးပါရစေရဲ့၊ တကယ်ကို မခိုးဘူးတာပါ၊ ဘာလို့ ဘာလို့မေးတာလဲဟင်”

လှမေက ငပိန်ကို ပြန်မေးတယ်။ ငပိန်က ပြုံးရင်း လှမေလက်ကို ယူ၊ သူ့ရင်ဘတ်ပိန်ပိန်ပေါ်တင်ရင်း

“ကိုပိန့်နှလုံးသားများ လှမေ ခိုးယူသွားလားလို့ပါ”

“အို..ရှင်ရယ်”

ငပိန်ရဲ့ ဂန္ထဝင်မြောက်တဲ့စကားကြားတော့ အပျိုမလေး ရှက်သွေး ဖြာသွားတယ်။

တစ်ခါတည်းပျော့ကိုကျသွားတာ။

ငပိန့်ရင်ဘတ်ပိန်ပိန်ပေါ်က လက်တောင် ပြန်မရုတ်မိတော့ဘူး။

“ကိုယ့်ရဲ့ဘဝတစ်ခုလုံး လှမေရှေ့ရောက်ရင် ပျောက်ပျောက်သွား လို့ပါ လှမေရယ်”

ဒါတောင် လက်က စုဗူးကို လှမ်းကိုင်သေးတာ။ သူခိုးကျင့်သူခိုး ကြံက။

အရာရာကို လက်ရဲဇက်ရဲခိုးလာတဲ့ သူခိုး။

လှမေရဲ့ပါးပြင်ပေါ်က သနပ်ခါးလေး သူ့နှာခေါင်းနဲ့ခိုးဖို့ မဝံ့မရဲ ဖြစ်ရရှာတယ်။

သူခိုးနမ်းလိုက်လို့ များ လှမေသိသွားမလားပေါ့။

မကြာပါဘူး။ နဖူးလေးပေါ်က သနပ်ခါး၊ ပါးပြင်က သနပ်ခါး၊ လည်တိုင်က နံ့သာဆီ၊ စသည် စသည်တို့က ငပိန့်နှာခေါင်း စုန်ဆန်သွားနေ ကျ နှာခေါင်းတူးမြောင်းလေးတောင် ဖြစ်လာပြီပေါ့။

ပြောစရာစကားတွေက တပုံတပင်။ နမ်းစရာအနမ်းတွေက ကုဋေကုဋာပေါ့။

လှမေခမျာလဲ အနည်းငယ်ရဲတင်းလာပြီ။ ဘယ်လောက်ထိလဲဆို ငပိန်များ ရယ်စရာပြောလို့ အားရပါးရရယ်ပြီး စိတ်လွတ်လက်လွတ် ငပိန်ကို တွန်းမိရင် ငပိန်ခမျာ ဖုတ်ဖုတ်ဖုတ်နဲ့ အိမ်အောက် ဒလိမ့်ခေါက်ကွေးကို ပြုတ်ပြုတ်ကျနေလို့ မနည်းကုန်းရုန်းပြန်တက်ရတာ။ ဟိုက လယ်သူမဆိုတော့ သန်ပါ့။

ငပိန်က ငပိန်လေ။ ရည်းစားနဲ့ချိန်းတွေ့တာ ငပိန်ခမျာ ဖုန် တွေကိုလူးလို့။

ဒီလိုနဲ့ပဲပေါ့လေ။

တကယ်ချစ်ရသူနဲ့နေရတာ သိပ်ကြာလှတယ် မထင်ကြဘူးလေ။ ဒီအတိုင်းပါပဲ။ မျက်လွှာလေး အမြဲချထားတဲ့ လှမေမျက်နှာ ကြည့်မဝခင်၊ ပြောစရာစကားတွေ မကုန်သေးခင် လှမေရယ်သံတွေ မဆုံးသေးခင်မှာပဲ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံကြားရတယ်။

ငပိန်ရောလှမေပါ ကိုယ်စီသက်ပြင်းချသံ ကြားရတယ်။ ငပိန်က လှမေမျက်နှာ တစိမ့်စိမ့်ကြည့်ရင်း

“ပြန်ရဦးတော့မယ် လှမေရယ်”

လှမေက မျက်လွှာလေးချပြီး

“ဟုတ်ကဲ့”

ငပိန် နေရာကထပြီး စုဗူး နေရာမှန်မမှန် သွားကြည့်လိုက်သေး တယ်။ နေရာမှန်တယ်ဆိုမှ

“ပွဲခင်းပြီးလို့ လူတွေပြန်လာရင် ဒုက္ခများမှာမို့ ကိုပိန်ပြန်ပါရစေ”

လှမေရဲ့ သက်ပြင်းချသံကြားရတယ်။ ပြီးမှ အသံတိုးတိုးနဲ့

“နက်ဖြန်ညရော လာဦးမှာလားဟင်”

အဲ့ဒီစကားကြားတာနဲ့ ငပိန် လှမေလက်ကလေး ပြေးကိုင်လိုက်ပြီး

“လာမှာပေါ့ လှမေရယ်၊ ကိုပိန် လာခဲ့မှာပေါ့”

လှမေဆီက ရှက်ပြုံးလေးမြင်ရတယ်။ ပြီးတော့

“မျှော်နေမယ်နော်”

စကားသံတိုးတိုးလေး။

ငပိန်ရဲ့ရင်ခုန်သံကို မြန်သွားစေတယ်။ ငပိန် လှမေရဲ့ပါးကို ဖွဖွ လေးနမ်းနေမိသေးတယ်။

မတတ်သာတဲ့အဆုံးမှ လှမေရဲ့လက်ကလေးကို လွှတ်ပြီး

“စောင့်နေနော်၊ ကိုပိန် ဆက်ဆက်လာခဲ့မယ်”

ဆိုပြီး ခပ်မြန်မြန် အိမ်ပေါ်က ပြေးဆင်းလိုက်တယ်။

မဆင်းလို့ မရဘူးလေ။ သံယောဇဉ်တွယ်ပြီး ဆက်နေရင် ပွဲပြန်သူတွေနဲ့တိုးပြီး ကိစ္စများ သွားနိုင်တာကိုး။

ဒါကြောင့် အလင်းရောင်မလာခင် အမှောင်ကိုအားကိုးပြီး ခပ်မြန် မြန်ဒိုးရတာ။

သွားတာတောင် ရွာလမ်းမက သွားတာမဟုတ်ဘူး။ အမှောင်ရှိတဲ့ နေရာကိုရွေးပြီးသွားရတာ။ ဒါမှ လူမမြင်မှာလေ။ သွားနေရင်းနဲ့မှ သူ့စိတ် ထဲ ထိတ်ခနဲဖြစ်သွားတယ်။

သူ့နောက်ကို တစ်ယောက်ယောက် လိုက်လာသလို ခံစားရတယ်။

ငပိန် ဖျတ်ခနဲ ပြန်လှည့်ကြည့်တယ်။ ရိပ်ခနဲ လူတစ်ယောက် ဖြတ်သွားသလို ထင်ရတယ်။ ဒါပေမယ့် ဘယ်သူမှမတွေ့ဘူး။

ငပိန် ခြေလှမ်းကို ဖွဖွကလေး ပြန်စနင်းတယ်။

“ချွတ်”

သေချာပြီ။ ခြေသံက သူ့တစ်ယောက်တည်းခြေသံ မဟုတ်တော့ ဘူး။ ငပိန် နံဘေးနားက မန်ကျည်းပင်ထဲ လှိမ့်ဝင်လိုက်တယ်။ သူခိုးထုံးစံ အတိုင်း ငြိမ်နေလိုက်သေးတယ်။

ပြီးတော့ ပြန်ချောင်းကြည့်တယ်။ ဘယ်သူ့မှ မတွေ့ရဘူး။ ဒါပေ မယ့် သူ့အတွေ့အကြုံအရ အသေအချာသိတယ်။ သူ့နောက်ကို လူတစ် ယောက် လိုက်ကိုလိုက်လာပြီဆိုတာ။

“လှမေများလား”

သူစဉ်းစားကြည့်တယ်။

မဖြစ်နိုင်ဘူး။ မိန်းကလေးတွေဆိုရင် ဒီလောက်အကွာအဝေးနဲ့ ဒီ လိုညမျိုးမှာ အနံ့တစ်ခုရနိုင်တယ်။ နောက်ပြီး မိန်းကလေးတွေက ဒီလောက် ဘယ်လိုမှ မလျင်နိုင်ဘူး။

ငပိန် ပတ်ဝန်းကျင်ကို ပြန်ဝေ့ကြည့်တယ်။ လမ်းက အရှင်းကြီး။ ဘေးနားမှာ သစ်ငုတ်တိုတစ်ခုပဲတွေ့တယ်။

“ဒီလူ ဘယ်မှာသွားပုန်းတာလဲ”

ငပိန်လို ညတိုင်းနီးပါးခိုးနေတဲ့ သူခိုးတောင် မခန့်မှန်းနိုင်ဘူး။ လမ်း ပေါ်မှာလဲ ဘာမှမတွေ့ဘူး။

ငပိန် မန်ကျည်းပင်အောက်က ထွက်ဖို့လုပ်တယ်။

“ဟာ”

သူလှုပ်လိုက်တိုင်း အရိပ်တစ်ခုက လိုက်လှုပ်လာသလို ခံစားရတယ်။ ငပိန်ပြန်ငြိမ်နေလိုက်တယ်။ ပြီးမှ မန်ကျည်းပင်အောက် ခေါင်းထွက်ပြီး အရဲ စွန့်မေးလိုက်တယ်။

“ဘယ်သူလဲ”

အပြင်က တုန့်ပြန်သံမကြားရဘူး။ လှုပ်ရှားမှုလဲ ဘာမှမတွေ့ရဘူး၊ ငပိန်ထွက်ပြေးရင်ကောင်းမလား စဉ်းစားလိုက်သေးတယ်။

ထွက်ပြေးရင်ရော ဟိုက တုတ်တွေဓားတွေနဲ့ဆို လွတ်နိုင်ပါ့မလား။ ဒါက အခြေအနေပိုဆိုးသွားနိုင်တယ်။ ဒါကြောင့်ပဲ အပြင်ကို အကဲခတ်ရင်း

“ဘယ်သူလဲလို့ မေးနေတယ်လေ”

ဘာမှတုန့်ပြန်သံ မကြားရဘူး။ အားလုံးက ငြိမ်သက်နေတယ်။

အတော်ကလေးကြာမှ သူမြင်နေတဲ့ သစ်ငုတ်တိုက နည်းနည်းလှုပ် လာတယ်။

“ဟာ”

လမ်းမဘေး သစ်ငုတ်တိုကြီး လှုပ်လာတာမြင်တော့ သူ အံ့အား သင့်သွားတယ်။ လေမတိုက် ဘာမတိုက်နဲ့ ဘာလို့ သစ်ငုတ်တိုကြီး လှုပ်တာ လဲပေါ့။

“အဲ”

ကြည့်နေရင်းကမှ သစ်ငုတ်တိုကြီးက ပိုလှုပ်လာတယ်။

“ဟာ”

အမှန်တော့ သူမြင်နေတာ သစ်ငုတ်တိုမဟုတ်ဘူး။ လူတစ်ယောက် မြေပြင်ပေါ် ဖင်ထောင်ပြီး ဝပ်နေတာ။ အမှောင်ထဲမှာဆိုတော့ ဖင်ထောင် နေတာကို သူ အမြင်မှားပြီး သစ်ငုတ်တိုထင်နေတာ။

အဲဒီလူ တဖြည်းဖြည်း မတ်တပ်ရပ်လာတယ်။

“အဲ”

အဲ့ဒီလူက သူပိန်ပါတယ်ဆိုတာထက် ပိုပိန်ပြီး အရပ်က ပိုတောင် ပုနေသေးတယ်။ အင်္ကျီဗလာကျင်းနဲ့ဆိုတော့ မတ်တပ်ရပ်ထားလဲ သစ်ကိုင်း ခြောက်အတိုင်းပဲ။

အဲ့ဒီလူကပဲစပြီး

“သူခိုးငပိန်ဆိုတာ မင်းလား”

အလင်းရောင်ကောင်းကောင်းမရသေးတော့ အဲ့ဒီလူမျက်နှာ မမြင် ရသေးဘူး။

ခန္ဓာကိုယ်အဆစ်အပေါက် ကြည့်ရတာတော့ သူတို့အရွယ်လောက် ပဲရှိမယ်။ နောက်ပြီး သူ့ကိုလာမေးနေတာဆိုတော့ ဒိုးကျနဲ့ အိုးလေးအိုးက တော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်ငပိန် မန်ကျည်းပင်အောက်က ရဲရဲတင်းတင်း ပဲ ထွက်လိုက်တယ်။

ပြီးတော့ ခပ်တည်တည်ခါးထောက်ပြီး

“ဟုတ်တယ်၊ မင်းကဘယ်သူလဲ”

တဖက်လူက အရှေ့နည်းနည်းတိုးလာပြီး

“မင်း သူခိုးအဖြစ်သာ နာမည်ကြီးတာ၊ မိန်းမတွေကို ကိုင်တွယ်ပုံ က ညံ့သကွာ”

ငပိန် အံ့အားသင့်သွားတယ်။ သေချာပြီ။ ဒီလူ သူ့ကို ညဦးတည်းက ချောင်းနေတယ်ဆိုတာ။ သူ့လိုသူခိုးကိုမှ လာပြန်ချောင်းတယ်ဆိုတော့ ဒီ ကောင် ခပ်ပေါ့ပေါ့ကောင်တော့ မဟုတ်ဘူး။

“မင်း မင်းဘယ်သူလဲ၊ ဘယ်ကလဲ”

သူ့အမေးကို တစ်ဖက်လူက ရှေ့တိုးလာပြီး

“ငါ့နာမည်လှဦး၊ မြင်သာရွာက လူမိုက်လှဦး”

“ခွီး”

ငပိန်ခိုးရယ်မိသွားတယ်။ ဒီခန္ဓာကိုယ် ဒီအဆစ်အပေါက်နဲ့ ဘယ် လိုမှ လူမိုက်မဖြစ်နိုင်ဘူး။ လူမိုက်ရူးပဲ ဖြစ်လိမ့်မယ်။ နောက်ပြီး မြင်သာရွာ ဆိုတာကလဲ လူမရောက် ငှက်မပေါက်ရွာလေ။ သူတို့ရွာက လူသိများတာ သူကြီးဖိုးထင်ပဲရှိတယ်။ ဒီနယ်တဝိုက်မှာ မြို့ပိုင်မင်းရဲ့ နှစ်လုံးပြူးချီးမြှင့် ထားတာ သူပဲရှိတာကိုး။ ဒါတောင် တောသားတွေ ထိန်းရခက်လို့ ပေးထား တာ။

ငပိန်က လှဦးဆိုသူကို အသေအချာကြည့်ပြီး

“မင်း ဘာလို့ ငါ့နောက်လိုက်နေတာလဲ”

ငပိန်အနားကပ်ကြည့်မှ ငတိက ဗလမရှိ၊ အရပ်ပုတဲ့အပြင် ရုပ်က လဲ အတော်ဆိုးရှာတာပဲဆိုပြီး သိရတယ်။ လှဦးက ခပ်တည်တည်ပဲ

“ဒိုးကျမှာ မြေဝိုင်းရှိတယ်ဆိုလို့ စုတ်ထိုးဆရာ လာရှာတာကွ”

လှဦး ဘာပြောချင်မှန်းမသိလို့ ငပိန်ငေးကြည့်နေတယ်။

“မတွေ့ပါဘူးကွာ၊ လက်ရာကောင်းတဲ့ စုတ်ထိုးဆရာ”

ခုထိကို လှဦး ဘာဆိုလိုချင်မှန်း ငပိန် မစဉ်းစားတတ်ဘူး။ ဒါနဲ့ပဲ

“အဲဒါနဲ့ မင်းငါ့နောက်ကို ဘာလို့လိုက်နေတာလဲ”

လှဦးက ပြုံးလိုက်ပြီး

“မင်းက နာမည်ကြီးသူခိုးလေ”

ငပိန်ဂုဏ်ယူရမလိုတောင် ဖြစ်သွားတယ်။ သူ သူခိုးမှန်း ဟိုး.. တောရွာကတောင် သိနေပြီကိုး။ ဒါကြောင့် ရင်ကော့ပြီး

“အဲဒီတော့”

“နာမည်ကြီးသူခိုးဆိုတော့ ထောင် တန်းတော့ ကျဖူးမှာပေါ့”

“ဘာပြောတာလဲကွ”

ငပိန် ခုထိနားမလည်နိုင်သေးဘူး။ လှဦးက ငပိန်ကို လှည့်ပတ် ကြည့်နေရင်းက ရုတ်တရက်ရပ်ပြီး

“အဲဒီတော့ ထောင်ထဲမှာ စုတ်ထိုးတာများ သင်ခဲ့သလားလို့ပါ”

ငပိန် မျက်မှောင်ကျုံ့ပြီး

“မင်း ဘာလုပ်ချင်တာ”

လှဦး ငပိန်ရဲ့ပခုံးကိုညှစ် သူ့ရင်ဘတ်ကို အားရပါးရပုတ်ကာ

“ဟောဒီ ငါ့ရင်ဘတ်ကျယ်ကြီးမှာ လူလေးစားလောက်တဲ့အရုပ် တစ်ရုပ် တင်ချင်လို့ပေါ့ကွာ”

“ခိ”

ငပိန် ခိုးရယ်မိသွားတယ်။

သူ့ရင်ဘတ်ကျယ်တဲ့။ သူ့ရင်ဘတ်က အားလုံးပေါင်းမှ လက်သုံး လုံးလောက်ရှိတာ။ တကယ်စုတ်ထိုးရင် တီကောင်ပုံတောင်မရဘူး။ ငပိန်က မျက်မှောင်ကျုံ့ပြီး

“မင်းက ဘာအရုပ်တင်ချင်တာလဲ”

လှဦး ငပိန်ရဲ့နားနားကပ်ပြီး တိုးတိုးလေးပြောတယ်။

“အာဠာဝက”

“ဟင်”

ငပိန် အံ့အားသင့်သွားတယ်။ အာဠာဝကဆိုတာ တော်ရုံလူထိုးရဲ တာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အာဠာဝကသာ တကယ်စီးသွားရင် ထိန်းမနိုင်ဘူးရယ်။

သစ်ပင်လှရွာက သမန်းဝက်တောင် ဝက်ခုံးထိုးမိထားတာ ဒုက္ခတွေရောက်လို့။ အရက်ကလေးများဝင်ရင် ထိန်းမနိုင်ဘူး။ ဘယ်လောက် ထုထု ကုန်းကုန်းတက်လာတာ။ အခု မြင်သာရွာက လှဦးထိုးချင်တာ တကယ့် ကြမ်းပေ့ရမ်းပေ့ဆို တဲ့ အာဠာဝက တဲ့။ သူစဉ်းစားနေတုန်းမှာပဲ လှဦးက ခပ်လှမ်းလှမ်းရောက်သွားပြီ။

သူ မြင်နေရာကနေ အမှောင်ထဲတိုးဝင်ရင်း

“နောင်တချိန်မှာ မြန်မာပြည်တလွှား လူပြောများတဲ့ (ဘီလူးလှဦး) ဆိုတာ ငါပဲဖြစ်ရမှာကွ၊ ဟားဟား ဘီလူးလှဦးတဲ့ကွ”

လှဦးရဲ့ အော်ဟစ်ရယ်မောသံ။ ငပိန် ကြောင်တောင်တောင်နဲ့ ရေ ရွတ်မိတယ်။

“ဘီလူးလှဦး”

အပိုင်း (၅)

ငပိန်ရဲ့စိတ်ထဲ မြန်မြန်ညရောက်ပါစေ ဆုတောင်းနေမိတယ်။

ညရောက်မှ သူချစ်တဲ့လှမေလေးနဲ့ တွေ့ရမှာကိုး။

ငပိန်တစ်ယောက် လှမေကို အစွဲလမ်းကြီး စွဲလမ်းနေပေပြီ။ တစ်ခါမှ ဒီလိုမချစ်ဘူးတော့လည်း လူက နေမထိထိုင်မသာ။

အပျော်လွန်ပြီး ထကနေရမလား။ လွမ်းလွန်းလို့ ခွေနေရမလားလဲ မသိ။ စိတ်ထဲမှာလဲ လှိုက်ခနဲ လှိုက်ခနဲ။ လှမေရဲ့ မျက်နှာဝိုင်းလေးက ကွက်ခနဲ ကွက်ခနဲ။ ရုတ်တရက် လှမေရဲ့မျက်နှာလေး အတွေးထဲမပေါ်တော့ရင် အတင်းပြန်လိုက်ရှာရတာမျိုးကလား။ သူ့မျက်နှာလေး ပြန်မြင်ရမှ ကျေနပ်နေတာမျိုး။

တွေ့ချင်စိတ်ကလဲ နွားသိုးကြိုးပြတ်လို့။ ချက်ချင်းပဲ ထပြေးသွားချင် စိတ်ကို အတင်းမျိုသိပ်နေရတာ။

နေ့ခင်းပိုင်းကြီးလည်း အိုးလေးအိုးထဲ ဝင်သွားလို့မရဘူးလေ။ သူ့ကို မြင်ရင် ဝိုင်းရိုက်လွှတ်မလား၊ ထိတ်တုံးစာမိမလားပဲ။ ပါကညောကြီးကတော့ ပြန်လွှတ်မယ် ကတိတော့ ထားပါရဲ့။ ဒါပေမယ့် တစ်ရက်လောက် မသိချင် ယောင်ဆောင်နေရင်လဲ သူ့အတွက်ကတော့ တစ်ကမ္ဘာပဲ မဟုတ်လား။

လှမေလေးနဲ့ တစ်ညမတွေ့ရရင် သူ့အတွက် တစ်ကမ္ဘာစာလောက် ဝေးသွားမှာ။

ခုနစ်ရက်မတွေ့ရလို့၊ ရက်ပေါင်းခုနစ်ရာဆွေးတဲ့ ကိန္နရီ ကိန္နရာ မောင်နှံအကြောင်းတော့ သူမသိဘူး။ သူသိတာ လှမေလေးနဲ့ တစ်ညတာ ဝေးရရင် တစ်ကမ္ဘာရေးရသလိုပဲ။

“လှမေလေးရယ်”

အလိုလိုနေရင်း လှမေနာမည်ကို ရေရွတ်နေမိတယ်။ တခါတခါ ငှက်ဖျားတက်သလို တဟီးဟီးနဲ့ တုန်တက်လာသေး။ အသက်ရယ်လဲ ကောင်းကောင်းမရှူတော့ပါဘူး။ အသက်ရှူပြီး ပြန်မှုတ်ထုတ်လိုက်ရင် လှမေရဲ့ ကိုယ်သင်းနံ့လေး ပျောက်သွားမှာစိုးလို့။ ဒါကြောင့် အသက်ကိုတောင် အောင့်နိုင်သလောက် အောင့်ထားတယ်။

ငပိန် သူ့ဟာသူစဉ်းစားမိတယ်။

ဒီအတိုင်းဆိုရင်တော့ မဖြစ်ချေတော့ဘူး။

“လှမေလေးကိုခိုးပြီး နှစ်ကိုယ်တူဘဝ တည်ဆောက်မှပဲ”

ငပိန် သူ့အတွေးနဲ့သူ ပျော်သွားတယ်။ သူ့စိတ်ကူးထဲမှာတော့

“လှမေနဲ့ညားပြီး ကလေးအများကြီးမွေးမယ်၊ ကလေးတွေအတွက် မျက်နှာဖုံးလေး ကြိုတင်တွေးထားဦးမှပဲ”

သူ့အတွေးထဲမှာတော့ သူတို့မိသားစုလေး မျက်နှာဖုံးလေးတွေနဲ့ အေးချမ်းလို့။

ဒိုးကျ မြေဝိုင်းနောက်ဆုံးညပေပဲ။

“ပုလဲငွေရောင် မြူမှောင်ဝေကင်း၊ အလင်း တဲ့ အလင်းကိုဆောင်၊ ပျိုတို့မောင် ပျိုလေးတို့မောင် အို ယောင်ကြီးဗွေတဲ့၊ အနားကိုြွက၊ ထွေးပါ့ပွေ့ပါ့ နှမလေးရဲ့ ဒီခန္ဓာ”

“ပလီနွဲ့နွဲ့ ရိသဲ့သဲ့ပြောရမှာ၊ ပျိုကလေးရဲ့ ဝန်တာ၊ မောင်ကြီးရဲ့ ပျို့မောင်ကြီးရဲ့ အချစ်ထုံးကလေး ဖြေ..ပါ၊ ပျိုကညာ အို..ဇရာကို အန်တုလို့၊ ကျော့ ကျော့ကလေး မောင့်ရင်ခွင်မှာ တစ်သက်လုံး တစ် သက်လုံး ပြုံးပြုံးကလေး နေချင်တာ”

လက်ျာခံစိမ့်စိမ့်စိုးရဲ့ တစ်ပုဒ်တည်းသော သီချင်းကိုကြားရပြီ။ ကာလသားတွေလဲ မီးကုန်ယမ်း ကုန် ငမ်းကြပြီပေါ့။ နောက်ဆုံးညကိုး။ မောင်စိန် တောင် ပိုးဥကို ဒီညရအောင်ခိုးမတဲ့။

ဒီလိုညမျိုး ပြန်ရောက်ဖို့ နှစ်ပေါက်အောင် ထပ်စောင့်ရမှာလေ။ ပွဲငတ်သူတွေအတွက်တော့ နောက်ဆုံးညဆိုတာ တကယ့်ကို ပြန်မရနိုင်တဲ့ ညပေပဲ။

ထို့နည်းတူစွာပဲ ဒီညဆိုတာကလဲ ငပိန်အတွက် နောက်တစ်ခါ ပြန်မရနိုင်တဲ့ညပဲလေ။ နောက်ညတွေဆို လှမေလေးနဲ့ ဒီလိုမျိုး လွတ်လွတ် လပ်လပ်တွေ့ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ပွဲလဲပြီးသွားပြီဆိုတော့ ရွာမှာက လူပြန်စုံပြီလေ။ ဒီတော့ ရွာထဲကို ဝင်ရထွက်ရက ခက်ပြီ။

ချိန်းတွေ့ပြီထားပါတော့။ တစ်ယောက်ယောက်မိသွားရင် မခက်လား။ သူက အစကတည်းက နာမည်ပျက်နဲ့သူခိုး။ ဘယ်အချိန်မိမိ ထိတ်တုံး နဲ့ညိမှာပဲ။

ဒါကြောင့် ပွဲခင်းမှာ လူစုံတာနဲ့ ငပိန် အိုးလေးအိုးရွာဖက်ကို ပြေး သွားတော့တာ။

ဒီကြားထဲ မနေ့ညကလို မြင်သာရွာက လူမိုက်ရူးလှဦး လိုက် လာလေမလားဆိုပြီး ဘေးဘီကြည့်ရသေး။ အခြေအနေက ခါတိုင်းညထက် ပိုပြီးထူးထူးခြားခြား ပိုတည်ငြိမ်နေသေး။ ငပိန် ဘယ်အိမ်မှ မကပ်တော့ဘဲ လှမေလေးရှိရာ ဖွားလှခင်အိမ်ကို တန်းပြေးချသွားတာ။ ဒီတစ်ခါ အိမ်ဝိုင်းထဲ က သရက်ပင်ကိုလဲ ဝင်မကပ်တော့ဘူး။ ခြေဖော့နင်းပြီး အိမ်ပေါ်တန်းတက် တာ။ ပြီးတော့ အမောတကောနဲ့ လှမ်းခေါ်လိုက်တယ်။

“လှမေ လှမေ”

“ရှင်”

လှမေရဲ့ တုန့်ပြန်သံကလဲ မြန်တယ်။ သူကလဲ ငပိန့်ကို မျှော်နေ ပုံပဲ။

လတ်လတ်ဆတ်ဆတ် လူးထားတဲ့ သနပ်ခါးနံ့က မွှေးအီနေတယ်။ ငပိန် မနေနိုင်တော့ဘူး။ လှမေရှိရာ ပြေးသွားပြီး

“ရှလူး”

“အို အမေ့”

သူ့နှာခေါင်းတုံးတုံးကြီးနဲ့ လှမေရဲ့ပါးပြင်ပေါ် တုံးတိကြီး ဆော်ပစ် တာ။

“ဖြည်းဖြည်းလုပ်ပါ ကိုပိန်ရယ်၊ တစ်ညလုံးအချိန်ရသေးတဲ့ဟာကို”

“ရှလူး”

မသိရင် နှာရည်ယိုလို့ပဲ နှာခေါင်းထဲ ရေရှူသွင်းတာ ကျနေတာ။ ပြီးတော့ အလောတကြီးနဲ့

“လာ လှမေ လှမေကို ကိုပိန်ပြောစရာရှိတယ်”

“ရှလူး”

ပြောတာက ပါးစပ်ကရော နှာခေါင်းကရော ပြောနေတာ။ ကျန် တာဆို ပြောမနေနဲ့တော့။ အစကတည်းက သူခိုး။

“သူခိုးလက် ဝက်မှီးလေ”

“ကဲ ဟုတ်ပါပြီ၊ ထိုင်ပါရစေဦး”

အမှောင်ထောင့်ကလေးမှာ နှစ်ယောက်သား ထိုင်လိုက်ကြတယ်။ ငပိန်က မျက်လွှာချထားတဲ့ လှမေမျက်နှာလေးကို ငေးကြည့်ရင်း

“လှမေရယ်”

လှမေက ရှက်ပြုံးလေးပြုံးနေတယ်။ ငပိန်ကသာ အဖျားတက်တဲ့ လေသံကြီးနဲ့

“ကိုယ်၊ ကိုယ်မနေနိုင်တော့ဘူး လှမေရယ်”

လှမေ မျက်လုံးပြူးသွားတယ်။ ပြီးတော့ တစ်ဖက်လှည့်ပြီး

“အီးပါချင်လို့လား၊ အဲ့ဒါဆိုလဲ တုတ်ချိုးပြီး တောထဲပြေးလေ”

ငပိန် ခေါင်းကုတ်သွားတယ်။ ပြီးမှ

“အာ အဲ့ဒါပြောတာမဟုတ်ဘူး လှမေရဲ့၊ ဟိုလေ”

ငပိန် သူ့ခေါင်းသေးသေးလေးကို သူပြန်ကုတ်တယ်။ ပြီးတော့ စဉ်း စားမိဟန်နဲ့

“ကိုယ် လှမေနဲ့ခွဲပြီး မနေနိုင်တော့ဘူး”

သူ့စကားကို လှမေက ပြုံးပြီး

“ဒါဆို ဒီနားတိုး”

“တိုးပြီ”

ငပိန် ယောင်ပြီး လှမေနားတိုးသွားလိုက်သေးတယ်။ နောက်မှ လူချင်းခွာပြီး

“ကိုယ်ပြောတာ ဒီတခနတာ မဟုတ်ဘူး လှမေရဲ့၊ တစ်ဘဝစာ”

“ဟင်”

ငပိန်ရဲ့စကားကြောင့် လှမေကြောင်သွားတယ်။ ငပိန်က အတည် ကြီးပြောနေတာကိုး။ ငပိန်ကသာ လှမေကိုတိုးဖက်ပြီး

“ဟုတ်တယ် လှမေ၊ ကိုပိန် လှမေနဲ့ မခွဲနိုင်တော့ဘူး၊ ဒီတော့ လှ ပိန် ကိုမေကိုခိုး၊ အဲလေ စကားတောင်မှားကုန်ပြီ၊ လှမေကို ကိုပိန် ဒီည ခိုး ပြေးတော့မယ်ဟာ”

“ရှင်”

လှမေ မျက်လုံးလေးပြူးပြီး ကြောင်နေတယ်။ ဒါကို ငပိန်က လှမေ ရဲ့လက်ကိုဆွဲပြီး

လိုက်ခဲ့ပါလား လှမေရယ်”

“အို”

လှမေ မျက်လွှာလေးချသွားတယ်။ ပြီးတော့ တစ်ဖက်လှည့်ပြီး

“စဉ်းစားပါဦး ကိုပိန်ရယ်၊ လှမေက ကိုပိန့်နောက်လိုက်ပြီး ဘယ်လိုနေရမှာလဲ၊ ကိုပိန်ကရော လှမေကို ဘာတွေဘယ်လိုလုပ်စားကြမှာလဲ”

လှမေအမေးကို ငပိန်က မျက်မှောင်ကျုံ့ပြီး

“အုန်းနို့ခေါက်ဆွဲ လုပ်စားကြမလား၊ ကိုပိန်သိပ်ကြိုက်တာ”

သူ့စကားကို လှမေက

“အာ အဲ့ဒါကိုပြောတာ မဟုတ်ဘူးလေ၊ အလုပ်အကိုင်ကို ပြောနေ တာ”

လှမေအမေးကို ငပိန်က အားတက်သရော ရင်ကော့ပြီး

“အာ လှမေရာ၊ နေတာက တောထဲဘယ်နားနေနေ၊ လုပ်ကျွေးတာက ကိုပိန်ခိုးကျွေးမှာပါ၊ ကိုပိန်က သူခိုးပဲ၊ ဘယ်တော့မှ မငတ်စေရဘူး စိတ်ချ”

လှမေ မျက်နှာပျက်သွားတယ်။ သက်ပြင်းချတယ်။ ပြီးမှ အမှောင် ဖက်ကိုငေးပြီး

“ကိုပိန်ရယ်၊ ဘယ်သူကများ သူခိုးမယားဖြစ်ချင်မှာလဲ၊ ကိုယ့်ယောကျာ်းဟာ သူခိုးတစ်ယောက်ပါလို့ ဘယ်သူက ဂုဏ်ယူပြောတာ မြင်ဖူးလို့လဲ”

ဒါကိုတောင် အကင်းမပါးတဲ့ငပိန်က ရင်ကော့ပြီး

“လှမေပြောလေ”

လှမေ ခေါင်းငုံ့ပြီး

“လှမေ သူခိုးမယား မဖြစ်ချင်ဘူး”

ငပိန်တွေသွားတယ်။ ဟုတ်လဲဟုတ်သား။ ဘယ်သူက သူခိုးမယား ဖြစ်ချင်မှာလဲလေ။ လှမေတို့လို မိန်းမကောင်းတစ်ယောက်က ပိုပြီးတောင် မမျှော်မှန်းသေး။

ငပိန်ပျော့ကျသွားတယ်။ သူ့မှာလဲ လုပ်တတ်တာဆိုလို့ ခိုးတာ တစ်ခုရှိတာကိုး။ ဒီအကျင့်ကို မဖျောက်နိုင်ရင်တော့ လှမေနဲ့သူနဲ့ဝေးပြီ။

လှမေနဲ့ဝေးပြီဆိုတာ စဉ်းစားလိုက်ယုံနဲ့ ငပိန်ရဲ့ရင်ပိန်ပိန် တဒိုင်းဒိုင်းနဲ့ ခုန်လာတယ်။ ဒါကြောင့် လှမေရဲ့လက်ကလေးဆွဲပြီး

“ကိုပိန် ကိုပိန် မခိုးတော့ဘူးဆိုရင်ရော”

လှမေက ဝေ့ကြည့်ပြီး

“မခိုးတော့ရင် ကိုပိန်က လှမေကို ဘယ်လိုလုပ်ကျွေးမှာလဲ”

ငပိန်က သူ့ရှိစုမဲ့စု လက်မောင်းပိန်ကို ထောင်ပြပြီး

“ကိုပိန့်မှာ အင်အားရှိပါတယ်၊ ကိုပိန်လုပ်ကျွေးမှာပေါ့”

ဒါကို လှမေက

“ဟွန်း ဒီလက်မောင်းလေးနဲ့”

ဆိုပြီး မူပြီးတွန်းချလိုက်တာ ငပိန်အိမ်ခါးပန်းကတဆင့် လှေကားအတိုင်း ဖုတ်ဖုတ်ဖုတ် ပြုတ်ကျသွားတာ။ ငပိန် ဖုန်တွေအလူးလူးနဲ့ ပြန်ပြေးတက်လာပြီး

“တကယ်ပြောတာပါ လှမေရယ်၊ ကိုပိန် ဘယ်တော့မှ မခိုးတော့ဘဲ ကောင်းကောင်းမွန်မွန် လုပ်ကျွေးမယ်ဆိုရင် လှမေ ကိုပိန့်နောက်လိုက်မှာလား”

လှမေက ခေါင်းကိုငုံ့ပြီး

“တကယ်ပြောတာလား၊ တစ်သက်လုံး မခိုးရဘူးနော်”

ငပိန် တံတွေးမျိုချပြီး.

“တကယ် တကယ်ပြောတာပါ၊ လှမေသာ ကိုပိန့်နောက်လိုက်ခဲ့ရင် ကိုပိန် တစ်သက်လုံး မခိုးတော့ဘူးလို့ ကတိပေးပါတယ်၊ နော် နော် လိုက်ခဲ့ နော်”

လှမေ ရှက်ပြုံးပြုံးပြီး

“ဒါဆို ပြီးရော”

လှမေစကားကြားတော့ ငပိန် ထကချင်စိတ်ပေါက်အောင် ဝမ်းသာသွားတယ်။ ဒါကြောင့်ပဲ

“တကယ် တကယ်ပြောတာလား လှမေ လှမေ တကယ်ပြောတာ လား”

သူ့အလောတကြီးအမေးကို လှမေက မျက်လွှာလေးချပြီး

“တကယ်ပေါ့”

အဲဒီစကားကြားတာနဲ့ ငပိန် လှမေလက်ကို ဆတ်ခနဲဆွဲလိုက်ပြီး

“လာ အဲ့ဒါဆို ခုပဲသွားရအောင်၊ ခုပဲသွားရအောင်၊ လူရှင်းတုန်း လေး ဟီဟိ”

ငပိန် အတင်းဆွဲခေါ်နေတော့ လှမေ လန့်သွားတယ်။ နောက်မှ လက်ကို အတင်းရုန်းပြီး

“ဟာ နေပါဦးကိုပိန်ရဲ့၊ နေပါဦး လှမေပြောပါရစေဦး”

လှမေစကားကြောင့် ငပိန် ဆွဲနေရာက ရပ်သွားတယ်။ လှမေက ငပိန်ကို ဆွဲထိုင်စေပြီး

“ဒီညတော့ မလုပ်ပါနဲ့ဦး ကိုပိန်ရယ်”

“ဘာလို့လဲဟင်”

“ဘာလို့လဲဆိုတော့ လှမေက ကိုပိန့်နောက်ကို တစ်သက်တာအတွက် လိုက်ရမှာမဟုတ်လား”

“အင်းလေ”

“ဒီတော့ လှမေ တစ်သက်တာလိုက်နိုင်ဖို့ လိုအပ်တဲ့အဝတ်အစား တွေ၊ ခေါင်းအုံး အိပ်ရာခင်းကအစ ယူရမှာလေ”

ငပိန်တွေသွားတယ်။ နောက်တော့ အလောတကြီးနဲ့

“အဲ့ အဲဒါဆိုယူလေ၊ အခုသိမ်းလိုက်မယ်လေ” ဆိုတော့ လှမေက သူ့လက်ကိုဆွဲပြီး

“ဪ ကိုပိန်ကလဲ ခုသိမ်းပြီးခုလိုက်လို့က ဘယ်ဖြစ်ဦးမှာလဲ၊ လှမေက အခုချက်ချင်းကြီးလိုက်သွားရင် ဖွားလှခင်တို့ ရွာသားတို့က လိုက်ရှာ ကြမှာပေါ့”

“ဟင်”

လှမေပြောတော့လည်းဟုတ်သား။ လှမေတစ်ယောက် ရုတ်တရက် ပျောက်သွားရင် အတင်းကို လိုက်ရှာကြတော့မှာပဲလေ။

“အဲ အဲဒီတော့”

“အဲဒီတော့ မနက်ဖြန်ကျရင် ဖွားလှခင်ကို လှမေက အမေတို့ရွာ ရေလွှဲကြီးကို ခဏပြန်မယ်ပြောထားတယ်၊ ညကျတော့ ကိုပိန်လာခိုးပေါ့၊ ဒါဆို လှမေအိမ်မှာမရှိလဲ အမေတို့ရွာ ရေလွှဲကြီးကို သွားတယ်ပဲထင်ပြီး လိုက်မရှာမှာလေ”

“ဟာ အဟုတ်ဟ၊ လှမေရယ် တော်လိုက်တာ ရှလူး”

ငပိန် တအားတွေဝမ်းသာနေတာ။

ဟုတ်သား။ လှမေပြောတဲ့အကြံမဆိုးဘူး။ ဒီညတခါတည်းသာ လှမေ ပျောက်သွားရင် တစ်ရွာလုံး ဒေါင်းတောက်အောင် လိုက်ရှာကြမှာ။ အဲဒီ တော့ ကံမကောင်းအကြောင်းမလှရင် လှမေနဲ့အတူ သူ့ကိုပါတွေ့ပြီး အမှုကြီးသွားနိုင်တယ်။

ဒါကြောင့်ပဲ

“ဒါဖြင့် ဒီည ကိုပိန်လည်း စောပြန်မယ်၊ လှမေလဲ နက်ဖြန်အတွက် လုပ်စရာရှိတာ သိမ်းစရာရှိတာ သိမ်းထား၊ မနက်ဖြန်ညကိုပိန် လာခေါ်မယ် နော် နော်”

ငပိန်ရဲ့ အားတက်သရောစကားကို လှမေက ခေါင်းညိတ်တယ်။ ဒါကို ငပိန်က

“ကဲ အဲဒါဆို ကိုပိန်ပြန်မယ်၊ ဪသာ် ဒါနဲ့ လှမေ”

“ရှင်” လှမေက ပြန်ထူးတယ်။

ငပိန်က ရယ်ကျဲကျဲနဲ့ သူ့လက်ညှိုးပိန်ပိန် လေးနှစ်ခုလိမ်ပြီး

“မနက်ဖြန်ညကျရင် ဟိုးထောင့်ကစုဗူးလေးတော့ မမေ့နဲ့နော်၊ အာဟိ”

သူညွှန်ပြရာကို လှမေကကြည့်တယ်။ ပြီးမှ

“ဪ အဲဒါ လှမေစုဘူးပဲလေ၊ လှမေယူခဲ့မှာပေါ့”

ငပိန်မျက်လုံးပါ အရောင်လက်သွားတယ်။

သူလိုချင်တဲ့ လှမေရော စုဗူးရော ရပြီကိုး။ ဒါကြောင့် ဝမ်းသာအားရပဲ

“ကဲ ဒါဖြင့် ကိုပိန်ပြန်ပြီနော်”

“ဪ ဒါနဲ့ ကိုပိန်”

လှမေက လှမ်းတားတယ်၊ ပြီးတော့ မျက်လွှာလေးချပြီး

“မနက်ဖြန်ကျရင် ထန်းရည်မသောက်လာပါနဲ့လား”

ငပိန် ခြေလှမ်းတွေရပ်သွားတယ်။ လှမေကသာ ဆက်ပြီး

“လှမေက မနက်ဖြန် ခိုးရာလိုက်ရတော့မှာဆိုတော့ ကိုပိန့်ကို ထန်းရည်လည်း မသောက်စေချင်ဘူး၊ နောက်ပြီး ရေမိုးလေးချိုးပြီး သပ်သပ်ရပ်ရပ်ကလေး ဖြစ်စေချင်တယ်၊ လှမေတို့က တူနှစ်ကိုယ်ဘဝသစ် စရတော့မှာလေ၊ ဒါကြောင့်ပါ”

ငပိန် သက်ပြင်းချလိုက်တယ်။ လှမေပြောတာဟုတ်သား။

သူ့ခမျာ သူတို့နှစ်ယောက်ဘဝမှာ ငပိန်ကို လူသစ် စိတ်သစ် ပုံစံအသစ်နဲ့ ပြန်စစေချင်ပုံရတယ်။ ဒါကို ငပိန်လဲ သဘောပေါက်ပါတယ်။ ဒါကြောင့် ခေါင်းကိုညိတ်ပြီး

“စိတ်ချပါ လှမေရယ်၊ လှမေပြောတဲ့အတိုင်း ကိုပိန် အားလုံးလုပ်ခဲ့ပါ့မယ်၊ လှမေသာ စုဘူးလေးမမေ့နဲ့”

ဆိုပြီး ရွာဖက် ပြန်ပြေးချလာတယ်။

ငပိန်ရဲ့ခြေလှမ်းတွေက ခါတိုင်းထက် ပိုပေါ့ပါးနေတယ်။ မနက်ဖြန်ဆိုတာ တွေးမိတိုင်း သူပြေးနေရင်းနဲ့ လေပေါ် ပျံပျံတက်သွားသလိုကို ခံစားနေရတယ်။

ဟုတ်တယ်။ မနက်ဖြန်က သူခိုးငပိန်ရဲ့ ဘဝအသစ်ပဲလေ။

ငပိန် တရော်ကင်ပွန်းနဲ့ကို ရေချိုးနေတဲ့ သတင်းကြားတော့ တစ်ရွာလုံးကို အံ့ဩကြောဆွဲကုန် တယ်။ ဟုတ်တယ်။ ငပိန်ဆိုတဲ့ကောင်က ရေဘယ် လောက်ကြောက်လဲဆို မျက်နှာသစ်ရင်တောင် ထန်းရည်နဲ့ပဲသစ်တာ။ သူ့ဘဝမှာ ရေချိုးဖို့မပြောနဲ့၊ ရေတောင် သောက်ဖူးရဲ့လား မသိဘူး။ ထန်းရည်နဲ့ပဲ အသက်ရှင်ခဲ့တာလေ။

အခုတော့ ရေချည်းချိုးတာမဟုတ်ဘဲ တရော်ကင်ပွန်းနဲ့ပါ ဆွဲပွတ်နေတာဆိုတော့ တစ်ရွာလုံးကို အံ့ဩကြောဆွဲရော။ သူ့အမေဒေါ်ပိန်တောင် မျက်လုံး ကြီးပြူးပြီး ငုတ်တုတ်ထိုင်ကြည့်ရတာ။

ရွာမှာ မုန့်ပြားသလက်ရောင်းတဲ့ ဒေါ်ကြီး တင်နွဲ့ဆို အံ့ဩလွန်းလို့တဲ့

“ငါ့မုန့်ပြားသလက် မစားရင် မစားနဲ့ အေး၊ ငပိန်ရေချိုးတာ သွား ကြည့်ကြ၊ ငါ့မုန့်ပြားသလက်က ငါမသေမချင်းရောင်းမှာ၊ အေး အဲလိုပဲ ငပိန်လည်း မသေမချင်း ဒီတစ်ကြိမ်ပဲ ရေချိုးမှာဟေ့၊ ထူးခြားပြီ၊ ထူးခြားပြီ”

ဪ ငပိန် ရေတစ်ခါချိုးတာ။ လက်ျာခံစိမ့်စိမ့်စိုးထက်တောင် စည်သေး။

အဖြူရောင်ပိုးအင်္ကျီ၊ အဝါရောင်ပိုးပုဆိုးကြီးနဲ့ ကတ္တီပါခုံမြင့်ကြီးစီးထားတဲ့ ငပိန်ရဲ့ပုံက သန့် ပြန့်နေတယ်။ နောက်ပြီး နံ့သာကတိုးကလည်း ဘယ်လောက်ဆွတ်လာတယ်မသိဘူး။ ငပိန်များဖြတ်သွားရင် ပန်းပေါင်းတစ်ထောင် ပူဇော်ထားတဲ့အတိုင်း မွှေးကြိုင်ကျန်ခဲ့တာ။

ငပိန်ကို ဒီလိုပုံမမြင်ဘူးတော့ တချို့ဆို လူ တွေကိုမှားလို့။ တချို့ဆို မင်းညီမင်းသားမှတ်ပြီး လမ်းတောင်ဖယ်ပေးကြသေး။

ငပိန်ရဲ့ခြေလှမ်းတွေကတော့ နေရာမမှား ဘူး။ မလက်တိုရဲ့ ထန်းတဲဆီကို။

ထန်းတဲရောက်တော့ မလက်တိုကတောင် သူ့ကို သူဌေးသူကြွယ်မှတ်ပြီး

“လာပါရှင့်၊ ကြွပါရှင့်၊ ဟောဒီထန်းလက်ခုံမှာ နေရာယူပါရှင့်၊ ဟင့် ဟင့်”

ဆိုပြီး အသေအချာကြည့်မှ

“အာ ငရိုးမငပိန် စားဖူးလိုပဲ” ဆိုပြီး ဖြစ်သွားရတယ်။

ထန်းရည်ဆိုင် ကြိုရောက်နှင့်ပြီး အောင်ပွဲခံနေတဲ့ ပါကညောတို့ ဖိုးဌေးတို့ကလည်း ပထမတော့ကြောင်နေသေးတယ်။ နောက်မှ ပါကညောကြီး မျက်လုံးပြူးပြီး

“ဟင် ဒီကောင် ဒီကောင် ဝတ်ထားတာ၊ ငါ့ ငါ့ပိုးပုဆိုးကြီးကွ”

“ဟာ ဖိနပ်က ကျုပ်မိန်းမဖိနပ်”

ငပိန်ကတော့ ခပ်တည်တည်ပဲ။ မြေကြီးပေါ်မှာတောင် မထိုင်တော့ ဘူး။ ချထားတဲ့ ထန်းလက်ခုံပေါ် ခြေချိတ်ထိုင်လိုက်တယ်။

မလက်တိုက ထန်းရည်လာချတော့ ငပိန်က လက်ကာပြလိုက်ပြီး

“မချနဲ့ မလက်တို၊ ကျုပ် ထန်းရည်မသောက်တော့ဘူး”

“ငင့်”

ငပိန်ရဲ့ စကားတစ်ခွန်းက ထန်းရည်ဆိုင်တစ်ခုလုံးကို ကြက်သေ သေစေတယ်။

မလက်တိုဆို ငပိန်ကိုကြည့်လိုက်၊ သူ့ထန်းရည်ကျည်တောက် ကိုကြည့်လိုက်နဲ့ ဘာလုပ်ရမှန်းမသိဘူး။ ပါကညောဆို ကိုင်ထားတဲ့ ကြက်သားတုံးပါ ပြုတ်ကျတယ်။ ဖိုးဌေးဆိုတာလဲ သူ့ကို ခဲနဲ့ထချမလို့ကို ခဲကြီးရွယ်ပြီး ငြိမ်နေတယ်။ သူ့သူငယ်ချင်းမောင်စိန်နဲ့ တင်ဖိုးက သူ့ဆီပြေးလာတဲ့ ခြေလှမ်းတွေရပ်ပြီး ငုတ်တုတ်မေ့နေတာ။

ငပိန်ကတော့ ခန့်ခန့်ကြီးပြုံးပြီး

“ဒါ့အပြင် ဒီနေ့ကစပြီး သူခိုးအလုပ်ကိုလဲ စွန့်လွှတ်လိုက်ပြီ”

“ဟင်”

မလက်တို မယုံနိုင်စွာ သူယူလာတဲ့ ထန်းရည် သူ့ခေါင်းပေါ်သူ ပြန်လောင်းချမိသွားတယ်။ ပါကညောက ပြုတ်ကျသွားတဲ့ ကြက်သားတုံး ပြန်ကောက်ပြီး သူ့နဖူးသူ ပြန်ထုကြည့်တယ်။ ဖိုးဌေးကိုင်ထားတဲ့ခဲလုံးက သူ့ခေါင်းပေါ်သူ ပြန်ပြုတ်ကျတယ်။ မောင်စိန်က ခြေလှမ်းအရှေ့ကို လှမ်းထားပေမယ့် အနောက်ကို ပြန်ပြုတ်ကျတယ်။ တင်ဖိုးကတော့ ဒူးညွတ်ခွေ ကျပြီး မေ့လဲကျသွားတယ်။

ငပိန်ကသာ ထိုင်နေရာက ပြန်ထပြီး

“ဒါပဲ၊ ဒီနေ့ကစပြီး ငပိန် သေရည် သေရက်လည်း မသောက်တော့ဘူး၊ သူများပစ္စည်းလဲ မခိုးတော့ဘူး၊ ငါးပါးသီလလုံခြုံအောင်နေမယ်၊ အဲဒါ လာပြောတာ”

ဆိုပြီး ခပ်တည်တည်နဲ့ ထန်းတဲက ထထွက်သွားတယ်။ ခပ်ဝေးဝေး ရောက်တော့ လုပ်နေကျအတိုင်း ကိန္နရီ ကိန္နရာအက ကပြသွားသေး။

ဒီသောက်ကျင့်တော့ မပျောက်ဘူး။

အားလုံးက သောက်လက်စထန်းရည်ကို ဆက်သောက်ရမလား။ ပြောလက်စ ကြက်ပွဲအကြောင်းပဲ ရပ်ပစ်ရမှာလား ဝေခွဲမရဖြစ်နေတယ်။ ငပိန်လို သောက်ကျင့်အတော်ပျက်တဲ့ကောင်တောင် သေရည်သေရက်နဲ့ ခိုးဝှက်ခြင်းကို ရှောင်ပြီဆိုတော့လေ။

ပါကညောဆိုတာ လေပါဖြတ်သလိုဖြစ်သွားတယ်။ ဘာပြောရမှန်း မသိဘဲ ပါးစပ်ရွဲ့သွားတာ။ မလက်တိုလဲ ဖင်ပါသီသွားတယ်။ သူ့ခမျာ ပုတီးပဲ ပြေးဆွဲရမလား၊ ဘုန်းကြီးကျောင်းပဲသွားရမလား ဖြစ်နေတယ်။ သူ့ ယောကျာ်းဖိုးလုံးက နားစွန်နားဖျားလေးကြားယုံရှိသေးတယ်။ ထန်းပင်ပေါ် က ပြန်မဆင်းရဲတော့ဘူး။ ရှက်လို့တဲ့။ ဓားဖိုးဌေးဆို တဲထဲဝင်ပြီး ကြက်သွန် တောင် ဝင်လှီးနေတယ်။ သူ့ဓားနဲ့။ လူထိုးတတ်တယ် အထင်ခံရမှာစိုးလို့။

ပထမတော့ အားလုံးက ကြောင်ပြီး ကိုယ်တိုင်ပဲ ဘဝပြောင်းရတော့မလို၊ ငပိန်ကို ဥပမာယူပြီး သားသမီးပဲ ပြန်ဆုံးမရမလို ဖြစ်နေကြတယ်။

အတော်ကလေးကို ကြာတော့မှ စဉ်းစားမိပြီး

“ဒါဟာ မဖြစ်နိုင်ပါဘူးလေ၊ ငပိန်လို မွေးရာပါသောက်ကျင့်မ ကောင်းတဲ့သူတစ်ယောက်က ဒီလိုချက်ချင်း ပြောင်းလဲသွားတာ ဘယ်လို ဖြစ်နိုင်ပါ့မလဲ”ပေါ့။

ဒီလိုနဲ့ မယုံလို့ သွားစုံစမ်းခိုင်းတော့

“ငပိန် ရေချိုးနေတယ်”တဲ့။ “တရော်ကင်ပွန်းနဲ့တဲ့”

ပါကညောဆိုတာ လေဖြတ်မလိုဖြစ်လို့ သံပုရာသီးတွေခူးပြီး ပါးစောင်တွေ ထိုင်လှိမ့်နေရတာ။

ဓားဖိုးဌေးဆို “ကျွန်တော် ရူးပြီ၊ ကျွန်တော်ရူးပြီ”

ဆိုပြီး ထကနေလို့ မနည်းလိုက်ဖမ်းယူရတယ်။

ထန်းရည်ရောင်းတဲ့ မလက်တိုဆို သူ့ယောကျာ်းဖိုးလုံး ထမင်း ခွံ့ကျွေးနေတာကို ငပိန် ရေနောက်တစ်ကြိမ်ချိုးနေတယ်လဲကြားရော တစ်ခွန်းတည်း ထအော်တယ်။

“စားဖု”

ညက နက်ပါပြီ။

လူတွေကမနေ့ညကအထိ သုံးညလုံး ပွဲပန်းထားလို့ ခပ်စောစောပဲအိပ်မောကျကုန်ပြီ။ ရွာမှာ လူမရှိတဲ့ သုံးညလုံးတောင် ဘာပစ္စည်းမှ အပျောက်အရှမရှိတော့ ဒီလိုညမျိုး စိတ်ချလက်ချ အိပ်ကြတာပေါ့။

မအိပ်နိုင်သူက ငပိန်။ သူခိုးငပိန်လေ။ လှစ်ခနဲ လှစ်ခနဲ အိုးလေးအိုးကို ပြေးချသွားတယ်။

ဒီညက ထူးခြားသဗျ။

ငပိန် ဖြူဖွေးသန့်ပြန့်နေတဲ့ အင်္ကျီအဖြူကို ဝတ်ထားတဲ့အပြင် ပါကညောပွဲတက်ပုဆိုးအဝါရောင် တောက်တောက်ကြီးကို ဝတ်ထားသေးတာ။ ညအမှောင် လရောင်အောက်မှာ တဝင်းဝင်းနဲ့ပဲ။ ဒါပေမယ့် လူက ရှင်းတယ်မဟုတ်လား။ သူ့ကိုလဲ ဘယ်သူကမှ စောင့်ကြည့်မနေဘူးလေ။

ငပိန် ဖွားလှခင်တို့ အိမ်ဝိုင်းနားရောက်တော့ ခြံဝင်းထဲတန်းမဝင်သေးဘူး။ ခြံစည်းရိုးတိုင်ကြီးကြီးမှာ အရင်ကပ်ပြီး အိမ်ဝိုင်းထဲကို လှမ်းကြည့်လိုက်တယ်။ ပြောမရဘူးလေ။ ခြံဝိုင်းထဲ တစ်ယောက်ယောက်ရှိနေနိုင်တာ ကိုး။ ဒါကြောင့် ခြံစည်းရိုးတိုင်မှာကပ်ပြီး အိမ်ဝိုင်းထဲ အရင်လှမ်းကြည့်ရတာပေါ့။

“ဟာ”

ဖွားလှခင်တို့အိမ်ရှေ့ သူဝင်ပုန်းနေကျ သရက်ပင်မှာ ရိပ်ခနဲ လှုပ်ရှားမှုတစ်ခု သူတွေ့တယ်။ မှောင်မည်းမည်းဆိုတော့ မသဲကွဲဘူး။

“မနေ့ညက လှဦးဆိုတဲ့ကောင်များလား”

သူ့စိတ်ထဲ ထိတ်ခနဲ။

ဒါမှမဟုတ်။ တစ်ယောက်ယောက်ကများ သူ့အရင်ရောက်နှင့်နေတာလား။ ငပိန် အသေအချာပြန်ကြည့်မှ

“ဟာ”

ငပိန် အံ့အားသင့်သွားတယ်။

“လှမေ၊ လှမေပဲ”

ဟုတ်တယ်။ သရက်ပင်အောက် သူ့အရင်ရောက်နှင့်နေတာ သူ့ ရဲ့ချစ်စလိကိုက်လေး လှမေပဲ။ ငပိန့်ချစ်တုတုလေးလှမေ။ ငပိန်ရဲ့ အသည်းနှလုံးတစ်စုံ။

လှမေကတော့ ခိုးရာလိုက်ရင် အဆင်သင့်ဖြစ်ဖို့ထင်တယ်။ သရက် ပင်အောက်မှာ အထုတ်အပိုးတွေပြင်နေတယ်။ လှမေကိုမြင်တော့ ငပိန် ဝမ်းသာသွားပြီး

“အပိုင်ပဲ၊ အပိုင်ပဲဟ၊ အိုရချည်သေးရဲ့ ဟီဟိ”

ဆိုပြီး သူခိုးခြေလှမ်းနဲ့ လှမေရှိရာ ပြေးသွားတယ်။ နောက် လှမေ နောက်ကျောကနေ လှမေမျက်လုံးကို လှမ်းအုပ်လိုက်ပြီး ဝမ်းသာအားရနဲ့

“ဟိတ် ဘယ်သူလဲပြော”

ရုတ်တရက်ကြီး မျက်လုံးအအုပ်ခံရလို့ထင်တယ်။ လှမေလန့်သွားတယ်။ နောက် ငပိန်ရဲ့လက်ကို လိမ်ချိုးပြီး

“ဟင် ဘယ်သူလဲ ဘယ်သူလဲ ဘယ်သူကြီးလဲ”

ဆိုပြီး ငပိန်ကို ကိုင်ဖွတ်ချလိုက်တယ်။

နောက် အမှောင်ထဲမှာ ဖြူဖွေးသန့်စင်နေတဲ့ အင်္ကျီအဖြူ၊ ပိုးပုဆိုးအဝါကိုမြင်တော့ အံ့အားသင့်သွားပြီး

“ရှင်၊ ရှင်ဘယ်သူလဲ” လှမေရဲ့အမေးကို ငပိန်က အလောတကြီးနဲ့

“လှမေ၊ ကိုယ်လေ၊ ငပိန်လေ ငပိန်” ဆိုတာကို လှမေက သူ့ရဲ့လက်ကိုချိုး၊ လဲကျသွားတဲ့ ငပိန်ရဲ့ လည်မျိုကို ခြေဖနောင့်နဲ့နင်းပြီး

“နင် ငပိန်မဟုတ်ဘူး၊ ငပိန်က ဒီပုံစံ ဒီအနံ့မဟုတ်ဘူး၊ သူခိုးဗျို့ သူခိုး သူခိုး”

“ဟာ”

လှမေရဲ့ အော်သံကျယ်ကျယ်။

ငပိန်လဲ လန့်သွားပြီး၊ လှမေဖနောင့်အောက်က အတင်းရုန်းပြီး

“လှမေ ကိုပိန်ပါ၊ လှမေရဲ့ ကိုပိန်ပါ”

“သူခိုးဗျို့ သူခိုး သူခိုး”

လှမေရဲ့ အော်သံက ရွာကို လှုပ်နှိုးလိုက်သလိုပဲ။ ငပိန် လှမေရဲ့ ဖနောင့်အောက်ကနေ ရုန်းကြည့်သေးတယ်။

ရဘူး။ ဟိုကလေးမက ငယ်ထဲကနေ လယ်လုပ်လာသူဆိုတော့ အတင်းသန်တာကိုး။ “လှမေ လှမေ ကိုယ် ကိုယ်” အသံက ဗလုံးဗထွေးပဲ။

ကြည်မြနေတဲ့အသံက

“သူခိုးဗျို့ သူခိုး သူခိုး”

အဲ့ဒီအသံနောက်မှာတော့

“ဟေ့ သူခိုးတဲ့ဟေ့၊ သူခိုးတဲ့”

“ဘယ်မှာလဲ သူခိုး၊ ဘယ်မှာလဲ သူခိုး”

“ဖွားလှခင်တို့ခြံထဲမှာဟေ့ လိုက်ကြဟေ့ လိုက်ကြ”

“သူခိုးမျိုးဖြုတ်မယ်ဟေ့ ဓားဖိုးဌေးလာပြီ”

သိပ်မကြာဘူး။ တစ်ရွာလုံး မီးအိမ်တွေ မီးတုတ်တွေနဲ့ ရောက်လာတော့တာ။

“ဘယ်မှာလဲ သူခိုး၊ ဘယ်မှာလဲ သူခိုး”

“ဒီမှာ ဒီမှာ လှမေ လည်မျိုနင်းထားတာ”

“လှမေခြေထောက်အောက်မှာတဲ့ဟေ့၊ ကြည့်ကြဦး”

“ဘယ်ကောင်လဲဟ၊ ဘယ်ကသူခိုးလဲ၊ ပါကညောလာပြီ၊ ပါကညော ဆော်ပြီ”

ဆိုပြီး မီးအလင်းမှာကြည့်လိုက်တော့

“ဟာ”

“ငပိ ငပိန်ပဲ”

“ဟာ ဒိုးကျရွာက သူခိုးငပိန်ဟ”

သူခိုးငပိန်အသံကြားတော့ လှမေလန့်သွားတယ်။ ဒါကြောင့် လိမ်ထားတဲ့လက်၊ နင်းထားတဲ့လည်မျိုကို လွှတ်ပြီး

“ဟင် ကိုပိန်လား၊ ကိုပိန် တကယ်ကြီးလား”

ဆိုပြီး အလန့်တကြားမေးတယ်။ ဒါကို ငပိန်က မျက်နှာရှုံ့မဲ့ပြီး

“နင့်ကို ငါ အစကတည်းက ပြောတယ်လေ၊ ကိုပိန်ပါလို့ ဟီး”

ငပိန်ရဲ့ငိုသံဝဲစကားကို လှမေက ပါးစပ်ကလေးအုပ်ပြီး

“လှမေ၊ လှမေ၊ ကိုပိန့်အနံ့ကို မမှတ်မိဘူး”

“ငင့်”

ငပိန်နင်သွားတယ်။ နောက်မှ ငိုသံဝဲကြီးနဲ့

“အီး နင်ပဲလာခိုးရင် ရေချိုးထားပါဆိုလို့ ငါ့မှာ တရော်ကင်ပွန်းနဲ့ ရေချိုးခဲ့တာ သုံးခါ၊ နံ့သာဆွတ်တာ ရှစ်ခါ၊ ဟီး …”

“အဲတော့၊ လှမေက ကိုပိန့်ကိုဆို ထန်းရည်နံ့လေး ချွေးနံ့လေးမှတ်ထားတာ၊ နောက်ပြီး ဝတ်ထားတာကလဲ ကိုပိန်မဟုတ်သလိုပဲ”

ရွာသားတွေက သူတို့ကို ကြောင်ကြည့်နေကြတယ်။ ဘာဖြစ်လို့ ဖြစ်မှန်းမသိကြပဲကို။

နောက်မှ အနည်းငယ်ရိပ်မိတဲ့ သူကြီးပါကညောက မျက်မှောင်ကျုတ်ပြီး

“နေပါဦး၊ နေပါဦး၊ နင်တို့က လာခိုးပါတို့ အနံ့မမှတ်မိဘူးတို့ဆိုတော့ နင်တို့က သမီးရည်းစားတွေလား”

ပါကညောအမေးကြောင့် လှမေ ရှက်ကိုးရှက်ကန်း ဖြစ်သွားတယ်။

ငပိန်ကသာ ခိုးရာပါလုံချည်နဲ့ မျက်ရည်သုတ်ပြီး

“အီး..သမီးရည်းစားမို့ လာခိုးတာပေါ့ဗျ၊ ဒီရောက်မှ သူက ကျုပ်ကိုသူခိုးတဲ့ အီး”

လှမေ မျက်နှာပျက်သွားတယ်။ ဘေးမှာကလည်း ခိုးရာလိုက်ဖို့လုပ်ထားတဲ့ အထုပ်တွေ အစီစီအရီရီကိုး။ လှမေ ခေါင်းလေးငုံ့ပြီး

“ကိုပိန်ကလဲ၊ လှမေက ကိုပိန့်အနံ့ကို မှတ်ထားတာ၊ အနံ့မတူ အရောင်မတူတော့ သူခိုးထင်တာပေါ့”

“နင်ပဲ ရေချိုးလာဆို ဟီး … အခုမှ အနံ့မမှတ်မိလို့ သူခိုးထင်တယ် တဲ့ ဟီး …”

သူတို့အငြင်းအခုန်စကားကို ပါကညောက လက်ကာပြပြီး

“နေကြစမ်းပါဦး၊ ငါမရှင်းလို့ မေးပါရစေဦး၊ နင်တို့ သမီးရည်းစားဆိုတော့ သူက ပါးလေးမနမ်းဘူးလား”

ပါကညောအမေးကို လှမေက ရှက်ကိုးရှက်ကန်းနဲ့

“နမ်းတယ်”

“နမ်းတော့ နင် သူ့ကို မကြည့်မိဘူးလား”

“ဦးလေးကလဲ ရှက်တော့ မျက်လုံးမှိတ်ထားတာပေါ့”

လှမေက ရှက်ပြီး တစ်ဖက်ကို လှည့်သွားသေး။ ပါကညောကပဲ ဆက်ပြီး

“ဒါဖြင့်ရင်ကွာ၊ နဖူးလေးနမ်းတော့ရော”

“ဦးလေးကလဲ ရှက်လို့ပါဆို၊ ဘယ်လိုမျက်လုံးဖွင့်ကြည့်ရဲမလဲ”

“ဒါဖြင့် လည်တိုင်လေးနမ်းတော့ရော”

လှမေ မျက်လုံးပြူးသွားပြီး

“အဲ့ဒါတော့ မျက်လုံးဖွင့်ကြည့်ထားရတယ်”

“ဟင် လည်တိုင်နမ်းတော့ မျက်လုံးဖွင့်ကြည့်တယ်၊ ဘာလို့လဲ”

“သူ ဆွဲကြိုးဖြုတ်ခိုးမှာစိုးလို့”

“ဟာ”

အားလုံးဆီက တသံတည်း ထွက်လာကြတယ်။ ဒီတော့မှ ဖွားလှခင်က ရှေ့ထွက်လာပြီး

“လှမေရယ်၊ ငါဖြင့်ရှက်လိုက်တာ၊ နင် ဒီကောင်သူခိုးမှန်း နင်မသိဘူးလား”

သူ့အဖွားအမေးကို လှခင်က မူနွဲ့နွဲ့နဲ့ ခေါင်းငုံ့ပြီး

“သိသားပဲ”

သူ့မြေးရဲ့အဖြေကို ဖွားလှခင် မျက်လုံးပြူးပြီး

“ဟဲ့ ဒီကောင် သူခိုးမှန်းသိရဲ့သားနဲ့ နင် ဘာလို့ ပြန်ကြိုက်ရတာလဲ လှမေရဲ့”

သူ့အဖွားစကားကို လှမေက သူ့လက်နှစ်ချောင်းသူ ပူးလိမ်ပြီး

“သူခိုးနေပုံလေးက ချစ်စရာလေး”

“ဟေ”

အားလုံး မျက်လုံးတွေကို ပြူးကုန်တာ။ ပြီးမှ လှမေက

“ဒီလိုလေး သူခိုးပုံလေးက”

ဆိုပြီး ငပိန်ပစ္စည်းခိုးနေပုံတောင် လုပ်ပြနေသေး။ ဒါကို ငပိန်ကလည်း ပြန်လုပ်ပြတယ်။ ဟုတ်တော့လဲ ဟုတ်တယ်။ ခြေတစ်ဖက်ကို ဒူးကွေး၊ ခြေတစ်ဖက်က မြှောက်ပြီး မျက်ခုံးလေးပင့် မျက်လုံးလေးမှေးထားတာ တကယ့်ချစ်စရာ လေး။

တချို့ရွာသားတွေတောင် လိုက်လုပ်ကြည့်နေကြသေး။

နောက်မှ သတိရကြပြီး

“ဘာပဲဖြစ်ဖြစ် ဒီကောင် ငါတို့ရွာကို မွှေနှောက်ဝင်ခိုးသွားတဲ့ သူခိုး ပဲ”

“ဟုတ်တယ်၊ အခု လက်ပူးလက်ကြပ်မိတုန်း၊ ဒီကောင့်ကို ရွာမှာ မချုပ်နဲ့၊ ထောင်ကြီးချုပ်ပို့ရမယ်”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ထောင်ကြီးချုပ်ပို့သင့်တယ်”

ငပိန် မျက်နှာပျက်သွားတယ်။ ထောင်ကြီးချုပ်ဆိုတာ မြို့မှာရှိတဲ့ အချုပ်ကိုပြောတာ။

ထောင်ကြီးချုပ်ရောက်ရင် ခြောက်လ တစ်နှစ်လောက်ကြာပြီပဲ။ ဒါကြောင့် မျက်နှာအပျက်ပျက်အယွင်းယွင်းနဲ့ပဲ

“မလုပ်ကြပါနဲ့ဗျာ၊ ကျုပ်ကို ထောင်ကြီးချုပ်မပို့ဘဲ ဦးပါကညောရဲ့ထိတ်တုံးမှာသာ”

သူ့စကားမဆုံးဘူး။ ပါကညောကြီး ဖိုးဌေးကို လက်ကုတ်ပြီး ထွက်သွားတယ်။ သူတို့ ကတိရှိထားကြတာကိုး။

နောက် … ကြားရတဲ့အသံက

“ကဲ ရွာသားတွေ သူခိုးငပိန်ကို ထောင်ကြီးချုပ်ပို့ဖို့ ပြင်ကြဟေ့”

ငပိန် ပျော့ကျသွားတယ်။ ဒါနဲ့ မထူးပါဘူးဆိုတဲ့ အတွေးနဲ့ထင်တယ်။ လှမေခိုးရာလိုက်ဖို့ယူလာတဲ့ အထုပ်ထဲက သူလိုချင်နေတဲ့ စုဘူးလေးကိုပဲယူပြီး ပိုက်ထားလိုက်တော့တယ်။

အပိုင်း (၆)

အဲ့ဒီကစပြီး ငပိန်တစ်ယောက် တရားဝင် အမည်ပေါက်သူခိုးစာရင်း ဝင်ရောက်သွားတယ်။ အမှန် အဲ့ညက လှမေသာ သူ့အနံ့ကို မှတ်မိရင် ငပိန်ဆက်ပြီး သူခိုးဖြစ်မှာမဟုတ်ဘူး။ အဓိကက ငပိန်ရေချိုးမှားရာက စခဲ့တာပဲ။

အဲဒီနေ့က ငပိန်သာ ရေမချိုးခဲ့ရင် ဒီလို အဖြစ်ဆိုးမျိုး ကြုံရမှာမဟုတ်ဘူး။

ဒါကြောင့်ပြောတာ။ ရေချိုးမှားရင် ဒုက္ခရောက်တတ်တယ်ဆိုတာ ငပိန် သက်သေပြသွား တာပဲ။

ငပိန်သာ ရေမချိုးခဲ့ရင် လှမေ အနံ့မှတ်မိမယ်။ ပြီးရင် သူတို့နှစ်ယောက် ခိုးရာလိုက်ဖြစ်ကြ မယ်။ အဲ့ဒါဆို ခုချိန်လောက်ဆို ငပိန် လှမေနဲ့ညားပြီး ဘုရားဒါယိကာလဲဖြစ်နိုင်တာပဲလေ။

အခုတော့ ငပိန်ခများ ပစ္စည်းခိုးနေတုန်းက သူခိုးပီပီပြင်ပြင်မဖြစ် သေးဘဲ မိန်းမခိုးမှ အမည်ပေါက်သူခိုး ဖြစ်ရရှာတော့တယ်။

ကံတရားက အဲ့လိုပါဆိုနေ။

ငပိန် ထောင်ကြီးချုပ်ကျသွားတကို အပျော် ဆုံးကတော့ သူ့အမေဒေါ်ပိန်ပဲ။

သူ့ခမျာ ဖမ်းသွားတဲ့သူတွေကို ကျေးဇူးတင်လို့တဲ့။

စားဖွယ်သောက်ဖွယ်တွေပါ ချက်ပို့တာ။ ပြီးတော့ မှာရှာတယ်။

“ကြာကြာလေးချုပ်ထားပေးကြပါ၊ ကျွန်မ သားလေးမရှိရင် ရွာအေးလွန်းလို့ပါ၊ ချုပ်နိုင်သလောက် ချုပ်ထားပေးကြပါ” ဆိုပြီး အတန်တန်မှာယူရတယ်။

တကယ်ပဲ။ ငပိန်လဲမရှိရာ ရွာက အတော်အေးသွားတယ်။ ဆူဆူညံညံ အသံလဲ မကြားရတော့ သလို ရွာမှာ ပျောက်တယ်ရှတယ်ဆိုတာကြီးကို မကြားရတော့တာ။ ခုမှပဲ တစ်ရွာလုံး ခေါင်းပြားအောင် အိပ်ရတော့တာ။

ဒိုးကျတစ်ရွာထဲ အေးချမ်းသွားတာ မဟုတ်ဘူးနော်။ သစ်ပင်လှ (အရှေ့အနောက်) အိုးလေးအိုး၊ ရေလွှဲကြီး စသည်ဖြင့်ရွာနီးချုပ်စပ်တွေပါ စိတ်ချမ်းသာရကုန်တာ။

အဲ … ပြောရဦးမယ်ဗျ။

လှမေလေ။ လှမေကတော့ အိုးလေးအိုးမှာလဲ မရှိတော့ဘူး။

သူ့အမေရှိတဲ့ ရေလွှဲကြီးလဲ မရောက်ဘူး။ ဖွားလှခင်က လှမေကိုသူခိုးနဲ့ကြိုက် ရမလားဆိုပြီး ဟိုး … အောက်ပြည်ဖက် သူ့အမျိုးတွေရှိရာ တန်းပို့လိုက်တာတဲ့။

လှမေကိုတော့ ဒီရွာနဲ့အနီးတစ်ဝိုက်မှာ လုံးဝမတွေ့ရတော့ဘူး။

ဒါပေမယ့်လဲ မတွေ့ချင်သူကိုတော့ မလွှဲမရှောင်သာ တွေ့ကိုတွေ့ရဦးမှာပါပဲ။

သူကတော့ သွားစရာမြေ များများမှမရှိတာ။ ဒါကြောင့် သူ့မူရင်း နေရာလေးကိုပဲ ပြန်ရောက်ရမှာပေါ့။

“ငပိန် ထောင်ကြီးချုပ်က ပြန်လွတ်လာပြီ”

အဲဒီသတင်းကတော့ ရွာနီးချုပ်စပ်မှာ လှုပ်လှုပ်ရှားရှားကို ဖြစ်သွားတယ်။

ငပိန်ပြန်လွတ်လာပြီဆိုတာနဲ့ တချို့ကလဲ သိမ်းစရာရှိတာသိမ်း၊ ဖွက်စရာရှိတာကြိုဖွက်ထားကြ တော့တာ။ ဟုတ်တယ်။

ငပိန်ပြန်ရောက်ပြီဆိုတာနဲ့ ဟိုနေရာ ဒီနေရာကပစ္စည်း ပျောက်သံတွေ ကြားရတော့မှာကိုး။

အခုလဲ ငပိန် ထောင်ကြီးချုပ်ကလွတ်ပြီး ရွာပြန်မရောက်သေးဘူး။ သတင်းတစ်ခု ထွက်လာတယ်။

“ငပိန် မြို့ကနေ မြို့ဝန်ပလ္လင်တော် ခိုးလာသတဲ့”

လူကမရောက်သေးဘူး။ ခိုးမှုက အရင်ရောက်နေပြီ။

သူခိုးလာတာကလဲ နှယ်နှယ်ရရမဟုတ်ဘူး။ မြို့ဝန်မင်းကို တိုင်းတပါးသားများ လက်ဆောင်ပေးထားတဲ့ ပလ္လင်တော်တဲ့။

တိုင်းတပါးသားဆိုတာ ဘယ်သူမှန်း ဘာမှန်းမသိဘူး။

ဒါ့အပြင် ပလ္လင်တော်က ပြည်တွင်းဖြစ်မဟုတ်ဘူး။ တိုင်းတပါးသားက လုပ်လာတဲ့အတွက် သစ်သားတွေ အုတ်တွေနဲ့ လုပ်ထားတာ မဟုတ်ဘူးတဲ့။ ကြွေထည်စစ်စစ်နဲ့ ပြုလုပ်ထားတဲ့အတွက် ဖြူဝင်းပြောင်လက်နေတာတဲ့။

နောက်ပြီး ခေတ်သစ်နည်းပညာနဲ့ ပြုလုပ်ထားတဲ့အတွက် ပလ္လင်တော်မှာတင် ယပ်တောင်၊ ကွမ်းအစ်ထည့်ဘူး စသည်ဖြင့် အပြည့်အစုံကို ပါတာတဲ့။

ရွာကလူတွေဆိုတာ ပလ္လင်တော်ကြီးကို မြင်ဖူးချင်လိုက်တာမှ ငမ်းငမ်းတက်ပဲ။

ဒီပလ္လင်ကိုဘာလို့ ဒီသတင်းထွက်လာလဲဆိုတော့ မျက်ဝါးထင်ထင် မြင်ဖူးတဲ့သူတစ်ယောက်ရှိတယ်။

“တီကောင်ရီမောင်”

တီကောင်ရီမောင်ဆိုတာ သစ်ပင်လှ(အရှေ့ဖျား)က ဂန္တ၀င်လူမိုက် ခင်ဗျ။

အရင်က သစ်ပင်လှမှာ လူမိုက် မောင်နှစ်မောင်ရှိတယ်။

တစ်ယောက်က အရင်စောပုနဲ့ နှစ်ဘဝကြိုပုတို့ ဓားနဲ့တက်ထိုးသွားလို့ လူမိုက်ဘ၀က စုတေသွားတဲ့လှမောင်။

နောက်တစ်ယောက်က အခုပြောတဲ့ တီကောင်ရီမောင်။

“တီကောင်ရီမောင်ဟေ့” ဆိုရင် သစ်ပင်လှရွာမှာ မီးသေတယ်။ တော်ရုံတန်ရုံ ရာဇဝတ်မှုဆိုရင် ဒီအနီးတဝိုက်မှာဖြစ်ရင် အာဏာပိုင်က ဆင်းမလာဘူး။

တီကောင်ရီမောင်ကို လှမ်းပြောလိုက်ရုံနဲ့ရပြီ။

အင်မတန်မိုက်ပြင်းတယ်ဆိုတဲ့ ပါကညောတို့ ဓားဖိုးဌေးတို့တောင် တီကောင်ရီမောင်မော့ဆို ငြိမ်နေရတာ။ တီကောင်ရီမောင်က ဘယ်သူနဲ့ယှဉ်ယှဉ် လက်ပိုသွက်တယ်။

လက်ဆမှန်တယ်။ပြောရဦးမယ်ဗျ။ သူ တီကောင်ရီမောင်လို့ အမည်တွင်ပုံ။

နာမည်ရင်းက ရီမောင်ပဲ။

ထုံးစံအတိုင်းပဲပေါ့ဗျာ။ ရီမောင်ကလဲ လူမိုက်တို့ရဲ့ ဝိသေသအဖြစ် သူ့ကျောကုန်းမှာ အရုပ်တစ်ရုပ် စုတ်တင်ချင်တာ။

ဘာမဟုတ်တဲ့ လူမိုက်ပေါက်စ သမန်းဝက်တောင် ကျောကုန်းဝက်ခုန်းထိုးထားတာဆိုတော့လေ။ သူတောင် သမန်းဝက်ဖြစ်ရင် ရီမောင်ကလဲ နဂါးကြီးရီမောင် ဖြစ်ချင်တာပေါ့။

ဒါကြောင့် သူလဲ အားကျမခံ စုတ်ထိုးဆရာကိုခေါ်တယ်။ ပြီးတော့ သူ့ကျောကုန်းမှာ နဂါးကြီး အမောက်ထောင်ပြီး မီးပြင်းမှုတ်နေတဲ့ပုံ ရေးခိုင်းတယ်။ စုတ်မထိုးသေးဘူး။ စုတ်ထိုးရင်မှားမှာစိုးလို့ ကျောကုန်းမှာ ဒန်းဆေးနဲ့ပုံ အရင်ရေးခိုင်းတာ။

စုတ်ထိုးဆရာ ပုံရေးတာကို သူသိပ်သဘောမကျဘူး။ နဂါးကြီးရဲ့ အကြေးခွံတွေက မသပ်ရပ်ဘူး။ ဒါနဲ့ပဲ မြို့က နာမည်ကျော်ပန်းချီဆရာ ကိုဆန်းကို မရမက ပြန်ပေးဆွဲသလို ခေါ်လာပြီးမှသူ့ကျောကုန်းမှာ သူ့ စိတ်ကြိုက်ပုံကို အသေအချာရေးခိုင်းတယ်။

တကယ်လဲဟုတ်တယ်။

ပန်းချီဆရာကိုဆန်းရဲ့ လက်ရာက တကယ်ကို ရုပ်လုံးကြွတယ်။

နဂါးကြီးမျက်လုံးက မီးဝင်းဝင်းတောက်နေပြီ။ တွေ့ကရာလူ လှမ်းပေါက်တော့မလိုမျိုး။ အကြေးခွံတွေကလဲ မာကျောပြီး အမြီးက ခါးအောက်ဖက်ကို ပြန်ခွေထားတယ်။ ကျောတပြင်လုံး အကြေးခွံတွေနဲ့ ပြည့်နှက်နေပြီး အမြီးက ငါးကြင်းမြီးလိုဖြာကျနေတယ်။ နဂါးကြီးမီးကလဲ လည်ကုတ်ကို မှုတ်နေတာဆိုတော့ ကြည့်ရတဲ့သူတောင်ပူတယ်။

ဒီလိုနဲ့ ပုံကြမ်းစိတ်တိုင်းကျပြီဆိုမှ

“ရပြီ စုတ်ထိုးဆရာ၊ အဲ့ဒီကောက်ကြောင်းအတိအကျထိုး၊ မတိကျ လို့ကတော့ ရီမောင် တိကျတာ သိတယ်မဟုတ်လား”

စုတ်ထိုးဆရာကလဲ ကြောက်ကြောက်လန့်လန့်နဲ့ပဲ

“ဟုတ်ပါပြီဗျာ၊ မလွဲစေရပါဘူး၊ ကဲ လိုင်းအရင်ကောက်ရအောင်”

တီကောင်ရီမောင်က သူ့ကျောပြားကြီးကို မှောက်ပေးတယ်။

စုတ်ထိုးဆရာက သူ့စုတ်တွေကို ထုတ်လိုက်တယ်။

စုတ်တွေကိုကြည့်ပြီး ရီမောင် မျက်လုံးပြူးသွားတယ်။

“ဟင် ခင်ဗျားစုတ်တွေက အကြီးကြီးပါလား”

ဟုတ်တယ်။ စုတ်ထိုးတဲ့တုတ်တွေက အကြီးကြီး။ ဒီကြားထဲလေးချောင်းပူးကြီး။ စုတ်ထိုးဆရာက သူ့စုတ်သူပြန်ကြည့်ပြီး

“ဒါတောင်အသေး ကိုရီမောင်ရဲ့၊ အနုစိပ်ရမှာမို့ စုတ်အသေးသုံးတာ၊ အကြီးတွေရှိသေးတယ်၊ ဟောဒီမှာကြည့်”

“ဟာ”

စုတ်ထိုးဆရာထုတ်ပြတဲ့ စုတ်တွေကိုကြည့်ပြီး ရီမောင်

မျက်လုံးပြူးသွားတယ်။ ဟုတ်ပ။ စုတ်ကြီးတွေက တကယ့် အကြီးစားကြီးတွေ။ အတုတ်ကြီးတွေ။

“တို့ သတ္တိတို့ဆို ဒီလိုအကြီးနဲ့ဆော်တာ၊ အခုက ပုံသွင်းရမှာမို့ အသေးနဲ့ပဲတွယ်ရမှာ”

ရီမောင် မျက်နှာ အပျက်ပျက်အယွင်းယွင်း ဖြစ်သွားတယ်။ ဒါပေမယ့် လူမိုက်မဟုတ်လား။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဒါထက်သေးတဲ့စုတ်များ ရှိဦးမလားလို့

“မရှိတော့ဘူး၊ ဒါအသေးဆုံးပဲ၊ အဝတ်ချုပ်တာမှ မဟုတ်ဘဲ၊စုတ်ထိုးတာလေ”

“ကဲ ဟုတ်ပါပြီ၊ ထိုးမယ့်သာထိုးစမ်းပါ၊ ကျုပ်နဂါးကြီးကို မြင်ချင် လှပါပြီ”

ဒီလိုနဲ့ မည်းနက်နေတဲ့ ကြပ်ခိုးနဲ့ စုတ်ကိုစိမ်ပြီး စုတ်ကိုစထိုးတယ်။

“အ”

စုတ်စတင်တာနဲ့ တီကောင်ရီမောင်ဆီက အသံစကြားရတယ်။ မျက်နှာကြီးလဲ ချက်ချင်းရဲတက်လာပြီး ဖရိုဖရဲ ဖြစ်သွားတယ်။

နောက် စုတ်ထိုးဆရာကို လည်ပြန်ကြည့်ပြီး

“စုတ် စုတ်ထိုးဆရာ၊ ဒီ…ဒီထက်လျှော့ထိုးလို့ မရဘူးလား”

စုတ်ထိုးဆရာက သူ့အလုပ်သူလုပ်ရင်း

“မရဘူးကိုရီမောင်ရေ၊ ဒီထက်လျှော့လိုက်ရင် ဆေးမစွဲတတ်ဘူး၊ ဒါကြောင့် ဆေးစွဲအောင် ခပ်နက်နက်ထိုးပေးရတာ၊ နာလဲ ခဏပါပဲ၊ နောက် သူ့ဟာသူ ထုံသွားမယ်”

ဆိုပြီး ကျောပေါ်စုတ်ထပ်တင်တော့ “အ..အ”

စုတ်တစ်ချက်တင်တိုင်း ရီမောင် တွန့်တွန့်တက်လာတယ်။

ဇောချွေးတွေလဲ တစ်ကိုယ်လုံး စိမ့်ထွက်လာတယ်။

“အ..အ”

စုတ်တစ်ချက်တင်တိုင်း ခြေတွေလက်တွေပါ ကောက်ကွေးကုန်

တယ်။ လေးငါးချက်လောက်လဲကျရော ရီမောင် မခံနိုင်တော့

ဘူး။ ဒါကြောင့်ပဲ

“ဒီမှာ စုတ်ထိုးဆရာ”

“ခင်ဗျာ”

ရီမောင် ထွက်လာတဲ့ချွေးတွေကိုသုတ်ပြီး

“နဂါးက မီးမှုတ်တာမလိုဘူးလို့ ကျုပ်ထင်တယ်”

“အဲ့ဒီတော့”

“အဲ့ဒီမီးမှုတ်တာကြီး မထိုးနဲ့တော့ဗျာ ရှုပ်လို့”

သူ့စကားကို စုတ်ထိုးဆရာကလဲ

“ကိုရီမောင်သဘောပါဗျာ၊ အဲ့ဒါမထိုးနဲ့ဆိုလဲ မထိုးဘဲထားရုံပေါ့၊

ဒါပေမယ့် ငဆန်းလက်ရာ ပုံကောင်းလေးနှမျောစရာ”

“မနှမျောနဲ့ဗျာ၊ ကျုပ်က မထိုးနဲ့ဆိုမထိုးနဲ့ ဒါပဲ”

“ကောင်းပါပြီဗျာ၊ ကောင်းပါပြီ”

စုတ်ထိုးဆရာက ကျောပေါ် စုတ်တစ်ချက်နှစ်ချက် ထပ်တင်တယ်။

“အ..အ”

ရီမောင် တွန့်တက်လာပြန်တယ်။ ပြီးတော့ စုတ်ထိုးဆရာကိုပြန်လှည့်ပြီး

“ဒီမှာ စုတ်ထိုးဆရာ”

“ခင်ဗျာ”

“နဂါးက အမောက်မပါရင် ဘာဖြစ်မလဲ”

“ဟာ ကိုရီမောင်ရ၊ နဂါးပါဆိုမှ အမောက်မပါမှတော့ မြွေဖြစ်သွားမှာပေါ့”

ရီမောင် အံကြိတ်ခေါင်းညိတ်ရင်း

“ကြိုက်တယ်ဗျာ၊ အမှန်တော့ ကျုပ်က နဂါးထက်စာရင် မြွေကို ပိုကြိုက်တာဗျ”

“ဟာ ကိုရီမောင်”

“လုပ်မနေနဲ့ဗျာ၊ မြွေပုံပဲထိုးပေး၊ အမောက်တွေဘာတွေ ဆက်မထိုးနဲ့၊ အား..ကျွတ်”

“ဟုတ်ပါပြီဗျာ၊ ကိုရီမောင့်သဘောပါ”

အမှန်တော့ သူမကြိုက်တာမဟုတ်ဘူး။ စုတ်ထိုးတာကို နာလွန်းလို့ မခံနိုင်တာ။ ဒါကြောင့် စုတ်ချက်လျော့အောင်လုပ်နေတာ။ ခဏနေလဲကြာရော ရီမောင် အသားတွေတုန်တက်ပြီး မျက်ဖြူလန်မလို ဖြစ်လာတယ်။ သူ ဘယ်လိုမှ မခံနိုင်တော့ဘူး။

ဒါကြောင့်ပဲ

“ဒီမှာ စုတ်ထိုးဆရာ”

“ခင်ဗျာ ကိုရီမောင်”

“မြွေမှာ မျက်လုံးလဲမပါ၊ လျှာလဲမပါ၊ အကြေးခွံလဲမပါ၊ အမြီးပါမပါရင် ဘာဖြစ်သွားမလဲ”

“ဟ ကိုရီမောင်ရ၊ တီကောင်ဖြစ်သွားမှာပေါ့”

“ကြိုက်ပြီဗျာ၊ ကျုပ်ကို တီကောင်ပုံပဲထိုးပေး”

“ဟာဗျာ”

စုတ်ထိုးဆရာလဲ စိတ်မသက်မသာနဲ့ ရီမောင်ရဲ့ ကျောမှာတီကောင် ပုံကြီးထိုးပေးလိုက်ရတယ်။ အဲ့ဒီကစပြီး သူ့နာမည် တီကောင်ရီမောင် ဖြစ်သွားတယ်။

စုတ်စထိုးတုန်းကတော့ နဂါးပါပဲ။ ဒါပေမယ့် စုတ်ချက်နာလို့ မခံနိုင်လို့ လျှော့၊ နောက်ဆုံးတီကောင်နဲ့ပဲ အဆုံးသတ်လိုက်ရတယ်။

“တီကောင်ရီမောင်”

ဒီလောက်အသားနာမှာကြောက်ပြီး ဘာလို့လူမိုက်ဖြစ်လဲ မေးကြလိမ့်မယ်။

“ကြောက်တတ်လို့” တဲ့။ ရန်ဖြစ်ရင် အသားနာမှာကြောက်ရင်း၊ အသားမနာအောင်

သူများထက်ဦးအောင်တွယ်ရင်း လူမိုက်ဖြစ်လာတာ။

အဲ.. အဲ့ဒီဂန္တ၀င်လူမိုက်ကြီး တီကောင်ရီမောင်က ငပိန်ခိုးလာတဲ့ ခေတ်ရှေ့ပြေးပလ္လင်ကြီးကို အရင်ဆုံးမြင်ဖူးတာတဲ့။

ပြောသေးတယ်ဗျ။

ပြောသေးတယ်ဗျ။

“ကျုပ်ခမျာ ပလ္လင်ကြီးကိုမြင်တော့ ကြည်ညိုလွန်းလို့ ထိုင်တောင် ရှိခိုးခဲ့ရသေး။ ပြောင်လက်ရှင်းသန့်နေတာဗျ”

အဲ့ဒီလိုလဲ ကြားရော ငပိန်ရဲ့ ခိုးရာပါပလ္လင်ကြီးကို အသည်းအသန် လိုချင်တဲ့သူတွေ ပေါ်လာတာပေါ့။

ဘယ်သူရှိမလဲ။ ဒိုးကျရွာသူကြီး ဖိုးစံကြီးနဲ့ အိုးလေးအိုးသူကြီးပါကညောတို့ပေါ့။

အပိုင်း (၇)

မနက်လင်းလို့ နေကတောင် တယ်မထွက်ချင်သေးဘူး။

ပါကညောနဲ့ဖိုးဌေး၊ မလက်တိုထန်းရည်ဆိုင် ချီတက်လာကြတယ်။ ခြေလှမ်းတွေက သွက်နေကြတယ်။ နောက်ကျလို့ မဖြစ်ဘူးလေ။ နောက်ကျရင် သူများဦးသွားမှာကိုး။

ထင်တဲ့အတိုင်းပဲဗျား။ ငပိန်က အစောကြီး ထန်းရည်ဆိုင်ရောက်နေပြီ။

ငပိန်ကို အစောကြီးထန်းရည်ဆိုင်မှာ မြင်ရလို့ ဝမ်းသာသွားရပေမယ့် ငပိန်နဲ့အတူ ဒိုးကျသူကြီး ဦးစံကြီးနဲ့ ရွာခေါင်းဘသန်းကိုပါ တွဲမြင်လိုက်ရတော့ ပါကညောကြီး မပျော်မရွှင်နိုင် ဖြစ်သွားတယ်။ ဒီလူတွေအကြောင်း သူကောင်းကောင်းသိတယ်လေ

ဒိုးကျသူကြီးစံကြီးဆိုတာကလဲ ဘုရားဒကာဟန်ဆောင်ထားတာ။

အမှန်တော့ စံကြီးကလဲ ကောင်းလှတာတော့မဟုတ်ဘူး။ ဟိုးအရင် ဒီဖက် လမ်းပန်းဆက်သွယ်ရေး မကောင်းစဉ်က ဒီရွာနား နွားမှောင်ခိုတွေ မတရားသောင်းကျန်းတာ။ အဲ့ဒီသောင်းကျန်းတဲ့ နွားမှောင်ခိုကိုမှ ဓားပြထွက်တိုက်တဲ့ တောပုန်းစံကြီးဆိုတာ သူပဲ။ ရွာခေါင်းဘသန်းဆိုတာကလဲ အဲ့ထဲက သူ့တပည့် လက်တစ်ခြမ်းဘသန်း ဆိုတာပဲ။

လက်တစ်ခြမ်းဘသန်းဆိုတာ တခြားတော့မဟုတ်ဘူး။ လက်တစ်ချောင်းက မွေးရာပါသိမ်နေတာ။ လက်တစ်ချောင်းပဲကောင်းတယ်။ ဒါပေမယ့် ဓားထိုးမြန်တယ်။ ဒီနယ်တဝိုက်မှာတော့ ဘသန်းကို ဓားရေးယှဉ်ဖို့လူရှားတယ်။

“ဟေး ငပိန်”

ခေါ်သံနဲ့အတူ အိုးလေးအိုးရွာသူကြီး ပါကညောနဲ့ တပည့်ကျော် ဖိုးဌေးကိုမြင်တော့ ဒိုးကျသူကြီး ဦးစံကြီးရော၊ ရွာခေါင်းဘသန်းပါ မျက်နှာပျက်သွားတယ်။

မြွေမြွေချင်းတော့ ခြေမြင်ကြတယ်လေ။ဒီကောင်တွေ ဒီအချိန်လာပြီဆိုကတည်းက ဘာအတွက်လာတယ်ဆိုတာ ကြိုသိထားပြီးသား။ ဒါကို ပါကညောတို့က ခပ်တည်တည်ပဲ။

“ငပိန်ရာ၊ မင်းကိုငါက လွမ်းနေတာကွ”

ဆိုပြီး ဦးစံကြီးနဲ့ငပိန်တို့ အတူထိုင်နေတဲ့ဝိုင်းထဲ ပိုင်စိုးပိုင်နင်းနဲ့ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ ထန်းတဲဖက်ဝေ့ကြည့်ပြီး

“ဟေ့ လက်တိုရေ၊ ငါတို့ချုပ်ထားတဲ့ အပင်ထဲက ကောင်းတာလေးချဟ၊ နောက်ပြီး စားစရာဘာရှိလဲ၊ ကြက်တစ်ကောင် ခုတ်လိုက်စမ်း၊ ငပိန် ကိုကျွေးဖို့၊ ငပိန်အားရှိဖို့လိုတယ်၊ ဟဲဟဲ” ဆိုပြီး စပ်ဖြဲဖြဲတောင် လာလုပ်နေသေး။

“ဟိုနေ့ကတောင် တို့တွေ မင်းအကြောင်းကို ပြောနေကြသေး၊ နော့ ဖိုးဌေးရ”

ပါကညောက ဖိုးဌေးကိုပါ အကူအညီတောင်းတယ်။ ဖိုးဌေးကလဲ စပ်ဖြဲဖြဲနဲ့

“ဟုတ်ပ ပါပါကြီးရာ၊ ငပိန် လှမေကို ခိုးတဲ့အကြောင်းလေ”

သူတို့စကားကြားတော့ ငပိန်ငြိမ်သွားတယ်။ ဒါကို အကင်းပါးတဲ့ ပါကညောကပဲ

“ဟာ ဒီကောင်ဖိုးဌေးကလဲ ငါတို့ပြောတာ၊ ငပိန့်ကြက်ငွေထုပ် အကြောင်းပါကွ၊ မင်းကလဲ”

အဲ့ဒီတော့မှ ဖိုးဌေးကလဲ သတိရသွားပြီး

“ဪ ဟုတ်ပ၊ ပါပါကြီးရေ..ငွေထုပ်က ပွဲကျွတ်ခြောက်ပွဲတောင် အောင်ပြီဗျနော့်”

သူ့ကြက်ကောင်းကြောင်းပြောမှ ငပိန်ပြန်ပြုံးသွားတယ်။

ဒါကို ကြားထဲက ဦးစံကြီးက

“ဒီမှာ ပါကညော”

“ပြောစံကြီး”

နှစ်ယောက်လုံး ရုပ်တွေတည်သွားတယ်။ တပည့်နှစ်ယောက်ကလဲ အလစ်မပေးဘဲ တစ်ယောက်ကိုတစ်ယာက်ကြည့်ကြတယ်။ မျက်နှာခြင်းဆိုင် တည်မိရင် ပွဲကလှပြီလေ။

“လူကြီးလူကောင်းတွေရဲ့ စကားဝိုင်းတွေ၊ စားသောက်ဝိုင်းတွေကို ခွင့်မတောင်းဘဲ ဝင်မထိုင်ရဘူးဆိုတာ မင်းမသိဘူးလား၊ မင်းတို့မိဘတွေ မသင်ပေးဘူးလား”

ဦးစံကြီးက ပါကညောကို စကားနဲ့လှမ်းထေ့တယ်။ ဒါကို ပါကညောကလဲ ဘယ်ခံပါ့မလဲ။

“သင်ပါ့စံကြီးရာ၊ မိဘများက မှာထားတယ်၊ လူကြီးလူကောင်းတွေရဲ့ စကားဝိုင်း ထမင်းဝိုင်းကို မဖိတ်ခေါ်ဘဲ မဝင်ရဘူးတဲ့”

ဦးစံကြီးက သူ့အကွက်ထဲဝင်လာတော့ ပါကညောကို လက်ညှိုးထိုးပြီး

“အဲဒါဆို မင်းက ဒီဝိုင်းထဲလာဝင်ထိုင်တာ ဘာအထာလဲ၊ အနော်ရထာလား”

ဦးစံကြီးစကားကို ပါကညောကလဲ မဲ့ရွဲ့ပြီး

“ဟ စံကြီးရ၊ နွားခိုးဓားပြနဲ့ သူခိုး ထန်းရည်ဝိုင်းထဲ မဝင်ရဘူးလို့ မှ မိဘက မသင် ပေးခဲ့တာ။ ဒါကြောင့် ဝင်လာတာပေါ့ကွ၊ နောက် ဒါက ထန်းရည်ဆိုင်ကွ”

“ခိ”

ပါကညောစကားကို သူခိုးငပိန် ခိုးရယ်တယ်။ ဦးစံကြီးနဲ့ဘသန်းတို့ မျက်နှာပျက်သွားတယ်။ နောက် ပါကညောကို လက်ညှိုးထိုးပြီး

“ဟေ့ကောင်၊ ငါဓားပြမတိုက်တာကြာပြီ၊ မင်းဘာတွေ လာပြောနေတာလဲ”

ဦးစံကြီးစကားကို ပါကညောက ထန်းရည်ခွက်ရှေ့ချထားတဲ့ ပဲကြီးလှော်ကောက်ဝါးပြီး

“ဘယ်တိုက်တော့မှာလဲ၊ ဆက်ကြေးရနေတာကိုး”

ဦးစံကြီးနဲ့ဘသန်းတို့ မျက်နှာ ဖရိုဖရဲဖြစ်သွားတယ်။ ဘသန်းဆို ခါးကြားထိုးထားတဲ့ဓားတောင် လှမ်းစမ်းသေးတယ်။ လိုအပ်ရင်သုံးရအောင်။ ဦးစံကြီးကလဲ ဘယ်ခံပါ့မလဲ။

“ဟေ့ကောင် ပါကညော၊ ငါက ဓားပြသာတိုက်တာ၊ မင်းလို သူများ မယားမပစ်မှားဘူး”

ပါကညောမျက်နှာပျက်သွားတယ်။ ပါကညောကြီးက မိန်းမလဲ အလွန်ပွေတာကိုး။ ဒါပေမယ့်လဲ ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်း ရုပ်ကိုပြန်တည်ပြီး

“ဟေ့ကောင် မင်းမှာ သက်သေရှိမှ ဒီစကားကိုပြော၊ ငါဘယ်မှာ သူများသားမယား ပစ်မှားလို့လဲ”

သူ့စကားကို ဦးစံကြီးက ခေါင်းမော့ရယ်ပြီး

“ဟားဟား မင်းမိန်းမရှုပ်တာ တစ်ရွာလုံးသိတယ်၊ မင်းတို့ရွာသား မပြောနဲ့၊ ဟောဒီထန်းရည်ဆိုင်က မလက်တိုမေးရင်တောင် သိတယ်၊ ဟဲ့ မလက်တို”

ဦးစံကြီးစကားကို ထန်းတဲထဲကထွက်လာတဲ့ မလက်တိုအသံက

“နှစ်ခါတည်းပါတော်၊ ထန်းသုံးပင်စုမှာတစ်ခါ၊ တောထဲမှာတစ်ခါ၊ ဖိုးဌေးတောင်ပါသေး”

ပါကညောကြီး ခန္ဓာကိုယ်ပါ ကျုံ့ဝင်သွားတယ်။ ဖိုးဌေးဆို ရှက်လွန်းလို့ လုံချည်ပါ ကောက်ခြုံပစ်လိုက်တော့တာ။ နောက်တော့မှ ပါကညော ကြီး ကိုယ်ရှိန်ပြန်သတ်ပြီး

“ကဲ အတိတ်တွေပြောနေလို့ အကျိုးမရှိဘူး”

“ပစ္စုပ္ပန်မှာရော ကောင်းဖို့ရှိလို့လား”

“မရှိ..အဲ..ရှိ”

သူ့စကားမဆုံးဘူး။ တဲထဲထိုင်နေတဲ့ မလက်တို ဝင်ထောက်လိုက်တာမို့ ဘာဆက်ပြောရမှန်းမသိဘူး။

နောက်မှသတိရပြီး

“နေစမ်းပါဦး လက်တိုရာ၊ ဒီမှာ အရေးကြီးတာလေး ဆွေးနွေးပါရစေဦး”

မလက်တိုက ပါကညောကို ဖမ်းထားတဲ့ကြက်တစ်ကောင် ထောင်ပြတယ်။

ပါကညောက လည်လှီးလိုက်ဆိုတဲ့ပုံစံ လုပ်ပြတယ်။ သိပ်မကြာဘူး။

အွတ်ခနဲမြည်သံ ပေါ်လာတော့တာပါပဲ။

ပါကညောက ပြန်စပြီး

“ကဲ ငပိန်၊ မင်းမှာ ပစ္စည်းဆန်းတစ်ခုရှိတယ်ဆို၊ ငါ့ကိုပြစမ်းပါ”

ငပိန်က သူ့အောက်ကိုသူ ငုံ့ကြည့်တယ်။ ပါကညောကပဲ သူ့လက် ကိုဆွဲပြီး

“အဲဒါပြောတာ မဟုတ်ပါဘူးကွာ၊ ဟိုလေ မင်း မင်းခိုးလာတာ ဘာ”

သူ့စကားကြားတာနဲ့ ဒိုးကျသူကြီး ဦးစံကြီးကလဲ ပျာပျာသလဲနဲ့

“ဟေ့ကောင်ငပိန်၊ ငါ ငါအရင်ညှိတာနော်၊ ငါအရင်ညှိတာ” ဆိုပြီး ဝင်ပြောတယ်။

ဒါကို လူရည်လည်တဲ့ ပါကညောက “အရင်ပြောတာတွေ နောက်ပြောတာတွေ အရေးမကြီးပါဘူး၊ အရေးကြီးတာက ရင်းနှီးတဲ့ဆက်ဆံရေးပဲ ကြည့်စမ်း၊ ခေါ်တာကိုက ငပိန် တဲ့၊ ငါဆို ဒီလိုမခေါ်ဘူး၊ လေးစားသမှုနဲ့ မောင်ပိန်ပေါ့၊ ဟုတ်ဖူးလား မောင်ပိန်ရာ”

ပါကညောစကားလဲကြားရော ဦးစံကြီးက အားကျမခံပဲ

“သူကသာ မောင်ပိန်ခေါ်တာ၊ ကျုပ်ကတော့ အရပ်ထဲဆို ကိုပိန် ခေါ်တာဗျ၊ နော့်

ကိုပိန်”

အဲ့ဒီအသံလဲကြားရော ပါကညောကြီးက ငပိန်ကို ထဖက်လိုက်ပြီး

“ခင်ဗျားတို့ကသာ ကိုပိန် ကိုပိန်ခေါ်တာ၊ ကျုပ်က ချစ်စနိုးနဲ့ သား လေးမောင်ပိန်တောင် ခေါ်မိတယ်”

ပါကညောစကားကြောင့် စံကြီး မျက်မှောင်ကျုံ့သွားတယ်။ ပြီးမှ ပါကညောကိုကြည့်ပြီး

“ဒီမှာ ပါကညော”

“ဘာလဲ စံကြီး”

ဟိုကလဲ ခပ်မာမာပဲ ပြန်ထူးတယ်။

ဦးစံကြီးက ငပိန်နဲ့ပါကညောကို လက်ညှိုးထိုးပြီး

“မင်း ငပိန်တို့အမေနဲ့ရော ကင်းရဲ့လား”

စံကြီးစကားကြောင့် ပါကညော ပျာပျာသလဲ ဖြစ်သွားတယ်။ ပြီးတော့ ဖက်ထားတဲ့ ငပိန်ရဲ့ပခုံးကို တွန်းခွာပြီး

“ကင်းပါတယ်ကွ၊ ငါက ငပိန်ကို ချစ်လို့ခေါ်တာ၊ နော် ပိန်တိမ့် ပိန်..နော်”

“မင်းသာ ချစ်စနိုးနဲ့ ပိန်တိမ့်ပိန်ခေါ်တာ၊ ငါဆို ရွာထဲမှာ ပိန်ထိမ့် တိမ့်ပိန်ပဲ”

“မင်းသာ ပိန်တိမ့်တိမ့်ပိန်၊ ငါဆို ပိန်တိမ့် ပိန့်တိမ်ပိန်ပိန်”

“တိမ့်ပိန်တိမ်ပိန့်၊ တိမ့်ပိန်တိမ်ပိန့်”

“ပိန်တိမ်၊ ပိန်တိမ်၊ ပိန်တိမ်တိမ့်တိန်၊ ပိန်တိမ့်ပိန်”

သူကြီးနှစ်ယောက် ငပိန့်နာမည်ခေါ်ရင်း ပါးစပ်ဆိုင်းအပြိုင်တီးသလိုကို ဖြစ်နေတယ်။

“တော်ကြပါတော့”

ကြာတော့ ငပိန်ပါ သူ့နာမည်သူ စောက်မြင်ကတ်ပြီး ထအော်ယူရတယ်။ နှစ်ယောက်လုံးငြိမ်သွားမှ ငပိန်က

“ဒီပစ္စည်းကို ခင်ဗျားတို့နှစ်ယောက်လုံး လိုချင်ကြတယ်မဟုတ်လား၊ ဒီတော့ ဈေးပြိုင်စနစ်နဲ့ ပေးမယ်ဗျာ၊ ကဲ ..ဘယ့်နှယ်လဲ”

နှစ်ယောက်သား လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။

နောက်မှ သတိ အနည်းငယ်ပိုရှိတဲ့ ဒိုးကျသူကြီးဦးစံကြီးက

“ဈေးပြိုင်ဆိုလဲ ဈေးပြိုင်ပေါ့ကွာ၊ ဒါပေမယ့် ဘယ်လောက် ဘယ်လိုပေးရမယ်ဆိုတာ ပစ္စည်းလေးတော့ ကြည့်ပါရစေဦး၊ တကယ်ထိုက်တန်ရင် ထိုက်တန်သလောက် ပေးမှာပါကွာ”

သူ့စကားကို ပါကညောကပါ ရောယောင်ပြီး

“အေး ဟုတ်တယ်၊ ပိန်တိမ့်ပိန် အဲလေ ငပိန်ရ၊ ပစ္စည်းလေးကြည့် ပြီးမှ ကြိုက်ဈေးလေးခေါ်လို့ရမှာပေါ့”

ငပိန် ခေါင်းကို ခပ်ဖြည်းဖြည်းညိတ်တယ်။ ပြီးတော့ ထန်းရည်တစ်ခွက် မော့သောက်လိုက်သေးတယ်။

ပြီးမှ “ကောင်းပြီလေ လိုက်ခဲ့ကြ” ဆိုပြီး မလက်တိုထန်းတဲနောက်က သူ ခိုးရာပါတွေဖွက်ထားတဲ့ တဲကို ခေါ်သွားတယ်။

တဲအဝင်ဝရောက်တော့မှ “ဒီမှာ ခင်ဗျားတို့အားလုံးကို တစ်ခုတော့ မှာထားမယ်” အားလုံးက ငပိန်ကိုကြည့်တယ်။

“ကျုပ်ပစ္စည်းတွေကို တစ်ခုမှ အလကားမယူရဘူးနော်၊ ကျုပ် ပင် ပင်ပန်းပန်းရှာထားတာတွေ”

အောင်မာ။ သူခိုးက သူများပစ္စည်းကျ အလကားရသလိုခိုးပြီး သူ့ ခိုးရာပါပစ္စည်းကျတော့ အလကားမရဘူးတဲ့။ ဒီလိုအချိန်မဟုတ်လား။ အားလုံးက ခေါင်းညိတ်လက်ခံရတယ်။ သူတို့မြင်ချင်တာ ရှိနေနှင့်ကိုး။ ပလ္လင်လေ။ မြို့စားမင်းရဲ့ ခေတ်သစ်ပလ္လင်။

“အေး အေးပါကွာ၊ ကတိပေးပါတယ်၊ ငါ့ပုဆိုးမြင်ရင်တောင် ငါ ပြန်မယူပါဘူးကွာ”

“မြန်မြန်လေး ကြည့်ရအောင်ကွာ”

ငပိန် တံခါးကို ဖြည်းဖြည်းပဲ တွန်းဖွင့်လိုက်တယ်။ အထဲမှာလဲ မှောင်မည်းနေတာ။

“ချွင်”

“ဟာ ဦးဘသန်း အဲဒီဖက်ကို မလျှောက်နဲ့၊ ဖိုးဌေး တွေ့ကရာ လျှောက်မကိုင်နဲ့ဗျာ”

“အေးပါကွာ၊ ငါ့အိမ်က မြေအိုးလေးတွေ့လို့ပါ”

“ဟေ့လူ ပြန်မယူရဘူး ပြောထားတာနော်၊ လာ ဒီလမ်းအတိုင်းလျှောက် သတိထားလျှောက်”

သူ့ဂိုထောင်က ဝင်္ကပါလိုပဲ။ အကုန်လုံးကို ရှုပ်ယှက်ခတ်နေတာ။

တောင်းစုတ်ပလုံးစုတ်ကနေ သရက်ထည်ထိရှိတယ်။ ပါလာတဲ့သူ အားလုံးက သူတို့အိမ်က ပျောက်သွားတဲ့ပစ္စည်းတွေ လာပြန်ကြည့်နေရသလို ပဲ။ ပါကညောဆို သူ့လုံချည်နှစ်ကွင်း ဒီမှာပြန်တွေ့တယ်။

“ကဲ ဒီမှာပဲ ရောက်ပြီ”

“အဲ”

ငပိန်ညွှန်ပြရာကြည့်လိုက်တော့ သိပ်ကြီးကြီးမားမား မရှိလှတဲ့ ဂျပ်ထူပုံးကြီးပဲ။ အဲ့ဒါကြီးကိုကြည့်ပြီး အားလုံးက အံ့အားသင့်သွားတယ်။ “ဟင် မင်းပြောတော့ ပလ္လင်ဆို၊ ဒါက ပလ္လင်မှမဟုတ်တာ”

ပါကညောအမေးကို ငပိန်က မခို့တရို့ပြုံးပြီး

“ကြည့်လိုက်လေ” ဆိုပြီး ဂျပ်ထူပြားတွေ ခွာချလိုက်မှ..

“ဟာ”

“ဒါကြီး ဘာကြီးလဲ”

သူတို့မြင်နေရတာက သူတို့ထင်သလိုမဟုတ်ဘူး။

ကနုတ်တွေ ပန်းခက်တွေလဲ မပါဘူး။

ကြွေထည်တွေနဲ့ ပြုလုပ်ထားတဲ့ ပြောင်လက်နေတဲ့ ခုံတစ်လုံး။

ဘာမှလဲ ထူးထူးခြားခြားရယ်မဟုတ်ဘူး။

ကြွေထည်အဖြူနဲ့ လုပ်ထားတာမို့ ဝင်းပြောင်ချောမွေ့နေတာတစ်ခုပဲ။

ဒီကြားထဲ ခုံလေးက လက် တင်မပါ၊ ဘာမပါနဲ့ ခုံကနိမ့်နေသေး။

ဒါကြောင့်ပဲ ဦးစံကြီးက

“ဟင် မင်းဟာ ပလ္လင်လဲမဟုတ်၊ ကနုတ်လဲမပါဘဲနဲ့ ဘာထိုင်ခုံကြီးလဲ”

ဦးစံကြီးအမေးကို ငပိန်က ခပ်တည်တည်ပဲ။ ခုံနောက်မှီမှာ ရေး ထားတဲ့စာကိုပြပြီး

“စာတတ်တယ်ဆို ဖတ်ကြည့်လေ”

သူညွှန်ပြရာကို အားလုံးငုံ့ကြည့်တယ်။

တုတ်ချောင်းတွေ အဝိုင်းတွေနဲ့ ဘာဘာသာနဲ့ ရေးထားမှန်းမသိတဲ့ စာတချို့။ အဲ့ဒီအောက်မှာ မြန်မာလို ပီပီသသရေးထားတာက

“ဗိုလ်ထိုင်”

အဲ့ဒီစာလုံးကိုမြင်တော့ အားလုံး အံ့အားသင့်သွားတယ်။

“ဟင် ဗိုလ်ထိုင်တဲ့၊ ဘာလဲ ဘာအဓိပ္ပာယ်လဲ”

“အင်းလေ၊ ဗိုလ်ထိုင်ဆိုတာ ဘာပြောချင်တာလဲ”

သူတို့စကားကို ငပိန်က ခပ်ဖွဖွပြုံးပြီး

“စစ်သူကြီးမဟာဗန္ဓုလ ပန်းဝါတိုက်ပွဲ တိုက်ခဲ့တုန်းက ဘယ်မှာထိုင်ပြီး အမိန့်ပေးခဲ့တယ်ထင်သလဲ”

သူ့အမေးကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ကြ တယ်။ အားလုံး ဇဝေဇဝါပဲ။

ဒါကို ငပိန်က ဆက်ပြီး

“အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ယိုးဒယားကို တက်သိမ်းတော့ ဘယ်နေရာမှာထိုင်ပြီး စီမံခန့်ခွဲခဲ့တယ် ထင်သလဲ”

အားလုံးခေါင်းခါပြီး ငပိန်ကိုပဲ ကြောင်ကြည့်နေကြတယ်။

“ဗိုလ်ဖြစ်မှ ထိုင်လို့ရတာမို့ ဗိုလ်ထိုင်လို့ ခေါ်တာပေါ့ဗျ၊ ဒါတင်မကဘူး၊ ရောမတို့ ဒေါမတို့ခေတ်ကတည်းက ဗိုလ်ဖြစ်သူတွေပဲ ထိုင်ခဲ့ရတဲ့ ဗိုလ်ထိုင်အစစ်ဗျ၊ အစစ်၊ ဒါတွေ ခင်ဗျားတို့သိမှာမဟုတ်ဘူး”

သူ့စကားကို ရွာခေါင်းဘသန်းက သူ့ခေါင်းသူကုတ်ပြီး

“ရောမတော့မသိဘူး၊ သခေါမ(သွားခေါမ)တော့သိတယ်၊ သစ်ပင် လှမှာရှိတယ်၊ သူ့နာမည် မတင်သိန်းတဲ့”

ရွာခေါင်းဘသန်းစကားကြားတော့ ငပိန်တင်းသွားတယ်။

“ခင်ဗျားတို့သောက်မျိုးတွေအကြောင်း လာမပြောနဲ့ဗျာ”

သူ့စကားတွေကို ဦးစံကြီးက မနေနိုင်ဘူး။

“နေပါဦးကွ၊ ဗိုလ်ဖြစ်မှထိုင်ရတယ်ဆိုတော့ ဒီခုံက ဘာထူးခြားလို့ လဲ”

ငပိန်ပြုံးသွားတယ်။

“ဟောမှာကြည့်”

ဆိုပြီး ခုံရဲ့နောက်မှီကို အုပ်ထားတဲ့အဖုံးကို ဖွင့်ပြလိုက်တယ်။ အား လုံးက ငုံ့ကြည့်ပြီး

“ဟင် ဒါက ရေကန်လေးပါလား”

“ဟော ခုံအနောက်မှာ ရေတွေနဲ့”

ခုံအနောက်မှာ ရေကန်ငယ်လေးပါတော့ အားလုံးအံ့အားသင့်ကုန် တယ်။ ငပိန်က ဆရာကြီးအထာနဲ့

“ကွမ်းစားတတ်တယ်မဟုတ်လား၊ ကွမ်းရွက်တွေ ကွမ်းသီးတွေ ဒီရေ ထဲစိမ်ထား၊ အကြာကြီးစားလို့ရအောင် စီမံထားတာ”

အားလုံးကြောင်နေကြတယ်။ ဒါကို ငပိန်က

“ဒါတင်ဘယ်ကမလဲဗျ၊ ဟောမှာကြည့်”

ဆိုပြီး ထိုင်ခုံနေရာကို မçဖယ်လိုက်တော့

“ဟင် ဒါကြီးကလဲ ခွက်ကြီး”

“ဟင် ဖင်နေရာမှာ ခွက်ကြီးဟ၊ နောက်ပြီး ဒီမှာလဲ ရေတွေနဲ့ဟ”

ဆိုပြီး အားလုံးတအံ့တဩ ဖြစ်ကုန်ကြပြန်တယ်။ ဓားဖိုးဌေးက အဲ့ဒီခွက်ကြီး လက်ညှိုးထိုးပြီး

“ဒါ ဒါကရော ဘာသဘောလဲ”

ငပိန်က ဖိုးဌေးကို ငတုံးတစ်ယောက် မြင်ရသလို ခပ်ထေ့ထေ့ ကြည့်ပြီး

“စစ်တိုက်ရင် ပူတယ်လေဗျာ၊ ဟော့ဒီမှာကြည့်”

ငပိန်က ခုနက ခုံအခင်းကို ဖြုတ်ထုတ်လိုက်တယ်။ ပြီးတော့ အဲဒီ အောက်က အဝိုင်းတစ်ခုပါ ထပ်ဖြုတ်လိုက်တယ်။ ပြီးမှ ပါကညောဖက်လှည့် ပြီး

“ဦးပါကညော ဒီကိုလာ”

ပါကညောကလဲ ဘုမသိ၊ ဘမသိနဲ့ ရှေ့ထွက်လာတယ်။ ဒါကို ငပိန်က ခုနခွက်က ဖြုတ်ထားတဲ့ အဝိုင်းပြားကို ပါကညောလည်ပင်းပေါ် စွပ်ပေးလိုက်တယ်။ ကွက်တိဗျ။ ပါကညောလည်ပင်းနဲ့က….

“ဒါက စစ်တိုက်ရင် တုတ်ပြီးဓားပြီးတဲ့စလွယ်၊ ပူတယ်မဟုတ်လား၊ ဟောဒါက ယပ်တောင်”

ပါကညောရဲ့မျက်လုံးထဲ ပန်းဝါတိုက်ပွဲမှာ ဗိုလ်ထိုင်ပေါ်ထိုင်ပြီး အမိန့်ပေးနေတဲ့ စစ်သူကြီး မဟာဗန္ဓုလပုံကြီး ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာသလိုပဲ။

ဒါကို ငပိန်က ဆက်ပြီး

“ဒါတင်ပဲလား၊ ဟောမှာဆက်ကြည့်”

ဆိုပြီး ဗိုလ်ထိုင်နောက်က ဆွဲထုတ်လိုက်တော့

“ပိုက်ကလေးတစ်ချောင်း”

အားလုံး အံ့အားသင့်ကုန်ပြန်တယ်။

“ဟင် ဒါ ဒါလေးက ဘာလေးလဲ”

“ခွေခွေလေးဟ”

“ဘာလုပ်တာလေးလဲ မသိဘူး”

အားလုံးရဲ့အမေးကို ငပိန်က

“ကဲ အားလုံးသိအောင် ရှင်းပြမယ်၊ လာ ဦးပါကညောကြီး ဗိုလ်ထိုင်ပေါ်လာထိုင်လိုက်”

“အေး အေးပါကွာ၊ ထိုင်ပါ့မယ်”

နဂိုထဲက ခပ်ကြောင်ကြောင်လူမိုက်ဆိုတော့ ခိုင်းတာလုပ်တယ်၊ ဒါကို ငပိန်က ခပ်လှမ်းလှမ်းကို လက်ညှိုးညွှန်ရင်း

“ဟိုးမှာကြည့်စမ်း၊ တိုက်ပွဲဖြစ်နေပြီ၊ ကိုယ့်ဖက်က အထိနာနေပြီ”

ပါကညောက သူပြောတဲ့အတိုင်း လိုက်လုပ်တယ်။

“ကိုယ်ကလဲ စိတ်ညစ်နေပြီ၊ မလန်းဘူးဖြစ်နေပြီ၊ အဲ့ဒါဆို အဲ့မှာ ကြည့်”

ငပိန်က ပိုက်ကလေးကို ဆွဲညှစ်လိုက်တော့

“ဖလူး ဖလူး”

“ဟာ ရေတွေ မျက်နှာတက်စင်ပဟ”

ဆိုပြီး ပါကညော ထအော်တယ်။ ဒါကို ငပိန်က ပြုံးပြီး

“အဲ့လိုပင်ပန်းနေတဲ့အချိန် မျက်နှာကို ရေထိတော့ မလန်းသွားဘူးလား”

သူ့စကားကို ပါကညောက ခေါင်းကို ခပ်မြန်မြန်ညှိတ်၊ ခုနက စင်လာတဲ့ရေတွေကို လျှာနဲ့သပ်ပြီး

“လန်းတယ်”

“အဲ့တာဆို စစ်ကို နိုင်အောင်ပြန်တိုက်ဖို့ အားမဖြစ်ဘူးလား”

“ဖြစ်တယ်၊ ဖြစ်တယ်၊ ဟိုကောင်တွေ ဘယ်လိုတိုက်နေလဲ၊ ဒီဖက်မှာ မမြင်ဘူးလား”

ဆိုပြီး ပါကညောကြီး ထအော်တဲ့အထိပဲ။ ဒါကို ငပိန်က လူတိုင်း ရဲ့မျက်နှာကို ရေပိုက်ကလေး ညှစ်ကာညှစ်ကာနဲ့ပဲ

“စစ်တိုက်မရှိဘူးဆိုလဲ မျက်နှာသစ်မလား၊ ပလုတ်ကျင်းမလား၊ အားလုံးလုပ်လို့ရတယ်”

“ဟုတ်လား၊ မှန်းစမ်း”

ဘသန်းဆို ရေပိုက်ရှေ့ ပါးစပ်အကျယ်ကြီးဟပြီး ပလုတ်ကျင်းလိုက်သေး။ ပြီးမှ

“နိပ်သဟ”

ဆိုပြီးတောင် ထအော်ယူရတယ်။ နောက်မှ သတိရပြီး

“ဒီ ဒီလည်ဆွဲလား၊ ဘယက်လား၊ တကယ်တုတ်ပြီးဓားပြီးတာလား”

သူ့အမေးကို ငပိန် မျက်မှောင်ကျုံ့လိုက်ပြီး

“သမာဓိအားကောင်းရင်တော့ ပြီးတယ်ကြားဖူးတာပဲ၊ စမ်းကြည့် လေ”

ဆိုတော့ ပါကညောကလဲ လူမိုက်လေ။ ဒါကြောင့် သူ့တပည့်ဓား ဖိုးဌေးဘက်လှည့်ပြီး

“ဟေ့ကောင် ဖိုးဌေး”

“ဗျာ ပါပါကြီး”

“ငါ့နံကြားကို မင်းလက်သီးနဲ့ ခပ်ဆတ်ဆတ်လေး တစ်ချက်လောက် ဆောင့်ထိုးစမ်း”

“ခင်ဗျာ”

“နံကြားကို ဆောင့်ထိုးစမ်းပါဆို၊ တကယ်ပီးမပီး သိချင်လို့”

ဟိုကလဲ လူမိုက်နောက်လိုက်ဆိုတော့ ပြောတဲ့အတိုင်းလုပ်တယ်။

“ဘုတ်”

“အွန့်”

ဖိုးဌေးလက်သီးချက်က ပြင်းတော့ ပါကညော မျက်လုံးတွေပြာပြီး အသက်ရှူပါကြပ်သွားတယ်။

ဒါပေမယ့် ဟန်မပျက်အောင်ထိန်းရင်း

“ဟာ အဟုတ်ဟ၊ သိပ်မနာဘူးရယ်”

ဆိုတော့ ဓားဖိုးဌေးက ပါလာတဲ့ဓားထုတ်ပြီး

“ဓားနဲ့ရောစမ်းကြည့်မလား ပါပါကြီး”

ဖိုးဌေးရဲ့ဓားကိုမြင်တော့ ပါကညောလန့်သွားတယ်။ ဒါနဲ့ပဲ လက် ကာပြပြီး

“ဓားနဲ့က နောက်မှစမ်းပါကွာ၊ ငါသမာဓိအားကောင်းမှ စမ်းမယ်”

ဆိုပြီး မနည်းတားယူရတယ်။

“ကဲ အားလုံးပဲ ဗိုလ်ထိုင်ကို မြင်ပြီးပြီဆိုတော့ အပြင်မှာ ဈေးညှိ ကြရအောင်”

အားလုံးအပြင်ထွက်လာကြတော့တယ်။

ဆောင်းအဝင်ကာလဆိုတော့ ရာသီဥတု မျှတတယ်ဆိုရမယ်။ သိပ်လဲမပူဘူး။ သိပ်လဲမအေးဘူး။

မလက်တို လတ်လတ်ဆတ်ဆတ် ခုတ်ထစ် ကြော်လှော်ထားတဲ့ ကြက်သားလေးက နွေးနေတုန်း။ ထန်းရည်ကျတော့လဲ ခပ်အေးအေးလေးရယ်။ အဲ့လို ရာသီဥတုက ကိုယ့်ဘက်ပါတာ။

ဒိုးကျသူကြီးက သူ့ခေါင်းပေါင်းကိုဖြုတ်ပြီး သူ့ခေါင်းကိုသူပွတ်တယ်။

“အေးကွ၊ မင်းဗိုလ်ထိုင်ကြီးက အသုံးတော့ ဝင်ပါရဲ့၊ ငါ့စိတ်ထဲတော့ တစ်မျိုးပဲကွ၊ နောက်မှီကလဲ နိမ့်နေတာ”

အမှန်တော့ ဈေးနှိမ်ချင်လို့ အပြစ်တွေ စဉ်းစားနေတာ။

“ဒီလိုလုပ်ကွာ၊ ငါက ဆယ်အပေါ်လောက် တော့ ပေးနိုင်တယ်၊ ဘယ့်နှယ်လဲ”

ဦးစံကြီးစကားကို ငပိန် ဘာမှမတုန့်ပြန်ဘူး။ ထန်းရည်ကိုသာ စိမ် ပြေနပြေထိုင်သောက်နေတယ်။ ပါကညောကြီးကတော့ တစ်ခုခုကို အသေ အချာစဉ်းစားနေပုံပဲ။ တစ်ချက်တစ်ချက် သူ့တပည့်ဖိုးဌေးကို တိုးတိုးကပ်ပြီး တိုင်ပင်သေးတယ်။ ဦးစံကြီးကသာ ဆက်ပြီး

“နောက်ပြီးစဉ်းစားကြည့်တော့ ခုံကလေးကလဲ ပုနေတယ်ဟ၊ ငါက မြင့်တော့ ခြေထောက်က ထောင်နေမှာဟေ့”

သူက တပည့်ကျော်ရွာခေါင်းဘသန်းကို လှမ်းအကူအညီတောင်းတယ်။ ဟိုကလဲ ခေါင်းညိတ်ပေးရှာတယ်။ ဒါကြောင့် အားတက်ပြီး

“ဒီလိုလုပ်ကွာ၊ ငါနဲ့လဲ သိပ်မသင့်တော်တော့ ဆယ်ကြီးဂဏန်းတော့ ပေးမယ်ကွာ”

ငပိန် စိတ်ဝင်စားသွားပုံရတယ်။ သောက်လက်စထန်းရည်ခွက် တန့်သွားတယ်။ ဆယ်ကြီးဂဏန်းဆိုတာ နည်းတာမှတ်လို့။ ရွှေဒင်္ဂါးတစ်ပြားမှ ကိုးကျပ်လေ။ ဆန်လေးတင်းကို သုံးကျပ်။ ဆီတစ်ပုံးနှစ်ကျပ်ဆိုတော့ ဆယ်ကြီးဂဏန်းဆိုတာ နည်းတာလိုက်လို့။ ငပိန် ထန်းရည်ခွက်ကို ပြန်ချပြီး ခေါင်းညိတ်မယ် လုပ်တုန်းမှာပဲ

“တစ်နှစ်ကွာ ကဲ”

ပါကညောကြီးထအော်သံ။ ငပိန် မျက်လုံးတွေ ချက်ချင်းအရောင် လက်သွားတယ်။ ဒါကြောင့် သူလဲ ထအော်တယ်။

“အရင်စာချုပ်အတိုင်း”

“ငင့် ဘာတွေလဲ၊ ဘာတွေပြောနေတာလဲ”

“ဘာလဲ တစ်နှစ်က”

ဦးစံကြီးတို့ ဘသန်းတို့က ကြောင်နေတယ်။ ဘာဖြစ်လို့ဖြစ်မှန်း ဘာပြောလို့ပြောရမှန်းမှ မသိတာ။ ဒါကြောင့် ကြောင်တောင်တောင်နဲ့

“ဘာ ဘာပြောနေကြတာလဲဟင်”

ငပိန်တို့ ပါကညောတို့ကတော့ သူတို့ကို ဂရုမစိုက်တော့ဘူး။ သူတို့ဟာသူတို့ လိုရာကိုပြောနေတာ။

“အဲ့ဒီအတိုင်းပဲ”

“ဒါဆို အရောင်းအဝယ်ဖြစ်ပြီ”

“ဟမ်”

ရုတ်ခြည်းပဲ ပါကညောနဲ့ငပိန် အရောင်းအဝယ်ဖြစ်သွားတော့ ဦးစံကြီးနဲ့ဘသန်း ကြောင်ကရော့ဖြစ်သွားတယ်။

“မလက်တို ကြားတယ်နော်”

“ကြားပါ့”

“ကဲ ဒါဆိုပြီးပြီ”

“ငင့်”

ဦးစံကြီး ယောင်လည်လည်နဲ့ သူ့ခေါင်းသူကုတ်ပြီး

“ငါ့လဲ ပြောကြပါဦး၊ ဘယ်ဟာကို ဘယ်လို၊ ဘယ်လောက်နဲ့ အရောင်းအဝယ်ဖြစ်သွားတာလဲဟင်၊ မလက်တို ငါ့ကိုလဲ ရှင်းပြပါဦး”

ဆိုပြီး မလက်တိုကို လှမ်းအကူအညီတောင်းတယ်။ ဟိုကလဲ တစ်ခွန်းပဲပြန်ဖြေတယ်။

“မပြောဘူး”

ဒီလိုနဲ့ အဲဒီဗိုလ်ထိုင်ကြီးကို ပါကညောက သူ့ရွာထဲ ငပိန် စိတ်ကြိုက် ခိုးခွင့်တစ်နှစ်နဲ့ အလပ်အထပ်လုပ်ပြီးရသွားတယ်။

အပိုင်း (၈)

အံမယ်။

ပြောရဦးမယ်ဗျ။ ပါကညောဗိုလ်ထိုင်သယ်တာကိုတောင် ခိုးကြောင်ခိုးဝှက်သယ်တာ မဟုတ်ဘူး။ ဗိုလ်ထိုင်ကို မြင်းပေါ်တင်ပြီး အိုးစည်ဗုံမောင်းတီးပြီးတော့ကိုသယ်တာ။

ရွာသားတွေက ဘာသိမှာတုန်း။ သူကြီးက သယ်ဆိုသယ်။ တီးဆိုတီးပေါ့။

ဗိုလ်ထိုင်ကြီး ဦးပါကညောအိမ်ရောက်တော့ ဘယ်မှာထားတယ်ထင်သတုန်း။

အိမ်ရဲ့အလည်တည့်တည့် အိမ်တွင်းနတ်အုန်းဆွဲတဲ့ အရှေ့တည့်တည့်မှာ အသေအချာ နှီးတွေနဲ့တုတ်။ သစ်သားစို့တွေ အသေအချာရိုက်ပြီး အခိုင်အမာတည်ထားတာ။

ဒါ့အပြင် ဧည့်ခန်းက ခုံတွေကိုလဲ အကုန်ထုတ်ပစ်လိုက်တာ။ လာသမျှဧည့်သည်အားလုံး ကြမ်းပြင်ပေါ်ထိုင်ပဲ။ ပါကညောတစ်ယောက်တည်း ဗိုလ်ထိုင်ကြီးနဲ့ဗျ။ အရမ်းတွေကို ခန့်ညားနေတာ။

တခါတလေ အပြင်ထွက်ရင်တောင် တုတ်ပြီးဓားပြီးကွင်းကြီးကို မေ့ချင်ယောင်ဆောင်ပြီး လည်ပင်းဆွဲထားတာ။ ယပ်တောင်ကြီးက ခေါင်းကို မိုးလို့ပေါ့။

ပြောသေးတာ။

“ဒီအဆောင်ယောင်တွေ မမက်မောပါဘူးဆိုမှ မေ့ပြီးပါလာပြန်ပြီ ဟီးဟီး” ဆိုပဲ။

ရွာကလူတွေကလဲ အပြစ်မမြင်ကြပါဘူး။

ခုဆို သူ့ကို နာမည်တောင် သူကြီးပါကညော မခေါ်တော့ဘူး။

“ဗိုလ်ထိုင်သူကြီး” တဲ့။

“ဗိုလ်ထိုင်သူကြီး”လို့ခေါ်လိုက်ရင် ပါကညောမျက်နှာကြီး ပြုံးပြုံး တက်လာတာ။ ကျေနပ်ပီတိဖြစ်တဲ့ အပြုံးမျိုး။ သူ့မိန်းမ အရင်စောပုကလဲ သူနာမည်ပြောင်းတော့ လိုက်ပြောင်းပြီပေါ့။ “ဗိုလ်ထိုင်ကတော်”တဲ့။

ခက်တော့ခက်လားဗျ။

ဗိုလ်ထိုင်ကတော်ကလဲ အဲ့ဒီဗိုလ်ထိုင်ကခွက်ကြီး မြင်ကတည်းက သူ့သားငယ်ဗြောင်ကြီးပုရဲ့ အနှီးတွေ ဝင်ဝင်လျှော်လို့၊ ဗိုလ်ထိုင်သူကြီးနဲ့ ဗိုလ်ထိုင်ကတော်တို့ မကြာမကြာ စကားကများရသေး။

သူပြောတော့လဲ ဟုတ်တော့ဟုတ်သား။

“ဒီမှာလေ၊ ဒီခွက်မှာလျှော်ပြီး ဒီဘုလေးကို နှိပ်ချလိုက်ရင် ရေကျ ပြီလေ၊ ဘယ်လောက်သက်သာလဲ” တဲ့။

ဟုတ်လဲဟုတ်တယ်။ ဒီမှာက ရေသုံးရပိုလွယ်တာကိုး။

ပါကညောရှိရင်တော့ မလုပ်ပါဘူး။

သူကြီးက ရပ်ရေးရွာရေး အမှုအခင်းဖြစ်ရင် ဒီခုံမှာပဲထိုင်၊ ရေစိမ်ထားတဲ့ ကွမ်းသီးကွမ်းရွက်ထုတ်၊ ထုံးသုတ်ပြီး ယပ်လေးတခပ်ခပ်နဲ့ ဆုံးဖြတ်တာကိုး။

အံမယ်။ ဒီခုံရောက်ပြီးမှ သူကြီးဆုံးဖြတ်ချက်က ပိုမှန်လာသဗျ။

သူ ဆုံးဖြတ်ရကြပ်တည်းလာပြီဆို ဘေးနားက ပိုက်လေးထုတ်၊ မျက်နှာကို ဖြီးခနဲဖြီးခနဲ ရေပန်းနဲ့ပက်လိုက်ရင် ပြန်လန်းလာတာကိုး။ ဒါ ကြောင့် ပိုဆုံးဖြတ်လာနိုင်တာပေါ့။

ဦးတင်စိုးနဲ့ ကြပ်ခိုးအမှုကြည့်ပါလား။

အမှန် ဦးတင်စိုးက ရွာထဲအရက်ခိုးချက်ပြီး ရောင်းနေတာ။ အရက် တစ်ပုလင်းကို ငါးပဲ ကြီးများတောင် ပေးရတာ။ ချည်ချောလုံချည် တစ်ကွင်းစာပေါ့။ အဲ့ဒါကိုတောင် သူက ရိုးရိုးမရောင်းဘူး။ မူးလာရင် ရေထိုးရောင်းသေး။

ကြပ်ခိုးက သူ့ဖောက်သည် ကြပ်ခိုးတင် မဟုတ်ဘူး။ တစ်ရွာလုံးပဲ ဆိုပါတော့။ ပထမတစ်ပုလင်းသောက်ရင် အကောင်း၊ နောက်တစ်ပုလင်းသောက်တာနဲ့ ဦးတင်စိုး ရေထိုး ရောင်းပြီ။ ကြပ်ခိုးက သိတယ်။

ဒါကြောင့် “ဦးတင်စိုး ခင်ဗျားရေထိုးရောင်းတာ ကျုပ် သိတယ်နော်၊ ခင်ဗျား လုပ်ပေါင်းများပြီ၊ အဲ့လိုတော့ မလုပ်ပါနဲ့”

ဒါကို ဦးတင်စိုးကလဲ မရဘူး။

“ဘာလဲ အဲဒီတော့ မင်းက ငါ့ကို ထိုးချင်လို့လား”

ကြပ်ခိုးက မထိုးရဲဘူး။ ဦးတင်စိုးကို ကြောက်လို့မဟုတ်ဘူး။

ရွာမှာက ပါကညောကြီး အမိန့်ထုတ်ထားတယ်။

“ရွာမှာရန်ဖြစ်ရင် လက်သီးနဲ့တစ်ချက်ထိုး ငါးပဲလျော်ရမယ်” ဆိုတာကြောင့်ပဲ။

လက်သီးတစ်ချက်က အရက်တစ်ပုလင်းစာလေ။ နော့။ ဘယ်သူ ထိုးချင်မှာလဲ။ နောက်ပြီး ရန်ဖြစ်ကြေးဆိုတာက ရှိသေးတယ်။ ရန်ပွဲကြီးရင် ကြီးသလောက် ရွာကို ဒဏ်ဆောင်ရသေးတာ။

ရန်ဖြစ်ကြေး၊ လက်သီးကြေးပေါင်းလိုက်ရင် မနည်းမနောကို။ ဒါကြောင့် ဦးတင်စိုးအနိုင်ကျင့်ရေရောသမျှ လှိမ့်ခံနေရတာ။

အရက်သမားများကလဲ သိတဲ့အတိုင်း တန်ရာတန်ကြေး ပေးထားရင် တန်ရာ တန်ကြေးတော့ ပြန်ရချင်တာပဲလေနော့။ ဒါကြောင့် ကြာတော့ သည်းမခံနိုင်တော့ဘူး။

ဦးတင်စိုးကလဲ ဆိုးပါ့။ တစ်ပုလင်းသောက်ပြီး နောက်တစ်ပုလင်း ထပ်မှာတော့ ကြပ်ခိုးရှေ့မှာတင် ရေရောပြီး

“ရော့ ဒီမှာ နောက်တစ်ပုလင်း”

ဆိုတော့ ကြပ်ခိုးသည်းမခံနိုင်တော့ဘူး။ ထိုင်ရာကထပြီး

“ဒီလောက်လူပါးဝတာ၊ အင်းဟာ အင်းဟာ”

ဆိုပြီး ခွပ်ခွပ်နဲ့ နှစ်ချက်ထိုးတာ။

ဒီလိုနဲ့ ပါကညောကြီးဆီ ရောက်လာပါလေရော။

အမှန်အတိုင်းပြောရရင် ပါကညောကြီးလဲ ဒီတင်စိုး ရေထိုးရောင်းနေတာ မကြိုက်ဘူး။

ဘာလို့လဲဆိုတော့ တခါတခါ သူသောက်ချင်လို့ သွားခိုး သောက်ရင်တောင် ဒီအတိုင်းရေထိုးရောင်းနေတာကိုး။ အဲ့ထဲက ပါကညောကြီး ဦးတင်စိုးကို တေးထားတာ။ သူလဲ တင်စိုးကို ကြိတ်ချင်နေတာ။ ဒါပေ မယ့် သူထုတ်ထားတဲ့အမိန့်၊ သူကိုယ်တိုင်ချိုးဖောက် လို့ မသင့်တော်လို့သာ ငြိမ်ခံနေတာလေ။

အခုတော့တွေ့ပြီ။

ဗိုလ်ထိုင်ကြီးပေါ်မှာ ပါကညောက လည်ကွင်းကြီးဆွဲ၊ ယပ်တောင်လေးယပ်ပြီး ထိုင်နေတယ်။ သူ့အောက်မှာတော့ ဦးတင်စိုးရဲ့ကြပ်ခိုး။ အောင်မယ်။ သူကြီးက အနောက်ပုံးထဲက ရေစိမ်ထားတဲ့ကွမ်းထုတ် ဝါးသေး။

“ဟဲ့ ကြပ်ခိုး၊ မင်း တင်စိုးကို ဘယ်နှချက် ထိုးသလဲ”

“နှစ်ချက်၊ နှစ်ချက်ပါသူကြီး”

“နှစ်ချက်ဆိုတော့ ဆယ်ပဲပေါ့”

“ဟုတ်၊ ဟုတ်ကဲ့ပါသူကြီး၊ သူရေထိုးတာ မခံနိုင်လွန်းလို့ လက်ပါမိတာပါသူကြီး”

ပါကညော ခေါင်းညိတ်တယ်။ သူလဲ ဒီတင်စိုးကို ဆုံးမချင်နေတာ။ ဘယ်လိုလုပ်ရမှန်းမသိဘူး။ နောက်မှ သတိရပြီး

“ဟာ အေး ကြပ်ခိုး၊ မင်းဟိုတခါ ငါ့နွားစင် ဆောက်တုန်းက လုပ်အားခ ငါမပေးရသေးဘူး မှတ်တယ်”

“ဟုတ်၊ ဟုတ် သူကြီး၊ အဲ့ဒီတုန်းက သူကြီး သစ်ပင်လှသွားနေတုန်းမို့ မတောင်းဖြစ်သေးတာပါ”

ပါကညော မျက်မှောင်ကြုတ်သွားတယ်။ ပြီးမှ

“အဲဒီတုန်းက မင်းကိုငါပေးရမှာ ဘယ်လောက်”

“ပဲနှစ်ဆယ်ပါ သူကြီး”

“ပဲနှစ်ဆယ်”

ပါကညော မျက်မှောင်ကျုံ့ပြီး စဉ်းစားတယ်။ ဦးတင်စိုးက သူတို့ ရန်ဖြစ်ရာကနေ နွားစင်ဆောက်တာ ဘယ်လိုပြောင်းသွားမှန်းမသိဘဲ လိုက်ပြီးကြောင်ကြည့်နေတယ်။

ပါကညောကပဲ ဆက်ပြီး

“မင်း အခုတင်စိုးကိုထိုးလိုက်တာ ဘယ်နှချက်”

“နှစ် နှစ်ချက်တည်းပါ သူကြီး”

“တစ်ချက်ကို ငါးပဲဆိုတော့ နှစ်ချက်ကို ဆယ်ပဲ”

ပြောရင်းနဲ့ သူ့အိတ်ကို သူပြန်နှိုက်တယ်။ ပါလာတဲ့အကြွေတွေကို ရေကြည့်ပြီး

“အေး မင်းကိုငါပေးရမှာက ပဲနှစ်ဆယ်နော်”

“ဟုတ်၊ ဟုတ်ပါတယ် သူကြီး”

ဦးတင်စိုးက သူတို့နှစ်ယောက်ကို ကြောင်ပြီးလိုက်ကြည့်နေတယ်။ ပါကညောက သူ့အိတ်ထဲက ပိုက်ဆံတွေ ရေကြည့်တယ်။

“အေး ငါ့မှာကလဲ ခုမှ အိတ်ထဲမှာ ဆယ်ပဲရှိတာ၊ ဒီလိုလုပ်ကွာ”

“ဗျာ သူကြီး”

“ငါ့ဆယ်ပဲပါ တင်စိုးကို ထပ်ပေးလိုက်မယ်၊ မင်းသူ့ကို နှစ်ချက် ထပ်ထိုးကွာ၊ ဒါဆိုငါ့အကြွေးကျေ၊ မင်းလဲ စိတ်ပြေ မကောင်းဘူးလား”

ဆိုပြီး သူ့မျက်နှာကို ရေပိုက်နဲ့ ဖြီးခနဲဖြီးခနဲ ဖြန်းလိုက်သေးတယ်။

သူ့စကားလဲကြားရော ကြပ်ခိုးလဲ ဝမ်းသာအားရနဲ့

“ဟာ သင့်မြတ်ပါပေတယ် သူကြီး၊ အင်မတန်မှကို လျော်ကန် သင့်မြတ်လှပါပေတယ်” ဆိုပြီး ဦးတင်စိုးကို သူ့ဆယ်ပဲထုတ်ပေးပြီး သူကြီးရှေ့မှာတင် ကြိတ်တာ။

“အောင်မလေး ကယ်ကြပါဦးဗျ” အော်ယူရတယ်။

ပါကညောလဲ အကြွေးကျေ။ ကြပ်ခိုးလဲ စိတ်ပြေ။ ဦးတင်စိုးကြီးလဲ နောက်ဆို အရက်ကို ရေမထိုးရဲတော့ဘူး။ ရေထိုးရောင်းရင် သူကြီးအကြွေး နဲ့ရောပြီး အကြိတ်ခံရမှာစိုးလို့။

ဗိုလ်ထိုင်ကြီးရောက်လာမှ ဒီလိုမျှတသွားတာဗျ။ သူလဲ အကြွေး ပဲနှစ်ဆယ်မှာ ဆယ်ပဲ အလကားသက်သာသွားတာလေ။ ဒါကြောင့် သူ့ကို ခေါ်တာ။ ဘာတဲ့။

“ဗိုလ်ထိုင် သူကြီး”

ဒါပေမယ့် သိပ်မကြာပါဘူး။ ဒီဗိုလ်ထိုင် ကြီးကြောင့် ဗိုလ်ထိုင်သူကြီးရဲ့အလှည့် ပြန်ရောက် လာတယ်။ အဲ့ဒါက ဘာမှမဟုတ်ဘူး။

သူကြီးပါကညောကြီးရဲ့အစ်ကို တာလပေါကြီး ရွာကိုပြန်လာရာက စတာပါပဲ။

ပြောရဦးမယ်ဗျာ။

ပါကညောနဲ့တာလပေါဆိုတာ ညီအစ်ကို အရင်းဆိုပေမယ့် စရိုက်က သိပ်မတူလှဘူး။ ပါကညောက လူမိုက်စိတ်။ ရွာချစ်စိတ်။ ရွာမှာပဲနေပြီး ရွာမှာပဲ ကြီးစိုးမယ်ဆိုတဲ့စိတ်။

အဲ..တာလပေါကျတော့ အဲ့လိုမဟုတ်ဘူး။

ငယ်ငယ်ကတည်းက မြို့တက်မယ်။ မြို့မှာနေမယ်။ မြို့မှာ ကြီးပွားအောင်လုပ်မယ်ဆိုတဲ့လူမျိုး။ ဒါကြောင့် တာလပေါက ရွာကလူတွေကို အထင်မကြီးဘူးရယ်။ ပြောတဲ့စကားကိုက

“မင်းတို့ရွာကကောင်တွေ ဘာအသုံးကျလို့လဲ၊ ဗိုက်ထဲနှိုက်လိုက် ရင်တောင် ရွှံ့တစ်ပိဿာလောက်ထွက်လာတဲ့ကောင်တွေ၊ ဘာအဆင့်အတန်းမှ မရှိဘူး”

အဲ့ဒီစကားကို ပါကညော အနာဆုံးပဲ။

ရွာကလူကလဲ ရွာအတွေးနဲ့ ရွာလိုရှင်သန်နေတာပဲ။ မြို့သားဖြစ်မှ လူရာဝင်ပြီး လူတွင်ကျယ်ဖြစ်တာ မဟုတ်ဘူးလေ။

ဒါကို သက်သေပြဖို့ ဒီဗိုလ်ထိုင်က အသက်ပဲ။

မြို့မှာ ဘယ်လောက်နေနေ။ ဒီဗိုလ်ထိုင်မျိုး ဘယ်သူရမှာလဲလေ နော့။

ဒါကြောင့် သူ့အစ်ကို တာလပေါ ရွာကိုလာမယ်လဲဆိုရော။ ဗိုလ် ထိုင်ကို အသေအချာ သပြီး သူကိုယ်တိုင်လဲ ရှယ်ပြင်ဆင်ထားတာ။

စိတ်ထဲမှာလဲ

“တွေ့ကြပြီပေါ့ တာလပေါရယ်၊ ပါကညောဆိုတာ ဘယ်လိုလူလဲ၊ ဖင်ဘယ်လောက် အဆင့်မြင့်လဲ နင်မကြာခင် တွေ့ရပြီပေါ့၊ ဟင်း ဟင်း”

ကြိတ်ပျော်နေတာ။

ဒီလိုနဲ့ …

“ဟာ”

အိမ်ပေါ်တက်လိုက်တယ်ဆိုရင်ပဲ တာလပေါရဲ့ ခြေလှမ်းတွေ တုန့်ခနဲ ဖြစ်သွားတယ်။ နောက် မျက်လုံးကြီးပြူးပြီး

“ဒါ ဒါ ဒါကဘာသဘောလဲ” ဆိုပြီး ရေရွတ်မိသွားတယ်။

အိမ်ရဲ့ အလည် တည့်တည့် နတ်စင်ရှေ့မှာ ဗိုလ်ထိုင်ကြီးက ခန့်ခန့်ကြီး ရှိနေတာကိုး။ ဒါကြောင့် အယောင်ယောင်အမှားမှားနဲ့

“ဒါ ဒါကြီး ဘယ်လိုဒီရောက်နေတာလဲ”

သူ့ဗလုံးဗထွေး အော်သံကြားမှ ပါကညော တုတ်ပီးဓားပီးကွင်းကြီးဆွဲ၊ ဗိုလ်ထိုင်က ယပ်တောင် တဖြတ်ဖြတ်ခပ်ကာ မင်းသားတစ်ပါးလို ခပ်တည် တည်နဲ့ထွက်လာတယ်။

ပြီးတော့ ဗိုလ်ထိုင်ပေါ် ခပ်တည်တည်ထိုင်ပြီး တာလပေါကို အပေါ်စီးကကြည့်ရင်း

“သြော် တာလပေါရောက်လာပြီလား၊ လာလေကွာ၊ အိမ်ထဲဝင်ထိုင်ကွ”

ဆိုပြီးမှ ဘေးနားကရေပိုက်လေးဆွဲကာ

“ရာသီဥတုက ပူတယ်ကွ”

ဆိုပြီး သူ့မျက်နှာကိုသူရေနဲ့ဖြီးဖြီးနဲ့ ပန်းလိုက်သေး။ ဒါကိုမြင်တော့ တာလပေါမျက်လုံး ပြူးကျယ်သွားပြီး

“ဟင် မင်း မင်း ဘာလုပ်တာလဲကွ”

ပါကညောက ဘာမှပြန်မပြောသေးဘဲ ထုံးစံအတိုင်း ဗိုလ်ထိုင် အနောက်ကအဖုံးကိုဖွင့်ပြီး စိမ်ထားတဲ့ ကွမ်းရွက်နဲ့ကွမ်းသီးကို ယူတယ်။ ပြီးတော့ ထုံးသုတ်ပြီး ပါးစောင်ထဲ ခပ်တည်တည်ထည့်လိုက်သေးတယ်။

“ဟာ”

ဒီအပြုအမူကိုမြင်တော့ တာလပေါ ပါးစပ်အကျယ်ကြီးဟသွား တယ်။

ပြီးတော့ ပါကညောကို လက်ညှိုးထိုးပြီး

“ဟေ့ကောင် မင်း မင်း ဘာ ဘာတွေလုပ်နေတာလဲကွ ဟေ”

သူအလန့်တကြား အမေးကို ပါကညောပြုံးတယ်။

ပြီးတော့ တာလပေါကို စွေစောင်းကြည့်ပြီး

“ဒီလိုဗိုလ်ထိုင်မျိုး မင်းတို့မြို့မှာတောင် မရှိလို့ အံ့သြနေတာ မဟုတ်လား”

တာလပေါက ခေါင်းညိတ်ပြီး

“အေးလေ မရှိဘူးလေ၊ မင်း အဲဒီဗိုလ်ထိုင်ကြီး အိမ်အလည်တည့် တည့်မှာထားပြီး ဘာလုပ်နေတာလဲ”

ပါကညောက ခပ်တည်တည်ပဲ

“ထိုင်နေတာလေ၊ တာလပေါ ရာသီဥတုပူတယ်ကွာ၊ လာလေ၊ မျက်နှာ ငါရေဖြန်းပေးမယ်” ဆိုပြီး တာလပေါမျက်နှာ ရေပိုက်နဲ့ထိုးမယ်လုပ်နေလို့ တာလပေါ အသည်းအသန်ရှောင်ရင်း

“ဟေ့ကောင် မင်းအခုထိုင်နေတာ အိမ်သာကွ၊ အိမ်သာ”

“ငင့်”

တာလပေါစကားကြောင့် ပါကညောကြောင်သွားတယ်။ ပြီးတော့ မျက်မှောင်ကျုတ်ပြီး

“ဘာလဲကွ၊ အိမ်သာဆိုတာ”

သူ့အမေးကို တာလပေါက စိတ်မရှည်စွာနဲ့ပဲ

“အိမ်သာဆိုတာ အီးပါတဲ့နေရာကွ အီးပါတဲ့နေရာ”

“အီးပါတဲ့နေရာ”

ပါကညော မျက်မှောင်ကျုံ့သွားတယ်။ တာလပေါစကားကို သူ မရှင်းဘူး။ ဒါကြောင့် စဉ်းစားနေပုံရတယ်။ အတော်ကြာမှ ဖြဲခနဲရယ်ပြီး

“ဟားဟား တာလပေါရာ လာနောက်နေသေး၊ အီးပါတာ၊ တောထဲ သွားပါမှာပေါ့ဟ၊ ဒီလို တနေရာတည်း ဘယ်သူပါလို့၊ လူတိုင်း တောတိုးနေတာကို ဟားဟား”

ဆိုပြီး သူတို့တိုးနေကျတောကို လက်ညှိုးထိုးပြီး

“ဟိုးမှာကြည့်စမ်း၊ ငါတို့တောတွေ ဘယ်လောက်စိမ်းလန်းနေလဲ၊ အဲဒီ ငါတို့မြေသြဇာကြောင့် စိမ်းနေတာ၊ဟင်းဟင်း”

သူပြောတာလဲ ဟုတ်တော့ဟုတ်တယ်။ ဒီကရွာတွေမှာ အိမ်သာ ဆိုတာ ရှိမှမရှိတာ။ လူတိုင်း ဒီလိုပဲ တောတိုးနေကျလေ။ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ တောတိုးတာရိုးရာပဲ။

ပါကညောစကားကို တာလပေါ ဘယ်လိုရှင်းပြရမှန်းမသိ ဖြစ်သွား တယ်။ ဟုတ်သလေ။ ဒီရွာတွေက ဒီလိုဗိုလ်ထိုင်တွေမပြောနဲ့၊ အိမ်သာတွေ တောင်မှမရှိတာ။ ဒါကြောင့် မချိတင်ကဲလေသံနဲ့

“ဟေ့ကောင် ပါကညောရာ၊ ပြီးခဲ့တဲ့နှစ်ပိုင်းက ကာလဝမ်းရောဂါ ဖြစ်တာ မင်းသိလား”

ပါကညော မျက်မှောင်ကြုတ်ပြီး

“သိတယ်လေ၊ ကြားမိတာပဲ၊ တို့ရွာမှာတော့ မဖြစ်ပေါင်၊ အေးဆေးပဲ”

“အေး အဲဒီရောဂါဖြစ်ပြီး မြို့ပေါ်ကအိမ်တွေ အိမ်သာဆောက်ကြတာ မင်းမသိဘူးလား”

ပါကညော တွေသွားတယ်။ သူပြန်စဉ်းစားကြည့်တယ်။

ဟုတ်တယ်။ သူ တခါက မြို့သွားပြီး လယ်အတွက် ထွန်တုံးဝယ်ရင်း ဗိုက်နာလို့ သူ့ကို အိမ်သာဆိုတာပို့လို့ တစ်ခါရောက်ဖူးတယ်။ သစ်ပင်လှဘုန်းကြီးကျောင်းမှာလဲ

“ကုဋီ”ဆိုတာရှိတယ်။

သူ သူ့ဗိုလ်ထိုင်ကြီး ပြန်ဝေ့ကြည့်ပြီး

“ဟုတ်တယ်လေ၊ သိတယ်၊ ဒါပေမယ့် အိမ်သာဆိုတာ ဒါမျိုးမှ မဟုတ်တာ”

သူ့စကားကို တာလပေါက

“အေး ဒါမျိုးမဟုတ်ဘူးဆိုတာ ဟုတ်တယ်၊ ဒါက ဗိုလ်ထိုင်”

ပါကညောက ခေါင်းညိတ်ပြီး

“ဟုတ်တယ်လေ၊ ဒါက ဗိုလ်ထိုင်လေ၊ စာတောင်ရေးထားသေး”

တာလပေါကြီး အိမ်ပေါ်တက်လာပြီး

“အေး မှတ်ထား၊ ဗိုလ်ထိုင်ဆိုတာ အင်္ဂလိပ်စစ်ဗိုလ်တွေ အီးပါတဲ့ခုံ”

ပါကညော မျက်မှောင်ကျုံ့သွားတယ်။ ပြီးတော့ ပြန်မေးတယ်။

“ဘာလဲ အင်္ဂလိပ်”

တာလပေါ ဘယ်လိုရှင်းပြရမှန်းမသိ ဖြစ်သွားတယ်။ ဒီရွာကလူ တွေက တစ်ရွာနဲ့တစ်ရွာတောင် သွားခဲလာခဲဆိုတော့ မြို့ကြီးပြကြီးတွေမှာ ဖြစ်နေတာတွေ ဘာမှမသိကြဘူးလေ။ ဒါကြောင့်ပဲ

“အင်္ဂလိပ်ဆိုတာ တိုင်းတပါးသားတွေ၊ အောက်ဗမာပြည်ကို သိမ်းထားတဲ့ မျက်နှာဖြူတွေ၊ အဲ့ဒီမျက်နှာဖြူတွေ အီးပါတဲ့ဟာက မင်းခုထိုင်နေတဲ့ ဗိုလ်ထိုင်၊ အဲ့မှာ အင်္ဂလိပ်လိုရေးထားတာတွေ့လား၊ မြန်မာလို ဘာသာပြန်ရင် အိမ်သာတဲ့ ကဲ ရှင်းပလား”

ပါကညောမျက်နှာ နည်းနည်းတော့ပျက်သွားတယ်။ ဒါပေမယ့် သိပ်မရှင်းသေးဘူး။

ဒါကြောင့် မျက်မှောင်ကြုတ်ပြီး

“သူတို့အီးပါတော့ ဒါကြီးနဲ့ ဘယ်လိုပါ”

“အေး မင်းအခုထိုင်နေသလိုပဲ၊ အဲ့ဒီအောက်ကခွက်ထဲ ပါချတာ၊ ပြီးတော့ ဟောမှာကြည့်” ဆိုပြီး သူ့မိန်းမ ရေဆွဲဆွဲချနေတဲ့ ခလုတ်ကို ဆွဲချပြပြီး

“အေး အဲဒီခလုတ်နဲ့ ရေဆွဲချတာ၊ ပြီးတော့ မင်းလည်ပင်းမှာ ဆွဲထားတာက သေးပေါက်ရင် လူမပေအောင် လှန်ပြီးပြန်ချရတာ၊ မင်းအခု ယပ်တောင်လို ကိုင်ထားတာက အိမ်သာဖုံး၊ ကဲ ရှင်းပလား”

ပါကညောမျက်နှာ အကြီးအကျယ်ပျက်သွားတယ်။

သူထင်ထားတာက ဒီခုံက စစ်သူကြီးမဟာဗန္ဓုလ စစ်တိုက်ရင်ထိုင်တဲ့ခုံ။

အလောင်းမင်း တရားကြီး ယိုးဒယားကို ချီတက်ရင် ထိုင်တဲ့ခုံလို့ထင်ထားတာကိုး။

နောက် သူ့လက်က ရေပိုက်ကလေးကို ပြပြီး

“ဒါဆို ဒါက ဘာလုပ်တာ”

“အဲ့ဒါ ဖင်ဆေးတာ”

“ငပိန်”

ပါကညောရဲ့ ဝမ်းခေါင်းလှိုက်သံကြီးနဲ့ အော်သံကြားရတယ်။

အပိုင်း (၉)

“ငပိန်”

ပါကညောရဲ့ အာခေါင်ခြစ်အော်သံ။

အဲ့ဒီအချိန်မှာ ငပိန်က ဦးတင်စိုးအိမ်မှာ ချက်အရက်ဝင်ခိုးနေတဲ့အချိန်ဗျ။

ငပိန်ခိုးထားတဲ့ ချက်အရက်နှစ်ပုလင်း ခါး မှာချိတ်ရင်း ခေါင်းထောင်သွားတယ်။

ပြီးတော့ မီးဖိုပေါ်က ကြပ်ခိုးစင်ပေါ် တင်ထားတဲ့ ငါးခူခြောက်လေး လက်လှမ်းယူပြီး သူ စဉ်းစားလိုက်တယ်။

“ပါကညောကြီး ငါ့ကိုခေါ်နေပါလား၊ ဘာ ကိစ္စလဲ မသိဘူး၊နောက်အားမှပဲ သွားတွေ့လိုက်ဦးမယ်”

သူခိုးခမျာ မအားရှာဘူးလေ။ ဂွင်တွေ့နေတာကိုး။

သူ့ဟာသူ ခိုးစရာရှိတာ ဆက်ခိုးနေလိုက်တယ်။

“သူခိုးဟေ့ သူခိုး သူခိုး” ရွာထဲက အော်သံကြားတာနဲ့ ပါကညော မှေးခနဲအိပ်ပျော်ကာစကနေ ဆတ်ခနဲ ခုန်ထမိမလို ဖြစ်သွားတယ်။ နောက်မှ သတိရပြီး

“ဒါ ငပိန်ပဲဖြစ်ရမယ်”

လို့တွေးပြီး မသိမသာနဲ့ ပြန်ပြီးအိပ်ချင် ယောင်ဆောင်နေလိုက်တယ်။ ဟုတ်တယ်လေ။ သူ ထဖမ်းနေတော့လဲ ဘာထူးမှာမို့လို့။

အရှက်ကွဲခံပြီး ပြန်လွှတ်နေရမှာကို။

“ဒီနားမှာပဲ ဒီနားမှာပဲ”

“ဒီနားမှာတင် ပျောက်သွားတာ၊ တောက်”

“ဘာပါသွားသေးလဲ”

“မမြဌေးအိမ်က ရှင်မီးနှစ်ထည်ပါသွား တယ်”

“တောက် မိလို့ကတော့ကွာ”

ခြေသံတွေ စကားပြောသံက သူနဲ့ သိပ်မဝေးဘူး။ ဒါပေမယ့် ပါကညောကြီး ထမကြည့်ဘူး။ အိပ်ချင်ယောင်ဆောင်နေရင်း မှေးခနဲ အိပ်ပျော်သွားတယ်။

ပါကညောကြီး အိပ်မောကျနေရာကနေ သူ့ ရဲ့ တစ်နေရာရာက ဆစ်ခနဲ ဆစ်ခနဲ နာကျင်သလို ခံစားရတယ်။ အိပ်ရေးက မဝသေးတော့ ကြိတ်မှိတ် အိပ်ကြည့်သေး။ ဒါပေမယ့် ဆစ်ခနဲ ဆစ်ခနဲ နာကျင် မှုက ပိုဆိုးလာတော့ မျက်လုံးဖွင့်ကြည့်လိုက်တယ်။

သူ့ဘေးနားမှာ မှောက်လျက်လေးလူတစ်ယောက်။ သူ အသေအချာကြည့်မိမှ မျက်လုံးပြူးသွားတယ်။

“ဟင် ငပိန်”

ငပိန်က သူ့ဘေးနားမှာ မှောက်လျက်သား လေး။ လက်ထဲမှာလဲ ပြာတစ်ဆုပ်နဲ့။

ငပိန့်ကို ဒီအနေအထားမြင်တော့ သူလန့် သွားတယ်။ ဒါကြောင့် မျက်လုံးကြီးပြူးပြီး

“ဟေ့ ဟေ့ကောင် ငပိန်၊ မင်း ဒီမှာ ဘာ လုပ်နေတာလဲကွ ဟေ”

သူ့အမေးကို ငပိန်က သူ့နှုတ်ခမ်းပေါ် လက်တင်ပြီး

“ရှူး ဒီမှာပြီးတော့မယ်”

ဆိုပြီး

“ဖြုတ်”

“အားလားလား ဟေ့ကောင်၊ မင်းဘာလုပ်..ဟာ”

အမှန်တော့ ငပိန် ပါကညောရဲ့ ချိုင်းမွှေး လာဆွဲနှုတ်နေတာ။

ပါကညောကြီး သူ့ချိုင်းမွှေး ခိုးနှုတ်နေတာမြင်တော့ တင်းသွားတယ်။

“ဟင် မင်း မင်း အဲ့လိုလုပ်စရာလားကွ”

ဆိုတော့ ငပိန်က ပြာတွေကိုသုတ်ပြီး

“အား သူကြီးကလဲ ချိုင်းမွှေးနှုတ်တာ အထူးအဆန်းလုပ်လို့၊ သူကြီးက ချိုင်းမွှေးဆို နှစ်ဖက်လုံး ကျုပ်ချည်းနှုတ်ပေးထားတာ”

“ဟင် “

ငပိန်စကားကြောင့် ပါကညော လန့်သွားတယ်။ ဒါကြောင့် သူ့ဘေးနားမှာ ပုပုလေးအိပ်နေတဲ့ သူ့ကတော် အရင်စောပုချိုင်းကို လှန်ကြည့် တော့

“ဟာ”

နှစ်ဖက်လုံးအပြောင်။ အရင်စောပုက အအိပ်ကြီးတော့ မနိုးဘူးရယ်။ သူ့ချိုင်းမွှေး သူပြန်ကြည့်တော့ တစ်ခြမ်းပြောင်နေပြီ။ သူလဲ ရုတ်တရက် ခုန်ထပြီးသော

“ဟေ့ကောင် မင်းက သူကြီးချိုင်းမွှေး နှုတ်နေရအောင် ဘာကောင်လဲ၊ တယ်”

ဆိုပြီး လက်ရွယ်တယ်။ သူ့စိတ်ထဲ ငပိန်ကြောက်သွားမယ်ထင်နေ တာ။

ဟိုက မကြောက်တဲ့အပြင် သူ့ကိုစိုက်ကြည့်ပြီး

“အော်လိုက်မှာနော်၊ သူခိုး သူခိုးလို့”

“ငင့် “

ပါကညောလန့်သွားတယ်။ ငပိန်ကသာ သူခိုးလို့အော်လိုက်ရင် သူ ငပိန့်ကို မဖြစ်မနေ ဖမ်းရမယ်။ ဖမ်းပြီးရင်လဲ ကတိအတိုင်း ပြန်လွှတ်ပေး ရဦးမယ်။ ဒါ့အပြင် ငပိန်က အထုတ်ဖြည်လိုက်ရင် သူ အရှက်ကွဲပြီ။ ဒီတော့ ပျာပျာသလဲနဲ့

“အေး အေးပါကွာ၊ မအော်ပါနဲ့ကွာ၊ တောင်းပန်ပါတယ်”

“ဒါဆို ပြန်လှဲနေ”

“အဟင့် “

ပါကညော မျက်ရည်တဝိုင်းဝိုင်းနဲ့ ပြန်လှဲနေရတယ်။ ငပိန်က ပါကညော ချိုင်းမွေးတွေ ပြာသုတ်၊ တစ်ချောင်းစီနှုတ်ရင်းက

“ကျုပ် သတင်းတစ်ခုရထားတယ်”

ပါကညော ငပိန်ကိုထကြည့်တယ်။ ငပိန်က သူ့လက်ပိန်ပိန်နဲ့ ပါကညော နဖူးကို ပြန်တွန်းချလိုက်တယ်။ ပါကညောလဲ အလိုက်သင့်ပြန်လှဲ ရင်း

“ဘာ ဘာသတင်းလဲဟင်”

ငပိန်က ပါကညောချိုင်းမွှေးတစ်ပင်ကို ပြာသုတ် ဆတ်ခနဲ ဆွဲနှုတ် လိုက်တယ်။

“အားလားလား”

ပါကညောအော်သံ။ ငပိန်က သူနှုတ်ထားတာ သူပြန်ကြည့်ပြီး

“ချိုင်းမွှေးတောင် ဖြူနေပြီ ဟီဟိ” ဆိုပြီး ရယ်လိုက်သေးတာ။ ပြီးမှ

“ဆေးဆရာဖိုးသာအိုဆိုတာ သိလား” သူ့အမေးကို ပါကညောက ခေါင်းထောင်လာတယ်။ ငပိန်က ပါကညောနဖူးကို ပြန်တွန်းချတယ်။

ပါကညော ပြန်လှဲချရင်း

“မသိဘူး၊ ဘယ်ကဆေးဆရာဖိုးသာအိုလဲ”

ငပိန် စိတ်ကြိုက်ချိုင်းမွှေးတစ်ချောင်းကို ဆွဲနှုတ်ပြီး

“မြင်သာတို့ လမုတန်းတို့ ကြောကွင်းကြီးတို့မှာ နာမည်ကြီးဆေးဆရာ ပဲ”

ပါကညော ချိုင်းမွှေး အနှုတ်ခံနေရာကနေ မျက်မှောင်ကျုံ့ပြီးခေါင်းထောင်ရင်း

“မကြားဖူးပါဘူး၊ ဘယ်ကဆေးဆရာလဲ၊ ဘာဖြစ်လို့”

ငပိန်က သူ့နဖူးကို လက်ညှိုးလေးနဲ့ ပြန်တွန်းချတယ်။

“သူ့မှာ ပီယဆေးရှိတယ်တဲ့”

“ဟင် “

ပါကညော ခေါင်းပြန်ထောင်လာတယ်။ ငပိန်က လက်ညှိုးလေးနဲ့ ပြန်တွန်းချတယ်။

“ပီယဆေးရှိတော့ ငါဘာလုပ်ရမှာလဲ၊ ငါ့မှာ မိန်းမ အရင်စောပုရှိတာပဲ”

ချိုင်းမွှေးကို စိတ်ရှည်လက်ရှည်နဲ့နှုတ်နေတဲ့ ငပိန်က ပြုံးရင်း

“အံမယ်၊ ဒိုးကျရွာက အပျိုကြီးစောမူကို ကြိတ်ကြံနေတာ မသိတာလိုက်လို့”

အဲ့ဒီစကားလဲကြားရော ပါကညောကြီး ပြာပြာသလဲဖြစ်သွားတယ်။ သူ့နားမှာရှိတဲ့ အရင်စောပုက အဟမ်းခနဲ ချောင်းဟန့်တယ်။ ဟိုက အိပ်နေ ရင်း ယောင်တာနေမှာပါ။ ဒါပေမယ့် ပါကညောကြီး မနေရဲတော့ဘူး။

“ဟေ့ကောင် လာ လာ၊ အိမ်အောက်သွားဆင်းပြောရအောင်”

ဆိုပြီး နှစ်ယောက်သား အိမ်ပေါ်ကနေ ခြေဖော့ဆင်းကြတယ်။

အိမ်အောက်ရောက်တော့ မှ ပါကညောက ဆောင့်ကြောင့်ထိုင်ရင်း

“မင်းပြောတာ ဘယ်သူ” ငပိန်က ပါကညောချိုင်းကို လိုက်လှန်ရင်း

“ဆေးဆရာဖိုးသာအိုလေဗျာ၊ မကြားဖူးဘူးလား၊ နာမည်ကြီးပဲကို”

ပါကညော ငပိန်မထားတဲ့လက်ကို အလိုက်သင့်မြှောက် မျက်မှောင်ကျုံ့ရင်း

“အေး ကြားတော့ကြားဖူးသလိုပဲ၊ ဒါနဲ့ သူက လူလိမ်ဆိုလားလို့”

ငပိန်က စိတ်ကြိုက်ချိုင်းမွှေး ငုတ်တုတ်ထိုင်ရှာရင်း

“အာ ကောလာလဟတွေပါဗျာ၊ သူက ဆေးသိပ်စွမ်းတာ”

ပါကညော မျက်မှောင်ကျုံ့သွားပြန်တယ်။ ပြီးမှ ပြန်မေးတယ်။

“မင်းပြောတာ ဘာဆေး”

“ပီယဆေး”

“ပီယဆေး”

ပါကညော လိုက်လံရေရွတ်ရင်း စိတ်ဝင်စားသွားတယ်။ ဒါကြောင့် ပဲ

“အဲ့ဒီပီယဆေးက ဘာစွမ်း”

သူ့အမေးကို ငပိန်က လက်ထဲကဖွဲဆုပ်ကို ခါချရင်း

“အာ ပီယဆေးလေဗျာ၊ အဲဒီဆေးကိုသာရထားရင် ပါကညောကြီး နား မိန်းကလေးတွေ ဝိုင်းနေမှာ ဟီဟိ၊ ဝါသနာနဲ့ တဏှာ ကွက်တိကျပြီ”

ပါကညောရုပ်ကြီး ဖြီးသွားတယ်။ ပြီးတော့ ငပိန်ခါချလိုက်တဲ့ ဖွဲဆုပ်ကို ပြန်ကောက်ပြီး ငပိန်လက် ထဲ ပြန်ထည့်ပေးလိုက်တယ်။ ပြီးတော့ ငပိန်ရဲ့ ခေါင်းကို သူ့ချိုင်းဖက် ပြန် လှည့်ပေးလိုက်သေးတယ်။ ချိုင်းမွှေးအနှုတ်ခံရတဲ့ အရသာကို အကြိုက်တွေ့ သွားပုံပဲ

“အဟိ”

ပြီးတော့ ပြုံးတယ်။

သူလိုချင်တာကလဲ ဒီဘဝပဲကိုး။ အခုကျ ဟိုလူ့ရနိုး ဒီလူ့ရနိုးနဲ့ မထိတထိပြောရတာနဲ့တင် ကျေနပ်နေရတာ။

ဒီဆေးသာရရင်ဆိုတဲ့စိတ် နဲ့ပဲ “မင်းကလဲကွာ၊ ငါ့မှာလဲ ကိလေသာတွေတော့ကုန်ပါပြီ၊ တဏှာလေးကျန်တာကို၊ အဲ..မင်းပြောတဲ့ ဆေးဆရာဖိုးသာအိုက”

“မနက်ဖြန် လမုတန်းဘက်ကို သူ ဒီလမ်းအတိုင်း ဖြတ်လာမယ်၊ အဲဒါကို ကျုပ်က မလက်တိုထန်းတဲကနေ ကြားဖြတ်ပင့်ထားလိုက်မယ်”

သူ့ကိုမော့ကြည့်နေတဲ့ ငပိန်ခေါင်းကို သူ့ချိုင်းဖက် ပြန်လှည့်ထား ပေးတယ်။ ပြီးမှ

“ဘယ် ဘယ်သူမှ မသိစေနဲ့နော်၊ ဟေ့ကောင်”

ငပိန်က သူကြီးချိုင်းမွှေးကို အဖုတ်လိုက်ဆွဲကိုင်ပြီး

“စိတ်ချ”

“ဖြုတ်”

“အားလားလား”

အမှန်တော့ ဆေးဆရာဖိုးသာအိုဆိုတာ လူလိမ်ဆေးဆရာဗျ။

သူ့ကို အကြောင်းသိတဲ့သူတွေဆို လုံးဝခေါ်မသုံးဘူး။

ဘယ်လောက်ထိလဲဆို ကြာကွင်းကြီးတို့လို မြို့နည်းနည်းဆန်တဲ့ နေရာတွေဆို သူ့ကို ရွာထဲကို ပေးမဝင်တာ။

တခါက ကြာကွင်းကြီးမှာ ဝက်သက်ရောဂါ ထတုန်းကပေါ့။

“ဝက်သက်ရောဂါဆိုတာ ဝက်ကဖြစ်တာ၊ ဒါကြောင့် သူ့ကိုနိုင်ဖို့ဆိုရင် ဝက်ဆီက ဝက်ဆီပဲ နိုင် မယ်”

ဆိုပြီး ဝက် ဆီက ဝက်ဆီထုတ်၊ တစ်ရွာလုံး လူရှိသမျှ လှည့်ပတ်သုတ်တာ၊ အကုန်လုံး အပူလောင် ပြီး ပွားကုန်လို့ ဖိုးသာအိုဆို သတ်မယ်ဆိုတာချည်းပဲ။

ဒါပေမယ့်လဲ ကြားဖူးတယ်မဟုတ်လား။ ဟိုး အရင် ဘုရင်တစ်ပါး ခေတ်က နန်းတော်ထဲမှာ မုန့်ဖက်ထုပ်ဝန်ကြီးဆိုတာ ရှိခဲ့တာပဲလေ။

သူလဲ အဲ့လိုဆေးဆရာမျိုး။ ပြောပြမယ်ဗျ။

အခါတပါးမှာ ဘုရင်ကြီးရဲ့ သမီးတော်လေး နာမကျန်းဖြစ်တော့ နန်းတော်ထဲက သမားတော်တွေ ဆေးဆရာတွေပင့်ပြီးကုတာ ဘယ်လိုမှကို ပြန်မကောင်းဘူး။ ဆေးဆရာတွေကုရင်းနဲ့ပဲ သမီးတော်လေးဟာ ရေတိမ်နစ်ရမလိုဖြစ်လာတယ်။သတိလဲ မလည်တော့ဘူး။ ဒါနဲ့ပဲ ဘုရင်ကြီးက တိုင်းပြည်လှည့်ပြီး ကြေညာစေတယ်။

“တိုင်းသူပြည်သား လူအများတို့ရေး..ဆေးပညာနဲ့ပတ်သက်၍ ကျွမ်းကျင်ပြီး ဘုရင့်သမီးတော်ကို ပျောက်ကင်းအောင် ကုနိုင်ပါက နန်းတွင်း သမားတော်ကြီး ခန့်အပ်မည်ဖြစ်ပါကြောင်း” စသည်ဖြင့် ကြေညာတော့

မြို့ အပြင်ဖက်မှာ တစ်ခါမှ ကုသလို့ မကောင်းဘူးတဲ့ ဆေးဆရာက ကြားတယ်။

သူကလဲ တပည့်တစ်ယောက်နဲ့ အတူ ဆေးမကုရလို့ ငတ်နေပြီ။

ဒါနဲ့ သေမထူးနေမထူးစိတ်မွေးပြီး “ဘုရင့်သမီးတော် ငါကုမယ်” ဆိုပြီး နန်းတော်ထဲလိုက်သွားတာ။

သူ့အိတ်ထဲမှာလဲ အိမ်ရှေ့စင်ကလေးမှာတင်ထားတဲ့ ဘာမှန်းမသိ တဲ့ ဆေးမြစ်တွေရော ပန်းခြောက်တွေရော ကျောက်ခဲလိုဟာတွေရော ပါသွားတယ်။

သူ့တပည့်ကတော့ သိတယ်။

“ဒီတစ်ခါမှမသေရင် ဘယ်တော့မှမသေတော့ဘူး” ဆိုတာ။ သူ့ဆရာရဲ့ လက်ဆကို သိတယ်လေ။ ကုလိုက်တိုင်းမသာ ပေါ်တာချည်းကို။

နန်းတော်ထဲရောက်တော့ ဘုရင့်သမီးက မြောနေပြီ။ အသက်သာ ရှူနေသေးတာ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းမှ မလှုပ်တော့ဘူး။ဒါနဲ့ ဆေးဆရာက ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ လွယ်အိတ်ထဲ ပါလာတာတွေကလဲ ဘာတွေမှန်းလဲ သူမသိဘူး။ ဆေးမကုရတာကြာတော့ ဘာဆေးမြစ်တွေလဲ မခွဲခြားတတ်တော့ဘူး။

ဒါနဲ့ အိတ်ထဲက နှိုက်ထုတ်လိုက်တော့ ကျောက်တုံးလိုလိုတစ်ခုပါလာတယ်။ အသေအချာကိုင်ကြည့်တော့ အိစိအိစိနဲ့မို့ ကျောက်တုံးလဲ မဟုတ်ပြန်ဘူး။ သူကိုယ်တိုင် ဒါကြီးဘာကြီးလဲ မသိဘူး။

ဒါနဲ့ မထူးတဲ့အဆုံး

“ဒါကြီးသွေးပြီး တိုက်ကြည့်မယ်၊ ကျန်တာတော့ ကံတရားပဲ”

ဆိုပြီး ကျောက်ပြင်ကို သူယူလာတဲ့အတုံးကြီးသွေးတာ။

ရေလေးနည်းနည်းထည့်သွေးတော့ နီညိုရောင် ပျစ်ချွဲချွဲအရည်တွေ ထွက်လာတယ်။ ဘာတွေမှန်းလဲ မသိဘူး။ မထူးတဲ့အဆုံး အဲဒီနီညို ရောင်အရည်တွေကို ဘုရင့်သမီးနှုတ်ခမ်းပေါ် အစက်ကလေးတွေ ချပေး လိုက်တယ်။

ရုတ်တရက်တော့ ဘာမှမထူးခြားဘူး။ အနည်းငယ်ကြာတော့ ဘုရင့်သမီးတော် နှုတ်ခမ်းလှုပ်လာတာ တွေ့ရတယ်။

နောက်ပြီး ခုန နီညိုရောင်အရည်တွေကို လျှာနဲ့သပ်တာ တွေ့ရတယ်။

ဒါနဲ့ ဆေးဆရာလဲ အဲ့ဒီအတုံးကို ထပ်သွေး။ ဘုရင့်သမီးတော်နှုတ်ခမ်းကို သုတ်ပေးလိုက်ရုံနဲ့ ဘုရင့်သမီးက အဲ့ဒီအရည်တွေကို လျှာနဲ့ သပ်တယ်။

နောက်တော့ ဘုရင့်သမီးတော်က “ရေ” ဆိုပြီး တောင်းဆိုတယ်။

ရေတိုက်တော့ ရေကို နှစ်နှစ်ခြိုက်ခြိုက် သောက်လာတယ်။ မျက်လုံးလဲ တဖြည်းဖြည်းနဲ့ ပြန်ပွင့်လာတယ်။ တစ်သက်လုံးကုလာတဲ့ သမားတော်တွေအားလုံးကြောင်သွားကြတယ်။ သူတို့ကုတုန်းက မထူးခြားတဲ့ ဘုရင့်သမီးတော် အခု ဒီဆေးဆရာ ဘာမှန်းမသိတဲ့ဆေးရည် လေးတစ်စက်နှစ်စက်ချလိုက်ရုံနဲ့ လှုပ်ရှားလာတာကိုး။

ဒီလိုနဲ့ အဲ့ဒါလေးကျွေးလိုက်၊ ရေလေးတိုက်လိုက် လုပ်လိုက်သေလုမြောပါးဖြစ်နေတဲ့ ဘုရင့်သမီးတော်ဟာ ချက်ချင်း ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။

နန်းတွင်းသမားတော်ကြီးတွေ အထင်ကရ ဆေးဆရာကြီးတွေ တောင် ကုသလို့မပျောက်တဲ့အရာကို သာမညောင်ည၊ ဘယ်သူမှ အသိအမှတ် မပြုတဲ့ ဆေးဆရာက ချက်ချင်းပျောက်အောင်ကုသနိုင်တယ်ဆိုတော့ အားလုံးက အံ့အားသင့်ကုန်ကြတယ်။

သမီးတော်လေးကို ကုပြီး ပြန်ထွက်လာတော့ တပည့်ဖြစ်သူက မေးတယ်။

“ဆရာကြီး ဆရာကြီး၊ သမီးတော်ကို သွေးတိုက်လိုက်တာ ဘာဆေးလဲခင်ဗျ”

ဆိုတော့ ဆရာကြီးက စပ်ဖြဲဖြဲနဲ့

“အစကတော့ ငါလဲမသိဘူးကွ၊ သွေးရင်းနဲ့မှ အနံ့ရတော့ ငါလဲ သိလာတယ်၊ ဒီလိုကွာ၊ ငါတို့ရွာပြင်မှာက ကျီးကန်းတွေပေါတယ်မဟုတ်လား”

“ဟုတ်ကဲ့”

“အဲ့ဒီကျီးကန်းထဲက တစ်ကောင်ကောင်က နတ်တင်ထားတဲ့ မုန့် ဖတ်ထုပ်ကိုချီပြီး ယူလာပုံပဲကွ၊ လူတွေက ဝိုင်းခြောက်လှန့်တော့ လန့်ပြီး ဆေးလှမ်းနေကျ စင်ပေါ် ပြုတ်ကျကျန်ရစ်ခဲ့တယ် ထင်ပါ့ကွာ၊ ကြာတော့လဲ အဲဒီမုန့်ဖက်ထုပ်က ခြောက်သွားတာပေါ့”

“ဪ ဒါဆို ဆရာကြီး ဘုရင့်သမီးကို သွေးတိုက်တာ မုန့်ဖတ်ထုပ်ခြောက်ပေါ့နော်”

“အေးကွ၊ ဖြစ်ပုံကဒီလိုကွ၊ ဘုရင့်သမီးတော် ရိုးရိုးနာမကျန်းဖြစ်တာကို သမားတော်တွေက အစွမ်းပြလွန်ပြီး ဘုရင့်သမီးတော်ခမျာ အာဟာရပြတ်ပြီး မေ့လဲသွားတာ၊ အဲ့ဒါကို ငါက မုန့်ဖက်ထုပ်ခြောက်သွေးတိုက် တော့ ချိုပြီး စားချင်သောက်ချင်စိတ်နဲ့ မျက်လုံးပြန်ပွင့်လာတာကွ

“ဪ ဒါကြောင့် ရေခဏခဏတောင်းတာကိုး”

အဲ့ဒီဆေးဆရာလဲ အဲ့ဒါနဲ့ မုန့်ဖက်ထုပ်ကောင်းမှုနဲ့ပဲ သမားတော် ဖြစ်လာတာပေါ့။

လူတွေအခေါ်က မုန့်ဖက်ထုပ်သမားတော်။ ကျုပ်တို့ဆီမှာလဲ အများကြီးပါပဲ။ ဘာမှမတတ်ဘဲ ဝန်ကြီးဖြစ်နေကြတာ။

အခု ဖိုးသာအိုကလဲ အဲ့လိုဆေးဆရာပဲ။

သူကုလိုက်တဲ့လူက လက်တည့်ရင်ကောင်းမယ်၊ ကံမကောင်းရင်လဲ မကောင်းတဲ့အလျောက်ပဲ၊ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့။

ဖိုးသာအိုရဲ့ အဓိကအလုပ်က လိမ်စားတာပဲ။ ဆေးကုတယ်ဆိုတာ က အကြောင်းပြချက်သက်သက်ပဲ။ သူ့အဓိကအလုပ်က ကာမအားတိုးဆေး တို့ ၊ အဂ္ဂရိလုံတို့၊ ပယောဂထုတ်နည်းတို့ စသည်စသည်ဖြင့် လိမ်လို့ရတဲ့ဟာ အကုန်လုပ်တာပါပဲ။

သူကတော့ တစ်ရွာပြီးတစ်ရွာပြောင်း နည်းမျိုးစုံနဲ့ကို လိမ်စားနေ တော့တာ။

ဟော ခုတော့ ဖိုးသာအို၊ အိုးလေးအိုးတို့ ဒိုးကျတို့ကိုရောက်လာပြီ။

ရောက်လာတာကမှ သူခိုးငပိန်နဲ့ဗျား။

ပွဲကတော့ လှပြီ။

အပိုင်း (၁၀)

မနက်ဝေလီဝေလင်းမှာပါပဲ။

ငပိန်နဲ့အတူ လူဖြူဖြူသန့်သန့် ခပ်ဝဝတစ် ယောက်၊ မလက်တိုထန်းတဲထဲ ရောက်နေပြီ။ အဲ့ဒီလူ က ငပိန်ပြောတဲ့ ဆေးဆရာဖိုးသာအိုပေါ့။

ပင်ကျရည်စစ်စစ်ကလေးမှီဝဲရင်းက ပါကညော တို့လာရာလမ်းကို လှမ်းမျှော်နေကြတယ်။

ငပိန်က ဖိုးသာအိုကို စောင်းငဲ့ကြည့်ပြီး

“ဖိုးသာအို ကျုပ်ပြောတဲ့အတိုင်း မလွဲစေနဲ့ နော်”

သူ့စကားကို ဖိုးသာအိုက မကြည်သလိုပြန် ကြည့်ပြီး

ငပိန်က ဘာမှပြန်မပြောဘဲ ထန်းတဲဖက် ကြည့်ကာ

“မလက်တို ခင်ဗျားလဲ မမေ့နဲ့နော်”

သူ့စကားကို ထန်းတဲထဲ ငုတ်တုတ်ထိုင်နေတဲ့ မလက်တိုက

“သီချင်းရော ဆိုရဦးမှာလား”

ငပိန်က မျက်နှာကိုရှုံ့မဲ့ရင်း

“နေပါဗျာ၊ ပြောတဲ့အတိုင်းသာ ပီပြင်ပါစေ”

“နင်သာ ခိုးထားတဲ့ ရှင်မီးသုံးထည် ကတိတည်ပါစေ”

ဘာတွေကြိတ်တိုင်ပင်ထားတယ်ရယ်တော့ မသိဘူး။ သူတို့ဟာ သူတို့တော့ ရှုပ်နေကြတယ်။

“ဟော လာပြီ”

မနက်ခပ်စောစောပဲ အိုးလေးအိုးသူကြီး ပါကညောနဲ့ ဓားဖိုးဌေးတို့ မလက်တိုတို့ ထန်းရည်ဆိုင် ချီတက်လာကြတယ်။ထန်းရည်ဆိုင်ရောက်တာနဲ့

“ဟာ….. မောင်ပိန်ရောက်နေပြီလား၊ ဒါက မင်းပြောတဲ့ အထင်ကရ ဆေးဆရာဖိုးသာအိုမှတ်တယ်”

ဆိုပြီး ငပိန်တို့ဝိုင်းထဲ ဝင်ထိုင်လိုက်တယ်။

ဖိုးသာအိုက ခပ်တည် တည်နဲ့ ခါးကိုမတ်ထားတယ်။

ပါကညောက ဝိုင်းမှာ ချထားတာတွေကို ကြည့် ပြီး

“ဟာ ခင်ဗျားက ဆေးဆရာလဲဆိုသေး၊ ထန်းရည်ကျ သောက်နေ သလားဗျ”

သူ့စကားဟာ အမှန်ဆို ဆေးဆရာတစ်ယောက်အနေနဲ့ မျက်နှာပျက်သွားရမယ်။

ဒါကို ဝါသဘာရင့် ဖိုးသာအိုက မျက်နှာမပျက်တဲ့အပြင် မသိနားမလည်ရန်ကောဆိုတဲ့အပြုံးမျိုးနဲ့တောင်လှမ်းပြုံးပြလိုက်ပြီး

“ဒီမယ် မောင်ရင်ထန်းရည်ဆိုတာ အပူကိုငြိမ်းစေတယ်၊ အပုပ်ကို စင်စေတယ်၊ နွေရာသီမှာသောက်ရင် ရင်ကိုအေးစေပြီး ဆီးကိုရွှင်စေ တယ်၊ ဆောင်းရာသီမှာသောက်ရင် အသားအက်၊အသားပတ်၊ အာခေါင် ကွဲခြင်းကို ထိန်သိမ်းပေးတယ်၊ မိုးရာသီမှာသောက်ရင် အနွေးဓာတ်ကိုရစေ ပြီး ပထဝီကြောကို ပွင့်စေတယ်၊ မနက်စောစောသောက်တဲ့အခါ ဆီးဝမ်းကို မှန်စေပြီး အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတယ်၊ ညနေခင်းသောက်ရင် သွေးကိုလေးစေပြီး အိပ်ချင်စိတ်ကို ဖြစ်စေတယ်၊ လူအများနဲ့ သောက်ရင် နှုတ်အာကိုရွှင်စေပြီး၊ အသိမိတ်ဆွေ တိုးပွားစေတယ်၊ တစ်ယောက်တည်း သောက်ရင် အာရုံကိုစုစည်းနိုင်ပြီး၊အတွေးအခေါ်ကို ဆန်းသစ်စေတယ်၊ ကဲ..အဲဒီတော့”

ဖိုးသာအိုစကားတောင် မဆုံးဘူး။

ပါကညော ထန်းရည်တစ်ခွက် ကိုထည့်ပြီး ခပ်မြန်မြန်ဂလုချလိုက်တယ်။ ဟုတ်တယ်လေ။ ဒီလောက်တောင် ဆေးဖက်ဝင်နေမှတော့ ဘာမဂလုစရာရှိမှာလဲ။

သူ့အတိုင်းပဲ ဖိုးဌေးကလဲ တစ်ခွက်ပေါ့။

ပြီးတော့မှ စပ်ဖြဲဖြဲနဲ့

“အဟဲ ကျုပ်က အိုးလေးအိုးသူကြီး ပါကညောပါ၊ ဒါက တပည့်ဖိုးဌေး”

သူတို့မိတ်ဆက်စကားကို ဖိုးသာအို အံ့သြဟန်နဲ့ ခါးမတ်ပြီး

“အိုး၊ အိုးလေးအိုးသူကြီး ပါကညောနဲ့ ဓားဖိုးဌေးပဲ၊ မောင်ရင်တို့ဂုဏ်သတင်းကတော့ ကြားပါ့၊ အိုးလေးအိုးမှာ ပါကညောနဲ့ ဖိုးဌေးရှိရင် သူခိုးသူဝှက်ကင်းဆို”

ပါကညောရော ဖိုးဌေးရော မျက်နှာပျက်သွားတယ်။ ဘာလို့လဲဆို တော့ သူတို့ရှေ့မှာထိုင်နေတာက သူခိုးလေ။ ဒါကို ဓားဖိုး ဌေးကပဲ ဝင်ပြီး

“ပါပါကြီးရှိရင် သူခိုးသူဝှက်တော့ ကင်းပါတယ်၊ ဒါပေမယ့်တချို့ ကျတော့လဲ ပါပါကြီးက သနားတတ်တယ်လေ၊ လုပ်စားပါစေတော့ဆိုပြီး”

“ချိုင်းမွှေးနှုတ်လိုက်ရမလား”

သူ့စကားမဆုံးဘူး။ ငပိန်ဖြတ်ပြောတာကြောင့် ဓားဖိုးဌေး မျက်နှာပျက်သွားတယ်။

ဒီတော့မှ ပါကညောလဲ မျက်လုံးပြူးပြီး ဓားဖိုးဌေးလက်ကို မြှောက် ကြည့်လိုက်တယ်။

“ဟင် မရှိတော့ဘူး”

ဟုတ်ပ။ ဓားထိုးကြမ်းလွန်းလို့ ဓားဖိုးဌေးရယ်လို့ သမုတ်ခံထားရ တဲ့ ဖိုးဌေး ချိုင်းမွှေးတစ်ပင်မှ မရှိတော့ဘူး။

ငပိန်ကြည့်တော့လဲ စပ်ဖြဲဖြဲနဲ့။ ဒီကောင် ဝင်နှုတ်သွားတာပဲ ဖြစ် မယ်။

အခြေအနေရိပ်မိတဲ့ ဖိုးသာအိုကပဲ ဝင်ပြီး

“အခုလို နာမည်ကျော်ဂုဏ်သရေရှိလူတွေနဲ့ တွေ့ရတာ ဝမ်းသာပါရဲ့ဗျာ၊ အဲ..ဆေးနဲ့ပတ်သက်ရင်တော့ ဖိုးသာအိုကို ပြောဗျ၊ ကျုပ်တို့က မျိုးနဲ့ရိုးနဲ့ ဆေးဆရာတွေဗျ။ ကျုပ်တို့အဘိုးဆိုရင် နန်းတွင်းမှာ”

“မြင်းချေးကျုံးတာလေ”

ဖိုးသာအိုစကားမဆုံးဘူး။ ငပိန်က ဖြတ်ပြောတော့ မျက်နှာပျက်သွားတယ်။

ဒါပေမယ့် ဝါရင့်လူလိမ်ပဲ။ ဒီလောက်နဲ့ ဘယ်ရမှာလဲ။

“မြင်းချေးကျုံးရာကနေ မြင်းသေးနဲ့ဘဲဥပေါင်းစပ်ပြီး ဆေးဘဲဥဆိုတာကြီး တီထွင်နိုင်ခဲ့လို့ နန်းတွင်းသမားတော်ကြီးရာထူး ရခဲ့တာကလား”

သူ့စကားကို ငပိန်က အရှေ့ကပဲလှော်လေး ကောက်ဝါးရင်း

“ခုတော့ သေရှာပြီ”

“ဘာ ဘာလို့လဲဟင်”

ဖိုးဌေးက ဖြတ်မေးတယ်။ ငပိန်က ခပ်တည်တည်ပဲ

“မြင်းထီးဟွာကို မြင်းမနို့မှတ်ပြီး သွားညှစ်မိလို့ မြင်းကန်သေတာ၊ ရင်ဘတ်တစ်ချက် ခေါင်းတစ်ချက်”

ငပိန်က သူ့လည်ပင်းကိုတောင် လက်နဲ့ဖြတ်ပြလိုက်သေးတာ။ဖိုးသာအို မျက်နှာပျက်သွားတယ်။ ပါကညောနဲ့ဖိုးဌေးက ဘုမသိ ဘမသိစုတ်သပ်ကြတယ်။

ဖိုးသာအိုကပဲ ဟန်ကိုယ့်ဖို့ပြန်လုပ်ကာ

“အဲ ကျုပ်အဖေကျ နန်းတွင်းမှာ မနေတော့ဘူး”

“နန်းအပြင်မြို့ရိုးမှာ တောင်းစားတာ”

ငပိန်က ထဖောက်ပြန်တယ်။

ဖိုးသာအိုကတော့ မျက်နှာပျက်လဲ ခဏပဲ

“နန်းမြို့ရိုးမှာတောင်းစားရင်းနဲ့ မြို့ရိုးမှာအလေ့ကျပေါက်တဲ့ ပိစပ်ရွက်ကနေ လူတွေရဲ့ ထိခိုက်ရှနာကနေ အသည်းအဆီဖုံးအထိ ကုသနိုင်တဲ့ဆေး တီထွင်နိုင်ပြန်တယ်”

“ခုတော့ သေပြီ”

ငပိန်က ထောက်ပြန်တယ်။

“ဘာလို့လဲ”

ဖိုးဌေးက မေးတယ်။

“မြွေပွေးကို ပိစပ်ပင်မှတ်ပြီး အမြီးကသွားဆွဲတာလေ၊ ဟိုက လှည့်ပေါက်တာသေရော”

ပါကညောရောဖိုးဌေးပါ မျက်မှောင်ကျုံ့သွားတယ်။ ငပိန်က လည်ပင်းကို လက်နဲ့ဖြတ်ပြတယ်။

“ပိစပ်နဲ့ မြွေပွေး အဝေးကြီးပါ၊ ဘယ့်နှယ်”

“အေ့လေ ပိစပ်က အပင်၊ မြွေပွေးကအကောင်”

သူတို့စကားကို ဖိုးသာအိုကပဲ ခနဲရယ်ပြီး

“အဟဲ ပိစပ်ပင်ချိုးရင်း ပိစပ်ပင်ခြေရင်းမှာခွေနေတဲ့ မြွေပွေးကိုက် မိတာပါ၊ ငပိန်ကလဲ”

“ဒီလိုလား”

ပါကညောရောဖိုဌေးပါ ခေါင်းညိတ်ကြပြန်တယ်။ ဒါကို ဖိုးသာအို ကျတော့

“အဲ…ကျုပ်ကျတော့ နန်းတွင်းလဲမနေ၊ နန်းပြင်မှာလဲ မခွေဘဲ နယ်တကာလှည့်ပြီး ကုသိုလ်ဒါနပြု ကုသရင်း”

“ခုတော့သေပြီ”

ငပိန်ကထထောက်တယ်။ နှစ်ခါသုံးခါဆိုတော့ ဖိုးသာအိုလဲတင်း ပြီး

“ဟေ့ကောင် ငါမသေသေးဘူးကွ”

ဒီတော့မှ ငပိန်ခနဲရယ်ရင်း

“ဪ မသေသေးဘူးလား၊ ဒါပေမယ့် ပါကညောတို့ ဖိုးဌေးတို့နဲ့ တွေ့ရင် သေဖို့များပြီ”

အားလုံး မျက်နှာပျက်သွားကြတယ်။ ဒါကို ပါကညောကပဲ စပ်ဖြဲဖြဲ လုပ်ရင်း

“မောင်ပိန်ကလဲကွာ၊ ငါတို့က ဒီလောက်ဆိုးတဲ့လူတွေ မဟုတ်ပါဘူး၊ နောက်ပြီး ဒီလို လူလေးစားရတဲ့ ဆေးဆရာဆို တို့ဘယ်လုပ်ပါ့မလဲ”

“လူငှားမှာပေါ့”

“တီကောင်ရီမောင်ကိုငှား..အား”

ငပိန်တစ်ယောက် ရှိနေတာနဲ့တင် သူတို့စကားက ရှေ့ဆက်သွား လို့ မရဘူးဖြစ်နေတယ်။ ဒါကြောင့် ပါကညောကြီး ဖိုးသာအိုဖက်ကိုပဲ ဦး တည်လိုက်တော့တယ်။

“ဆေးဆရာကြီး ဆေးဆရာကြီး ဆေးတွေ အဆောင်တွေကသိပ် စွမ်းဆို”

ပါကညောစကားကို ဖိုးသာအိုကပြုံးပြီး “စွမ်းဆို သမာဓိအားနဲ့ ဖော်စပ်ရတာကိုးဗျ၊ ကဲ ပြော ဘယ်လို ဘယ်လိုလက်ဖွဲ့လိုချင်တာလဲ၊ ဖိုးသာအို စီရင်ပေးမယ်”

ဆေးပါကညော ရယ်ရယ်နဲ့ ဘေးဘီဝေ့ကြည့်ရင်း

“ဟဲ ဟဲ ဟိုလေ၊ ပီယဆေးလေးများ”

ဖိုးသာအို ကြမ်းပြင်ကို ဖြန်းခနဲ ရိုက်ချလိုက်ပြီး

“သိပ်စွမ်းပြီး သိပ်ခက်တဲ့ အရာပေါ့ဗျာ”

အဲ့ဒီစကားလဲကြားရော ပါကညောမျက်လုံး အရောင်လက်သွားတယ်။ ဖိုးဌေးက စိတ်ဝင်စားနေတယ်။ ငပိန်ကတော့ သူဆင်တဲ့ခွင် ဝင်လာ ပြီမို့ ကြိတ်ပျော်နေတယ်။

ပါကညောကသာ အငမ်းမရနဲ့

“တကယ် တကယ်ရောစွမ်းလား”

သူ့အမေးကို ဖိုးသာအိုကပြုံးပြီး သူ့ဆေးအိတ်ကိုဖွင့်တယ်။

အိတ်ထဲမှာ ရာပန်းဆီလိုဘူးလေးတစ်ဘူး ယူထုတ်လာတယ်။

“အဟမ်း”

ငပိန်ကချောင်းဟန့်တယ်။ မလက်တိုက သူကြားကြောင်း အဟွတ် အဟွတ်နဲ့ ချောင်းပြန်ဆိုးပြတယ်။ ဖိုးသာအိုက မှင်မောင်းကောင်းကောင်း နဲ့ပဲ

“မယုံရင် လက်တွေ့ကြည့်”

ဆိုပြီး အဖုံးကိုဖွင့်ပြီး သူ့ကိုယ်မှာဆွတ်လိုက်တယ်။ ငပိန်က အဟမ်းဆိုပြီး ချောင်းထပ်ဟန့်တယ်။ အဲ့ဒီအချိန်မှာပဲ

“ဟယ် အနံ့ကလေးက မွှေးလိုက်တာ၊ ဘယ်ကပါလိမ့်”

ဆိုပြီး တဲထဲထိုင်နေတဲ့ မလက်တိုထွက်လာတယ်။ နောက် သူတို့ ဖက်ဝှေ့ကြည့်ပြီး

“ဪ ဟိုက ဖြူဖြူသန့်သန့်နဲ့ မောင်ကြီးဆီကဖြစ်မယ်၊ မောင်ကြီးရှင့်”

ဖိုးသာအိုက ခပ်တည်တည်နဲ့ မလက်တိုကို လှည့်ကြည့်ပြီး

“ပြောတော့ နှမငယ်၊ ပြောတော့”

မလက်တိုက ရှက်ပြုံးလား၊ သောက်ခွက်ပြောင်ပြီးပြုံးတာလားမသိတဲ့အပြုံးမျိုးပြုံးပြီး

“ထူးထူးထွေထွေရယ်တော့ မရှိပါဘူး၊ မောင်ကြီးလိုရင် လက်လက် ကိုခေါ်နော်၊ အဟင့် ခစ်ခစ်”

ဆိုပြီး တဲထဲပြန်ပြေးဝင်သွားတယ်။ ပါကညောနဲ့ဖိုးဌေးဆိုတာ ပါးစပ်ကြီးဟပြီး ဘာပြောရမှန်းမသိဘူးဖြစ်သွားတယ်။

ငယ်တုန်းက သူတောထဲ ကြံတာမရလို့ လက်လွှတ်လိုက်ရတဲ့ မလက်တို။ ရေမွှေးတစ်တို့နဲ့တင် ပုံစံပြောင်းသွားတာကိုး။

ဒါကိုသိတဲ့ ဖိုးသာအိုက မိန့်မိန့်ကြီးပြုံးပြီး

“ကဲ သူကြီးမျက်မြင်ပဲ”

ပါကညောခမျာ ထိုင်ရမလို ထရမလိုပါဖြစ်သွားတယ်။ ဖိုးဌေးဆို တာ မလက်တိုတစ်လှည့်၊ ဆေးပုလင်းတစ်လှည့်ကိုကြည့်ယူရတယ်။ ပါးစပ်ကတော့ ပြန်မစေ့နိုင်သေးဘူး။

ပါကညော မယုံကြည်နိုင်တဲ့ မျက်လုံးမျိုးနဲ့ သူ့ရှေ့ချထားတဲ့ပုလင်း လေးကို လှမ်းယူဖို့လုပ်တယ်။ ဒါကို အကင်းပါးတဲ့ငပိန် က အရင်ဦးအောင် ဖြတ်ခနဲဆွဲယူလိုက်တယ်။

“ဟင်းဟင်း ဒီလိုဆေးမျိုး ဒီလိုလွယ်လွယ်နဲ့တော့ ဘယ်ရမလဲ ဟင်း ဟင်း”

“ဟာ”

ပါကညော မချင့်မရဲဖြစ်သွားတယ်။ မျက်နှာကြီးကလဲ ဖရိုဖရဲဖြစ်နေပြီ။

ငပိန်သိတယ်။ ဒီလိုဖြစ်နေပြီဆိုရင် ပါကညောကြီး အတင်းလိုချင်နေပြီဆိုတာ။

ပါကညောကြီးသာ တကယ်လိုချင်ပြီဆို ကိုယ်လဲ တောင်းချင်ရာတောင်းလို့ရပြီလေ။ ဒါကြောင့် ငပိန်ကြိတ်ပြီးပျော်နေတယ်။ ဒါကြောင့် ပါကညော အသည်းယားအောင် ပုလင်းလေးကို မြှောက်ကာမြှောက်ကာ လုပ်နေတယ်။

အတွေ့အကြုံများတဲ့ ဖိုးသာအိုကတော့ ငပိန်တလှည့်၊ ပါကညော တလှည့်ကြည့်နေတယ်။ သူလဲ အခြေအနေကောင်းပြီဆိုတာ သိပြီလေ။

ပါကညောကြီးကသာ လိုချင်စိတ်ကို ထိန်းမနိုင်သိမ်းမရဖြစ်ပြီး

“အဲ အဲဒီ ပီယဆေးလေး ပညာကြေး ဘယ်လောက်ကန်တော့ရင် ရနိုင်မလဲဟင်”

ငပိန်ကပြုံးတယ်။ ဆေးပုလင်းကို လေထဲမြှောက်လိုက် ပြန်ဖမ်းလိုက်လုပ်ရင်းက

“ဒီလောက်စွမ်းတဲ့ဆေးကို တန်ဖိုးဖြတ်ရမယ်ဆိုရင် ဆယ်ဂဏန်း အဲ့ ရာဂဏန်း ရာဂဏန်း”

ငပိန်စကားကို ပါကညောက တုန်တုန်ရင်ရင်နဲ့

“မင်း မင်းတောင်းသလောက် ပေးပါ့မယ်ကွာ၊ တောင်းသလောက် ပေးပါ့မယ်”

“ဟာ”

ပါကညောရဲ့ စကားကြားတော့ ဖိုးသာအို မျက်လုံးပြူးသွားတယ်။

ငပိန် သူ့ကို ညှိထားတာ ရှစ်ပြားနဲ့ပဲညှိထားတာ၊ ကိစ္စအောင်မြင်ရင် သူက ရှစ်ပြားရမယ်၊ မလက်တိုက ရှင်မီးသုံးထည်ရမယ်၊ အခု ပါကညောက ရာကြီး ဂဏန်းထိကို အသာလေးပေးမယ်ဆိုတော့ သူ့အတွက် စဉ်းစားစရာ ဖြစ်လာတယ်။ သူက ဦးဆောင်လုပ်ရပြီး ဒီလောက်ကွာဟတဲ့ ဝေစုအတွက် သိပ် မကျေနပ်ဖြစ်လာတယ်။ နောက်ပြီး ပါကညော ရဲ့ ကြွယ်ဝမှုကိုသိပြီး လောဘလဲတက်လာပုံရတယ်။

ဒါကြောင့်ပဲ

“ဘယ်လောက်လဲဆိုတော့”

“ဖြတ်”

“ဟာ”

စကားပြောရင်း ပုလင်းလေးမြှောက်ကာမြှောက်ကာ လုပ်နေတဲ့ ငပိန်ဆီကနေ ဖိုးသာအို ပုလင်းကို ဖြတ်ခနဲ ဆွဲယူလိုက်တယ်။

ငပိန်က အံ့အားသင့်ပြီး

“ဖိုးသာအို ခင်ဗျား ခင်ဗျား ဘာလုပ်”

သူ့စကားမဆုံးဘူး။

ဖိုးသာအိုက သူ့ပုလင်းဖုံးကိုဖွင့်ပြီး မြေကြီးပေါ် သွန်ချလိုက်တယ်။

“ဟာ”

“ဘာ ဘာလုပ်တာ”

ဒီအပြုအမူကိုမြင်တော့ အားလုံးအံ့အားသင့်သွားကြတယ်။

ငပိန် ဆို မျက်လုံးကြီးပြူးပြီး

“ဖိုးသာအို ဖိုးသာအို ခင်ဗျား ခင်ဗျား”

သူ့ရဲ့ရေရွတ်သံကို ဖိုးသာအို ဂရုမစိုက်တော့ဘူး။

သူ့ငွေရပေါက် ပါကညောကိုသာ စိုက်ကြည့်ပြီး

“ဒီမှာ သူကြီးပါကညော”

“ခင်ဗျာ ဆေးဆရာ”

ပါကညောက ဘုမသိဘမသိနဲ့ ပြန်ထူးတယ်။

ဖိုးသာအိုက ကြမ်းပြင်ကို သူ့လက်ဖဝါးနဲ့ရိုက်ပြီး

“အဲ့ဒီဆေးထက် အဆတစ်ရာသာတဲ့ ပီယဆေး ကျုပ်ဖော်ပေးမယ် ဗျာ၊ ဟုတ်ပြီလား”

ဖိုးသာအိုစကားကြောင့် ပါကညော မျက်လုံးပါ ဝိုင်းစက်သွားတယ်။

ပြီးတော့ အားရဝမ်းသာအသံကြီးနဲ့

“ဟင် တကယ်လား”

ဖိုးသာအိုက ခေါင်းညိတ်ပြီး

“တကယ်ပြောတာပေါ့ဗျ၊ နံ့သာတစ်တို့၊ အပျို့လှေတစ်ကူးတို့တဲ့ ဗျ၊ ကဲ ဒီမှာပြောလို့ သိပ်မကောင်းဘူးဗျ၊ ပတ်ဝန်းကျင်က သိပ်မသန့်ဘူး” ဆိုပြီး

ငပိန်ကို မျက်စောင်းထိုးပြတယ်။

ငပိန်သိလိုက်ပြီ။ ဖိုးသာအို သူ့ကိုကျော်ပြီဆိုတာ။ ပါကညောကလဲ ရိပ်မိတယ်။

“ဪ ဟုတ်ပါရဲ့ ဒီနေရာက အနံ့အသက် မကောင်းဘူးဗျ။ ဟေ့ ဖိုးဌေး”

“ဗျာ ပါပါကြီး”

“မင်း အိမ်မှာ ပြင်ထားဆင်ထားတာရှိလား”

“အသင့်ပါပါကြီး”

ငပိန်တစ်ယောက် အတော်ကြေကွဲနေတယ်။ သူဆင်ထားတဲ့ ဂွင် ကမိနေပြီးမှ အခု ဖိုးသာအိုကြောင့် ဂွင်ဝေးသွားပြီကိုး။

“ဖိုးသာအို ခင်ဗျား ခင်ဗျား”

ငပိန်ရဲ့ ကြေကြေကွဲကွဲ ရေရွတ်သံ။

ဟိုကတော့ သူ့ကိုရှိတယ်တောင် မထင်တော့ဘူး။

“ကဲ နေမမြင့်ခင် သွားရအောင်ဗျာ”

“ကဲ သွားကြတာပေါ့”

ဆိုပြီး ထထွက်သွားကြတယ်။ သူတို့ကိုကြည့်ပြီး ငပိန် မျက်ရည် ပါဝိုင်းသွားတယ်။

ဖိုးဌေးကတစ်မျိုး။ ခုန ဖိုးသာအို မြေကြီးပေါ်မှောက်ချလိုက်တဲ့ အမွှေးရည်ကို သွားကောက်ယူ၊ သူ့မျက်နှာသူပွတ်ပြီး မလက်တို တဲဖက် ပြေး သွားသေးတယ်။

ပြီးတော့

“ဟဲ့ လက်လက်”

တဲထဲက ထွက်လာတဲ့အသံက

“ဟဲ့ ဘယ်သေချင်းဆိုးလဲ၊ ငါ့ကို လက်လက်ဆိုပြီး လာခေါ်နေတာ၊ အဲ့ဒါ ဖိုးလုံတစ်ယောက်တည်း ခေါ်တဲ့နာမည်ပာ၊ ငါ့နာမည် လက်တို၊ လက် လဲပါတယ်၊ တိုလဲပါတယ်၊ ကာလနာရဲ့ ”

ဖိုးဌေး ခေါင်းကုတ်တယ်။ ပြီးတော့ ကုတ်ချောင်းချောင်းနဲ့ ရွာဘက် ပြန်ပြေးသွားတယ်။ သူစဉ်းစားမှာပေါ့။ ဖိုးသာအိုကျစွမ်းပြီး သူ့ကျ ဘာလို့ မစွမ်းဆိုတာ။

“တောက်”

ငပိန် ယူကြုံးမရဖြစ်နေတယ်။ ငွေရယ်ကြေးရယ်ကြောင့်လဲ မဟုတ်ပါဘူး။ သူဆင်ထားတဲ့ဝင်ကို ဖိုးသာအိုနဲ့ ပါကညော နှစ် ယောက်ပေါင်းပြီး ကျော်သွားလို့ပဲ။

အစကတည်းက ဖိုးသာအိုဟာ လူလိမ်မှန်း တော့ သူသိတယ်။

ဒါပေမယ့် ကိုယ်နဲ့ပေါင်းကြံတဲ့သူ ကိုတော့ ပြန်လိမ်လောက်အောင်အထိ လုပ်လိမ့်မယ် လို့ မထင်မိဘူး။

အမှန်တော့ အကွက်က ရိုးရိုးကလေးရယ်။

သူ့ဆေးကို မလက်တိုနဲ့ပေါင်းပြီး ယုံအောင် လုပ်ပြီးရောင်းမယ်။ပြီးရင် ရသလောက်ခွဲယူပြီး ပြီး သွားမယ်။ ဒီလောက်ပဲ။

အခုကျ ဖိုးသာအိုက သူ့ကိုကျော်ပြီး ဂွင် ကောင်းကို တက်ထိုင်သွား တာ။

“တောက်”

ငပိန်တစ်ယောက်တည်း အူတွေကြေနေတာ။ ဒါကြောင့် အံကိုကြိတ်ပြီး

“ဒီလောက်နဲ့ ပြီးမသွားပါဘူး ဖိုးသာအိုရာ”

ဖိုးဌေးရဲ့ အိမ်ဦးခန်းမှာ ဖိုးသာအို ခန့်ခန့်ကြီး ထိုင်နေတယ်။ သမားတော်ကြီးပေါ့…

ပြောရဦးမယ်ဗျ။ ဖိုးဌေးက တစ်ကိုယ်တည်း… အဲ..လူပျိုကြီးတော့ မဟုတ်ဘူး။ မိန်းမတော့ ရဖူးတယ်။ ရဖူးတဲ့မိန်းမကလဲ ဆုံးပြီးတော့ သူ့ရဲ့ သား နဲ့သမီးကိုလဲ မိန်းမဖက်ကအမျိုးတွေက လာခေါ်သွား လို့ တစ်ကိုယ်တည်းဖြစ်နေတာ။

သူလဲ လိုက်မခေါ်ပါဘူး။ မိန်းမရှိတုန်းက လက်ထပ်ပွား လယ်လေးယာလေးတွေ သူရင်းငှားပေးပြီး တစ်ကိုယ်တည်းနေနေတာ။ဒါကြောင့် သူ့အိမ်ဟာလဲ ဆင်းဆင်းရဲရဲ တော့ မဟုတ်ဘူးရယ်။ဒီရွာမှာတော့ ပါကညောရယ်၊ ဖွားလှခင်ရယ် ပြီးရင် သူ့အိမ်က အသားနားဆုံးပဲ။

ဒါကြောင့် ပါကညောကြီး မဟုတ်တာ တစ်ခုခုလုပ်မယ်ဆို ဖိုးဌေးအိမ်ကိုပဲ ရွေးတယ်။

သူ့အိမ်မှာက သူ့ကတော် အရင်စောပုရှိတဲ့အတွက် သိပ်လုပ်လို့မရဘူးလေ။ တော်ကြာ အရင်စောပုရှိတော့ သိပ်လုပ်လို့မရဘူးလေ။ တော်ကြာ အရင်စောပု မှီရာလှမ်းဖြတ်လို့ အမြစ်ပြတ်သေနေမှာကိုး။

ဖိုးဌေးကျတော့ စိတ်တူကိုယ်တူရှိတဲ့အပြင် နှုတ်လဲလုံတယ်လေ။

အခုလဲကြည့်ပါလား။ ပီယဆေးဆိုတာကြီး လိုချင်တော့ ဖိုးဌေးအိမ် လာကြိတ်ကြံနေတာ။ ဖိုးသာအိုက ဘုရားစင်ရှေ့ထိုင်ပြီး ဘုရားအရင်ကန်တော့လိုက်သေးတာ။

ပြီးမှ ပါကညောတို့ဖက်လှည့်ပြီး

“အဟမ်း ပီယဝါစာ ပီယပါစော၊ ပီယသိဒ္ဓိ၊ ပီယနက္ခတ်ဆိုတာတွေ ရှိတယ်၊ ပီယသာ တကယ်အောင်ရင် အိုတောင်မဆင်းရဲဘူး၊ အပျို့လုပ်စာ နဲ့ ထိုင်စားနေတာ အားကျစရာပ”

ပါကညော အားတွေတက်နေတယ်။ သူသာ ပီယဆေးရရင်ပွဲသိမ်း ပြီလေ။

“ဂါထာအမှန်ကိုလဲ မန်းမှ ဆေးကစွမ်းတာကိုးဗျ”

ပါကညောရော ဖိုးဌေးပါ ဖိုးသာအိုကို အရောင်လက်တဲ့မျက်လုံး မျိုးနဲ့ ကြည့်နေကြတယ်။ ဖိုးဌေးဆို ဖိုးသာအိုကို ကြည်ညိုလို့ဆိုပြီး မရှိ ရှိတာ ချက်ကျွေးနေတာ။

“ဟော ကျုပ်မှာ ပီယဂါထာရှိပြီ၊ ပီယနက္ခတ်နဲ့လည်းကိုက်ပြီ၊ ပီယ ကိုလက်ခံဖို့ သူကြီးပါကညောဆိုတဲ့ ပီယခန္ဓာကိုယ်ကြီးလဲရှိနေပြီ” ပါကညော သူ့ကိုယ်သူ ပြန်ကြည့်တယ်။

သူ့ခန္ဓာကိုယ်က ဘယ်တုန်းက ပီယခန္ဓာဖြစ်သွားမှန်း သူလဲမသိလိုက်ဘူး။

ဖိုးသာအိုပြောလို့သာ နားထောင်နေရတာ။ သူလဲ သိပ်တော့နားလည်လှတာ မဟုတ်ဘူးရယ်။

“ဒါပေမယ့် ခက်တာက ပီယဆေးဖော်ဖို့ လိုအပ်တဲ့ ပစ္စည်းအနည်းငယ်တော့ရှိသဗျ”

ဖိုးသာအိုစကားကို ပါကညောနဲ့ဖိုးဌေး တစ်ယောက်မျက်နှာတစ် ယောက် ပြန်ကြည့်တယ်။ ပြီးတော့ ဖိုးဌေးကပဲ နှုတ်သွက်လျှာသွက်နဲ့

“ဘာ၊ ဘာတွေလိုအပ်တာရှိလို့လဲ၊ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ ဆေးဆရာ”

ဖိုးသာအိုက သူ့ပေါင်သူပုတ်ပြီး ပြောသင့်မပြောသင့် စဉ်းစားနေပုံ ပေါ်တယ်။

“လိုအပ်တာကတော့ သိပ်ကြီးကြီးမားမားရယ် မဟုတ်ပါဘူး၊ ဒါပေမယ့် ကိုယ်တိုင်လုပ်မှဖြစ်မှာမို့ ဖြစ်ပါ့မလားလို့”

ပါကညောကြီး ဖင်တကြွကြွဖြစ်နေတယ်။

သူက ပီယဆေးကို အတင်းလိုချင်နေပြီကိုး။

“ပြောသာပြောပါ ဖိုးသာအိုရာ၊ ပါကညောမှာ မဖြစ်နိုင်တာ မရှိဘူး”

ဖိုးသာအိုက ပါကညောရောဖိုးဌေးပါ တလှည့်စီကြည့်တယ်။ ဟိုနှစ်ယောက်ကလဲ ဘာဖြစ်ဖြစ် အကုန်လုပ်မယ့်ပုံ။ ဒါကြောင့်ပဲ

“တကယ်လိုနေတာ မုဆိုးမထဘီနဲ့ သူ့ဘော်လီဗျ”

“ဟင်”

“ဟယ်”

နှစ်ယောက်လုံး အံ့အားသင့်သွားကြတယ်။ နည်းနည်းကြာမှ ဖိုးဌေး က မျက်မှောင်ကျုံ့ပြီး

“ထဘီကတော့ ဟုတ်ပါပြီ၊ ဘော်လီက ဘာတုန်းဗျ”

ဖိုးဌေးပြန်မေးလိုက်တာမို့ ဖိုးသာအို ကြောင်သွားတယ်။ နောက်မှ ခေါင်းကုတ်စဉ်းစားပြီး

“ဟိုလေ၊ ဘော်လီဆိုတာ မိန်းမတွေဝတ်တတ်တဲ့ ချွေးခံ”

ဒီတော့မှ ဖိုးဌေး သဘောပေါက်ပြီး

“သော် ရှင်မီးကိုပြောတာလား”

ဖိုးသာအိုလဲ အလျင်အမြန်ခေါင်းညိတ်ပြီး

“အင်း အင်း ဟုတ်တယ်၊ ချွေးခံ ရှင်မီး”

ဖိုးဌေး မျက်မှောင်ကြုတ်သွားတယ်။ ပြီးတော့ အသေအချာစဉ်းစား ပြီး

“မုဆိုးမဆိုတာက ယောကျာ်းရပြီးယောကျာ်းသေတော့မုဆိုးမဖြစ်တာမဟုတ်လား”

“အင်းလေ၊ ယောကျာ်းရပြီး ယောကျာ်းသေသွားမှ မုဆိုးမဖြစ်တာ လေ”

ဖိုးဌေး နားမလည်နိုင်စွာ ခေါင်းကုတ်ပြီး

“ယောကျာ်းရပြီးသားမိန်းမ ဘယ်မိန်းမက ရှင်မီးကြီးအလေးခံဝတ် လို့လဲ”

“ဟမ်”

ဖိုးဌေးစကားကြောင့် ဖိုးသာအိုကြောင်သွားတယ်။

ဟုတ်သား။ ဒီလိုရွာတွေမှာက မိန်းကလေးတွေ အိမ်ထောင်ကျပြီး ရှင်မီးဝတ်ဖို့မပြောနဲ့၊ အင်္ကျီကပ်ရင်တောင် ကံကောင်း။

အတော်များများ ထဘီရင်လျားနေကြတာ။ ဖိုးသာအိုက ခေါင်းကုတ်ပြီး

“မိန်းကလေးတွေ အိမ်ထောင်ကျပြီး အတွင်းခံမဝတ်တော့ဘူးဆို ပေမယ့် အလှူမင်္ဂလာဆောင်သွားဖို့အတွက်တော့ တစ်ထည်တလေတော့ ရှိကြမှာပဲလေ ဟုတ်ဖူးလား”

သူတို့ အချီအချပြောနေတာကို ပါကညော တစ်ခွန်းမှဝင်မပြောဘူး။ တစ်ခုခုကို အသေအချာ စဉ်းစားနေပုံပေါ်တယ်။

အတန်ကြာမှ

“နေပါဦး၊ မုဆိုးမထဘီနဲ့ ရှင်မီးယူပြီး ဘာလုပ်ရမှာတုန်း”

ဖိုးသာအိုက ပါကညောနားကပ်သွားပြီး

“ဆေးဖော်ရမှာလေ၊ ပီယဆေးဖော်ရမှာ”

“ဘယ်လို”

ပါကညော မျက်မှောင်ကြုတ်သွားပြန်တယ်။ ဖိုးသာအိုစကားကို သူ မရှင်းဘူးဖြစ်နေတယ်။

ဒါကြောင့်ပဲ

“ဆေးဖော်တာ တခြားအပျိုမိန်းကလေးတို့ ရိုးရိုးအိမ်ထောင်သည်ရဲ့ ထဘီတို့ ရှင်မီးတို့နဲ့ ဖော်လို့မရဘူးလား”

သူ့စကားကို ဖိုးသာအိုက ကြမ်းပြင်ကို တဖြန်းဖြန်းပုတ်ပြီး

“အဲ့ဒါပြောတာ အဲ့ဒါပြောချင်တာ၊ ဒီမှာကြည့်စမ်း”

ဖိုးသာအိုပြောတဲ့အတိုင်း ပါကညောက ကြည့်တယ်။

ဖိုးသာအိုက အားတက်သရောနဲ့

“အပျိုကလေးတွေ အိမ်ထောင်သည်တွေနဲ့ ဆေးဖော်တဲ့အခါ ဟော အပျိုလေးတွေဆို ရည်းစားမရှိနိုင်ဘူးလား”

ပါကညော ဖိုးသာအိုကိုပဲ ကြည့်နေမိတယ်။

“ဟော အိမ်ထောင်သည်ဆိုရင်ရော သူ့ယောကျာ်းရှိမနေဘူး။ အဲ့ဒါမျိုးတွေနဲ့ ပီယဆေးဖော်မိရင် မစွမ်းတာတော့မဟုတ်ဘူး၊ စွမ်းတော့ စွမ်းပါရဲ့၊ ဒါပေမယ့် အနောက်ကနေပေါ်လာမယ့် ပြဿနာကအများကြီး၊ ဟော မုဆိုးမကျတော့အနောက်ကလိုက်နှောင့်ယှက်မယ့်သူရှိလား”

ပါကညော အနည်းငယ်သဘောပေါက်လာပုံရတယ်။ ဖိုးသာအို ကပဲ ဆက်ပြီး

“မရှိဘူး၊ ကိုယ် ပီယဆေးဆောင်ပြီး ဘယ်လောက်ရှုပ်ရှုပ်အနောက်က လိုက်နှောင့်ယှက်မယ့်သူမရှိဘူး၊ ဒါမှ ပီယဆေးကောင်းခေါ်တာ ဗျ”

ပါကညော ပြုံးရောင်သမ်းလာတယ်။

ဖိုးသာအိုပြောတော့လဲ သဘာဝတော့ကျသား။ ပီယဆေးစွမ်းတာတော့ ဟုတ်ပါရဲ့။အနောက်က အတိုက်အခိုက်တွေပါလာရင် ရှုပ်ပြီလေ၊ ဒါကြောင့် ပီယဆေးစွမ်းရင်လဲ အလွတ်ကြီးစွမ်းရင် မကောင်းဘူးလား။

ဒါနဲ့ပဲ

“ဖိုးဌေး တို့ရွာထဲမှာ မုဆိုးမအိမ် ဘယ်နှအိမ်ရှိလဲ”

ဖိုးဌေး မျက်မှောင်ကျုံ့စဉ်းစားပြီး

“အများကြီးပဲလေ ပါပါကြီး၊ ဖွားလှခင်တို့ဆိုလဲ ယောကျာ်းဆုံးထားပြီး မုဆိုးမပဲမဟုတ်လား၊ အရွယ်တော်ဆိုရင်တော့ ကြင်ကြင်လှိုင်တို့ သိန်းမြ တို့လဲ မုဆိုးမတွေပဲ”

ဟုတ်ပါရဲ့။ သူတို့ရွာတွေက မုဆိုးမက ခပ်များများ။ အဘွားအရွယ် ဖြစ်မှ ယောကျာ်းဆုံးလို့ မုဆိုးမဖြစ်သူတွေများပုံလို့

“အေး ဒါဆိုလဲ မုဆိုးမအိမ်တစ်အိမ်အိမ်က ထဘီနဲ့ရှင်မီး သွားယူ ခဲ့စမ်း၊ ငါယူခိုင်းတယ်လို့၊ ဪ မင်းအတွက်ပါတစ်စုံ”

သူ့စကားကို ဖိုးသာအိုက ပျာပျာသလဲနဲ့ ကြားဖြတ်ပြီး

“ဟာ အဲ့လိုမရဘူး၊ အဲ့လိုမရဘူး”

“ဟင်”

“ဘယ်လို”

ဖိုးသာအိုစကားကြောင့် ပါကညောရော ဖိုးဌေးပါ ကြောင်သွားတယ်။

“ဘာလို့မရတာလဲဟင်”

ဖိုးဌေးကမေးတယ်။ ဖိုးသာအိုက အသံကိုနှိမ့်ပြီး

“ဘာလို့လဲဆိုတော့ ဒါက အောက်လမ်းနည်းနဲ့ အနည်းငယ်ဆိုင်သဗျ ”

ပါကညောနဲ့ဖိုးဌေး တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်ကြ တယ်။ သူတို့က ဘာမှမသိတာကိုး။

“မိန်းကလေးတွေရဲ့ ဝိညာဉ်ကို သူတို့မသိအောင် ခိုးယူရမှာဗျ။ သူတို့သာသိနေရင် ဘယ်လိုလုပ် သူတို့ရဲ့ ဝိညာဉ်ကို အထိန်းချုပ်ခံမှာလဲ၊ ဥပမာ ဗျာ..ပါကညောကြီးမှာ ပီယဆေးရှိတယ်မှန်းသိရင် ဘယ်သူကများ အနားကပ်ခံမလဲ ဟုတ်ဖူးလား”

ဖိုးသာအိုပြောတော့လဲ သဘာဝကျသလိုလို။

“ဒါဆို ဘယ်လိုလုပ်ရမှာ”

“ခိုးယူရမှာ”

“ဟမ်”

“ငင့်”

ဖိုးသာအိုစကားကြောင့် နှစ်ယောက်လုံးကြောင်သွားတယ်။ သူတို့ က လူမိုက်သာလုပ်တာ။ ရိုက်နှက်ပြီးယူရင်သာယူမှာ။ ခိုးပြီးတော့ တခါမျှ မယူဖူးဘူးလေ။ ဒါကြောင့် နှစ်ယောက်လုံး တဒင်္ဂတော့တွေသွားတယ်။ နောက်မှ ပါကညောကသက်ပြင်းချပြီး

“ခိုးထားမှဖြစ်မယ်ဆိုလဲ ငပိန့်ဆီမှာ မုဆိုးမထဘီတွေတော့ ရှိမှာပဲ၊ ဖိုးဌေး ငပိန်ဆီက သွားတောင်းဝယ်လိုက်ကွာ”

“ဟုတ်ကဲ့ ပါပါကြီး”

“ဟာ နေဦး နေကြပါဦး”

ဖိုးသာအို ကမန်းကတမ်း တားယူရတယ်။

“အဲ့သည်လိုလုပ်လို့မရဘူးလေ၊ ဟိုကောင်ခိုးတာက ဒီအတိုင်းခိုး တာ၊ ပီယဆေးဖော်ဖို့ကျ ဂါထာစုပ်ပြီး ခိုးရမှာဗျ”

“ဂါထာ”

နှစ်ယောက်လုံး ပြန်ငြိမ်သွားတယ်။

ဒါကို ဖိုးသာအိုကပဲ အရှေ့တိုး လာပြီး

“ဒီမှာကြည့်၊ မုဆိုးမထဘီကို ခိုးတဲ့အခါ သူ့ရဲ့ ဝိညာဉ်ကို ဂါထာစုပ်ပြီး ကိုယ့်ဆီပါလာအောင်ကိုယ်မှာပတ်၊ ပြီးရင် ဟောဒီကြိုး”

ဖိုးသာအိုက သူ့အိတ်ထဲကကြိုးတွေ ထုတ်လာတယ်။

ပြီးတော့ ပါကညောတို့ ဖိုးဌေးတို့ကိုပြပြီး

“ဟောဒါ ဘာကြိုးထင်လဲ၊ မှော်ကြိုးဗျ၊ မှော်ကြိုး။ နန်းတွင်းသမား တော်ကြီး ဆရာခဲပုဆိုးနဲ့ နောင်တော်ကြီး တောင်ရှည်ကို ရောကျစ်ထားတာ၊ မုဆိုးမထဘီနဲ့ရှင်မီးကို မှော်ကြိုးနဲ့မိပြီ ဆို၊ ရွတ်ရမယ့်ဂါထာက ဟောဒီမှာ”

ဆိုပြီး ပေရွက်တစ်ရွက် ထုတ်ပြတယ်။ ပေရွက်မှာ ရေးထားကောက

“ခြုံ”

“သရသုံးထပ်၊ အုတ်သုံးချပ်နဲ့ ချစ်စဖွယ်မိမယ် ငါသို့ကပ်”

“ခြုံ”

“စန္ဒီမယ်ညို၊ လင်လိုလှသည်၊ နင်လှပေသည်၊ ကာမတဏှာ၊ သျှရ စန္ဒာ၊ ငါဆရာအင်း ဆင်းဆိုရာဆင်း၊ ကပ်ဆိုရာကပ်”

“သိဒ္ဓံ သရဒံ သျှရခြုံ”

“အဲ့ဒီဂါထာရွတ်ပြီး ဖမ်းရမှာ”

ဖိုးသာအိုစကားကို ဟိုက နားလည်လား နားမလည်လားတော့ မသိဘူး။ ခေါင်းတော့ ညိတ်ရှာတယ်။

“အဲ့ဒီဖမ်းလာတဲ့ဝိညာဉ် ကျုပ်ဆီရောက်မှ လိုအပ်သည်ကို ပြာချ၊ ဟောဒီလုံထဲထည့်ပြီး ခုနစ်ရက် ခုနစ်လီ ဂါထာစုပ်၊မန်းမှုတ်ပြီး ဖိုထိုးရမှာ၊ အဲဒီတော့မှ ဟော့ဒီ မှာကြည့်စမ်း”

ဖိုးသာအို သူ့အိတ်ထဲက တစ်ခုပြီးတစ်ခု ထုတ်ပြတယ်။ သူ့အိတ်ထဲမှာ အဂ္ဂရိတ်ထိုးတဲ့ (လုံ) တွေလဲပါတယ်။ နောက်ကြေးလုံးလေးတွေလဲ ပါတယ်။

သူက ကြေးလုံးလေးတစ်ခုကို ယူပြပြီး

“ဆေးအောင်ပြီဆို၊ ဖိုထဲမှာ ဟောလို အလုံးလေးတစ်လုံးရလာမယ်၊ အဲ့ဒီ အလုံးလေးကိုမှ နံ့သာဆီထဲထည့်သုံးမလား၊ ဒါမှမဟုတ် ဟောဒီလို ပီယလုံးကိုပဲ ပါးစောင်ထဲထည့်ငုံသုံးမလား၊အကုန်ပြီး အားလုံးပြီး”

ဖိုးသာအိုပြသမျှ ပါကညောတို့ဖိုးဌေးတို့ခမျာ မျက်လုံးလေး ကလယ်ကလယ်နဲ့ ယူရတယ်။ ဒါကို ဖိုးသာအိုကအားတက်ပြီး

“ဒီမှာ ဒီလိုပီယဆေးက တကယ်အောင်ပြီဆို မိန်းမတင်မဟုတ်ဘူး နော်၊ အလုပ်ကိစ္စရှိလို့ ယောကျာ်းတွေနဲ့ပြောဦး၊ ပီယလုံးလေးသာငုံပြီးပြော၊ အားလုံး ဟုတ်ကဲ့ ဟုတ်ကဲ့ပဲ၊ ငြင်းတယ်ဆိုတာကို မရှိတာ၊ ဟားဟား”

ဖိုးသာအိုက သူ့စကားကိုသူ သဘောကျပြီးတောင် ရယ်နေသေး။

ပါကညောနဲ့ဖိုးဌေးတို့ ဖိုးသာအိုအပြောမှာ မြောပြီး ဖင်ကြွကြွက။ ဒါပေမယ့်

“အင်း ဖိုးသာအိုပြောတာတော့ အားရစရာပ၊ ဒါပေမယ့်လဲ သူကြီး က သူများအိမ်ထဘီတက်ခိုးဖို့ဆိုတာ”

ပါကညောစကားကို ဖိုးသာအိုက အနားနားတိုးကပ်လိုက်ပြီး

“ဒီအချိန်မှာ သူကြီးဆိုတာ ခဏမေ့ထားလိုက်ပါ၊ မကြာခင်မှာ မဒီလေးတွေ ဝိုင်းဝိုင်းလည်နေမယ့် ကိုကိုပါကညောဆိုတာ မြင်ယောင်လိုက်စမ်းပါ၊ မြင်ယောင်ကြည့်စမ်းပါ”

ဖိုးသာအိုပြောသလို ပါကညော စဉ်းစားကြည့်တယ်။ သူ့စိတ်ကူး ထဲမှာတော့ ရေချိုးချိန်တောင် မရရှာဘူး။

ဒါကိုသိတဲ့ ဖိုးသာအိုက

“ဒီမှာသူကြီး၊ အိုးလေးအိုးဆိုတာကလဲ သူကြီးတို့ရဲ့ အုပ်ချုပ်မှုနဲ့ သူခိုးသူဝှက်ကင်းပြီး ရွာသားတွေဟာ ခေါင်းပြားအောင်အိပ်ရတယ်ဆို”

ပါကညော မာန်အပြည့်နဲ့ ခါးပြန်မတ်သွားတယ်။ ဖိုးသာအိုကလဲ လူလည်ပဲ သိတာပေါ့။

ဒါကြောင့် အံကြိတ်သံကလေးနဲ့

“သူကြီးဆိုတာ တစ်ညကလေးပဲမေ့ပြီး လုပ်လိုက်စမ်းပါ၊ ဆေးစွမ်း ဖို့ ကျုပ်တာဝန်ထား”

ဖိုးသာအိုစကားကို ပါကညော ရင်ခေါင်းသံကြီးနဲ့

“လုပ်ပြီဗျာ၊ ကဲ”

အပိုင်း (၁၁)

ညအမှောင်အောက် ရွာလမ်းတလျှောက် လူတစ်ယောက် လုံးလုံး လုံးလုံးနဲ့ ပြေးချလာတယ်။ ဘယ်သူရှိမှာလဲ။ အိုးလေးအိုးရွာသူကြီး ပါကညောပေါ့။

ရုတ်တရက်ဆိုရင်တော့ သူ့ကို မမှတ်မိနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူ့မိန်းမအရင်စောပု ပွဲလမ်းသဘင်တွေသွားရင် တခါတလေသုံးတဲ့ ဆံပင်တု ကြီးတပ်ထားတာကိုး။ ဒီလိုလုပ်ရတာရလည်း အကြောင်းရှိတယ်။ ရုတ်တရက် ခြေချော်လက်ချော်ဖြစ်ပြီး သူ့ကို တစ်ယောက်ယောက်တွေ့သွားရင် မှတ်မိမှာစိုးလို့။

ဒီညမှာတော့ ပါကညောကြီး ဆံပင်တုနဲ့ မုတ်ဆိတ်နဲ့။ ဆံပင်ရှည်ဖားလျားနဲ့ ညအမှောင်အောက် ပြေးသွားနေတာ။ သူ့ခမျာ ဆေးဆရာဖိုးသာအို ပြောတဲ့အတိုင်း ဓာတ်ပိုစီးအောင် ညသန်းခေါင်ယံအချိန်ကို ရွေးလုပ်ရတာကိုး။ ဒီလိုလုပ်မှ ဆေးပိုစွမ်းမယ် ဆိုတာကိုးဗျ။ ဒါကြောင့် ညသန်းခေါင်အချိန်ရောက်တာနဲ့ လုံးနေအောင် ပြေးတာ။ မုဆိုးမ မသိန်းမြတို့ အိမ်ကိုလေ။

သူ မုဆိုးမ မသိန်းမြအိမ်ကိုရွေးတာ အကြောင်းရှိတယ်။ မသိန်းမြက နှစ်ကျော့ပြန် မုဆိုးမ။

ပထမ ကိုတင်အေးနဲ့ အိမ်ထောင်ကျတယ်။ ကိုတင်အေးနဲ့ကလေး တစ်ယောက်ရပြီး ကိုတင်အေးသေတယ်။ ပြီးတော့ လမှတန်းဖက်က မုဆိုးဖို အဘိုးကြီး ဦးဖိုးလှိုင်နဲ့ ထပ်ယူတယ်။ ဦးဖိုးလှိုင်နဲ့ ကလေးမရဘဲ ဦးဖိုးလှိုင် သေတယ်။

ဟော အခု ဒိုးကျက ဝင်းမြင့်နဲ့ ထပ်ရည်ငံနေပြန်ပြီ။ ဒီလိုစွံတဲ့ မုဆိုးမထဘီနဲ့ ရှင်မီးရမှ သူ့ရဲ့ ပီယဆေး ပိုအောင်မြင်မှာပေါ့။ ဟုတ်ဘူးလား။

ဒါကြောင့် မုဆိုးမ မသိန်းမြအိမ်ကို သန်းခေါင်အမီ လုံးနေအောင်ပြေးတာ။
နောက်ပြီး သူ မသိန်းမြအိမ်ကို ရွေးရရင်း အကြောင်းရင်းက သူ့အိမ်က လူနည်းတယ်လေ။ မသိန်းမြနဲ့ သူ့သား ပိစိညောင့်တောင့် တစ်ကောင်ရယ် ဒါပဲရှိတာကိုး။
သူ ခြေလှမ်းကို ထပ်သွက်လိုက်တယ်။

အင်း ရွာလေးကတော့ တိတ်ဆိတ်စွာအိပ်မောကျနေတုန်း။မသိန်းမြအိမ်ရောက်တော့ ခြံနားမှာ တစ်ချက်ဝင်ဝပ်နေလိုက်သေးတယ်။ အခြေအနေမကောင်းရင် နောက်တစ်မျိုးကြံရအောင်လို့။အားလုံးကတော့ အငြိမ်ပါပဲ။ ရွာက အေးချမ်းလွန်းတော့ ရွာသူရွာသားတွေက စိတ်ချလက်ချ အိပ်ရတာကိုး။

ပါကညော ဘေးဘီဝေ့ကြည့်တယ်။ ထူးထူးခြားခြား ဘာမှမတွေ့ရဘူး။ ဒါကြောင့် ခြံစည်းရိုးကို ခုန်ကျော်ရင်း မသိန်းမြအိမ်အောက် ကျွမ်းထိုးပြီး လှစ်ခနဲ လှိမ့်ဝင်လိုက်တယ်။ အခြေအနေက အငြိမ်ပဲ၊ ဖုန်တောင် တစ်ချက်မထဘူး။ ပါကညောတို့ သပ်ရပ်ပုံ။ နောက် လှေကားရင်းကနေပဲ ခေါင်းတင်ပြီး မသိန်းမအိမ်ထဲလှမ်းကြည့်လိုက်တယ်။ အမှောင်ထဲမှာ လှုပ်ရှားနေကျမဟုတ်တော့ ရုတ်တရက် မမြင်ရဘူး။ နောက်မှ ကျင့်သားရပြီး တဖြည်းဖြည်း မှုန်ဝါးဝါးနဲ့ မြင်လာရတယ်။ အိမ်ပေါ်မှာ လူရိပ်လူယောင် မမြင်ရဘူး။

ပါကညော လေးဖက်ထောက်ပြီး လှေကားတစ်ဆင့်ချင်း တက်လိုက်တယ်။

အိမ်ထဲလှမ်းကြည့်လိုက်တယ်။ အိမ်အခန်းထဲမှာ မသိန်းမြနဲ့သူ့သား အိပ်နေတယ်။
အိမ်ခြေရင်းမှာတော့ ဘီရိုတွေနဲ့ ပန်းကန်စင်တွေထားတာ တွေ့ရတယ်။

“ဟုတ်ပြီ”
ဘီရိုထဲမှာတော့ ထဘီတွေ ရှင်မီးတွေတော့ ရှိမှာပဲလေ။
ပါကညောကြီး ဝမ်းသာအားရပဲ ဘီရိုနားပြေးကပ်လိုက်တယ်။ပြီးတော့ ဘီရိုတံခါးကို ရှာဖွင့်ကြည့်လိုက်တော့

“ဟာ”
ဖြစ်ချင်တော့ ဘီရိုတံခါးတွေက ပိတ်ထားတယ်။ ပါကညောကြီးအကြီးအကျယ် စိတ်ပျက်သွားတယ်။ သူဘယ်လိုဆက်လုပ်ရမှန်း မသိတော့ဘူး။ ဘီရိုမှန်ကြီး ခွဲလိုက်ရင်လည်း မသိန်းမြတို့နိုးသွားနိုင်တယ်လေ။ နှံ့စပ်အောင်လိုက်ရှာတယ်။ ဖွင့်လို့ရတာဘာမှမရှိဘူး။ ဒါကြောင့် ဘေးနားမှာ ချွတ်ပုံထားတာများ ရှိလေမလားလို့လိုက်ရှာလိုက်စမ်းကြည့်သေးတယ်။ ဘာမှမရှိဘူး။ မုဆိုးမအိမ်ဆိုပေမယ့် အားလုံး သပ်သပ်ရပ်ရပ်ပဲ။

ပါကညော ဟိုကြည့်ဒီကြည့်နဲ့ အခန်းထဲ ဝေ့ကြည့်လိုက်တော့

“ဟင် “
အိပ်ပျော်နေတဲ့ မသိန်းမြရဲ့နံဘေးမှာ ချွတ်ပုံထားတဲ့ ရှင်မီးတစ်ထည်တွေ့တယ်။

ပါကညော ဝမ်းသာသွားတယ်။ ဒါကြောင့်အခန်းထဲကို ခြေဖော့နင်းပြီး ဝင်လိုက်တယ်။ အိပ်ပျော်နေတဲ့ မသိန်းမြကိုကျော်ခွပြီး ရှင်မီးရှိရာ သွားလိုက်တယ်။

နောက် ဆောင့်ကြောင့်ထိုင်ပြီး ရှင်မီးကို လှမ်း ကောက်လိုက်တယ်။
ရှင်မီးအစစ် ဟုတ်မဟုတ် ကြည့်ရသေးတယ်။
ဟုတ်တယ်။ ရှင်မီးအစစ်ပဲ။

ဒါနဲ့ ဘေးနားမှာ ချွတ်ပုံထားတဲ့ထဘီ တွေ့လိုတွေ့ညား လိုက်ကြည့်သေးတယ်။ နောင်တချို့ ထပ်ထားတာပဲ တွေ့ရတယ်။ထဘီတစ်ထည် မှ မတွေ့ရဘူး။ ရှင်မီးကိုတောင် ပူလွန်းလို့ ချွတ်ပစ်ထားပုံရတယ်။ အဲဒီ အချိန်မှာပဲ

” အီး”
မသိန်းမြ အကြောတွေဆန့်ပြီး သူ့ဖက်လှည့်လာတယ်။

“ဟာ”
ပါကညော ဇာဘော်လီကြီးကိုင်ပြီး တုန်တက်သွားတယ်။ကြောက်စိတ်နဲ့ တုတ်တုတ်တောင် မလှုပ်ရဲဘူး။

“ဟင်း “
မသိန်းမြက အိပ်ရာက နိုးပုံမပေါ်ဘူး။ ပါကညောဖက်လှည့်ပြီးခွေခွေလေးပြန်အိပ်ပျော်နေတယ်။ မထင်မှတ်ဘဲ ပါကညော မသိန်းမြကို ကြည့်မိတော့

“ဟာ”
မသိန်းမြရဲ့ ထဘီက ခါးမှာချည်ထားတာမဟုတ်ဘူး။ ခါးမှာ ပြေကျနေပြီ။ပါကညော ဘေးဘီဝေ့ကြည့်တယ်။ ဘာထဘီမှ မတွေ့ဘူး။ ဒါနဲ့ပဲ

“မထူးတော့ပါဘူးကွာ၊ အိပ်နေတဲ့ မသိန်းမြရဲ့ ထဘီကိုပဲ ချွတ်ယူသွားတော့မယ်” ဆိုပြီး ဆုံးဖြတ်လိုက်တယ်။

ဟုတ်တယ်လေ။ အပြင်မှာ ထဘီမှမရှိတာ။

ပါကညော စောင်ပါးတစ်ထည်ကိုယူပြီး မသိန်းမြကိုယ်ပေါ်လွှားပေးလိုက်တယ်။

မသိန်းမြက ပူလို့ထင်တယ်။ စောင်ကိုယောင်ပြီး ပြန်ခွာဖို့ လုပ်တယ်။
အိပ်နေရင်း ယောင်တာဆိုတော့ စောင်ကမကွာဘူး။အသာအယာပဲ။

ပါကညော မသိန်းမြခြေရင်းနေရာ ရွှေ့လိုက်တယ်။

ပြီးတော့ မသိန်းမြ ထဘီအနားစ ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လိပ်ယူတယ်။ကြမ်းပြင်နဲ့ထဘီပွတ်သံ။
ထဘီက ပါကလက်ထဲ ပါလာတော့ ပါကညော ဝမ်းသာနေတယ်။ နှုတ်ခမ်းကို လျှာနဲ့သပ် နဖူးကချွေးတွေကို သုတ်ပြီးထဘီကိုဆက်ဆွဲတယ်။

“အဟင့် အဟင့် အဟင့် “ ကလေးရဲ့ ငြီးငြူသံ။

ပါကညော ခေါင်းနပန်းကြီးသွားတယ်။
“အမေ့”
“အေးအေး အမေရှိတယ်သား”
စကားသံနဲ့အတူ မသိန်းမြ သူ့သားဖက် ပြန်လှည့်သွားတယ်။ ပါကညောကြီးကတော့ မသိန်းမြထဘီကြီးကိုင်ပြီး ငြိမ်နေမိတယ်။ မသိန်းမြက မျက်လုံးမဖွင့်ဘဲ သူ့သားရဲ့ တင်ပါးကိုပုတ်ပြီး ချော့သိပ်တယ်။
“အမေ သားရှူးပေါက်ချင်တယ်”
ပါကညောမျက်နှာကြီး အမ်းတက်လာတယ်။ ခေါင်းမွှေးတွေလဲ ထောင်တက်လာတယ်။ မသိန်းမြထဘီကြီး ကြမ်းပေါ်ဆုတ်ကိုင်ရင်း ဘာလုပ်ရမှန်းမသိဘူး။ လူကလဲ ငုတ်တုတ်ကြီး အဲ့ဒီအချိန်မှာပဲ မသိန်းမြခေါင်းထောင်လာပြီး

“ခြေရင်းကအပေါက်မှာ သွားပေါက်လိုက်သား” ဆိုပြီး ထမကြည့်ဘဲ ပြန်အိပ်သွားတယ်။

ကလေးက အိပ်မှုန်စုံမွှားနဲ့ အိပ်ရာကထတယ်။ ပါကညောထဘီကို ဆုပ်ကိုင်ပြီး ငုတ်တုတ်ကြီးရှိနေတုန်း။ သူ့ခမျာအတွေ့အကြုံကလဲ မရှိတော့ ဘာလုပ်ရမှန်းမသိဘူး။ ကလေးက သူ့ဆီဦးတည်လာတယ်။ ကလေးငယ်က အိပ်မှုန်စုံမွှားနဲ့ သူ့မျက်လုံးသူပွတ်ပြီး ထလာတယ်။ ပါကညောကလဲ ငုတ်တုတ်ကြီးရှိနေတုန်း။

ထဘီစကြီးဆုပ်ကိုင်ထားတုန်း။ ခြေလှမ်းလှမ်းလာရင်း ကလေးက ပါကညောကိုတွေ့ပြီး ရပ်သွားတယ်။ ပါကညောကလဲ ကြောင်ပြီး ကလေးကိုကြည့်နေမိတယ်။

ကလေးက ပါကညောကိုတလှည့် အိပ်နေတဲ့သူ့အမေကိုတလှည့် ပြန်ကြည့်တယ်။ သူလည်း ဘာလုပ်ရမှန်းမသိတော့ ကြောင်နေပုံပေါ်တယ်။ ပါကညောကလည်း ဆံပင်တုကြီးနဲ့ဆိုတော့ ကလေးက မှတ်မိပုံမပေါ်ဘူး။

ဒါကို အခွင့်ကောင်းယူပြီး ပါကညောလည်း

“ရှူး”

ပါကညောနှုတ်ခမ်းပေါ်လက်တင်ပြီး တိတ်တိတ်နေဖို့ပြောတယ်။

အဲဒီအသံလဲကြားရော ကလေး က တုန်တက်သွားတယ်။ သူ့ကို ရှူးတည်တယ် ထင်လို့ လေ။ ပြီးတော့ ပါကညောရှိရာလှမ်းလာတယ်။ ဘာလို့လဲဆိုတော့ သူသေးပေါက်ဖို့ အပေါက်က ပါကညောနားမှာမို့လေ။ အနားရောက်တော့ ဘောင်းဘီချွတ်တယ်။ ပြီးတော့

“ရှူး”

ကလေးက သေးပေါက်တာတောင် အငြိမ်မပေါက်ဘူး။

သူ့အမေကိုတလှည့် ပါကညောကို တလှည့် လှည့်ကြည့်နေတော့ သူ့သေးက ငုတ်တုတ် ထိုင်နေတဲ့ ပါကညောမျက်နှာ လာစင်တာ၊ ပါကညောလည်း စိတ်တိုပြီး ကလေးဖင်ကို ဖြန်းခနဲချဖို့လုပ်တယ်။ နောက်မှ သတိရပြီး နေရာမှန်ကို ပြန်တည့် ပေးလိုက်ရတယ်။ ဖင်ရိုက်လိုက်လို့ ကလေးထငိုရင် သေပြီလေ။ ကလေးက သေးပေါက်ပြီးလို့ ဘောင်းဘီပြန်ဝတ်တယ်။ ပါကညောက သွားပြန်အိပ်ဖို့ အသံတိတ်ပြောတယ်။ ကလေးက ပါကညောကိုကြည့် ပြီး အိပ်ရာပြန်သွားတယ်။ ခုန သူအိပ်နေတဲ့ နေရာရောက်တော့ မအိပ်သေးဘဲ ပါကညောကို ထိုင်ကြည့်နေသေးတယ်။

ပါကညောက အသံတိတ်ဖြင့်

“လှဲနေလိုက်”

ဆိုပြီး အသံတိတ်နဲ့ ပုံစံလုပ်ပြတယ်။ ဒီတော့မှ ကလေးကအိပ်ရာပေါ်ပြန်လှဲသွားတယ်။ အဲဒီတော့မှ ပါကညော စိမ့်ထွက်လာတဲ့ နဖူးကချွေးပြန်သုတ်ပြီး မသိန်းမြထဘီကို ပြန်လိပ်ချွတ်တယ်။

“ရှိ”

“ရှိ”

ညသန်းခေါင်ယံမှာ ပါကညောရဲ့ ထဘီချွတ်သံက ခပ်မှန်မှန်ပေါ် နေတယ်။

ပါကညောခမျာလဲ မသိန်းမြနိုးသွားမှာစိုးလို့ ထဘီကို အများကြီး ဆွဲမချွတ်ရဲဘူး။ အိပ်ရာကမနိုးရုံ ဖြည်းဖြည်းချင်းလိပ်လိပ်ပြီး ဆွဲယူနေရ တယ်။

“ရှိ”

“ရှိ”

ဒီကြားထဲ ဖျတ်ခနဲ ကလေးက ငုတ်တုတ်ထထိုင်တာတွေ့တော့ ပါကသော လန့်သွားတယ်။ ပြီးတော့ ပါကညောကြီး ငိုမဲ့မဲ့နဲ့ မသိန်းမြထဘီရော ကလေးကိုပါ လုပ်မိလုပ်ရာ လက်အုပ်ချီပြီး

“ပြန်အိပ်နေပါကွာ”

ဆိုပြီး ရှိခိုးယူရတယ်။ ဒီတော့မှ ကလေးက သူ့လက်မနဲ့ လက်ညှိုးကို ဝိုင်းပြုပြီး ပြန်အိပ်သွားတယ်။ ဒီတော့မှ ပါကညောလဲ သူ့အလုပ်သူ ပြန်လုပ်နိုင်တယ်။

“ရှိ”

“ရှိ”

အချိန်အတော်ကြာ လိပ်ယူပြီးမှ

“ဖြတ်”

“ဟာ”

မသိန်းမြထဘီက သူ့လက်ထဲ ကွင်းလုံးကျွတ်ကြီးပါလာတယ်။

“ဟာ ရပြီကွ”

ပါကညော ထကမိမတတ် ဝမ်းသာသွားတယ်။ သူ့ခမျာ သူ့ကတော် အရင်စောပုနဲ့တုန်းက မင်္ဂလာဦးညမှာ ချွတ်ခဲ့ရတာတောင် ဒီလောက်မပျော်ဘူး။ ဝမ်းသာမျက်ရည်လည်ပြီး ထဘီကိုတောင် နမ်းမိပြီး မျက်နှာကို အားရ ပါးရသုတ်လိုက်သေးတယ်။ နောက်မှ သတိရပြီး

“ဟာ ဂါထာစုပ်ရဦးမယ်”

ဆိုတာ သတိရပြီး အခန်းပြင်ထွက်လိုက်တယ်။ အခန်းအပြင်ရောက်တော့ အမှောင်ဆုံးထောင့်တစ်ခုကို ရွေးလိုက်တယ်။ ပြီးတော့ ထဘီနဲ့ရှင်မီးကို ကိုယ်မှာပတ်ပြီး မှော်ကြိုးနဲ့ချည် မျက်လုံးကို စုံမှိတ်ပြီး ဖိုးသာအိုပေးထားတဲ့ဂါထာကို အသံတိတ်ကြိတ်ရွတ်လိုက်တယ်။

“သိဒ္ဓံ သရသုံးထပ်၊ အုတ်သုံးချပ်နဲ့ ချစ်စဖွယ်မိမယ်၊ ငါသို့ကပ်”

“ညံ့စန္ဒီမယ်ညို လင်လိုလှသည် နင်လှပေသည်”

“ကာမတဏှာ သျှရစန္ဒာ ငါဆရာအင်း ဆင်းဆိုရာဆင်း ကပ်ဆိုရာကပ်”

“ဥုံ သရ ဥုံသျှရ ဥုံ”

အသေအချာရွတ်ဖတ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့

“ငင့်”

သူ့ရဲ့ အရှေ့တည့်တည့်မှာ သူ့ကိုငုတ်တုတ်ထိုင်ကြည့်နေသူ တစ်ယောက်။ အမှောင်ထဲမှာမို့ ဘယ်သူမှန်းမသဲကွဲ၊ အသေအချာကြည့်မှ ပါကညော တုန်တက်သွားတယ်။

“ ငပိန်၊ သူခိုးငပိန်”

ဟုတ်တယ်။ သူခိုးငပိန်ပါ။ ဘယ်အချိန်ကတည်းက သူ့ရှေ့ရောက် နေမှန်းမသိဘူး။ ငပိန်ကိုတွေ့တော့ ပါကညောလန့်သွားတယ်။ သူရုပ်ဖျက်ထားပေမယ့် ငပိန်ကတော့ သိနေပုံပဲ။ ဒါကြောင့် ငပိန်က ပြုံးရင်း အသံတိုးတိုးနဲ့

“ညဦးကတည်းက ကျုပ်စောင့်ကြည့်နေတာ”

ပါကညောကြီး တုန်ရင်နေပြီ။ ဘယ်အချိန်ကတည်းက သူတို့အကြံ အစည်ကိုသိပြီး ဘယ်လိုစောင့်ကြည့်နေတယ် မသိဘူး။

“ဒါ ဒါဆို”

ပါကညောကြီး အသံတောင်မထွက်နိုင်တော့ဘူး။ ငပိန်ကသာ စပ်ဖြဲဖြဲနဲ့ပြုံးရင်း

“မကြောက်နဲ့ သွား သွား”

ဆိုတော့ ပါကညော မျက်လုံးပြူးသွားတယ်။ ငပိန်က သူ့ကို ခွင့်ပြုနေတာကိုး။

ဒါကြောင့် အပြင်ကို လက်ညှိုးတိုတိုလေးထိုးပြီး

“လစ်ရမှာလားဟင်”

သူ့အမေးကို ငပိန်က မေးဆတ်ပြပြီး

“လစ်လစ်”

ပါကညောကြီး ဝမ်းသာသွားတယ်။ ဒါကြောင့်ကုပ်ချောင်းချောင်းနဲ့ထပြီး အပြင်ကိုထွက်တယ်။ သူ့နောက်မှာ ငပိန်က ကပ်ပါလာတယ်။ ဘာမှတော့မလုပ်ဘူး။

အပြင်ရောက်တော့ ငပိန်က ဆက်လိုက်မလာဘဲ မသိန်းမြတို့အိမ်ကပြင်မှာ ထိုင်နေခဲ့တယ်။

ပါကညောသာ မလုံမလဲနဲ့ လှည့်ကြည့်လှည့်ကြည့် လုပ်ရင်း လှေကားအတိုင်းဆင်းတယ်။ ငပိန်ကိုကြည့်တော့လဲ သူ့အိမ်သူ့ယာ လိုပဲ။ အိမ်ကပြင်မှာ ခြေဆင်းထိုင်ပြီး

“သွား သွား”

ဆိုပြီး လက်ခါပြတယ်။

ပါကညော သက်ပြင်းချမိတယ်။ သူ့စိတ်ထဲမှာလည်း

“အင်း ပီယဆေးသာ တကယ်အောင်ရင် ငပိန်ကို ထန်းပင်ဆယ်ပင်လောက်ဝယ်ပြီး လက်ဆောင်ပေးဦးမှပဲ” ဆိုပြီးတွေးတယ်။

လူကလဲ မသိန်းမြတို့အိမ်ရှေ့ မြေကွက်လပ်အလယ်လောက်ရောက်နေပြီ။ အဲဒီအချိန်မှာပဲ ငပိန်ဆီကနေ သူ့အပေါ် ဖျတ်ခနဲ အလင်းရောင်တစ်ခု ပေါ်လာပြီး

“သူခိုးဂေါ့ သူခိုး သူခိုး”

“ဟင်”

ငပိန်ရဲ့ အသံကျယ်ကျယ်။

ပါကညော တုန်တက်သွားတယ်။ ပြီးတော့

“ဟာ သေပြီ သေပြီ”

ရေရွတ်ရင်း ရွာထဲပဲ ပြေးရမလို၊ အိမ်ပေါ်ပဲ ပြန်ပြေးတက်ရမလို ဖြစ်နေမိတယ်။

ငပိန်ကသာ အသံကုန်ဟစ်ပြီး

“သူခိုး သူခိုး သူခိုး၊ ဒီမှာသူခိုး”

ငပိန်ရဲ့ အသံကျယ်ကျယ်ကြောင့် တစ်ရွာလုံးကို လှန့်နှိုးလိုက်သလို ဖြစ်သွားတယ်။

“သူခိုးတဲ့ဟေ့ သူခိုးတဲ့”

“ရွာထဲ သူခိုးဝင်ပြီ၊ ဖမ်းကြလော့ ဖမ်းကြ”

“ဘယ်မှာလဲ ဘယ်မှာလဲ သူခိုး”

“မသိန်းမြတို့အိမ်မှာပေါ့ မသိန်းမြတို့အိမ်”

ချက်ချင်းဆိုသလိုပဲ မသိန်းမြတို့အိမ်ကို လူတွေ စုရုံးရောက်လာကြတယ်။

ပါကညောခမျာ ဆံပင်တုကြီး ဖိုးသိုးဖတ်သတ်နဲ့ တွင်းရှင်မီးနဲ့ထဘီကြီး ပတ်ပြီး ဘယ်ပြေးရမှန်းမသိဘဲ ငြိမ်နေမိတယ်။ ဒီအခြေအနေမှာ ပြေးရင်လည်း မလွတ်တော့ဘူးလေ။ အားလုံးက သူ့ကို ဝိုင်းလာပြီကိုး။

ငပိန်ကိုပြန်ကြည့်တော့ ငပိန်လည်း မရှိတော့ဘူး။ ဘယ်ပျောက်သွားမှန်းမသိဘူး။

“ဟာ ဒီမှာဟေ့ သူခိုးက”

“ဟင် သူခိုးက မိန်းမကြီးလားဟ၊ ဟိတ် မပြေးနဲ့နော်”

“အလို မိန်းမသူခိုးကြီးပါလား”

သူလည်း ဆံပင်တုကြီးနဲ့ ရှင်မီး ထဘီကို အကျအနုဝတ်ထားတော့ တော်ရုံမမှတ်မိကြဘူး။ နောက်ပြီး ခေါင်းကြီးငုံ့ပြီး ငိုမလိုရယ်မလို ဖြစ်နေသေးတာကိုး။

“ဖယ်ကြစမ်း၊ ငါလာပြီ”

သူ့မိန်းမ အရင်စောပုအသံ။ အဲ့ဒီအသံကြားတော့ ပါကညောကြီး သေးပါထွက်ကျမလို ဖြစ်နေတာ။ အရင်စောပုရဲ့လက်ထဲမှာကလည်း သူ့လက်သုံးတော် ဓားတိုတစ်ချောင်းနဲ့ကိုး။

အရင်စောပု သူ့နားကပ်လာပြီး အနီးကပ်လာမော့ကြည့်တယ်။ပြီးတော့ တစ်ဖက်လှည့်သွားပြီး ဖျတ်ခနဲ လာပြန်ကြည့်တယ်။ပြီးတော့ မျက်လုံးပြူးပြီး

“ဟင် ဒီမျက်နှာ ငါမြင်ဖူးသလိုပဲ မှန်း”

ဆိုပြီး မျက်နှာကို ထပ်မော့ကြည့်တယ်။ ပြီးတော့ အံ့အားသင့်ပြီး

“ဟင် မိန်းမက မုတ်ဆိတ်ကြီးနဲ့”

သူ့စကားကြောင့် အားလုံးဝိုင်းကြည့်ပြီး အံ့အားသင့်သွားတယ်။

“ဟာ ဟုတ်ပ၊ ဒီမိန်းမကြီးက မုတ်ဆိတ်ကြီးနဲ့”

“ဟုတ်လား၊ ပြစမ်း ဘယ်မှာ ဟယ် ဟုတ်ပ၊ မုတ်ဆိတ်နဲ့”

“ဟင် မျက်နှာမှာတောင် ဒီလောက်ထူရင် ကျန်တဲ့နေရာဆို တွေးရဲစရာပဲ”

အားလုံးရဲ့ အံ့ဩနပန်းစကားသံများ။ အရင်စောပုက ပါကညောကို လှည့်ပတ်ကြည့်ရင်း

“အင်း သူခိုးသာဆိုတယ်၊ ရုပ်တစ်ပေါက်က ရင်ဘတ်ထဲရောက်တယ်၊ ထိတယ်။ ဆိုပြီး သူ့ရဲ့ညာလက်ကို လက်သီးဆုပ်ပြီး ဘယ်ဖက်ရင်အုံကို ဒုတ် ဒုတ်နဲ့ နှစ်ချက်ထုလိုက်သေး။

အံမယ်။ သူ့ယောကျာ်းကို သူပြန်ကြည့်ပြီး ထိနေတာ။ ပါကညော ခမျာ နွဲ့ပါနွဲ့ကျသွားတယ်။ အရင်စောပု ပေါကညာကိုလှည့်ပတ်ကြည့်နေရင်းကမှ တစ်နေရာရောက်တော့ မျက်မှောင်ကျုံ့သွားတယ်။ ပြီးတော့ ခေါင်း ကိုဆွဲယူပြီး ကြည့်လိုက်တော့မှ မျက်လုံးကြီးပြူးသွားပြီး

“ဟင် ဒါ ဒါ ငါ့ဆံပင်တု၊ ငါ့ဆံပင်တု ပေးစမ်း” ဆိုပြီး ဆွဲဖြုတ်လိုက်မှ

လရောင်ထဲမှာ ပါကေညာမျက်နှာကြီးက ဝင်းခနဲ ပေါ်လာတာပေါ့။ ဒီတော့မှ အားလုံးလည်း အံ့အားသင့်ပြီး

“ဟင် ပါကညောကြီး”

“ပါကညော ပါကညောကြီး”

“ပါကညောကြီး ဘယ်လိုဖြစ်တာ”

ဟုတ်ပ။ ပါကညောအစစ်ပေါ့။

ဒါပေမယ့် အရင်လို ကျားကျားလျားလျား ပါကညောမဟုတ်ဘူး။ ဇာဘော်လီနဲ့ ထဘီနဲ့လေ။

“ဟာ ပါကညောကြီး ဘယ်လိုဖြစ်တာ”

“ပါကညောကြီး မိန်းမဖြစ်သွားတာလား” စသည်ဖြင့် ဆူညံသွားတယ်။

ဒီတော့မှ အရင်စောပုလဲ မျက်လုံးပြုးပြီး

“သော် ရုပ်တစ်ပေါက် ရင်ထဲရောက်တယ်ဆိုပြီး ကြည့်နေတာ၊ငါ့လင်ကိုး”

စသည်ဖြင့် ဆူညံနေချိန်။

လူအုပ်ထဲကတစ်ယောက်က

“ဟာ ဟေ့ ဟေ့ ဒီမှာလဲတစ်ယောက်၊ ဒီမှာလဲတစ်ယောက်”

ဆိုပြီး ဆွဲထုတ်လိုက်မှ

“ဟင် ဖိုးဌေး ဓားဖိုးဌေး”

ဟုတ်တယ်။ ဓားဖိုးဌေး။ သူ့ကိုကြည့်တော့လည်း ဇာဘော်လီနဲ့ထဘီနဲ့။

“ဟာ ဖိုးဌေးကြီး ဘယ်လိုဖြစ်တာ”

ဖြစ်ပုံက ဒီလို။အမှန်က ဖိုးဌေးကလည်း ပါကညောမသိအောင် ဖိုးသာအိုကိုလက်သိပ်ထိုးပြီး သူ့အတွက်လဲ ပီယဆေးတစ်ဖုံဖော်ဖို့ စည်းရုံးထားတာ။ ဒါကြောင့် ပါကညော မသိန်းမြအိမ် ထဘီတက်ခိုးတုန်း၊ သူလဲ မုဆိုးမကြင်ကြင်လှိုင် အိမ်ပေါ်တက်ပြီး ထဘီနဲ့ ရှင်မီး တက်ခိုးနေတာ။

ဒါကိုမှ ဒီဖက်က သူခိုး၊ သူခိုးအော်သံကြားတော့ လူမိုက်ဇပြုပြီး ဆုံးမမယ်ဆိုပြီး ဒီအတိုင်းကြီး ဆင်းလာမိတာ။ ဒါကြောင့် သူ့မှာလဲ ရှင်မီးနဲ့ ထဘီကြီးနဲ့ ဖြစ်နေတာလေ။ အံမယ် ကြင်ကြင်လှိုင်က ပိုငယ်တဲ့မုဆိုးမဆို တော့ ဖိုးဌေးဝတ်ထားတဲ့ဘော်လီနဲ့ ထဘီက ဂေါ်ထွက်နေတာ။

သူတို့ကိုကြည့်ပြီး ရွာသားတွေအားလုံး ကြောင်ကုန်ကြတယ်။

“ဟင် ပါကညောနဲ့ဖိုးဌေး ဘယ်လိုဖြစ်ကြတာလဲ”

“ဟာ နှစ်ယောက်လုံး မိန်းမစိတ်ပေါက်ကုန်တာလား”

ရွာသားတွေ ဆူညံနေတုန်းမှာပဲ အိမ်ပေါ်က ကြားရတဲ့အသံက

“ဟင် ငါ့ထဘီ ငါ့ထဘီ ငါဝတ်ထားတဲ့ထဘီ”

ဆိုပြီး မသိန်းမြရဲ့ အော်သံ။ ရွာသားတွေ အံ့အားသင့်ပြီး အိမ်ပေါ် လှည့်ကြည့်တော့ အိမ်ပေါ်မှာ ထဘီအစား စောင်ကြီးပတ်ထားတဲ့ မသိန်းမြ။

သူကြီးကတော်အရင်စောပု ပြူးစရာရှိတာ အကုန်ပြူးသွားတော့တယ်။

ပြီးတော့ အာခေါင်ခြစ်ပြီး

“တော့် ပါကညော”

“ငင် ပုပုလေး”

ပါကညောလန့်ပြီး ပြန်ထူးတယ်။

“ရှင် ရှင် ဘာလုပ်တာလဲဟင်၊ ဘာလုပ်တာလဲ”

အရင်စောပုအမေးကို ပါကညော တုန်တန်ရင်ရင်နဲ့

“ငါ ငါဘာမှမလုပ်ပါဘူးဟာ၊ သူ သူအိပ်နေတုန်း သူ့ထဘီလေးချွတ်ယူရုံလေးပါ”

အရင်စောပု တုန်တက်သွားတယ်။

“ဟင် ရှင်ရှင် သူ့ထဘီချွတ်ယူပြီး ဘာလုပ်ဖို့လဲ”

ပါကညော ခေါင်းလေးငုံ့ပြီး

“ငါ ငါ ပီယဆေးလေး ပီယဆေးလေးဖော်ဖို့ပါ”

သူ့စကားကြောင့် တစ်ရွာလုံး အံ့အားသင့်သွားတယ်။

“ဟင် ပီယဆေးဖော်ဖို့”

“ဟင် ပီယဆေးက ဘာလုပ်ဖို့”

သူ့စကားကို တစ်ရွာလုံးနားမလည်နိုင်ဘူး။ ဒါကို ပါကညောက

“ဟို ဟိုလေ ရွာ ရွာကို ဆေးဆရာဖိုးသာအိုရောက်လို့၊ အဲ့ အဲ့ဒါ ဆေးဖော်ဖို့”

သူ့စကားကို သူ့ကတော်အရင်စောပုကပဲ

“ဘယ် ဘယ်မှာလဲ အဲ့ဒီဖိုးသာအိုဆိုတာ”

ပါကညော တုန်တုန်ရင်ရင်နဲ့ပဲ

“ဟို ဟိုလေ ဖိုးဌေးတို့အိမ်မှာပါ”

သူ့စကားကြားတာနဲ့ အရင်စောပုက

“တော့ ပါကညော”

“ပြောပါ ပုပုလေး”

“ခေါင်းငုံ့စမ်း”

“အင်း အင်းပါ”

“ဖိုးဌေးလဲ ခေါင်းငုံ့”

“ဟုတ် ဟုတ်”

နှစ်ယောက်လုံး ခေါင်းငုံ့ပေးရတယ်။

အဲ့ဒီတော့မှ သူကြီးကတော် က နှစ်ယောက်လုံးကို ဂုတ်ကဆွဲပြီး

“ကဲ လာ ဖိုးဌေးအိမ်သွားကြမယ်”

ဆိုပြီး ရွာသားတွေပါ ဖိုးဌေးအိမ်ကို တရုန်းရုန်းနဲ့ ချီတက်သွားကြ တယ်။

ဖိုးဌေးအိမ်ရောက်တော့

“ဟာ မရှိတော့ဘူး”

“မရှိတာမှ ဖိုးသာအိုတင်မဟုတ်ဘူး၊ ဖိုးဌေးအိမ်က တန်ဖိုးရှိတဲ့အရာတွေပါ ဘာမှမရှိတော့ဘူး”

ဖိုးသာအို မပြီးပြေးပြီလေ။

အဲဒီညတွင်းချင်းပဲ စိတ်ဆတ်တဲ့ သူကြီးကတော်အရင်စောပု။

သူ့ယောကျာ်းပါကညောနဲ့ ဓား ဖိုးဌေးကို ရွာသားတွေရှေ့မှာတင် ထိတ်တုံးထဲ ထည့်ထားလိုက်တယ်။

ထိတ်တုံးထဲထည့်တာတောင် ရိုးရိုးထည့်တာ မဟုတ်ဘူးနော်။

သူတို့ပီယဆေးဖော်ဖို့ ခိုးထားတဲ့ ဇာဘော်လီနဲ့ ထဘီဝတ်ပြီးတော့ကို ထည့်ထားတော့တာ။

ပါကညောခမျာ တောင်းပန်ရှာတယ်။

“အဲလိုတော့ မလုပ်ပါနဲ့ ပုပုလေးရာ၊ ထိတ်တုံးထဲဝင်ဆို ဝင်ပေါ့မယ်၊ ဒီလို မိန်းမအဝတ်ကြီးနဲ့ တော့ မထည့်ထားပါနဲ့လားဟာ”

ဆိုတာကို ဟိုကမရဘူး။

“ဪ ခိုးတုန်းက လိုချင်လို့ခိုးခဲ့တာ မဟုတ်လား၊ လိုချင်လို့ခိုးခဲ့တာ ဝတ်ထား”

ဆိုပြီး ဒီအတိုင်း ဝတ်ထားခိုင်းတာ။

ဟိုက ရှက်လို့ ချွတ်လိုက်ရင်လည်း ပိုအရှက်ကွဲမှာလေ။ ဒါကြောင့် မတတ်သာတဲ့အဆုံး ရင်ဖုံးနဲ့ထဘီဝတ်ပြီး ဒီအတိုင်းထိတ်တုံးထဲ နေရတော့တာပေါ့။

အပိုင်း (၁၂)

မနက်ဝေလီဝေလင်းပါပဲ။

ဒိုးကျအလွန် လမ်းကနေ သစ်ပင်လှဆီ လူတစ်ယောက် အထုပ်တွေ မပြီး ခပ်သွက်သွက်လျှောက်လာတယ်။ဘယ်သူရှိမှာတုန်း။ ဖိုးသာအိုပေါ့။

သူ့ခမျာ ညက ပြဿနာတက်တာ သိပြီဆိုတာနဲ့ ဖိုးဌေးအိမ်မှာ ရှိတာမပြီး ရွာပြင်ထွက်ပုန်းနေရတာ။ ညက သူ့ကို လိုက်ရှာကြမယ်ဆိုတာ သိတယ်လေ။

ဒါကြောင့် မနက်လင်းကာနီးမှ ပုန်းနေရာက ထွက်လာရတာ။ အမှန်တော့ သူ့အစီအစဉ်က ဒီလို။ အိုးလေးအိုးရွာမှာတင် ပီယဆေးဖော်ချင်ယောင်ဆောင်ပြီး တစ်လကိုးသတင်းလောက် ပါကညောတို့ ဖိုးဌေးတို့ကျွေးတာ ထိုင်စားနေဦးမလို့ပဲ။

ပြီးရင်ဘာဆေးဖော်မယ် ညာဆေးဖော်မယ်ဆိုပြီး ခပ်တည်တည် လိမ်စားနေလို့ရတယ်။ အသေအချာ ယုံကြည်ပြီဆိုမှ လိုချင်တာပြီးထွက်သွားလိုက်ရုံပဲ။

အခုတော့။

“တောက် ငပိန်နှောင့်ယှက်လို့ပေါ့ကွာ”

လို့စိတ်ထဲမှာ ကြိမ်းဝါးရင်း ခြေလှမ်းကို သွက်လိုက်တယ်။

ဒီညသာ ငပိန်မနှောင့်ယှက်ရင် ဖိုးသာအိုအတွက် ဂွင်ကောင်းမိတာ သေချာပြီလေ။

ဖိုးသာအိုကြိတ်မနိုင်ခဲမရတွေ ဖြစ်နေမိတာ။

“ဟော သစ်ပင်လှရွာအဝင်တောင် လှမ်းမြင်ရပြီ”

သစ်ပင်လှရွာလေး လှမ်းမြင်ရတော့ ဖိုးသာအို ဝမ်းသာသွားတယ်။

သစ်ပင်လှရွာရောက်သွားရင် အိုးလေးအိုးတို့ ဒိုးကျတို့နဲ့ မဆိုင်တော့ဘူးလေ။

ဒိုးကျတို့ အိုးလေးအိုးတို့က လူတွေက သူ့ကို သစ်ပင်လှထဲ ဝင်ဖမ်းလို့ မရတော့ဘူး။ ရွာဆူအောင် လာလုပ်နေတယ်ဆိုပြီး ပြန်တောင် တီးလွှတ်လိုက်ဦးမှာ။

ဒါကြောင့် အားတက်သရောနဲ့ ခြေလှမ်းကို မြှင့်လိုက် တယ်ဆိုရင်ပဲ

“ဘယ့်နှယ် ဒီလောက်သွက်နေရတာလဲ ဖိုးသာအိုရဲ့”

ထင်မှတ်မထားသော အသံကြားတော့ ဖိုးသာအို လန့်သွားတယ်။ နံဘေးနား ပတ်ပတ်လည် လိုက်ကြည့်ပြီး

“ဘယ်သူလဲ၊ မင်းဘယ်သူလဲ၊ ဘာကောင်လဲကွ”

ပတ်ဝန်းကျင်မှာ ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး။ နောက်မှ သူ့ နံဘေးနား သစ်ပင်ကနေ လူတစ်ယောက်ထွက်လာတာ တွေ့လိုက်ရတယ်။ ကြည့်လိုက်တော့

“င ငပိန် ငပိန်”

ငပိန်ကိုမြင်တော့ ဖိုးသာအို အံ့အားသင့်သွာတယ်။

“ဟင် ဟင်း မင်း ဒီကို ဘယ်လိုရောက်”

သူ့အမေးကို ငပိန်က ခနဲ့တဲ့တဲ့ပြုံးပြီး

“စောင့်လိုက်ရတာကြာပေါ့ ဖိုးသာအိုရ၊ သူခိုးအချင်းချင်း ခြေမြင်တာပေါ့ဗျ၊ ခင်ဗျားကြီး လမုတန်းဖက်သွားမယ်ဆိုပြီး ဒါမျိုးဖြစ်ရင် လမုတန်း ဖက်မသွားဘဲ သစ်ပင်လှဖက် ပြန်လှည့်မယ်ဆိုတာ”

ငပိန်စကားကြောင့် ဖိုးသာအို တင်းသွားတယ်။

“ဟေ့ကောင် ငါ သူခိုးမဟုတ်ဘူးကွ၊ ဆေးဆရာ”

ဖိုးသာအိုစကားကို ငပိန်က ခနဲ့တဲ့တဲ့ရယ်ပြီး

“ဟားဟား သူခိုးမဟုတ်ဘူးဆို ကျောပေါ်ပါလာတဲ့ ပစ္စည်းတွေက ဆေးကုပြီးရလာတာလား၊ ဒါမှမဟုတ် အလစ်သုတ်ပြီးသူများအိမ်က ခိုးလာတာလား”

ဖိုးသာအို အတော်စိတ်ဆိုးသွားပုံရတယ်။ ကျောပေါ်ပါလာတာတွေကို ပစ်ချပြီး

“အေး ခိုးလာတာကွာ၊ ကဲ မင်းဘာလုပ်ချင်လဲ”

ဆိုပြီး သူအမြဲဆောင်နေကျ လွယ်အိတ်ထဲက ဓားမြောင်တစ်ချောင်း ဆွဲထုတ်လိုက်တယ်။ ပြီးတော့ ဒေါသတကြီးနဲ့

“ဟေ့ကောင် ငပိန်၊ မင်း ငါ့အရှေ့ကဖယ်စမ်း၊ ဟောဒီမှာ ဓား၊မင်းတွေ့လား၊ အူပွင့်သွားမယ်”

သူ့စကားကို ငပိန်က ခပ်ဟဟရယ်ပြီး ဆောင့်ကြောင့်တောင် ထိုင်လိုက်သေးတယ်။ ပြီးမှ

“ဟာ ဖိုးသာအို အဲ့ဒါ ခင်ဗျား သူခိုးစည်းကမ်း ဖောက်တာပဲဗျ”

ငပိန်စကားကြောင့် ဖိုးသာအိုကြောင်သွားတယ်။ ဒါကြောင့် မျက်မှောင်ကျုံ့ပြီး

“ဘာလဲကွ၊ သူခိုးစည်းကမ်း”

ငပိန်က မတ်တပ်ပြန်ရပ် အပျင်းဆန့်ပြီး

“သူခိုးဆိုတာ ဘယ်တော့မှ လက်နက်မကိုင်ရဘူးဗျ။ အကယ်၍များ လူမိသွားရင် အိမ်ရှင်ကို ရန်မရှာရဘူး၊ လူအများက ဖမ်းမိလို့ မတော် တဆ အရိုက်နှက်ခံရရင် မတုန့်ပြန်ရဘူး၊ ထွက်မပြေးရဘူးဗျ၊ ပစ္စည်းခိုးဖို့ အိမ်ပေါ်ရောက်သွားပြီး သူများသားမယား မသင့်တော်တာတွေ့ရင်တောင် ကာယကံ၊ ဝစီကံ၊မနောကံနဲ့ မပစ်မှားရဘူး၊ ဒါမှ သူခိုးအစစ်ဗျ။ မှတ်ထား၊ သူခိုးဆိုတာ ခိုးမှုအပြင် အခြားဘာပြစ်မှုနဲ့မှ ထပ်အရောမခံရဘူးဗျ၊ဒါဟာ ခင်ဗျား သူခိုးလုပ်မယ်ဆိုရင် သိထားရမယ့် အခြေခံစည်းကမ်းပဲဗျ”

ငပိန်စကားကြောင့် ဖိုးသာအိုမျက်နှာကြီးရဲသွားပြီး

“ဟေ့ကောင် ငါသူခိုးမဟုတ်ဘူးကွ ဆေးဆရာကွ ဆေးဆရာ”

သူ့စကားကို ငပိန်က ထီမထင်ဟန်နဲ့ ခပ်ဟဟပြုံးပြီး

“ဆေးဆရာဟုတ်လား၊ ဒီမှာ ဖိုးသာအို၊ သူတပါးပစ္စည်းကိုဓားပြ ပြီးမှယူရင် ခင်ဗျားဟာ ဓားပြဖြစ်နေပြီဗျ။ မှတ်ထား၊လက်နက်ကိုင်ပြီးမှ ခိုးရဲတဲ့သူခိုးကို ဘယ်လိုလူမျိုးမှ မလေးစားဘူး၊ မတော်တဆထောင်တန်းကျ သွားရင်တောင် ထောင်ထဲမှာ ခင်ဗျား အသမ ခံရမှာဗျ”

သူ့စကားကို ဖိုးသာအိုက စိတ်မရှည်တဲ့အသံနဲ့

“ဟေ့ကောင် စကားမရှည်နဲ့၊ မင်းလမ်းဖယ်မလား၊ ငါ ဓားနဲ့ ပြေး ထိုးရမလားပဲ ပြောတော့”

ဖိုးသာအိုလဲစကားလဲဆုံးရော ကြားလိုက်ရတဲ့အသံက

“ဓားချလိုက်ပါ ဖိုးသာအို”

“ဟင် “

သူ့အနောက်ကထွက်လာတဲ့ စကားသံကြောင့် ဖိုးသာအိုကြောင် သွားတယ်။ သူလှည့်ကြည့်လိုက်တော့

“တီ တီကောင်ကြီး”

ဟုတ်ပါတယ်။ သူ့အနောက်မှာ သစ်ပင်တစ်ပင်မှီပြီး အေးအေး လူ လူရပ်နေတာ။

တီကောင်ရီမောင်ရယ်။

တီကောင်ရီမောင်ကိုမြင်တော့ ဖိုးသာအို တုန်တက်သွားတယ်။ တီကောင်ရီမောင်ဆိုတာကလဲ တော်ရုံတန်ရုံမိုက်တဲ့ လူမိုက်မှမဟုတ်ဘဲ။ သူသွားလုပ်ရင် သေဖို့ပဲရှိတာလေ။ ဒါကြောင့်ပဲဓားကို ပျော့ပျောသလဲ ပစ်ချလိုက်ပြီး

“ကို ကိုရီမောင်ကြီး ကျုပ်ကလေ”

ဆိုပြီး ပြေးဝင်သွားတော့ ရီမောင်က ရင်ဝကို အင့်ခနဲ ဆောင့်ကန် ချလိုက်တယ်။ ဖိုးသာအိုဆိုတာ ဖုန်ထဲမှာ ကျွမ်းပစ်ပြီးတော့ကို လဲကျသွားတာ။ ဒီတော့မှ ရီမောင်က

“ငပိန်၊ ဒီလူလိမ်ကို ကြိုးချည်လိုက်စမ်း”

ငပိန်က အသင့်ပါလာတဲ့ကြိုးကိုထုတ်ပြီး ဖိုးသာအိုဆီ လှမ်းသွားတယ်။ ပါးစပ်ကလဲ အငြိမ်မနေဘူး။

“ခက်တာပဲ၊ လူတွေက လက်နက်ကလေးကိုင်ရရင် အာဏာရှိနေပြီ ထင်နေကြတာ၊ ကိုယ့်ထက်အင်အားကြီးတဲ့သူကျတော့ လဲ လက်နက်ကြီးကိုင်ပြီး ဆတ်ဆတ်ကိုတုန်နေတာ နော် ကိုရီမောင်”ဆိုတော့……

တီကောင်ရီမောင်က

“မင်းသောက်ပေါက်ကိုလဲ ပိတ်ထားလိုက်၊ ဟိုတခါ ဗိုလ်ထိုင်အိမ်သာကို ရှိခိုးမိကတည်းက မင်းကိုသတ်ချင်နေတာနော့”

ဆိုတော့ ငပိန်ခမျာ စကားတောင်တစ်ခွန်းမှ မထွက်ရဲတော့ဘူး။

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ဆိုပြီး စပ်ဖြဲဖြဲ မျက်နှာပေးနဲ့ ဖိုးသာအိုကို လက်ပြန်ကြိုးတုပ်ရရှာတယ်။

“တီကောင်ရီမောင်နဲ့ သူခိုးငပိန် အိုးလေး အိုး ရွာထဲ ဝင်လာကြပြီ”

ဆိုတဲ့သတင်းလဲကြားရော ထိတ်တုံးခတ်ခံထားရတဲ့ ပါကညောနဲ့ဖိုးဌေး ဖင်ကြွကြွကဖြစ်သွား ကြတယ်။

သူတို့ဝင်လာရင် ရွာက ပြဿနာရှိနိုင်တယ်လေ။ ဒါကြောင့်ပဲ အိမ်ဖက်လှည့်ပြီး

“ပုပုလေး၊ ကိုကိုသော့ကို ထိတ်တုံးဖြုတ်ပေးစမ်း၊ ဟိုကောင်တွေဝင်လာပြီ”

ဆိုတာကို သူကြီးကတော် အရင်စောပုက တုတ်တုတ်မလှုပ်ဘူး။

သူ့သားအငယ်ကောင် ပြောင်ကြီးပုကို အဝတ်လဲပေးရင်း မကြားချင်ယောင်ဆောင်နေတယ်။

သားအကြီးကောင် ထာဝရပုကတော့ ဖိုးဌေး ခြေထောက်ကို ကလိဝင်ထိုးရင်း သဘောကျနေတာ။

“ပုပုလေး လုပ်ပါ၊ ကိုကိုသော့ရွာကိုကာကွယ်ဖို့ လိုပြီနော့”

ဆိုတော့ သူကြီးကတော်က ဗြောင်ကြီးပုကို ခါးထစ်ခွင်ရင်း

“တိတ်စမ်း၊ ဘာကိုကိုလဲ၊ ထဘီသူခိုးဟာ ထဘီသူခိုးပဲ ပေါ့၊ ကိုယ့်ဟာကိုယ်အေးဆေးနေ”

“ဟာကွာ”

ပါကညော သူ့ခေါင်းကိုသူထုနေတယ်။ ဖိုးဌေးကတော့ ထာဝရ ပုခြေဖဝါးကလိထိုးနေတာမို့ အခွံဇယားခင်းနေတယ်။

“အာ..မင်းကလဲ တမှောင့်”

“ဟီဟိ အာပါပါကြီးကလဲ ဟီဟိ ပါပါကြီးသား ကလိထိုးနေတာ ကို ဟီဟိ ဟေ့ကောင် ယားတယ်ကွ ဟိဟိ”

သိပ်မကြာဘူး။ ရွာကလူတွေ တချို့နဲ့အတူ တီကောင်ရီမောင်နဲ့ ငပိန် သူတို့အိမ်ဝိုင်းထဲဝင်လာတယ်။ သူတို့ရဲ့ အနောက်မှာမှ ကြိုးနဲ့တုပ်ခံ ထားရတဲ့ ဖိုးသာအို။

“ဟာ ဖိုးသာအို ဖိုးသာအို သူပဲ”

ပါကညောက မျက်လုံးပြူးကြီးနဲ့ ထအော်တယ်။

ဖိုးဌေးဆိုရင်

“လူယုတ်မာ သေပေတော့”

ဆိုပြီး ထိတ်တုံးထဲက ထခုန်ဖို့လုပ်တယ်။

တီကောင်ရီမောင်က အိမ်ရှေ့မှာရပ်ပြီး

“ဟေ့ အရင်စောပု”

“ဝေ့ အစ်ကိုတီကောင် “ အရင်စောပုက ပြန်ထူးတယ်။

တီကောင်ရီမောင် ဖိုးသာအိုဖက် လှည့်ကြည့်ပြီး

“နင် ဖိုးသာအိုကို မသိဘူးလား”

“သိပါ့အစ်ကို”

“သိတာတောင် နင်ကမတားဘူးလား”

“သူတို့က ကြိတ်လုပ်တာအစ်ကို၊ သူရောက်နေတာ ငါမသိလိုက် ဘူး”

ဟုတ်လဲဟုတ်တယ်။ ဖိုးသာအိုရောက်နေမှန်းသာ အရင်စောပု သိခဲ့ရင် ဒါမျိုးဖြစ်မှာ မဟုတ်ဘူး။ အရင်စောပုက သစ်ပင်လှရွာသူလေ။

ဖိုးသာအို ဘယ်လိုလူမျိုးမှန်း သိတာပေါ့။ ပါကညောတို့သာ ဘုမသိဘမသိနဲ့ ကြိတ်လုပ်တော့ ဒီလိုအဖြစ်မျိုးဖြစ်လာတာပေါ့။

“အေး အဲ့ဒါဆို ဖိုးသာအိုကို နှင့်လက်အပ်လိုက်မယ်”

“ထားခဲ့အစ်ကို၊ ငါကြည့်စီစဉ်လိုက်မယ်”

တီကောင်ရီမောင်က ခြံဝင်းထဲက လှည့်ထွက်ရင်း

“အေး ဒီတစ်ခါတော့ နင် ငပိန့်ကို ကျေးဇူးတင်ဟေ့”

ဆိုတော့ ငပိန် ရှိစုမဲ့စု ရင်ပြားကြီး ကော့သွားတယ်။ ပါကညောကြီး မျက်နှာပျက်သွားတယ်။ ပြီးတော့ ငပိန်ကို အသံတိတ်လှမ်းဆဲနေတယ်။

အရင်စောပုကတော့ ရွာသားတွေဖက်လှည့်ပြီး

“ဟေ့ ဖိုးသာအိုကို ထိတ်တုံးထဲထည့်၊ ပါကညောတို့ မျက်နှာချင်း ဆိုင်မှာထား၊ တော်ကြာ ပါကညောထုလို့ သေနေဦးမယ်”

ရွာသားတွေက သူကြီးကတော်ပြောတဲ့အတိုင်း ဖိုးသာအိုကို ထိတ်တုံးထဲထည့်တယ်။ ထိတ်တုံးမှာ ပါကညောတို့မျက်နှာချင်းဆိုင်ထားတော့ လှမ်းထုလို့မရဘူးလေ။ အားလုံးနေရာတကျဖြစ်မှ

“ငပိန်”

“ဗျာ သူကြီးကတော်”

“လက်ဆောင် ကြိုက်ရာတစ်ခု ပြောစမ်း”

“ဟာ”

“ဗျာ”

အရင်စောပုစကားကြောင့် ပါကညောမျက်လုံးပြူးသွားတယ်။ ငပိန် ထကိုတော့မတတ် ဝမ်းသာသွားတယ်။ ပြီးတော့ သူကြီးအိမ်ပေါ်ပြေး တက်ဖို့လုပ်တယ်။

“ဟေ့ကောင် ဟေ့ကောင် အိမ်ပေါ်မတက်နဲ့ အိမ်ပေါ်မတက်နဲ့ အိမ်ပြင်ကဟာ ကြိုက်တာယူ”

ငပိန်ပြုံးလိုက်တယ်။ သူ့ခြံထဲမှာက နွားလဲရှိတယ်။ စပါးလဲရှိတယ် လေ။

ငပိန် ပါကညောကိုကြည့်ပြီး “တကယ်လား”

ပါကညော ခပ်မြန်မြန်ခေါင်းညိတ်ပြီး

“တကယ် တကယ် ခြံထဲကကြိုက်ရာယူ”

ပါကညောစကားကြားတာနဲ့ ငပိန် ခြံထောင့်ကို လှစ်ခနဲ ပြေးသွား တယ်။ သူပြေးသွားတဲ့နေရာက သူ့တိုက်ကြက်ကြီးငွေထုပ်ရှိရာနေရာ။

ပါကညော မျက်လုံးပြူးသွားပြီး “ဟေ့ကောင် အဲ့ အဲ့ဒါတော့ မလုပ်နဲ့၊ ကျန်တာကြိုက်တာယူ၊ ငါ့ မိန်းမတောင် ယူချင်ယူကွာ၊ အဲ့တိုက်ကြက်လေးတော့ မယူနဲ့”…

အဲ့ဒီစကားလဲကြားရော သူကြီးကတော် အရင်စောပုပြေးလာပြီး

“ဪ မိန်းမနဲ့ကြက်တောင် လဲချင်တယ်ဟုတ်လား၊ အင်းဟာ”

ဆိုပြီး နားရင်းကို ဖြောင်းခနဲအုပ်ချလိုက်တယ်။

ပါကညောကြီး သူ့မိန်းမကို မတောင်းပန်နိုင်သေးဘူး။

“ငပိန် ဟေ့ကောင်ငပိန် ”

ဆိုပြီး လှမ်းအော်နေသေးတယ်။

ငပိန်ကိုလှမ်းကြည့်တော့ တိုက်ကြက်ငွေထုပ်ကိုပိုက်ပြီး ကိန္နရီကိန္နရာ အကကပြပြီး ခြံထဲကထွက်သွားပြီ။

ပါကညောအသံကုန် ခြစ်အော်လိုက်တယ်။

“ငပိန်”

အပိုင်း (၁၃)

ဝါဆိုလဗျ။

မိုးက စပ်စပ်ရွာပြီ။ မြေသင်းနံ့ထုံပြီ။

ဒီလိုလမှာ ဝါဆိုပန်းခူးပွဲရှိတယ်။
သိတယ်မဟုတ်လား။ ကိုယ့်ဆီမှာကလည်း ဆယ့်နှစ်လရာသီလုံး ပွဲရှိတာလေ။

ဒါပေမယ့် ဒီဘက် တောရွာတွေမှာက ဝါဆိုပန်းခူးပွဲဆိုတာ အထင်ကရပွဲပဲ။
ဝါဆိုပန်းခူးပွဲဆိုတာ ရွာတိုင်းမှာလုပ်တာရယ်တော့ မဟုတ်ဘူး။
ဒီနယ်တစ်ဝိုက်မှာတော့ အရှေ့သစ်ပင်လှနဲ့ ရေလွှဲကြီးရွာကြားမှာရှိတဲ့ ဖိုးပြန်တောင်ထိပ်က ဇိနအောင်မြင်ဘုရားမှာ ပွဲရှိတယ်။ အမှန်တော့ ဖိုးပြန်တောင်ဆိုတာ တောင်မြင့်မြင့်မတ်မတ်ကြီး။ အဲ့ဒီတောင်ထိပ်မှာမှ ဇိန အောင်မြင်ဘုရားဆိုတာ တစ်ဆူတည်းရှိတာ။ ပြောရမယ်ဆို စေတီပေါ့။

ပြောကြတာတော့ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်ဆိုတဲ့ အလောင်းစည်သူမင်းက တည်ခဲ့တယ်ဆိုလား။
ပြောရဦးမယ်ဗျ။ ဟုတ်မဟုတ်တော့ မသိဘူး။ ဒီရွာတွေက ဘာမှသာမဟုတ်တာ။ သူ့သမိုင်းနဲ့သူချည်းပဲ။

ရေလွှဲကြီးရွာကလည်း အရင်ကတော့ တမံကြီးပေါ်မှာ ရှိတယ်ဆိုလား။

အဲ့ဒီမှာ အလောင်းစည်သူမင်းက ဒီဘက်ကြွလာရင်းသူ့လှေသွားစရာရေ မရှိတော့ဘူး။

ဒါနဲ့ပဲ အဲ့ဒီဘက်ကို လက်ညှိုးထိုးလိုက်တာ ဘုရင့်ဘုန်းတန်ခိုးကြောင့် တမံထဲက ရေတွေ မနေနိုင်ဘဲ တဝေါဝေါနဲ့ ဆင်းလာရတယ်ဆိုလားပဲ။


အမှန်တော့ တမံကို တစ်ယောက်ယောက် သွားဖောက်လိုက်တာနေမှာ။ လက်ညှိုးညွှန်ရာရေဖြစ်ရင် သူ့မိန်းမ အရင်ရေနစ်သေမှာ။
မသေတောင် သူ့မိန်းမခမျာ ရေထဲက တက်ရမှာတောင် မဟုတ်ဘူးရယ်။ တစ်ချိန်လုံး ပေါလောပေါလောနဲ့နေမှာ။

ဒါပေမယ့် လူတွေက ယုံကြတာပဲ။
ဘုရင်လက်ညှိုးထိုးလိုက်လို့ တမံထဲကရေတွေ တဝေါဝေါနဲ့ လွှဲလွှဲပြီးဆင်းလာလို့ အဲ့ဒီရွာနာမည် ရေလွှဲကြီးတဲ့။ အဲ့ဒီဘုရင်ကပဲ ဒီနေရာဟာ သာသနာထွန်းကားမယ့်နေရာမို့ ဖိုးပြန် တောင်ပေါ်တက်ပြီး ခုပြောတဲ့ ဇိနအောင်မြင်ဘုရားတည်ခဲ့တာဆိုလား။
ဖိုးပြန်တောင်ဆိုတာကလည်း တောင်ကြီးကမတ်လွန်းလို့ အသက်အရွယ်ကြီးတဲ့ အဘိုးကြီးတွေ မတတ်နိုင်ဘဲ လှည့်ပြန်ရလို့ ဖိုးပြန်တောင်လို့ အမည်ပေးထားတာ။
အဲ့ဒီတောင်ရဲ့ ထိပ်မှာမှ ဇိနအောင်မြင်ဘုရားတည်ခဲ့တာ။

စဉ်းစားကြည့်တယ်။

“ဒီနေရာမှာ ဘုရားတည်မယ်”
ဆိုတာကို ဘုရင် ဘယ်လိုညွှန်ပြခဲ့လဲမသိဘူး။

“ဒီနေရာမှာ ဘုရားတည်မယ်”
ဆိုပြီး လက်ညှိုးညွှန်ပြရင် ရေထွက်မှာလေ။ ဒီတော့

“ဒီနေရာမှာ ဘုရားတည်မယ်”
ဆိုတာကို မေးပဲဆတ်ပြခဲ့ပုံပေါ်တယ်။ ပြောမရဘူး။

မေးစေ့နဲ့တောင် ပန္နက်ရိုက်ချင်ရိုက်ခဲ့မှာ။ ထားပါ။
အိုးလေးအိုးကတော့ နရသီဟပတေ့မင်းကြောင့် ဖြစ်တဲ့ရွာဆိုပဲ။
နရသီဟပတေ့မင်း တရုတ်တွေလိုက်လို့ ထွက်ပြေးရင်း ဒီနားရောက်လာသတဲ့။

အရိပ်အာဝါသကောင်းတဲ့နေရာ လှေရပ်ရင်း ပွဲတော်တည်မယ်ကြံတော့ ဟင်းခွက်လေးရာပြည့်မှ စားတတ်တဲ့ နရသီဟပတေ့အတွက် ချက်စရာအိုးကအလုံအလောက်ပါမလာဘူး။ ဘယ်ပါမလဲ ကမန်းကတန်း ထွက်ပြေးခဲ့ရတာကို။
အဲ့ဒါနဲ့ စေ့စေ့ပေါက်ပေါက်ရှာတော့ အိုးကြီးလေးအိုးတွေ့သတဲ့။

မတတ်သာတဲ့အဆုံး အဲဒီအိုးလေးအိုးနဲ့ တစ်အိုးကို ဟင်းခွက်တစ်ရာနှုန်းနဲ့ လေးအိုးချက်သွားတာကို အစွဲပြုပြီး ရွာကိုနာမည်ပေးထားတယ်။

“အိုးလေးအိုး” တဲ့။

တော်သေးတယ်။ ဘုရင်က ထမင်းပဲစားပြီး အီးပါမသွားလို့။

တကယ်လို့ ဘုရင်သာ အီးပါသွားရင် ဒီရွာနာမည်က “အီးလေးပုံ” လည်း ဖြစ်နေနိုင်တယ်။

အဲ့ဒီကမှ ပါလာတဲ့ မင်းသားတစ်ပါးဟာ ဒိုးကစားရင်း ပစ်လိုက်အတော်ဝေးဝေးမှာ သွားကျလို့ အဲဒီရွာနာမည်ကို “ဒိုးကျ”တဲ့။ ကဲ ..

စစ်ရှုံးလို့ ထွက်ပြေးနေရပါတယ်ဆိုမှ ဒိုးဆော့ပြီး ကမြင်းနိုင်သေးတဲ့မင်းသား ဒီခေတ်မှာဆို ပါးချည်းလှိမ့်ချရမှာ။ ရှိသေးတယ်။

ဟိုးဖက်မှာ ကျန်စစ်သားနဲ့ ပတ်သက်တဲ့ရွာတွေ ရှိသေးတယ်။အများကြီး။ နောက်မှပြောပြမယ်။ ဘုရင်တွေ ဘယ်လောက်ဆတ်ဆော့ခဲ့လဲဆိုတာ။

ပြောပြီးသားပါ။ ဖိုးပြန်တောင်ဆိုတာ သစ်ပင်လှနဲ့ ရေလွှဲကြီးကြားမှာ ရှိတာဗျ။

ရှိတာကလည်း စည်စည်ကားကားမဟုတ်ဘူး။ ခါတိုင်းအချိန်ဆို ဘယ်သူမှ မသွားလို့ တောကြီးကိုဖြစ်လို့။ အဲ … ဝါဆိုပန်းခူး အချိန်ရောက်ရင်တော့ ဂေါပကနဲ့ ရွာသားတချို့ ဘုရားတက်တဲ့လမ်းကို ခုတ်ထွင်ပြင်ဆင်ကြတယ်။ ပြီးတော့ အလှူခံတယ်။

“ဇိနအောင်မြင် သမိုင်းဝင်စေတီကြီးပြုပြင်ဖို့”

တစ်ခါမှလည်း ပြင်တယ်ဆင်တယ်ရယ် မရှိပါဘူး။ ထုံးသင်္ကန်းကပ်တာတောင် ငါးနှစ်မှတစ်ခါလောက်ရယ်။ ဒါပေမယ့်အလှူခံက အမြဲရှိတယ်။ ထားပါ။

ဝါဆိုပန်းခူးပွဲဆိုတာက ဝါဆိုလပြည့်နေ့နဲ့ အဖိတ်နေ့မှာ ကျင်းပလေ့ရှိတယ်။

ဘယ်လောက်စည်ကားသလဲဆို ရွာနီးချုပ်စပ်က အပျိုလူပျိုအားလုံး ပန်းခူးပြီး ဘုရားပေါ်တက် ပန်းကပ်ကြတာ။

ပန်းကပ်တာက ဘယ်အချိန်လဲ သိလား။ညဖက်ကြီးဗျ။

ညကိုမှ အတော်မှောင်မှ ဘုရားတက်ပန်းကပ်ကြတာ။

ပြောကြတာတော့ နေ့ခင်းပိုင်းက ပူလို့ ဖိုးပြန်တောင်က မတ်လွန်းအားကြီးလွန်းလို့ လူတွေ မတက်နိုင်ကြလို့ဆိုပဲ။

ဟုတ်ရင်လဲ ဟုတ်မှာပေါ့။ ဒါပေမယ့် သိထားတာတော့ ညဖက်မှောင်မှ တောင်ပေါ် ကြိတ်ကြိတ်တိုးတက်ရတော့ ယောကျာ်းတွေက အသားယူတာဗျ။ ဘယ်သူရယ်ဘာရယ်မဟုတ်ဘူး။ ညဘက် လူတွေကြိတ်ကြိတ်တိုး တောင်ပေါ်တက်ကြတော့ အယုတ်အမြတ် အလတ်မရွေးဘူး၊ ကောင်မလေးဆို “ဖတ် ဖတ်ဖတ်” နဲ့ မှီရာနေရာတွေ လျှောက်ကိုင်သွားတာ။

မိန်းမတွေက မသိဘူးလားဆို သိတယ်။ ဒါကြောင့် ဝါဆိုပန်းခူးရက် ဘုရားပေါ်တက်ရင် အပ်ဆောင်သွားကြတယ်။ ကိုယ့်ကိုလာထိရင် အပ်နဲ့ထိုး။ အဲ့သည်လိုမျိုး။

ဒါဟာ ဖိုးပြန်တောင်ရဲ့ ထင်ရှားတဲ့လက္ခဏာပဲ။ ဘယ်သူမှလဲ ဂုဏ်ငယ်တယ် မထင်ကြဘူး။

အံမယ်။ တချို့ကာလသားတွေဆို ပြိုင်တောင်ပြိုင်လိုက်သေး။

“ဒီနှစ် မင်းလက်ဖမိုးမှာ အပ်ရာ ဘယ်နေရာ”

“အေး ငါက လေးဆယ့်နှစ်နေရာ”

“ဟားဟား ငါက ခြောက်ဆယ့်သုံးနေရာကွ”

အပ်ပေါက်ရာများလေ အကိုင်အတွယ်များခဲ့လေကိုး။

ငပိန်ကိုတော့ မမီပါဘူး။ အစကတည်းက လက်သွက်ပြီးသား သူခိုးဆိုတော့ နှစ်တိုင်း သူ့လက်ဖမိုးမှာ အပ်ရာ ရာချီရတယ်။

ဝါဆိုပန်းခူးပြီးတာနဲ့ သူ့လက်တွေ ယောင်ကိုင်းနေတာ။

ဒါကို မိန်းကလေးတွေက မသိဘူးလားမေးမယ်။

သိတယ်။ ဒါကလည်း ကြာပြီဆိုတော့ ဓလေ့လိုတောင် ဖြစ်နေပြီလေ။

“ဒီကိုသွားရင် ဒီလိုကြုံမယ်၊ ဒီလိုကြုံရင် ဒီလိုထိုးမယ်”

အကိုင်မခံရရင် ဘယ်လောက်ထိလဲဆို အဲ့သည်လိုမှ ကွမ်းတောင်ကိုင်ဖြစ်ဖို့ဝေးပြီ။

အချင်းချင်းရန်ဖြစ်ရင်တောင် ဘာပြောတယ်မှတ်လဲ။

“ကောင်မ ရွာမှာကွမ်းတောင်ကိုင် ဖြစ်ချင်တယ်ဟုတ်လား၊ဝါဆို ပန်းခူးသွားတာတောင် ဘယ်သူမှ ဝင်အစမ်းမခံရတဲ့ကောင်မက၊ ဘယ်စမ်းမတုန်း၊ တင်ပါးဆုံက ဆင်းရဲရှာတယ်၊အင်အင်းပါဖို့လောက် ရှိတာကိုး”

သေပြီလေ။ ဘယ်ကာလသားမှ မကြိုက်ဘူးဆိုတဲ့သဘော။

ဒါကြောင့် ဝါဆိုပန်းခူးပွဲကို လူကြီးတွေသွားခဲတယ်။

လူငယ်တွေကတော့ အကြိုက်ပဲ။

အဲ…ပါကညောတို့ ဖိုးဌေးတို့ကတော့ ခြွင်းချက်ပေါ့။

သူတို့က ဘုရားပေါ်တက်တာမဟုတ်ဘူး။ ဘုရားသွားတဲ့လမ်းမှာ တအားကြီးကျဉ်းမြောင်းနေတာတို့၊ မတ်စောက်လွန်းလို့တခြားလူတွေဆွဲလွဲ မတင်ရင် တက်ရခက်တဲ့နေရာတွေရှိတယ်။ အဲ့လိုနေရာမျိုးမှာ ပါကညောတို့ ဖိုးဌေးတို့က ညနေစောင်းထဲက နေရာဦးထားတာ။ မိန်းကလေးတွေလာရင် ကူညီသလိုလို ဘာလိုလိုနဲ့ ဆွဲတင်ပင့်တင်လုပ်တယ်။

သူတို့ကျတော့ အပ်ရာလွတ်တယ်။ ဘာလို့လဲဆိုတော့ ဘော်လန်ဒီယာနှာဘူးလေ။ ပရဟိတနှာဘူး။ ကူညီသလိုနဲ့ နှာဘူးကျတော့လည်း ပြောရခက်ပါ။

အံမယ်။ အရင်က သူတို့ဟာသူတို့ ကြိတ်ပြီးဖွဲ့ထားတဲ့ အဖွဲ့တယ်။

“အဖြူထည်နှာဘူးလေးများ သမဂ္ဂ”

ပါကညောပါမယ်။ ဖိုးဌေးပါမယ်။ သမန်းဝက်ပါမယ်။ လက်တခြမ်း ဘသန်းပါမယ်။ တခြားရွာသားတွေရောပေါ့။

အဲ့ဒီမှာ ပါကညောက အတွင်းရေးမှူး။

အတွင်းရေးမှူးဆိုတာ တစ်မျိုးမထင်နဲ့ဗျ။ ရှိရှိသမျှ မိန်းမတွေရဲ့အတွင်းရေးတွေ စုံစမ်းပြီး မူးနေတာ။ သူတို့အဖွဲ့က သန့်တယ်။ သာရေးလည်းမပါဘူး။ နာရေးလည်းမပါဘူး။ နှာဘူးသီးသန့်ပဲ။ ဘာအရောင်မှ မရောဘူး။အဖြူထည်နှာဘူး။

နောက်တော့ အဖွဲ့ကပျက်သွားတာ။ သူတို့မိန်းမတွေ သိသွားလို့။

အခုလဲကြည့်လေ။ ဝါဆိုပန်းခူးဆိုတာနဲ့

“လာ သမီးလေး ဦးကိုဆွဲ”

“ညီမလေး ကိုကြီးပင့်တင်ပေးမယ်” လုပ်နေတာ။

ကျားအချင်းချင်းကျ ဆောင့်တွန်းလွှတ်လိုက်တာပါပဲ။

ပြောရဦးမယ်ဗျ။ အခြားဒေသမှာတော့ မသိဘူး။ ဒီဖက်မှာတော့ ဝါဆိုပန်းဆိုတာ ဝါဆိုလမှာပေါက်တာမှန်သမျှ ဝါဆိုပန်းပဲ။

ခတ္တာရယ်၊ စံပယ်ရယ်၊ ဇီဇဝါရယ် မခွဲဘူး။ ဝါဆိုပန်းခူးရက်ဆိုလမ်းဘေးမှာရှိတဲ့ အပွင့်ပါရာ အပင်အားလုံး ချိုးယူသွားကြတာပဲ။ ပြီးရင် အဲဒါတွေကို လက်အုပ်ကလေးချီပြီး ဖိုးပြန် တောင်ပေါ်တက်၊ ဇိနအောင်မြင် ဘုရားရောက်ရင် ဘုရားရင်ပြင်မှာချ။ ဘုရားကန်တော့ပြီးပြန်ကြ။ ဒါပဲ။

ဘယ်ပန်း၊ ဘယ်ပန်းဆိုပြီး သတ်မှတ်ချိုးယူသွားတာ မရှိဘူး။

တချို့ဆို ပိစပ်ရွက်တို့ စူလာနဖာတို့အပြင် မြက်ပင်တွေပါ နှုတ်သွားတာပါပဲ။ မြက်က အဲ့ဒီအချိန်ဆို မိုးရေရလို့ ပွင့်တယ်လေ။

ညဖက်ပန်းကပ်ပြီးလို့ နေထွက်ရင်ကြည့်လိုက်။ ဘုရားရင်ပြင်ပေါ် ပန်းတွေဖွေးနေတာ။ ဘာပန်းတွေ ဘာတွေလဲတော့ မသိဘူး။

ပြောချင်တာက ဝါဆိုပန်းက အဓိက မကျဘူး။

တောင်ပေါ်တက်တာကမှ ‘အသက်’။

အဲဒီရက်ဆို ရွာနီးချုပ်စပ်က အပျိုလူပျို အားလုံး ဖိုးပြန်တောင် လာပြီး လူလုံးပြကြတာ။ တောင်ခြေကလဲ အဲ့ဒီရက်မျိုးဆို စည်ပေါ့။ ဆယ့်နှစ်ပွဲဈေးသည်တွေလေ။ ကရေကရာ၊ နေကြာကအစ အကြော်စုံဆိုင်၊ မုန့်ကြာစိ၊ သာကူပေါင်း အစုံအစုံရတယ်။ ဒါ့အပြင် ချားရဟတ်တွေ ဒလက်တွေ စီးဦးမလား ရတယ်။

ဆိုလိုချင်တာက ဝါဆိုပန်းခူးပွဲက လူငယ်တွေ ကလေးတွေနဲ့ အရမ်း စည်ကားတဲ့ပွဲတစ်ပွဲပဲပေါ့။

ဒီလိုပွဲမျိုး ငပိန်တို့ကလဲ ဘယ်လက်လွတ်ခံမလဲ။

ခါတိုင်းလို ပွဲဖြစ်ရင် ရွာဝင်ခိုးဖို့ မဟုတ်ဘူး။ ဖိုးပြန်တောင်ပေါ်တက်ကိုတက်တာ။ ဒီလိုနေ့မျိုး ရွာဝင်ခိုးလို့ မရဘူးလေ။ ရွာမှာက လူကြီးတွေက အိမ်စောင့်ကျန်ခဲ့တာကိုး။ တချို့လူကြီးတွေဆို တစ်ညလုံးမအိပ်ဘဲ သားမြေးများအိမ်ပြန်ချိန် စောင့်ကြတာကိုး။

ဒါ့အပြင် ပန်းပွဲမှာလည်း မခိုးရဲဘူး။ ဘာလို့လဲဆိုတော့ လူစုံတယ်လေ။

သစ်ပင်လှက တီကောင်ရီမောင်တို့ သမန်းဝက်တို့ရှိမယ်။ ဒိုးကျ ကဆို ဦးစံကြီးနဲ့ လက်တစ်ခြမ်းဘသန်းရှိမယ်။ အိုးလေးအိုးက ပါကညောတို့ ဖိုးဌေးတို့ကအစ ဖိုးပြန်တောင်ခြေရောက်နေကြတာကိုး။

ရုတ်ရုတ်လုပ်ပြီး မိသွားလို့ကတော့ နာပြီသာမှတ်။

နောက်ပြီး လုံခြုံရေးမဏ္ဍပ်မှာကလဲ ထိတ်တုံးချည်း ခြောက်ခုစီ။

ဒီလိုရက်မျိုးမှာတော့ ငပိန် ထိတ်တုံးထဲ မဝင်ချင်သေးဘူး။

လူကြီးတွေကလဲ သူ့ကို သူခိုးဆိုပြီး ပိုငြီးတယ်လေ။ ဒါကြောင့် ဖိုးပြန်တောင်ခြေကို ခပ်စောစောထဲက ရောက်တာတောင် ချက်အရက်ပုန်းရောင်းတဲ့ ဦးတင်စိုးဆိုင်ကိုရှာ၊ အရက်ပုန်းလေး ပြေးဂလုလိုက်၊ ဆယ့်နှစ်ပွဲဈေးမှာ အကြော်စုံစားလိုက်၊ သိပ်မမူးဘူးထင်ရင် ချားရဟတ်လေး သွားပြီး စီးလိုက်လုပ်နေတာ။ သူ့သူငယ်ချင်း မောင်စိန်တောင် ပိုးဥနားမသွားဘူး။

ငပိန့်ဆီမှာက စားပေါက်ချောင်နေတာလေ။

ဒီလိုနဲ့ ညအမှောင်က တဖြည်းဖြည်းကျကျလာတာပေါ့။

“ကဲ ဘုရားပေါ်တက်၊ ဝါဆိုပန်းကပ်မယ်ဟေး”

အော်သံကြားရတယ်။ ငပိန်တို့ မလှုပ်သေးဘူး။ မောင်စိန်ကသာ မရိုးမရွနဲ့

“ဟေ့ကောင် ဟိုမှာ ဘုရားတက်ကြပြီနော်၊ သွားရအောင်”

ဆိုတာကို ငပိန်က မောင်စိန်ကို စေ့စောင်းကြည့်ရင်း

“မင်းက အဲ့ဒါတွေ အမြော်အမြင်မရှိတာ”

“ဟင် ဘာဖြစ်လို့”

“ဒီအချိန် ပထမဆုံးတက်ရင် ပထမဆုံးအုပ်ပဲ မိမှာလေ၊

နောက်ဆုံးမှတက်မှ ရှိရှိသမျှ စမ်းပြီး ပြေးတက်မှ တစ်ယောက်မှ မလွတ်မှာ၊ ဟော တက်တဲ့သူတွေရော ပြန်ဆင်းတဲ့တွေရော ကိုယ့်လက်ဗွေရာတွေချည်း ဖြစ်နေရမှာ တွေးစမ်းပါ”

ငပိန်က မောင်စိန့်နားထင်ကို လက်ညှိုးနဲ့ထောက်ရင်း ပြောတယ်။ ဒီတော့မှ မောင်စိန်လည်း သဘောပေါက်ဟန်နဲ့ မျက်နှာဝင်းလက်သွားပြီး

“ဟာ ဟုတ်တယ်ဟ၊ ဒါမျိုး ငါမစဉ်းစားမိဘူး၊ ဒီလိုတွေးခေါ်နိုင်လို့ မင်းသူခိုးဖြစ်နေတာ”

ဪ ကိုယ့်အတွက်ကိုယ်တွေးနိုင်တိုင်း သူခိုးဖြစ်ရင် ကိုယ်ရဖို့ချည်းတွေးနေသူတွေအားလုံးက ခိုးချင်လို့ တွေးနေကြသူချည်းဖြစ်နေမှာ။

ညက နက်လာပြီ။ ဖိုးပြန်တောင်မှာ လူကမည်းနေပြီ။ ဆယ့်နှစ်ပွဲ ဈေးက ကျဲလေပြီ။ ဒီတော့မှ ငပိန်က ထိုင်နေရာကထပြီး

“ကဲ လုပ်ငန်းစဖို့ အချိန်ကျပြီ”

“ဟီဟိ”

မောင်စိန်က ခိုးရယ်တယ်။ ငပိန်က ခြေဖျားလက်ဖျားခါ သွေးပူလေ့ကျင့်ခန်းလုပ်တယ်။ ပြေးနိုင်လွှားနိုင်အောင် ခါးကျောဆန့်တယ်။ အဆင်သင့်ဖြစ်မှ မြေကြီးပေါ်ကို လက်ထောက်လိုက်တယ်။

“ကဲ စပြေး”

ဆိုတဲ့အသံနဲ့အတူ ဖိုးပြန်တောင်ပေါ် နှစ်ယောက်သား ဒုန်းစိုင်းချ သွားတာ။ သူတို့ပြေးသွားတဲ့တလျှောက် “ဖတ် ဖတ်ဖတ်’အသံတွေနဲ့အတူ

“အို အမေ့”

“ဟင် ကဲဟယ်”

“ဟဲ လိမ်ဆွဲတယ်တော့”

ဆိုတဲ့အသံတွေ စီညံသွားတော့တယ်။ သိတယ်မဟုတ်လား။ ငပိန်တို့က ဒါမျိုးကျသွက်တယ်။ မျက်လုံးကလဲလျင်တော့ တစ်ယောက်ကို လွတ်မသွားဘူး။

ယောကျာ်းတွေတောင် အဆစ်ပါသေး။ ကံဆိုးတဲ့ကောင် ခံရတာပဲ။

“ဟာ ငါ့မွေး ဘယ်ကောင်လဲကွ လာစမ်းတာ”

“တစ်မျိုးကြီးပဲ”

“ဟင် သူများကိုနော်”

စသည်ဖြင့် အယုတ်အမြတ် အလတ်မရွေးဘူး။

တန်းတူခံရတာဆိုလို့ ဒီဖိုးပြန်တောင် ပဲရှိတာ။

“ဟေ့ကောင် ငပိန်၊ ငါ့ကို ငါ့ကိုစောင့်ဦးဟ၊ ဟောဟဲ ငါမောနေပြီ၊ ဟီး”

သူနဲ့အမြဲတွဲနေကျ မောင်စိန်တောင် ငပိန့်ခြေလှမ်းကို မမီဘူး။ ဒီလောက်တိုးကြိတ်နေတဲ့လူတွေကြား ငပိန်ပြေးသွားတာ။ ငါးဖယ်လေး ရွံ့ညွန်ထဲ တိုးသွားသလိုပဲ။ ငါးဖယ်တိုးဆိုတာ ဒါမျိုးထင်တယ်။

“ဟဲ့ ပလုတ်တုတ်”

“အို လက်ကြမ်းကြီးနဲ့”

“အို လက်ကြမ်းကြီးနဲ့”

“ဟ ငါက ယောကျာ်းဟ ဘယ်ကောင်လဲ”

ငပိန်ကတော့ အလုပ်သဘောအရပဲ။ ရိုးရာပျက်မှာစိုးလို့သာစမ်းသွားပုံပဲ။ မြန်တယ်။ သွက်တယ်။ ဒီကောင်မျိုးသာ အကောက်ခွန်အရာရှိဆို ဘာမှောင်ခိုမှ လွတ်မယ်မထင်ဘူး။ ဒီလိုစမ်းသွားရင်းနဲ့မှ

“ဟာ ဒါက အတု”

“ဒါက အစစ် “

“ဒါက ကလေးအမေ”

“ဟင့် ဒါက ယောကျာ်း မှားစမ်းမိပဟ”

စသည်ဖြင့် သရုပ်ခွဲသွားသေးတာ။ ဒီကောင့်ကိုသာ ဓာတ်ခွဲခန်းမှာ ထားရင် ပါမောက္ခတန်းဖြစ်မှာ ငပိန်အတွေ့၊ အစမ်းသပ်က လက်ယဉ်တယ်လေ။

ငပိန်ကတော့ ရိုးရာမပျက်ပဲ။ တဏှာမပါဘူး။ ဖိုးပြန်တောင် မတ်မတ်ကြီးကို ပြေးတက်ပြီး လက်သရမ်းသွားတာ။

“ဒါက မစိန်သောင်း”

“ဒါက မအေးညွန့်”

“ဟာ အဆဲထုကြီး မမြကြည်ကြီး ဘုရားတက်လို့ပါလား”

“ဟဲ့ ဘယ်ဖက်လုံးမသားလဲ”

ငပိန်အတွက်က ရုပ်ကြည့်စရာမလိုဘူး။ စမ်းလိုက်ယုံနဲ့ ဘယ်သူ ဆိုတာသိတယ်။ အတွေ့အကြုံနဲ့ ဗဟုသုတပေါ့။ ဒီလိုကောင်မျိုး စီးပွားရေး လုပ်ငန်းသာ လွှဲထားရင် အစောထောင်တက်လာမှာ။ ထောင့်စေ့လို့လေ။

ဒီလိုနဲ့

“ဒါက မသောင်းရီ၊ ဒါက မကျင်ဖော့၊ ဟ ဒါက ကိုရင်ကြက်တောဟ”

စသည်ဖြင့် မီရာမလွတ်တမ်းလှမ်းဆွဲရင်း တစ်နေရာရောက်မှ

“ဖုတ်”

သူလှမ်းဆွဲမိတဲ့ အရာတစ်ခုကြောင့် ငပိန်အံ့အားသင့်သွားတယ်။ နှစ်စဉ်ဘုရားတက်နေကျပေမယ့် ဒီဟာကြီး တစ်ခါမှစမ်းဖူးဘူး။ ဘာမှန်း မသိဘူး။ အကြီးကြီး။ အိစိအိစိကြီး။

ဒါနဲ့ သိလိုစိတ်နဲ့ အပေါ်ကိုတောင် မပြေးတက်နိုင်ဘဲ နောက်တစ်ခေါက် ထပ်စမ်းလိုက်တယ်။

“ဖုတ်”

လူကိုမကြည့်သေးဘဲ သူ့ဗဟုသုတ သူပြန်စစ်တယ်။

“အိုးလေးအိုးက ကြင်ကြင်လှိုင်လား၊ သစ်ပင်လှက မထွေးရီလား၊ ဒိုးကျက မတင်စန်းလား”

တစ်ခုမှမဟုတ်ဘူး။ ဒါကြီးက ပိုကြီးပြီး ပိုပြီး အိစိအိစိဖြစ်နေတယ်။ သိလိုသိငြား သူချေကြည့်သေးတယ်။ အဆီတုံးက တစ်တုံးတခဲကြီး။

မျက်မှောင်ကြုတ်ပြီး ဘယ်လိုမှ စဉ်းစားမရတဲ့အဆုံး မော့ကြည့်လိုက်တော့

“ဟာ”

မျက်နှာမြင်တော့ သူလန့်သွားတယ်။ လူကလည်း သွေးဆုတ်သလို ဖြူရော်သွားတယ်။ ပြီးတော့ ပါးစပ်က ဗလုံးဗထွေးနဲ့ အသံထွက်လာတယ်။

“သ သမန်း သမန်းဝက်”

သမန်းဝက်မျက်နှာမြင်တော့ ငပိန် ဆံပင်မွေးပါထောင်သွားတယ်။ သူ ဘဝပျက်ပြီဆိုတာလဲ တွေးမိလိုက်တယ်။ ချွေးတွေလဲ ချက်ချင်း စိမ့်ကျလာတယ်။

ဟုတ်တယ်။ သူစမ်းမိတာ သစ်ပင်လှအနောက်ဖျားက မူးရင်ကြမ်း လှပါတယ်ဆိုတဲ့ လူမိုက်သမန်းဝက်။ လူက ဝဝကြီးဆိုတော့ အဆီတုံးကြီး ဖြစ်နေတာကို။

ဒါကိုမှ ငပိန်သွားစမ်းမိတာ။ သမန်းဝက်က သူ့ဖင်တစ်တုံး တစ်ခဲကြီးကို အားရပါးရညှစ်ထားတဲ့ ငပိန်ကို တအံ့တသြ ပြန်ကြည့်တယ်။ ငပိန်ကလဲ ကြောက်ပြီးညှစ်ထားတုန်းပဲ။ မလွှတ်သေးဘူး။ သမန်းဝက်က ငပိန့်မျက်နှာကိုကြည့်လိုက်၊ သူ့ဖင်ကို ပြန်ကြည့်လိုက်ဖြစ်နေတယ်။ သူလဲ တစ်သက်နဲ့တစ်ကိုယ် ဒီလိုမျိုး တစ်ခါမှ ပျစ်ပျစ်နှစ်နှစ်ကြီး အစမ်းမခံ ရဘူးလို့ ကြောင်နေတယ်ထင်တယ်။ နောက်တော့ ဒေါသထွက်ပြီး

“ဪ မင်းက ငါ့ကိုလာစမ်းတယ် ဟုတ်လား၊ ကဲကွာ”

ဆိုပြီး ငပိန်ကို ဂုတ်ကတစ်ချက်၊ ခါးကတစ်ချက်ဆွဲပြီး ဦးခနဲ ဟိုး အမြင့်ကြီးမြှောက်ပစ်လိုက်တယ်။

“အား”

ငပိန် လူတွေကိုကျော်ပြီး လေထဲလွင့်ပျံသွားတယ်။

အမှန်တော့ ငပိန်က တကယ့်ပိန်ပိန်သေးသေးလေး။ သမန်းဝက် ဆိုတာက လူကဝဝကြီးနဲ့ဗလကြီး။ အဲ့ဒီဗလကြီးက ဒေါသတကြီး အပေါ် မြှောက်လွှင့်ပစ်လိုက်တာဆိုတော့ စဉ်းစားသာကြည့်။

ဓားခုတ်ကောင်လေး လေပေါ်ပျံသွားသလို လွင့်တက်သွားတာ။

“အား”

ငပိန်ရလိုရငြား တံတောင်နှစ်ဖက်ကို နံကြားကပ်ပြီး လက်ဖျားလေး တွေခတ်ပြီး ပျံကြည့်သေးတယ်။ ခြေနှစ်ဖက်ကိုလဲ ကွေးလိုကဆန့်လိုက် လုပ်ကြည့်တယ်။ ဖားပျံလေး ရေကူးနေသလိုပဲ။ ဒါပေမယ့် မရပါဘူး။ အတော်ကလေး ဝေးဝေးကိုရောက်တော့ အရှိန်က ကုန်ပြီး လူအုပ်ကြားထဲကို အရှိန်နဲ့ပြန်ကျတာ။

“အား ကယ်ကြပါ ကယ်ကြပါ”

ငပိန် လူအုပ်ကြားက လူတစ်ယောက်ကျောပေါ် ပြုတ်ကျတယ်။

“ဖုတ် ”

“ဟင် “

ငပိန်ခြေထောက်က မြေကြီးကိုမထိဘူး။ လူက ပိန်သေးသေးလေး ဆိုတော့ ဘုန်းကြီးကျောင်းတိုင်များ ဖားပျံလေးကပ်နေတဲ့အတိုင်းပဲ။ မသိရင် ကျောပိုးအိတ်ကလေး လွယ်ထားသလို။

သူများကျောပေါ် သွားကပ်နေတာ။

“ကျေး ကျေးဇူးပဲနော် ကျေးဇူး”

ပြောပြီး သူ့ကို ကျောပိုးထားသူကို ကြည့်လိုက်တော့

“ဟာ သေပြီ ဒီတစ်ခါ တကယ်သေပြီ”

ဟုတ်တယ်။ သူ့ကို ကျောပေါ်တင်ထားသူက

“ပါကညော ပါကညောကြီး”

ဖြစ်ချင်တော့ ပရဟိတနှာဘူးကြီး ပါကညောကလဲ မိန်းကလေးတစ်ယောက်ကို အင်တိုက်အားတိုက် စိတ်လိုလက်ရ ပယ်ပယ်နယ်နယ် တွန်းတင်ပေးနေချိန်ကြီး။ ပရဟိတလုပ်ပြီး စိတ်ချမ်းသာနေချိန်ကြီး။

ငပိန်က ပိန်ပိန်လေးဆိုတော့ သူ့ကျောပေါ် ဖားပျံလေးလိုကပ်နေတာ။ ပထမတော့ ကျောပေါ် တောက်တဲ့ ပြုတ်ကျတာမှတ်နေတာ။ အသံကြားမှ လူမှန်းသိတယ်။

ငပိန် ပါကညောမျက်ခွက်ကြီးမြင်ရောကြောက်အားလန့်အားနဲ့ ပြန်ဆင်းမယ်ကြံချိန်မှ

“ကိုပိန်လား”

“ဟင်”

ကြားလိုက်ရတဲ့အသံကြောင့် ငပိန် မျက်လုံးပြူးသွားမိတယ်။

ပြီး တော့ ဆံပင်မွေးတွေထောင်ပြီး ပါကညောကျောပေါ်ကဆင်းရမယ့်အစား ပြန်ကုတ်တက်ပြီး

“လှ လှမေ”

ဟုတ်တယ်။ လှမေ။

သူ့ရဲ့ ချစ်စလိကိုက် လှမေ။ ငပိန်ရဲ့ ချစ်စုတုတုလေး လှမေပါ။

လှမေက သူ့ရဲ့ လက်တကမ်းအကွာ တောင်စောင်းလေးမှာ ရပ်နေတာ။

ငပိန် စိတ်လွတ်လက်လွတ် ပါကညောကျောပြင်ကို ခွတက်ပြီး

“လှ လှမေ ဘယ်လိုလုပ်”

သူ့စကားမဆုံးခင် လှမေက မျက်လွှာလေးချပြီး

“လှမေ ကိုပိန့်အနံ့ မှတ်မိတယ်”

“ဟင်”

“ဂစ်”

ငပိန်အသည်းယားပြီး ပါကညောလက်ရှိ ညှစ်မိသွားတယ်။

ပါကညောလဲ သူ့ကျောပေါ်တက်ခွပြီး ရိုမန့်တွေလာ တစ်နေတော့ ကြောင်နေပုံရတယ်။

ငပိန်က စိတ်လိုလက်ရ ပါကညောရဲ့ ငယ်ထိပ်ကိုပွတ်ပြီး

“ကို ကိုပိန်လဲ သတိတွေရနေတာ”

“မဟုတ်ဘဲနဲ့”

လှမေက ထုံးစံအတိုင်း မျက်လွှာလေးချပြီး ပြောတယ်။ ဒါကို ငပိန်က ရှက်ကိုးရှက်ကန်းနဲ့ ပါကညောငယ်ထိပ်ကို လက်ညှိုးနဲ့ ဝိုင်း၊ ငယ်ထိမွှေးကို ဆတ်ခနဲဆွဲနှုတ်ပြီး

“တကယ်ပါ လှမေရယ်”

“အလယ်လယ်”

ပထမတော့ ပါကညော ကြည့်ကောင်းကောင်းနဲ့ ကြည့်နေသေးတယ်။ သူ့ငယ်ထိပ်မွှေး အနှုတ်ခံရမှ ဒီအရသာကိုမှတ်မိပြီး

“ဟင် မင်းက ငါ့အမွှေးနှုတ်ရဲတယ် ဟုတ်လား”

ဆိုပြီး ငပိန်ကို နောက်ပြန် ဂုတ်ကဆွဲထုတ်လိုက်တယ်။ ငပိန်က ဓားခုတ်ကောင်လေးလိုပဲ။ ပါကညောလက်ထဲ မြောက်ပြီး ပါလာတယ်။

ပါကညောက ငပိန်ရဲ့ ဂုတ်ကတစ်ချက်၊ ခါးကတစ်ချက်ဆွဲတယ်။

“တွေ့ကြသေးတာပေါ့ကွာ”

“အား လုပ် လုပ်ပါဦး”

ငပိန်က ကြောက်အားလန့်အားနဲ့အော်တယ်။ ပါကညောကတော့ ဂရုမစိုက်တော့ဘူး။ ငပိန်ကို ဂုတ်ကဆွဲထားရာက လွှင့်ပစ်ရင် မဝေးမှာစိုး လို့ထင်တယ်။

စက္ကူပြားတွေပစ်ရင် ဝေးဝေးရောက်အောင် ဖင်ကို လေမှုတ်သလို ငပိန်ကျောပြင်ကို “ဖူး… ဖူး…..” နဲ့ လေနှစ်ချက်မှုတ်တယ်။

ပစ်ထုတ်ရင် ဝေးဝေးရောက်အောင် အရှိန်ယူလွှဲဆသေးတယ်။ စိတ်ကြိုက်အနေအထားရမှ

“ကဲ သွားပေရော့ အဝီစိကို”

ဆိုပြီး သူ့အားကြီးနဲ့ တောင်အောက်ကို မြှောက်ပစ်ချလိုက်တယ်။

“အား”

ငပိန် ကားခနဲ လေထဲကို လွင့်ပါသွားတယ်။ ခုနကလိုပဲ ကြောက်အားလန့်အားနဲ့ သူပျံကြည့်သေးတယ်။ မရဘူး။ ဒါပေမယ့် အတွေ့ အကြုံက သင်ပေးတယ်ပြောရမလားပဲ။ ငပိန် ငှက်တွေလို လေထဲ မပျံတတ်ပေမယ့် နည်းနည်းတော့ ဝဲတက်သွားတယ်။ အံမယ်။ ပျော်တောင်ပျော်သွားသေး။ ဟိုဖက်ဝဲလိုက်၊ ဒီဖက်ဝဲလိုက်နဲ့ နှစ်ချက်လောက်ပဲ ဝဲရပါသေးတယ်။ အရှိန်ကုန်တော့ ငပိန် ဖုတ်ခနဲ အောက်ကို ပြန်ပြုတ်ကျတယ်။

“အား ကယ်ကြပါဦးဗျို့ “

ဒီတစ်ခါတော့ ဘယ်သူ့ပေါ်မှမကျဘဲ မြေကြီးပေါ်တိုက်ရိုက် ဖုတ်ခနဲ ပြုတ်ကျတယ်။

“အောင်မလေး သေပါပြီဗျ”

ဒါပေမယ့် ဖိုးပြန်တောင်က မတ်မတ်ကြီးမဟုတ်လား။ မြေကြီးပေါ် ပြုတ်ကျတာတောင် အရှိန်ကမသေဘူး။ ဖုတ်ဖုတ်ဖုတ်နဲ့ ဖင်တစ်ချက် ခေါင်း တစ်ချက် အလုံးလိုက်လေး ထပ်ပြီးလိမ့်ကျသွားတယ်။

“ကယ် ကယ်ကြပါဦးဗျို၊ ကယ်ကြပါဦး”

ငပိန် ကြောက်လန့်တကြားအော်သံ။

ဘယ်သူမှ မကယ်ဘူး။ သူလိမ့်လာတာကို ဖယ်ပေးကြတယ်။တချို့ မလွတ်သူဆို ခုန်တောင်ကျော်သွားသေး။

“အား တစ်ယောက်ယောက် ဆွဲထားပေးကြပါလားဗျာ”

ငပိန်ရဲ့ အော်သံ။ ဘယ်သူမှ မဆွဲပေးဘူး။ ဖိုးဌေးဆို

ဘယ်လောက် သောက်ကျင့်ယုတ်လဲဆို သူ့ရှေ့ ငပိန်လိမ့်လာတာမြင်တော့ အရှိန်သေမှာ စိုးလို့

“အင်းဟာ”

ဆိုပြီး ကန်တောင်လွှတ်သေး။ တောင်က မတ်မတ်ကြီးဆိုတော့ ငပိန် တော်ရုံနဲ့ အရှိန်သတ်လို့ မရဘူး။

“ကယ်ကြပါဗျို၊ ကယ်ကြပါ၊ ကယ်ကြပါ”

အော်လဲ ဘယ်သူမှမကယ်တော့။ ကိုယ့်ဘာသာကိုယ် ကယ်မှ ဖြစ်တော့မယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့် လက်ကိုထုတ်ပြီး မီရာ လှမ်းဆွဲလိုက်တယ်။

“ အိ “

“ဖုတ်”

“မိပြီကွ”

“ ငင့် ”

ဟုတ်တယ်။ ငပိန် လှမ်းဆွဲလိုက်တော့ မိတယ်။ ဒါပေမယ့် မိတာက အိစိအိစိကြီး။

ငပိန် သိလိုက်ပြီ။

“တောက် သမန်းဝက်ဖင်ကြီး သွားကိုင်မိပြန်ပြီကွာ” သူလှမ်းဆွဲလိုက်တဲ့ ကောက်ရိုးတစ်မျှင်က သမန်းဝက်ဖင်။ ဒီအရာကို သူ ဘယ်မေ့မတုန်း။ ခုနကပဲ စမ်းခဲ့ရတာလေ။ ဒီအရာကို သူ ဘယ်မေ့မတုန်း ခုနကပဲ စမ်းခဲ့ရတာလေ။ သူမော့မကြည့်တော့ဘူး။ ဟိုက ဘယ်လောက်တောင် ဒေါသထွက် နေမယ်မသိဘူး။

သူသိတာက ..သူ့ခန္ဓာကိုယ်က လေထဲ ပြန်မြောက်လာတာ သိတယ်။ သမန်းဝက် က သူ့ကို ဂုတ်က တစ်ချက် ခါးကတစ်ချက်ဆွဲပြီးလေထဲ မြှောက်ထားတာ သိတယ်။ သူ့ခေါင်းက တောင်အောက်ကိုဦးတည်နေတယ်ဆိုတာ သိတယ်။

ပြီးတော့ “ကဲကွာ၊ ဒီလောက်စမ်းချင်တဲ့ကောင်” သမန်းဝက်ရဲ့ အံကြိတ်သံ။ ပြီးတော့ သူ ဝှီးခနဲ လေထဲမြောက်တက်သွားတယ်။ သူ လေပေါ်မှာတင် အသံကျယ်ကျယ်နဲ့ အော်လိုက်တယ်။

“လှမေရေ၊ ကိုပိန် တောင်ခြေမှာပဲ စောင့်တော့မယ်နော်”

ဒီလောက်အားနဲ့ ဘယ်ထိရောက်မယ်ဆိုတာ သူခန့်မှန်းနိုင်သွားပြီ။ ငပိန်ခမျာ ငှက်မဟုတ်ငြား

“ငှက်သွင်ပျံကြွ မတတ်သော်”

ငပိန် လေပေါ်က ရှုခင်းတွေ ကြည့်သွားတော့တယ်။ သူ့မျက်စိထဲမှာ

“အံမယ်၊ ဘုရားပွဲဈေးတောင် တဖြည်းဖြည်းနီးလာပြီ”

အပိုင်း (၁၄)

ဖုတ်ခနဲ ငပိန် ဦးတင်စိုးအရက်ပုန်းဆိုင် ဘေးမှာ ငုတ်တုတ်လေး သွားကျတယ်။

ငပိန်မထ တော့ဘူး။ ဦးတင်စိုးဆိုင်ထဲ ဖင်တရွတ်ဆွဲ ဝင်လိုက် တယ်။ ဦးတင်စိုးကလဲ အလိုက်သင့်ပဲ။ သူ့ကို ချက် အရက်တစ်ပုလင်း ကမ်းပေးတယ်။

ငပိန် ခပ်မြန်မြန်ပဲ မော့ချပြီး ဖိုးပြန်တောင် ကို ပြန်ငေးကြည့်တယ်။ ဟုတ်ပ။ ဖိုးပြန်တောင်ပေါ်မှာ သူ့အသည်းတုံးလေး လှမေရှိတယ်လေ။ ဒါပေမယ့် သူ တောင်ပေါ် ပြန်မတက်ရဲ တော့ဘူး။ တောင်ပေါ်မှာ သမန်းဝက်ရော၊ ပါကညော ရောက သူ့ကိုထောင်းဖို့ ချောင်းနေကြတာလေ။ ဒါကြောင့် လှမေ တောင်ခြေပြန်ဆင်းအလာကိုပဲ ချက်အရက် ကလေးသောက်ပြီး ဆောင့်ကြောင့်ထိုင် စောင့်နေလိုက်တော့တယ်။

“လှမေ လှမေ ကိုပိန့်ချစ်စုတုတုလေးလှမေ၊ ဘယ်ဆီရှောင်ပုန်းပြီး အခုမှ ပြန်ပေါ်လာရတာလဲကွယ်”
မျက်လုံးထဲမှာလဲ လှမေရဲ့ ပုံရိပ်တွေ တဝဲဝဲလည်နေတယ်။ ချစ်ခင် ခဲ့ရတဲ့ ညကလေးတွေကိုလဲ ပြန်မြင်ယောင်မိတယ်။ လှမေရဲ့မျက်နှာ လှမေ ရဲ့ကိုယ်လုံး လှမေရဲ့ သနပ်ခါးနံ့ အားလုံး စိတ်ထဲမှာ ပြန်ပေါ်လာတယ်။

ငပိန် ချက်အရက်ကလေးမော့ပြီး လှမေရှိရာ ဖိုးပြန်တောင်ပေါ် ပြန်မျှော်ကြည့်တယ်။ တောင်ပေါ်မှာ ဆီမီးတွေက သီးနေတာ။ ငပိန် ဆီမီး တွေကို လိုက်ကြည့်တယ်။

တောင်ပေါ်အတက်မီးနဲ့စာရင် အဆင်းမီးက ပိုများနေပြီ။ ဆိုလို တာက တောင်ပေါ်တက်တဲ့သူနဲ့စာရင် ဆင်းတဲ့သူ ပိုများနေပြီဆိုတဲ့သဘော။ ညကလဲ နက်ပြီကိုး။

ငပိန် လက်ထဲက ချက်အရက်ကို ကမန်းကတန်းမော့ပြီး
“ဦးတင်စိုး တစ်လုံးဖိုးမှတ်ထားဗျာ၊ နောက်မှရှင်းမယ်”
သူ့စကားကို ဦးတင်စိုးကလဲ

“အေးပါကွာ၊ အေးပါ ငပိန်ရာ၊ ဒါနဲ့ ယက်မလေးတစ်ချောင်း လောက် ရရင် ယူခဲ့ပေးပါဦး၊ မိုးဦးကျ ငါးလေးပက်ချင်လို့”
ဦးတင်စိုးစကားကို ငပိန်က ပြေးသွားမလိုလုပ်ပြီးမှ ပြန်လှည့်ပြီး

“ဘယ်အရွယ်လဲ”

“ငါးရံ့ဖမ်းတဲ့အရွယ်ဆို ရပြီ”

“ဒါဆို သစ်ပင်လှက ဦးအေးသောင်းတို့အိမ်မှာရှိတယ်၊ အပြန် ဝင် ‘မ’လာပေးမယ်”
ဆိုပြီး ဆယ့်နှစ်ပွဲဈေးကို ကျော်ပြီး ရေလွှဲကြီးဖက်သွားတဲ့လမ်းကို ပြေးူချသွားတယ်။

သစ်ပင်လှကနေ ဖိုးပြန်တောင်ကိုကျော်ရင် တောတန်းကြီးတစ်ခုရှိတယ်။ လူသွားလမ်းတော့ လူသွားလမ်းပဲ။ ဒါပေမယ့် အဲ့ဒီနေရာက လှည်းတစ်စီးစာလောက်လေး ကျယ် တာ။ အသွားအလာပြတ်တာပေါ့။ ပွဲတော်မရှိရင် အဲ့နေရာကို လူသိပ်မဖြတ်ကြဘူး။ ညဖက်ဆို ပိုဆိုး ပေါ့။

မှောင်အားကြီးတော့ လူတွေက ဘာရယ်မဟုတ် ဘူး။ မသွားရဲ မလာရဲကြဘူးလေ။
ခုလို ဝါဆိုပန်းခူးပွဲရှိရင်တော့ ရေလွှဲကြီးသူ တွေ အုပ်စုလိုက် သွားနေလာနေကြတာပါပဲ။ သူ့ရဲ့ ချစ်စုတုတုတလေး လှမေကလဲ ရေလွှဲကြီးပြန်ရင် ဒီ လမ်းကပဲ ပြန်ရမှာပဲလေ။ ဒါကြောင့် ငပိန် ဒီတောတန်း ကလေးကိုရွေးပြီး စောင့်နေတာ။

တောကလဲ သစ်ရိပ်ဝါးရိပ်နဲ့ အုံ့အုံ့ဆိုင်းဆိုင်း ဖြစ်နေတော့ ငပိန် အဖို့ မှောင်ရိပ်ခိုလို့ ကောင်းတာပေါ့။ ရေလွှဲကြီးကို လူတွေခပ်ကျဲကျဲပဲ ပြန်လာကြတယ်။ ကာလသား တွေ ကာလသမီးတွေ လေးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ စသည်ဖြင့် ပေါ့။ တချို့ကလဲ ဒီတောရိပ်ကလေးနားရောက်ရင် ခြေလှမ်း ခပ်သွက် သွက်၊ တချို့ကလဲ ကြောက်ပြီးပြေးသွားကြတယ်။

ဒီတောတန်းလေးက သရဲခြောက်တယ်ဆိုပြီး အဆိုရှိတာကိုး။ ငပိန် တို့လို သူခိုးတွေကျ ဘယ်သရဲကြောက်မှာတုန်း။ လုပ်ရတဲ့အလုပ်ကိုက ညမှာ လုပ်ရတာလေ။
သူခိုးက သရဲကြောက်ရင် စီးပွားပျက်ပြီလေ။

ငပိန် တောတန်းလေးရဲ့ အမှောင်ဆုံး သစ်ပင်ခြေရင်းမှာ ငုတ်တုတ်ထိုင်ရင်း သူ့ရဲ့အသည်းနှလုံး လှမေလာရာလမ်းကို လှမ်းမျှော်နေ လိုက်တယ်။ အဖိတ်ညမို့ လ က မိုးရိပ်တိမ်ကြားမှာ ပေါ်လာလိုက် ပျောက်သွား လိုက်ပါပဲ။ လမင်းကြီးပေါ်လာတဲ့အခါ ဝင်းဝင်းပြည့်ပြည့်ကြီး ဖြစ်နေပေမယ့် တိမ်ထဲဝင်သွားတဲ့ အချိန်မျိုးမှာတော့ မှောင်အတိပေါ့။

ငပိန်ကတော့ အမှောင်ကြိုက်မို့ မှောင်သည်ထက်မှောင်တဲ့ သစ်ပင်ခြေရင်းနားလေးမှာ..
ခိုးခိုးခစ်ခစ်ရယ်သံများနဲ့အတူ တိမ်ကြားက လမင်း ဝင်းခနဲ ပေါ် လာတယ်။ အဲ့ဒီဝင်းခနဲပေါ်လာတဲ့ လရောင်အောက်မှာ ရေလွှဲကြီးဖက် လှမ်း ဝင်လာတဲ့ အပျိုမလေး ငါးယောက်။ အဲ့ထဲမှာမှ အဝင်းဆုံးလေး ငပိန်ရဲ့ အသည်းနှလုံးတစ်စုံ။

“လှမေ”
ငပိန် ကြွေဆင်းသွားတယ်။ သူနဲ့ မတွေ့ရတဲ့အချိန်အတွင်း လှမေ က ပိုပြီး ဖွံ့ထွားလာသလားပဲ။


“အို လှမေရယ်”
ငပိန်ဆီက ရေငတ်သလို ငြီးသံတစ်ခု ထွက်လာတယ်။ ဟုတ်ရင် လဲ ဟုတ်မှာပေါ့။ အရက်သောက်ပြီး ရေမှမသောက်လာတာ။

လှမေရဲ့ သူငယ်ချင်းများက ငပိန်ထိုင်နေတဲ့နားလဲရောက်ရော
“ဟဲ့ တောတန်းထဲရောက်ပြီ မြန်မြန်လျှောက်ကြ”
ဆိုတဲ့အသံနဲ့အတူ ခြေလှမ်းကို သွက်လိုက်ကြတယ်။ လှမေတစ် ယောက်သာ အထာမသိလို့ထင်တယ်။ ကြောင်တက်တက်နဲ့ ကျန်ခဲ့တယ်။ ဒါကို အခွင့်ကောင်းယူပြီး ငပိန်က
“လှမေ”
“ဟင်”
ငပိန့်အသံကြားတော့ လှမေ အံ့အားသင့်သွားပုံရတယ်။
ငပိန်က အမှောင်ထဲ လက်ဆွဲခေါ်ပြီး
“လွမ်းလိုက်တာ လှမေရယ်”
“ရှူး”
“အို ကိုပိန်ရယ်”
“ရှူး”
မသိရင် တောကြီး မြွေဟောက်က ရန်သူလာလို့ အဆိပ်မှုတ်ထုတ် လိုက်တဲ့အသံကြီး

“လှမေ လှမေ ဘယ်ပျောက်သွားတာလဲဟင်”
ငပိန်ရဲ့အငမ်းမရအမေး။ လှမေက ခေါင်းလေးငုံ့ပြီး

“လှမေကို ဖွားလှခင်တို့က အမျိုးတွေရှိတဲ့ ဧရာဝတီဖက်ကို ပို့လိုက် တာလေ၊ အခုတောင် အမေနေမကောင်းလို့ ခဏပြန်လာရတာ”

“လွမ်းလိုက်တာ လှမေရယ်”

“လှမေလဲ လွမ်းပါတယ်”
ငပိန် အားမလိုအားမရ လှမေကို လှမ်းဖက်လိုက်တယ်။

“ကတောင်”

“ဟင် ဘာသံကြီးလဲ”
လှမေခန္ဓာကိုယ်က သတ္တုသံကြီးထွက်လာတော့ ငပိန်ကြောင်သွား တယ်။ လှမေက ရှက်ရွံ့စွာ ခေါင်းငုံ့သွားပြီး
“သြော် ဟိုလေ ဖိုးပြန်တောင်တက်ရမယ်ဆိုတော့ အန္တရာယ်ကာ ကွယ်နိုင်အောင် ဒန်အိုးစွပ်လာတာ”

“အရှေ့ကရော”

“ဟင်းချိုပန်းကန်နှစ်လုံး”

“ငင့်”
ငပိန် နည်းနည်းတော့ နင်သွားတယ်။ ဒါကြောင့် အမှောင်ထဲမှာ လှမေကို နည်းနည်းပိုဖွံ့ထွားလာတယ် ထင်ရတာ။ ဒါပေမယ့်လဲ ရင်ဘတ် အနာခံ လှမေကို တိုးဖက်ပြီး

“ကိုပိန် ကိုပိန် လှမေနဲ့ မခွဲချင်တော့ဘူးကွယ်”

“အတူတူပါပဲ ကိုပိန်ရယ်”
လှမေစကားကြားတော့ ငပိန် လူချင်းပြန်ခွာလိုက်ပြီး

“ဒါဖြင့် ဒီလိုလုပ်”

“ဟင်”

“မနက်ဖြန်ည လှမေတို့ ဖိုးပြန်တောင်ပေါ် တက်ဦးမှာမဟုတ်လား”

“အင်းလေ သူငယ်ချင်းတွေနဲ့တောင် ပြောထားပြီးပြီ”

ငပိန် အားတက်သရောနဲ့

“ဒါဆို လှမေ လိုအပ်တာတွေယူလာခဲ့”

“ဟင် ဘယ်လို”
လှမေက နားမလည်နိုင်စွာမေးတယ်။ ဒါကို ငပိန်က စိတ်အား ထက်သန်စွာနဲ့

“ပြီးရင် လှမေနဲ့ကိုပိန် ဒီမှာပဲဆုံကြမယ်၊ ဒီကနေပဲ ခိုးပြေးကြမယ် ကွာ”

“ရှင်”
ငပိန်ရဲ့စကားကြောင့် လှမေ မျက်လုံးအဝိုင်းသားဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာပဲ ကြားရတဲ့အသံက

“ဟင် လှမေ ဘယ်ရောက်သွားလဲ”

“ဟာ လှမေ တောကြီးကြားမှာ ကျန်ခဲ့ပြီ”

“လှမေရေ လှမေ”
လှမေရဲ့သူငယ်ချင်းများအော်သံ။ လှမေက ငပိန်ကို တလှည့်၊ သူငယ်ချင်းတွေကိုတလှည့် ပြန်ကြည့်ရင်း တွေဝေနေတယ်။

“ဟယ် လုပ်ကြပါဦး၊ လှမေကို ပြန်ရှာကြပါဦး”

“လှမေရေ လှမေ”
“ဟဲ့ ပြန်ရှာကြပါဟဲ့”
ခြေသံက သူတို့ရှိတဲ့နား ပြန်နီးလာတယ်။ လှမေကို မတွေ့လို့ သူငယ်ချင်းတွေ ပြန်လှည့်လာပုံပဲ။ ငပိန်ကလဲ အသည်းအသန်ပဲ။ ဒယ်အိုးကြီးကိုင်ပြီး ဟင်းချိုခွက်က လဲ မလွှတ်ဘူး။

“နော် လှမေရယ် နော်၊ မနက်ဖြန်ညကျရင် ကိုပိန်တို့ ခိုးပြေးကြရ အောင်နော်”
လှမေက ငပိန်ကို အသေအချာကြည့်တယ်။ သူလဲ ဆုံးဖြတ်ရခက် နေပုံပဲ။

“လှမေရေ”
အော်သံတွေက နီးလာပြီ။ ဒီတော့မှ လှမေ ခေါင်းလေးညိတ်ပြီး

“ဟုတ်ကဲ့၊ မနက်ဖြန်ည ကိုပိန် ဒီကပဲစောင့်နေနော်၊ လှမေ ဆက် ဆက်လာခဲ့မယ်”
ငပိန် ဝမ်းသာအားရနဲ့ ထခုန်မတတ်ဖြစ်သွားပြီး

“တကယ် တကယ်ပြောတာနော် လှမေ၊ ဟိုတစ်ခါလို မဖြစ်စေရ ဘူးနော်”
လှမေ ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့သွားတယ်။ ပြီးမှ

“မဖြစ်စေရပါဘူး၊ ဒီတစ်ခါ ကိုပိန်နဲ့လှမေ ဘဝသစ်ကို စကြတာ ပေါ့”

“အင်းပါလှမေရယ်”

“ရှူး”
နှာခေါင်းက ပါလိုက်သေးတယ်။ ဒါကို လှမေက လူချင်းခွာပြီး

“ဒါပေမယ့် ကိုပိန်ရယ်”
ငပိန်က လရောင်အောက်မှာ အလှကြီးလှနေတဲ့ သူ့ရဲ့ချစ်စလိကိုက် လေး လှမေကို ငေးကြည့်နေတယ်။

“ဒီတစ်ခါလွဲသွားလို့ကတော့ လှမေနဲ့ကိုပိန် တစ်သက်တာ ဝေးရ တော့မှာနော်”
ငပိန်တံတွေးကို ဂလုခနဲမြိုချပြီး

“စိတ်ချပါ လှမေရယ်၊ ကိုပိန့်ဖက်က လုံးဝကို ကတိပေးတယ်၊ လှမေဖက်သာ”
လှမေက ပြုံးပြီး

“လှမေကိုစိတ်ချပါ၊ လှမေ ဆက်ဆက်လာခဲ့ပါ့မယ်၊ ကဲ လှမေ သွားပြီနော်”

“လှမေ လှမေ”
လမ်းမပေါ် ပြေးထွက်သွားတဲ့ လှမေ ငပိန့်ခေါ်သံကြောင့် ပြန်ဝေ့ ကြည့်တယ်။ ငပိန်က မခို့တရို့ပြုံးပြီး

“ဟို ဟိုလေ မနက်ဖြန်ည လှမေ ဒီကိုလာရင် ဟိုအရင်စုဘူးလေး မမေ့နဲ့နော်၊ အဟိ”
လှမေ ပြုံးရင်းခေါင်းညိတ်တယ်။ ပြီးတော့ လမ်းမပေါ် ပြေးတက် သွားတယ်ဆိုရင်ပဲ

“ဟင် လှ လှမေ၊ နင် ဒီအမှောင်ထဲမှာ ဘာလုပ်နေတာလဲ”
လှမေရဲ့သူငယ်ချင်းများအသံ
“ငါ ရှူးဆင်းပေါက်နေတာဟဲ့”
“ဟဲ့ ရှူးပေါက်တာ ဒီလောက်ကြာရလား”

“ဟဲ့ တပ်ထားတဲ့ဒယ်အိုး ဖြုတ်ရသေးတာလေ”

“ဟဲ့ ဒယ်အိုးဖြုတ်ပြီး သေးပေါက်တာ ဒီလောက်ကြာလား”

“သေးပေါက်ပြီး ဒယ်အိုးကပြန်တပ်ရသေးတာလေ”

“ဟယ် နင့်တစ်ယောက်တည်း အိုးတစ်လုံးနဲ့ ရှုပ်နေတာ”
လှမေတို့အသံက တဖြည်းဖြည်းဝေးသွားတယ်။
ငပိန်ကသာ အမှောင်ထဲလှဲချပြီး ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေတာ။

နောက်နေ့ နေ့ခင်းလောက်ကြီး ငပိန် အထုပ်တွေအပိုးတွေနဲ့ မလက်တိုထန်းတဲကို ရောက် လာတယ်။ အထုတ်ကို ဘုတ်ခနဲပစ်ချပြီး

“ထန်းရည် တစ်ကျည်တောက် ချဗျာ”
မှာတယ်။ ထန်းရည်ရောက်လာတာနဲ့

“ဒီမှာ မလက်တို”
မလက်တိုကလဲ ခပ်ပြတ်ပြတ်ပဲ

“ပြော ငပိန်”
ငပိန်က ထန်းရည်တစ်ခွက်ကို ခပ်သောက် လိုက်သေးတယ်။ ပြီးမှ
“ဟောဒီ ကျုပ်ယူလာတဲ့ ပစ္စည်းတွေကို မရှိ ဆင်းရဲသားတွေဆီ လှူပေးလိုက်ဗျာ”
“ငင့်”
မလက်တို နင်ပါနင်သွားတယ်။ ဟုတ်တယ် လေ။ ယူလာတာတွေ က သူ့အပိုင်ပစ္စည်းတွေကျလို့။ တစ်အိမ်တက်ဆင်း လိုက်ခိုးထားတာတွေဆိုတာ သိနေတာပဲ။ ငပိန်က အလကားချပေးထားတဲ့ ပဲလှော်လေးဝါးပြီး

“ဒါ့အပြင် ကျုပ် ဒီနေ့ကစပြီး ဒီရွာနီးချုပ်စပ်မှာ လုံးဝမခိုးတော့ဘူးလို့ ကတိပေးတယ်”
“ငင့်”
မလက်တိုကြောင်ပြီး ငပိန်ကိုကြည့်တယ်။ ငပိန်က ခပ်တည်တည် ပဲ။ သူချထားတဲ့ အထုတ်ထဲက လတ်လတ်ဆတ်ဆတ်ခိုးလာတဲ့ မစိန်ရီအိမ် က ငါးကြော်တစ်ခုကို မလက်တိုဆီ ကမ်းပေးလိုက်တယ်။ ပြီးတော့ ပါးစပ် ကလဲ

“စားပါဦး”
မလက်တိုက ကိုင်ထားတဲ့သူ့လက်ကငါးကို ကြည့်ပြီး

“ငါးရိုးမတွေ၊ စားဖုပဲ”
ဆိုပြီး သူ့ထန်းတဲထဲ ပြန်ဝင်သွားတယ်။
ဟုတ်တယ်လေ။ ငပိန်ကမ်းပေးတဲ့ငါးက အရိုးတွေချည်းပဲဟာ ဘယ်သူစားချင်မှာလဲလေနော့။ ငပိန် ငါးကြော်လေးတစ်ဖဲ့ကိုက်လိုက်၊ ထန်းရည်လေး တစ်ကျိုက် မော့လိုက်နဲ့ သူ့ရှေ့ရေးကို စိတ်ကူးယဉ်နေလိုက်တယ်။

မနက်ဖြန်ည ဘာမှမမှားရင် သူနဲ့လှမေ ညားပြီလေ။

သူနဲ့လှမေညားပြီးရင်တော့ တစ်မြို့တစ်ရွာသွားပြီး ကောင်းကောင်းမွန်မွန်လုပ်စား အခြေချတော့မယ်လို့ သူတွေးလိုက်တယ်။ ခုတော့ ခိုးလာတဲ့ငါးကြော်လေး စားရင်းပေါ့။ လှမေကိုတော့ သူခိုးမယား မဖြစ်စေချင်ဘူး။ ဒါကြောင့် ဒီရွာနီးချုပ်စပ်နားနေရင် သူ့ရဲ့အရင်လုပ်ခဲ့တာတွေနဲ့ လှမေဟာလဲ သူခိုးမယားအဖြစ် မျက်နှာငယ်ရမှာလေ။ လှမေကိုတော့ သူ့ကြောင့်မျက်နှာအငယ်မခံနိုင်ဘူး။ နောက်ပြီး မွေးလာမယ့် လက်ထက်ပွားသားတွေ သမီးတွေအတွက်လဲ တွေးရဦးမယ် လေ။

“နင်တို့အဖေ ဘာလုပ်လဲ”
ဆိုတဲ့အမေးကိုလဲ ကလေးတွေက မဖြစ်မနေ ကြုံရဦးမှာပဲလေနော့။
အဲ့ဒီအချိန်မှာလဲ

“အဖေက သူခိုးလေ”
ဆိုတာမျိုးက ဘယ်သူဖြေချင်မှာလဲလေ နော့။
စဉ်းစားရင်း စဉ်းစားရင်း ငပိန်ခမျာ

“သြော် ငါ့အကျင့်တွေ အများကြီး ပြင်ရဦးမှာပါလား”
ဆိုတာကို တွေးမိလာတယ်။ ဒါပေမယ့် ငပိန် မစဉ်းစားတတ်တာ တစ်ခုရှိတယ်။
တိုင်းပြည်နဲ့ချီပြီး ခိုးနေတဲ့ သူခိုးကျတော့ ဘဏ္ဍာစိုးတွေဖြစ်ပြီး သူ့ လို ထဘီစုတ်လေး ဒန်အိုးလေး ခိုးနေသူက

“သူခိုး” တဲ့။ သိပ်မတရားဘူးလို့ ထင်မိတယ်။

တိုင်းပြည်နဲ့ချီပြီး ခိုးနေတဲ့သူရဲ့ သားကျတော့လဲ
“သူဌေးသား” တဲ့။ အမှန်တော့ ဘာမှကွာတာ မဟုတ်ဘူးရယ်။


သူတို့လဲ သူခိုးသားပဲလေ။ သူ့အဖေက စားရင်းပေါက်သူခိုးကို။ နွားနှစ်ကောင်ချင်း ယှဉ်ရင်တောင် ငါ့ဘို့က ပိုထောင်တယ်ဆိုတာမျိုး ဖြစ် စရာလား။
အမှန်တော့ နွားဟာနွားပဲ။ ဘို့ထောင်လဲ နွားပဲ၊ ဘို့မထောင်လဲ နွားပဲ။ ယုတ်စွအဆုံး နွားကမွေးရင် နွားပဲဖြစ်မှာပဲ။ ဒီထက်မက နွားလားဥဿဘဖြစ်လဲ နွားပဲလေ။

ဒါကိုမှ မကြိုက်လို့ ငနီ၊ မောင်ဖြူစသည်ဖြင့် လူနာမည်ပေးလဲ ဒီ ကောင်ဟာ နွားပဲ။
ဘယ်တော့မှ လူစကားမပြောသလို၊ ဘယ်တော့မှလဲ လူလို လမ်း မလျှောက်ဘူး၊ အံမယ်။ လူနာမည်ပေးပြီး ကန့်လန့်တိုက်နေတဲ့ နွားကပ်တွေ တောင်ရှိသေး။
တချို့ နွားကပ်တွေက ကပ်ပေမပေါ့။ ချိုမှာ ဘွဲ့တံဆိပ်တွေနဲ့ကိုး။

ဆိုလိုချင်တာက ကြီးကြီးပဲခိုးခိုး၊ သေးသေးပဲခိုးခိုး၊ သူခိုးဟာ သူခိုး ပဲ။ သူခိုးသားကလဲ သူခိုးသားပဲ။ စဉ်းသာစဉ်းစားမိတာ။ ငပိန် ထန်းရည်သောက်မပျက်ဘူး။ ကြာ တော့ ထန်းရည်တန်ခိုးကြောင့် မျက်ခွံတွေ လေးလာတယ်။ လူကလဲ ထိုင်း ထိုင်းမှိုင်းမှိုင်း ဖြစ်လာတယ်။

သိပ်မကြာပါဘူး။ ငပိန်ခမျာ ထိုင်နေတဲ့နေရာလေးမှာပဲ မှေးခနဲ။ အိပ်မက်ထဲမှာတောင် ငပိန်ရယ်၊ လှမေရယ်၊ ကလေးသုံးယောက် ရယ် အဝတ်အစား အပြည့်အစုံနဲ့ ကိန္နရီ ကိန္နရာအကတွေ ကလို့။ မျက်နှာ ဖုံးလဲပါပါ့။

ဖျတ်ခနဲ ငပိန် အိပ်ရာကပြန်နိုးလာတော့ ပတ်ဝန်းကျင်က အတော်မှောင်နေပြီ။

ငပိန်လန့်သွား တယ်။

“ဟာ ဒုက္ခပါပဲ၊ လုပ်ကြပါဦး လှမေ လှမေ”
ဆိုပြီး ငပိန် ဒိုးကျကနေ သစ်ပင်လှထိ ဒုန်း စိုင်းပြေးချသွားတယ်။

“ဟာ”
သစ်ပင်လှမှာလဲ လူတွေက ရှင်းနေပြီ။ လူငယ်အားလုံးက ဖိုးပြန်တောင်ဆီ ရောက်နေပြီထင် တယ်။ ငပိန် မနားတော့ဘူး။ ဖိုးပြန်တောင်ဆီ အတင်းပြေးသွားတော့တာ။

“ဟင်”
ဖိုးပြန်တောင်ခြေ ဆယ့်နှစ်ပွဲဈေးကိုရောက် မှ ငပိန် သူလာတာစောနေသေးမှန်း သိရတယ်။ လူတွေက ဖိုးပြန်တောင်ပေါ် မတက်ကြသေးဘူး။ တချို့ဆို ဆယ့်နှစ်ပွဲဈေးထဲတောင် မဝင်ကြသေးဘူး။ အပူခံမယ့် သစ်ပင်ရိပ်တွေမှာ နားနေကြတုန်း။ တချို့ရွာကဆို အခုမှ လှည်း တန်းတွေနဲ့ တဖြည်းဖြည်းလာနေကြတုန်း။

ဒီတော့မှ ငပိန် သက်ပြင်းချနိုင်တယ်။ သူလာတာ နောက်မကျ သေးပဲကို။
ငပိန် ဦးတင်စိုး ခွက်ပုန်းဆိုင်ဖက် ခြေဦးလှည့်လိုက်တယ်။

ဦးတင်စိုးဆိုင်မှာ မောင်စိန်နဲ့တင်ဖိုးက ကြိုရောက်နေနှင့်ပြီ။
“ဟာ ငပိန်၊ နောက်ကျလှချည်လား၊ ဘယ်မှာမူးလဲနေတာတုန်း”
မောင်စိန်က နှုတ်ဆက်တယ်။ ငပိန်က သူတို့ဝိုင်းကိုဝင်ထိုင်ရင်း
“ဦးတင်စိုး ဒီမှာ တစ်လုံးချဗျာ”
“အေးဟေ့ လာပြီ”
ဆိုပြီး ပုလင်းတစ်လုံး ဆွဲလာပေးတယ်။ ပြီးတော့ ငပိန်ကို

“ငပိန်ရေ မနေ့က ငါ ယက်မတစ်ချောင်းမှာထားတာ မရသေးဘူး လားကွ”
ဦးတင်စိုးအမေးကို ငပိန်က သူ့ခွက်ထဲ အရက်တွေလောင်းထည့် ပြီး

“အိမ်နောက်ဖေး ရေတွင်းနားမှာ ထောင်ခဲ့ပေးတယ်လေဗျာ”
သူ့စကားကို ဦးတင်စိုး မျက်မှောင်ကြုတ်သွားတယ်။

“ဟာ မင်း ငါ့အိမ်ကို ရောက်ခဲ့သေးတာပေါ့”
ငပိန် ဘာမှမပြောဘူး။ အရက်ခွက်ကို ဂွပ်ခနဲ မော့သောက်တယ်။ အဲ့ဒီအချိန်မှ ဦးတင်စိုး မျက်လုံးပြူးပြီး

“ဟာ အဲ့ဒါဆို မနက်က လှမ်းထားတဲ့ တဘက်တစ်ထည်ပျောက် နေတာ၊ မင်းခိုးသွားတာပေါ့”
ငပိန်က အဲ့လိုပါဆို။ သစ်ပင်လှက ဦးအေးသောင်းအိမ်က ယက်မ ကိုယူတယ်။ အော်ဒါတင်ထားတဲ့ ဦးတင်စိုးအိမ်မှာထားတယ်။ ဦးတင်စိုးအိမ် က တဘက်လေးတွေ့တော့ ယူတယ်။ မှာထားတဲ့ မလက်တိုဆီမှာ ထား တယ်။ အဲ့လို။

“ဟေ့ကောင် ငါ့တဘက်လေးတော့ ပြန်ပေးပါကွာ၊ အဲဒါ မင်္ဂလာ လက်ဖွဲ့ဟ”

“မလက်တိုဆီမှာ သွားယူ”
ငပိန်က ဒါမျိုးကျပြတ်တယ်။ သူခိုးတာ လူမိသွားရင် ပြန်ပေး တယ်။
သူ့ဘေးနားမှာ ထိုင်နေတဲ့ မောင်စိန်က အရက်ခွက်ကလေးဆပြီး
“ဒါနဲ့ နေပါဦး ငပိန်ရ၊ မနေ့ညက မင်း ဖိုးပြန်တောင်ပေါ် အရင် ပြေးတက်ပြီး ပြန်ဆင်းတာမတွေ့ဘဲ တောင်ခြေအရင်ပြန်ရောက်နှင့်နေတာ ဆို၊ မင်းဘယ်လိုပြန်ဆင်းသွားလဲ၊ လမ်းမှာ ငါနဲ့လဲမဆုံပဲ”
ငပိန် မျက်နှာပျက်သွားတယ်။ သမန်းဝက်နဲ့ ပါကညောကောင်း မှုကြောင့် လေဟုန်စီးပြီး တောင်ခြေပြန်ရောက်နေတယ်ဆိုတာ မသိစေချင်ပဲ ကိုး။ ဒါကြောင့်ပဲ

“ငါ လေပေါ်ပျံဆင်းလာတာကွ”

“ဟင် မင်း မင်းက လေပေါ်ပျံနိုင်တယ်၊ ပြဒါးရှင်လုံးများ ရထား တာလား”
မောင်စိန့်စကားကို တင်ဖိုးကလဲ

“အေးကွ၊ အခုတလော ငပိန်က အရမ်းသွက်လာတာနော်၊ မသိရင် ကြောင်မျက်ရှင်များ ရထားသလား ထင်ရတယ်”
ငပိန် ဘာမှပြန်မပြောဘူး။ ပဲလှော်လေးဝါးပြီး ငြိမ်နေတယ်။
ဆယ့်နှစ်ပွဲဈေးဖက် လှမ်းကြည့်တော့ လူစည်စပြုနေပြီ။ ဒါကြောင့် ပဲ လက်ကျန်ခွက်ကို ဂွပ်ခနဲ မော့ချလိုက်ပြီး

“ကဲ ဒီနေ့တော့ တောင်ပေါ် စောစောတက်မယ်ကွာ”
ငပိန်စကားကြောင့် မောင်စိန် အံ့အားသင့်သွားပြီး

“ဟကောင်ရ၊ ဒီနေ့ကျ ဘယ်လိုဖြစ်ရတာလဲ၊ မနေ့ညက မင်းပြော တော့ နောက်ကျမှတက်တော့ အတက်အဆင်း လူစုံမှီတယ်ဆို”
ငပိန် ခါးဆန့်လိုက်ပြီး
“စောစောတက်တော့ နှစ်ကြောင်းမှီတာပေါ့ကွာ”
သူ့စကားကြားတော့ မောင်စိန်မျက်လုံး အရောင်ဝင်းလက်သွား တယ်။ ပြီးတော့ ဝမ်းသာအားရအသံနဲ့

“ဟာ ကောင်းလိုက်တဲ့ အကြံအစည်ကွာ၊ မင်း ဒီလိုအကြံကြီးလို့ သူခိုးဖြစ်နေတာ”
သြော် အကြံကြီးတိုင်းသာ သူခိုးဖြစ်မယ်ဆို။ စစ်တိုက်ချင်လို့ မဟုတ်ဘဲ ရာထူးလိုချင်လို့ စစ်ထဲဝင်သလို ဖြစ်မနေဘူးလား။ စစ်သူကြီး မဟာဗန္ဓုလလိုလေ။ သူ့ကို ဘယ်သူမှ သတိမထားမိလို့ သူနေရာရဖို့ အရှေ့ကလူကို တံတောင်နဲ့ အသားလွတ်ကြီး ထထောင်းလိုက် သလိုမျိုး။

ငပိန် မတ်တပ်ရပ် အပျင်းဆန့်ရင်း
“ဦးတင်စိုး မှတ်ထားဗျာ”

သူ့စကားကို ဦးတင်စိုးကလဲ
“အေးပါကွာ၊ ငါ့တဘက်လေး ပြန်ယူပေးပါဦး”

“မလက်တိုဆီ သွားယူပါဆို”
အံမယ်။ ငပိန်ကတောင် စိတ်မရှည်သံနဲ့ဗျ။

“ကဲ သွားကြမယ်”
ဆိုတာနဲ့ တောင်ခြေက ကြားရတဲ့အသံက
“ကဲ ဘုရားပေါ်တက် ဝါဆိုပန်းကပ်ကြမယ် ဟေး” ဆိုတဲ့အသံ ကြားရတယ်။

ဒီအသံလဲကြားရော မောင်စိန်နဲ့တင်ဖိုး လက်ကျန်ကို ကမန်းကတမ်း ရှင်းလိုက်ကြတယ်။ ပြီးတော့ ငပိန်နောက်ကို လိုက်ကြပေါ့။

တောင်ခြေကိုလဲရောက်ရော ငပိန်တို့အဖွဲ့ တောင်ပေါ်တက်ရင် ပြေးနိုင်အောင် ခြေခါလက်ခါနဲ့ အကြောလျှော့ကြတယ်။ သွေးပူပြီဆိုတာနဲ့ မြေကြီးကို လက်ထောက်ပြီး “ကဲ စပြေး” ဆိုတာနဲ့ သုံးယောက်သား ပြေးထွက်လိုက်ကြတယ်။

ဒါပေမယ့် ပြေးတဲ့နေရာ မတူဘူး။
မောင်စိန်နဲ့တင်ဖိုးက ဖိုးပြန်တောင်ဆီကို။ ငပိန်ကတော့ ရေလွှဲကြီး သွားရာလမ်းဖက်ကို။ ငပိန် ရေလွှဲကြီးဖက်ကို ပြေးသွားတော့ မောင်စိန်ရော တင်ဖိုးပါ ကြောင်သွားကြတယ်။
“ဟာ ဟေ့ကောင် မင်း ဘယ်သွား”
“ဟေ့ကောင် ငပိန်၊ ဖိုးပြန်တောင်က ဒီဖက်မှာလေ”
ငပိန် လှည့်မကြည့်တော့ဘူး။

“မင်းတို့ဘာသာမင်းတို့ သွားကြဟေး၊ ငါကတော့ တစ်သက်လုံး ပြန်မလာတော့ဘူး၊ ဟားဟား”
ဆိုတဲ့ အော်သံပဲကြားရတယ်။
ငပိန် ပြေးတာမှ မှုန်လို့။

အပိုင်း (၁၅)

သစ်ပင်လှနဲ့ ရေလွှဲကြီးကြား တောတန်းကို ငပိန်ရောက်လာတယ်။ အပြင်မှာတောင် လရောင်က တိမ်ဖုံးလို့ မလင်းနိုင်တော့ တောတန်းလေးက ပိုပြီးအမှောင်ကျနေတာပေါ့။ ရံဖန်ရံခါ ဘုရားသွားတဲ့သူတွေရဲ့ အသံကို ကြားရတယ်။

ငပိန်ကတော့ တောတန်းလေးရဲ့ အမှောင်ဆုံးနေရာကလေးမှာ ဝပ်နေတယ်။

ခုချိန်မှာ ငပိန်ဘာကိုမှ စိတ်မဝင်စားနိုင်တော့ဘူး။ သူ့စိတ်ထဲမှာ လှမေမှ လှမေပဲ။

မကြာခင်မှာ လှမေတစ်ယောက် စုဘူးလေး ပိုက်၊ အထုပ်ကလေးဆွဲပြီး ရောက်လာမယ်။ အဲ့ဒီတော့ကျရင် သူ လှမေလက်ကလေးဆွဲပြီး ဒီနယ်နဲ့ ဝေးတဲ့ နေရာတစ်ခုကို ခြေဆန့်ကြမယ်။ လှမေရဲ့စုဘူးထဲမှာ ပါတဲ့ငွေနဲ့ အရင်းတည်ပြီး အလုပ်တစ်ခုကို ရှာမယ်။

ပြီးရင် သူ အလုပ်တွေကို ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ လုပ်မယ်။ သားသမီးတွေမွေးပြီး ဘဝကို သာသာယာယာပဲ နေထိုင်သွားတော့မယ်လို့ သူဆုံးဖြတ်ထားတယ်။

ငပိန် သူ့အတွေးနဲ့သူ ကြည်နူးနေတယ်။

လမ်းမပေါ်က လူသံကြားတိုင်း လှမေများလားဆိုပြီး ထကြည့်ရတာအမော။

အမှောင်ထုက ပတ်ဝန်းကျင်ကို ကြီးစိုးနေပါပြီ။

လပြည့်ညဆိုသော်ငြား လမင်းကို တိမ်ဖုံးနေလို့ ဘယ်နေရာမှ မလင်းဘူး။

ငပိန် အမှောင်ထဲမှာ ကြိတ်ပျော်နေတယ်။ မကြာခင် လှမေ ဒီတောတန်းကလေးကို လှမ်းဝင်လာတော့မှာကိုး။ လှမေသာ ရောက်လို့ကတော့ သူလက်ဆွဲပြီး တန်းပြေးသွားမှာ။

သူစောင့်မျှော်နေတုန်း နှစ်ယောက်တည်းလာတဲ့ ခြေသံမျိုးမဟုတ်ဘူး။ အုပ်စုဖွဲ့လာတဲ့ ခြေသံမျိုး။

ငပိန်သိတယ်။ လမ်းပေါ်က မဟုတ်ဘူး။ တောတိုးပြီးလာကြတာ။ ထူးဆန်းပြီဆိုတာ သိတာနဲ့ ငပိန် သစ်ပင်ခြေရင်း ဝပ်ချလိုက်ပြီး နားစွင့်လိုက်တယ်။

ကြားရတဲ့အသံက

“ခင်ဗျားဟာ သေချာပါတယ်နော်၊ မသေချာရင် ကျုပ်တို့ပါ တစ်ခါတည်း ဂိကုန်မှာ”

“ဟာ သေချာပါတယ်ကွာ၊ ကျုပ်ကိုယ်တိုင်ရောက်ခဲ့တာ၊ စိတ်သာချ၊ တကယ့်အချီကြီး ဖြစ်စေရမယ်”

ငပိန် အံ့အားသင့်သွားတယ်။ ဒီစကားသံကို သူကြားဖူးသလိုပဲ။

ငပိန် ပုန်းနေရာက လှမ်းချောင်းလိုက်တော့

“ဟာ”

မြင်ရတဲ့မြင်ကွင်းကို ငပိန် အံ့အားသင့်သွားတယ်။

“ဖိုး၊ ဖိုးသာအို”

ဟုတ်တယ်။ လူစုကို ဦးဆောင်လာသူက ဆေးဆရာဟန်ဆောင် လူလိမ်၊ လူလည် ဖိုးသာအိုပဲ။ ဖိုးသာအိုနဲ့ ပါလာသူတွေကို ကြည့်လိုက်တော့

“ဟာ သွားပြီ သွားပြီ” ငပိန်လန့်သွားတယ်။

ဖိုးသာအိုနဲ့အတူပါလာသူတွေက ကြာကွင်းကြီးက ရေဓားပြ ဖျံကြီးတို့အဖွဲ့ပဲ။

ဖျံကြီးဆိုတာ ဒီနယ်တဝိုက်မှာတော့ နာမည်ကြီး ရေကြောင်းဓားပြပဲ။ ရေထဲသွားတဲ့ ကုန်တင်လှေတွေ၊ ခရီးသည်လှေကြီးတွေကို ဓားပြတက် တက်တိုက်နေတဲ့ တကယ့်အကြမ်းစားဓားပြ။ သူ့တပည့် အရူးငနိုင်တို့၊ မျက်ကန်းသန်းဌေးတို့ဆိုတာ တကယ့်ထိန်းမနိုင်သိမ်းမနိုင်ကောင်တွေ။ အသာတကြည်မရရင် ရေထဲပစ်ပစ်ချလို့ကို နာမည်ကြီးတာ။

သူတို့နဲ့ ထပ်ပါလာတာကလဲ လက်ပွားညီနောင်။

ဒီနှစ်ကောင်က လမုတန်းက နာမည်ကြီးလူမိုက်တွေ။ အရင်က နွားခိုးချနေပြီး လူသတ်မှုနဲ့ ဝရမ်းပြေးဖြစ်နေတာ။ ကျန်တဲ့ သုံးလေးယောက်ကတော့ ငပိန်မသိဘူး။ ဒါပေမယ့် ဒီအဖွဲ့နဲ့ ပါလာတာဆိုတော့ နှယ်နှယ်ရရတော့ မဖြစ်နိုင်ဘူး။

အဲ … ခေါင်းတုံးငခက်တောင် ပါသေးသဟ။

ဒီအဖွဲ့ကိုမြင်တော့ ငပိန်ပျာတောက်သွားတယ်။ ထွက်ပဲပြေးရမလား။ ထိုင်ပဲနေရမလားမသိ ဖြစ်နေမိတယ်။ သူတို့အဖွဲ့ကတော့ ငပိန့်ကို မမြင်ဘူး။ စကားတပြောပြောနဲ့။ ငပိန့် နားရောက်လာတယ်။

“ကဲ ဒီမှာ ခဏနားမယ်”

ဖိုးသာအိုစကား။ ဒါကို ဖျံကြီးက

“ဟာ ရွာအရောက် ဆက်မသွားဘူးလား”

“စောသေးသဟ၊ ဒီအချိန်ဆို ဘုရားပွဲသွားကြတုန်း ရှိသေးတာ၊ ခဏနေ လူခြေတိတ်ပြီ”

“ဒါဆိုလဲ ပြီးရောဗျာ”

ဖိုးသာအိုတို့အဖွဲ့ ဝင်စတည်းချတာကလဲ ငပိန်ရှိနေတဲ့သစ်ပင်၊ ဟိုဖက်ခြမ်း၊ ဒီဖက်ခြမ်းကြီး။ ငပိန်ခမျာ ဇောချွေးတွေပြန်လို့။

“ဒါနဲ့ နေပါဦး၊ အိုးလေးအိုးက ရွာသေးသေးလေးနဲ့ မက်လောက်စရာ ချမ်းသာလို့လား”

ခေါင်းတုံးငခက် မေးတယ်။ ဖိုးသာအိုရဲ့ အားတက်သရောအသံက

“အိမ်တိုင်း ရွှေဆိုတာ အထုပ်လိုက်၊ သူကြီးပါကညောဆိုတာ ငွေထောင်ကြီးမျိုးကို ကြက်တစ်ကောင်ကြိုက်ရုံနဲ့ ပေးတာဗျ၊ တောက် ငါ့တုန်းက ဟိုကောင်သူခိုးငပိန် ဝင်ရှုပ်လို့ ပြေးမလွတ်ခဲ့တာ၊ တောက် လက်ထဲ ဖိုးဌေးအိမ်က ဒေါင်းဘယက်ကြီးရပြီးမှကွာ၊ ငပိန် ငပိန် မင်းကို တစ်သက်မမေ့ဘူး”

သူ့နာမည်ကြားတော့ ငပိန်ခမျာ ဒူးပါ တဆတ်ဆတ်တုန်တယ်။ ခုနေမိသွားရင်တော့ သူ့ဘဝက မတွေးရဲစရာပဲ။ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်တယ်။

“ဒါနဲ့ ပါကညောက ဓားထိုးကြမ်းဆို”

“လျော်နိုင်စားနိုင်နေလို့ လူမိုက်ဖြစ်နေတာပါကွာ၊ ဘာမှမပူနဲ့၊ ဒီလို ညမျိုး ရွာမှာ ပါကညောရော သူ့တပည့်ဓားဖိုးဌေးရော ရွာမှာမရှိဘူး”

“ဘာလို့”

“ပါကညောက မွေးရာပါနှာဘူးဟ၊ ခုချိန်လောက်ဆို မဒီလေးတွေ တွန်းတင်ဖို့ ဖိုးပြန်တောင်ကို ရောက်နေလောက်ပြီ၊ စိတ်ချ၊ ရွာမှာ လူကြီးလူ အိုတွေပဲကျန်မှာ၊ ငါတို့ အသာလေးအလုပ်လုပ်ရုံပဲ၊ အချိန်ခဏလေးပဲစောင့်၊ မင်းတို့သိန်းဆုပေါက်စေရမယ်”

အားလုံးရဲ့ အားတက်သရောအသံ ကြားရတယ်။

သေချာပြီ။ ဖိုးသာအိုတို့ ဖျံကြီးတို့လူစု အိုးလေးအိုးကို အနုကြမ်း ဝင်စီးတော့မယ်ဆိုတာ။ ရွာမှာကလဲ အရွယ်ကောင်းက ကျန်တော့တာ မဟုတ်ဘူးရယ်။ ဖိုးပြန်တောင်တက်ကြမှာလေ။

ဒါဆို ဖိုးသာအိုတို့အုပ်စုရွာကို အေးအေးဆေးဆေး ဝင်မွှေရုံပဲ။

အိုးလေးအိုးက ဘယ်လောက်ချမ်းသာလဲ ငပိန်သိတာပေါ့။ ဒါပေမယ့် ငပိန်က တန်ဖိုးကြီးတာ ဘယ်တော့မှမခိုးဘူး။ အလျော်အစားကြီးလို့ လေ။ အိမ်ရှင်အနေနဲ့လဲ ထိခိုက်နိုင်သလို မိသွားရင်လဲ သူ့အတွက် မလွယ်ဘူး။ အဲ့ဒီတော့ ငပိန်က လူတွေ ခွင့်လွှတ်နိုင်သလောက်ပဲခိုးတာ။

အခု ဖိုးသာအိုတို့လူစုကတော့ ဒီလိုမဟုတ်ဘူး။ ရွာကျွတ်အောင် တန်ဖိုးရှိတာအကုန်သုတ်မယ့်အပြင် အခန့်မသင့်ရင် လူတောင်သေနိုင်နေပြီကိုး။

ရွာသားတွေကလဲ ဒီလိုနေ့မျိုး ဘုရားတက်တာ လက်ဝတ်လက်စား မဝတ်သွားကြဘူးလေ။ ပွဲကိုက လက်သရမ်းတဲ့ပွဲမို့ တန်ဖိုးကြီးတာတွေကျ ပျောက်မှာစိုးလို့။

အားလုံး ရွာကအိမ်မှာ ချန်ထားခဲ့ကြတာ။

ငပိန် ဇောချွေးတွေပါ ပျံတက်လာတယ်။

ဖိုးသာအိုတို့အဖွဲ့က သူ့လိုမျိုး ခိုးယူမယ့်ပုံမဟုတ်ဘူး။ အနုကြမ်း စီးသလို ဓားပြတိုက်သလို လုပ်ပစ်မှာ။ ဒါဆို ပါကညောတို့မရှိရင် လူကြီးတွေ ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်လေ။ ဖိုးသာအိုနဲ့ ပါလာတာကလဲ လက်မရွံ့တွေချည်းပဲလေ။ တွေးရင်း တွေးရင်း ငပိန် အိုးလေးအိုးအတွက် စိုးရိမ်စိတ်တွေ ဝင်လာတယ်။ သူက ဒိုးကျသားဆိုပေမယ့် အိုးလေးအိုးက သူ့အတွက် ကျေးဇူးရှိတယ်လေ။

သူခိုးသမျှ ခံနေရတဲ့ရွာ။ နောက်ပြီး လှမေနဲ့သူနဲ့ကို ဆုံတွေ့ခွင့်ပေးတဲ့ရွာ။ လှမေအကြောင်းတွေးမိတော့ သူ ရင်ထိတ်ခနဲ ဖြစ်သွားတယ်။ ဟုတ်သား။ လှမေနဲ့သူက ဒီညခိုးပြေးကြတော့မှာလေ။ ခဏနေ ဖိုးသာအိုတို့ထွက်သွားပြီး လှမေရောက်လာရင် လှမေလက်ကိုဆွဲပြီး အားလုံးကိုမေ့ထားပြီး ထွက်ပြေးသွားရုံပဲ။

ဘာမှမသိသလိုနဲ့ တခြားတစ်နေရာမှာ သာသာယာယာ အခြေချရုံ။

ငပိန် ပြန်သာယာသွားတယ်။

“နေကွာ၊ သူ့ဟာသူ ဘာဖြစ်ဖြစ်” ဆိုတဲ့အတွေးနဲ့ သစ်ပင်အောက် သူပြန်ဝပ်နေလိုက်တယ်။

အဲဒီမှာ ကြားလိုက်ရတဲ့အသံက

“သူတို့ ဘယ်လောက်ချမ်းသာချမ်းသာ၊ ချမ်းသာသမျှ မပေးလို့ကတော့ ကျုပ် ဆော်လွှတ်မှာနော်”

ငပိန်ပြန်ပြီး တုန်တက်သွားတယ်။

မျက်ကန်းသန်းဌေး။ မျက်ကန်းသန်းဌေးက အန္တရာယ်အရှိဆုံးလူထဲမှာပါတယ်။ နောက်ပြီး လက်ပွားညီနောင်ကလဲ လူသတ်ဝရမ်းပြေးတွေ။ သေမထူးနေမထူးကောင်တွေ။

ငပိန် အိုးလေးအိုးအတွက် ရင်မအေးနိုင် ဖြစ်သွားရတယ်။

ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ စဉ်းစားစရာအချက်က (၂)ချက်ရှိလာတယ်။

လှမေလက်ကိုဆွဲ၊ တစ်နယ်တစ်ကျေးကို မသိချင်ယောင်ဆောင် ပြေးသွားမလား။

ဒါမှမဟုတ် ရွာရဲ့အရေးမို့ ရွာပြန်ပြေးပြီး သတင်းပေးမလား။ ငပိန် ခေါင်းကို ခပ်ဖွဖွကုတ်လိုက်တယ်။

နောက် သက်ပြင်းကိုချပြီး

“ခဏကလေးတော့စောင့်ပါ လှမေရယ်၊ ကိုပိန် အချိန်မီ ပြန်လာခဲ့ပါ့မယ်”

တိုးတိုးရွတ်ပြီး သုတ်ခနဲ ထပြေးတယ်။

ငပိန် သုတ်ခနဲ ထပြေးသံကြားတော့ ဖျံကြီးခေါင်းထောင်သွားတယ်။

“ဘာသံလဲဗျ၊ လူတစ်ယောက် ထပြေးသွားတာလား”

အပြင်ကိုဝေ့ကြည့်တော့လဲ ဘာကိုမှ မတွေ့ရဘူး။ တအားမှောင်နေတာကိုး။

ဖိုးသာအိုကသာ ဝေ့ကြည့်ပြီး

“တောကြောင်ကလေး ရှဉ့်ကလေးနေမှာပါ၊ လူဆို ဒီလောက်မမြန် ဘူး”

ငပိန်ပြေးတာများ မှုန်လို့။

“ပါကညော ပါကညော ပါကညော ဘယ် မှာလဲ”

ငပိန် ဖိုးပြန်တောင်ခြေ ပြေးသွားရင်း အသံကုန်ခြစ်အော်တယ်။

“ပါကညော ပါကညော ပါကညောကို တွေ့သေးလား၊ ပါကညော”

ငပိန်အော်သံကြားတော့ အားလုံး ဝေ့ကြည့် ကြတယ်။ ငပိန်ကတော့ မရပ်နိုင်ဘူး။ လူက ဖုတ်လိုက် ဖုတ်လိုက်ဖြစ်ပြီး

“ပါကညော ပါကညော ဘယ်မှာလဲ”

သူ့အမေးကို တစ်ယောက်က

“ပါကညော ခုပဲ ဖိုးပြန်တောင်ပေါ်တက်သွားတာ မြင်တာပဲ”

“ဟင်”

ငပိန် မနားနိုင်တော့ဘူး။ ပါကညောရှိရာ ဖိုးပြန်တောင်ပေါ် ပြန်ပြေးတက်ရတာ။

“ပါကညော ပါကညော”

ဖိုးပြန်တောင်တလျှောက် ငပိန် ပါကညောကိုခေါ်သံ စီညံသွားတယ်။

“ပါကညော ပါကညော” အတော်မြင့်မြင့်ကိုရောက်မှ

“ဘယ်ကောင်လဲကွ၊ ငါ့နာမည်ကို အော်ခေါ်နေတာ” ဆိုတဲ့အသံကြားရတယ်။

ငပိန်လဲ ဝမ်းသာသွားပြီး

“ပါကညော ကျုပ်ပါဗျ ငပိန် ငပိန်” ငပိန်လဲဆိုရော ပါကညော မျက်လုံးပြူးသွားတယ်။ ဒီကောင် ဘာဒုက္ခပေးဦးမလဲဆိုတဲ့စိတ်နဲ့ပေါ့။

“ဟင် ငပိန် ငပိန် မင်းဘာလုပ်ဦးမလို့လဲကွ ဟေ”

စကားမဆုံးသေးဘူး။ ငပိန် ပါကညောရှေ့ကို ရောက်လာတယ်။ လူကလည်း ဟောဟဲလိုက်နေပြီ။

“ဟေ့ကောင် မင်းဘာဒုက္ခပေးဦးမလို့လဲ မေးနေတာလေကွာ”

ငပိန် ပါကညောကို လက်ကာပြပြီး အမောဖြေရသေးတယ်။ အသက်ကို ကောင်းကောင်းရှူပြီးမှ

“ဒုက္ခပေးဖို့ မဟုတ်ဘူးဗျ၊ ဟူး … ကျုပ်တို့ဒုက္ခရောက်တော့မှာ”

သူ့စကားကြောင့် ပါကညော မျက်လုံးပြူးသွားတယ်။

“ဟင် ဘာ ဘာ ငါတို့ဘာဒုက္ခရောက်ရမှာလဲ၊ ဒီမှာသာယာနေတာကို” ငပိန်က သူ့ဗိုက်ကလေးသူနှိပ်ပြီး

“ဒီလိုဗျ၊ ခင်ဗျား ဖိုးသာအို သိတယ်မဟုတ်လား”

ဖိုးသာအိုအသံကြားတော့ ပါကညော ဒေါသထွက်သွားတယ်။ ဒါကြောင့် မောနေတဲ့ငပိန်ကို ဂုတ်ကဆွဲပြီး

“ဟေ့ကောင် မင်း မင်း ဖိုးသာအိုနဲ့ပေါင်းပြီး ဘာလိမ်ဦးမလို့လဲ ငါတယ်”

ဆိုပြီး နားရင်းအုပ်ဖို့ပြင်တယ်။ ဒါကို ငပိန်က

“ကျုပ် ကျုပ်ပြောတာ နားထောင်ဦးဗျ”

ပါကညော ငပိန်ကိုကြည့်တယ်။ ဒီကောင် ဘာမဟုတ်တာ လုပ်ဦးမလဲဆိုတဲ့အကြည့်။

ငပိန်ကသာ အလောတကြီးနဲ့

“ဖိုးသာအိုနဲ့ ကြာကွင်းကြီးက ဖျံကြီး သိတယ်မဟုတ်လား”

ပါကညော မျက်မှောင်ကြုတ်သွားတယ်။

“ရေဓားပြဖျံကြီးလား”

ငပိန် ခေါင်းညိတ်ပြီး

“ဟုတ်တယ်၊ အဲဒီဖိုးသာအိုနဲ့ ဖျံကြီးတို့အဖွဲ့ အိုးလေးအိုးကို အနု ကြမ်းစီးဖို့ ထွက်လာနေပြီ”

“ဟေ”

ပါကညော မျက်လုံးပြူးသွားပြန်တယ်။ ပြီးမှ အလောတကြီးနဲ့

“ဟင် မင်း မင်း ဘယ်လိုသိလဲ”

ငပိန်က အမောဖြေရင်း

“ကျုပ် အခုပဲ၊ ရေလွှဲကြီးမရောက်ခင် တောတန်းထဲမှာ သူတို့ တိုင်ပင်နေတာ ကြားခဲ့တယ်၊ သူတို့အပြင် အရူးငနိုင်၊ မျက်ကန်းသန်းဌေး၊ လက်ပွားညီနောင်၊ ခေါင်းတုံးငခက်လဲပါတယ်”

“ဟာ”

ပါကညော လန့်သွားတယ်။ ငပိန်ပြောတာ ဒီနယ်တစ်ဝိုက်က နာမည်ကြီးလူမိုက်တွေချည်းပဲ။ တကယ်သာဆို မချောင်လောက်ဘူး။ ဒါ ကြောင့် ပျာပျာသလဲနဲ့ပဲ

“မင်း မင်း တကယ်ပြောတာလား”

“ကျုပ်နားနဲ့ ဆတ်ဆတ်ကြားခဲ့တာပါဗျာ၊ တကယ်ပါ”

ဒီတော့မှ ပါကညော ငပိန်ဂုတ်ကိုလွှတ်ပြီး

“ဟေ့ ဖိုးဌေး လူစုဟ၊ ငါတို့ရွာကို ဓားပြတွေ လာနေပြီ၊ သမန်းဝက်တို့ တီကောင်ရီမောင်ကြီးတို့ပါခေါ်၊ ဦးစံကြီးနဲ့ ရွာခေါင်းဘသန်းကို အကြောင်းကြား၊ အကြာကြီးမဲနဲ့ ကြိုတင်မဲပါ ဝင်ခေါ်ခဲ့၊ မြန်မြန်လုပ်ဟ၊ ငပိန် မင်းပါလိုက်ခဲ့”

ဆိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားရတော့တယ်။

ညကမှောင်မိုက်နေတယ်။

လပြည့်ညဆိုသော်ငြား တိမ်တွေဖုံးလို့ပေါ့။ မိုးဖွဲလေးတောင် ကျချင်သလိုရယ်။

ဖိုးသာအိုနဲ့ ရေဓားပြဖျံကြီးတို့အဖွဲ့ အိုးလေး အိုးရွာထဲ မဝင်သေးဘဲ အမှောင်ထဲက ချောင်းနေ တယ်။

ရွာကလေးက တိတ်ဆိတ်နေတာပဲ။ မီး ရောင်ပျပျတောင် မမြင်ရဘူးရယ်။

ဖိုးသာအိုက အားတက်သရောနဲ့

“တွေ့လား ရေဖျံကြီး၊ အားလုံးအငြိမ်ပဲ၊ တစ်ယောက်မှ မရှိကြဘူး၊ ဟီဟိ အပိုင်ပဲ”

ဆိုပြီး အူမြူးနေသေးတယ်။

ဖျံကြီးက မရိုး မရွဖြစ်ပြီး

“ကဲ အပိုင်ပဲဆိုလဲ အချိန်မီ ရွာထဲဝင်ကြမယ်ဗျာ”

ဖိုးသာအိုက အားတက်သရောပဲ

“ကဲ ဝင်ကြမယ်ကွာ” ဆိုပြီး ရွာထဲကို လှမ်းဝင်လာကြတယ်။

ရွာကလဲ အေးချမ်းတဲ့ရွာမို့ စည်းရိုးတွေ ဘာတွေရှိတာမဟုတ်ဘူးရယ်။ အလွယ်တကူပဲ ဝင်လို့ရတာပေါ့။ ရွာလယ်နားလဲရောက်ရော ဖျတ်ခနဲ လူရိပ်တစ်ခုကိုတွေ့တယ်။ ခေါင်းတုံးငခက်က ဖိုးသာအိုပခုံးကို လှမ်းပုတ်ပြီး

“ဖိုးသာအို လူ လူရိပ်တွေ့တယ်နော်”

ဖိုးသာအိုကလဲ အရှေ့ကို အသေအချာကြည့်ပြီး

“ငါလဲ တွေ့လိုက်သလိုပဲ၊ ဘယ်သူလဲ မသိဘူး”

သူတို့စကားမဆုံးခင်မှာ ခုန သူတို့တွေ့တဲ့အရိပ်က မီးဖျတ်ခနဲ လင်းလာတယ်။ လမ်းလယ်မှာက အရှင်းကြီး။ အဲ့ဒီတစ်ယောက်ပဲ မီးတုတ်တစ်ချောင်းနဲ့ ရှိနေတာ။

ဖိုးသာအိုတို့အဖွဲ့ ခြေလှမ်းတန့်သွားတယ်။ အမှောင်ထဲမှာဆိုတော့ ဘယ်သူဘယ်ဝါရယ်လဲ မသဲကွဲဘူး။ ဒါကြောင့်ပဲ ဖိုးသာအိုက

“ဟေ့ကောင် မင်း မင်း ဘယ်သူလဲကွ ဟေ”

သူ့အမေးကို မီးတုတ်ကိုင်ထားသူဆီက ရယ်သံသဲ့သဲ့ကြားရတယ်။ ပြီးမှ

“ဖိုးသာအိုရယ်၊ မိတ်ဆွေဟောင်းကြီးကို မမှတ်မိတော့ဘူးလား၊ ငပိန်လေ ငပိန်ပါ”

“ငပိန်”

ဖိုးသာအို နာမည်ကို လိုက်ရေရွတ်တယ်။ ဖျံကြီးက ဖိုးသာအိုဖက် လှည့်ပြီး

“ငပိန်တဲ့ ဒီကောင်ဘာကောင်လဲ”

ဖိုးသာအိုက ဖျံကြီးဘက်လှည့်ပြီး

“အာ ဒီကောင်သူခိုးပါ၊ သာမညောင်ညသူခိုး၊ အဆင့်နိမ့်သူခိုး၊ ဖိနပ်သူခိုး”

ဆိုပြီးပြောတယ်။

ပြီးတော့ ငပိန်ဖက်လှည့်ပြီး

“ဟေ့ကောင် ငပိန်၊ မင်းက ဘာလို့ ရွာထဲရောက်နေရတာလဲကွ ဟေ

ဖိုးသာအိုအမေးကို ငပိန်က ပြုံးပြီး

“ဟဲဟဲ ဖိုးသာအိုတို့ ရေလွှဲကြီးအကျော် တောတန်းမှာ ဒီရွာကို ဓားပြဝင်တိုက်ဖို့ တိုင်ပင်နေတာကြားပြီး ရွာကို ကာကွယ်ဖို့ ပြန်လာတာပေါ့ ဗျ၊ ဟဲဟဲ”

သူ့စကားကြားတော့ ဖိုးသာအို မျက်နှာပျက်သွားတယ်။

နောက်မှ လူရွှင်တော်များစကားကို ကြားလိုက်ရသလို ထရယ်ရင်း

“ဟားဟား ဖိနပ်စုတ်ခိုးနေတဲ့သူခိုးက ဒီရွာကို ကာကွယ်မယ်ပေါ့ လေ၊ ငါဖြင့် ရယ်တောင်ရယ်မိသေး၊ ငါနဲ့ပါလာတာ ဘယ်သူတွေလဲ မင်းသိ ရဲ့လား၊ နာမည်ကြားရုံနဲ့ မင်းသေးပါထွက်ကျသွားမယ် ဟားဟား”

ဖိုးသာအိုနဲ့ ပါလာသူအားလုံး ခေါင်းမော့ရင်ကော့ကုန်တယ်။

ဒါကို ငပိန်က ခေါင်းလေးတဆတ်ဆတ်ညိတ်ပြီး

“သိပါ့ဗျာ၊ ဟိုဗလကြီးနဲ့က ရေဓားပြဖျံကြီး၊ အနောက်က လက်ပွား ညီနောင်၊ အရူးငနိုင်၊ အကန်းသန်းဌေး၊ ခေါင်းတုံးငခက်၊ ဟိုးအနောက်က ဘယ်သူမှတ်တယ်၊ ကြာဆံကျောင်းသားပဲ၊ မင်းငယ်ငယ်ရွယ်ရွယ်နဲ့ ပျက်စီး နေပါလားကွဟေ၊ ကျန်တဲ့ကောင်တွေက ဘလာ ဘလာ”

ငပိန် နာမည်တွေရွတ်ပြတော့ ဖိုးသာအို မျက်မှောင်ကြုတ်သွားတယ်။ ပြီးမှ ဒေါသသံနဲ့

“အေး ဒီလောက်သိနေတာတောင် မင်းက ရွာကို တစ်ယောက် တည်း ကာကွယ်ချင်သေးတယ်ပေါ့လေ ဟုတ်လား”

ဖိုးသာအိုစကားကို ငပိန်က ပြုံးပြီး

“ကျုပ်တစ်ယောက်တည်းလို့ ဘယ်သူပြောတာတုန်း၊ ဟောဒီမှာ ကြည့်ပါဦး”

ငပိန်စကားဆုံးတာနဲ့ မီးရောင်တွေ တဖျတ်ဖျတ် လင်းလာတယ်။ ဒိုင်းခနဲ ဒိုင်းခနဲ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတယ်။ ပေါ်လာတဲ့သူ တွေကိုကြည့်ပြီး ဖိုးသာအိုတို့အဖွဲ့ မျက်လုံးပြူးပြူးသွားတယ်။

“ဟာ ပါကညော ပါကညောကြီး”

“ဟင် ဓားဖိုးဌေး”

“လက်တစ်ခြမ်းဘသန်း”

“ဦး ဦးစံကြီး”

“ဟင် သမန်းဝက်ဟ”

“ဟာ သေ သေပြီ၊ တီ တီကောင်ရီမောင်’”

ငပိန်ဘက်ကလူတွေ မြင်တော့ အားလုံး ကြက်သေ,သေသွားတယ်။ ရေဓားပြဖျံကြီးဆို တီကောင်ရီမောင်မြင်တာနဲ့ ဒူးပါခွေသွားတယ်။ ဘာကြောင့်လဲဆို သူ ဒီနယ်တရိုးမှာ ဓားပြတိုက်ဖို့မပြောနဲ့ အလည်အပတ် အနေနဲ့ မတော်တဆဝင်မိရင် တီကောင်ကြီးဆီ သွားကန်တော့ပြီးမှ တီကောင် ကြီးခွင့်ပြုမှ ဝင်ရတာလေ။

ရေဖျံကြီးက သူ့ဟာသူ ရေထဲမိုက်ရဲတာ။ တီကောင်ရီမောင်ကိုကျ ဟိုးငယ်ကတည်းက ကြောက်ရတာ။ ရေဖျံကြီး အနောက်ဆုတ်ပြေးဖို့လုပ် တယ်။ ဒါပေမယ့် သူတို့အနောက်မှာ ကျန်တဲ့လူမိုက်ပေါက်စ အကြာကြီးမဲ၊ ကြိုတင်မဲတို့ ညီအစ်ကိုအပြင်၊ ရွာသုံးရွာလုံးကလူတွေက ဒီကိုစုရုံးပြီး ရောက်နေကြတာကိုး။ ရွာသုံးရွာလုံးကလူတွေက သူတို့ကို ဝိုင်းထားပြီးပြီ။

အားလုံးက ငပိန်ဖက်က …

ပြောရရင် သူခိုးကို သူခိုးမှန်းသိပြီးထောက်ခံတာ သမိုင်းမှာ ဒီတစ်ကြိမ်ပဲ ရှိဖူးလိမ့်မယ်ဗျ။ နောက် ဘယ်သောအခါမှ ရှိမယ်မထင်ဘူး။

ဒီသူခိုးက ရွာကို ကာကွယ်တာလေ။ ခိုးလဲခိုးသေး။ ကာလဲကာကွယ်မပေးရင် ဘယ်သူက ထောက်ခံချင်မှာလဲလေနော့်။ ခု ငပိန့်ဖက်မှာ ရွာသားတွေ ရှိနေပြီလေ။

“ကဲ..ဖိုးသာအို ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ပါလာတဲ့လက်နက်တွေ ချပြီး အေးအေးဆေးဆေး အဖမ်းခံရင်ကောင်းမယ်ဗျ”

“ချလွင်”

စကားတောင်မဆုံးဘူး။ ဓားပစ်ချသံ ကြားရတယ်။ ဘယ်သူရှိမတုန်း။ ရေထဲမှာ မင်းမူနေပါတယ်ဆိုတဲ့ ရေဖျံကြီးပေါ့။ သူ့စိတ်ထဲမှာ တီကောင်ရီ မောင်ကို ဒီလိုနေရာမှာ ဒီလိုတွေ့ရမယ်လို့ မထင်ဘူးလေ။

သူ့အပြုအမူကြောင့် တပည့်ကျော် အရူးငနိုင်နဲ့ မျက်ကန်းသန်းဌေးတို့ မျက်လုံးပြူးသွားတယ်။ ပြီးတော့ တအံ့တသြနဲ့

“ဟာ ရေဖျံကြီး ဘာလုပ်တာလဲဗျ”

ဆိုတာကို ရေဖျံကြီးက တုန်တုန်ရင်ရင်နဲ့

“ဟေ့ကောင်တွေ မ .. မလှုပ်နဲ့၊ မလှုပ်နဲ့၊ မလှုပ်ရင် သက်သာမယ်”

ရေဖျံကြီးစကားကို ဟိုနှစ်ယောက်က မရဘူး။ မာန်ထည့်ပြီး

“အာ သူ့ဟာသူ တီကောင်မကလို့၊ နဂါးပဲဖြစ်ဖြစ်၊ ကဲကွာ … ဟား”

ဆိုပြီး ပြေးဝင်သွားတယ်။ တီကောင်ကြီးက လှုပ်တောင်မလှုပ်ပါဘူး။

ဟိုဖက်က ပါကညောနဲ့ သမန်းဝက် ပြေးထွက်လာတယ်။

တရကြမ်းပြေးဝင်လာတဲ့ မျက်ကန်းသန်းဌေးမျက်နှာကို ပါကညောကြီး ဓားနှောင့်နဲ့ ပြေးဆောင့်လိုက်တယ်။

“ခွပ်”

“အား”

ဟိုက ဓားကိုခုတ်မခင်လိုက်ဘူး။ နှာခေါင်းမှာ သွေးဖြာပြီး မြေပြင်ပေါ် ပုံလဲသွားတယ်။ တစ်ဖက်မှာလဲ အရူးငနိုင် ဓားနဲ့ပြေးခုတ်တာကို သမန်းဝက်လက်နဲ့အသာအယာဖယ်ပြီး ခုန်အုပ်ချလိုက်တယ်။

“ဖုန်း”

“အွန့်”

အရူးငနိုင် ပိုအဖြစ်ဆိုးသွားတယ်။ သမန်းဝက် အားကြီးနဲ့တက်ဖိလိုက်တော့ သူ့ခမျာ မြေမြုပ်ပြီးသားလေး ဖြစ်သွားတယ်။

“ဘာ ဘာလဲ ဘာဖြစ်သွားတာလဲဟင်”

အရူးငနိုင် ပေါ်နေတဲ့ခေါင်းတစ်လုံးက ဗလုံးဗထွေးပြောရင်း ငြိမ်ကျသွားတယ်။

ဒါကိုတောင် စိတ်မှတ်မရှိတဲ့ ဖိုးသာအိုက အိတ်ထဲက လက်သုံး တော်ဓားမြောင်ဆွဲထုတ်ပြီး ငပိန်ဆီပြေးသွားတယ်။

“ဒုက္ခပေးတဲ့ငပိန် သေပေရော့”

သူပြေးသွားပြီး ငပိန်ဆီမရောက်ခင် လက်တစ်ကမ်းအလိုမှာ ဖိုးသာအိုရဲ့ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားတယ်။

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဆီးခုံအောက်ဖက်ခြမ်းမှာ ထောက်ထားတဲ့ ဓားတစ်ချောင်းက ဘယ်အချိန်ကရောက်နေမှန်း မသိလို့ပဲ။

ကြည့်လိုက်တော့ သူကြီးကတော် အရင်စောပု။

ရှေ့ခြေကိုကွေး၊ နောက်ခြေကိုဆန့် ခန္ဓာကိုယ်ကို ရှေ့ကိုင်း၊ လက်တစ်ဖက်ကိုဆန့်တန်း၊ ဓား ကိုင်ချိန်ထားတာ သိပ်ကိုတိကျပြီး မှော်ဆန်လွန်းတယ်။

ဒါတောင် ဗြောင်ကြီးပုကို ကျောပိုးထားသေးတာနော်။ အံမယ် ဗြောင်ကြီးပုမှာလည်း ဓားသေးသေးလေးနဲ့။ ဖိုးသာအိုလန့်ပြီး နောက်ပြန်ကြီး ဗိုင်းခနဲလဲကျသွားတယ်။

ဖိုးသာအို သူကြီးကတော် အရင်စောပုကို မမြင်လိုက်ဘူး။ ရိပ်ခနဲ ဖြစ်တုန်း ရပ်လိုက်လို့ပဲ။ နောက်မဟုတ်ရင် မျိုးတုံးပြီ။ လူညွန့်တုံးပြီ။

သူမမြင်မိဘဲ ဆက်ပြေးရင် အတွဲလိုက် ပြတ်ကျပြီ။ ပစ်မှတ်က တိကျတယ်။ ဒါတောင် မီရာလှမ်းထိုးတာနော်။ ကျန်တဲ့သူတွေဆို လှုပ်တောင်မလှုပ်ရဲတော့ဘူး။ ပါလာတဲ့ဓားတွေ မြေကြီးပေါ် ဘုတ်ခနဲပစ်ချပြီး ဒူးထောက်နေလိုက်ကြတယ်။

မလုပ်လို့ မဖြစ်ဘူးလေ။ သူတို့ ရုတ်ရုတ်လုပ်ရင် သုံးရွာပေါင်းအုပ် လို့ စိစိညက်ညက်ကြေနေမှာ။ ဒါကြောင့် အားလုံး ပါလာတဲ့လက်နက်ချ။ ဒူးတုပ်ပြီး အဖမ်းခံလိုက်ရတော့တယ်။

အဲဒီညက ဘာပြောကောင်းမလဲ။

ငပိန်ဆိုတာ သူရဲကောင်းပေါ့။

ပါကညောဆိုတာ ဝမ်းသာလွန်းလို့ ငပိန်ကို ဖက်ပြီးညှစ်တာ ဖျစ်ဖျစ်တောင်မြည်တယ်။

ဟိုအိမ်က ထမင်းခေါ်ကျွေးချင်၊ ဒီအိမ်က လက်ဆောင်ပေးချင်နဲ့ ငပိန်အတွက်တော့ တကယ့် ကမ္ဘာသစ်ပဲ။

ဖိုးသာအိုတို့အုပ်စု ထိတ်တုံးထည့်သူထည့်။ ကြိုးချည်သူတွေချည်ပြီးချိန်မှာ ငပိန် လူအုပ်ကြားက ပြေးထွက်လိုက်တယ်။ သူပြေးထွက်တာမြင်တာနဲ့ ရွာသားတွေက

“ဟာ ငပိန် ဘယ်သွားမလို့လဲ”

“ပိန်ပိန်လေး ဘယ်တုန်းဟ၊ ထမင်းစားသွားပါဦး”

“ငပိန်လေး မသွားပါနဲ့ဦးလား”

စကားသံများကို ငပိန်က နောက်ပြန်လှည့်ကြည့်ပြီး

“မသွားလို့ မဖြစ်ဘူးဗျ၊ ကျုပ်မှာ သွားစရာရှိသေးတယ်၊ ကံမကုန်ရင်တော့ ပြန်ဆုံကြမှာပေါ့”

ငပိန် အိုးလေးအိုးရွာက ပြေးထွက်လိုက်တယ်။

သူသွားမယ့်နေရာက သိတယ်မဟုတ်လား။

ရေလွှဲကြီးမရောက်ခင် တောတန်းလေးဆီကို။

အပိုင်း (၁၆) ဇာတ်သိမ်း

.

ရေလွှဲကြီးအလွန် တောကြီးကြားကို အထုပ်အပိုးတွေနဲ့ မိန်းကလေးတစ်ဦး တိုးဝင်လာတယ်။ နှုတ်ကလည်း

“ကိုပိန် ကိုပိန်ရေ”

ဆိုပြီး ခပ်တိုးတိုး ဖွဖွခေါ်တယ်။

ဘယ်သူရှိမှာလဲ။ လှမေပေါ့။

လှမေက ငပိန်နဲ့ချိန်းထားတဲ့ သစ်ပင်ကြီးနား တိုးဝင်ပြီး

“ကိုပိန် ကိုပိန် ထွက်ခဲ့တော့ကိုပိန်ရယ်၊ လှမေမှာ ကိုပိန်ပြောတဲ့ စုဘူးလည်းပါခဲ့တယ်”

အမှောင်ထဲက တုန့်ပြန်သံ မကြားရဘူး။ လှမေက ငပိန်ပုန်းနေနိုင်တဲ့ သစ်ပင်ကြီးကို ပတ်ပြီး

“ကိုပိန် ကိုပိန် လှမေကို စမနေနဲ့တော့နော်၊ ထွက်ခဲ့ပါတော့၊ အချိန်မလင့်ခင် လှမေတို့ ထွက်သွားရအောင်” ဘာမှတုန့်ပြန်သံ မကြားရဘူး။ လှမေ ခြေလှမ်းကိုရပ်ပြီး အသံတွေကို နားစွင့်တယ်။

ဘာလှုပ်ရှားသံမှ မကြားရဘူး။ သစ်ပင်ကို လှည့်ပတ်ရှာတာလဲ တစ်ပတ်ပြည့်ပြီ။

“ကိုပိန် ကိုပိန် အဟင့်”

လှမေမျက်ဝန်းမှာ မျက်ရည်တွေ ဝေ့သီလာတယ်။

လှမေ သဘောပေါက်လိုက်ပါပြီ။

“ကိုပိန်ရယ်”

လှမေရဲ့အသံက ဝမ်းနည်းစိတ်နဲ့ တုန်ခါနေတယ်။

ဝမ်းနည်းစိတ်နဲ့ လှမေ သစ်ပင်ခြေရင်း ထိုင်ချလိုက်မိတယ်။

“လုပ်ရက်လိုက်တာ ကိုပိန်ရယ်”

သူ့အသံက တိုးတိုးလေးဆိုပေမယ့် ဆို့နင့်တဲ့ရှိုက်သံပါနေတယ်။ မျက်ဝန်းကလည်း မျက်ရည်တွေ အလိုလိုနေရင်း စီးကျလာတယ်။

လှမေ အခြေအနေကို ရိပ်စားမိပါပြီ။ ငပိန် သူ့ကိုခိုးပြေးမယ်ဆိုပြီး လိမ်ညာပြောဆိုသွားတာ။ သူကသာ သူခိုးတစ်ယောက်ရဲ့စကားကို ယုံစားမိလို့ မှားရပြီလေ။

“ရက်စက်လိုက်တာ ကိုပိန်ရယ်”

လှမေ မျက်ရည်တွေကို ပါလာတဲ့ တဘက်ကလေးနဲ့ ပင့်သုတ်လိုက်တယ်။

အမှန်ဆို သူခိုးတစ်ယောက်ရဲ့စကားကို သူ မယုံစားသင့်ဘူးလို့လည်း တွေးမိလာတယ်။

“တကယ်ဆို ကိုပိန်က လှမေကို အလိုရှိတာမှမဟုတ်တာ၊ သူ တကယ်ယူချင်တာ လှမေရဲ့စုဘူးလေးပဲ ဖြစ်မှာပါ”

လှမေ တွေးမိတွေးရာတွေးတယ်။သစ်ပင်အောက် အမှောင်ထဲမှာ တစ်ယောက်တည်း ထိုင်ငိုနေမိတယ်။ အတော်ကြာမှ

“ကိုပိန်လိုချင်တာလေး လှမေထားပေးခဲ့ပါ့မယ်”

လှမေ သူ့အထုပ်ထဲပါလာတဲ့ စုဘူးလေးကို ထုတ်လိုက်တယ်။ ပြီးတော့ မျက်ရည်သုတ်ပြီး စုဘူးလေးကို ငပိန်ပုန်းနေကျနေရာလေးမှာ ချလိုက်တယ်။

ပြီးတော့ နှုတ်က တိုးတိုးလေး ရေရွတ်တယ်။

“ဒီဘဝတော့ ကံကုန်သွားပြီလို့ မှတ်လိုက်ပါ ကိုပိန်ရယ်”

ပြီးတော့ ပါလာတဲ့အထုပ်ကလေး ပြန်မပြီး တောတန်းလေးထဲက ထွက်လိုက်တယ်။

“လှမေရေ လှမေ လှမေ ကိုပိန်လာပြီ ကိုပိန်လာပြီ”

ဖုန်အလူးလူးနဲ့ တောတန်းကလေးထဲ တရကြမ်းပြေးဝင်လာတဲ့သူတစ်ယောက်။ ဘယ်သူရှိမလဲ။ ငပိန်ပေါ့။

သူ့ခမျာ ခလုတ်တိုက်ပြီး လဲကျတာတောင် မနာနိုင် မနားနိုင်ပေါ့။

လှမေနဲ့ တူနှစ်ကိုယ်ဘဝ မတည်ဆောက်ရမှာစိုးလို့ မမောမပန်းနိုင်ဘဲ တောတန်းလေးဆီ ပြေး လာတာ။

“လှမေ လှမေ ကိုပိန့်ကိုစောင့်နေလား၊ ကိုပိန့်ကို စောင့်နေလား”

ငပိန်ကယောင်ကတမ်းရေရွတ်ပြီး ချိန်းထားတဲ့ တောတန်းလေးဆီ ပြေးဝင်လာတယ်။

“လှမေ လှမေရေ”

ပြန်ထူးသံ မကြားရဘူး။ ငပိန် မနေ့က လှမေနဲ့တွေ့ခဲ့တဲ့ သစ်ပင်ကို လှည့်ပတ်ကြည့်တယ်။ လှမေရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး။

ဒါပေမယ့် ငပိန် စိတ်မပျက်ဘူး။ ဟိုတစ်ခါလို လှမေက သူ့ကို ‘စနောက်’လိုစိတ်နဲ့ တစ်နေရာရာက ချောင်းနေတယ်ပဲထင်တာ။

“လှမေ လှမေ ဘယ်မှာလဲ ထွက်ခဲ့တော့လေ လှမေ”

ဘာအသံမှ မကြားရဘူး။

“ကိုပိန် ကိုပိန်နောက်ကျလို့ စိတ်ကောက်နေတာလား လှမေ၊ ထွက်ခဲ့ပါတော့ လှမေရယ်၊ ဖြစ်ကြောင်းကုန်စင် ကိုပိန် ရှင်း ရှင်း”

“ချလွင်”

“ဟင်”

သစ်ပင်ကို လှည့်ပတ်ရှာရင်း တစ်စုံတစ်ခုကို တိုက်မိသွားတဲ့အတွက် ငပိန် အံ့အားသင့်သွားတယ်။ ကြည့်လိုက်တော့

“ဟာ”

ငပိန် အံ့အားသင့်သွားတယ်။

သူတိုက်မိတာ လှမေရဲ့စုဘူးလေး။

ငပိန် စုဘူးလေးကို လှမ်းပိုက်ပြီး ဘေးဘီဝေ့ကြည့်ကာ

“လှမေ လှမေ ဘယ်မှာလဲဟင်”

ဘာတုန့်ပြန်သံမှ မကြားရဘူး။

သေချာပြီ။ လှမေ ဒီနေရာကို ရောက်ခဲ့တယ်ဆိုတာ။ ငပိန် စုဘူးလေးကိုပိုက်ပြီး

“လှမေ လှမေ ဘယ်မှာလဲဟင် အဟင့်..ဟာ”

သူ့မျက်လုံးက ထူးထူးဆန်းဆန်းဖြစ်နေလို့ ပြန်စမ်းကြည့်တော့

“ဟာ”

ငပိန် အံ့အားသင့်သွားတယ်။ သူစမ်းမိတာက

“မျက်ရည်တွေပါလား”

သူ့တစ်သက်နဲ့တစ်ကိုယ် မျက်ရည်ဆိုတာ တစ်ခါမှ မကျခဲ့ဘူးတာ။ ခုမှ လှမေနဲ့ပတ်သက်ပြီး မျက်ရည်တွေမြင်ရတော့ ငပိန် အံ့အားသင့်နေတယ်။

သေချာတယ်။ လှမေ ဒီနေရာမှာ မရှိတော့ဘူး။ ငပိန် တုန်တုန် ရင်ရင်နဲ့ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။

နောက်..သူ့စိတ်ထဲမှာလဲ မွန်းကြပ်လာသလို ခံစားရပြီး အသံ ကုန် ခြစ်အော်လိုက်တယ်။

“လှမေ”

“လှမေ”

တောတန်းကလေးမှာ ငပိန်ရဲ့ ရင်ကွဲပက်လက်အသံကြီး ပဲ့တင် ထပ်နေလေရဲ့။

“လှမေ”

“လှမေ”

သူ့ရဲ့နာမည်ခေါ်သံကြားတော့ လှမေ ခြေလှမ်းတန့်သွားတယ်။

“ကိုပိန်များလား”

သူစဉ်းစားတယ်။

နောက်မှ..

“ကယောင်ကတမ်းနဲ့ စိတ်ကူးထဲက ကြား တာဖြစ်မှာပါလေ”

ဆိုပြီး ခြေလှမ်းပြန်စတယ်။

ငပိန် စုဘူးလေးပိုက်၊ ခေါင်းငိုက်စိုက်ချပြီး ဖိုးပြန်တောင်ခြေရင်းကို ပြန်ရောက်လာတယ်။ အမြဲတမ်း တက်ကြွပြီး ဖျတ်ဖျတ်လတ်လတ် ဖြစ်နေတဲ့ငပိန် ငူငူငိုင်ငိုင်ဖြစ်နေတာ ထူးထူးခြားခြား ပဲ။ ပိုပြီးထူးခြားတာက ငပိန်တစ်ခါမှ မသွားဖူးတဲ့ ဂေါပကကြီး အဘအေးဆီ။ အဘအေးကလည်း သူ့ဆီ ငပိန် တန်းတန်း မတ်မတ်ကြီး ဝင်လာတာမြင်တော့ အလှူခံဖလားကို ကောက်သိမ်းထားလိုက်တယ်။ ပြောမရဘူးလေ။ ဒီကောင်က ခြေဆော့လက်ဆော့။

ငပိန်ကတော့ ခြေဦးမပြောင်းဘူး။ ညှိုးငယ်စွာနဲ့ပဲ အဘအေးဆီ လျှောက်လာတယ်။ အနား ရောက်တော့ ငပိန်က

“အဘ ကျွန်တော် တစ်ခုလှူချင်လို့ပါခင်ဗျ”

ငပိန်စကားကြောင့် အဘအေး မျက်လုံးပြူးသွားတယ်။ ခါတိုင်းဆို ‘ယူ’ ဖို့ချည်း တွေးနေသူက အခု ‘လှူ’ဖို့တဲ့။

ဒါကြောင့် တအံ့တသြနဲ့

“မင်း မင်း ဘာလှူချင်လို့လဲ”

ငပိန်က အရှိန်မသေသေးတဲ့ မျက်ရည်ကိုသုတ်ပြီး ဆို့နင့်တဲ့အသံနဲ့

“ဟောဒီနဲ့ ရေလွှဲကြီးကြားက တောတန်းလေးမှာ လူတွေ ခေတ္တ နားဖို့ တန်ဆောင်းဖြစ်ဖြစ် ဇရပ်ဖြစ်ဖြစ် လှူချင်လို့ပါဗျာ”

အဘအေး မျက်လုံးပြူးသွားတယ်။ ပြီးတော့ ခေါင်းကုတ်ပြီး

“အေး ငါတို့လဲစဉ်းစားတယ်၊ အဲဒီနေရာက လူတအားပြတ်တော့ လူနားစရာ ဇရပ်ကလေးလုပ်ရင်၊ လူစည်ကားမလားလို့၊ ဒါပေမယ့် ကုန်ကျစရိတ်က”

“ကုန်ကျစရိတ်က ကျွန်တော်ပေးမှာပါ”

“ဟင်”

အဘအေး အံ့အားသင့်သွားတယ်။

“ဟုတ်ရဲ့လား၊ ဇရပ်ဆိုတာ ကုန်ကျစရိတ်က အများကြီးနော်”

ငပိန်က သူပိုက်ထားတဲ့စုဘူးလေး အဘအေးရှေ့ ချပေးတယ်။

“ဒီမှာ ကုန်ကျစရိတ်ပါ”

အဘအေး ငပိန်ချပေးတဲ့စုဘူးလေးကို လှုပ်ကြည့်တယ်။ ပြီးတော့ အံ့သြတကြီးနဲ့

“ဟာ ငွေက မနည်းပါလား”

အဘအေး စုဘူးလေးကိုကိုင်ပြီး တွေဝေနေတယ်။

“ဒါပေမယ့်”

အဘအေးက ပြောသင့်မပြောသင့် စဉ်းစားနေပုံပေါ်တယ်။ နောက်မှ

“မင်းငွေတွေက သန့်ရောသန့်ရှင်းရဲ့လားကွာ၊ ခိုးထားတဲ့ငွေတွေ ဖြစ်နေရင်”

“ဒီငွေတွေက သန့်ပါတယ် အဘအေး”

အဘအေး မျက်လုံးအဝိုင်းသားနဲ့ ငပိန်ကို ပြန်ကြည့်တယ်။ ငပိန်က မျက်ရည်ပင့်သုတ်ပြီး

“ဒီငွေတွေက စိတ်သန့်သန့်နဲ့လှူတဲ့ အလှူရှင်ရှိပါတယ်”

အဘအေး မျက်မှောင်ကြုတ်သွားတယ်။

“အလှူရှင်က”

ငပိန် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းပြီး

“လှမေပါ”

“ဟင်”

အဘအေး ကြောင်နေတယ်။ ငပိန်ကသာ ဆက်ပြီး

“အဲ့ဒီနေရာလေးမှာ နားခိုရာဇရပ်ကလေးတစ်ခု တည်ဆောက်ပေးပြီး ‘လှမေဇရပ်’အဖြစ် ကဗျည်းထိုးပေးပါဗျာ”

ငပိန်မျက်ဝန်းထဲက မျက်ရည်တွေ အလိုလိုနေရင်း စီးကျလာပြန်တယ်။

လမ်းလေးခွဆုံတစ်ခုမှာ ငပိန် ရပ်နေတယ်။

အနောက်ဖက်ကို ပြန်သွားရင် သစ်ပင်လှ၊ ဒိုးကျ၊ အိုးလေးအိုးကိုရောက်မယ်။

အရှေ့ဖက်ကိုသွားရင် ကြာကြီးကွင်း၊ ညောင်ပင်ဆိပ်နဲ့ မြို့ကိုရောက်မယ်။

တောင်ဖက်ကိုသွားရင် ရေလွှဲကြီး၊ ရေလွှဲ လေးနဲ့ မြစ်ကြီးကိုရောက်မယ်။

မြောက်ဖက် တောနက်နက်ကြီးထဲ ဝင်သွားရင်တော့ လမုတန်းနဲ့ ခပ်ဝေးဝေးမှာ မြင်သာရွာကို ရောက်မယ်။

ငပိန် ခြေလှမ်းကို မြောက်ဖက်သို့ ဦးတည်လိုက်တယ်။

ဟုတ်တယ်။ သူ မြင်သာရွာရောက်အောင် သွားမယ်။

အကြောင်းရင်းက လှမေနဲ့ချိန်းတွေ့တဲ့ညမှာ မြင်သာရွာမှာ ဘီလူး ဖြစ်ချင်နေတဲ့ လှဦး ဆိုတဲ့ အချဉ်တစ်ကောင် ရှိနေတယ်။

သူစုတ်ထိုးတတ်ချင်ယောင်ဆောင်ပြီး ‘ဘီလူးလှဦး’ဆီက ညာစား မယ်။

ဒါ သူ့ရည်ရွယ်ချက်ပဲ။

အဲ့ဒီကစပြီး သစ်ပင်လှ၊ ဒိုးကျ၊ အိုးလေးအိုး မှာ ခိုးသံဝှက်သံ မကြားရတော့ဘူးလေ။

သူခိုးငပိန် မရှိတော့လို့ပေါ့။

ငပိန်ကိုလဲ ဝါဆိုလပြည့်ည။ ဖိုးသာအိုတို့ လူဆိုးဓားပြတွေကို ဖမ်းပြီးတဲ့ညကစလို့ မတွေ့ရတော့ ပါဘူး။

တချို့ကလဲ ငပိန်ကို ထွက်ပြေးသွားသလို လို၊ ထွက်ရပ်ပဲပေါက်သွားသလိုလို ပြောကြပါတယ်။ တချို့ကလဲ ငပိန်ကို အင်မတန်ဆိုးတဲ့ သူခိုးအဖြစ်ပြောကြသလို။တချို့ကလဲ ငပိန်ကို သူတော်ကောင်းတစ်ယောက်အဖြစ် တင်စားကြပါတယ်။

ဘာပဲပြောပြော ငပိန်ဟာ ကျေးရွာတွေကို ဒုက္ခပေးခဲ့ပေမယ့် အကြီးအကျယ် ဒုက္ခပေးတဲ့အထဲမှာတော့ မပါဝင်ပါဘူး။

နှစ်ကာလကြာလာတဲ့အခါ ငပိန်ကို လူရွံမုန်းစရာ သူခိုးအဖြစ် မဟုတ်တော့ဘဲ ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ လွမ်းမောစရာ လူစွမ်းကောင်းအဖြစ် ပြောဆိုလာကြပါတယ်။

နောက်ပြီး တချို့တွေပြောကြတာတော့ ငပိန်ကိုသာ မမြင်ရတော့တာ။ ငပိန်က ဒီရွာတွေမှာ ရှိနေတုန်းပဲတဲ့။ ငပိန်က တခြားခိုးသားဓားပြတွေ ရွာကို မဝင်နိုင်အောင် ကာကွယ်ပေးနေသတဲ့။

တချို့ကလဲ နေရာတိုင်းမှာ ငပိန်ရှိတယ်ဆိုပဲ။

ဘာပဲပြောပြော အဲ့ဒီရွာတွေမှာတော့ သူခိုးငပိန်ဆိုတာ သူ့ရဲ့ဘစ် တော် ခိုးသားကြီး ငတက်ပြားထက်မညံ့တဲ့ လူစွမ်းကောင်းတစ်ယောက်ပါပဲ။

“မိတ်ဆွေများခင်ဗျား”

အကယ်၍များ မိတ်ဆွေတို့ ခရီးလမ်းကြုံလို့ ဒိုးကျရွာ၊ သစ်ပင်လှရွာဖက် ရောက်ခဲ့ရင် သစ်ပင် လှနဲ့ ရေလွှဲကြီးကြား တောတန်းလေးမှာ အင်မတန် အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတစ်ခုကို မှီ တည်ထားတဲ့ ဇရပ်ကို သွားကြည့်ပါ။

အဲ့ဒီဇရပ်ကိုတော့ ‘ဒေါ်လှမေဇရပ်’လို့ ကဗျည်းထိုးထားတာ တွေ့မြင်ရပါလိမ့်မယ်။

ဟုတ်ပါတယ်။ အဲ့ဒီဇရပ်ဟာ ဒေါ်လှမေ ခေါ် လှမေရဲ့ငွေနဲ့ ရင်းတည်ပြီး တည်ဆောက်ခဲ့ပါ တယ်။

ဒါကြောင့်လဲ ခရီးသွားတစ်ထောက်နားများက ဒီဇရပ်ကို

“လှမေဇရပ်”

“ဒေါ်လှမေဇရပ်”

စသည်ဖြင့် ခေါ်ဆိုကြပါတယ်။

ပိုပြီးထင်ရှားတာက ဝါဆိုလ ဝါဆိုပန်းခူးကာလဆိုရင် ဖိုးပြန်တောင် ပေါ်တက်ဖို့ ရွာသားများဟာ ‘လှမေဇရပ်’မှာ လူစုပြီးမှ တောင်ပေါ်တက်ကြပါတော့တယ်။

ဖိုးပြန်တောင်ပေါ်တက်တဲ့ လမ်းကြောင်းဟာလဲ လှမေဇရပ်ကြောင့် ပြောင်းလဲသွားပါတော့တယ်။

လူအများယုံကြည်ကြတာကတော့ ဝါဆိုပန်းခူးကာလမှာ အပျို လူပျိုတွေ ပန်းခူးရင်း လှမေဇရပ်မှာဆုံရင် ဖူးစာဆုံတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီနယ်တရိုးမှာတော့

“လှမေဇရပ်”

ဆိုတာ နာမည်ကြီးနေရာတစ်ခုပါပဲ။

ဒါပေမယ့် အနီးနားရွာနီးချုပ်စပ်က အကြောင်းသိများ ခေါ်ဝေါ်ကြတဲ့ အမည် နောက်တစ်မျိုးရှိပါတယ်။ အဲ့ဒါကတော့

“သူခိုးကြီးဇရပ်”

ဤတွင် “သူခိုး”ဝတ္ထု ပြီးဆုံးပါပြီ။

လေးစားစွာကြိုးစားလျက်

အကြည်တော်